Monday, March 17, 2025

မဒ္ဒီ


 ❝ မဒ္ဒီ ❞

( ရန်ကုန်ဘဆွေ )


“ တကယ့်ကို ဗျာ မဒ္ဒီဒေဝီ ဆိုတာ စာတွေ ပါပဲ ၊ ဟောဒီ ကိုမောင်ရှင် တို့ မိန်းမမှ ”


စားပွဲ ပေါ်တွင် ဇက်ကျိုး လျက် သတိလစ် နေပြီ ဖြစ်သည့် ကိုမောင်ရှင် ကို ကြည့်ရင်း သောက်ဖော် သောက်ဖက် ဖြစ်သော သူငယ်ချင်း သုံးယောက် အနက် တစ်ယောက် က ပြောလိုက်ခြင်း ဖြစ်သည် ။


“ ဟုတ်တယ် ၊ ကျုပ် ဒီလူ ကို အားလုံး ချစ်တယ် ။ သူ ဟာ မိတ်ဆွေ အပေါင်းအသင်း အပေါ်လဲ သစ္စာ ရှိတယ် ၊ အနာခံ အဆင်းရဲ ခံစရာ ရှိလဲ သူ က ရှေ့က နေ ခံတဲ့ လူဗျ ။ ဒါပေမယ့်ဗျာ ဘယ့်နှယ် သားမယား ကျတော့ ”


ဟုတ်သည် ၊ အပေါင်းအသင်း သူငယ်ချင်းများ ပြောသည့် အတိုင်းလည်း ဟုတ်သည် ။ 


ကိုမောင်ရှင် သည် “ ငါ ခဏကလေး ချက်ချင်း ပြန်လာခဲ့မယ် ” ဆို၍ အိမ် မှ ထွက်လာခဲ့ရာ ယနေ့ ပါ နှင့် လေးရက် ရှိနေပေပြီ ။


ကိုမောင်ရှင် ၏ မိန်းမ မစော သည် လည်ပင်း တဆန့်ဆန့် နှင့် ကိုမောင်ရှင် ကို မျှော်နေ၏ ။ နံနက် ၇ နာရီ မထိုးမီက ကိုမောင်ရှင် အိမ် မှ ထွက်လာခြင်း ဖြစ်သည် ။


ထိုနေ့က ကိုမောင်ရှင် တို့ အိမ်တွင် နံနက်စာ ချက်စရာ မရှိဘဲ ဖြစ်နေ၏ ။ ကိုမောင်ရှင် ၌ ဝင်ငွေ ရသော အလုပ် မည်မည်ရရ မရှိ ။


ကိုမောင်ရှင် ၌ ဝင်ငွေ ရရှိနိုင်သော အလုပ် လုပ်နိုင်သည့် ပညာ အရည်အချင်း လည်း မရှိ ။ ကိုမောင်ရှင် ကျောင်းနေရမည့် အရွယ်တွင် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာရသောကြောင့် ခေတ်ကြီး က ပျက်လာခဲ့ရသည် ။


မျိုးချစ်စိတ် ရှိသော ကိုမောင်ရှင် သည် နိုင်ငံရေးသမားတွေ နှင့် ပေါင်းမိကာ လက်နက်ကိုင် တိုက်ခိုက် ရသော တော်လှန်ရေး တပ်ဖွဲ့ ထဲသို့ ရောက်သွား၏ ။


ကိုမောင်ရှင် ၏ မွေးရာပါ အရည်အချင်း ကြောင့် လက်နက်ကိုင် တပ်ဖွဲ့ ထဲတွင် ကိုမောင်ရှင် ခေါင်းဆောင် ဖြစ်ရသည် ။


တိုင်းပြည် အနည် မထိုင်မချင်း ကိုမောင်ရှင် သည် နိုင်ငံရေးသမားများ ၏ လက်နက်ကိုင် တပ်ဖွဲ့ ထဲတွင် လူချစ်လူခင် များသည့် ကျော်ကြားသော ခေါင်းဆောင် တစ်ယောက် ဖြစ်ခဲ့ရာ မြို့ကလေး တစ်မြို့တွင် ချမ်းသာ ကြွယ်ဝသော မစော နှင့် တွေ့ကြသည် ။


ကိုမောင်ရှင် သည် မစော ကို ချစ်ကြိုက်မိ သော်လည်း မစော ၏ မိဘဆွေမျိုးများ ချမ်းသာကြွယ်ဝမှု ကို သဘော မကျ၍ ရုတ်တရက် မယူဝံ့ဘဲ ဖြစ်ခဲ့ရ၏ ။ ထို့ပြင် မိမိ သည် ဆင်းရဲနွမ်းပါးသူ ဖြစ်ကြောင်း ၊ ပညာ ကင်းမဲ့သူ ဖြစ်ကြောင်း ရိုးရိုးသားသား ဝန်ခံ၏ ။ သို့သော် မစော ၏ မိဘများက ‘ တပ်ဖွဲ့ကြီး တစ်ခု ၏ ခေါင်းဆောင် တစ်ယောက် သည် ပညာကင်းမဲ့သည် ’ ဟု ဆိုခြင်း ကို မယုံ ။ ထို့ပြင် ကိုမောင်ရှင် ကို သမက် ဖမ်းထားလိုက်ခြင်း ကြောင့် ယခုကဲ့သို့ ခေတ်ပျက်ကြီး အတွင်း၌ လတ်တလော မိမိ၏ စီးပွားလယ်ယာများ ကို ရန်သူတို့ ဖျက်ဆီး နှောင့်ယှက်မည့် ဘေးမှ အကာအကွယ် ရနိုင်လိမ့်မည် ဟု ယုံကြည်သည် ။ ထိုသို့ ယုံကြည်သည့် အလျောက် မစော ၏ မိဘ တို့က ကိုမောင်ရှင် ကို အတင်း သမက်ဖမ်း လိုက်ကြသည် ။


လွတ်လပ်ရေး ရပြီးသည့် နောက်တွင် ကိုမောင်ရှင် သည် တပ်ဖွဲ့များ မှ ထွက်ခဲ့၏ ။ 


တိုက်ခိုက်နေရစဉ် အတွင်း က တပ်ဖွဲ့ တစ်ခု နှစ်ခု စာခန့် ရှိသည့် ရဲဘော်များကို ဦးဆောင်၍ တိုက်ခိုက် ပေးနိုင်သူ ဖြစ်ခဲ့သော်လည်း တိုက်ရေးခိုက်ရေးခေတ် ကုန်ဆုံး သွားသော အချိန်တွင် ကိုမောင်ရှင် ၏ အရည်အချင်း သည် ‘ စာရေးတပ်ကြပ်ကြီး ’ မျှ မဖြစ်နိုင်ခဲ့ ။


ထို့ကြောင့် ကိုမောင်ရှင် သည် တပ်မတော်ထဲ သို့လည်း မဝင်ဘဲ နေခဲ့၏ ။ ထို့ပြင် ကိုမောင် ရှင်တို့ လိုလားခဲ့သော လွတ်လပ်ရေး လည်း ရပြီးခဲ့ပြီ မဟုတ်ပါလား ။


အလုပ်မရှိ အကိုင်မရှိ နှင့် ကိုမောင်ရှင် ယောင်ချာချာ ဖြစ်နေသည့် အချိန်တွင် မစော ၏ မိဘ များ ကလည်း ကိုမောင်ရှင် မျှော်လင့်ထားသည့်အတိုင်း ကိုမောင်ရှင့်အပေါ်တွင် အထင်သေးလာ ကြသည် ။ ကိုမောင်ရှင် ကို စော်ကားမော်ကား ပြုလုပ်ချင်လာကြသည် ။


ကိုမောင်ရှင် သည် မာနရှိသူ တစ်ယောက် ဖြစ်သောကြောင့် ဤသို့ စော်ကားမော်ကား ပြုလုပ်လာခြင်း ကို လက်မခံ ။


ပျိုမျစ်စ အရွယ် က စ လျက် နေပူ မရှောင် မိုးရွာ မရှောင် ကုန်း ၊ ကျင်း ၊ ရွှံ့  ၊ ရေမရှောင် ဖြစ်သလို နေ ဖြစ်သလို စား လျက် အကြိမ်ပေါင်းများစွာ အစာငတ် ခံလာခဲ့သော ၊ အကြိမ်ပေါင်းများစွာ ဆင်းဆင်းရဲရဲ အိပ်လာ နေလာခဲ့ရသော ကိုမောင်ရှင် အဖို့ ဆင်းရဲခြင်း ကို မကြောက် ။


ဆင်းရဲခြင်း ကို မကြောက်သူ အဖို့ ချမ်းသာခွင့်ရရေး ၊ မိမိ ကိုယ် သက်သာရေး အတွက် မည်သူ့ကိုမျှ အောက်ကျ မပြု ။


ဖိနပ် ကင်းသော ခြေထောက် နှင့် ဖုန်ထူသည့် လှည်းလမ်းကြောင်း ပေါ်မှ ရပ်လျက် ရွှေ နန်းတော် ထက်ရှိ ပဒေသရာဇ်ဘုရင် ကို မော့်ကြည့် အန်တုရဲသော မာနမျိုး ရှိသည်သာ ဖြစ်၏ ။


ကိုမောင်ရှင် သည် ချမ်းသာကြွယ်ဝ စီးပိုးလှသော မစော ၏ မိဘများ အသိုင်းအဝန်း မှ ခွဲခွာလာခဲ့သောအခါ မဒ္ဒီဒေဝီ နှင့် တူသော မစော သည် ရွှေဘုံ ပေါ်မှ ဆင်းလျက် လင့်မျက်နှာ တစ်ခုကို တစ်ရွာစာ လောက် အားပြု၍ လိုက်ပါခဲ့သည် ။


ကျင့်သား မရဘူး မခံဘူး သော်လည်း ကိုမောင်ရှင် ၏ အပေါ်တွင် ချစ်အားကိုး နှင့် ကိုမောင်ရှင်  အငတ်ခံ သလို ခံ၏ ။ ကိုမောင်ရှင် အဆင်းရဲခံ သလို ခံ၏ ။


ကျင့်သားရနေပြီးသောကြောင့် သံမဏိ ကဲ့သို့ ရှိနေသော ကိုမောင်ရှင် နှင့် ကတ္တီပါပုံ ပေါ်တွင် နွဲ့လျစွာ ကြီးပြင်းလာရသော ဖယောင်းနုနု သဖွယ် ရှိသည့် မစော အဖို့ အဆင့်တူ အရည်တူ လောကဓံ၏ ဒဏ်ရာဒဏ်ချက်တို့ကို ခံရသောအခါ မစော အတွက် ပို၍ အထိခိုက် ခံရရှာသည် ။ 


သို့သော် မစော သည် ထိုသည်တို့ကို ဘယ်သော အခါမျှ မှုဟန် မပြ ။ လင် ကြည့် လိုက်လျှင် ပြုံးရွှင်သော မျက်နှာ ဖြင့်သာ အစဉ် အားပေးဟန်ပြုသည် ။


မစော အဖို့ ထို့ထက် ဆိုးသည်ကား ကလေးတွေ ကိစ္စ ဖြစ်၏ ။ လူကြီးများ အဖို့ ငတ်သော် လည်း ကိစ္စမရှိ ၊ အပူအအေး မမျှတ သော်လည်း ကိစ္စ မရှိ ၊ လူ့လောက သို့ ရောက်လာခါစဖြစ်သော ကလေးများ အဖို့ကား ခက်လှသည် ။


ပျော့နုသော မစော သည် မိမိအတွက် ခံနိုင်ခဲ့ သော်လည်း ကလေးများ အတွက် မခံမရပ်နိုင် ဖြစ်ခဲ့ရ၏ ။ သို့သော် လင့် ဆီမှ သင်ကြားထား သလို ရယူခဲ့ရသော ပညာကြောင့် မိမိ စိတ်ထဲ၌ မချိမဆံ့ ထိခိုက်နေရသည့်တိုင်အောင် မျက်နှာထား ပြုံးပြုံးကလေး နှင့် လူသူ မသိအောင် ရင်ထဲတွင် ရှိုက်ငိုနေရသည့် အတတ်ပညာ ကို တတ်ခဲ့ပြီး ဖြစ်သည် ။


ဤအတိုင်းပင် မစော အဖို့ ကလေး ၈ ယောက် တို့၏ အမေ ဖြစ်ခဲ့ရသည် ။ မစော ၏ ပထမ ဆုံး ကလေး သည် သားအကြီး ဖြစ်လျက် ထိုသား ၏ အောက် မိန်းကလေး နှစ်ယောက်ပင်လျှင် အပျိုပေါက်ကလေးများ ဖြစ်နေကြရပေပြီ ။ မစော ၏ အငယ်ဆုံး သားယောက်ျားကလေး ကား ယခုမှ အခါလည် သာသာမျှ ရှိသေး၏ ။


မစော သည် မိမိ အတွက် မပူသော်လည်း ကလေးငယ်များ အတွက် အစဉ် စိတ်မချမ်းမမြေ့ ဖြစ်ရ၏ ။ သို့သော် ကိုမောင်ရှင် သည် မိမိ ၏ ဘဝ ဖြစ်စဉ် ကို မစော အား အမှန်အတိုင်း ပြောထား၏ ။ ထိုဖြစ်ရပ်များကို မစော ၏ ဉာဏ် မီသလောက်နှင့် တွေးတောသည် ဖြစ်စေ ၊ အခြားသူများနှင့် တိုင်ပင် တွေးတောသည် ဖြစ်စေ မစော အဖို့ ကိုမောင်ရှင် ကို အပြစ် မတင်နိုင် ။


ဤပြီးခဲ့သော ကမ္ဘာစစ်ကြီး သည် ကိုမောင်ရှင် ကဲ့သို့သော လူငယ်များ ကို အဘယ် ဦးရေ မျှလောက် ကျောင်း မနေနိုင်အောင် ၊ အသိဉာဏ် ပညာ ကင်းမဲ့အောင် အသက်မွေးဝမ်းကျောင်း ပညာ တစ်စုံတစ်ခုမျှ မရှာဖွေနိုင်အောင် လုပ်ခဲ့ပြီးပါပြီနည်း ။


မစော တွေ့ ရသော တရားခံကား စစ်မီး သာလျှင် ဖြစ်သည် ။ လောက၌ စစ်မီး ဟူသည် လူတို့ကို သေကျေစေ၏ ၊ အသိဉာဏ် ကင်းမဲ့စေ၏ ၊ အသက်သာခိုစေ၏ ၊ တစ်ကိုယ်ကောင်း ကျင့်စေ၏ ၊ မစော အဖို့ စစ်ကို သာ အလိုလို မုန်းတီးလျက် ချစ်လင် ကိုမောင်ရှင် အတွက် အစစ ခွင့်လွှတ်ခဲ့သည် ။ တွေ့ကြုံ ဆုံစည်းလာရသမျှ မနှစ်မြို့ဖွယ်သော ဒုက္ခနှင့် အခက်အခဲ အားလုံး တို့အား ချစ်လင် ကိုမောင်ရှင် ၏ အတွေ့ အကြုံကို ယူလျက် ကြံ့ကြံ့ခံ နိုင်အောင် ကြိုးစားသည် ။


သို့ကြိုးစားရင်း နှင့်ပင် မစော သည် ချစ်လင် နှင့် ကလေးများ မသိအောင် အကြိမ်ပေါင်း များစွာ နှလုံးကွဲခဲ့ရဖူးသည် ။ အကြိမ်ပေါင်းများစွာ ရင်တွင်း၌ ကျိတ်၍ ရှိုက်ခဲ့ရဖူးသည် ။ အကြိမ် ပေါင်းများစွာ အသည်း ကြေခဲ့ရဖူးသည် ။ သို့သော် မစော တည်း ဟူသော ကြာသည် ကိုမောင်ရှင် တည်းဟူသော ရေကြည်အေးကလေး ရှိနေသေးသမျှ မည်သည့် အခါမျှ ညှိုးနွမ်း အားငယ်လိမ့်မည် မဟုတ်ချေ ။


ကိုမောင်ရှင် သည် တိုက်ရေးခိုက်ရေး တပ်ဖွဲ့တို့ က ထွက်လာခဲ့ပြီး မှ မိမိ ၏ ဘဝခရီးကို မရေမရာနှင့် စမ်းတဝါးဝါး ဆက်လက် သွားရင်း ဘာလုပ်ရမှန်း မသိအောင် ရှိနေရှာသည် ။


လောကတွင် ထောင့် မကျိုး သလောက် အသုံးမဝင် လူ့လောက နှင့် မဆက်စပ် နိုင်သောသူ သုံးမျိုး ရှိ၏ ။ ထို သုံးမျိုးကား စစ်သားလူထွက် ၊ ဘုန်းကြီးလူထွက် နှင့် ကျောင်းဆရာလူထွက် တို့ပင် ဖြစ်ကြသည် ။


စစ်သားလူထွက် ဖြစ်သော ကိုမောင်ရှင် သည် မိမိ ကိုယ်တိုင် လည်း ဘာမျှ စွမ်းစွမ်းတမံ လုပ်ကိုင် ကျွေးနိုင်ခြင်း မရှိ ၊ ‘ မက်ထရစ် ’ အောင်ဖူးသူ ဖြစ်သော မစော က လုပ်ကိုင်ကျွေးတော့မည် ပြုတော့လည်း တစ်ကိုယ်လုံး သိမ့်သိမ့်တုန်အောင် မခံမရပ်နိုင် ဖြစ်လျက် မင်း လုပ်စာကို ထိုင်စား နေမည့် အစား ကိုယ့် ကိုယ်ကိုယ် သတ်မသေဝံ့လျှင် ဘယ်တော့မျှ သတင်း မကြားနိုင်သော အရပ်သို့ သွားနေမည်ဟု ကြေညာ၏ ။


ထို့နောက် တဖြည်းဖြည်း မရေမရာနှင့်ပင် ကလေး တစ်ယောက် ပြီး တစ်ယောက် တိုးလာ ရကာ အိမ်ထောင် ၏ တာဝန်မှာ လေးသည် ထက် လေးလေးလာရသည်သာ ဖြစ်၏ ။


သို့သော် ကိုမောင်ရှင် ၏ ရိုးသားသော ၊ သစ္စာရှိသော ၊ အနစ်နာခံရဲသော ၊ အများ၏ အကျိုး အတွက်သာ အရင် ရှေးရှု ကြည့်တတ်သော ချစ်ဖွယ်ကောင်းသည့် ပင်ကိုဉာဉ်ကလေးများကြောင့် ကိုမောင်ရှင် ကို ချစ်သောသူတို့က ဝိုင်းဝန်း ထောက်ပံ့ကြသဖြင့် အလုပ်အကိုင် မည်မည်ရရ မရှိရှာ သော ကိုမောင်ရှင် အဖို့ သားသမီး ရှစ်ယောက် နှင့် တကွ မစော ကိုပါ ရပ်တည်ခွင့် ရစေနိုင်ခဲ့သည် ။


သို့သော် ကိုမောင်ရှင် သည် ဝတ္တရား မကျေပွန်သော ဖခင် တစ်ယောက် အနေ နှင့်သာ ခံယူနိုင်ခွင့်ရှိ၏ ။ အကြီးဆုံးသော သားယောက်ျားကလေး နှင့် ထိုသားယောက်ျား ၏ အောက် ဖြစ် သော အပျိုပေါက်ကလေး နှစ်ယောက်ကို ဝတ်ကျေတမ်းကျေ မျှပင် ကျောင်းထား ပေးနိုင်ခြင်း မရှိခဲ့ ။


လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော် ၏ ကျောင်းများ ကလည်း ထမင်းမျှ အနပ် မှန်အောင် မစားနိုင်သေးသော သူတို့ ၏ သားသမီးများအတွက် ကျောင်းနေနိုင်ခွင့်ကို ပိုက်ပွေ့ ဖိတ်ခေါ်ခြင်း မရှိသေးပါချေ ။


မစော သည် ဤ အကြောင်းရပ် တို့ အတွက်လည်း လင်၌ ချစ်ခြင်းတည်း ဟူသော စိတ်ဖြင့် ခွင့်လွှတ် ကျေနပ်ခဲ့ရသည်သာ ဖြစ်သည် ။


ထိုတွင်မျှမကသေး ၊ ဘဝ လမ်းခရီးတွင် အစစ အဆင် မပြေသော ကိုမောင်ရှင် သည် ၎င်း၏ ကိုယ်ကို ၎င်းဘာသာ ခံနိုင်ရည်ရှိလှသည်ဟု ထင်နေခဲ့သော်လည်း သနားဖွယ် ကောင်းလှသော ကိုယ်ကျိုး စွန့်ပစ် ထားသည့် မယားသည် နှင့် ထပ်ပိုး၍ ဆင့်ဆင့် လာကြသော သားသမီးတို့၏ ဘဝ ကိုပါ နစ်မြုပ်ပေးရသလို ဖြစ်မိသည် ဟု သိရသောအခါ မိမိ ၏ ခံနိုင်ရည် ကင်းမဲ့ လာရသည့် အခြေ ကို အရက် နှင့် ဖုံးဖိ၍ မေ့ပျောက် ပစ်လျက် ခံနိုင်ရည် ရှိချင်ယောင် ဟန်ဆောင် လာခဲ့သည် ။ 


ကိုမောင်ရှင် သည် ဤလိုနှင့်ပင် တဖြည်းဖြည်း သောက်ထုပ်ကြီး ဖြစ်လာခဲ့ရသည် ။ 


ယခုလည်း နံနက်စာ အတွက် ချက်ပြုတ်ဖွယ်ရာ လုံးဝ မရှိသေး သောကြောင့် နံနက် ၇ နာရီ မထိုးမီ ကပင် အိမ်မှ ထွက်လာခဲ့သည် ။


ကိုမောင်ရှင် အဖို့ အလုပ်အကိုင် မည်မည်ရရ မရှိသော်လည်း မိတ်ဆွေ သူငယ်ချင်းကောင်း များစွာရှိသည် ။ ထို မိတ်ဆွေတို့ သည် ကိုမောင်ရှင် ၏ ရိုးသားမှု ၊ သစ္စာရှိမှု ၊ အများသူတို့ အတွက် ဝင်ရောက် အနစ်နာခံတတ်မှု တို့ကို အကြောင်းပြု၍ ကိုမောင်ရှင့် အပေါ်တွင် ချစ်ခင်ကြသည် ။


ထိုသူတို့ အထဲတွင် ကိုတင်အောင် သည် ကိုမောင်ရှင် ၏ အဖို့ အားအကိုးရဆုံး မိတ်ဆွေ တစ်ယောက် ဖြစ်သည် ။ ကိုတင်အောင် ၏ လောလောဆယ် လုပ်ငန်းသည် သွင်းကုန်ထုတ်ကုန် အရောင်းအဝယ် လုပ်ငန်း ဖြစ်သည် ။ ထို့ကြောင့် ယခုခေတ် ထဲတွင် ကိုတင်အောင် သည် လက်ဖျား၌ ငွေသီးနေသူ တစ်ယောက် ဖြစ်သည် ။


ထို့ပြင် ကိုတင်အောင် သည် ရက်ရောသူ တစ်ယောက်လည်း ဖြစ်သည် ။ အထူးသဖြင့် ကိုမောင်ရှင် ၏ အပေါ်၌ ပို၍ ရက်ရောသည် ။ အနည်းဆုံး တစ်လလျှင် တစ်ကြိမ် နှစ်ကြိမ် ဆိုသလို ကိုမောင်ရှင် ၏ အခက်အခဲများ ကို ဖြေရှင်း ပေးနေကျ ဖြစ်သည် ။


ကိုတင်အောင် တို့ တိုက်သို့ ကိုမောင်ရှင်  ရောက်လာသောအခါ နံနက် ၁ဝ နာရီ မထိုး မချင်း အိပ်ရာမှ ထလေ့ မရှိသော ကိုတင်အောင် သည် ယနေ့ နံနက်မှ အလုပ်စပ်ဖက် တစ်ဦးက အရေးတကြီး ကိစ္စနှင့် လာရောက် ခေါ်ယူသွားသောကြောင့် အိမ်တွင် မရှိဘဲ ဖြစ်နေရသည် ။


ကိုမောင်ရှင် သည် ဘာမျှ အရေးတကြီးကိစ္စ မရှိ သကဲ့သို့ သွားနေကျ လာနေကျ အတိုင်း ကိုတင်အောင် ကို စောင့်ဆိုင်းနေခဲ့သည် ။ ကိုတင်အောင် ၏ အပေါင်းအသင်းများသည်လည်း ကို မောင်ရှင် နှင့် အားလုံး အသိအကျွမ်း ဖြစ်နေကြရသည့် အလျောက် “ ဘယ့်နှယ့်လဲ ကိုမောင်ရှင် ကြီး ၊ ခင်ဗျား ဘယ်နေရာက မူးလဲပြီး စောစောစီးစီး ရောက်လာရတာလဲ ၊ အိမ်က လာတောတော့ ဟုတ်ဟန်မတူဘူး ထင်တယ် ။ အိမ်ကလေး ဘာလေးလဲ ပြန်ပါဦးဗျ ” ဟု ပခုံး ကို ဖက်ရင်း ကျောကို ပုတ်ရင်း ပြောဆို နှုတ်ဆက်ကြသည် ။


ကိုမောင်ရှင် သည် တည်တည်တံ့တံ့ နေလေ့ ရှိသော်လည်း အလိုက်အထိုက် ပြုံးရယ်မှုနှင့် တုံ့ပြန်လိုက်သည် ချည်း ဖြစ်၏ ။ ဟုတ်သည် မဟုတ်သည် အထူးအထွေ ဘာမျှမပြော ။


ကိုတင်အောင် ၏ အလုပ်တိုက်သည် စီးပွားဖြစ်ထွန်း တိုးတက်နေသူ ၏ ဌာန တစ်ခု ပီပီ မိတ်ဆွေ အပေါင်းအသင်းတို့နှင့် စည်ကားလှ၏ ။ နံနက်မိုးလင်းသည် နှင့် ကိုတင်အောင် ၏ လုပ်ငန်း ကိုင်ငန်း ကိစ္စများ အတွက် ဝိုင်းဝန်း အကူအညီ ပေးရန် ရောက်လာကြ သလိုလို အပေါင်း အသင်းတွေ တဝုန်းဝုန်း တဗြုန်းဗြုန်း နှင့် တပျော်တပါး စုဝေးဆုံစည်း တတ်ကြ၏ ။


ထို့ကြောင့်လည်း ကိုတင်အောင် သည် မိမိ ရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ မိမိ အလုပ်တိုက် သို့ ရောက်လာကြသော မိတ်ဆွေ အပေါင်းအသင်း တို့အား ကျွေးရန်မွေးရန် ဧည့်ခံရန် အတွက် မိမိ ၏ အလုပ်တိုက်တွင် အမြဲတစေ အဆင်သင့် ရှိစေသည် ။


နံနက် ၁၁ နာရီ ကျော်သောအခါ ကိုတင်အောင် ၏ အလုပ်တိုက်တွင် ရှိနေကြသော အလုပ်သမားငယ်တို့က မိမိတို့ အလုပ်ရှင် ၏ ရောက်လာနေကျ ဧည့်သည်တို့အား ကျွေးရန်မွေးရန် ပြင်ဆင်ပြီး ဖြစ်နေကြသည် ။


ကိုတင်အောင် ကား ထိုအချိန်အထိ ပြန်ရောက် မလာသေးချေ ။ ကိုတင်အောင် ၏ အပေါ်တွင် စေတနာတွေ ဒလဟောနှင့် ကိုယ်ကျိုးကို စွန့်၍ ကူညီရန် ရောက်ရှိ နေကြသော သူတို့သည် ကိုတင်အောင်  ဘယ်သို့သော ကိစ္စအတွက် ဘယ်နေရာဌာနတွင် ဘာ့ကြောင့် ကြန့်ကြာ နေရသည် ဟု မည်သူကမျှ မစဉ်းစား မမေးမြန်းကြဘဲ ပုလင်း ကို အရေးတကြီး ဖောက်သူ ဖောက် ၊ ဖန်ခွက်ကိုင် စောင့်သူ စောင့် ၊ ရေခဲ ထည့်သူ ထည့် ၊ ထမင်းဝိုင်း ထဲမှ အမြည်းပန်းကန် ဆွဲချသူချနှင့် အပန်းတကြီး ကြိုးစား နေကြသည် ။


ထိုသူတို့ အထဲတွင် အိမ်ရှေ့မှ မရောက်လာသေးသည့် ကိုမောင်ရှင်ကြီးအား အတူ သောက် ဖော်စားဘက် ဖြစ်နေကြသော အဆိုပါ အပေါင်းအသင်း တို့က ၎င်းတို့ ကိုယ်ပိုင် ပစ္စည်းကို ဖိတ်ခေါ် ကျွေးမွေး နေသကဲ့သို့ အတင်း လာရောက် ဆွဲခေါ်နေကြ၏ ။


မိမိ ကိစ္စ နှင့် မိမိ လာခဲ့ရခြင်း ဖြစ်သော်လည်း အမှတ်မဲ့ မေ့မေ့ပျောက်ပျောက် နေခဲ့သော ကိုမောင်ရှင် သည် ယခု မိမိ အား ထမင်းစား လာခေါ်ခြင်းကို ခံလိုက်ရသောအခါ မိမိ ၏ အိမ်သူ အိမ်သားများ ကို ကွက်ခနဲ မြင်လိုက်သည် ။


အခန်းချင်း ကပ်နေကြသူ တို့သည် နံနက်က ငရုတ်သီး ထောင်းကြ ၊ ငါးခုတ်ကြ ၊ ဟင်းရွက် ဆိတ်ကြနှင့် မီးဖိုထဲ၌ မီးခိုး တလူလူ ထွက်စေလျက် အလုပ်ရှုပ် နေကြပေလိမ့်မည် ။ ထိုအချိန်၌ မိမိတို့ အခန်း မှ မီးဖိုချောင် တွင် လူသူ လည်း ဆိတ် မီးခိုး တိတ်၍ နေပေလိမ့်မည် ။


မိမိ ၏ မယား မစော သည် နံနက်စာ အတွက် အရှာအဖွေ ထွက်သွားသော မိမိ အား လည်ပင်း တဆန့်ဆန့် နှင့် မျှော်နေပေလိမ့်မည် ။


အငယ်ဆုံး နို့စို့ကလေး သည် မိခင် အစာ မဝသောကြောင့် နို့ မရသဖြင့် တကျည်ကျည် ငိုနေရှာလိမ့်မည် ။ နံနက် မိုးလင်းသည် ကစ၍ ဘာမျှ မစားရသေးသော နို့ညှာသမီး နှင့် နို့ညှာ အထက် အကြီးတို့သည် တစ်ဖက်ခန်းမှ ကလေးများ က သရေစာ ပြစားကြသည် ကို စားလိုစွာ မျှော်ငေးရင်း မိခင် ရှိရာသို့ ပြေးလာကာ ဆူညံစွာ ငိုယို ပူဆာ ကြပေလိမ့်မည် ။


အပျိုပေါက် ဖြစ် နေကြသော သမီး နှစ်ယောက်တို့သည် ရှက်ရှက်နှင့် ကျိတ်လျက် တသိမ့်သိမ့် ငိုရှိုက် နေကြပေလိမ့်မည် ။ အဖေနှင့် တူသော အကြီးဆုံး အကောင်ကား မိခင် နှင့် ညီငယ် ညီမငယ် တို့ကို ကြည့်ကာ အံကို တင်းတင်းကြိတ်လျက် တိုက်ခိုက် ဆိုးခိုးရန်ကို ကြံစည်နေလေမလား ။


ဖခင် ဖြစ်သူက ပညာ သင်မပေး နိုင်သောကြောင့် ဘာအလုပ် မှ ဝင်ရောက် လုပ်ကိုင်နိုင်သည့် အသိပညာ မရှိသော အကြီးကောင် သည် မြေတူး မြေပေါက် အမှိုက်လှည်း စသော အလုပ်ကြမ်း များကို ဝင်ရောက် လုပ်ကိုင်ရရေး အတွက် မြူအလုပ်သမား ဌာနသို့ သွား၏ ။


အလုပ် လစ်လပ်မှု မရှိ ၊ သို့သော် အလုပ်သမားခေါင်း တစ်ဦး က သနားသဖြင့် အလုပ် ရအောင် ကြံစည် ကြိုးစားပေးမည် ဟု ပြောလိုက်၏ ။


ထိုသို့ ကြိုးစားရာတွင် အလုပ် မှ ထွက်မည့်ဆဲဆဲ အလုပ်သမား တစ်ယောက် က ငွေ ၆ဝ ရလျှင် ချက်ချင်း ထွက်ပေးမည် ။ ထိုသူ ထွက်သွားလျှင် ထိုသူ့ နေရာ၌ အစား ဝင်လုပ်ခွင့် ရမည် ။ သို့ရာတွင် လုပ်ခ တစ်လခစာကို အလုပ်သွင်း ပေးသူအား ပေးရဦးမည် စသဖြင့် သိရ၏ ။


အိမ်ထောင်ကြီး တစ်ခုလုံး စားရန်အတွက် ဖခင် ဖြစ်သူက နံနက်စာ နံနက် ၊ ညစာ ည ရှာဖွေပေးလာမှ စားနေရသော သူ တစ်ယောက် အဖို့ အဘယ်မှာ လျှင် ငွေခြောက်ဆယ် ရှာဖွေပေးနိုင် ပါမည်နည်း ။


ကမ်းနားဆိပ်ကမ်း တွင် ကူလီ လုပ်ရန် သွား၏ ။ အဖွဲ့အစည်း အသင်းအပင်း နှင့် ရှိနေကြသောကြောင့် လုပ်ချင်တိုင်း ဝင်လုပ်၍ မရ ။


ဝင်ကြေး ပေးရမည် ၊ ထောက်ခံသူ ပါရမည် ၊ လစဉ်ကြေး ပေးရမည် ၊ မှတ်ပုံတင် အတွက် ငွေပေးရမည် ။ ဤသို့ ပြည့်စုံသည့် တိုင်အောင် အဖွဲ့တွင် အာဏာရှိသူ က သဘောတူ မှ သို့မဟုတ် သဘောတူ လာအောင် ‘ ဒေါင်းတွေ ဆင်တွေ ’ ပေးနိုင်မှ ကမ်းနား တွင် ကူလီ လုပ်ခွင့်ရမည် ။


အရွယ် ရောက်ပြီးစ ယောက်ျားကြီး တစ်ယောက် လည်း ဖြစ်၏ ၊ ကောင်းသော ခြေလက် လည်း ရှိ၏ ၊ ကျန်းမာသော ကိုယ်လုံးကိုယ်ထည်လည်း ရှိ၏ ၊ အင်နှင့်အားနှင့် ထမ်းပိုး၍ လုပ်ကြ ရမည့် အလုပ် ကိုလည်း လုပ်နိုင်၏ ။ သို့သော် မည်သည့် နေရာ မှ အလုပ် လုပ်ခွင့် မရ ။ လက်သီး တဆုပ်ဆုပ် အံတကြိတ်ကြိတ် ဖြင့် တိတ်ဆိတ်စွာသာလျှင် ဖခင် ရှာဖွေပေးသမျှကို ခြိုးခြံ စားသောက် နေရရှာ၏ ။ ဤအကောင်ကြီးသည် ဆိုးခိုး တိုက်ခိုက် လုယက်လိုသောစိတ်တွေ ပေါ်နေလေပြီ လော ...  ။


“ ဟေး - ကိုမောင်ရှင် ကြီး ဘာ ငိုင်နေတာလဲဗျ ၊ ဟိုမှာ ပုလင်း ဖွင့်နေပြီလေ ၊ နည်းနည်း လန်းလန်းဆန်းဆန်း ဖြစ်သွားအောင် တစ်ခွက် လောက် ချလိုက်ဦး ”


တွေးတောရင်း နှလုံးကွဲ မတတ် ထိခိုက်လာရသော ကိုမောင်ရှင် ကို အဖော် တစ်ယောက် က လှမ်းခေါ်လိုက်သည် ။


အကျင့် ရနေသော ကိုမောင်ရှင် သည် ထို ထိခိုက်လာမှုကို ရင်ထဲ၌ပင် မြှုပ်နှံလိုက်ပြီး မရေမရာ မျက်နှာဖြင့် ပြုံးပြ လိုက်သည် ။ ဤအပြုံး နှင့် အတူ ဆို့လာသော ခံစားရချက်များကို တဖြည်းဖြည်း ပြေပျောက်စေလျက် စို့တော့မည့် မျက်ရည်တို့ ကိုလည်း ပြန် ဝင်သွားစေသည် ။


“ အို - ဘယ် တတ်နိုင်ပါာ့မလဲ ” ဟု ပင့်သက်နှင့် အတူ မှတ်ချက်ချလျက် နေရာမှ ထလိုက်သည် ။ ထို့နောက်ကား အများနှင့် ရောနှော၍ ဖန်ခွက် ကို ကိုင်လိုက်သည် ။


ယစ်ရွှေရည်သည် ကိုမောင်ရှင် ၏ မျက်လုံး ထဲတွင် ရွှေလှိုင်းတွေ ဘောင်ဘင် ခတ်လျက် စားသောက်ခန်းကြီး တစ်ခုလုံးကို ဖုံးလွှမ်း သွားသလို ထင်လိုက်ရသည် ။ အိုက်စပ် ပူလောင်နေ သော ကိုမောင်ရှင် ၏ ရုပ်အစုသည် ရွှေရောင် ထနေသည့် အေးမြသော ‘ ယစ်

’ ပင်လယ်ကြီး အတွင်း သို့ ဇိမ်ရှိစွာ နစ်မြုပ်သွားရသည်ဟု ထင်မှတ်လိုက်သည် ။


နံနက်စာ မစားရသေးဘဲ မိမိအား လည်ပင်း တဆန့်ဆန့်နှင့် စောင့်မျှော် နေကြလိမ့်မည် ဖြစ်သော မယားသည် ကို လည်းကောင်း ...


မယားသည် ၏ ရင်ခွင်ထဲတွင် နို့စုတ် မရတိုင်း ခြေကလန် လက်ကလန်ဖြင့် တဝါးဝါး အော်ဟစ်နေလိမ့်မည်ဖြစ်သော သားငယ် ကို လည်းကောင်း …


ဝမ်း ထဲက ဟာ သလောက် ဆာဆာရှိတိုင်း ငိုညည်း ပူလောင်သည် ကို မိခင် က အစာ မပေးဘဲ တုတ်ဖြင့်ရိုက်သောကြောင့် အစာအစား အရှိုး ကိုသာ ရသဖြင့် လူးလှိမ့် အော်ဟစ် ငိုယိုရင်း ကြမ်းပြင် ပေါ်တွင် မော၍ အိပ်ပျော် နေကြမည့် နို့ညှာတို့ ကို လည်းကောင်း ...


လူလုံး လည်း မလှ ၊ အစာလည်း မစားရသောကြောင့် မျက်နှာ မပြဝံ့ လောက်အောင် ရှက် နေရှာကြမည့် အပျိုမကလေးများ ကို လည်းကောင်း ...


အံတကြိတ်ကြိတ် နှင့် စိတ်ကိုတင်းရင်း ယောက်ျားကြီးတန်မဲ့နှင့် မျက်ရည်စို့နေသည် ကို မိခင် နှင့် နှမတွေ မမြင်အောင် တို့ သုတ်၍ ဟန်လုပ် နေရှာသော သားအကြီးအကောင် ကို လည်းကောင်း ကိုမောင်ရှင် သည် ညနေ ၃ နာရီ ခန့်တွင် လောကကြီး တစ်ခုလုံး နှင့်အတူ မေ့ပစ်လိုက် သည် ။


ကိုမောင်ရှင်  သတိရ လာသော အချိန်ကား ည ၉ နာရီ ထိုးလေပြီ ။


ထိုအချိန်တွင် ကိုမောင်ရှင်  အမျှော်လင့်ကြီး မျှော်လင့်ခဲ့သော ကိုတင်အောင် သည် အရေးကြီးသော ရောင်းရေးဝယ်တာ ကိစ္စ တစ်ခုနှင့် နံနက် ကတည်း က တောင်ငူ သို့ လိုက်ပါသွားသည် ဟု သိလိုက်ရ၏ ။


ကိုမောင်ရှင် ၏ အဖို့ မျှော်လင့်ထားသော မျှော်လင့်ချက် တောင်ကြီး ပြိုကွဲသွားလေသည် ။ 


ငါ ဘယ်သူ့ ဆီ က ရှာရပါ့မလဲ ၊ အိမ်တွင် ဇနီးသည် မစော နှင့် ကလေးငယ်များသည် ယခု အချိန်အထိ ဘာတစ်ခုမျှ စားရလိမ့်မည် မဟုတ် ။


ကိုမောင်ရှင် ၏ ရင်ထဲ၌ ပူလောင် နေ၏ ။ ကိုမောင်ရှင် ၏ ခေါင်း ထဲတွင် အလွန် လျင်မြန်သော နှုန်းနှင့် တွေးတောနေ၏ ။ ပူပန်မှု နှင့် အတူ နေရာမှ လူးလဲ ထလျက် ကိုတင်အောင်ကြီး ၏ အလုပ်တိုက် ထဲက အဓိပ္ပာယ် ကင်းမဲ့စွာ ပြေးထွက်မိ၏ ။


“ ဟေ့လူ ဒါ ဘယ်လဲ - ဘယ်လဲ ”


ကိုမောင်ရှင် သည် တိုက် ရှေ့တွင် မရေမရာ နှင့် ရပ်တန့်သွားသည် ။ မပြေသေးသော အမူး ရှိန်ကြောင့် သူလည်း အနည်းငယ် ယိမ်းယိုင် သွား၏ ။ အဖော် နှစ်ယောက် က တိုက်တွင်းမှ ထွက် လိုက်လာသည် ။


“ ဘယ်လဲဗျ - လာပါဦး ၊ ကျွန်တော်တို့ ဘအေးကြီး နဲ့ ဟိုလမ်းထောင့်က ‘ ဘား ’ မှာ ချိန်း ထားတယ် ။ ဒီကောင်ကြီး သုံးဘီးကား အရောင်းအဝယ် လုပ်ပေးလို့ ပွဲခ ရထားတယ် ။ အခုလောက် ဆို ရောက်နေနှင့်လောက်ပြီ ”


ရည်ရွယ်ချက် လည်း မရှိ ၊ မျှော်လင့်ချက် လည်း မရှိသော ကိုမောင်ရှင် သည် အဖော်များ ဆွဲခေါ်ရာ သို့ ပါသွားရ၏ ။


ဘအေးကြီး ဆိုသူနှင့် တွေ့ ကြရသည် ။ ဘအေးကြီး ဆိုသူ တွင် ငွေအတော် ရွှင် နေ၏ ။ မျက်စိ ရှေ့တွင် ငွေစက္ကူများ တစ်ရွက်ပြီးတစ်ရွက် ‘ ဘား ’ ဆိုင်မှ ပေါက်ဖော် လက်ထဲသို့ ရောက် ရောက်သွား၏ ။ အတော်လည်း ရက်ရောသူ ဖြစ်လေသည် ။


ထိုကဲ့သို့သော သူမျိုး ကို အကျိုးအကြောင်း ပြောပြရဲလျှင် တစ်ဆယ်မျိုး နှစ်ဆယ်မျိုး ပက်ခနဲ ပေးသွားမည်သာ ဖြစ်၏ ။ သို့သော် ကိုမောင်ရှင် သည် ကျွန်တော့် အိမ်တွင် ကလေးတွေ နှင့် ကျွန်တော့် မိန်းမ နံနက်စာတောင် မစားရသေးပါဘူးဗျာဟု ဖွင့်ပြောရဲလောက်သော သတ္တိမျိုး မရှိ ။ 


ဤလို ပြောမည့် အစား တစ်ဖက် စားပွဲတွင် ထိုင်နေကြသော မျက်နှာဖြူ သင်္ဘောသားများ ကို အကြောင်းမဲ့ ဆွဲရိုက်ရမည် ဆိုက အချိန်မရွေး ဆွဲရိုက်ဝံ့သော သတ္တိမျိုးသာ ကိုမောင်ရှင် ၌ ရှိသည် ။


စားပွဲ တစ်ခုလုံး ပြည့်အောင် ချထားသော စားသောက်ဖွယ် ပန်းကန်များကို ကြည့်လျက် ကိုမောင်ရှင် ရင်နာနေလေသည် ။ သို့သော် ကိုမောင်ရှင် ၏ မျက်နှာသည် ဣန္ဒြေမပျက် ပြုံးယောင် ယောင် ပြုထား၏ ။ ထိုအပြုံး၏ နောက်ကွယ်တွင် ကိုမောင်ရှင် သည် ရင်တွင်းမှ ငိုရှိုက်ရင်း အရက် တစ်ခွက် ပြီး တစ်ခွက် ကျိုက်ချနေသည် ။


အပေါင်းအသင်းများ ဆွဲခေါ်ရာသို့ပါရင်း ဤအတိုင်း ၃ ရက် မြောက်ခဲ့သည် ။ ကိုမောင်ရှင်  အမူးပြေ သလိုလို အိပ်ရာမှ နိုးလာသောအခါ ညနေ ၂ နာရီ ခန့် ရှိနေလေပြီ ။


ကိုမောင်ရှင် အရက်မူး ပြေသော အချိန်သည် ကိုမောင်ရှင် ၏ ရင်ထဲ၌ ပို၍ နာရသော အချိန် ဖြစ်၏ ။ လည်ပင်း တဆန့်ဆန့်နှင့် မျှော်နေမည့် မယားသည် မစော  … ။ 


နို့စို့ကလေးငယ် နှင့် နို့ညှာကလေးများ ၊ အပျိုပေါက်ကလေးနှစ်ယောက် ၊ သားအကြီး တစ်ကောင် ။


သူတို့သည် အားကိုးတကြီး နှင့် ဖခင် လုပ်သူကို မျှော်ရင်း ထမင်းလုံးလုံး ငတ်နေခဲ့ရသည် မှာ ယနေ့ပါနှင့် ... ။


ကိုမောင်ရှင် ၏ မျက်လုံးများသည် ပြူးကြောင်ကြောင် ဖြစ်လာသည် ။ ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်ရင်း အော်လိုက်ချင် သလိုလို ဟစ်လိုက်ချင် သလိုလို ဖြစ်လာသည် ။ ကိုမောင်ရှင် ၏ ရင်ထဲ၌ တလှပ်လှပ် လှုပ်ရှား လာသည် ။ သောက်ဖော် တစ်ယောက်သည် အသင့် ရေခဲရောစပ် ထားသော ဖန်ခွက်ကို ကိုမောင်ရှင့် လက်ထဲသို့ ပေးလိုက်သည် ။


ကိုမောင်ရှင် သည် ထို သောက်ဖော်ကို သတိ လွတ်ကင်းစွာ ငေးကြည့် နေမိရာမှ ရုတ်တရက် သတိရလာပြီး လက် ထဲရှိ ဖန်ခွက် ကို တစ်ကြိမ်တည်း မော့ချ လိုက်သည် ။ ထို့နောက် ဖန်ခွက် ကို လှမ်းပေးလိုက်သည် ။ အဖော် က အရက် ထပ် ထည့်ပေးသည် ။ ကိုမောင်ရှင် က ထပ်မော့သည် ။


ယခု တစ်ကြိမ်တွင် ဖန်ခွက်ထဲ၌ လက်တစ်လုံးခန့် အရက် ကို ချန်ထား၍ စားပွဲပေါ် ချလိုက် သည် ။ တလှပ်လှပ် လှုပ်ရှား နေသော ကိုမောင်ရှင် ၏ ရင်သည် အနည်းငယ် ငြိမ်သက်စ ပြုလာ သည် ။ တုန်နေသော လက်များ လည်း နေသားတကျ ဖြစ်သွားသည် ။ ကိုမောင်ရှင် သည် အလွန် တည်ငြိမ်သော မျက်နှာဖြင့် ဆေးလိပ် ကို မီးညှိ သောက်လိုက်သည် ။


ထို တည်ငြိမ်မှုသည် ခဏမျှသာ ဖြစ်၏ ။ ကိုမောင်ရှင် ၏ မျက်နှာသည် ပြိုတော့မည့်မိုး ကဲ့သို့ ကြည့်နေရင်းပင် ငိုချတော့မယောင် ဖြစ်လာသည် ။ သို့သော် မိမိ ၏ စိတ်ကို မိမိ တင်းလိုက် ဟန်ဖြင့် ဣန္ဒြေ မပျက်အောင် ဆေးလိပ် ကို ဖွာ၏ ။ အရက်ခွက် ကို လေးဆေးစွာ ငုံစုတ်၍ သောက်၏ ။ ပင့်သက် ကို မှုတ်ထုတ်လျက် မျက်တောင်ကို လျင်မြန်စွာ ခတ်ရင်း အဝေးသို့ ငေး၏ ။ ဘေးမှ ကြည့် နေရသူများပင်လျှင် ကိုမောင်ရှင် သည် တစ်စုံတစ်ခုသော ဝေဒနာကို မချိမဆံ့ ခံနေရလေပြီဟု သိလာနိုင်ကြသည် ။


ချစ်သော သောက်ဖော်တို့ က ဝိုင်းဝန်း မေးကြ သော်လည်း ကိုမောင်ရှင် သည် ဘာတစ်ခွန်းမျှ ပြန် မပြောဘဲ မျက်ရည်တွေ သာ ရစ်ဝဲနေ၏ ။ ထို့နောက် တစ်ခွက်ပြီး တစ်ခွက် သောက်ရင်း အခါတိုင်း ထက်ပင် ငြိမ်သက်လှစွာ စားပွဲပေါ်တွင် ခေါင်းငိုက်စိုက် တင်လျက် အိပ်ပျော်သွားခဲ့သည် ။ 


အဖော်ကွဲသွားပြီးကြသော အချိန်၌ ကိုမောင်ရှင် ၏ သောက်ဖော် နှစ်ယောက် က သုံးဘီး ကားနှင့် တင်၍ ၎င်းတို့ အိမ်သို့ ခေါ်သွားကြရန် စိုင်းပြင်း နေကြ၏ ။ ထိုအတွင်း တောင်ငူ မှ ခရီး ရောက်မဆိုက် လိုက်လာသော ဒကာတော်ရေမြေ့ရှင် ကိုတင်အောင်ကြီး ဝင်လာပြန်သောကြောင့် ဆက်လက် ပုလင်း ထောင်ကြပြန်သည် ။


“ ဘယ့်နဲ့လဲဗျ ၊ ကျွန်တော်တို့ အရက်တိုက်ပွဲ မှာတော့ ကျွန်တော်တို့ ကိုမောင်ရှင် ကြီးက အာဇာနည်ပီပီ ရှေ့ဆုံးကချည်း ကျနေပါပကော ”


အဖော် နှစ်ယောက်သည် ကိုတင်အောင်ကြီး ၏ အမေး ကို ပြုံးဖြီးဖြီး နှင့် ပြန်ဖြေရာက ကိုမောင်ရှင်ကြီး ယခုကဲ့သို့ မိမိတို့ နှင့် တွေ့ဆုံ မူးရူးနေသည် မှာ ၄ ရက် ရှိပြီ ဖြစ်ကြောင်း ၊ ကိုမောင်ရှင့် အိမ် ကလည်း လိုက်လာသံ မကြားကြောင်း ၊ ကိုမောင်ရှင် ၏ မိန်းမမှာ သဘောကောင်းလှကြောင်း ၊ ကိုမောင်ရှင် သည် အခြား အဖော်အပေါင်းတွေ အပေါ်၌ အလွန် အနွံအနာခံသူ ၊ ယုယခင်မင်တတ်သူ ဖြစ်သော်လည်း မိန်းမ အပေါ်တွင် ရက်စက်ပုံ ရကြောင်း ၊ ဂရုစိုက်မှု နည်းလှကြောင်း ၊ သို့သော် လည်း ကိုမောင်ရှင် ၏ မိန်းမသည် ကိုမောင်ရှင့် အပေါ်တွင် ဆက်ဆံရာ၌ ဆူပူမှု မကျေနပ်မှုများ မည်သည့်အခါမျှ မတွေ့ ရဘဲ ခေတ်သစ်မဒ္ဒီ နှင့် တူကြောင်း ။ ဝေဿန္တရာမင်းကြီး ၏ မိန်းမ မဒ္ဒီ သည် စာထဲ ၌သာ တွေ့ ရခြင်းဖြစ်၍ ဟုတ်ချင်မှ ဟုတ်လိမ့်မည် ဖြစ်ကြောင်း ။ ဟုတ်သည့် တိုင်အောင် မဒ္ဒီဒေဝီ သည် နတ်ရွာနိဗ္ဗာန်တည်း ဟူသော ကောင်းရာ အရပ်သို့ ဝေဿန္တရာမင်းကြီး ရှေးရှုသွား နေသည်ကို သာ အဆင်းရဲ အပင်ပန်းခံလျက် အတူ လိုက်ပါ၏ ဟု စာထဲ၌ ဖော်ပြကြောင်း ။


အကယ်၍ ဝေဿန္တရာမင်းကြီး က အဝီစိ သို့ ရှေးရှုသွားမည့် အပြုအမူများ လုပ်ခဲ့မူ မဒ္ဒီဒေဝီ သည် ဝေဿန္တရာမင်းကြီး နှင့် အတူ လိုက်ပါရဲပါ့မလား ဟူသော ပြဿနာ တစ်ခု ပေါ်လိမ့်မည် ဖြစ်ကြောင်း ။


ယခု ကိုမောင်ရှင် ၏ မိန်းမကားညထိုသို့မဟုတ် ၊ ကိုမောင်ရှင့် အတွက် ဆိုလျှင် ဘာမဆို လိုက်လျောလျက် ကိုမောင်ရှင် ထားရာမှာ နေပြီးလျှင် ကိုမောင်ရှင် က အဝီစိ ကို ပြောင်းရွှေ့မည် ဆိုလျှင်လည်း ကလေးတွေ နှင့်အတူ အေးဆေး တိတ်ဆိတ်စွာပင် လိုက်ပါလိမ့်မည် ဖြစ်ကြောင်း တို့ကို ပြောနေကြ၏ ။


ဤသို့ ပြောရင်း သောက်ရင်းနှင့် တဖြည်းဖြည်း အချိန် ကုန်လာသောအခါ ကိုတင်အောင် ချစ်သော ကိုမောင်ရှင်ကြီး စားပွဲပေါ်မှ ခေါင်းထောင် သတိရလာသည် ။


ကိုမောင်ရှင် သည် စားပွဲတွင် ဝိုင်းနေကြသော သူများကို ပြူးပြူးကြောင်ကြောင် ကြည့်၏ ။ ကိုမောင်ရှင် ၏ ရှေ့တွင် ရှိသော ကိုတင်အောင် သည် ကိုမောင်ရှင် ကြီး ကို ပြုံးပြုံးကြီး ငြိမ်သက်၍ ကြည့်နေသည် ။


ရီဝေဝေ ရှိနေသော ကိုမောင်ရှင် ၏ မျက်နှာ သည် တဖြည်းဖြည်း ပြုံးလာသည် ဟု ထင်ရ၏ ။ ကိုမောင်ရှင် ၏ ပြုံးပုံသည် အရက် မူးနေသောကြောင့် ပြုံးသည်နှင့် မတူဘဲ စိတ် ထိခိုက်စရာ ကောင်း သလိုလို မဲ့သလိုလို ဖြစ်နေသည်ဟု အဖော်များ က ထင်ကြသည် ။


တကယ်စင်စစ်လည်း ကိုမောင်ရှင် သည် မိမိ အလွန် အားကိုးအားထားပြုလျက် ၄ ရက် လုံးလုံး စောင့်နေရသော ကိုတင်အောင် ကို မျက်စိ ရှေ့တွင် မမျှော်လင့်ဘဲ မြင်နေရသောကြောင့် ဝမ်းမြောက်ဝမ်းသာ နှင့် ပြုံးလာရင်းမှ မိမိ အကြောင်းကို မိမိ သာ သိသဖြင့် ချက်ချင်း အလိုလို ဝမ်းနည်း လာရခြင်း ဖြစ်သည် ။


ထိုသို့ ဝမ်းနည်းလာခြင်းကို ကိုမောင်ရှင် သည် မျက်လွှာချလျက် ရင်ထဲ၌ပင် ငိုရှိုက်လိုက် သည် ။ ထို့နောက် အပြင်သို့ ထွက်ပေါ် မလာအောင် အရက် တစ်ခွက်ကို ရေနှင့် ရောစပ်လျက် ဖုံးဖိရန် မျိုချလိုက်သည် ။


“ ကျွန်တော် မူးသွားတယ်ဗျာ ၊ ကိုတင်အောင် ရောက်နေတာ တော်တော် ကြာပလား ” 


ကိုတင်အောင် က ပြုံးပြလိုက်သည် ။


“ ကြာဆို ခင်ဗျား အတင်းတွေတောင် အတော် စုံအောင် ပြောပြီးပြီ ။ ခင်ဗျား ကျွန်တော် တောင်ငူ ကို ထွက်သွားတဲ့ နေ့ ကတည်းက အခုအထိ အိမ် မပြန်ရသေးဘူးဆို ”


ကိုမောင်ရှင် သည် မျက်လွှာချရင်း ခေါင်းညိတ် ပြလိုက်သည် ။ ကိုမောင်ရှင့် ကို ကြည့်ရ သည်မှာ ငြိမ်သက်နေသည် ။ သို့သော် ကိုမောင်ရှင့် ရင်ထဲ၌ မည်မျှ လှုပ်ရှားနေသည် ကို မည်သူမျှ မမြင်ရ ။


“ ကဲ - ဒါဖြင့် ဒီ လက်ကျန်ကလေးတွေ ရှင်းပြီးရင် ကျွန်တော် အိမ် လိုက်ပို့ပေးမယ် ၊ ကား လဲ ပါတယ် ။ ကဲ - ရှင်းလိုက်ကြဦးစို့ ”


ထို့နောက် တစ်ခဏ အတွင်း၌ပင် အဖော် တစ်စု လူချင်း ခွဲလိုက်ကြသည် ။ ကိုတင်အောင် က ကိုမောင်ရှင် အိမ်ပြန်လျှင် ၄ ရက်လုံးလုံး ပြန်မလာသော ကိုမောင်ရှင့် အတွက် အိမ်သူအိမ်သားများ အပေါ် မျက်နှာရစေရန် ဆို၍ ခေါက်ဆွဲထုပ်များ ဝယ်ပေးသေးသည် ။


ခေါက်ဆွဲထုပ်တွေ နှင့် ကားထဲသို့ ပြန်ရောက်လာမှ ကိုမောင်ရှင် က အိမ်မပြန်ချင်ဘူး ဟု ဆိုနေပြန်သည် ။


“ ဘာပြုလို့ မပြန်ချင်ရတာလဲဗျာ ၊ ခင်ဗျား အိမ် ပြန် မရောက်တာ ၄ ရက် ရှိပြီဆို ၊ လင်မယား စိတ်ဆိုးလာကြလို့လား ၊ ခင်ဗျား မိန်းမဟာ တော်တော် သဘောကောင်းပါတယ် ၊ လင်မယား စိတ်ဆိုးတာတော့ မဟုတ်နိုင်ပါဘူး ”


“ မဟုတ်ပါဘူး ၊ ကျွန်တော်တို့ ဘာမှ မဖြစ်ပါဘူး ”


“ နို့ ဘာဖြစ်လို့ မပြန်ချင်ရတာလဲ ”


ကိုမောင်ရှင် သည် ဘာမျှ ပြန်မပြောဘဲ သလို မျက်နှာထားဖြင့် ငြိမ်သက်နေ၏ ။ တစ်စုံတစ်ခု စိတ်ဆိုး နေသလိုလို မကျေမနပ်ဖြစ်နေ


“ ကဲ - တက်ဗျာ ၊ သွားမယ် ”


ကိုမောင်ရှင် သည် ပေကပ်ကပ် လုပ်နေ၏ ။


“ ကျွန်တော် အိမ်တော့ မပြန်ချင်ဘူးဗျာ ”


“ ဘာပြုလို့ မပြန်ချင်ရတာလဲ ”


ကိုမောင်ရှင် က ဘာမျှ ပြန်မပြောဘဲ မကြည်မသာ နှင့် ခေါင်းယမ်း နေသည် ။ ကိုတင်အောင် သည် ကိုမောင်ရှင် မူးနေသောကြောင့် တမင် ပေကပ်ကပ် လုပ်နေသည် ဟု ထင်သဖြင့် ကိုမောင်ရှင် ၏ ပခုံး ကိုဖက်လျက် ကား ထဲသို့ အတူ တွဲဝင် လိုက်သည် ။ ထို့နောက် ကားတံခါး ကို ပိတ်လိုက်၏ ။ 


“ ကိုယ့် အိမ် ကိုယ် လဲ ပြန်ဦးမှပေါ့ဗျ ၊ ခင်ဗျား အိမ်က ထွက်လာတာ ၄ ရက် တောင် ရှိပြီဆို ၊ ခင်ဗျား မိန်းမ နဲ့ ကလေးတွေ က မျှော်နေရှာကြမှာပေါ့ ”


ကိုမောင်ရှင် သည် ဘာမျှ ပြန်မပြောဘဲ ငြိမ်နေ၏ ။ မော်တော်ကားကလေး ထဲတွင် ခေါက်ဆွဲထုပ်တွေ ၏ အနံ့များ က လှောင်နေသည် ။


ဒီခေါက်ဆွဲထုပ်တွေ ဟာ လွန်ခဲ့တဲ့ ၄ ရက်နေ့ မနက်က ရလျှင် ဘယ့်လောက်ကောင်းမလဲ ဟု ကိုမောင်ရှင် က တွေး၏ ။ ထို့နောက် အိမ်က လူတွေ ၄ ရက်လုံးလုံး ဘယ်လိုများ နေကြပါ့မလဲဟု စဉ်းစားရင်း ပင့်သက် ရှိုက်လိုက်မိ၏ ။ သတိထားနေသော ကိုတင်အောင် က လှည့် မကြည့်ဘဲ မေးလိုက်သည် ။


“ ခင်ဗျား ဘာ စိတ်ရှုပ်နေတာလဲ ၊ ငွေ လိုသလား ”


ကိုမောင်ရှင် သည် ရုတ်တရက် ဘာမျှ မပြောဘဲ မိမိ သတိလစ် သွားသည် ကို ဖုံးဖိလိုက်၏ ။ စိတ်လှုပ်ရှားမှုများ ကိုလည်း အချိန် အတန်ကြာအောင် ရင်ထဲ၌ပင် မြှုပ်နှံ နေရသည် ။ ကားမောင်း နေသော ကိုတင်အောင် က ကိုမောင်ရှင် ၏ မျက်နှာကို အမှတ်မထင် မျက်လုံး တစ်ချက် ကစား၍ ကြည့်လိုက်သည် ။


“ ကိစ္စ မရှိဘူးဗျ ၊ ခင်ဗျား ကျွန်တော့်ကို ဘာမှ အားနာစရာ မလိုဘူး ။ ခင်ဗျား မှာလဲ အလုပ်အကိုင် ရှိတာမှ မဟုတ်တာ ”


“ နေပါစေဗျာ ”


“ ဘယ်က နေရမှာလဲဗျ ၊ ကျွန်တော် တောင်ငူ ကို ငွေလို နေတဲ့ လူတစ်ယောက် နဲ့ပေါင်းပြီး သစ်ကန်ထရိုက် စပ်တူ လုပ်ဖို့ သွားတာလေ ၊ အားလုံး အဆင်ပြေမှာပါပဲ ။ ကျွန်တော် က ငွေစိုက် ပေးရုံ စိုက် ပေးရတယ် ။ ၃ လလောက် ဆိုရင် အမြတ် ပေါ်လာမယ် ။ လမ်း မှာတောင် ကျွန်တော် စဉ်းစားလာသေးတယ် ။ ခင်ဗျား ကလဲ မာနကြီးတဲ့ လူ ဆိုတော့ အပြောရ ခက်လို့ ၊ ကျွန်တော် ခင်ဗျား လုပ်ချင်တဲ့ ကိုယ်ပိုင် အလုပ်ကလေး တစ်ခုတောင် တည်ထောင် ပေးမလားလို့ ၊ ဒီလို ပြောမိတဲ့ အတွက် စိတ်ဆိုးသွားမှာ စိုးတာနဲ့ မပြောဘဲ နေတာ ၊ အခု ကျွန်တော့် မှာ ငွေပိုကလေးတွေ ရှိနေသေးတယ် ။ သုံးလေးထောင် လောက် အရင်းအနှီး ထုတ်ပေး လို့တော့ ကျွန်တော့် မှာ ဘာမှ မထိ ခိုက်နိုင်ဘူး ”


ကိုမောင်ရှင် သည် ဘာမျှ မပြောဘဲ တိတ်တိတ်ဆိတ်ဆိတ် ငြိမ်သက်နေသည် ။ ခေါင်းထဲ ကလည်း လုပ်တော့ လုပ်မှ ထင်ပါရဲ့ ၊ အိမ် အခြေအနေ လည်း ကိုတင်အောင် က သိနေပြီးသားပဲ ၊ ထူးပြီးတော့လည်း ရှက်စရာ မရှိပါဘူး ၊ တကယ့် စေတနာနဲ့ ကူညီနေတာ ကြာလှပြီပဲ ၊ ထူးပြီးတော့ အောက်မကျနိုင်ပါဘူး ဟု တွေး၏ ။ ထိုသို့တွေးရင်း အိမ်နှင့် နီးလာလေ အိမ်သူ အိမ်သားများနှင့် မျက်နှာချင်း ဆိုင်ရမည် ကိုလည်း ကြောက်လာလေ ဖြစ်၏ ။


“ ကိုတင်အောင် ကားခဏ ရပ်လိုက်စမ်းပါဗျာ ”


ကိုမောင်ရှင် က အရေးတကြီး ပြော လိုက်သည် ။ ကိုတင်အောင် သည် လမ်းဘေး ဓာတ်မီးတိုင် တစ်တိုင် ၏ အောက်သို့ ကားထိုးရပ်လိုက်၏ ။ အချိန်သည် ညဉ့်ဘက်သို့ ကူးလာခဲ့ပြီဖြစ်ရာ ဓာတ်မီးတိုင် က လင်း နေသောကြောင့် အရိပ်တည့်တည့် ကျနေသဖြင့် ကားထဲ၌ မှောင်နေသည် ။


“ ဘာပြုလို့လဲဟင် ၊ ဘာလုပ်မလို့လဲ ”


ကိုမောင်ရှင် သည် ကိုတင်အောင် ၏ အမေး ကို မဖြေဘဲ ငြိမ်သက်နေ၏ ။ အတန်ကြာသော အခါ ကိုမောင်ရှင် ရှိရာ ရှိုက်သံ တစ်ခု ပွင့်အန် ထွက်လာ၏ ။


“ ကိုမောင်ရှင်  ဘာပြုလို့လဲဗျ ၊ သိပ် မူးနေသလား ၊ ခင်ဗျား ကလဲဗျာ စစ်တောင် တိုက်လာတဲ့ လူတစ်ယောက်ပဲ ၊ အသည်း ကြောင်လိုက်တာ ”


ကိုတင်အောင် သည် ကိုမောင်ရှင် ၏ပခုံးကို လှုပ်၍ လှုပ်၍ အားပေးသည် ။ ကိုမောင်ရှင် ကလည်း တတ်နိုင်သမျှ မိမိ ပါးစပ်ကို မိမိပိတ်လျက် အတင်းချုပ်တည်းထား၏ ။ သို့ချုပ်တည်း ထားရင်းနှင့်ပင် ရင်ထဲက လှိုက်လာလျက် ရှိုက်သံများ ပွင့်အန် ထွက်လာရသည် ။


“ ကျွန်တော် အမူး ပြေနေပါပြီ ကိုတင်အောင် ၊ ကျွန်တော် မူးလို့ မဟုတ်ဘူး ။ ကျွန်တော် ကျွန်တော့် အိမ်သားတွေ ကို မျက်နှာချင်း မဆိုင်ရဲဘူး ။ ကျွန်တော် ဟာ လင်ကောင်း အဖေကောင်း မပီသတဲ့ အင်မတန် ဝတ္တရား ပျက်ကွက်ခဲ့တဲ့ လူဖျင်းလူညံ့ တစ်ယောက် ဖြစ်နေပြီ ”


ကိုမောင်ရှင် သည် မျိုသိပ် မထားနိုင်တော့ဘဲ ယောက်ျားတန်မဲ့ နှင့် အလွန် စိတ်ထိခိုက်စွာ ငိုချလိုက်၏ ။


ကိုတင်အောင် သည် ကိုမောင်ရှင် ငိုသည်ကို ဤ တစ်ကြိမ်သာ တွေ့ ရဖူးသဖြင့် အတော် တအံ့တသြ ဖြစ်နေ၏ ။ ထို့နောက် ကိုမောင်ရှင် ကဲ့သို့သော လူမျိုးက ငိုနေသောကြောင့် ရင်ထဲ၌ အတော် ထိခိုက်လာ၏ ။ ထို့ထက် မိမိ ရှိရာသို့ နံနက်စာ အတွက် ရောက်ရှိ နေရှာပြီး မိမိ ကို မတွေ့ သဖြင့် အိမ် ကို မပြန်ဖြစ်တော့ဘဲ ယခု အခြေအနေမျိုး ဖြစ်နေရသည် ဟု သိရသောအခါ မျက်ရည်များ ရစ်ဝိုင်းလာသည် အထိ နှလုံးသားထဲ၌ ကိုမောင်ရှင် နှင့် အတူ နာကျင်လာသည် ။


သို့သော် မိမိကိုယ် မိမိ အလျင်ဆုံး ဆောက်တည်လိုက်ပြီးနောက် မိမိ ၏ အသံ ကို မှန်နိုင် သမျှ မှန်အောင် ဂရုစိုက်လိုက်သည် ။


“ ကဲပါဗျာ ၊ ဖြစ်ပြီးတဲ့ ဟာတွေက ပြန် ပြင်လို့မှ မရဘဲနဲ့ နောက် မဖြစ်အောင် လုပ်ကြရတော့ မှာပေါ့ ။ ကျွန်တော်တို့လဲ ကူညီစမ်းပါရစေ ၊ ပြီးတာဟာ ပြီးမှာပါပဲ ။ ခင်ဗျား ကလေးတွေ နဲ့ ခင်ဗျား မိန်းမက ခင်ဗျား ကို ဘယ်တော့မှ အပြစ် မယူကြပါဘူး ။ ဒါတွေ ကျွန်တော်တို့ ပြောပြော တောင်နေကြသေးတယ် ။ ကဲပါ တော်ကြာ ခင်ဗျား မြင်တာနဲ့ စိတ်အား ငယ်ကုန်ကြပါ့မယ် ။ သူတို့ကို ဒီအတိုင်း ပစ်ထားရင် ခင်ဗျား အတွက် ပိုပြီး သတ္တိကြောင်ရာ ကျနေမှာပေါ့ ”


ကိုတင်အောင် သည် ပြောပြောဆိုဆို ကား ကို စက်နှိုးလိုက်သည် ။ ကိုမောင်ရှင် တို့ အိမ်သို့ ရောက်သွားသောအခါ ကိုမောင်ရှင် ၏ မိန်းမ မစော သည် ကိုတင်အောင် ပြောသကဲ့သို့ပင် ကိုမောင်ရှင့် အပေါ်တွင် အပြစ် မတင်ရုံမက စိုးရိမ်စွာနှင့် ဆီးကြို နေရှာသည် ။


“ ခင်ဗျား ယောက်ျား က ခင်ဗျားတို့ အတွက် ခေါက်ဆွဲတွေ ဝယ်လာတယ်ဗျ ” 


ကိုတင်အောင် က ပြောပြောဆိုဆို ခေါက်ဆွဲထုပ်များကို လှမ်းပေးလိုက်သော အချိန်၌ မစော ၏ မျက်လုံးအိမ် တွင် မျက်ရည်ကလေးများ ရစ်ဝဲလာသည်ဟု မှတ်ထင် လိုက်ရသည် ။ သို့သော် ချက်ချင်းပင် မျက်နှာ ကို ပြင်လျက် ပြုံးရွှင်စွာ မော့်ကြည့်ရင်း အရိုးအဆစ် ပေါ်၍ သေးသွယ် နေသော လက်ချောင်းကလေးများ နှင့် လှမ်းယူလိုက်သည် ။


ကိုတင်အောင် သည် အိမ်ထဲသို့ ဝင်လိုက်လို သော်လည်း မိမိ အား မသိစေလို မမြင်စေလို သော အရာများ ရှိပါက ရှက်နေမည် စိုးသောကြောင့် လှည့် ပြန်ရန် ဆုံးဖြတ်သည် ။ သို့သော် ကူညီပေးရန် တစ်စုံတစ်ရာများ ရှိလေသလား ဟုလည်း ဝမ်း ထဲမှ သိလိုနေသည် ။


“ ကလေးတွေ အားလုံး နေကောင်းကြတယ် မဟုတ်လား ၊ ကျွန်တော် ပြန်မယ်နော် ” 


“ ဟုတ်ကဲ့ရှင့် နေကောင်းပါတယ် ”


မစော သည် လျော့ရဲ အားနည်းသော အပြုံးဖြင့် ပြုံးပြ နေသောကြောင့် ကိုတင်အောင် ၏ စိတ်၌ အတော် ထိခိုက်မိသည် ။ အရိုးပေါ် အရေတင် နေသော ပါးလျသည့် ကိုယ်ဟန်သည် မကြာမကြာ အစာရေစာ ပြတ်နေသည့်ပုံဟန် ရှိနေသည် ။


“ တော်တော်လဲ ခံနိုင်ရည် ရှိတဲ့ မိန်းမပဲ ” ဟု စိတ်ထဲမှ တွေးတော ကြည်ညိုရင်း ကိုမောင်ရှင် ၏ အိတ် ထဲသို့ ရာတန် တစ်ချပ် ထိုးထည့် ပေးခဲ့ကာ ကားမောင်း၍ ထွက်လာခဲ့သည် ။


ကား ထွက်သွားသော အချိန် ၌ ကိုမောင်ရှင် သည် မစော ၏ မျက်နှာကို စူးစူးစိုက်စိုက် လှမ်း ကြည့်နေသည် ။ ကိုမောင်ရှင် ၏ မျက်နှာ တွင် ဦးအောင် ရန်ရှာမည့် မျက်နှာပေါက်မျိုး ပေါ်နေ၏ ။


“ လာလေ ... ကိုရှင် ”


မစော က ပြုံးချိုသော မျက်နှာ နှင့် ကိုမောင်ရှင် ကို လှမ်းခေါ်ရင်း စောင့် နေသည် ။ ကိုမောင်ရှင် သည် မစော ကို ကြည့်နေရာမှ မျက်လွှာ ချလိုက်ပြီး နောက် ခြေလှမ်း ကို စ လှမ်းလိုက်သည် ။


အိမ် ထဲသို့ ရောက် သွားသော အခါ အရိုးပေါ် အရေတင်လျက် ခွေနေကြသော သားသမီးများ ကို တွေ့ရသည် ။


ကလေးငယ် အချို့သည် မျက်လုံးဟောက်ပက် နှင့် အိပ်ပျော် နေကြသည် ။ ကလေးငယ် အချို့က ကြမ်းပြင် ပေါ်တွင် တုံးလုံးပက်လက် လဲလျက် ဝင်လာသည့် မိခင် နှင့် ဖခင်တို့ ကို ပြူး ကြောင်ကြောင် မျက်လုံး နှင့် ရွေ့လျားရာသို့ လိုက်လံ ကြည့်ရှု နေကြသည် ။ သမီးအကြီး ကမူ အိပ် မပျော်သေး သော်လည်း ဝင်လာသော မိခင် ဖခင်တို့ ကို လုံးဝ မကြည့်ဘဲ မလှုပ်မယှက် ငြိမ်သက်မြဲ ငြိမ်သက် နေသည် ။ ထို သမီး ကို ကြည့်ရသည်မှာ ပို၍ ပိန်ချုံးလျက် ယဲ့ယဲ့မျှသာ ကျန်တော့သည် ဟု ထင်ရသည် ။


မစော သည် မိမိတို့ အား ကြည့်နေသော သားအကြီး ကို လှမ်း ခေါ်လိုက်သည် ။ 


သဘောကောင်းလှ၍ မိခင် ဖခင်တို့ ကဲ့သို့ ခံနိုင်ရည် ရှိလှသော သားအကြီး သည် မိခင် လှမ်းပေးသည့် ခေါက်ဆွဲထုပ်များ ကို ဖြေလျက် မောင်ငယ် ညီမငယ်များ စားသောက်ရန် အတွက် ပြင်ဆင်ခွဲဝေ သည် ။


ပါးစပ်တပြင်ပြင် နှင့် ကြည့် နေကြသော ကလေးငယ်များ ၏ မျက်လုံးသည် တဖြည်းဖြည်း တောက်ပြောင် လာကြသည် ။


ပန်းကန်ပြားတို့ဖြင့် ခွဲဝေလျက် မိမိ တို့ ရှေ့ သို့ ခေါက်ဆွဲများ ရောက်လာကြသော အခါ ပန်းကန်ပြားကိုပါ ဝါးမျိုကြတော့မည် ကဲ့သို့ ရှေ့လောတကြီး ထ၍ စားကြသည် ။


“ ဟဲ့ - ဖြည်းဖြည်း စားကြ ၊ နင် ကုန်ဦးမယ်နော် ... ”


မစော သည် သားသမီးများ ကို တိုးတိုးအုပ်အုပ် သတိပေး နေသည် ။ ထိုသို့ သတိပေး နေရာမှ တစ်ဖက်ကို လှမ်း ကြည့်ရင်း မျက်နှာ ပျက်သွားသည် ။ စိုးရိမ်သော မျက်နှာဖြင့် ကိုမောင်ရှင့် ကို လည်း လှမ်းကြည့်မိလိုက်သေး၏ ။ ကိုမောင်ရှင် ကလည်း မြင်ပြီး ဖြစ်နေသည် ။


“ ဟိုကောင်မလေး ဘာပြုလို့လဲ ”


သမီးအကြီး ဖြစ်သူသည် မတုန်မလှုပ် မျက်လုံး အကြောင်သားဖြင့် ငြိမ်သက်မြဲ ငြိမ်သက် နေ၏ ။ အနီးတွင် ချထားသော ခေါက်ဆွဲပန်းကန် ကိုလည်း ရှိသည် ဟူ၍မျှ အောက်မေ့ပုံ မရ ။


အစ်ကိုကြီး ဖြစ်သူသည် လည်းကောင်း ၊ အငယ် အပျိုပေါက် သည် လည်းကောင်း ၊ မိခင် ဖြစ်သူသည် လည်းကောင်း စိုးရိမ်သော မျက်လုံးများ နှင့် တစ်ပြိုင်နက်တည်း ကြည့်နေကြသည် ။ 


“ သူ ကောင်းကောင်း နေမကောင်းပါဘူး ။ ကဲ - သမီး ထ ၊ အစားကလေး ဝင်ရင် အားရှိ သွားမှာပေါ့  ”


မိခင် ဖြစ်သူက ဖာဖာထေးထေး ပြောလျက် သမီး ရှိရာသို့ သွားသည် ။ သို့သော် ထိုအသံ သည် မူမမှန်ဘဲ တုန်တုန်ယင်ယင် ဖြစ်နေ၏ ။ တစ်အိမ်လုံး ၏ စိတ်ဓာတ်ကို သိပြီး ဖြစ်သော ကို မောင်ရှင် သည် သမီး ဖြစ်သူ ၏ မျက်နှာ ရှေ့သို့ လာရပ်သည် ။


“ ဟဲ့ - ကောင်မလေး ငါ မေးနေတာ မကြားဘူးလား ၊ ဘာဖြစ်သလဲ ”


မိန်းကလေး သည် ဘာတစ်ခွန်းမျှ ပြန် မပြောဘဲ မျက်လုံးအိမ်၌ မျက်ရည်များ ဖြင့် ဝိုင်းလျက် ငြိမ်သက်မြဲ ငြိမ်သက် နေသည် ။ သားအဖ နှစ်ယောက်ကို ကြည့်ရင်း မစော သည် စိုးရိမ်စွာ နှင့် အနီးသို့ ပို ကပ်လာသည် ။


“ သူ နေမကောင်းလို့ပါ ကိုရှင် ရယ် ၊ စောစောကပဲ လေတွေ တက်နေတယ် ၊ တော်ကြာတော့ ထ စားမှာပါ ” 


“ မင်း - ဒါတွေ ဘာမှ ဖာထေး မနေနဲ့ မစော  ၊ ဒီဟာမအကြောင်း ငါ သိတယ်ဟေ့ ၊ ဟို အကြီးကောင် လာစမ်း ”


သဘောကောင်းလှသော သားအကြီး သည် ကုပ်ကုပ်ယို့ယို့ကလေး အနီးသို့ ရောက်လာ၏ ။ 


“ ကဲ - ပြောစမ်း ၊ ငါ မရှိတုန်းက မင်းတို့ ဘာစား နေကြသလဲ ”


“ ကျွန်တော်တို့ ပထမ တစ်ရက် ဘာမှ မစားကြဘူး ”


“ အေး - ကောင်းပြီ ၊ နောက်နေ့ကော ”


“ နောက်နေ့လဲ တစ်နေ့လုံး ဘာမှ မစားကြဘူး ” 


“ ပြီးတော့ကော ”


“ ညနေကျတော့ ဆိုင်မှာ မေမေ က ကြွေးသွား ယူတယ် ၊ အရင် ကြွေးတွေ မဆပ်ရသေးတာ နဲ့ ဘာမှ မပေးလိုက်ဘူး ”


“ အင်း … ပြီးတော့ … ”


“ ကလေးတွေ က ဆာပြီး လဲနေကြတယ် ၊ ညကျတော့ မေမေ နဲ့ ကျွန်တော် နဲ့ ဟိုဘက်က ခြံ ထဲက ငှက်ပျောပင် တစ်ပင် တိတ်တိတ် သွား ခုတ်ပြီး ယူလာတယ် ၊ ပြီးတော့ ငှက်ပျောအူတွေ ကို နူးနေအောင် ပြုတ်ပြီး ကလေးတွေ ရော ကျွန်တော်တို့ ရော စားကြတယ် ” 


“ ဒီတော့ ဒီဟာမ စားသလား ”


သားအကြီးကောင်သည် ဘာမျှ မပြောဘဲ နှမ ဖြစ်သူကို ကြည့်နေ၏ ။ မိခင် နှင့် ညီမအငယ် ဖြစ်သူတို့၏ မျက်လုံးတွင် လည်း မျက်ရည်များ ဝိုင်းနေ၏ ။


“ ဟေ့ကောင် ငါ မေးနေတာ မကြားဘူးလား ။ အဲဒီတော့ ဒီဟာမက စားသလား ”


“ မ ... မ ... မစားဘူး ဖေဖေ ... ”


ကိုမောင်ရှင် သည် နောက်ထပ် ဘာမျှ မမေးဘဲ ငြိမ်နေ၏ ။ ထို့နောက် သမီးကြီး၏ အနီးတွင် ရှိသော ခေါက်ဆွဲပန်းကန် ကို ခြေထောက်ဖြင့် ခတ်လိုက်၏ ။


တစ်အိမ်လုံးရှိ သားသမီး တို့သည် ဗြုန်းခနဲ တစ်ကိုယ်လုံး တုန်သွားကြ၏ ။ ကိုမောင်ရှင် သည် မျက်ရည်များ ရစ်ဝိုင်းလာရာမှ ဗြုန်းခနဲ သမီးကြီး ၏ ခေါင်း နားတွင် ဆောင့်ဆောင့် ထိုင်ချ လိုက်သည် ။


“ မိဘ ဆိုတာ သားသမီး ကို ကိုယ် မစားဘဲ ကျွေးချင်ကြတာပဲ ၊ ကိုယ် မဝတ်ဘဲ ဆင်ချင် ကြတာပဲ ၊ အင်မတန် မလွှဲမရှောင်သာလို့ လူကြီးတွေ အဆင် မပြေတာ ကို နင်က လူကြီးတွေ ကို စိတ်မချမ်းမြေ့အောင် ဒီလိုပဲ လုပ်ရသလား ၊ ဆင်းရဲတဲ့ မိဘ ဆီက ကလေးဟာ ဆင်းရဲရမှာပဲ ၊ ငတ်တဲ့ မိဘ ဆီက ကလေးဟာ ငတ်ရမှာပဲ ၊ လူဟာ ကိုယ် ရောက်လာရတဲ့ ဘဝ ထဲမှာ ကိုယ့် မိဘ အသိုင်းအဝန်းနဲ့ အတူ ကိုယ့်ဘဝကို ရင်ဆိုင်ကြရမှာပဲ ၊ ဒါကို နင်က ဘာ လူပါးဝရတာလဲ ၊ ပြောစမ်း ခွေးကောင်မ ”


ကိုမောင်ရှင် သည် သွားချင်းကြိတ်၍ စေ့ထားသောလေသံဖြင့် ထိခိုက်စွာ ကြိမ်း၏ ။ သမီးကြီး ဖြစ်သူသည် မျက်ရည်ဖုံးသော မျက်လုံး ဖြင့် ဖခင် ဖြစ်သူအား တစ်ချက်မျှ မုန်းတီးစွာ ကြည့်လျက် မတုန်မလှုပ် နေမြဲနေသည် ။


ကိုမောင်ရှင် ဒေါသဖြင့် ဆံပင်ကို ဆွဲလျက် ဗြုန်းခနဲ ထူလိုက်၏ ။ ပေါ့ပါးပိန်လျသော သမီးကြီး ၏ ကိုယ်သည် ငုတ်ခနဲ ထိုင်လျက်သား ဖြစ်လာ၏ ။ မစော သည် ကိုမောင်ရှင် ၏ လက်မောင်း တစ်ဖက် ကို အလွန် စိတ်ပူစွာနှင့် ဆုပ်ကိုင်လိုက်သည် ။ 


“ ကိုရှင်ရယ် .. ”


ကိုမောင်ရှင် သည် မစော ကို ဂရုမစိုက်ဘဲ ယဲ့ယဲ့ကလေး မော့နေသော သမီးဖြစ်သူ ၏ မျက်နှာ ကို ဒေါသနှင့် စေ့စေ့ကြည့်၏ ။ သမီးဖြစ်သူ ကလည်း အလွန် မုန်းတီးသော မျက်နှာနှင့် စူးစူးဝါးဝါး ပြန်ကြည့်နေသည် ။


“ ကဲ - ပြောစမ်း နင် ဘာလူပါးဝနေတာလဲ ”


ပါးလျပိန်ကပ် နေသဖြင့် ဟောက်ပက်ပက်နှင့် ခွက်ဝင်နေသော သမီး ၏ မျက်လုံးတွင် ပြည့်လျှံ နေသော မျက်ရည်များ သည် ကြည့်ရင်း ကြည့်ရင်း လျော့ပါးသွားကာ တောက်ပစူးဝါး သော မျက်လုံးသက်သက် သာလျှင် ကျန်ရစ်လာ၏ ။ ထို့နောက် ကြောက်မက်ဖွယ် ကောင်းလှသော မုန်းတီးသည့် မျက်လုံးသည် အလွန် မာနကြီးလှစွာ တိတ်တိတ်ဆိတ်ဆိတ် နှင့် မျက်လွှာချပစ် လိုက်သည် ။


ကိုမောင်ရှင် သည် အားမလို အားမရ ဖြစ်လာ၏ ။ ကိုမောင်ရှင် ၏ မျက်နှာတွင် ထိခိုက်မှ မုန်တိုင်းသည် ပြင်းထန်စွာ တိုက်ခိုက်တော့မည့် ပုံသဏ္ဌာန် ပေါ်နေ၏ ။ 


“ ဟဲ့ ကောင်မ ငါ မေးနေတာ မပြောဘူးလား ”


ကိုမောင်ရှင် သည် ခပ်ကျိတ်ကျိတ် ကြိမ်းမောင်းလိုက်ရာမှ သမီး၏ ခေါင်းမှ ဆံပင်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရင်း မျက်နှာချင်း နီးကပ်လာအောင် ဆွဲယူ လိုက်၏ ။ မာနကြီးလှသော သမီး သည် လှုပ်ရှားမှု မရှိဘဲ အရုပ်လို ငြိမ်သက်လျက် မျက်လုံး က တစ်ဖက်သို့ လွှဲထားသည် ။ လေးရက်လုံးလုံး အစာငတ် ခဲ့ရသဖြင့် ငေါငေါပေါ် နေသော ပါးရိုးတို့သည် ဒေါသနှင့် ကြည့်နေသော ကိုမောင်ရှင် ကို သရော်ပြ သလို မြင်နေရသည် ။ ကိုမောင်ရှင် ၏ မျက်လုံး၌ မျက်ရည်များ ရစ်ဝိုင်း လာ၏ ။ မလှုပ်မရှား နေသော မာနကြီးလှသည့် သမီး ၏ မျက်နှာကို ကြည့်ရင်း ကိုမောင်ရှင် ၏ ရင်ထဲ၌ လှုပ်ရှားလာ၏ ။


ထို့နောက် မည်သို့မျှလည်း မပြုရက် ၊ ဒေါသကလည်း ဖြစ်လှသောကြောင့် မျက်ရည်ပြည့်အိုင် နေသော မျက်လုံးနှင့် ကြည့်ရင်း အရုပ်ကို တွန်းလှဲလိုက်သကဲ့သို့ ဆောင့်တွန်းပစ်လိုက်၏ ။ ကြမ်းပေါ် သို့ ဒိုင်းခနဲ လဲကျသွားသံ နှင့် တစ်ပြိုင်တည်း လိုလိုပင် ပြင်းထန်သော တက်ခေါက်သံပါ ပေါ်လာသည် ။


“ ငါ … လုပ်ရရင်တော့,သေတော့မှာပဲ ”


ကိုမောင်ရှင် သည် မိမိ ဘာသာ မိမိ ညည်း သကဲ့သို့ ပြောရင်း တစ်ဖက်သို့ လှည့်လိုက်၏ ၊ မစော သည် စိတ်ထိခိုက်နေသော လင်ယောက်ျား ၏ လက်မောင်း ကို ဆုပ်ကိုင်ရင်း ရင်တုန် ပါးတုန် ဖြစ်နေ၏ ။ လဲနေသော သမီးကိုလည်း စိုးရိမ်စိတ်နှင့် ကြည့်၏ ။


ထိုအတွင်း အရိုးရုပ်ကလေး နှင့် တူသော သမီးကြီးသည် ရှိသမျှ အင်အာနှင့် လူးလဲ ထ၏ ။ တွန်းပစ်လိုက်သူ ဖြစ်သော ဖခင် တွင် မျက်ရည်ပေါက်ကြီးများ စီးကျနေသော်လည်း အတွန်းခံလိုက် ရသူ သမီး ၏ မျက်နှာတွင် ဘာမျှ မဖြစ်သလို အေးစက်စက် ရှိနေ၏ ။ တည်ငြိမ်သော မျက်နှာတွင် ပြုံးယောင်ယောင် ပြုထားသော နှုတ်ခမ်း သည် ဒေါသတကြီး နှင့် စိတ် ထိခိုက်နေသော ဖခင် ကို တမင် လှောင်ပြောင် ပြက်ရယ်ပြုထား၏ ။ ထို့နောက် ရဲတင်းသော မျက်လုံး နှင့် စူးစူးဝါးဝါး ငြိမ်သက်၍ ကြည့်၏ ။


“ သတ်ပစ်လိုက်ရင် ကောင်းပါတယ် အဖေ ၊ ကျွန်မတို့ သားအမိ တစ်တွေကို အကုန် သတ်ပစ်လိုက်ပါလား ”


“ ဟဲ့ .. ညည်း ”


မိခင် မစော သည် ချာခနဲ လှည့် ကြည့်လိုက်သော ကိုမောင်ရှင် ကို ဆွဲကိုင်ထားရင်း သမီး ဖြစ်သူကို လှမ်း အော်လိုက်သည် ။ ခေါင်းမာသော သမီးသည် ရယ်ကျဲကျဲပင် လုပ်ပြ လိုက်သေး၏ ။ 


“ အမေ မပြောရဲရင် အသာနေပါ ။ ကျွန်မ အမေ့ ကိုယ်စား ပြောပါမယ် ။ အဖေ ဟာ ကျွန်မတို့ တစ်တွေ မွေးထားပြီး တာဝန်မဲ့ လုပ်နေတဲ့ လူပါ ။ ကိုယ်တိုင် ကတော့ အပေါင်းအဖော်တွေနဲ့ စား လိုက် သောက်လိုက် ကျွန်မတို့မတော့ လူမမည် သားအမိ တစ်တွေ စုပြီး အငတ်ငတ် အပြတ်ပြတ် အိမ်မှာ ငိုဟယ် ဆူဟယ် နဲ့ ငရဲပြည် ရောက်သလို ဖြစ်နေကြရတယ် မဟုတ်လား ၊ ဒါကို အဖေ သတိရသလား ၊ ဒင်းတို့ ဘယ်လိုများ နေကြပါလိမ့် လို့ စိုးရိမ်စိတ် ရှိသလား ။ ကျွန်မတို့ တစ်တွေကို လူ့ပြည် ထဲ ခေါ်ပြီး သက်သက် နှိပ်စက်နေတာ မဟုတ်လား ၊ အလုပ် လုပ်နိုင်အောင် ဘာပညာ မှလဲ မသင်ပေးဘူး ၊ ကိုယ်တိုင် လဲ ဝအောင် လုပ် မကျွေးဘူး ၊ သားအမိ တစ်တွေကို အငတ် ပစ်ထား ထားသွားပြီး တစ်ကိုယ်ကောင်း သောက်စား ပျော်ပါး နေတဲ့ အဖေမျိုး လက် ထဲမှာ စိမ့်စွဲပြီး အနှိပ်စက် ခံနေကြရတဲ့ အတူတူ မြန်မြန် သေကုန်ကြရင် မြန်မြန် ဝဋ်ကျွတ်ကြတာပဲ ၊ အဖေ ဟာ တစ်ချိန်က သူရဲကောင်းကြီး ဆို သူရဲကောင်းကြီး ဖြစ်ရင် ကျွန်မတို့ ကို မြန်မြန် ဝဋ်ကျွတ်အောင် သ,တ်မပေးဝံ့ ... ”


ကိုမောင်ရှင် ၏ လက်ဝါးပြင်သည် သမီးကြီး ၏ မျက်နှာ ပေါ်သို့ ကျရောက်သွား၏ ။

အားနည်းလှသော အသံ နှင့် ရယ်ကာမောကာ လှောင်သရော်ရင်း အေးဆေးငြိမ်သက်စွာ ပြောဆို မေးမြန်းနေသော အသံသည် ရိုက်နှက် လိုက်သော လက်ဝါးသံနှင့် အတူ တစ်ပိုင်း ပြတ်သွားသည် ။ 


မစော သည် ပုံလျက် လဲကျ သွားသော သမီး ဖြစ်သူ ကို ပြေးပွေ့ လိုက်၏ ။ ပိန်ချုံးအားနည်း လှသော သမီးငယ် ၏ ပါးစပ်တွင် သွေးစကလေးများ စီးကျ လာလျက် သတိ လုံးဝ လစ်နေသည် ။ မစော သည် အလွန် စိုးရိမ်စွာနှင့် ပွေ့ပိုက် လှုပ်ခေါ်၏ ။ မစော ၏ မျက်လုံးအိမ် မှ မျက်ရည်တို့သည် သမီး ၏ မျက်နှာပေါ်သို့ တပေါက်ပေါက် ကျ၏ ။


ကိုမောင်ရှင် သည် မစော နှင့် သမီး ကို မလှုပ်မယှက် ငြိမ်သက်စွာ ကြည့်နေသည် ။ ကိုမောင်ရှင် ၏ မျက်လုံးအိမ် ၌ မျက်ရည်များ ခန်းခြောက်လျက် ပူလောင်နေသည် ။ ကိုမောင်ရှင် ၏ ရင်တွင်း၌ ဆို့ကျပ်လာသည် ။ ကိုမောင်ရှင် သည် မိမိ ရှေ့တွင် မြင်နေရသော သားအမိ ကို ကြည့်ရင်း ကြည့်ရင်း ဆောက်တည်ရာ မရနိုင်အောင် ဖြစ်လာ၏ ။ ခံနိုင်ရည် ကုန်ဆုံးလောက်အောင် တွေ့ကြုံလာရသည် ။ မိမိ ၏ ဘဝ အတွင်း၌ ကိုမောင်ရှင် သည် ရင်ကွဲလုအောင် တိတ်တိတ်ဆိတ်ဆိတ် အခြောက်ငို ငိုရင်း မခံမရပ်နိုင်အောင် ဖြစ်လာ၏ ။ ထို့နောက် အိတ် ထဲရှိ ရာတန်စက္ကူကို မစော ၏ ရှေ့သို့ ပစ်ချလျက် အိမ်တွင်း မှ ထွက်လာခဲ့သည် ။


လမ်းပေါ်တွင် တိတ်ဆိတ်နေ၏ ။ ညဉ့်လေသည် အေးမြသော်လည်း ကိုမောင်ရှင် ၏ ပူလောင်မှု ကို မတားဆီးနိုင် ။


ပြာမှောင်သော ကောင်းကင်ပြင်တွင် ပြူတစ် ပြူတစ် ပြုနေကြသော ဝင်းလက်လက် ကြယ်ကလေးများသည် စိတ်ရှုပ် နေသော ကိုမောင်ရှင် ကို ပို၍ စိတ်ရှုပ်အောင် ရန်စနေကြ၏ ။ ဝိုးတဝါးည ၏ တမဲမဲ လှုပ်နေကြသော သစ်ပင်ကြီးတို့သည် ကိုမောင်ရှင် ကို တစ်စုံတစ်ခု ဆိုးဆိုး ရွားရွားပြုရန် တိုက်တွန်း နေသကဲ့သို့ ရှိသည် ။ ထိုည တစ်ညလုံး မမောနိုင် မပန်းနိုင်ဘဲ ကိုမောင်ရှင် သည် မိမိ ၏ ဘဝကို နာကြည်းသောစိတ် နှင့် လမ်းလျှောက်၏ ။ ထိုနာကြည်းသော စိတ်သည် လူနှင့် အတူ ရပ်တည်မှီခိုရာ မရဘဲ နံနက်ခင်း လေပြည်ကို ဆန့်ကျင်လျက် အလွန် ပူလောင်စွာ လွင့်ပါး နေခဲ့သည် ။


ပင်ပန်းနွမ်းနယ်၍ အိပ်ရေးပျက်သော မျက်စိမျက်နှာတို့ဖြင့် ကိုတင်အောင်  ရှိရာသို့ ကိုမောင်ရှင်  ရောက် လာသော အချိန်မှာ နောက်တစ်နေ့ ညနေ စောင်းနေလေပြီ ။ ကိုမောင်ရှင် ၏ မျက်နှာတွင် ယူကျုံး မရသော အသွင်အပြင်ဖြင့် ညှိုးငယ်နွမ်းလျနေ၏ ။


“ ဟေး ... ကိုမောင်ရှင်ကြီး ၊ ကျွန်တော်တို့ဖြင့် ခင်ဗျား လာမှ လာပါ့မလားလို့ဗျာ ၊ ဟေ့ ဖန်ခွက် ယူခဲ့စမ်း ”


ကိုမောင်ရှင် သည် ယဲ့ယဲ့မျှ ပြုံးလိုက်သည် ။ ထို့နောက် တည်ငြိမ်သော မျက်နှာဖြင့် ထိုင် နေ၏ ။ ဖန်ခွက် ရောက်လာသော အချိန်တွင် လက်ကာလျက် ဖန်ခွက် ကို ဘေးသို့ တွန်းထုတ် လိုက်သည် ။ ဝိုင်း တစ်ဝိုင်းလုံးသည် အလွန် အံ့ဩသော မျက်နှာဖြင့် အထူးအဆန်း တစ်ခု တွေ့ကြုံ နေကြရသကဲ့သို့ ကိုမောင်ရှင် ကို ဝိုင်းကြည့် နေကြသည် ။


ကိုမောင်ရှင် သည် အရက်ဝိုင်း တွင် ထိုင်လာသူ ဖြစ်သော်လည်း ထိုနေ့မှ စ၍ အမူးသမား မဟုတ်တော့ ၊ မူးနေသူ တို့ကို ထိန်းသိမ်း ပြုစုရသော အစောင့်သမား သက်သက် ဖြစ်လာရသည် ။ 


သောက်ကြ စားကြရင်း ကျယ်လောင် ကျယ်လောင်နှင့် စကားပြော ဆူညံနေကြသူများ ကို ကြည့်ရင်း “ ကိုယ်တိုင် ကတော့ အပေါင်းအဖော်တွေ နဲ့ စားလိုက်သောက်လိုက် ၊ ကျွန်မတို့မတော့ လူမမည် သားအမိတစ်တွေ စုပြီး အငတ်ငတ် အပြတ်ပြတ် အိမ် မှာ ငိုဟယ် ဆူဟယ်နဲ့ ငရဲပြည် ရောက်သလို ဖြစ်နေကြရတယ် မဟုတ်လား ” ဟူသော သမီး ဖြစ်သူ၏ နာကြည်းမုန်းတီးစွာ ပြောဆို လိုက်သော စကားသံ ကို ကိုမောင်ရှင် ၏ နားထဲ၌ ကြားယောင် လာ၏ ။


ထို့ကြောင့်လည်း ကိုမောင်ရှင် သည် အရက်သေစာ ကို လုံးဝ ယတိပြတ် ဖြတ်လိုက်ရုံ မက ကိုတင်အောင်ကြီး ထောက်ပံ့သော ငွေရင်းကြေးရင်း အကူအညီ နှင့် အလုပ် တစ်ခု ကို ဖြစ်မြောက်အောင် လုပ်သည် ။


ထိုအလုပ်ကား မိမိ ကဲ့သို့ တပ်တွင်းမှ ထွက်လာကြသော ရဲဘော်ဟောင်းတွေ ကို စုရုံးလျက် လက်သမားဆရာ နှစ်ယောက်ခန့် ငှားပြီးလျှင် ရွေပေါ်ထိုး ၊ လွှတိုက် ၊ ဆောက်ရိုက်များ ကို သင်လုပ် လုပ်ကြရင်း စားပွဲ ၊ ကုလားထိုင် ၊ ဗီရို စသော အိမ်ထောင်ပရိဘောဂများကို ပြုလုပ်လျက် ဆိုင်ကြီး သို့ တင်သွင်းသော အလုပ် ဖြစ်၏ ။ ကိုတင်အောင် ၏ ကူညီမှုကြောင့် သစ်ဆိုင်တို့မှ သစ်သားများ အကြွေး ရသဖြင့်လည်း အလုပ် အတွက် ပို၍ အဆင်ပြေရသည် ။


ကိုမောင်ရှင် သည် ထို အလုပ်ကို မိမိ ကိုယ်တိုင် လည်း တတ်မြောက်အောင် ကြိုးစားသည် ။ အခြားသူများ ကိုလည်း ကြိုးစားစေသည် ။ သို့သော် ကိုမောင်ရှင် အဖို့ ယတိပြတ် အရက်ကို ဖြတ်ချလိုက်သော ဒဏ်ကြောင့် ခြေလက် တုန်တုန်ယင်ယင် ဖြစ်လျက် ရွေပေါ် ကိုမျှ ငြိမ်အောင် မထိုးနိုင်ဘဲ ဖြစ်လာရသည် ။ သို့သော် စိတ်တင်းလျက် ဣန္ဒြေ မပျက် ပြုလုပ်မြဲ ပြုလုပ်၏ ။


ကိုမောင်ရှင် ၏ အလုပ်ရုံ ရှိရာသို့ ကိုတင်အောင် ရောက်ရှိလာသော အခါ၌ ကိုမောင်ရှင့် ကို မြင်ရသည်မှာ အားမရစရာ ကောင်းလောက်အောင် ကျန်းမာရေး အခြေအနေ ချို့တဲ့နေသည်ကို တွေ့ရသည် ။


ကိုတင်အောင် သည် ကိုမောင်ရှင် ကို ဆေးရုံသို့ တက်၍ အနားယူရန် ပြော၏ ၊ မရ ။ အိမ်ပြန်၍ ခေတ္တနားနေရန် ပြော၏ ၊ မရ ။ နောက်ဆုံးတွင် ဆရာဝန် ကို ခေါ်လာလျက် အတင်း အစမ်းသပ် ခိုင်းရ၏ ။


ဆရာဝန် ၏ အဆိုအရ ကိုမောင်ရှင် သည် အရက် အသောက် များ သောကြောင့် နှလုံးသွေး လှုပ်ရှားမှု မြန်လွန်းသဖြင့် နှလုံး ပျက်နေသည် ။ ယခုကဲ့သို့ အရက် ဖြတ်လိုက်ခြင်း အတွက် ပို၍ ကောင်း၏ ။ သို့သော် နှလုံးမှ သွေးညှစ်ထုတ်မှုကို တဖြည်းဖြည်း ကျင့်၍ နဂိုအတိုင်း ရှိလာမှ ပို၍ သင့်တော်မည် ။ ထို့ကြောင့် အရက် ကို ယခု ကဲ့သို့ မဖြတ်လိုက်ဘဲ ဆေးစားရင်း တစ်နေ့ ထက် တစ်နေ့ လျှော့သောက်ပြီး မှ လုံးဝ ဖြတ်လိုက်ခြင်းက ကောင်းမည် ။ ထိုသို့ မဟုတ်ပါက နှလုံးအိမ် ကို အပြင်းအထန် ထိခိုက်လိမ့်မည် ဖြစ်သောကြောင့် နောက်တစ်ကြိမ် ထပ်သောက်မိပါက စိုးရိမ်ဖွယ် ကောင်း လောက်အောင် လူကို ထိခိုက်နိုင်သည် ဟု သိကြရသည် ။


ကိုမောင်ရှင် ကမူ တည်ငြိမ်သော အပြုံး နှင့်ပင် အရက်သောက်ရင်း တဖြည်းဖြည်း ဆေးစား ယူရမည် ကို ခေါင်းမာစွာ ငြင်းဆိုနေ၏ ။ ထို့ကြောင့် ဆရာဝန် နှင့် ကိုတင်အောင် တို့ကို သင့်တော် သည့် ဆေးများ ကို ပေးရုံမှ တစ်ပါး စနစ်ကျနသော အရက်ဖြတ်မှု ကို လက်လျှော့ လိုက်ကြရသည် ။ 


ကိုမောင်ရှင် ကောင်းစွာ ကျန်းမာလာသော အချိန်၌ အလုပ်ရုံမှ အလုပ်များ သည်လည်း အရှိန် အတော်အတန် ရလာခဲ့သည် ။ အိမ်ထောင်ပရိဘောဂဆိုင်ကြီး နှစ်ဆိုင် မှ ပင်လျှင် ကိုမောင်ရှင် ၏ အလုပ်ရုံသို့ ကုလားထိုင် အကြမ်းများ ကို ပုံစံ ပေး၍ မှာနေကြပြီ ဖြစ်လေသည် ။


ဤလို လူ လည်း ကျန်းမာ ၊ လုပ်ငန်းပါ အောင်မြင်လာပြန်ပြီးသည့် အချိန်တွင် ကိုမောင်ရှင် ၏ စိတ်ထဲ၌ အိမ်ပြန်လိုစိတ် ပေါ်လာ၏ ။ သို့သော် မိမိ အား ဆုံးမလွှတ်လိုက်သော သမီး ဖြစ်သူ ၏ မျက်နှာ ကို မကြည့်ဝံ့အောင် ဖြစ်နေရသည် ။ ပို၍ ဆိုးသည်ကား အမှန်တရားတွေ ကို နာကြည်းစွာ ပြောဆို လွှတ်လိုက်သည့် သမီး အား မိမိသည် အနိုင်ကျင့်လျက် ရိုက်နှက်ခဲ့လေသေးသည် ။


ဟုတ်သည် ဖြစ်စေ မဟုတ်သည် ဖြစ်စေ ၊ ထိုသို့ ရိုက်နှက် ထွက်ခွာလာခဲ့ပြီး မှ အိမ်သို့ ပြန် သွားရမည် ကိုလည်း ကိုမောင်ရှင့် အနေနှင့် ရှက်လှသည် ။ မိမိ ဤသို့ ပြန်ခဲ့လျှင် မိမိ ၏ သမီးသည် မိမိ ၏ မျက်နှာ ကို မည်ကဲ့သို့သော မျက်လုံးမျိုး နှင့် ကြည့်ရှုလိမ့်မည်နည်း ။


မိမိ သွေးပါ၍ ခေါင်းမာလှသော ဤ သမီး သည် မိမိ ၏ မျက်နှာ ကို အလွန် ရှုတ်ချစွာ ပြက်ရယ်ပြုသော မျက်နှာမျိုးဖြင့် ကြည့်လိမ့်လေမည်လား ။


မိမိ ဒေါသတကြီး ဖြစ်နေစဉ် ၌ပင်လျှင် အလွန်တည်ငြိမ်သော မျက်လုံး ၊ သရော်ပြုံး ပြုံးသော နှုတ်ခမ်း ၊ အမှန်တရား တို့နှင့် ပြင်းထန်စွာ ပစ်ပေါက်လိုက်သော စကားတို့ဖြင့် မိမိ ကို တိုက်ခိုက် သေးသည် မဟုတ်လော ။


ကိုမောင်ရှင် ၏ နှလုံးသားတွင် ဖြေမရ နိုင်လောက်အောင် အရှက်ကြောက်ကြီး ရှက်ကြောက် နေ၏ ။ မျက်နှာချင်း မဆိုင်ဝံ့ လောက်အောင် ကြောက်လန့် နေ၏ ။ ထို့ကြောင့်လည်း ထွက်လာသည့် နေ့က စ၍ မပြန်ဝံ့ဘဲ လုံလောက်သည် ထက် ပိုအောင် အိမ်သို့ ငွေမှန်မှန် ပို့ပေး၏ ။ ထို့ပြင် ယခု လက်ရှိ လုပ်နေရသော အလုပ် ကိုလည်း ထို့အတွက်ပင် အောင်မြင်သည် အထိ ဇွဲနှင့် လုပ်ကိုင် နေခြင်းဖြစ်၏ ။


အိမ်သို့ ငွေများ ပေးပို့တိုင်း လည်း ဒီမိန်းကလေး ဟာ ဒီလို ပို့ပေးတာတောင် ငါ့ကို ခွင့်လွှတ် ပါ့မလား ၊ ငါ ပို့လိုက်တဲ့ ငွေကြေး နဲ့ သူ အစားအစာ မှ စားပါ့မလား ၊ သူ ငါ့ အပေါ်ကို ဘယ်လိုများ ထင်မြင်ချက် ချလေမလဲဟု အမြဲလိုလို စိတ်ပင်ပန်းစွာ တွေးတော၏ ။


ဤသို့ တွေးတောရင်း အိမ်သတင်း ကို မရှက်မကြောက် မေးမြန်း သိရှိနိုင်ရန် အတွက် သားအကြီး ဖြစ်သူကို အလုပ်သင်ရန် ဟု အကြောင်းပြ၍ မှာယူ လိုက်သည် ။


ဖခင် ရှိရာသို့ လိုက်ချင်နေသော သားကြီး သည် ဝမ်းမြောက်ဝမ်းသာစွာ နှင့် ရောက်လာ၏ ။ အိမ်တွင် မိခင် နှင့်တကွ ညီမကလေးများ အားလုံး ဝဝဖြိုးဖြိုး ရှိနေကြကြောင်း ၊ မိခင် နှင့်တကွ တစ်အိမ်သားလုံး က ဖခင် ဖြစ်သူကို မျှော်နေကြကြောင်း ၊ အလုပ် လုပ်နေသည် ဆို၍သာ ပြန်လာရန် မမှာဘဲ နေကြရကြောင်းကို ပြော၏ ။ သို့သော် ဖခင် ဖြစ်သူ သိချင်နေသာ သမီးအကြီးဆုံး ၏ အကြောင်းကိုမူကား တော်တော်နှင့် မေး၍ မရ ။


အတန်တန် မေးသော အခါမှ မိမိ ၏ သမီးအကြီးဆုံး သည် မိမိ က ရိုက်နှက် သွားခြင်းကြောင့် အချိန် အတော်ကြာအောင် သတိ မရဘဲ ရှိနေသည် ။


သတိရလာသော အခါ၌လည်း ပါးစပ် မှ စီးကျလာသော သွေးများ ကို လက်ခုံနှင့် သုတ်ရင်း မိခင် ၏ မျက်နှာ ကို ဘာမျှ မဖြစ်သကဲ့သို့ ပြုံး ကြည့်သည် ။ ထို့နောက် “ ကိစ္စ မရှိပါဘူး အမေ ၊ ကျွန်မ ဘာမှ မဖြစ်ပါဘူး ” ဟု ပြောသည် ။


ထိုညက မိန်းကလေး သည် ဘာမျှ မစားဘဲ ဇွတ်ပေ နေ၏ ။ တစ်အိမ်သားလုံး စိတ်မကောင်း စွာဖြင့် အိပ်ပျော်ကြသောအခါ ကြိုးဆွဲချသေရန် ကြံစည်သည် ။


မိခင် က အချိန်မီ တွေ့သွားသောကြောင့် သားအမိနှစ်ယောက် ငိုကြသည် ။ ထို့နောက် တစ်အိမ်သားလုံး ငိုကြရသည် ။ မည်သူမျှ မအိပ်ဝံ့ကြတော့ ၊ ၎င်းကို စောင့်ကြည့်နေကြရသည် ။ 


နံနက်တွင် ၎င်းဘာသာ၎င်း အကြော် ရောင်းစားမည် ဟု ပြောလျက် မိခင် ဆီမှ ငွေချေးပါ ဟု ဆိုသောကြောင့် ငွေနှစ်ကျပ် ဖျက်ပေး လိုက်သည် ။ အိမ်မှ ထွက်သွား၍ ၂ နာရီခန့် အကြာ၌ အကြော်ဗန်းကြီး နှင့် လမ်းဘေးတွင် သတိလစ် နေသည် ဟု ကြားရသောကြောင့် မိခင် နှင့် အိမ်သားများ က လိုက်သွားကြရသည် ။ ထို ကတည်းက အိပ်ရာထဲမှ မထနိုင်ဘဲ လဲခဲ့ရာ ယခု အချိန်အထိ ဖြစ်သည် ။


သားဖြစ်သူ ထံမှ ဤ အကြောင်းတွေ ကို သိရှိရသော ကိုမောင်ရှင် ၏ စိတ် ထဲ၌ ထူးထူးခြားခြား ထိခိုက်လာ၏ ။ အဆင်းရဲ ခံနိုင်သည်နှင့် အမျှ မည်သူ့ကိုမျှ အောက်ကျမခံ ဝန်မခံဘဲ ခံပြင်းလှသော စိတ်ဓာတ်မျိုးဖြင့် ငယ်စဉ် ကတည်းက ကြီးမားလာခဲ့သော မိမိ ၏ မာနကို ယခု အကြိမ်တွင် သမီး ဖြစ်သူ၏ အိပ်ရာဘေး၌ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုး သကဲ့သို့ ရိုးရိုးသားသား ဝန်ခံ တောင်းပန်တော့မည်ဟု တွေးတော၏ ။ ဤအတွေး နှင့် အတူ ကိုမောင်ရှင် ၏ ရင်ထဲ၌ ဆို့နစ် လာရသည် ။ အတန်ကြာသည့် တိုင်အောင် တံတွေး တနင်နင်နှင့် နှလုံးနာကျင်သော ဝေဒနာ တစ်မျိုး ကို အသက်ရှူ ကျပ်နေ သကဲ့သို့ တိတ်တိတ်ဆိတ်ဆိတ် ခံစားနေရသည် ။ 


“ အခု အစာကော ဝင်ပလား ”


“ ဟုတ်ကဲ့ ၊ ဆန်ပြုတ် နည်းနည်း သောက်လာပါပြီ ”


ကိုမောင်ရှင် သည် ပင့်သက်နှင့် အတူ ဘာပဲဖြစ်ဖြစ် ယနေ့ ညနေ အိမ် ပြန်ဖြစ်အောင် ပြန် မည် ဟု ဆုံးဖြတ်လိုက်၏ ။ သားအဖ နှစ်ယောက် အိမ်ကလေး သို့ ပြန် ရောက်ကြသော အခါ တစ်အိမ်သားလုံး ဝမ်းသာ နေကြသည် ။ ကလေးငယ်တို့သည် “ ဒို့ ဖေဖေဂျီး ကျန်လာဘာဂျီ ၊ ဒို့ ဖေဖေဂျီး ကျန်လာဘာဂျီ ” ဟူသော စကားကို ဝမ်းသာအားရ တေးလုပ် ဆိုနေကြ၏ ။ 


ကမ္မဋ္ဌာန်းရုပ် ကဲ့သို့ ပါးလှပ်လှပ်မျှ ရှိတော့သော မယားသည် မစော သည် အတော်ကလေး ပြည့်ပြည့်ဖြိုးဖြိုးနှင့် ရွှမ်းရွှမ်းစိုစို ဖြစ်လာသည် ကို တွေ့ရသည် ။


မစော သည် အိမ် ထဲသို့ ဝင်လာသော လင်သည် ဖြစ်သူအား ချစ်ခင်တမ်းတသော မျက်လုံးကြီး ဖြင့် ငြိမ်ငြိမ်သက်သက် ကြည့်၏ ။ သို့သော် မစော ၏ မျက်နှာ ကိုယ်ဟန် တို့တွင် ချစ်လင်ကို တွေ့ ရသောကြောင့် ရင်ထဲ၌ လှုပ်ရှား နေကြောင်း ပေါ်လွင် နေသည် ။


ဇနီးမောင်နှံတို့သည် တစ်ယောက် နှင့် တစ်ယောက် ထူးထူးထွေထွေ မေးမြန်းပြောခြင်း မပြုဘဲ မျက်နှာချင်း ဆိုင်လိုက်ကြ၏ ။ နို့ဝ သဖြင့် နေ့ချင်းညချင်း ကြီးထွားလာပြီဖြစ်သော ရင်ခွင် ထက်မှ အငယ်ဆုံး အကောင်ကို မစော သည် ဖခင် ဖြစ်သူ အား လှမ်းပေး လိုက်သည် ။ 


“ ဒီကောင်တောင် ... တော်တော် ကြီးလာပါပကော ”


ကိုမောင်ရှင် က ကလေး ကို ပွေ့ယူရင်း ကလေး ၏ မျက်နှာ ကိုယ်လက် တို့ကို ဂရုတစိုက် ငုံ့ကြည့်သည် ။ မစော ကလည်း ဝူးဝါး ဝူးဝါးနှင့် ဖခင် လက်ထဲတွင် ပျော်မြူး နေသည့် ဖအေတူ ကလေး နှင့် ဖခင် ၏ မျက်နှာကို မသိမသာ နှိုင်းယှဉ်လျက် ချမ်းမြေ့စွာ ငေးကြည့်သည် ။


ကိုမောင်ရှင် ၏ စိတ်ထဲ ကမူ “ ဒီကောင် ဘာမှ မသိသေးလို့ မငိုမပြုနဲ့ ငါ့ လက်ထဲမှာ ပျော်နေ တာပဲ ။ သူ့ အစ်မ အကြီးဆုံးလိုများ သူ သိရင် ငိုမလားပဲ ” ဟု တွေးရင်း အဓိပ္ပာယ်ရှိသော မျက်လုံး နှင့် မယားသည် ၏ မျက်နှာ ကို ကြည့်လျက် ကလေး ကို ပြန်ပေးသည် ။ 


“ အကြီးမကော ”


“ အိပ်ရာထဲမှာ နေမကောင်း လို့ ၊ အခု နည်းနည်း လန်းလာပါပြီ ”


မစော ၏ အသံသည် အနည်းငယ် တုန်လှုပ် နေဟန် ရှိသော်လည်း သားအဖ နှစ်ယောက်ကို တွေ့ဆုံစေလိုသော ဆန္ဒ ရှိနေကြောင်း ထင်ရှား၏ ။ ကိုမောင်ရှင် ကလည်း မစော ၏ ဆန္ဒအတိုင်း အိပ်ခန်းထဲသို့ ဝင်သွား ခဲ့သည် ။ မစော သည် သားအဖ နှစ်ယောက် မည်သို့ ရှိနေကြမည်ကို အဝေးမှ တစေ့တစောင်း အကဲခတ်ရင်း မသိမသာ နားစွင့်နေသည် ။


ကိုမောင်ရှင် သည် အိပ်ရာထက် တွင် ပက်လက် အိပ်ရင်း မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်နေသာ သမီးဖြစ်သူ၏ ဘေးသို့ ဖြည်းညင်းစွာ ဝင် ထိုင်သည် ။ သမီး ဖြစ်သူသည် ဖခင် ၏ မျက်နှာ ကို လှည့် မကြည့်ဘဲ အိမ်ခေါင်မိုး ကို သာ ငြိမ်သက်၍ကြည့်ရင်း တစ်ချက်တစ်ချက် ပင့်သက် ရှိုက်နေသည် ။ ဤအတိုင်း သားအဖ နှစ်ယောက် အတန်ကြာအောင် တိတ်ဆိတ် နေကြသည် ။ ကိုမောင်ရှင် ကိုယ်တိုင် လည်း သမီး ဖြစ်သူ ကဲ့သို့ပင် တစ်ချက် တစ်ချက်၌ ပင့်သက်ကြီး ရှိုက်လျက် ရှိသည် ။


“ သမီး အဖေ့ ကို သိပ်စိတ်နာနေသလား ”


သမီးကြီး သည် အိပ်ရာ ထက်တွင် ငြိမ်မြဲ ငြိမ်နေ၏ ။ သမီး ၏ မျက်လုံး အစုံသည် ဖခင် ရှိရာသို့ မကြည့်ဘဲ အိမ်ခေါင် ဆီသို့ စိုက်မြဲ စိုက်နေ၏ ။ မျက်တောင်ခတ်ခြင်း ကိုမျှ မပြုတော့ ။ 


“ သမီး ပြောတာ သိပ် မှန်တယ် ။ အဖေ ကတော့ အပြင်မှာ အဖော်အပေါင်းတွေနဲ့ သောက်လို့ စားလို့ ၊ သမီးတို့ ကတော့ တို့အဖေ ဘယ်တော့ ပြန်လာပါ့မလဲ ပြန်လာပါ့မလဲနဲ့ အူဟောင်းလောင်း နဲ့ စောင့်လို့ ၊ ဒီအထဲမှ ကလေးတွေ က ဆာဆာလောင်လောင်မို့ အော်ကြ ငိုကြနဲ့ ၊ သမီးတို့ က အိမ်မှာ ငရဲပြည် ရောက် နေသလို ခံစား နေကြရလိမ့်မယ် ဆိုတာ အဖေ ယုံတယ် ။ တကယ်တော့ အဖေ ဟာ သမီးတို့ အတွက် သွားပြီး ရှာရင်းဖွေရင်းနဲ့ ရှာလို့ မရတော့ သတ္တိကြောင်ပြီး အိမ် မပြန်ဝံ့ဘဲ စိတ် မချမ်းမြေ့တိုင်း အဖော်တွေ တိုက်တာသောက်ပြီး မူးနေမိတာပဲ ။ အဲဒီတော့ သမီးတို့ အဖို့ ပိုဆိုး သွားတယ် ဆိုတာ အဖေ ဝန်ခံတယ် ။ တကယ်တော့ အဖေ ဟာ ဘာမှ ဒီလို လုပ်နေဖို့ မထိုက်ဘူး ။ ငတ်လဲ သမီး တို့နဲ့ အတူ ၊ စားရလဲ သမီး တို့နဲ့ အတူ နေရမယ် မဟုတ်လား ။ အခုတော့ အဖေ က တော်ရာမှာ စားသောက် နေရလို့ သမီးတို့ ဘယ်လို ခံစားနေကြရမယ်ဆိုတာ ကိုယ်တိုင် ခံစား ရသလောက် မသိဘူး ။ ဒီလိုနဲ့ အဖေ ဟာ တစ်ကိုယ်ကောင်း ဆန် လာပြီး သမီးတို့ အိမ်ထောင်စု အတွက် ပိုပြီး တာဝန်မဲ့လာတယ် ။ ဒါတွေ ဒါတွေကို သမီး သင်ပေးလိုက်လို့ အဖေ နောင်တရပြီလေ ။ ဒါ့ကြောင့်လဲ အခု ဖေဖေ သမီးတို့ မိသားစု အတွက် တကယ် ကြိုးစား ... ”


ငြိမ်သက်နေသာ သမီး ဆီမှ ရှိုက်သံ ပေါ်လာသည် ။ ထို့နောက် ဖခင် ၏ လက်ကို ဆွဲယူ လျက် ပါးနှင့်ကပ်လိုက်၏ ။ သမီး ၏ ပါး ပေါ်မှ ပူနွေးသော မျက်ရည်တို့သည် ဖခင်၏ လက်ချောင်း ကလေးများ ကို စွတ်စိုသွားစေသည် ။


ထိုပူနွေးသော မျက်ရည်တို့သည် ဖခင် ဖြစ်သူ၏ လက်ချောင်းကလေးများ ကိုသာ စွတ်စို စေရုံ မကဘဲ ဖခင် ဖြစ်သူ၏ နှလုံးသား ကိုလည်း သီတာရေတွင် နှစ်လိုက်ဘိသကဲ့သို့ စွတ်စို အေးမြသွားစေသည် ။


ထိုသည့် နောက်တွင် သားအဖ တစ်ပြုံလုံး အလုပ်ရုံ ရှိရာသို့ ပြောင်းရွှေ့ကြသည် ။ အခြား သူများ ကို ငှားရမ်းရသည့် အစား သမီးတွေ က ကော်ပတ်စား၏ ။ သားအကြီး က လွှတိုက်၏ ။ ရွေပေါ်ထိုး၏ ။ မစော က တစ်ကိုယ်ရေတစ်ကာယ အလုပ်သမားတွေ အတွက် လခ နှင့် ထမင်း ချက်ကျွေး၏ ။ ကိုမောင်ရှင်ကြီးတို့ မိသားစု၏ ဘဝခရီးသည် လေစုန် ရေစုန်နှင့် မိရပြန်ချေပြီ တကား ။


ကိုမောင်ရှင် သည် မိမိဘဝ ၏ ရပ်တည်နိုင်မှု လမ်းကြောင်း အတွက် အစ ဖော်၍ အရင်း ထူထောင် ပေးထားသော ကိုတင်အောင်ကြီး အား ကျေးဇူးတင်၍ မဆုံးနိုင်အောင် ရှိနေ၏ ။ ထို့ကြောင့်လည်း အလုပ်ပါးသည့် နေ့တိုင်းလိုလို ကိုတင်အောင်ကြီး ရှိရာသို့ သွားလေ့ရှိ၏ ။ ကိုတင်အောင်တို့ လူသိုက် နှင့် တွေ့လျှင် ကိုတင်အောင် တို့ သောက်သော စားသော ဝိုင်း ၏ ဘေးမှ ထိုင်လျက် ကိုတင်အောင် တို့ကို တစ်ယောက်စီ အိမ်တိုင်ရာရောက် လိုက်ပို့ပြီး မှ ပြန်လေ့ရှိ၏ ။


သို့သော် ကိုတင်အောင် တို့က မည်သို့ပင် အတင်းအဓမ္မ တိုက်စေကာမူ ကိုမောင်ရှင် က မသောက် ။ ကြာတော့လည်း ကိုတင်အောင် တို့ လူစုက ကိုမောင်ရှင် ကို မတိုက်ကြ ။


ကိုတင်အောင် တို့ လူစုသည် စကားစပ်မိတိုင်း ကိုမောင်ရှင် ၏ ကောင်းသတင်း ကို ပြောဆို နေမိကြ၏ ။ ကိုမောင်ရှင် သည် ၎င်း ကိုယ်တိုင် မသောက်တော့ပါဘဲနှင့် မိမိတို့၏ သောက်ဝိုင်းတွင် တွယ်တာစွာ လာရောက်လျက် လူတိုင်း သည်းခံနိုင်ခဲသော သည်းခံခြင်းမျိုးဖြင့် အိမ်သို့တိုင် အိပ်ရာသို့ အရောက် တစ်ယောက်စီ လိုက်ပို့လေ့ ရှိခြင်းများကို ကျေးဇူးတင်၍ မဆုံး ရှိနေကြ၏ ။


ထို့ကြောင့်လည်း အလုပ် ပို၍ တိုးချဲ့ ရန်အတွက် နောက်ထပ် ငွေကြေးများ လိုလျှင် ထောက်ပံ့ပါရစေ ၊ အလုပ်အကိုင် တိုးချဲ့ပါဦး ဟု အမူး ပြေသော အခါတိုင်း ကိုတင်အောင် က တိုက်တွန်းလေ့ရှိ၏ ။


သို့ရာတွင် ကိုမောင်ရှင် ၏ အဖို့ လုံလောက်မျှတ နေလေပြီ ။ မိသားဖသားစု တို့သည် အလုပ် ကိုယ်စီ နှင့် မိမိတို့၏ လုပ်ငန်း ကို တွင်ကျယ်နိုင်နင်းစွာ လုပ်ကိုင် နေနိုင်ကြပေလေပြီ ။ ကိုမောင်ရှင်  ၏သား လူရိုးသဘောကောင်းကြီး ပင်လျှင် ခေါင်းဆောင် လက်သမားဆရာ တစ်ဦး နှင့် ထပ်တူ ထပ်မျှ လုပ်ကိုင်နိုင်လေပြီ ။


အလုပ်ရှားပါးသော ခေတ်ကြီးတွင် ‘ မက်ထရစ်

’  အောင်ပြီးသူ တစ်ယောက်အတွက် အောက်တန်းစာရေး အလုပ် တစ်ခု ရနိုင်ပါမည့် အကြောင်း အလွန် အဆင်ပြေမှ ဖြစ်နိုင်သော်လည်း ကိုမောင်ရှင် ၏ သား လူရိုး သဘောကောင်းကြီးအတွက်မူ တစ်လလျှင် ၆ဝဝ ကျော်မျှ ရသော ရုံးအုပ်၏ လခနှင့် ထပ်တူထပ်မျှ လောက် ရနေလေသည် ။


ထို့ကြောင့်လည်း တစ်အိမ်သားလုံး ပျော်တပြုံးပြုံးဖြင့် ရှိနေကြလေရာ လာဘ် မြင်သော ကိုမောင်ရှင် သည် နိုင်ငံခြား စာအုပ်တွေကို ဖတ်နိုင်ပါက ပို၍ ခေတ်မီ ပုံပန်းကျနသော စားပွဲ ကုလားထိုင် လုပ်နည်းများကို ရနိုင်သည် ဟု သားသမီး တစ်စုလုံး အား အင်္ဂလိပ် မြန်မာ အလွတ် သင် ကျောင်းဆရာ တစ်ယောက် ကို ငှားရမ်း၍ ညတိုင်း စာသင်ပေးစေ၏ ။


ထိုကဲ့သို့ အားလပ်သည့် အချိန်၌ ကိုမောင်ရှင်  ကိုယ်တိုင် ကမူ ချစ်ခင် ရင်းနှီးသော ကျေးဇူးရှင်ကြီး ကိုတင်အောင် ၏ ထံသို့ ရောက်နေလေ့ ရှိတတ်သည် ။


ဘက်လိုက်သော နိုင်ငံရေးသမားတို့ ၏ ခဏခဏ အစိုးရ အပြောင်းအလဲ ဖြစ်သော ခေတ် တွင် တစ်ခုသော ညနေ၌ ကိုမောင်ရှင် သည် ကိုတင်အောင်ကြီး အား တွေ့ နေကျ အရက်ဆိုင် အတွင်း၌ တစ်ယောက်ထီးတည်း တွေ့ ရ၏ ။


ကိုတင်အောင် သည် ရီဝေသော မျက်လုံးဖြင့် ကြည့်လျက် အနားသို့ ရောက်လာသည့် ကိုမောင်ရှင် ၏ လက်မောင်း အား အားရပါးရ ဖျစ်ညှစ် ဆုပ်ကိုင်လိုက်သည် ။


“ ကျွန်တော့် ရင်ထဲမှာ တကယ့်ကို ချမ်းမြေ့ သွားတာပါပဲဗျာ ၊ ခင်ဗျား ကတော့ ကျွန်တော့်ကို ဘယ်တော့ မဆို အရင်က အတိုင်းကို ချစ်နေမယ့် လူပါပဲ ”


အတော်ကလေး မူးနေဟန် ရှိသော ကိုတင်အောင် က ငိုတော့မည် ကဲ့သို့ လှိုက်လှိုက်လှဲလှဲ ပြောချ လိုက်သည် ။


ထို့နောက် နိုင်ငံရေးသမားများ၏ အစိုးရ အပြောင်းအလဲ တွင် မိမိ အား ပြုတ်ကျ သွားသော အစိုးရ ၏ လူရင်းလူယုံ ဖြစ်သောကြောင့် နောက်လာသည့် နိုင်ငံရေးသမား အစိုးရ က သွင်းကုန် ထုတ်ကုန် လိုင်စင် ကို ပယ်ဖျက် ပစ်လိုက်ပုံ ၊ ထို့ပြင် အမြတ်တော်ကြေး မပေးမှု နှင့် တရားစွဲပုံ ၊ တောင်ငူ တွင် အရင်း စိုက်ထုတ် ထားသော သစ်လုပ်ငန်း ကို ဥပဒေ နှင့် မညီညွတ် ဟု ဆိုလျက် အစိုးရက ရပ်ဆိုင်းထားပုံ ၊ ဤသို့ အခြေဆိုး နှင့် တွေ့ကြုံ ရင်ဆိုင်နေရသည့် ၃ - ၄ ရက် အတွင်း၌ပင် အပေါင်း အသင်းများ က စွန့်ခွာသွားကြပုံတို့ကို အလွန် စိတ် ထိခိုက်လောက်အောင် မူးမူးနှင့် ဖွင့်အန်ချသည် ။ 


ကိုတင်အောင် ၏ အခြေအနေ သည် ပြော၍ ယုံနိုင်စရာ မရှိလောက်အောင် အပြောင်းအလဲ မြန်ဆန်လွန်းလှသည်ကို တွေ့ နေရသည် ။


‘ မင်းခယောက်ျား ကမ်းနားသစ်ပင် ’ ဟူသော စကားသည် မှန်သင့် သလောက် မှန်လိမ့်မည် ဖြစ်သော်လည်း ကိုမောင်ရှင် ၏ မျက်မှောက်ခေတ် ၌မူ ‘ ပါတီသူဌေး ကမ်းဘေး သစ်ပင် ’ ဟူသော စကားအတိုင်း စိတ်မချရ လောက်အောင် အပြောင်းအလဲ မြန်ဆန်လွန်းလှသည်ကို တွေ့နေရသည် ။


ကိုတင်အောင် သည် ကိုမောင်ရှင် ၏ ရှေ့၌ ပင်လျှင် သွင်းကုန်ထုတ်ကုန် လိုင်စင် ရရှိရာမှ မော်တော်ကား အရောင်းအဝယ် လုပ်ခြင်း ၊ အခြားသော ကန်ထရိုက် အလုပ်များ လုပ်ခြင်း စသဖြင့် မျက်စိ ရှေ့တွင် ကြီးပွားလာသူ တစ်ယောက် ဖြစ်လျက် ယခု ပျက်စီးချင် တော့လည်း အစိုးရ အပြောင်းအလဲ ပြီးသည် နှင့် တစ်ပြိုင်နက် မျက်စိ ရှေ့တွင် မယုံနိုင် လောက်အောင် ပျက်စီး သွားရ သည် ။ လုပ်ငန်း အရပ်ရပ်တို့ ကို ရက်ပိုင်း အတွင်း ရပ်ဆိုင်းပစ်လိုက်ခြင်း ၊ ချိပ်ပိတ်ပစ်လိုက်ခြင်းမျိုး ကို ခံလိုက်ရသူ ဖြစ်သည် ။ ကိုမောင်ရှင် သည် အလွန် စိတ်မချမ်းမြေ့စွာနှင့် ကိုတင်အောင် ကို ကြည့် လိုက်သည် ။


“ အားမငယ်ပါနဲ့ဗျာ ၊ ဘဝဟာ ဒီလိုပဲပေါ့ ။ အဆင်း လဲ ရှိတာပဲ ၊ အတက် လဲ ရှိတာပဲ ။ သူတည်း တစ်ယောက် ၊ ကောင်းဖို့ရောက်မူ ၊ သူတစ်ယောက်မှာ ၊ ပျက်လင့်ကသာ ၊ ဓမ္မတာတည်း ” ဆိုတဲ့ အတိုင်းပေါ့ဗျာ ။ ခင်ဗျားတို့ အဖွဲ့ က လူတွေ တက်နေတုန်းကလဲ တခြား အဖွဲ့ က လူတွေ ပြုတ်နေရတယ် မဟုတ်လား ။ အခု တခြားတစ်ဖွဲ့က လူတွေ တက်လာတော့ ခင်ဗျားတို့ အဖွဲ့က လူတွေ ပြုတ်ကုန်ကြရဦးမှာပဲပေါ့ ။ ဒါ့ကြောင့်တော့ စိတ်အားမငယ်ပါနဲ့ ၊ ကဲ - ကျွန်တော် ဘာအကူအညီ ပေးရမလဲ ”


ကိုမောင်ရှင် သည် မချိမဆံ့ မူးနေဟန် ရှိသော ကိုတင်အောင် ကို စိတ်သက်သာရာရစေ အောင် တကယ့် ရင်တွင်းမှ စေတနာဖြင့် အားပေး ပြောဆိုသမျှ ပြု၏ ။ ထို့ကြောင့်လည်း ‘ မူး ’ နေသော ကိုတင်အောင် က ကိုမောင်ရှင် ကို ဖက်၍ ငိုလေသည် ။


ကိုတင်အောင် ၏ ပြောစကားတွင် “ လောကကြီး မှာ ခင်ဗျား မှ တစ်ပါး ကျွန်တော့် အတွက် အပေါင်းအသင်း မိတ်ဆွေ မကျန်တော့ဘူး ၊ မရှိတော့ဘူး ။ ကျွန်တော့် ကို စွန့်ပစ် သွားကြကုန်ပြီလေ ” ဟူသော အကြောင်းတွေ ထပ်တလဲလဲ ပါနေ၏ ။ “ အပေါင်းအသင်း ကို ဖယ်ထားပါဦးဗျာ ၊ အခု မိန်းမ က တောင် ပိုက်ဆံမပေးတော့ဘူး ။ ကျွန်တော့် ကို မကြည်ဖြူတော့ဘူး ။ ဒါ့ကြောင့် ဒီ ဆိုင်မှာ အကြွေး လာသောက်တယ် ။ ဒီ ဆိုင်ကမှ အကြွေး မရောင်းဘူး ဆိုရင် ဖြစ်ချင်တာ ဖြစ် ကျွန်တော် ဒီတစ်ဆိုင်လုံး ကို ရိုက်ခွဲပစ်မယ် ။ ဟေ့ကောင် မင်း ငါ့ကို အကြွေး ပေးမလား ၊ မပေးဘူးလား ။ တစ်နေ့ကို မင်း ဆီမှာ ငါ ဘယ်နှစ်ရာဖိုး သောက်သတုံး ၊ ဒါနဲ့တောင် မင်း အခု အကြွေး မပေးဘူးလား ” ဟု ဆိုင်ရှင် ပေါက်ဖော်ကို လှည့်၍ ရန်ရှာ၏ ။


ဆိုင်ရှင် ပေါက်ဖော်ကြီး ကမူ ကိုတင်အောင် ၏ အပေါင်းအသင်းများ ထက်ပင် သစ္စာရှိသကဲ့ သို့ “ ဆရာကီး ကျွန်တော့် ဖောက်စယ်ပဲ ၊ ဆရာကီး စထေးပဲ ၊ အခုမပေးလဲ နောက် ပေးမှာပဲ ၊ ဆရာကီး စောက်ချင်စလောက် စောက်စွားပါ ၊ နောက်ထပ် စောက်ဦးမလား ” ဟု အလွန် ဖော်ရွေစွာ ချော့ချော့မော့မော့ ပြော၏ ။


ကိုမောင်ရှင် သည် စိတ် ထိခိုက်နေရှာသော ကိုတင်အောင် အတွက် အစွမ်းကုန် ပြုစုယုယရင်း အနီး မှ ထိုင်စောင့်နေ၏ ။ နောက်ဆုံး လူမှန်း မသိအောင် သတိလစ် သွားသော အခါမှသာ ညီငယ် သားငယ် ကို ပွေ့ပိုက် သကဲ့သို့ ပွေ့ပွေ့ ပိုက်ပိုက် နှင့် ကားပေါ်သို့ တင်လျက် အိပ်ရာပေါ် အရောက် ပို့ပေး၏ ။


ထိုနေ့က ကိုမောင်ရှင် သည် အလွန် စိတ်မကောင်း စွာဖြင့် အိမ်သို့ ပြန်လာခဲ့၏ ။ မယားသည် မစော ကိုလည်း အကျိုးအကြောင်း ပြောပြ၏ ။


“ သူ က အလကား ပေးထားပေမယ့်ကွာ အခုလို သူ ဒုက္ခ ရောက်နေတုန်း သူ့ ငွေလေး ကြေးလေးကို တို့ က ပြန်ဆပ်ရရင် ကောင်းမလား ”


“ ကိုယ့် မိတ်ရင်းဆွေရင်း ကျေးဇူးရှင် တစ်ယောက်ပဲ ၊ ကိုရှင့် သဘော အတိုင်းပေါ့ ” 


အလွန် အေးဆေး သည်းခံလျက် လင့် စကားကို ဘုရားစကား ထက် ရိုသေသော မစော က ဤသို့ ပြောလိုက်သော အခါ ကိုမောင်ရှင် ၏ အဖို့ မိမိ နားထဲတွင် ကြားကြား နေရသော မိတ်ဆွေ အပေါင်းအသင်း တို့၏ ချီးကျူးစကား ကို ကြားယောင်၍ လာသည် ။


အလွန် ဆင်းရဲပင်ပန်းစွာ အငတ်ငတ် အပြတ်ပြတ် နှင့် မညည်းမညူဘဲ ကလေး ၈ ယောက် မွေးလာသည် အထိ မပူမဆာ ပေပေတေတေ နေလာခဲ့သည်တို့ကို မျက်စိ ထဲ မြင်ယောင် လာသည် ။


ငါ၏ ဇနီးကား လိမ္မာသော ဇနီးတည်း ။ ငါ၏ ဇနီးကား ကျေးဇူးသိတတ်သော ဇနီးတည်း ။ ငါ၏ ဇနီးကား သည်းခံတတ်သော ဇနီးတည်း ။ ငါ၏ ဇနီးကား လင်ကို ရိုသေသော ဇနီးတည်း ။ ငါ၏ ဇနီးကား သားများကို မွေး၍ မညည်းမညူ စောင့်ရှောက်တတ်သော ဇနီးတည်း ။ ငါ၏ ဇနီးကား ချစ်ဖွယ်သော ဇနီးတည်း ။ 


ကိုမောင်ရှင် သည် ချမ်းမြေ့သော နှလုံးဖြင့် နှစ်သိမ့်စွာ တွေးရင်း မျက်စိရှေ့တွင် ဘာမျှ မမြင်ရ သကဲ့သို့ မျက်လုံး အကြောင်သား နှင့် ငေးငိုင်နေသည် ။


“ ကိုရှင် - ဘာတွေး နေတာလဲ ၊ ကျွန်မတို့ရဲ့ ကျေးဇူးရှင် မဟုတ်လား ။ ကျွန်မတို့ မှာလဲ ငွေပိုလေးတွေ ရှိသားပဲ ။ ကိုရှင် ပေးချင်တာ ပေးပါ ”


ကိုမောင်ရှင် သည် မစော ၏ မျက်နှာ ကို စူးစူးစိုက်စိုက် ကြည့်နေရာ မှ မစော ၏ ခေါင်းကို လက်နှစ်ဖက်နှင့် ဆွဲယူလျက် မစော ၏ နဖူးပြင် ကို တယုတယ နမ်းလိုက်သည် ။ ထို့နောက် ဘာမျှ မပြောဘဲ ချာခနဲ လှည့်ထွက်သွား၏ ။ သား ၈ ယောက် တို့၏ မိခင် ဖြစ်သော မစော သည် မပြုမူစဖူး ပြုမူသွားသော လင်သည် ၏ နောက်ကျောကို ကြည့်လျက် ရှက်အမ်းအမ်း မျက်နှာ ဖြင့် ကျန်နေရစ်ခဲ့သည် ။


နောက်နေ့ နံနက်တွင် ကိုမောင်ရှင် သည် မစော  ထုတ်ပေးသော ငွေသုံးထောင် ကို အိတ် ထဲသို့ ထည့်လျက် ကိုတင်အောင် ရှိရာသို့ ရောက်လာခဲ့သည် ။


ကိုတင်အောင် ၏ တိုက်ရှေ့ လူသွားလမ်း ပေါ်တွင် အိမ်ထောင်ပရိဘောဂများ ပြန့်ကျဲနေ သည်ကို တွေ့ ရ၏ ။ ကိုတင်အောင် ၏ ဇနီးသည် သည် ခေါင်းတွင် တဘက်ကြီး တစ်ထည်ကို ရစ်ပေါင်းလျက် ငိုထားပြီးသော မျက်နှာ မျက်လုံးတို့ဖြင့် ပြန့်ကျဲနေသော အိမ်ထောင်ပရိဘောဂ များကို ကိုယ်တိုင် ရွှေ့ပြောင်းစုပုံနေသည် ။


“ အို … ဒါက ဘယ်လို ဖြစ်ကြပြန်တာတုံး ”


ကိုမောင်ရှင် က အလွန် အံ့အားသင့်စွာနှင့် ပြောလိုက်သည် ။ ကိုတင်အောင် ၏ ဇနီးသည် သည် ချွေးသီးချွေးပေါက် စီးယိုသော မျက်နှာဖြင့် ကိုမောင်ရှင် ကို မော်ကြည့်လိုက်၏ ။ 


“ မြင်တဲ့ အတိုင်းပဲလေ ၊ အိမ်ပေါ် က နှင်ချ ခံရတယ်ရှင့် ။ ရုံးက ဝရမ်းနဲ့ ရဲနဲ့ လာနှင်တာပဲ ။ ဒါကို ရှင့် လူက အခုမှ ရှက်လို့တဲ့ ။ အဲဟို သွားနေကျ ဆိုင်ထဲမှာ ရှိနေလေရဲ့ ”


“ နို့ ဒါဖြင့် အခု ဘယ်ကို ရွှေ့ကြ ပြောင်းကြရမှာတုံး ”


“ အဲဒါတော့ မသိသေးဘူးရှင့် ။ ရှင့် လူ ဘယ်လို စီစဉ်မယ် မပြောတတ်သေးဘူး ။ ဘယ်လိုမှ မစီစဉ်ရင်လဲ ကျွန်မတော့ ဒီ လမ်းဘေး တွင်ပဲ နေမှာပဲ ။ ကျွန်မ အဖို့ မရှက်ပါဘူး ၊ သူသာ အခုမှ ရှက် နေတာလေ ။ ဒီလို အရေးအကြောင်း ပေါ်လာရင် သုံးဖို့စွဲဖို့ အစတုန်းကတော့ ဘာမှ အဆင်သင့် ကြိုတင် စီစဉ် မထားဘူး ။ အခု ပြောင်းဖို့ရွှေ့ဖို့ နေရာ ရတောင်မှ မော်တော်ကားခ အတွက် ခက်သေးတယ် ။ အဲဒါ ရှင့် လူကို ရှင် ပဲ ”


မာကျောပြတ်တောက်သော အသံ နှင့် လောကဓံ ကို ရင်ဆိုင်နေသော ကိုတင်အောင့် ဇနီး ၏ အသံသည် ရုတ်တရက် တိမ်ဝင်သွားလျက် ဖိတ်ကျလာ သကဲ့သို့ မျက်ရည်ပေါက် တစ်ခု လိမ့်ဆင်းလာသည် ။ ထို့နောက် ချက်ချင်း သုတ်ပစ်လိုက်ပြီးနောက် သေတ္တာများ ၊ ခုံများ ၊ စားပွဲများ ကို ဆက်လက် ရွှေ့ပြောင်းနေ၏ ။


ကိုမောင်ရှင် သည် စိတ်ထိခိုက်စွာ နှင့် အရက်ဆိုင် အတွင်းသို့ လိုက်လာသည် ။ ဆိုင်တစ်ခု လုံးတွင် ကိုတင်အောင် တစ်ယောက်တည်း ခေါင်းငိုက်စိုက် နှင့် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေ၏ ။ ကိုတင်အောင် ၏ ရှေ့တွင် ရေခဲ ပျော်နေပြီ ဖြစ်သော လုံးဝ မသောက်ရသေးသည့် အရက်ဖန်ခွက် တစ်ခု ရှိသည် ။ ကိုတင်အောင် သည် ကိုမောင်ရှင်  ဝင်ရောက်လာသည်ကိုပင် လုံးဝ မသိချေ ။ 


စားပွဲတွင် ကိုမောင်ရှင်  ဝင်ရောက် ထိုင်လိုက်သောအခါမှ ကိုတင်အောင် က ဖြည်းညင်းစွာ လှည့်ကြည့် လိုက်သည် ။


“ ကဲ ကျွန်တော် ဘာလုပ်ပေးရမတုံး ”


ကိုမောင်ရှင် က နိဒါန်း ပျိုးမနေဘဲ လိုရင်း ကို မေးလိုက်သည် ။ ကိုတင်အောင် သည် အခါ တိုင်းကဲ့သို့ သွက်လက် ဖျတ်လတ်မှု မရှိဘဲ အကြံတုံး ဉာဏ်တုံးနှင့် ငိုင်တိုင်တိုင် ကြောင်တက်တက် နှင့် ကိုမောင်ရှင် ကို ငေးကြည့်သည် ။


“ ကျွန်တော် ရှက်တာပါပဲဗျာ ”


“ ကဲ - ရှက်တာ အသာထား ၊ အခု လောလောဆယ်က ဒီပစ္စည်းတွေကို တစ်နေရာမှာ သွားပြီး နေရာချဖို့ လိုတယ် မဟုတ်လား ၊ အဲဒါ ကျွန်တော်တို့ ဘယ်လို လုပ်မတုံး ” 


“ ဟုတ်တယ် ... ဘယ်လို လုပ်မတုံး ”


ကိုတင်အောင် က မျက်လုံး အကြောင်သားနှင့် ကိုမောင်ရှင် ကို ပြန်မေး လိုက်လေသည် ။ ငွေစ ကြေးစ ရွှင်စဉ်က ရဲတင်းဖျတ်လတ်၍ သွက်လက်ချက်ချာလှသော လူတစ်ယောက် သည် ဒုက္ခနှင့် တွေ့ဆုံ ရင်ဆိုင် လိုက်ရသောအခါ ဤမျှ ထိခိုက်လျက် မလုပ်တတ် မကြံတတ်အောင် ဖြစ်နေရသည်ကို လတ်တလော မျက်မှောက် ပြုနေရသော ကိုမောင်ရှင် ၏ အဖို့ အတော် ကြင်နာ သွား၏ ။ ကိုမောင်ရှင် သည် စားပွဲ ပေါ်တွင် တင်ထားသော ကိုတင်အောင် ၏ လက်များ ကို ချစ်ခင် ရင်းနှီးစွာ ဆုပ်ကိုင် ဖျစ်ညှစ်လိုက်သည် ။


“ သိပ်လဲ အားမငယ်ပါနဲ့ဗျာ ၊ ကျွန်တော်လဲ တတ်နိုင်သမျှ ကူညီပါဦးမယ် ။ ဒါထက်

ဟောဒီမှာ ဟောဒါက ကျွန်တော်တို့ လင်မယား နှစ်ယောက် တိုင်ပင်ပြီး ခင်ဗျားတို့ ကျပ်တည်း နေတဲ့ အချိန်မှာ ကူညီဖို့ ဆိုပြီး ယူလာတာ ၊ ကြွေးပြန်ဆပ်တာ မဟုတ်ဘူးနော် ။ ဒီငွေနဲ့ ဆိုရင် သင့် တော်တဲ့ နေရာ တစ်နေရာရာကို စပေါ်ပေးပြီး အိမ်ခန်း ငှားရင် ရပါလိမ့်မယ် ။ မရခင် အတွင်းတော့ ကျွန်တော်တို့ အလုပ်ရုံကြီး မှာ ကျွန်တော်တို့နဲ့ လေးငါးခြောက်ရက် အတူတူ လာနေပေါ့ဗျာ ။ အဲလေ အိမ်ခန်း မရမချင်းပေါ့ ။ အခုဟာလဲ ရှက်စရာ မလိုပါဘူး ၊ အိမ်ခန်း ပြောင်းဖို့ ပစ္စည်းတွေ စုပုံချထား သလောက်ပဲ မဟုတ်လား ။ ကဲ - လာ ပစ္စည်းတွေ သယ်ရအောင် လော်လီ တစ်စင်း နှစ်စင်း သွားငှားကြစို့ ”


ကိုမောင်ရှင် ၏ အစီအစဉ် မှာ အလွန် ကောင်းသော အစီအစဉ် ဖြစ်၏ ။ ရုတ်တရက် ကြုံတွေ့ လာသော ဒုက္ခတို့ ကို တစ်ခဏချင်း နှင့် ဆုံးဖြတ် ဖြေရှင်းလိုက်ပုံမှာ စစ်ဗိုလ်ဟောင်း ပီသလှ၏ ။ 


ကိုတင်အောင် သည် ကိုမောင်ရှင် ၏ မျက်နှာကို စူးစူးစိုက်စိုက် မော်ကြည့်ရင်း ကိုမောင်ရှင် ၏ လက်ကို မိမိ၏ လက်နှစ်ဖက်ဖြင့် အလွန် အားကိုးကျေးဇူးတင်စွာ ပြန်လှန် ဆုပ်ကိုင်လိုက်၏ ။ ထို့နောက် ယောက်ျားကြီး တန်မဲ့ နှင့် မျက်ရည်များ စီးဆင်း ကျလာပြီးနောက် တော်တော်နှင့် စကား မပြောနိုင်ဘဲ ရှိနေ၏ ။


ကိုမောင်ရှင် သည် မိမိ၏ လက်ကို ကိုတင်အောင် ၏ လက်နှစ်ဖက် အတွင်းမှ ဆွဲယူရင်း တလိမ့်လိမ့် စီးဆင်း ကျလာနေသော ကိုတင်အောင် ၏ မျက်ရည်များ ကို တယုတယ သုတ်ပေး၏ ။ 


“ ဝမ်းမနည်းပါနဲ့ဗျာ ၊ လောကဓံ ဆိုတာ ဒီလိုပေါ့ ”


ကိုတင်အောင် သည် တတ်နိုင်သမျှ မိမိ ၏ စိတ် ကို ထိန်းသိမ်းလျက် မိမိ မျက်ရည်များ ကို မိမိ ဘာသာ သုတ်ပစ် လိုက်သည် ။


“ ကျွန်တော် ဝမ်းနည်းလှလို့တော့ မဟုတ်ပါဘူးဗျာ ၊ ဒါပေမယ့် ခင်ဗျားလို ကြင်နာအားကိုး ရတဲ့ လူတစ်ယောက် ကျွန်တော့် မှာ ရှိပါသေးလား ဆိုတာ သိရပြီး စိတ်ထဲမှာ ထိခိုက်လာတယ် ၊ တကယ်ပဲ ရေခန်းခြောက် နေတဲ့ အိုင် ထဲမှာ ရှိကြတဲ့ ငါးတွေ ဟာ ဗြုန်းခနဲ မိုးရွာသွန်းလိုက်တော့ ငါးတွေ ချမ်းသာပျော်ရွှင်မှု ရကုန်ကြသလို အခုလဲ ခင်ဗျားဟာ ကျွန်တော့် အတွက် တည်ရာ မှီရာ အားကိုးရာ မိုးမင်းကြီးပါပဲ ”


ကိုတင်အောင် သည် တကယ်တမ်း စိတ်ပါလက်ပါနှင့် ဝမ်းနည်းပါးနည်း ထုတ်အန် ပြောဆို နေခြင်း ဖြစ်၏ ။ ကိုမောင်ရှင် က ရယ်ရယ်မောမောနှင့် ကိုတင်အောင် ၏ ကျောကို မနာအောင် ပုတ်လိုက်သည် ။


“ အမယ်လေး - တော်စမ်းပါဗျာ ၊ ကျွန်တော် က တကယ် အောက်မေ့လို့ ၊ ဘာလဲ ခင်ဗျား ရုပ်ရှင်မင်းသား လုပ်စားမလို့လား ၊ ဒါမှမဟုတ် စာရေးဆရာ လုပ်စားမလို့လား ၊ ကဲ - အဲဒါကို နောက်မှကျင့် ၊ အခု ကားသွားငှားမယ် ”


“ မဟုတ်ဘူး - မဟုတ်ဘူး ၊ ကျွန်တော် တကယ် ရင်ထဲ က ထိခိုက်ပြီး ပြောနေတာ ၊ ကျွန်တော် တစ်ခွက်မှ မသောက်ရသေးဘူး ၊ ကျွန်တော်လေ ခင်ဗျား ကို သိပ်ပြီး ကျေးဇူးလဲ တင်တယ် ၊ အားလဲကိုးတယ် ”


ကိုတင်အောင် သည် နေရာမှထလျက် စားပွဲ ပေါ်တွင် ရှိသော ဖန်ခွက် ကို တစ်ရှိန်တည်း နှင့် မော့ချလိုက်သည် ။ ထို့နောက် ရင်ထဲတွင် အေးသွား သကဲ့သို့ ပင့်သက် ကို မှုတ်ထုတ်ရင်း ကိုမောင်ရှင် ၏ လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်လျက် ဆိုင်ပြင် သို့ လိုက်ပါသွားသည် ။


မော်တော် လော်ရီကားကြီးများ ငှားပြီးသော အခါ ကိုမောင်ရှင် သည် မိမိတို့ နေသော အလုပ်ရုံကြီး ကို ကြိုတင်ရှင်းလင်းနှင့်ရန်အတွက် အိမ်သို့ ပြန်သွားနှင့်၏ ။


ထိုအလုပ်ရုံ နေရာကား ကိုတင်အောင် မျက်နှာ ရှိစဉ်အခါက ကိုတင်အောင် ၏ မိတ်ဆွေ တစ်ယောက် ထံမှ ကိုတင်အောင် က ငှားပေး ထားသော နေရာ ဖြစ်သည် ။


ကိုမောင်ရှင် သည် ထိုနေရာတွင် တဲဝိုင်းကြီး တစ်လုံး ထိုးလျက် အလယ်တွင် လက်သမား အလုပ်များ လုပ်ကိုင်ရန် နေရာ ကွက်လပ်ကြီး လုပ်ထား၏ ။ ဘေးတစ်ဖက် တွင်ကား မိမိတို့ မိသားဖသား စုနေရန် အခန်းရှည်ကြီး ပြုလုပ်၍ ကျန်ဘေး တစ်ဖက်တွင် လက်သမား လုပ်ကြသော အလုပ်သမားများ နေထိုင်ကြရန် အခန်းငယ်များ ဖွဲ့ပေး ထားသည် ။


ယခု ထိုအခန်းငယ်များ ကို ပေါင်းသင့်သော အခန်းကို ပေါင်းလျက် သို့မဟုတ် မိမိတို့ နေသည့် တန်းလျားဘက်မှ တစ်ပိုင်း ကို ကိုတင်အောင် တို့ နေနိုင်ရန် ရှင်းလင်း ထားရန် အတွက် ပြန်ရောက် နေနှင့်ခြင်း ဖြစ်၏ ။


ကိုမောင်ရှင် အိမ်သို့ ပြန် ရောက်နှင့်၍ တစ်နာရီခန့် အကြာ၌ ပင်လျှင် ကိုတင်အောင် တို့ ပစ္စည်းများနှင့်တကွ လော်ရီကားကြီး သုံးစီး ဆိုက်ရောက်လာကြသည် ။ ကိုတင်အောင် သည် နံနက် ကနှင့် မတူဘဲ အလွန် သွက်လက်ရွှင်လန်းစွာဖြင့် ရှေ့ဆုံးကားပေါ်မှ ခုန်ဆင်းလိုက်သည် ။


ကိုမောင်ရှင် သည် ကားရပ်သံ ကြားသည်နှင့် တစ်ပြိုင်နက် အိမ်ပေါက်ဝ သို့ ထွက်၍ ကြို၏ ။ ထို့နောက် ပျော်မြူးစွာ ဆင်းလာသော ကိုတင်အောင် ၏ ကျော ကို ဖက်လျက် မနီးမဝေးတွင် ရှိသည့် ချက်အရက်ဆိုင် တစ်ခု အတွင်းသို့ ခေါ်သွားခဲ့သည် ။


“ ပစ္စည်းတွေ ဘာတွေ နေရာချပြီးမှ လုပ်ကြရအောင်ဗျာ ၊ ကျွန်တော် က ဒါလောက်လဲ မနေနိုင် မဆိုင်းနိုင် မဟုတ်ပါဘူး ၊ ပြီးတော့ ချက်အရက်တွေ က ရမ်လောက် မနိပ်ပါဘူး ”


“ ပစ္စည်းတွေ ချလို့ မဖြစ်ဘူး ထင်တယ် ၊ ပြီးတော့လဲ ကျွန်တော့် အိမ်မှာ ကိုတင်အောင် တို့ နေလို့လဲ ဖြစ်မယ် မထင်ပါဘူးဗျာ ”


ကိုတင်အောင် သည် မိမိ ၏ နား ကို မယုံကြည် လောက်အောင် အံ့အားသင့်သွား၏ ။ ကိုတင်အောင် ၏ လျှာသည် အပြင်သို့ ခုန်ထွက်တော့မည်ကဲ့သို့ပင် ပါးစပ်ဟောင်းလောင်းနှင့် ဖြစ် သွားသည် ။


“ ခင်ဗျာ - ဗျာ ”


ကိုမောင်ရှင် သည် အလွန် စိတ်ရှုပ်လှသည့် ဟန်ဖြင့် မိမိ ကို ကြည့်နေသော ကိုတင်အောင် အား မျက်နှာချင်း မဆိုင်ဝံ့ဘဲ တစ်ဖက်သို့ လှည့်လိုက်သည် ။


“ ခင်ဗျား ကျေးဇူးတွေလဲ အများကြီး ရှိပါတယ်ဗျာ ၊ ဒါပေမယ့် ကျွန်တော်တို့ အိမ် မှာတော့ နေလို့ မဖြစ်ဘူးထင်တယ် ၊ ဒီလိုလုပ်ဗျာ ၊ ခင်ဗျား ပစ္စည်းတွေကို အခု တစ်နေရာရာမှာ ခဏ သွားချ ထားပါလား ၊ ပြီးတော့ ခင်ဗျား နဲ့ ကျွန်တော် နဲ့ ဒီနေ့ နေ့ချင်း အိမ်တစ်လုံး ရအောင် ရှာမယ် ၊ ကျွန်တော် ခင်ဗျား ကို မနက်က အရက်ဆိုင် က လာစောင့်နှင့်မယ် ဟုတ်လား ၊ စိတ်တော့ မရှိနဲ့ဗျာ ကိုတင်အောင်  ၊ ကျွန်တော် လဲ ဒီလို ပြောရတာ စိတ်မကောင်းပါဘူး ”


ကိုတင်အောင် သည် ကိုမောင်ရှင် ၏ မျက်နှာကို အသက်မရှူမိဘဲ ကြည့်နေ၏ ။ ထို့နောက် စကား တစ်ခွန်းမျှ ပြန်မပြောဘဲ တိတ်တိတ်ဆိတ်ဆိတ် လှည့်ထွက်သွား၏ ။ 


ကိုမောင်ရှင် သည် ကိုတင်အောင် ၏ နောက်ကျောပြင်ကို ကြည့်ရင်း ချက်အရက်ဆိုင် အတွင်း ၌ပင် မလှုပ်မယှက် ငြိမ်သက်ငေးငိုင်နေသည် ။


နေပူကြီးကျဲကျဲတွင် ကားပေါ် မှ ချပြီးသား ပစ္စည်းများ အား ကားပေါ်သို့ ပြန်တင် နေသည်ကို တွေ့ ရ၏ ။ ထို့နောက် ကားသမားများ နှင့် ကိုတင်အောင် သည် နေပူထဲတွင် ရပ်လျက် အချိန် အတော် ကြာကြာ စကား ပြောနေသည်ကို တွေ့ ရ၏ ။ ထို့နောက် လော်ရီကားကြီးများသည် လာလမ်း အတိုင်း ပြန်ထွက် သွားကြလေသည် ။


ကိုမောင်ရှင် သည် မိမိ မျက်စိ အောက်မှ ပျောက်ကွယ် သွားကြသော ကုန်တင်ကားကြီး သုံးစီး ကို ကြည့်ရင်း ရင်ထဲ ၌ တလှပ်လှပ် ဖြစ်လာ၏ ။ ကိုမောင်ရှင် ၏ အသိတရား နှင့် နှလုံးသား တို့သည် ကုန်တင်ကားကြီးများ မျက်စိ အောက်က ပျောက်ကွယ်သွားကြသည်နှင့် အတူ ကိုမောင်ရှင် ၏ ရင်ထဲမှ ပျောက်ကွယ် သွားဘိ သကဲ့သို့ ထင်ရ၏ ။


“ မင်းကွာ ငါ့ကို ဒါလောက်မှ မယုံဘူးလား ၊ ငါ သူတို့နဲ့ အတူ အရက်ဆိုင် မှာ မကြာမကြာ ဆုံနေကျပါကွာ ၊ ငါ ဘယ်တော့မှ မသောက်ပါဘူး ”


“ ကိုရှင်ရယ် ကျွန်မ တော့ ဒီတစ်ခါ သေဖြစ်တော့ မှာပါပဲ ၊ ကျွန်မ ကိုရှင် နဲ့ ရ ကတည်းက အမြဲ လိုက်လျောခဲ့တယ် မဟုတ်လား ၊ ဒီတစ်ခါတော့ ကျွန်မ မတားစဖူး တားရမှာပဲ ။ ကျွန်မ မလိုက်လျောနိုင်ဘူး ။ ကျွန်မတို့ ရဲ့ ချမ်းမြေ့တဲ့ ဘဝကလေး ဟာ ဒီတစ်ခါတော့ ပျက်စီး ဖြစ်တော့ မှာပါပဲ ။ ဒီတစ်ခါ ပျက်စီး သွားရင်လဲ နောက် ဘယ်တော့မှ အဖတ်ဆယ် ရတော့မှာ မဟုတ်ဘူး ။ ကိုရှင် က အပေါင်းအသင်း ကို ချစ်တတ်တယ် မဟုတ်လား ၊ လူချင်း ဒါလောက် နီးရင် ကိုရှင် နေမှာ မဟုတ်ဘူး ၊ တစ်နေ့နေ့ ကိုရှင် သောက်ဖြစ်မှာပဲ ၊ ကိုရှင် အဲဒီလို သောက်ဖြစ် ရင်တော့ သားလေးတွေ သမီးလေးတွေ နဲ့ ဒီလို သိုက်သိုက်ဝန်းဝန်း နေရရာက အို - ကျွန်မ မတွေးဝံ့တော့ဘူး ”


မစော ၏ ငိုသံသည် ကိုမောင်ရှင် ၏နားထဲ၌ ကြားလာသည် ။ မိမိ အပေါ်တွင် အမြဲတမ်း လိုက်လျောသည်းခံခဲ့သော မစော ၏ မျက်ရည်စက်လက် နှင့် ငိုမဲ့မဲ့ မျက်နှာသည် ကိုမောင်ရှင် ၏ မျက်စိ ရှေ့၌ ပေါ်လာသည် ။ ထို မျက်နှာ ၏ အပေါ်မှ မိမိ အား တစ်ခါမျှ မမြင်ဖူးသူ ကို ကြည့် သကဲ့သို့ အတန်ကြာအောင် ငေးစိုက် ကြည့်နေသော ကိုတင်အောင် ၏ မျက်နှာ က ထပ်ဆင့် ပေါ်လာပြန် သည် ။


ကိုတင်အောင် သည် ဘာတစ်ခွန်းမျှ မပြောတော့ ။ မိမိ အား နောက်ခိုင်းလျက် မော်တော်ကားများ ရှိရာသို့ တိတ်တိတ်ဆိတ်ဆိတ် ကျောခိုင်း ထွက်ခွာ သွားသည် ။ ထို့နောက် မော်တော် ကားတွေ ထွက်ခွာ သွားကြသည် ။


ကိုမောင်ရှင် ၏ ရင်ထဲ၌ ဟာသွား၏ ။


“ ငါ ကျေးဇူးကန်း ၊ ငါ သစ္စာမဲ့ ၊ ငါ သူယုတ်မာ ”


ကိုမောင်ရှင် ၏ ကိုယ်စိတ်နှစ်ပါး တို့သည် ဆောက်တည်ရာ မရအောင် လှုပ်လာ၏ ။


“ ဆရာကီး အရက် စောက်မလို့လား ”


ကိုမောင်ရှင် က ခေါင်းညိတ် လိုက်သည် ။


“ အကြီးလား ၊ အစေးလား ”


ကိုမောင်ရှင် က မျက်စောင်း နှင့် ကြည့်လျက် လက်ညှိုးဖြင့် ထိုးပြလိုက်သည် ။ 


ကိုမောင်ရှင် သည် ရေငတ်သော နွားကဲ့သို့ အရက်ပုလင်း ကို ငှဲ့ကာ ငှဲ့ကာ တစ်ခွက်ပြီး တစ်ခွက် သောက်၏ ။ ထို့နောက် စားပွဲ ပေါ်မှာ ထိုးကျသွားသည် ။ ပေါက်ဖော်ကြီး ပြေးလာကြည့် သောအခါ ကိုမောင်ရှင် ၏ နှလုံးသွေးသည် လုံးဝ မခုန်တော့ ။


တစ်ရပ်တည်း အတူနေများ ဖြစ်ကြသဖြင့် ဆိုင်ရှင် ပေါက်ဖော်ကြီးသည် ကိုမောင်ရှင် ၏ အိမ်သို့ ပြေး၍ အကြောင်း ကြားသည် ။ 


မစော နှင့် သားသမီးများ သည် ပေါက်ဖော်ကြီး ၏ ဆိုင် ရှိရာသို့ အပြေးအလွှား ရောက်လာ ကြသည် ။


မစော သည် မြေပြင်တွင် လဲကျနေသော ကိုမောင်ရှင် ကို ပြေးပွေ့လိုက်၏ ။ မစော ၏ တဆတ်ဆတ် တုန်နေသော နှုတ်ခမ်း သည် တော်တော်နှင့် အသံ မထွက်လာ ၊ မစော ၏ ရင်ထဲတွင် ဆို့နစ် နေသည် ။ အတန်ကြီး ကြာမှ မစော ၏ အသံသည် ကြေကွဲစွာ တိုးတိုးတိတ်တိတ်မျှ ရှိုက်ငင်ရင်း ထွက်လာသည် ။


“ ကိုရှင် ရယ် ကျွန်မ မပြောဘူးလား ၊ ခဏကလေး လာတာ တောင် ကိုရှင် အခုလို ဖြစ်ရပြီကော ”


 ⎕  ရန်ကုန်ဘဆွေ

📖 မြဝတီ မဂ္ဂဇင်း 

      ဇွန် ၊ ၁၉၆၂

No comments:

Post a Comment