❝ ကမ္ဘာကြီး နဲ့ ကိုင်ပေါက်မယ့် စမ်းစမ်းနွဲ့ ❞
ပေဖူးလွှာ ရဲ့ တွေ့ဆုံခန်း မှာ စာပေလောက က ပထမဆုံး အကြိမ် အဖြစ် တွေ့ဆုံရတဲ့ စမ်းစမ်းနွဲ့ ( သာယာဝတီ ) က လည်း လှိုက်လှိုက်လှဲလှဲ ကျွန်တော် မေးသမျှ မညည်းမညူ ဖြေပေးခဲ့ပါတယ် ။ ကျွန်တော် တို့ ဆွေးနွေးခဲ့သမျှ ပေဖူးလွှာ စာချစ်သူများ အတွက် ဖော်ပြ ပေးရရင် ....
••••• ••••• •••••
“ မမနဲ့ စာပေကိစ္စ ဆွေးနွေးစရာ အကြောင်းအရာကလေးတွေ မဆွေးနွေးခင် မှာ မမ ကိုယ်ရေးကိုယ်တာလေး တချို့ ကို ကျွန်တော် မေးချင်ပါတယ် ။ ကလောင် နာမည် မှာ ( သာယာဝတီ ) ဆိုတာ ထည့် ထားပြီးသား မို့ သာယာဝတီ ဇာတိ ပဲ ဖြစ်မယ် ထင်ပါတယ် ။ မမ မိဘ ၊ မောင်နှမ စာပေမျိုးရိုး ရှိ မရှိ အဲဒါကလေးတွေ က စ, ပြော ကြရအောင် ”
“ ရပါတယ် ၊ အဲဒါလေးတွေ က စ, ပြောရမယ် ဆိုရင် မမ ကို ၁၉၄၅ ခုနှစ် က သာယာဝတီ မှာ မွေးခဲ့ပါတယ် ။ မိဘ တွေ ကတော့ ဦးတင်မောင် ၊ ဒေါ်ပုစိန် ။ ကုန်သည်တွေ ပေါ့ ။ ခင်ပွန်း ကတော့ ကိုထွန်းညွန့်ဦး ပါ ။ မျိုးရိုး ထဲ မှာလည်း စာ ရေးတဲ့သူ မရှိခဲ့ဘူး ။ မောင်နှမတွေ ထဲ မှာလည်း မပါ ပါဘူး ။ မမတို့ မောင်နှမ ရှစ်ယောက် ရှိတယ် ”
“ မမ က ..... ”
“ နံပါတ် ဝမ်း ..... အကြီးဆုံး လေ ”
“ မမ စာ စ, ရေးဖြစ်ခဲ့တဲ့ နှစ် က ”
“ ၁၉၅၈ ခုနှစ် က စ, ရေးဖြစ်ခဲ့တယ် ။ တိုင်းရင်းမေဂျာနယ် မှာ ကဗျာ စ ရေးခဲ့တယ် ”
“ ကလောင်နာမည် က စမ်းစမ်းနွဲ့ ( သာယာဝတီ ) ပဲလား ”
“ ဒီ နာမည် နဲ့ လည်း ရေး ခဲ့တယ် ၊ နောက် စမ်းစမ်းနွဲ့ ( သတင်းထောက် ) ဆိုတဲ့ နာမည် နဲ့ လည်း ရေးတယ် ၊ အဲဒီ အချိန်တုန်းက သာယာဝတီခရိုင် အမျိုးသမီး သတင်းထောက် လုပ်နေတာကိုး ။ ကဗျာ လည်း ရေးရင်း ဝတ္ထု ၊ သတင်းဆောင်းပါး တွေ ရော စာနယ်ဇင်း တွေ မှာ ရေး ခဲ့တယ် ”
“ သတင်းဆောင်းပါး က ဘယ် သတင်းစာတွေ အတွက် ရေး ခဲ့တာလဲ ”
“ ဗိုလ်တထောင် ရှိတယ် ၊ ပြည်တောင်စု ၊ နိုင်ငံသစ် ၊ အိုးဝေ တို့ မှာ ရေး ခဲ့တယ် ”
“ အဲဒီကနေ တိုင်းရင်းမေ မှာ ပထမဆုံး ဝတ္ထု စ ရေးတယ် ဆိုပါတော့ ”
“ ဟုတ်ပါတယ် ၊ အဲဒီတုန်းကတော့ ကလောင် နာမည်တွေ က အများကြီးပါပဲ ၊ တိုင်းရင်းမေ မှာ စ ရေးဖြစ်တဲ့ ဝတ္ထု က ‘ ကြွေလေသော ချစ်ဖူးတစ်ငုံ ’ ၊ ၁၉၇၄ ခုနှစ် လောက် က ဖြစ်မယ် ထင်တယ် ၊ ဘယ် လ လဲ ဆိုတာတော့ မမှတ်မိတော့ဘူး ”
“ အဲဒီ ဝတ္ထု ရေး ခဲ့တဲ့ ကလောင်နာမည် ကကော ”
“ ဝတီနွဲ့လေး .... တဲ့ ၊ အဲဒီ က စပြီးတော့ ကဗျာတွေ ကို ရှုမဝ ၊ မြဝတီ ၊ ငွေတာရီ ၊ အိုးဝေ စတဲ့ မဂ္ဂဇင်းတွေ မှာ အစဉ်တစိုက် ရေး လာတယ် ။ ကြေးမုံ မှာတော့ သတင်းဆောင်းပါးတွေ ရေးတယ် ။ လုံးချင်းဝတ္ထု ကို တော့ ၁၉၇၄ ခုနှစ် မှ စ ရေးဖြစ်တယ် ”
“ ပထမဆုံး ရေး တဲ့ လုံးချင်းဝတ္ထု က ”
“ မြမရှား ၊ စိန်မရှား အလွန်ပင်များပါရဲ့ ”
“ ဒုတိယလုံးချင်း ကကော ”
“ ကမ္ဘာကြီး နဲ့ ကိုင်ပေါက်မယ် ၊ တတိယလုံးချင်း ကတော့ မဟူရာ အကျဉ်းထောင် ၊ နောက် ‘ နှစ်ဆယ်ရာစု ငြိမ်းငြိမ်းနု ’ ၊ နောက် ‘ ခေါက်ထီးကလေး မလုံ့တလုံ ’ ၊ နောက် ‘ ကိုကိုကံရာဇာ ’ တို့ ရေးခဲ့ပါတယ် ”
“ ခုလောလောဆယ် မမ လုံးချင်း အစီအစဉ် မရှိသေးဘူးပေါ့ ”
“ စာပေစိစစ်ရေး ကို တင် ထားတာ တချို့တော့ ကျ နေပါပြီ ၊ ဝတ္ထုလတ် ခေါ်မှာပေါ့ ၊ တခြား စာရေးဆရာ တစ်ယောက် ယောက် နဲ့ တွဲ ထုတ်တာမျိုး လေ ”
“ မမ ဝတ္ထုတွေ ထဲ က ကမ္ဘာကြီး ၊ နှစ်ဆယ်ရာစု ၊ မဟူရာအကျဉ်းထောင် တို့ ကို ဖတ်မိတဲ့ အခါ မှာ မမ အယူအဆ တစ်ခု ကို တွေ့ လာတယ် ။ ဘာလဲ ဆိုတော့ မိဘ ရဲ့ နာမည် ကို သားသမီး မှာ ထည့် မှည့်ခြင်း အားဖြင့် သားသမီး အပေါ်မှာ မိဘ ရဲ့ အရိပ်အာဝါသ ထိုး ကျတယ် ။ ဒါမျိုး ကို မမ မကြိုက်ဘူး ဆိုတဲ့ အတွေး အခေါ် တစ်ခု တွေ့ရတယ် ”
“ ဟုတ်ပါတယ် ၊ မမ ရေး ခဲ့တယ် ”
“ ဒါဆိုရင် အနောက်နိုင်ငံတွေ မှာ မိဘမျိုးရိုး အစဉ်အဆက် ကို ထိန်းသိမ်းနိုင်ဖို့ ‘ ဆားနိမ်း ’ Sur Name တပ် တဲ့ အလေ့အထ ကို ကျွန်တော် တို့ နိုင်ငံ မှာ ဒီနေ့ လက်ခံ ကျင့်သုံးတာ နဲ့ ပတ်သက်ပြီး မမ ဘဝင် မကျဘူးပေါ့ ”
“ ကိုဝင်းငြိမ်း မေးလာတဲ့ ‘ ဆာနိမ်း ’ နဲ့ ပတ်သက်ပြီး ဖြေရမယ် ဆိုရင် နာမည် က အဓိက မဟုတ်ပါဘူး ။ မိဘ တော်တိုင်း သားသမီး က မတော်နိုင်ဘူး ။ တော် တဲ့ မိဘ ရဲ့နာမည် ကို ဆက်ခံ လိုက်ရုံနဲ့ ဒီ သားသမီး ဟာ တော် မလာဘူး ဆိုတာ သိစေချင်လို့ပါ ။ မိဘ က စာရေးစရာ ဖြစ် ပေမယ့် သားသမီး တိုင်း ဟာ စာရေးဆရာ ဖြစ် မလာနိုင်ပါဘူး ။ ရွှေမန်းတင်မောင် နဲ့ ပတ်သက်တဲ့ ဥပမာ ကို မမ ‘ ကမ္ဘာကြီးနဲ့ ကိုင်ပေါက်မယ် ’ မှာ ရေး ခဲ့ပါတယ် ။
ဥပမာ - ကိုညွန့်ဝင်း ဆိုရင် ရုပ်ရှင် မှာ သရဖူ ဆောင်းတယ် ၊ အကယ်ဒမီ ရတယ် ။ ထူးချွန်တယ် ပေါ့လေ ။ မိဘ က ဇာတ်သဘင် မှာ အောင်မြင်ခဲ့ပေမယ့် ဇာတ်သဘင် မှာ သူ နေရာ မယူဘူး ။ သူ ဟာ ဒုတိယ ရွှေမန်းတင်မောင် လည်း မဟုတ်ဘူး ။ ကိုညွန့်ဝင်း ပဲ ။ အဲသလိုပဲ ကိုယ့် အစွမ်း အစ နဲ့ သီးခြား အောင်မြင်မှု ရအောင် ကြိုးစားစေချင်တယ် ။ အဲဒါကြောင့် မိဘ နာမည် ကို သားသမီး က ယူ ပြီးတော့ ဆက်ခံပြီးတော့ ဒီ အရှိန်အဝါ ကလေး ကို ပဲ ခိုလှုံပြီးတော့ ကိုယ် က မိဘ လိုပဲ အောင်မြင်လာလိမ့်မယ် လို့ မထင်စေချင်ဘူး ။ အချို့ သားသမီးတွေ ကျော်ကြားတဲ့ မိဘ နာမည် နောက် က ထည့်ပြီး ဘာ မှ မဖြစ်ကြတာတွေ အများကြီး ရှိပါတယ် ။ ဒါကြောင့် မမ က နာမည် အဓိက မဟုတ်ဘူး ဆိုတဲ့ အယူအဆ ကို တင်ပြခဲ့တာပါ ၊ အဲဒါပါပဲ ”
“ ကမ္ဘာကြီးနဲ့ ကိုင်ပေါက်မယ် ရေးတုန်းက စတီယိုလောက ကို တော်တော်ကလေး လေ့လာခဲ့မယ် ထင်ပါတယ် ။ စတိတ်ရှိုးတွေ ဘာတွေလဲ တော်တော် ကြည့်ထားပုံ ပေါ်ပါတယ် ။ ဥပမာ အဲဒီတုန်းက စတီရီယို သီချင်းတွေ ဟာ စာသား ထက် သံစဉ် ကို ဂရုစိုက် ကြတဲ့ အချိန် ဆိုတော့ စာသားတွေ က ဗမာစကား ကို ဗမာလူမျိုးတွေ ကို နားမလည်လောက် အောင် ရေးခဲ့ကြတာတွေ အများကြီး ရှိပါတယ် ။ ဒါကြောင့် ‘ ကမ္ဘာကြီးနဲ့ ကိုင်ပေါက်မယ် ’ ထဲမှာ ဘာ တွေ့လိုက်သလဲ ဆိုတော့ စတီရီယို သီချင်း ဆိုတာ ဗမာ တွေ နား မလည်နိုင်တဲ့ စကားလုံး စာသားတွေ ခွေခေါက်ပြီး ရေး ထားတာ ဆိုတဲ့ သဘောမျိုး တွေ့လိုက် ရပါတယ် ။ အဲဒီခေတ်က မမ လေ့လာခဲ့တဲ့ သီချင်းတွေနဲ့ ဒီနေ့ စတီရီယိုသီချင်းတွေ နှိုင်းယှဉ်လေ့လာ လာတော့ ဘယ်လိုများ မြင်မိသလဲ ”
“ ဒီနေ့ စတီရီယို သီချင်းတွေ မှာ စာသားတွေ အင်မတန် အနှစ်သာရ ပါ လာပါတယ် ။ လေးလေးနက်နက် ဆို လာ ကြတယ် ။ ကော်ပီသီချင်း မှာ တောင်မှ စကားလုံး သိပ်ကောင်း လာတယ် ။ ကိုယ်ပိုင်သံစဉ် ဆိုတာ တော့ ပြော မနေဲ့တော့ ။ သံစဉ် ကလည်း ကိုယ်ပိုင် ဖြစ်ပြန် ၊ စကားလုံးတွေ ကလည်း အဓိပ္ပာယ် ပြည့်ပြည့်ဝဝ နဲ့ သိပ်ကောင်းလာတယ် ။ အကောင်း ရှိရင် အညံ့ ရှိတယ် ဆိုတာလို အညံ့တွေ လည်း ရှိ မှာပေါ့လေ ”
“ နှစ်ဆယ်ရာစု ငြိမ်းငြိမ်းနု မှာ ဇာတ်သဘင် ဆောင်းပါးရှင် တစ်ဦး က ငြိမ်းငြိမ်းနု ကို လေဘာတီ မမြရင် ရဲ့ အကတွေ ပြန်လည် ဆန်းသစ်ပါလား လို့ ပြောလိုက်တဲ့ အခါမှာ ငြိမ်းငြိမ်းနု က အဟောင်းတွေ ကို ပြန်လည်ဆန်းသစ်တယ် ဆိုတာ အသစ် တီထွင်နိုင်စွမ်း မရှိတဲ့ သူတွေ လုပ်တဲ့ အလုပ် လို့ ပြော လိုက်တယ် ။ နောက် ကမ္ဘာကြီး နဲ့ ကိုင်ပေါက်မယ် မှာလည်း စတီရီယို အဆိုတော် အေးအေးနု က ဒီ သဘောမျိုး ပဲ ပြော ခဲ့ပါတယ် ။ ဒါဆို ဒီ ဇာတ်ကောင် နှစ်ကောင် ကို ဖန်တီးခဲ့တဲ့ မမ ကိုယ်တိုင် က ပြန်လည် ဆန်းသစ်ခြင်း ဆိုတာ ကို လက်မခံတဲ့ သဘောများ ရှိသလား ။ ကျွန်တော် တို့ စတီရီယို လောက မှာ ပြန်လည် ဆန်းသစ်တေး တွေ ခေတ်စား နေတာကို ကော ဘယ်လိုများ မြင်လို့လဲ ”
“ ပြန်လည်ဆန်းသစ်ခြင်း ကို လက်မခံဘူးရယ် လို့တော့ မဟုတ်ပါဘူး ။ ဒါပေမဲ့ ကိုယ်ပိုင် သာ အသစ် တီထွင်စေချင်တယ် ။ အရင် အဟောင်း ကို ပြန်လည် ဆန်းသစ်တာဟာ ညောင်းနေတဲ့ သူ ရဲ့ အလုပ်လို့ မမ မြင်တယ် ။ စိတ်ညောင်းနေတဲ့ လူတွေ ၊ စိတ်မအား လက်မအား ရှိနေတဲ့ သူတွေ အလုပ် လို့ပဲ မြင်တယ် ။ ကိုယ်ပိုင် ဆန်းသစ်မှု ၊ ကိုယ်ပိုင် တီတွင်မှု မဟုတ်တော့ သိပ်ပြီးတော့ ပြောပလောက်တဲ့ ၊ ချီးမွမ်းလောက်တဲ့ အနုပညာ တော့ ဖြစ် မလာဘူးပေါ့ ”
“ ဒါဆို ဒီနေ့ နန်းတော်ရှေ့ဆရာတင် သီချင်းတွေကို ပြန်လည်ဆန်းသစ်နေကြတာကော ’’
“ ပြန်လည်ဆန်းသစ်တာ ကတော့ ကိုယ့်မူ ကိုယ်ဟန် နဲ့ ပြန်ဆို ကြတာ ဆိုတော့ တချို့လည်း အရင် က ထက် ပို ကောင်း လာတာတွေ ရှိပါတယ် ။ ဒါပေမဲ့ တေးရေးသူတွေ အနေနဲ့ ဆိုရင် အသစ် ဖန်တီးတာပဲ ကောင်း ပါတယ် ။ ဆို တာ ကတော့ ဆို ကြပေါ့ ’’
“ နောက်တစ်ခု မေးရရင်တော့ ခေါက်ထီးကလေး မလုံ့တလုံ့ ဇာတ်သိမ်းခါနီး လောက်မှာ တရားသူကြီး အဖွဲ့ဝင် ကိုခင်ဇော်ဦး နဲ့ ဥပဒေအကျိုးဆောင်မလေး အမွန် တို့ ပျက်စီး လေလွင့်ခဲ့ရရှာတဲ့ ခရေ လို့ ခေါ်တဲ့ ကြွေ ရဲ့ အကြောင်း နဲ့ ပတ်သက်ပြီး ဗီဇ နဲ့ ပတ်ဝန်းကျင်ကို ဆွေးနွေးကြတာ တွေ့ရတယ် ။ မမ အယူအဆ ပြောပါဦး ’’
“ အဲဒီ ကိစ္စ ကတော့ သိပ်ပြီး ပြသနာ ဖြစ်တဲ့ ကိစ္စပါပဲ ။ ဒီ စာအုပ် ထွက်ပြီး ကတည်း က စာပေလောက မှာ အရမ်း ဂယက် ရိုက် တာပဲ ။ ဆွေးနွေးပွဲတွေ ၊ စာတမ်းဖတ်ပွဲတွေ မှာလည်း ဒီ ကိစ္စ ကို တော်တော် ဆွေးနွေးကြတယ် ။ ဟိုတစ်လော ကလည်း တက္ကသိုလ် မှာ မြန်မာစာဌာန က ကြီးမှူးတဲ့ စာတမ်းဖတ်ပွဲ မှာ စာတမ်း တစ်ခု ဖတ် သွားတယ် ။ မိုးမိုး ( အင်းလျား ) နဲ့ စမ်းစမ်းနွဲ့ ( သာယာဝတီ ) တို့ရဲ့ ဝတ္ထုများ နှိုင်းယှဉ် ဝေဖန်ချက် ဆိုပြီးတော့ ဖတ် သွားတယ် ။ အဲဒီမှာလည်းပဲ စမ်းစမ်းနွဲ့ ဝတ္ထုများ ဆိုတဲ့ အပိုင်း နဲ့ ပတ်သက် ပြီးတော့ ခေါက်ထီးကလေး မလုံ့တလုံ ဝတ္ထု မှာ ပါတဲ့ ဒီ ဗီဇနဲ့ ပတ်ဝန်းကျင် ကိစ္စ ကို စာရေးဆရာ က တင်ပြထားတာ တွေ့ရပါတယ် ။ မိန်းကလေးတွေ ပျက်စီးတဲ့ အကြောင်း နဲ့ ပတ်သက်လို့ပေါ့လေ ။ အဲဒါ သူတို့ အနေနဲ့ လက်မခံနိုင်ဘူးပေါ့လေ ။ အဲဒီ ဥစ္စာ တော်တော်များများ ဝေဖန် တိုက်ခိုက်ကြပါတယ် ။
အမှန်တော့ ကျွန်မတို့ ဒီ အရွယ် ရောက်စ ငယ်ငယ် ကတည်း က ဖတ်လာတဲ့ ဝတ္တုတွေ မှာ သိပ် ပြီး ရေပန်း စားခဲ့တယ် ။ သိပ်ပြီးတော့ ကျော်ကြားခဲ့တဲ့ ဝတ္ထုတွေ မှာ များသောအားဖြင့် မိန်းကလေး တွေ ပျက်စီးရတာ ကို ပြတယ် ။ အင်မတန် သနားစရာ ကောင်းလောက်အောင် ဖွဲနွဲ့တယ် ။ ပျက်စီးရတဲ့ မိန်းကလေးတွေ ကို ဂုဏ်ပြုစရာ ကောင်းလောက်တဲ့ မိန်းမ တစ်ယောက် အဖြစ် နဲ့ သူတို့ က ဖွဲ့တယ် ။ နောက်ပြီးတော့ ဒီ မိန်းကလေးတွေ ဘာကြောင့် ပျက်စီးရသလဲ ဆိုတဲ့ အကြောင်း နဲ့ ပတ်သက်ပြီး တရားခံ ရှာတော့ ခေတ်ကြီး က မကောင်းလို့ ၊ စနစ်ကြီး က ခေတ် နဲ့ စနစ် ပေါ် မှာပဲ ပုံချလိုက်သည် ။ ဒီ မိန်းကလေးတွေ ဘက်က ဗီဇ ဆိုတဲ့ ပဋိသန္ဓေ စိတ် က လျော့ရဲမှုတွေ ကို လုံးလုံး မပြဘူး ။ ဖျောက် ထား လိုက်တယ် ။
အဲဒီတော့ အဲဒီ အချိန်မှာပဲ အမျိုးသမီး စာရေးဆရာမ တစ်ယောက် ဖြစ်တဲ့ ဂျာနယ်ကျော် မမလေး ရေး တဲ့ “ သူမ ” ဆိုတဲ့ ဝတ္တု ကို ဖတ် လိုက်ရတယ် ။ အဲဒီမှာ ဒီလိုပဲ ဘဝ အခက်အခဲ ပြဿနာ နဲ့ ရင်ဆိုင် နေရတဲ့ အမျိုးသမီး တစ်ယောက် ရှိတယ်လေ ။ သက်သက် ဆိုတဲ့ မိန်းကလေး ပေါ့ ။ ကိုဝင်းငြိမ်း လည်း ဖတ်ပြီးသား ဆို သိ မှာပါ ။ သူ က သူ့ အခက်အခဲ ဘဝ ပြဿနာ ကို ဘယ်လို ဖြေရှင်း သလဲ ဆိုတော့ သူ ကိုယ်တိုင် အစွမ်းအစ နဲ့ သူ့ ခွန်အား ကို အားကိုး ပြီးတော့ အိမ်တစ်အိမ် မှာ သူ အိမ်စေ သွား လုပ်တယ်လေ ။ လိုတဲ့ ငွေကြေး ကို သူ ရှာတယ် ။ နောက်ပြီး ဒီ အိမ် မှာ သူ နေထိုင်ပုံ က အစ ၊ ယောင်္ကျားတွေ ချည်း ရှိတဲ့ အိမ် မှာ စည်း နဲ့ ကမ်း နဲ့ နေထိုင်ပုံတွေ ကို စည်းကမ်းစနစ် က အစ ဇာတ်ကောင် စရိုက် ပေါ်လွင်အောင် ပြ သွားတယ် ။
အဲဒီတော့ အခုနက ရေပန်းစားနေတဲ့ ဝတ္ထုတွေ နဲ့ ၊ ဂျာနယ်ကျော်မမလေး ရဲ့ သူမ မှာ ထား တဲ့ စေတနာချင်း ကွာခြားတာ ကို သွား တွေ့ရတယ် ။ အခုနကလို ပြဿနာပေါ့ ။ မိန်းကလေးတွေ ပျက်စီး ရတယ် ။ ဘာကြောင့် ပျက်စီးရသလဲ ။ ခေတ် နဲ့ စနစ် ပတ်ဝန်းကျင် က မကောင်းလို့ ၊ စီးပွားရေး မကောင်းလို့ ဆို တဲ့ အကြောင်းပြချက် တွေ ဟာ မခိုင်လုံဘူး ဆိုတာ သွားပြီး ကျွန်မ အကဲခတ် မိတယ်လေ ။
ဘာပဲဖြစ်ဖြစ် ကိုယ့် အစွမ်းအစ ၊ ဉာဏ်အား ခွန်အား နဲ့ ဖြေရှင်းလို့ ရှိရင် ရနိုင်ပါက လား ဆိုတာ သွား တွေ့ လာတယ် ။ အဲဒီတော့ ကိုယ် ကိုယ်တိုင် စာရေးဆရာမ ဖြစ် လာချိန်မှာ ဒီ အကြောင်းကလေး တော့ ပြန် ရေးဦး မှပဲ ဆိုပြီးတော့ ခုနကလို ဥပမာကလေး တစ်ခု ပေးလိုက်တယ် ။
ပတ်ဝန်းကျင်ကြောင့်ချည်း မဖြစ်နိုင်ဘူးလို့ ၊ ဥပမာ ဆိုပါတော့ ။ မြက် သိပ်ကြိုက်တဲ့ နွားတစ်ကောင် ဟာ သားရဲ တိရစ္ဆာန် ထူပြောတဲ့ နေရာမှာ သွား ချထားပေမယ့် ဒီ နွား ဟာ မြက် ပဲ စား မှာပဲ ။ ပတ်ဝန်းကျင် မှာ မြက် ပေါ နေ တဲ့ နေရာမှာ ချ ထားကြည့်ပါ ။ ဘယ်လောက်ပဲ မြက်ခင်း က စိမ်းစိမ်း ၊ခြင်္သေ့ က မြက် မစားဘူး ။ သူ့ ဗီဇ ကိုက သားငါး ကြိုက်တာကိုး ။ အဲဒီ သဘောပါပဲ ။ ပတ်ဝန်းကျင် လှုံ့ဆော်မှု တစ်ခုတည်း နဲ့ မဖြစ် နိုင်ဘူး ။ ဗီဇ လှုံ့ဆော်မှု ပါ ရမယ် ။
ဒါကြောင့် မိန်းကလေးတွေ က ပျက်စီးတယ် ဆိုတာ ခုနက ပြောသလို ခေတ် မကောင်းလို့ စနစ် မကောင်း လို့ ပတ်ဝန်းကျင်ကြောင့် ဆိုတာဟာ ဖြစ်နိုင်တာ တစ်ပိုင်း ပဲ ရှိတယ် ။ တစ်ပိုင်းက သူ့ ပင်ကို ဗီဇ ပဋိသန္ဓေ စိတ် လျော့ရဲတာတွေ ပါလာတယ် ။ အဲဒါကြောင့် အဓိက ကျတဲ့ စာရိတ္တ ပြုပြင်ရေး ကိုလည်း လုပ်ဖို့ လိုတယ် ဆိုတာ ပြ ချင်လို့ အဲဒီ ဝတ္ထုကို ရေး လိုက်တာပါပဲ ။
ဗီဇ နဲ့ ပတ်ဝန်းကျင် ကျွန်မ တစ်ဖက်စွန်း မှာ စကား မဆိုခဲ့ပါဘူး ။ နှစ်ခု စလုံး ဟာ တန်းတူ အရေးကြီး တယ် လို့ အဲဒီ ဝတ္ထု မှာ ပြောခဲ့တာပါ ”
“ ဝေဖန်ရေး နဲ့ ပတ်သက်လို့ ဘယ်လို သဘောရသလဲ ”
“ ဝေဖန်ရေး နဲ့ ပတ်သက်လို့ ကတော့ ရေးသူ ဖတ်သူ ဆွေးနွေးပွဲတွေ မှာ မျက်နှာချင်း ဆိုင် ပြီးတော့ကို ပြင်းပြင်းထန်ထန် ဝေဖန်တာ ကိုလည်း ခံရဖူးတယ် ။ အနယ်နယ် အရပ်ရပ် က စာ နဲ့ ပေ နဲ့ ရေးပြီး ဝေဖန်တာ ကို လည်း ခံဖူးတယ် ။ တချို့ ဝေဖန်ရေးကတော့ ခံစားရတဲ့ အတိုင်း မြင်တယ် ဆိုတာက သမာသမတ် ကျကျ ပေါ့လေ ။ သူတို့ ခံစားရတာ ကို ခံစားရတဲ့အတိုင်း ၊ မှားတယ် ထင်တာ ကို မှားတယ် ထင်တဲ့ အတိုင်း ၊ သပ်သပ်ရပ်ရပ် ဝေဖန်တာ လည်း ရှိတယ် ။
တချို့ကျတော့လည်း သက်သက်မဲ့ ပေါ့ လေ ။ ပြောရ ပြီးရောပေါ့ ။ လူပုံ အလယ်မှာ ထပြီး တော့ စာရေးသူ ကို ဝေဖန် လိုက်ရတယ် ဆိုရင်ပဲ သူများ က စိတ်ဝင်စား သွားမယ်ပေါ့လေ ၊ ကိုယ့် ကျော်ကြားမှု ကို ကိုယ် ရှာဖွေ တဲ့ ဝေဖန်ရေးမျိုး ၊ ဒါလည်း ရှိပါတယ် ။ တချို့ကျတော့လည်း သက်သက် ကဖျက်ယဖျက် ပြောရ ပြီးရော ဆိုတဲ့ ဝေဖန်ရေး မျိုးလည်း ရှိပါတယ် ။
တကယ် ဝေဖန်ရေး ရေး နေတဲ့ တချို့ ဝေဖန်ရေး ဆောင်းပါး တွေ တောင်မှ သမာသမတ် မကျ တာ တွေ့ နေရသေးတာပဲ ။ ဒီ ဝေဖန်ရေး က အဆင့်အတန်း မြင့်သလား ၊ သမာသမတ် ကျရဲ့လား ဆို တာ ဆောင်းပါး တစ်ပုဒ် ကို ဖတ် လိုက်ရင် သိ ပါတယ် ။ တချို့ဝေဖန်ရေး က စာပေပုံသဏ္ဍာန် အနေနဲ့ ကျကျနန ဆစ်ပိုင်းပြီးတော့ ဓမ္မဓိဋ္ဌာန် ကျကျ ဝေဖန် တာတွေလည်း ရှိပါတယ် ။ အဲဒါမျိုးကျတော့လည်း အမြဲတမ်း လက်ခံပါတယ် ’’
“ မမ ရေး ခဲ့တဲ့ ခေါက်ထီးကလေး မလုံ့တလုံ ကို ဂျပန်ဘာသာပြန် နေတယ်လို့ ကြားပါ တယ် ၊ အဲဒါ ဘယ် က ဦးစီး ပြီး လုပ်တာပါလဲ ’’
“ တိုယိုတာ ဖောင်ဒေးရှင်း က ဦးစီး ပြီးတော့ ယူဂိုဆကာ တက္ကသိုလ် က ပါမောက္ခ အိုနိုတိုလို ပေါ့ ၊ သူ ဦးစီး ပြီးတော့ မြန်မာ စာရေးဆရာကြီးတွေ နဲ့ တိုင်ပင်ပြီးတော့ ရွေးချယ်တယ် တဲ့ ၊ ဗမာ ဝတ္ထု ၁၂ အုပ် ရွေး လို့ ရတာ ကို ဂျပန် မှာ ပြန် တင်ပြပြီးတော့ တိုယိုတာ ဖောင်ဒေးရှင်း က ရန်ပုံငွေ ယူပြီး တော့ ဘာသာပြန်တာပါ ’’
“ တခြား ဘယ် စာရေးဆရာတွေ ပါသေးလဲ ’’
“ မိုးမိုး ( အင်းလျား ) ၊ မစန္ဒာ ၊ မောင်သာရ ၊ ဆရာမြသန်းတင့် ၊ ဒေါ်ခင်ဆွေဦး ၊ ဆရာမင်းကျော် ၊ နောက် ပြီးတော့ သိန်းသန်းထွန်း ပါတယ် ။ စိန်စိန် ၊ လူထုဦးလှ အားလုံး ၁၂ ယောက် ၁၂ အုပ်ပေါ့ ’’
“ မမ စာပေဟောပြောပွဲ တော်တော်များများ သွားပြီးပြီပေါ့ ’’
“ ဒီနေ့ အထိ ပွဲပေါင်း ၂၀ဝ လောက် သွားပြီးပါပြီ ”
“ ဒါဆို စာပေ ဟောပြောပွဲ အတွေ့အကြုံကလေးတွေ နည်းနည်းလောက် ပြောပြပါဦး ”
“ စာပေဟောပြောပွဲ ဆိုတာကတော့ ဦးတည်ချက် အားဖြင့် ကောင်းပါတယ် ။ ဒါပေမဲ့ ပရိသတ် အများ ကြား ထဲ မှာ ပြောကြ ဆိုကြရတဲ့ အခါ ကျတော့ တချို့မှာ ဖျော်ဖြေရေး ဆန်တဲ့ ဟောပြောပွဲတွေ လည်း ရှိတယ် ။ အဲဒီလို ပွဲမှာ ကျတော့ အနှစ်သာရပိုင်း က သိပ် မကျန်တော့ဘူးပေါ့ ။ စာအကြောင်း ပေအကြောင်း ချည်း ပြောနေတော့ ပရိသတ် စိတ်မဝင်စားဘူး ဆိုတော့ ပရိသတ် စိတ်ဝင်စား အောင် သီချင်း ဆိုပြရ ၊ အမူအရာ လုပ်ပြရဆိုတဲ့ ဟောပြောပွဲမျိုးလည်း ရှိတာပေါ့ ။ အဲဒီအခါ ကျတော့ စာပေဟောပြောပွဲ ရဲ့ အဓိက ဦးတည်ချက် ပျောက် သွားရော ။
စာပေ ဟောပြောပွဲ မှာ ဦးတည်ချက် ထားသင့်တာက စာပေ ပြန့်ပွားရေး နဲ့ စာပေအဆင့်အတန်း မြင့်မား ရေး ကို ဦးတည်ချက် ထားသင့်တယ်လို့ ထင်ပါတယ် ”
“ ဒီနေ့ မြန်မာစာပေ လောက မှာ ဘာသာပြန်စာပေ က တစ်ခန်း တစ်ကဏ္ဍ ဝင် လာပါတယ် ။ တချို့ ကလည်း တကယ့် ဂန္ထဝင်မြောက်စာပေတွေ ကို ဘာသာပြန်ကြပြီး တချို့ကတော့လည်း ဟာရိုးရော်ဘင် တို့ စာအုပ်မျိုး ကို အလုအယက် ပြန်ကြပြီး တချို့ကတော့လည်း ဂျိမ်းဟက်ဒလီချော့စ် တို့ လို ဟာမျိုး တွေ ပြန်နေကြတယ် ။ ဒါတွေနဲ့ ပတ်သက်လို့ကော ဘယ်လိုများ မြင်ပါသလဲ ”
“ ဘာသာပြန် စာပေအကြောင်း ပြောရင်း နဲ့ ဗမာစာပေ နဲ့ ဆက်နွယ် ပြီးတော့လည်း ပြောစရာ ရှိလာမယ် လို့ ထင် ပါတယ် ။ ဘာသာပြန်စာပေ မှာ ခုနက ပြောတဲ့ ဟာရိုးရော်ဘင် ပေးတာတွေ သိပ် ကောင်းတယ် ။ သို့သော် ပရိသတ် ဆီ က သူ ဘာ ပြန်ယူမလဲ ။ ဆိုလိုချင်တာ က ပရိသတ် ကို သူ ဘာ ပြောချင်သလဲ ။ ဇွဲ့ ၊ လုံ့လ ဝီရိယ နဲ့ ရုန်းကန်လှုပ်ရှား နိုင်ရင် တစ်နေ့မှာ အောင်မြင်မှု ရနိုင်မယ် ဆိုပြီး ဇွဲ လုံ့လ ဝီရိယ ရှိကြဖို့ ၊ အားတက် ဖို့ပေါ့လေ ။ လူ့ ဘဝ မှာ အား နဲ့ မာန် နဲ့ ကြိုးစားကြဖို့ လှုံ့ဆော်ပေးတဲ့ စေတနာ ရှိ တာလား ၊ ဦးတည်ချက် ကို ကျွန်မတို့ က ရှာ ယူရမယ် ။ အဲဒီ စေတနာလေး က ဟာရိုးရော်ဘင် မှာ ရှိတယ်လို့ ကျွန်မ မြင်တယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ ဇာတ်ကောင်တွေ က ဘဝ မှာ အမြဲတမ်း ကြမ်းကြမ်းတမ်းတမ်း နဲ့ ရုန်းကန် လှုပ်ရှား ပြီးတော့မှ အောင်မြင်မှု ရသွားကြတာချည်းပဲ ။
သို့သော်လည်း တစ်ခါတစ်ခါ မှာ သူ့ ဝတ္ထု တွေ က ပရိသတ် အကြိုက် လိုက် ပေးတာက များတယ် ။ သူ ပြောလိုတဲ့ ဆိုလိုရင်း Theme ရောက်အောင် ပရိသတ် စိတ်ဝင်စား လာအောင် ဆွဲခေါ်ပြီး ပြောတဲ့ နေရာမှာ နည်းနည်း အညှီအဟောက် ဆန်တဲ့ အခန်းကလေး တွေတို့ ၊ အပစ်အခတ် ဆန်တဲ့ အခန်းကလေးတွေ တို့ ၊ ခပ်သွက်သွက် အခန်းကလေးတွေ သုံးတာ များ သွားလေ့ ရှိတယ် ။
ဒီလိုပဲ ဗမာ ဝတ္ထု တွေ မှာလည်း အပေး များပြီး အယူ နည်းတဲ့ ဝတ္ထုတွေ လည်း တော်တော်များများ ရှိပါတယ် ။ ဒါကတော့ ခွဲခြားပြီး ပြောနေဖို့ မလိုဘူးလေ ။ ဘယ်လို အတန်းအစား ၊ ဘယ်လို ဝတ္ထုမျိုးဆိုတာ ပရိသတ်တွေ သိကြပါတယ် ။ ပြောချင်တာက ကျွန်မ တို့ ဒီနေ့ မြန်မာစာပေလောက မှာ အချစ်ဝတ္ထု ၊ ဘဝ သရုပ်ဖော်ဝတ္ထု ၊ အပစ်အခတ်ဝတ္ထု ရေးတဲ့ သူတွေ နဲ့ ဘဝသရုပ်ဖော် ရေး ပါတယ်လို့ ကြွေးကြော် သူတွေ က ကြမ်းတစ်ပြေး တည်း တောင် မထိုင်ချင်ဘူး လိုလို ဖြစ်နေကြတယ် ။
ကျွန်မ ကို လည်း ပရိသတ် က ဘဝသရုပ်ဖော်ဝတ္ထု ရေးသူ လို့ ယူဆ ထားကြတာပဲ ။ သို့သော် ကျွန်မ ကတော့ ဘဝ သရုပ်ဖော် ဘယ်တော့မှ မကြွေးကြော်ဘူး ။ ကျွန်မ ရေး တဲ့ ဝတ္ထု က ဘဝသရုပ်ဖော် ဖြစ်ချင် ဖြစ်မယ် ။ တစ်ချိန်မှာ ကြုံကြိုက်လို့ အပစ်အခတ် အကြောင်း နားလည်လာတဲ့ တစ်နေ့မှာ အပစ်အခတ်ဝတ္ထု ကျွန်မ ရေးချင် ရေးဦးမှာပဲ ။ ဒါပေမဲ့ ဘယ်လို ဝတ္ထု ပဲ ရေးရေး ရေးခဲ့တဲ့ ဝတ္ထုတွေ ဟာ စာဖတ်ပရိသတ် ရဲ့ တက်ကြွနေတဲ့ စိတ်ဓာတ် ကို ဆွံ့ပါးသွား အောင် ၊ ကတိမ်းကပါး ဖြစ်သွားအောင် ၊ ယိမ်းယိုင်တွေဝေသွားအောင် လှုံ့ဆော် မပေးဖို့ဘဲ လိုတယ်လို့ ကျွန်မ ကတော့ ထင်တယ် ။
ကျွန်မ တို့ စာ ရေးတယ် ဆိုတဲ့ စေတနာ ဟာ စာဖတ် တဲ့ ပရိသတ် ရဲ့ စိတ်ကို အစာ ကျွေး ပေးတာပါပဲ ။ ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်း ဖို့ အစာ စားဖို့ လိုအပ်သလို စိတ်ဓာတ် ရွှင်လန်း တက်ကြွစေဖို့ အစာ ကျွေး တဲ့ သဘော ပါပဲ ။ အဲဒီတော့ ကျွန်မတို့ ကျွေးလိုက်တဲ့ အစာ က အဆိပ်အတောက် မဖြစ်စေဖို့ ၊ ခွန်အား ကို တက်စေ ဖို့ ၊ လူ့ဘဝ ကို ပိုပြီး ခင်တွယ်နိုင်တဲ့ ခွန်အား ၊ သစ္စာတရား ကို မြတ်နိုးတတ်တဲ့ ခွန်အား ၊ အဲဒီလို ခွန်အား တွေ စွဲမြဲစေဖို့ တိုးပွားလာစေဖို့ ကျွန်မတို့ က စေတနာ ထားရပါတယ် ။
အဲဒီလို စေတနာမျိုး ပါမယ် ဆိုရုင် ဘယ်လို ဝတ္ထုမျိုး ပဲ ဖြစ်ဖြစ် ၊ အပစ်အခတ် ပဲ ဖြစ်ဖြစ် ၊ အချစ် ဝတ္ထု ပဲ ဖြစ်ဖြစ် ၊ အလွမ်း ဝတ္ထု ပဲ ဖြစ်ဖြစ် ကျွန်မ တို့ လက်ခံရမှာပဲ ။ သူ့ ကို ကျွန်မတို့ က ရွေးချယ် ရမှာပဲ ။ ဘဝ သရုပ်ဖော် လို့ တချို့ က ထင် နေကြတယ် ။ အဲဒီတော့ ဘဝသရုပ်ဖော် ဆိုပြီးတော့ ဆင်းရဲသား လူတန်းစား အကြောင်း ၊ ငတ်တဲ့ ပြတ်တဲ့ အကြောင်း ကို ရေးမယ် ဆိုရင် ငတ်ရင်းပြတ်ရင်း နဲ့ ဆင်းရဲတွင်း မှာ ဝဲလည် လှည့် နေမှာပဲ ၊ ဆင်းရဲခြင်း ဆိုတာ မြတ်နိုးစွာ ဖက်တွယ်အပ်တဲ့ တရား တော့ မဟုတ်ဘူးပေါ့ ၊ ကျွန်မ အမြင် ကတော့ ဆင်းရဲတယ် ဆိုတာ စာနာအပ်တဲ့ အကြောင်း တရား ၊ ဒီ ဆင်းရဲ တဲ့ အထဲ ကနေ ဘယ်လို ရုန်းထွက်မယ် ဆိုတာ ကျွန်မ တို့ စာရေးဆရာတွေ က ဝိုင်း စဉ်းစားပေးမယ် ၊ ကျွန်မတို့ ကိုယ်တိုင် ဆင်းရဲရင် ဘယ်လို ရုန်းထွက်ကြမယ် ဆိုတာ ဦးဆောင် တွေး ပြီးတော့ ခေါ်ယူ သွားရမယ့် သဘောတွေ ရှိမယ် ။
ဒီလိုမှ မဟုတ်ဘဲ ဆင်းရဲခြင်း ဆိုတာ မြတ်နိုးခင်တွယ်အပ်တဲ့ ဂုဏ်ပုဒ် တစ်ရပ် လို လှုံ့ဆော်ပေးတဲ့ စာပေ မျိုး ကိုတော့ ကျွန်မ မလိုလားဘူး ။ ဒါမျိုးကို ကျွန်မ ကတော့ ဘဝသရုပ်ဖော်ဝတ္ထု လို့ လည်း မယူဆနိုင်ဘူး ။ ဒါ ဘဝ သရုပ်ဖော် လို့ ဟစ်ကြွေး နေတဲ့ ဝတ္ထုတွေ နဲ့ ပတ်သက်ပြီးတော့ ပြောတာပါ ။ အဲဒီတော့ ဘယ်လိုပဲ နာမည် တပ်တပ် လူ့ စိတ်ဓာတ် ကို ဆွံ့ပါး မသွားအောင် ၊ တိမ်းပါးတွေဝေ မသွားအောင် ၊ အဆိပ် အတောက် လွင့် သွားအောင် လုပ်ပေးမယ့် ဝတ္ထုမျိုး ဆိုရင် ကျွန်မ ကတော့ လက်ခံမှာပဲ ၊ နာမည်တွေ တပ် နေဖို့ မလိုပါဘူး ”
“ ဒီနေ့ စာဖတ်ပရိသတ် ကို ကျွန်တော်တို့ က သုံးပိုင်း ခွဲခြား မြင်ပါတယ် ။ ပထမ တစ်မျိုး က အပျော်ဖတ် သက်သက် ၊ ဒုတိယ ကတော့ စာပေ ဝါသနာ ပါလို့ နဲ့ ။ ဒီ စာဖတ်ပရိတ်တွေ အတွက် စာရေးသူတွေ လည်း ခု ခေတ် မှာ တော်တော်ကို များ လာတာမို့ စာပေလောက ဖောင်းပွ နေတယ် လို့ တောင် ပြောကြပါတယ် ။ အဲဒါကို မမ အနေနဲ့ ၊ စမ်းစမ်းနွဲ့ ( သာယာဝတီ ) ဆိုတဲ့ စာရေးဆရာမ တစ်ယောက် အနေနဲ့ ဘယ်လိုများ ကုစား ပေးနိုင်မယ်လို့ ယူဆပါသလဲ ”
“ ဒါကတော့ ကျွန်မ ထင်တာကတော့ ခု ပရိတ်သက်တွေ လည်း ဘယ်ဟာ စားကောင်း တယ် ၊ ညံ့ တယ် ဆိုတာ တစ်စထက် တစ်စ ရွေးတက်လာကြပါပြီ ။ ခေတ်တိုင်း ခေတ်တိုင်းမှာ စာဖတ်စ အရွယ် ဆိုတာလည်း ရှိနေတယ် ဆိုတော့ အဲဒီ စာဖတ်စ အရွယ်တွေ ဖတ်ဖို့ အတွက် အပျော်ဖတ် စာပေ ဆိုတာလည်း ရှိ ရမှာပဲ ။ အဒီတော့ ဒီ အပျော်ဖတ် စာပေ ကနေ အဆင့်မြင့်တက်လာနိုင်ဖို့ စာကြည့်တိုက်တွေ ၊ ဋ္ဌာနဆိုင်ရာ အသီသီး မှာ ရှိတဲ့ စာပေနဲ့ ယဉ်ကျေးမှု အဖွဲ့တွေ ခုနက ပြောခဲ့တဲ့ စာပေ ဟောပြောပွဲတွေ က ဒါပဲ ရှိတာပဲ ။ စာဖတ်တဲ့ လူတွေ က စာကောင်း ကို ရွေးချယ်တတ် မှာပဲ စာပေ ဖောင်းပွမှု ဟာ လျော့နည်း သွားပါလိမ့်မယ် ”
“ ကျွန်တော်တို့ ငယ်ငယ်တုန်း က ဆိုရင် လုံးချင်း ဝတ္တု ကောင်းတွေ ဆို သောင်း နဲ့ ချီ ရိုက်ကြရတယ် ။ ခုတော့ နှစ်ထောင် ၊ သုံးထောင် ကုန်ဖို့ အနိုင်နိုင် ဖြစ်နေကြတယ် ၊ အဲဒါ ရုပ်ပြတွေ ကြောင့် လို့ ဝေဖန်ကြတယ် ။ မမ ကတော့ ရုပ်ပြတွေ အပေါ် ဘယ်လို မြင်သလဲ ”
“ ရုပ်ပြဇာတ်လမ်း ကလည်း ဦတည်ချက် ကောင်းတဲ့ ဇာတ်လမ်း ဆိုရင် အင်မတန် ကောင်း တဲ့ ဇာတ်လမ်း ဆိုရင် အင်မတန် ကောင်းပါတယ် ။ တချို့ကြတော့လည်း ပြီး ပြီးရော ပေါ့ လေ ။ ဝတ္တု မှာ မအောင်မြင်တဲ့ ဇာတ်လမ်းတွေ ကို ရုပ်ပြဇာတ်လမ်း ဆွဲကြတော့ ရုပ်ပြတွေ ကပွ ကယ ဖြစ်ကုန်တာပေါ့ ။ ကလေးတွေ ကလည်း အရုပ်ကလေးတွေ လှတော့ ဖတ်ကြတယ် ။ အရုပ် မှာ ပါတဲ့ စာတွေ က ကလေးတွေ ... အဲ ကလေးတွေ တင် မဟုတ်ပါဘူးလေ ။ လူကြီးတွေ လည်း ဖတ် ကြတာပဲ ။ ဒီ ဖတ် တဲ့ လူတွေ အတွက် ဘယ် အတိုင်းတာ အထိ အဆိပ်အတောက် ဖြစ်တယ် ဆိုတာကတော့ နောက်မှ ဖြစ်လာတဲ့ ပြဿနာ ပေါ့ ။
ခုနက ဇာတ်လမ်း ရွေးချယ်ဖို့ လိုတယ် ဆိုတဲ့ နေရမှာ ကျွန်မတို့ ဒီ မြဝတီတိုက် က လည်း ရုပ်ပြ ထွက် သွား သေးတာပဲ ။ ရော်ဘင်ဆင်ခရူးဆိုး ၊ သူရဲကောင်း သုံးယောက် ဒါတွေ ကျတော့ ဖတ်လို့ လည်း ကောင်းတယ် ။ ကလေးတွေ အတွက် အတုယူစရာ အားကျစရာ ကောင်းစေတယ် ။ သတ္တိ ကောင်းစေတယ် ။ စွန့်စားချင်တဲ့ စိတ် ရှိမယ် ။ တော်ရုံတန်ရုံ ဘဝ အန္တရာယ် လောကဓံ ကို ပေါ့လေ ။ အခက်အခဲ ကို ဇွဲ နဲ့ မာန် နဲ့ တွန်းလှန်ဖို့ စိတ်ကူးလေး ရ လာမယ် ။
အဲဒီ ဝတ္တု ဟာ ကျွန်မ ဘဝ အတွက်တော့ တော်တော်ကလေး အားပေးခဲ့ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မ တို့ ငယ်ငယ်တုန်း ကလည်း ကိုယ့် ဘဝ ကိုယ် ရုန်းကန်နေရချိန် မိဘ နဲ့ ဝေးကွာ နေရတဲ့ လေး ငါးနှစ် မှာ ကျွန်မ ကိုယ် ကျွန်မ ဒီလိုပဲ အားတင်းခဲ့တယ် ။
အဲဒီတော့ မိဘ နဲ့ ဝေးကွာ နေပြီး ကိုယ့် စားဝတ်နေရေး ကို ကိုယ့် ဘာသာ ကိုယ် ဖန်တီးရတယ် ။ တစ်ဖက် က ကိုယ် ဝါသနာ ပါတာလေး ဖြစ်အောင် လည်း ကိုယ့် ဘာသာ ကို ကြိုစားရတာပေါ့ ။ အဲဒီနေရာ မှာ အခက်ခဲတွေက အများကြီး တွေ့ရတယ် ။ အဲဒီတော့ ဝတ္တုတွေ အနေ နဲ့ ဖတ် ခဲ့ရတဲ့ ရောဘင်ဆင်ခရူးဆိုး ကို ပြန် အားပေးတယ် ။ ဒါကြောင့် လည်း ဒီနေ့ အသင့်တင့် အောင်မြင်တဲ့ အထိ ဖြစ်ခဲ့ရတာပါ ။ အဲဒီ စာအုပ် ရဲ့ ကျေးဇူး ပါတယ် လို့ ပြောချင်တယ် ။
ဒါကြောင့် မြဝတီ က ရုပ်ပြ ထွက်လို့ကတော့ သိပ် အားရှိတာပဲ ။ ကလေးတွေ ကို ဖတ်စေချင်တယ် ။ အဲဒီလို ဦးတည်ချက် ကောင်းတဲ့ ရုပ်ပြတွေ ထွက် စေချက်တယ် ။
ဒီနေ့ ရုပ်ပြလောက မှာ ရွှေခေါင်းပြောင် လည်း ကောင်းတာပဲ ။ သူ့ အတိုင်းတာနဲ့ သူ တစ်စုံတခု သော အတိုင်းတာ ပေါ့လေ ။ နောက်ပြီးတော့ ပြာလောင် လည်း ကောင်းတာပဲ ။ ဒီနေ့ လူနေမှုစရိုက် ကို ဖော်နိုင်တယ် ။ အဲဒါအတွက် တော့ ကလေးတွေ ဖတ် တာ လည်း အားပေးတယ် ။ ကျွန်မ ကိုယ်တိုင် လည်း ဖတ်တာပဲ ”
“ မမ ဝတ္တု တစ်ပုဒ် မှာ ဆရာဦးသိန်းဖေမြင့် အမှာစာ ရေးပေးတော့ အထိန်းသိမ်း ခံရဖူးတယ်လို့ တွေ့လိုက် ရတယ် ။ ဒါဆို မဟူရာ အကျည်းထောင် က တင်ဘုန်းနွယ် ကို မမ အတွေ့အကြုံရ ဖန်တီးခဲ့တာပေါ့ ”
“ ဟုတ်ပါတယ် ။ မဟူရာအကျည်းထောင် က အတွေ့အကြုံတွေ ကို ရေးခဲ့တာပေါ့ ။ ထောင် အတွေ့အကြုံနဲ့ ပက်သက်ပြီး ရေးစရာ အများကြီး ရှိပါသေးတယ် ။ ထောင် ထဲ မှာ ၂၄ ရက် နေခဲ့တာ ကျွန်မ အတွက် ၂၄ နှစ် စာ လောက် ထင်ရပါတယ် ”
“ ဒီနေ့ အလျှိုအလျှို အပြိုင်အဆိုင် မဂ္ဂဇင်းတွေ ထွက်နေကြပါတယ် ။ အဲ့ဒီ မဂ္ဂဇင်းတွေ နဲ့ ပတ်သက်လို့ မမ ဘယ်လို များ မြင် ပါသလဲ ”
“ မဂ္ဂဇင်း တော်တော်များများ ဖတ် ဖြစ်ပါတယ် ။ စာပေ မဂ္ဂဇင်း ဆိုတာတော့ စာပေ ဦးတည်ချက် နဲ့ ပေါ့ ။ သို့သော်လည်း အခန်းကဏ္ဍ စုံစုံလင်လင် နဲ့ မှ လူတန်းစားပေါင်းစုံ ရဲ့ လက်ထဲ ရောက်ပြီး ကျယ်ပြန့်မှာပဲ ။ ရုပ်ရှင် ဝါသနာပါ တဲ့ သူ က ရုပ်ရှင် ကဏ္ဍ ကို လှန်ကြည့်ရင်းနဲ့ ဒီထဲ က ဝတ္တု တစ်ပုဒ် ကို ဖတ်မိရင် ဒီ အထဲ က အယူအဆ တစ်ခု ခေါင်းထဲ ဝင် သွားရင် ကောင်းတာပဲ ။ အဲ့ဒီတော့ မဂ္ဂဇင်းတွေ မှာ ကဏ္ဍစုံ ပါတာကို ပိုပြီး သဘောကျပါတယ် ။
“ ကျွန်တော်တို့ အခု နောက်ပိုင်း လူငယ်တွေ မှာ စာ ရေးချင်တဲ့ သူတွေ ပိုပြီး များ လာပါတယ် ။ အဲဒီတော့ ကဗျာ ရော ဝတ္တု ပါ ရေးတဲ့ မမ အနေနဲ့ ဒီ လူငယ်တွေ ကို ဘယ်လိုများ အကြံ ပေးချင် သလဲ ”
“ စာရေးဆရာ ဖြစ် ချင်တဲ့ သူတွေ ကို အကြံ ပေးချင်တာ ကတော့ စာရေးဆရာ ဖြစ် ချင်တာ ထက် စာ ရေးချင် စိတ် ရှိရင် ရေး သာ ရေးပါ ။ စာ ရေးချင်စိတ် နဲ့ ကြိုးစား ခဲ့ရင် တစ်နေ့မှာ စာရေးဆရာ ဖြစ် လာမှာပါပဲ ။ ကျွန်မ တို့ လည်း စာရေးဆရာ ဖြစ်ချင်တာ ထက် စာ ရေးခဲ့တာပါ ။ စာ မရေးရရင် မနေနိုင်ဘူး ။ စာ မဖတ်ရရင် မနေ နိုင်ဘူ ။ အဲဒါလောက် စာပေ ကို ခင်တွယ်တဲ့ စိတ် နဲ့ ရေးရင်း ဖတ်ရင်း မမျှော်လင့်ဘဲ ဖြစ် လာခဲ့ရတာပါ ။ ဒီလို အောင်မြင် လိမ့်မယ်လို့ လည်း ထင်လည်း မထားခဲ့ပါဘူး ။ အဲဒီလို ရေးချင်စိတ် ဖတ်ချင်စိတ် နဲ့ သာ လာ ခဲ့ပါ ။ စာပေလောက မှာ အောင်မြင်ရမှာပါပဲ ။ တခြား အခက်အခဲ ဥပမာ ထုတ်ဝေတဲ့ အခက်အခဲတို့ ဘာတို့ ဆိုတာ အလကားပါ ။ အဓိက မဟုတ်ပါဘူး အဓိက ကတော့ စာ ရေးချင် စိတ်ပါပဲ ။ ဒီ စိတ် နဲ့ သာ လာခဲ့ရင် အောင်မြင်ရမှာပဲ ”
“ မမ အခု ဝတ္တု ရေးတဲ့ အခါမှာ အကြောင်းအရာ ရှာတဲ့ အပိုင်းမှာ ဘယ်လိုများ ရှာ သလဲ ”
“ ဒီလိုပဲ သွားရင်း လာရင်းနဲ့ တွေ့တာပါပဲ ။ တချို့က ဝတ္တု ရေးတယ် ဆိုတာ စကားလုံးကလေး တစ်လုံး ရ လိုက်ရင် ရေးလို့ ရတာပဲလို့ ပြောကြတယ် ။ စာကြောင်းလေး တစ်ကြောင်း ရ လိုက်ရင် ဝတ္တု ဆက် ရေးလို့ ဖြစ်တာပဲ ဘာညာ နဲ့ ပြော ကြတယ် ။ မမ ကတော့ အဲဒီလို မဖြစ်ဘူး ။
ဘာကို ပြောချင်သလဲ ။ ပြောချင်တဲ့ အကြောင်း အရာလေး တစ်ခု ရင် ထဲ မှာ ရှိနေပြီ ။ ဒီ ခံစားချက် ကို ထုတ်ပြောချင် စရာ Theme လေး တစ်ခု ရ လာပြီ ဆိုရင် ဘယ်လို ဇာတ်အိမ်ဇာတ်လမ်း ဖွဲ့မလဲ ၊ ဘယ်လို ဇာတ်ကောင် တွေ မွေး မလဲ ဆိုတာ စဉ်းစား တယ် ။ Theme မရှိဘဲတော့ အတို ပဲ ဖြစ်ဖြစ် အရှည် ပဲ ဖြစ်ဖြစ် မရေးတတ်ဘူး ”
“ ကျေးဇူးပဲ မမ ကျွန်တော် မေးချင်တာတွေတော့ စုံသွားပါပြီ ။ မမ လိပ်စာ က .... ”
“ တိုက် ၃၅၆ ၊ အခန်း ၂၀ ၊ အနောက် ရန်ကင်း မှာပါ ”
“ မမ အချိန်တွေ တော်တော် ပေးလိုက်တဲ့ အတွက် ကျေးဇူး တင်ပါတယ် ”
“ ရပါတယ် ။ မပြည့်စုံသေးလို့ မေးချင်တာ ရှိသေးရင် နောက် တစ်ခေါက်ပေါ့ ကိုဝင်းငြိမ်း ...... ”
◾ဝင်းငြိမ်း
📖 ပေဖူးလွှာ မဂ္ဂဇင်း
အမှတ် ( ၉ )
ဖေဖော်ဝါရီ ၊ ၁၉၈၂ ခုနှစ်
.
No comments:
Post a Comment