❝ ဆွဲငင်ခြင်း နဲ့ တွန်းကန်ခြင်း ❞
( ကြည်အေး )
[ ၁ ]
မနှင်းမေ သည် ချစ်သူ အပါးမှာ ဝမ်းနည်းကာ နေသည် ။ သူ မရိပ် မိအောင် ပို၍ ပြုံးပါ၏ ။ ပို၍ စကားပြောပါ၏ ။ သို့သော် ဟန်ဆောင် နေခြင်းသာ ပေါ်နေ၏ ။ ပေါ်နေတာတောင် သူ က မြင်ပုံ မရ ။
မနှင်းမေ သည် ဒေါသဖြစ်ရပြန်လေသည် ။ သို့သော်လည်း ချစ်သူ ကို ဒေါသတောင် ဖြစ်လို့ မရပါလားကွယ် ။ သူ့ ကို သွားစေ့ပြီး မျက်ခွံမှေး ကာ စောင်း၍ ကြည့်မိ၏ ။ ခဏချင်း မှာပင် ပျော့ကျသွားပြီး မနှင်းမေ သည် ဝမ်းနည်းပြီးသာ နေလေသည် ။
မနှင်းမေ သည် ရင်တွင်း မှာတော့ အနည်းငယ်ပဲ ဖြစ်စေ ၊ နာ၍ လာ ကာ ဘာမပြော ညာမပြော နှင့် လက် ကို ဆောင့်ပြီး ရုန်းလိုက်လေသည် ။
လွတ်၍ မသွား ။ ဟုတ်သည် ။ ဘယ်တော့မှ လွတ်မည့် နှင်းမေ မဟုတ် ၊ တတ်နိုင်ရင် အဝေးဆုံး ကို ထွက်ပြေးလိုက်ချင်ပါရဲ့ဟု တွေးနေမိ သည် ။ သို့သော် သူ့ လက်သည် မနှင်းမေ ၏ ပျော့နွဲ့သောလက်ချောင်း ကလေးများ ကို စုပြီး ကျပ်ကျပ် ဆုပ်ထားလေသည် ။
ပြီးတော့ တစ်ခု ရှိသည် ။ မနှင်းမေ ၏ ရင်သည် ဟုတ်ခနဲ ပူနွေးကာ လာသည် ။ တစ်ခု ရှိသည်မှာ သူ့ရဲ့ လက်တွေဟာ ဘယ်လောက် ယုယတဲ့ အငွေ့ လဲကွယ် ။ ထို စိတ်ကူးနှင့်ပင် တစ်ကိုယ်လုံး နွေးပြီး အားရှိလာလေသည် ။ သူ့ အနား ကို တိုးကပ်ပြီး သူ့ ရင်ခွင်ထဲမှာ နွဲ့နေချင်စိတ် ပေါက် လာသေးသည် ။
အို ...
သည်လိုနှင့်ပဲ ဘယ်နှခါများ အရှုံးပေးခဲ့ရပြီလဲ ဟု မနှင်းမေ သည် တရေးရေးတွေး၏ ။ သူ ကများ မနှင်းမေ ၏ ပခုံးကလေး ကို ညင်သာစွာ ပွေ့ပြီး စကား တတွတ်တွတ် ပြောတဲ့ အခါ သူ့ ရဲ့ စိတ်အားထက်သန်တဲ့ မျက်လုံးကြီးများနဲ့ မချိုမချဉ် ပြုံးပြီး စိုက်စိုက် ကြည့်တဲ့အခါ အို ... မငြင်းဆန်နိုင်ခဲ့ပါဘူး ။ ဘယ်တုန်းကမျှ မငြင်းဆန်နိုင်ခဲ့ပါဘူး ဟု တွေး နေမိလေသည် ။ ရှုံးလည်း ရှုံးပါပြီ ။ ရှုံးခဲ့လှပြီပဲ ။ ပြီးတော့ ရှုံးခဲ့ရသည် ကို လည်း ပျော်သည် ။ ဘာမှ ဆိုစရာ မရှိ ။
ယခုလည်း အရှုံးပေးဖို့ရာ ကို အိမ် က ထွက်လာသည် ။
[ ၂ ]
“ လမ်းလျှောက်လို့ ကောင်းလိုက်တာ နှင်းရေ ” ဟု သူ က အားရ ပါးရပြော၏ ။ မနှင်းမေ ကမူ သူ့ ခြေလှမ်း အလိုက် ဖြည်းလေးစွာသာ လျှောက်လျက်ရှိလေသည် ။
“ နှင်း ကို ကြည့်ရတာ တစ်မျိုးပဲ ၊ မပျော်ဘူးလား ” ဟု သူ က မေး ပြန်၏ ။ ဟုတ်ကဲ့ ။ သူ ကတော့ ပျော်မှာပေါ့ ။ စစ်အောင်နေကျ လူ ကို .. ။
“ နှင်း က ဟန်ကြီးပန်ကြီး နဲ့ တော်တော်လူဝါးဝ ” ဟု နောက်တောက်တောက် လုပ်လိုက်လျှင်မူ မနှင်းမေ သည် လွှတ်ခနဲ ရယ်သံထွက် သွားပြီး ပျော်လည်း ပျော်လာသည် ထင်ရ၏ ။
စင်စစ်တော့လည်း ပျော်စရာပဲ မဟုတ်လား ။ လမ်းလျှောက်ခြင်းသည် လှပအေးချမ်း၏ ။ တောကျကျ ဂဝံလမ်းကလေး သည် နှစ်ယောက် ထက် ပိုမသွားသာ ၊ ဘေးမှာ တော့ မြက်ခင်းခပ်ရိုင်းရိုင်း ၊ မြက်ခင်းစိမ်း ကို မြက်ပွင့် ၊ မြက်ဖူး ၊ မြက်သီးကလေးများ က အဖြူစက်ပြောက်ထားသည် ။ လေသာသာ ၊ နေရီရီ ၊ လူရှင်းရှင်း ။
ကလေးဘဝ က အိပ်မက် အတိုင်းပင် ၊ ထို အိပ်မက်ကတော့ မနှင်းမေ ၏ အစွဲတစ်ခု ပင် ဖြစ်လေသည် ။
“ လမ်းကလေး က လူ့ လက်နဲ့ ပြုပြင်ထားတာ မဟုတ်ဘူး ကိုရယ် ” ဟု တစ်ခါ က သူ့ ကို ပြောပြဖူးသည် ။
“ လမ်းကလေးက မြက်ခင်းပေါ် ချစ်သူစုံတွဲတွေ ဖြတ်ဖြတ် လျှောက်သွားလွန်းလို့ အလိုအလျောက် ဖြစ်လာတဲ့ လမ်းကလေး ၊ ဖုန်ထူ ချင် လည်း ထူပစေပေါ့လေ ၊ ပြီးတော့ ဖြူးချင်မှ ပဲ ဖြူးမယ်ပေါ့ ၊ ဟိုနေရာ မှာ ကွေ့ပြီး ... သည်နေရာမှာ ကောက်ချင် ကောက်နေမှာ ... ”
အဲသည်တုန်း မှာတော့ မနှင်းမေ သည် သူ ၏ နှမလေး သဖွယ် ၊ သမီးလေးသဖွယ် ငယ် နေပြီး ကလေးပမာ ပြောချင်ရာ ပြောနေသလို ဖြစ်နေလေသည် ။
“ လူ လည်း မရှိရဘူး ... နေ့မှန်း ညမှန်း လည်း မသိရဘူး .. ခပ်တော့ ခပ်မှုန်မှုန်ပဲ ကိုရဲ့ .. လေကလည်း အေးအေး ၊ တောစံပယ် နံ့နဲ့ မွှေးချင်တောင် မွှေးမှာ ၊ လမ်းက ဘယ်တော့မှ လျှောက်လို့ မဆုံးဘူး တဲ့လေ ၊ အဲဒီမှာ နှင်းလေ ... စားတယ် ၊ အိပ်တယ် ဆိုတာ မရှိဘဲ အမြဲ လျှောက်နေချင်တယ် ”
သူ က ငြိမ်ပြီး နားထောင်လာ ပြီးမှ
“ တစ်ယောက်တည်း လား နှင်းရယ် ” ဟု မေးသည် ကို ပြန်၍ မှတ်မိရပါသည် ။
မနှင်းမေ က တမင် ကို ဆိုးပြီး
“ အို ... တစ်ယောက်တည်းပေါ့ ” ဟု ပြောခဲ့သည် ။
ပါးနပ်လှသည့် နှင်း ရဲ့ ကို ကတော့ စိတ်ဆိုးချင်ယောင် ဆောင်ပြီး နှင်း ကို ခေါ်သွားကာ နှင်း ရဲ့ အိပ်မက်လမ်းလျှောက်ခန်း မှာ နှင်း တစ်ယောက်တည်း မဟုတ်တဲ့ အကြောင်း ၊ ပြီး ... ဖုန် ထူတဲ့လမ်းကလေး ဟာ တစ်နေရာမှာ ဆုံးသွားကြောင်း ကို ကောင်းကောင်း ပြခဲ့လေသည် ။
[ ၃ ]
မနှင်းမေတို့ ချစ်သူ နှစ်ယောက် သည် လမ်းလျှောက်လာရင်း နှင့် ခရီးတော်တော် ပေါက်ပြီး လာလေသည် ။ မနှင်းမေ သည် လေတော်တော် အေးလာပြီ ကို သတိထားမိပြီး
“ ပြန်စို့ ... ကို ရေ ၊ မိုးချုပ်တော့မယ် ” ဟု ပြောလိုက်သည် ။ စင်စစ်တော့လည်း မနှင်းမေ သည် တမင် ပြောလိုက်ခြင်းသာ ဖြစ်လေ သည် ။ မိမိ ကိုယ်တိုင်က ဘယ်လောက်ပင် သည်နေရာ က လှည့်ပြန်ချင်ချင် ပြန်၍ မရနိုင်သည်ကို သိလေသည် ။
မျှော်လင့်သည့် အတိုင်းပင် သူ က
“ နေဦးလေ နှင်းဆီခြံ ထဲဝ င်ဦးစို့ ၊ နွားနို့ သောက်ရအောင် ” ဟု ဆို သည် ။ နှင်းဆီခြံ မှာ မနှင်းမေ တို့ ရပ်ကွက် သို့ ပင် လာပြီး ကျော်ကြားသည့် နှင်းဆီခြံပင် ။ ပြီးတော့ မကြာခဏပင် ရောက်ခဲ့ဖူးပေပြီ ။ မနှင်းမေ ၏ ချစ်စဖွယ်လမ်းကလေး သည် နှင်းဆီခြံ မှာ ပင် ဆုံးခဲ့လေသည် ။ မနှင်းမေ သည် ရင်ထဲမှာ ဆို့ပြီး လာလေ၏ ။
“ ရက်စက်လိုက်တာကွယ် ” ဟု စိတ်တွင်း က ညည်းညူမိ၏ ။ ပထမဆုံး ရောက်ဖူးသည့် အကြိမ်ကိုလည်း သတိရ လာကာ အားလုံးကို မှုန်မှိုင်းစွာ ပြန်လည် မြင်ယောင်ပြီး လာသည် ။
မနှင်းမေ သည် အစ ကတည်းက သိပ်ပြီး တုန်လှုပ်လှသည်တော့ မဟုတ် ။ မိမိ မှာ တခြား မိန်းကလေးများနှင့် မတူသည့် ပွင့်လင်းလွတ်လပ်သော အယူအဆများ ရှိသည် ဟု ယုံကြည်၏ ။ ဘယ်သူ့ ကို ဖြစ်ဖြစ် ၊ ချစ်ချင်လျှင် ဘာအကျိုး မှ မမျှော်လင့်ဘဲ ချစ်မည် ဖြစ်၏ ။ အချစ် နှင့် ပတ်သက်လာလျှင် ကိုယ့် ကိုယ် ကိုယ် ရိုသေဖို့ ၊ တန်ဖိုးထားဖို့ ကို ကိုယ်ကျိုး ငဲ့ခြင်း တစ်မျိုး ဟု သဘောထား၏ ။ လူတွေ က သတ်မှတ်ထားသည့် လက်ထပ်ခြင်း ၊ စည်းစောင့်ခြင်း တို့ ကို သံသယ အဖြစ် ကြီး ဖြစ်ပြီး စွန့်ပယ် ချင်နေ၏ ။ တိုတို ဆိုရလျှင် မနှင်းမေ သည် သဘော တွေ့သည့် လူတစ်ယောက် ကို အကြွင်းမဲ့ ချစ်ပြီး သံသယ မရှိ ၊ တွေ့ဆုံလိုက်လျောဖို့ရာ အင်မတန် မှ ရဲဝံ့လျက်ရှိပေသည် ။
မနှင်းမေ သည် သူနှင့် ချစ်စ ကတည်းကပင် ဒါတွေကို ပြောပြ နေမိသည် ။
“ နှင်း က ဒီ အိပ်ချ်လောရင့် ရဲ့ တရား ကို အကြွင်းမဲ့ ထောက်ခံတာ မဟုတ်ဘူး ၊ သူ့ တရား က တိရစ္ဆာန် နည်းနည်း ဆန်တယ် ထင်တယ် ၊ နှင်း က အချစ်စိတ် ဆိုတာကို ယုံတာပဲ ၊ အချစ် ဆိုတာ ကိုယ်ခန္ဓာချင်း တွေ့ဆုံ နှီးနှောတာတင် မှ မဟုတ်ဘဲရယ် ၊ စိတ် ရဲ့ နက်နဲဆန်းကြယ်တဲ့ စွဲမက်မှု က အရေးကြီးစွာပါသေးတာပဲ ” ဟု အဆုံးသတ်လိုက်လျှင် မူ သူ က ပြုံးလျက် ရှိခဲ့လေသည် ။
သည်နောက်တော့ မိမိ စိတ်က ခြောက်လေသလား မသိ ။ သူ ၏ ခေါင်းတွင်း ကို ထူးဆန်းသည့် အကြံအစည်များ ဝင်၍ နေသည် ဟု ချည်း ထင်နေမိလေသည် ။ ငါ့ ရဲ့ လွတ်လပ်တဲ့ အတွေးအခေါ်တွေ အပေါ်များ သူ အခွင့်ကောင်း ယူလေမလား ။
ယခု အခိုက်အတန့် မနှင်းမေ ၏ သံသယများ သည် ခိုင်မာပြီး လာလေသည် ။ မှန်ချင် လည်း မှန်မည် ။ မှားချင် လည်း မှားမည် ။ သို့သော် .. သူတို့ နှစ်ယောက် သည် နှင်းဆီခြံ တွင်း ကုက္ကိုရိပ်ညို အောက်က ရေနံသုတ် သည့် လူသူ ကင်းကွာသော ပျဉ်ထောင်အိမ်ကလေး ထဲမှာ ရောက် လျက် ရှိလေပြီ ။
မနှင်းမေ သည် မျက်ရည်လည် လာသည်ကို ထိန်းလျက် ရှိလေ၏ ။ “ သူ့ကို ဘာကြောင့်များ ဒီလောက် ချစ်ရပါလိမ့် ၊ ချစ်ရပါလိမ့် ၊ မိုက်မဲလှတဲ့ အချစ်ရယ် ” ဟု ရေရွတ် နေမိသည် ။
မနှင်းမေ ၏ ချစ်သူက နှင်းဆီခြံ ၏ ခင်းကျင်းပြသ မထားသော ဆိုင်က ရောင်းသည့် လိမ္မော်ရည် နှင့် အရက်စပ်ထားသည် ဖန်ခွက်များ ကို လာချသည့် အခါမှာ “ ချစ်သူ ကို အရက် နဲ့ မြည်းမယ်ဆိုတာမျိုးပေါ့ ” ဟု နာကြည်းစွာ တွေးလျက် ရှိလေသည် ။
မနှင်းမေ သည် မိဘများ မျက်နှာ ကို ပြန်မြင်လာသည် ။ ညီအစ်ကို မောင်နှမများ ၊ ဆွေမျိုး ၊ ပြီးတော့ မသိကျွမ်းတာတွေရော ခင်မင်ရင်းနှီး တာတွေရော အကုန် ပါသည် ။ လူသူများ ထူးဆန်းသည် ။ အရင်တုန်း က ဆိုလျှင် ဒါတွေကို ဘယ်တော့မှ ထည့်မတွက်ခဲ့ ။
သူ့ကို မုန်းကြည့်၍ မရ ၊ ဒေါသ ဖြစ်ကြည့်၍ တာရှည်မခံ ၊ ဒေါသ သည် သူ့ ဆီ က နေ၍ ကိုယ့် ဘက် ကိုသာ ပြန် လှည့်လာသည် ။ နောက်ဆုံး ၌ မနှင်းမေ သည် စိတ် ကို အေးအေး ထားလိုက်လေသည် ။ အံ့သြစဖွယ် ပင် ၊ ပျော်လာသလိုလို ဖြစ်ပြန်သည် ။ ချစ်သူ ၏ အထိအတွေ့ ကိုလည်း တောင့်တ လာ၏ ။ ရိုက်နှက်ကန်ကျောက်ပစ်လိုက်ချင်ပြန်၏ ။
ယခုအချိန်၌ မနှင်းမေ သည် မနှင်းမေ ဆိုတာထက် ပို၍ ဘာမှ မဖြစ်တော့ပေ ။ မနှင်းမေ သည် အရွယ် ရောက်၍ ကိုယ်ခန္ဓာ အစိတ်အပိုင်း ပြည့်စုံသည့် မိန်းမတစ်ယောက် သာ ဖြစ်လေသည် ။ တတ်နိုင်သမျှ နားလည်သမျှ နှင့် ချစ်ခင်စွဲမက်တတ်သည့် စိတ် ရှိသည့် မိန်းမ တစ်ယောက် ဖြစ်လေ၏ ။
ပြတင်းပြင် မှာ မှောင်၏ ။ အားလုံး တိတ်ဆိတ်၏ ။ တံခါး ကိုလည်း ပိတ်ခဲ့ပြီ ။ နှင်း ရဲ့ ကို ၏ လက်တစ်ဖက်သည် မနှင်းမေ ၏ လည်ပင်း ကို ဖက်ထားသည်မှာ ပို၍ တင်းကျပ် လာသော်လည်း ကျန် လက်တစ်ဖက် က မူ မနှင်းမေ ၏ ကျောပြင် မှ အောက်သို့ တရွေ့ရွေ့ ဆင်း၍ သွားပေပြီ ။
▢ ကြည်အေး
📖 တာရာမဂ္ဂဇင်း
အတွဲ ( ၄ ) ၊ အမှတ် ( ၂၄ )
ဇန်နဝါရီ ၊ ၁၉၅၀
No comments:
Post a Comment