အခန်း ( ၂ )
ကျွန်တော်တို့ နေထိုင် ပညာသင်ကြား ခဲ့သော မြို့ကလေး ၏ အမည် မှာ ‘ စမ်းဝတီ ’ ဖြစ်ပါသည် ။
ထိုအချိန် ထိုအခါက ‘ နှလုံးလှ ’ အလွတ် ပညာသင်ကျောင်းကလေး မှာ စမ်းဝတီမြို့ကလေး ၏ တစ်ခုတည်းသော တက္ကသိုလ်ဝင်တန်းသားများ အတွက် မှီခို အားထားရာ ကျောင်းကလေး ဖြစ်ပါသည် ။
စမ်းဝတီမြို့ကလေး မှာ ထိုခေတ် လက်ထောက်မြို့ပိုင် ရုံးစိုက်ရာ မြို့ မပီ ရွာ မက သော မြို့ငယ်လေး ဖြစ်ပါသည် ။ စမ်းဝတီချောင်းကလေး က မြို့လယ် ကို ဖြတ်သန်း စီးဆင်းပြီး ၊ ထို ချောင်းကလေး သည် သမ္ဗန် ဖြင့် သွားပါက ပဲခူး သို့ ရေလမ်းဖြင့် နေ့ တစ်ဝက် ခရီး ပေါက်ပါသည် ။
စမ်းဝတီမြို့ မှ တစ်ခုတည်းသော မြေနီလမ်း ဖြင့် ညောင်လေးပင် မြို့ သို့ မြင်းလှည်း နှင့် တစ်နာရီ နီးပါး သွားရပါသည် ။ ပဲခူးရိုးမ တောင်ပေါ် မှ ဝါးခုတ်လုပ်ငန်း သည် လည်းကောင်း ၊ မြို့ကလေး ၏ ပတ်ဝန်းကျင် မှ လယ်ယာလုပ်ငန်းသည် လည်းကောင်း ၊ စမ်းဝတီမြို့ ကလေး ၏ အားထားမှီခိုရာ စီးပွားရေး အခြေအမြစ် ဖြစ်ပါသည် ။
မြို့၏ အရှေ့ပိုင်း နှင့် အနောက်ပိုင်း ကို တစ်ခုတည်းသော တံတား က စမ်းဝတီချောင်းကလေး ကို ဖြတ်၍ ဆက်သွယ် ထားပြီးလျှင် ထို တံတားလေး ၏ အနောက်ဘက် အရှေ့ဘက် တွင် မြို့လယ်လမ်းမကြီး တည်ရှိပါသည် ။
ယခုအခါ ထို ချောင်းကလေး အတွင်း တွင် ပဲ့ချိတ်စက်လှေ များဖြင့် စည်ကားလျက် ရှိသော်လည်း ၊ ကျွန်တော်တို့ ငယ်စဉ် အခါကမူ ၊ စပါးတင် သမ္ဗန်လှေများ နှင့် မြို့သို့ ဈေးသွား ဈေးလာ လှေငယ်များ သာ ရှိပါသည် ။ ထို စမ်း၀တီချောင်းကလေးသည် ကျွန်တော်တို့ ကလေးများ အတွက် စွဲမက် စိတ်ကူးယဉ်စရာ ဖြစ်ခဲ့ပါ၏ ။ ထို ချောင်းကလေး ၌ သီတင်းကျွတ် လပြည့်နေ့တိုင်း မြို့သူမြို့သားများ မြို့လုံးကျွတ် ဆီမီးခွက်များ ၊ ဆီမီး ဖောင်များ အပြိုင်အဆိုင် မျှောပွဲကို တခမ်းတနား ဆိုင်း ဗုံ တီးဝိုင်း အငြိမ့် တို့ဖြင့် စည်ကားစွာ ကျင်းပမြဲ ဖြစ်သည် ။
ချောင်းလယ် ရှိ ကရဝိက်ဖောင် ပေါ်တွင် မလေးခင် ၏ တစ်ပင်တိုင်ယိုးဒယားအက ကို ယနေ့တိုင် ကျွန်တော် မျက်လုံး က မထွက်သေးပါချေ ။ ထို ချောင်းကလေး အတွင်း၌ ပင် ဝါးဖောင် များ ပဲခူးချောင်း သို့ မျှောရန် ဆိုက်ကပ် ထားတတ်ရာ ကျွန်တော်တို့ ကလေး များ ထို ဖောင်များ ပေါ်မှ ခုန်ချ ကူးခတ်ရင်း ရေကူး တတ်ခဲ့ကြပါ၏ ။ ချောင်း ကို ဖြတ်ကူးထားသော တံတားခုံး ပေါ်တွင် ညအခါ လသာသာ ကျွန်တော် တို့ ကာလသား ဘဝ က တံတားလက်တန်း ပေါ် ထိုင်ကြရင်း ၊ ထွေရာလေးပါး စကားဝိုင်း ဖွဲ့ကြ တယောမယ်ဒလင် တို့ဖြင့် တီးမှုတ်သီဆို၍ ပျော်ရွှင်ခဲ့ကြပါ၏ ။
ထို တံတား ပေါ်မှ ညနေခင်း ခြေခင်းလက်ခင်း သာသော အချိန်မျိုး ဝယ် ကာလသားများ စုဝေးကာ ချောင်းကမ်းဘေး၌ အဝတ်လျှော် နေကြ သော ရေချိုး နေကြသော အပျိုတစ်သိုက် ကို ကသိုဏ်းရှုကြပါသည် ။ ထို တံတားဦး ထိပ်မှ စောင့်၍ မျိုးလွင် သည် မစမ်းရီ ကျောင်းအလာ ရည်းစား စာ အကြိမ်ကြိမ် ကြိုးစားပေးရင်း ယခုအခါ ဒေါက်တာမျိုးလွင် ဒေါက်တာ မစန်းရီ ဟူ၍ အကြင်လင်မယား ဖြစ်နေပါပြီ ။ ထို တံတား ပေါ်မှ မတင်မြိုင် ဆိုသူ အမျိုးသမီး တစ်ယောက် တစ်ခါတုန်းက ချောင်း ထဲ သို့ ခုန်ချသ,တ်သေ ခဲ့သော လွမ်းစရာ ပုံပြင်ဒဏ္ဍာရီ ကို ကျွန်တော်တို့ ကလေး ဘဝ က ညအခါ စုဝေး၍ ပြောမဆုံး နားထောင်မဆုံး ဖြစ်ခဲ့သည် ။ တံတားဦး ရှေ့ဘက်ထိပ် အကြော်ဆိုင် သည် ကျွန်တော်တို့ သူငယ်ချင်း တစ်သိုက် အကြေ တစ်ပွဲ နှင့် ရေနွေးကြမ်း တစ်ဝ ထိုင်သောက်ရာ ဆုံဆည်းရာ နေရာကလေး ဖြစ်ခဲ့ပါသည် ။ ယခုသော် ဤနေရာ တွင် စန္ဒာကဖီး က နေရာယူ ထားပြီး ယခု ကာလသား လူငယ်များ က လက်ဖက်ရည်စားပွဲ ဖြင့် စတီရီယို တေးသီချင်း ကို နားထောင် နေကြလေပြီ ။
ဤ တံတားပေါ်မှာပင် ဆရာကိုဖုန်းဝေ သည် ညပေါင်းများစွာ ၊ လရောင် ထိန်ထိန်အောက် ၌ ဂီတာ ကို ညလုံးပေါက် တီးခတ်ရင်း ၊ သူ ၏ ဝေဒနာ ကို ဖော်ကျူးခဲ့ပါ၏ ။ ဤသို့ ဆရာကိုဖုန်းဝေ ညလုံးပေါက် ဂီတာတီး ပြီ ဆိုပါက တံတားဦး အနောက်ဘက်ထိပ် ကျောင်းဝင်း အတွင်း မှ ဆရာမကြီး နေထိုင်ရာ အိမ်ကြီး တွင် ဆရာမကြီး အိပ်ခန်းသည် ညလုံးပေါက် မီးလင်း နေတတ်ပြီး ၊ နောက်နေ့များ တွင် ကျွန်တော်တို့ တပည့်များ အဖို့ ပြောစရာ ပုံပြင်တွေ အများကြီး ရလာတတ်ပါသည် ။ ထိုနေ့များ တွင်တော့ တင်မောင် ကို ဗဟိုပြု၍ ကျွန်တော်တို့ ယောက်ျားလေး တစ်သိုက် က စကားဝိုင်း တတ် သကဲ့သို့ ဆရာမကြီး ၏ တူမ မလေးခင် ၏ နံဘေးတွင် မိန်းကလေး တစ်သိုက် ဝိုင်း နေတတ်ပါသည် ။
စမ်းဝတီတံတား ၏ အနောက်ဘက်ထိပ် တွင် ကျွန်တော်တို့ ၏ ‘ နှလုံးလှ ’ အလွတ်ပညာသင်ကျောင်းဝင်း တည်ရှိပါသည် ။ ကျွန်တော်တို့ မြို့တွင် ၊ အစိုးရအလယ်တန်းကျောင်း တစ်ကျောင်း တည်း သာ ရှိသေးရာ ထို ကျောင်း မှ အလယ်တန်း အောင်မြင်သူ ကျောင်းသားများ မှာ ညောင်လေးပင် အစိုးရအထက်တန်းကျောင်း သို့ ဝေးလံစွာ သွားရောက် ပညာ သင်ကြားခဲ့ရ၏ ။ တစ်နေ့သော အခါတွင် တံတား ၏ အနောက်ဘက် ဆန်စက်ဝင်း ကို အမွေဆက်ခံ ရရှိသူ ဦးလှအောင် သည် အမြို့မြို့အနယ်နယ် ၌ ကျောင်းအုပ်ကြီး ဘဝ ဖြင့် အမှုထမ်း နေခဲ့ရာမှ အငြိမ်းစား ယူကာ မိမိ ၏ ဇာတိချက်မြှုပ် ဖြစ်ရာ စမ်းဝတီမြို့ သို့ ပြန်လည် ပြောင်းရွှေ့လာပြီး ၊ မိမိ ပိုင်ဆိုင်ရာ ဆန်စက် ဝင်း ကို အလွတ် ပညာသင်ကျောင်း အဖြစ် ဖန်တီး ပြောင်းလဲ လိုက်ပါသည် ။ ဆန်စက်ဝင်း တွင် ဆရာကြီးဦးလှအောင် နေသော အိမ် နှင့် ယခင် ဆန်စက် ရှိရာ အဆောက်အအုံ ကို စာသင်ကျောင်း အဖြစ် ပြုပြင်ပြောင်းလဲ လိုက်ပြီး ‘ နှလုံးလှ ’ ဟူသော ဆိုင်းဘုတ် ကို တပ်ဆင်ကာ အကြို တက္ကသိုလ်ဝင်တန်း နှင့် တက္ကသိုလ်ဝင်တန်း နှစ်တန်း ထားရှိကာ အလွတ် ပညာသင်ကျောင်း ကို တည်ထောင် လိုက်ပါသည် ။
ထိုအချိန်မှ စ၍ ကျွန်တော်တို့ မြို့မှ အလယ်တန်း အောင်မြင်သူများ သည် အခြား မြို့ကြီးများ သို့ တကူးတက သွားရောက်စရာ မလိုတော့ဘဲ ၊ အိုးမကွာ အိမ်မကွာ အကြိုနှင့် တက္ကသိုလ်ဝင်တန်း အတွက် အဆင်ပြေပြေ တက်ရောက် သင်ကြားလာနိုင်ကြပါသည် ။ ဆရာကြီး ဦးလှအောင် မှာ စာ သင်ကြားရာ၌ အလွန် နာမည်ရရှိ ခဲ့သူ ဖြစ်ပြီး ၊ ကျောင်းအုပ် ဘဝဖြင့် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့ရာ ကျောင်းဆရာသက် ရင့်သူ ဖြစ်သောကြောင့် မြို့မှ မိဘများ သည် ၎င်းတို့ ၏ သားသမီး များ အတွက် ဝမ်းသာခဲ့ကြရလေသည် ။ ဆရာကြီး ၏ သင်ကြားမှု ဂုဏ် သတင်း ကြောင့် အနီးအနား မြို့ကြီးများ မှပင် ဆရာကြီး ကျောင်းသို့ ကျောင်းအိပ်ကျောင်းစား လာရောက် သင်ကြားသူ တစတစ များလာခဲ့သည် ။
ကျွန်တော် အကြို တက္ကသိုလ်ဝင်တန်း သို့ တက်ရောက် သင်ကြား ပြီး ၊ စာမေးပွဲ ဖြေပြီးစတွင် ဆရာကြီး ဦးလှအောင် နှလုံးရောဂါဖြင့် ရုတ်တရက် ကွယ်လွန်အနိစ္စ ရောက်ပါသည် ။
ဤတွင် ရန်ကုန်တက္ကသိုလ် ဆရာဖြစ်သင်ကောလိပ်၌ တက်ရောက် သင်ကြား နေသော ဆရာကြီး ၏ တစ်ဦးတည်းသော သမီး ဖြစ်သူ နောင်တွင် ကျွန်တော် ၏ ဆရာမကြီး ဖြစ်လာမည့် ဒေါ်တင်တင်ဝေ သည် ကျွန်တော်တို့ မြို့ကလေး သို့ ပြန်လည် ရောက်ရှိ လာပါသည် ။
ဆရာမကြီး ဒေါ်တင်တင်ဝေ နှင့် အတူ နောင်အခါ ကျွန်တော်တို့ ၏ အချစ်ဆုံး ဆရာ ဖြစ်လာမည့် ဆရာကိုဖုန်းဝေ သည် တစ်ပါတည်း ပါလာလေ ရာ နောင်သောအခါ ကျွန်တော်တို့ အတွက် တသသ ပြောမဆုံးစရာ ဇာတ်လမ်း တစ်ပုဒ် ပေါ်ပေါက်၍ လာပါတော့သည် ။
▢ မောင်ကိုယု
📖 မနေ့က လရောင် အောက်မှာ
No comments:
Post a Comment