Friday, March 14, 2025

သရဲမ ပြလိုက်သော တရား


 

❝ သရဲမ ပြလိုက်သော တရား ❞
       ( ဝေယံလင်းခေါင် )

“ သားတို့ ကျောင်းသွား ကျောင်းပြန် ကို နင့် ဦးလေးလှ တို့ အိမ်နား က မသွား ကြနဲ့နော် ”

ကျွန်ုပ်တို့ ညီအစ်ကို သုံးယောက် ကျောင်း သွားခါနီး တစ်နေ့ တွင် အမေ က ထူးထူးခြားခြား စကား ဆိုသည် ။

“ ဘာဖြစ်လို့လဲ အမေ ”

ခါတိုင်း သွားနေကျလမ်း က မသွားရ ဆိုသဖြင့် ကိုကြီးထွန်း က အမေ့ ကို မေး၏ ။

“ နင်တို့ ကျောင်းသွား ကျောင်းပြန် ကို မြင်ရင် နင့် ဦးလေးလှ က သူ့ သား ကို ပိုပြီး သတိရ နေမှာ စိုးလို့ ။ မလေး က လည်း သားတို့ ကို မြင်တိုင်း သူ့ သား ကို သတိရလို့ ငိုချည်း နေတော့ အမေတို့ လည်း စိတ် မချမ်းသာဘူး ။ အဲဒါကြောင့် သားတို့ ကျောင်းသွား ကျောင်းပြန် ရင် ကန်ပြင်ဘက် ကပဲ လှည့်ပြန် ကြပါကွယ် ”

အမေ ပြောလိုက်မှ ကျွန်တော်တို့ ညီအစ်ကိုတွေ လည်း ကိုအောင်မြင့် ကို သတိရ သွားကြပြီး စိတ်မကောင်း ဖြစ်သွားကြသည် ။

ဦးလေးဖြူလှ နှင့် အဖေ က ညီအစ်ကို အရင်း ။ ဦးလေးဖြူလှ ၏ သား ကို အောင်မြင့် အသားဝါရောဂါ နှင့် ဆုံးပါးသွားသည် မှာ တစ်လကျော် လောက် ရှိပြီ ။

ကိုအောင်မြင့် မှာ ကိုကြီးထွန်း နှင့် အသက် အတူတူ ၊ ( ၁၆ ) နှစ်သား အရွယ် ဖြစ်သည် ။ ယခင်က ညီအစ်ကိုဝမ်းကွဲ တွေ မို့ ကိုအောင်မြင့် နှင့် ကျွန်တော် တို့မှာ ကျောင်းသွား ကျောင်းပြန် အတူတူ ။ ယခုတော့ ကိုအောင်မြင့် ဆုံးပါး သွားသည် မှာ တစ်လကျော် ရှိပြီ ။

တစ်ဦးတည်းသော သား ကို ဦးလေးဦးဖြူလှ နှင့် ဒေါ်လေးမ တို့ က မည်မျှ ချစ်ခဲ့ကြမည်ကို မိဘတိုင်း ခံစားသိရှိနိုင်ကြသည် ။ ကိုအောင်မြင့် သေဆုံး သွားသည်မှာ တစ်လကျော် ရှိပြီ ဖြစ်သော်လည်း ဒေါ်လေးမ သည် ကျွန်တော် တို့ ညီအစ်ကို ကို မြင်တိုင်း သူ့ သား ကို သတိရ၍ နေ့တိုင်း ငိုသည် ။ အထူးသဖြင့် ကျွန်တော်တို့ ညီအစ်ကိုတွေ ကျောင်းသွား ကျောင်းပြန် ချိန် ဆိုလျှင် ပို ဆိုးသည် ။

သို့သော် ဒေါ်လေးမ ငိုသည် က သူ့ အိမ်ထဲ၌ ကျိတ်ငို နေသဖြင့် ပြဿနာ မရှိ ။ ဦးလေးဖြူလှ လုပ်နေပုံ ကို တော့ ဆွေမျိုးတွေ နှင့် တကွ တစ်ရွာလုံး က ပင် ရူးသွားပြီ ဟု ပြောကြသည် ။ ဦးလေး ဦးဖြူလှ သည် ညနေတိုင်း သင်္ချိုင်းကုန်း ကို သွားပြီး သူ့ သား ကိုအောင်မြင့် အား အသက်ထင်ရှား ရှိစဉ်က ကိုအောင်မြင့် ကြိုက် တတ်သော မုန့်ပဲသရေစာ နှင့် ထမင်း သွားသွား ပို့ နေသည် မှာ တစ်လကျော် ရှိပြီ ။

သူ့ ယောက်ျား က သူ့ သား အတွက် ထမင်း သွားသွား ပို့နိုင်ရန် ဒေါ်လေးမ က လည်း သူ့ သား ကြိုက်တတ်သော အစားအစာများ ကို နေ့တိုင်း ချက်ပြုတ် ပေးနေသည် ။

သူတို့ လင်မယား ကို ဆွေမျိုးများ နှင့် တစ်ရွာလုံး က တရားချ ဖျောင်းဖျ ပြောဆို ကြသော်လည်း ဘယ်လိုမှ ပြောမရ ၊ ညနေကျလျှင် ဒေါ်လေးမ သူ့ သား အတွက် ချက်ပြုတ် ပေးထားသော ထမင်းဟင်း နှင့် မုန့်ပဲသရေစာ ငှက်ပျောသီး ၊ ပိန္နဲသီး က အစ ဦးလေးလှ က သင်္ချိုင်းကုန်း ကို သွားပြီး ကို အောင်မြင့် ကို အော် ခေါ်ကာ ထမင်း ကျွေးတတ်သည် ။

ဆွေမျိုးတွေ နှင့် တကွ တစ်ရွာလုံး တွင် ဩဇာ ရှိပြီး မောင်နှမများ ထဲ ၌ လည်း အကြီးဆုံး ဖြစ်သော အဖေ က ဦးလေးလှ ကို “ သင်္ချိုင်းကုန်း ကို သွားသွားပြီး ထမင်း ပို့ နေတာတော့ ဟုတ်ပါပြီ ။ မောင်အောင်မြင့် ကို သင်္ချိုင်းကုန်း မှာ မင်း တွေ့ခဲ့ရလို့လား ။ မင်း သွားပို့တဲ့ ထမင်းဟင်း ကိုကော မောင်အောင်မြင့် လာ စားတာ မင်း တွေ့လို့လား ” ဟု မေးသည် ။

“ သား သားကို သင်္ချိုင်း မှာတော့ တစ်နေ့မှ မတွေ့ပါဘူး အစ်ကို ။ ဒါပေမဲ့ ကျွန်တော် ညည အိပ် နေရင် သား က ကျွန်တော့် အနား လာပြီး သူ ကျောင်းနေ တုန်းက ကျောင်း အပြန်မှာ ပြောတတ်သလို ထမင်း ဆာတယ် အဖေ ရာ ဆို တဲ့ အသံ ကို ကျွန်တော့် နားထဲ ကြားကြား နေရသလိုပါပဲ အစ်ကိုရာ ”

ဦးလေးလှ က ငိုရှိုက်သံ နှင့် ပြောသည် ။

“ မင်းကွာ ရဟန်းဝတ် နဲ့ လည်း လေးငါးဝါ ထိ နေလာခဲ့ဖူးပြီ ။ ကျမ်းဂန်တွေ လည်း အစ်ကို တို့ ထက် သင်လာခဲ့ရသူပါ ။ တကယ်လို့ မင်း သား မကျွတ်မလွတ်ဘဲ ပြိတ္တာဘဝ ရောက်နေတယ် ပဲ ထားဦး ။ ဒီလို သွားသွား ပေးကျွေး နေလို့ကော မင်း သား မောင်အောင်မြင့် က စားရမှာတဲ့လား ။ အလှူပေး အမျှဝေ မှ သူတို့ ပြိတ္တာဘုံသားတွေ က စားကြ ၊ သောက် ကြရမှာ ။ မင်းတို့ ငါတို့ ပေးဝေတဲ့ ကုသိုလ်ဒါန အမျှအတန်း ကို ရမှ ကောင်း ရာ သုဂတိ ရောက်တတ်ကြတယ် ဆိုတာ ဆရာတော် လည်း ဟောပြုပြီး မင်း လည်း သိပါတယ် ။ ခု တို့ သားကြီး မောင်အောင်မြင့် အတွက် မင်း ကုသိုလ် လုပ် အမျှပေးဝေ နေတာလည်း တစ်လကျော် အတွင်း မှာ ကို သုံးလေးခါ ရှိနေပြီး အိမ် က အကောင်တွေနဲ့ မောင်အောင်မြင့် က အတူသွား အတူ ကျောင်းပြန် ဆိုတော့ ငါ့ သားတွေ ကို ငါ လည်း မေးကြည့်ပါတယ် ။ မောင်အောင်မြင့် နဲ့ ပတ်သက်လို့ ဘာမှ သံယဖြစ်စရာ သူတို့ မတွေ့ရပါဘူး ။ မမြင်ရပါဘူး ပြောကြတာပဲ ။ ညီအစ်ကို ဝမ်းကွဲတွေ ဆိုပေမယ့် အရင်း လို ချစ်ကြ တော့ တွေ့ရင် တွေ့တယ် ပြောကြမှာပေါ့ ။ ငါ့ ညီ အယူ မှားနေပြီ ။ မင်း သင်္ချိုင်းကုန်း သွားပြီး မောင်အောင်မြင့် ကို ညနေတိုင်း ထမင်း သွားသွား ကျွေးနေတာက အကြောင်း မဟုတ်ဘူး ။ အတော်ကြာ မိုးချုပ်နေဝင် သင်္ချိုင်းကု န်းက ရွာထဲ ဝင်လာတော့ မကောင်းဆိုးရွားတွေ ကပ်ပါလာတယ် ။ ဘာမယ် နဲ့ ရွာ က လူတွေ ကလည်း ငါ့ ကို ပြောလာကြတယ် ။ မင်း အယူ မမှားပါနဲ့ ။ သားကြီး မောင်အောင်မြင့် က ရှင် လည်း ပြုပြီးသားပါ ။ လိမ္မာယဉ်ကျေးတဲ့ ကလေး မို့ ကောင်းရာ သုဂတိ ရောက်ရမယ့် ကလေး ပါ ။ မင်း စိတ်ကို တရားနဲ့ ဖြေပါ ငါ့ညီ ”

အမှန် က အဖေ သာ မဟုတ် ။ ဦးလေးဖြူလှ ကို တစ်ဆွေလုံး တစ်မျိုးလုံး ၊ တစ်ရွာလုံး မ က ကျောင်းဆရာတော် ကပါ သိသွားပြီး ဘုရားရှင် လက်ထက် တော် အခါက ကိသာဂေါတမီ သား သေ၍ ဘုရား ဆီ တွင် ပြန်ရှင်ဆေး တောင်းရာ ဘုရားရှင် က ပြန်ရှင်ဆေး ဖော်ပေးရန် လူမသေဘူးသော အိမ် မှ မုန်ညင်းစေ့ တစ်လမယ် ရှာခိုင်းသော ပုံဝတ္ထု သာဓကတွေ နှင့် လည်း တရား ချ ဟောပြပြီးပြီ ။ သို့သော် ဘယ်လို ပြောပြော ဘယ်လူ ဟောဟော ဦးလေးဖြူလှ ကမူ သူ့ သား အသက်ထင်ရှား ရှိနေသေးသည် ဟုချည်း ထင်နေသလားမ သိ ။ ညနေ ကျလျှင် သူ့ သား အား ထမင်းဟင်း ပို့ရန် သင်္ချိုင်းကုန်း သို့ သွားပြီ ။

နောက်တော့ သူ့ ကို အားလုံးက သနား ကရုဏာ သက်စွာနှင့် ခွင့်လွှတ် ထားလိုက်ကြရသည် ။ အဖေ က လည်း “ အနာ တက်ခိုက် ဆေး မလိုက်ဘူးတဲ့ ဗျို့ ။ ဒီကောင် သူ့ သား အတွက် သိပ်ပြီး သောက ပရိဒေဝမီးတွေ တောက်လောင် နေတယ် ။ တောက်ပါစေ ၊ လောင်ပါစေဦး ၊ ကြာတော့မှ အချိန် ကာလက သူ့ ကို ကုစား သွားပါလိမ့်မယ် ” ဟု ခွင့်လွှတ် စကား ဆိုထားသည် ။

ထို့ကြောင့် ဦးလေးဖြူလှ နှင့် ပတ်သက်၍ မည်သူကမျှ မည်သို့မျှ မပြောကြတော့ ။ အရူး တစ်ယောက် အား ခွင့်လွှတ်ထား သလိုသာ ထားလိုက်ကြသည် ။

သည်လိုနှင့် တစ်နေ့ တွင် ရွာမြောက်ဖျား က နာတာရှည်ရောဂါ ဖြစ်နေ သော အသက် ခြောက်ဆယ်ကျော် အရွယ် ဒေါ်တရုတ်မ ဆုံးသွားသည် ။ ထုံးစံအတိုင်း သက်ပျောက်ဆွမ်းကျွေး ၍ ဗုဒ္ဓဘာသာ တို့ ၏ ထုံးတမ်းစဉ်လာ အရ ဒေါ်တရုတ်မ ကို သင်္ဂြိုဟ် ကြသည် ။ သပိတ်သွတ် ရက်လည် ဆွမ်းကျွေး ကြသည် ။ ထိုအချိန်ထိ ဦးလေးဖြူလှ က မူ သူ့ သား ကိုအောင်မြင့် ကို ညနေတိုင်း သင်္ချိုင်းကုန်း သွားပြီး ထမင်း သွားပို့ သွားကျွေး နေတုန်း ။

တစ်နေ့ ညနေ မှောင်ရီမပျိုလေး မှာ ဦးလေးဖြူလှ မျက်စိပျက် ၊ မျက်နှာပျက် နှင့် ကျွန်ုပ်တို့ အိမ်သို့ ပြေးဝင်လာသည် ။ ဝတ်လာသော လုံချည် မှာ နောက် ကာလာပြီး အင်္ကျီ တစ်ထည်လုံး မှာလည်း အစွန်းအထင်း အပေအရေတွေ နှင့် မို့ ကျွန်ုပ်တို့ တစ်အိမ်သားလုံး မှာ အံ့ဩစွာ နှင့် ဦးလေးဖြူလှ ကို ငေးကြည့် ကာ ကြောင် သွား၍ မေးမြန်းရန်ပင် သတိမရ ဖြစ်သွားကြသည် ။

ညနေစာ ထမင်းစား နေသော အဖေ ကတော့ သူ့ ညီ ဦးလေးဖြူလှ ကို တစ် ချက် လှမ်းကြည့်သည် ။ အမှန်က မေးနေစရာလည်း မလို ။ ဤအချိန် သည်
ဦးလေးဖြူလှ ကိုအောင်မြင့် အား ထမင်း သွား ကျွေးပြီး သင်္ချိုင်းကုန်း က ပြန် လာကြောင်း အားလုံး သိ နေကြသည် ။

ဦးလေးဖြူလှ သည် ထမင်းစား နေသော အဖေ့ အနား ပြူးတူးပြဲတဲ နှင့် တိုး ကပ် လာထိုင်သည် ။ ထူးထူးခြားခြား သူ့ အနား လာထိုင်သော ဦးလေးဖြူလှ ကို အဖေ က နှုတ် နှင့် မမေး ၊ ဘာလဲ ဟူသော သဘောနှင့် သာ မေး တစ်ချက် ဆတ်ပြ လိုက်သည် ။ ကျွန်ုပ်တို့ က မူ ရူးနေသော ဦးလေးဖြူလှ အဖေ့ ကို ဘာများ ပြောမည်နည်း ဟု စောင့်ကြည့် နေကြ၏ ။

“ ကျွန် ... ကျွန်တော် ကြောက်လိုက်တာ အစ်ကိုကြီး ရာ ”

“ ဟေ မင်း .. မင်း သင်္ချိုင်းကုန်း မှာ မောင်အောင်မြင့် ကို တွေ့ခဲ့ရပြီး ”

“ ဟာ သား မဟုတ်ပါဘူး အစ်ကို ရာ ၊ ခုလေးတင်ပဲ သား ကို ထမင်းသွား ကျွေးပြီး အပြန် မှာ မတရုတ်မ ရယ် ဗျာ ရွာထဲ လိုက်ပါရစေ ဆိုပြီး ကျွန်တော့် နောက် အတင်း ပြေးလိုက်လာလို့ မနည်း အလဲလဲ အပြိုပြိုနဲ့ လွတ်အောင် ပြေး ... ပြေးလာခဲ့ရတယ် ”

“ အေး ဟုတ်မယ် ၊ မတရုတ်မ သရဲ ဖြစ် နေတယ် ။ သူ့ လယ်ထဲက နွားတင်းကုပ် မှာ ညနေညနေ သူ့ နွားတွေ ကို လာလာ အစာ ကျွေးတယ် ၊ ခြောက်တယ်လို့ ငါ လည်း ပြောသံ ကြားတယ် ။ မင်း သင်္ချိုင်းကုန်း ကို ကြပ်ကြပ် သွား ၊ တစ်နေ့ ဒုက္ခ ရောက်လိမ့်မယ် ”

“ ကျွန်တော် နောက် မသွားတော့ပါဘူး အစ်ကိုကြီး ရာ ။ သားကြီး မောင်အောင်မြင့် သရဲတစ္ဆေ မဖြစ်ဘူး ဆိုတာ လည်း ကျွန်တော် ယုံကြည် သွားပါ ပြီ ။ တကယ်လို့ သား သာ သရဲတစ္ဆေ ဖြစ်နေခဲ့ရင် ကျွန်တော် နေ့တိုင်း သင်္ချိုင်းကုန်း မှာ ထမင်း သွား ကျွေးနေတာ ကိုယ်ထင် ပြ မှာပေါ့ ။ တွေ့ရမှာပေါ့ ။ ခု မတရုတ်မ သေတာ ဘာ ကြာသေးလို့လဲ ၊ ခုလေးတင် ကျွန်တော် တွေ့လာခဲ့ပြီ ”

“ အေးပေါ့ကွ ၊ တို့ သားကြီး က ရှင် လည်း ပြုပြီးသား ။ မင်း လုပ်တဲ့ အလှူဒါန က လည်း နည်းနည်းနောနော လား ။ ဘယ် သရဲတစ္ဆေ ဘဝ ရောက်ရမှာလဲ ကောင်းရာ သုဂတိ ပဲ ရောက်ရမှာပေါ့ ။ တကယ်လို့ တို့သား ကြီး နတ်ပြည်နတ်ရပ် မှာ သာ ဖြစ်နေခဲ့ရင်တော့ မင်း အရူးထ နေတာ ကို ကြည့်တောင် ရယ်နေမလား မသိဘူးဟ ”

ဦးလေးလှ ရှက်ရှက် နှင့် ခေါင်းငုံ့ ပြန်သွားသောအခါ အဖေ က

“ ကျောင်း က ဆရာတော် ကိသာဂေါတမီ ပုံဝတ္ထု နဲ့ တောင် တရားပြ မရတဲ့ အကောင် ။ ခုတော့ မတရုတ်မ သရဲ တရားပြ လိုက်တော့မှ ချက်ချင်း ကျွတ်တမ်းဝင်တော့တယ် ” ဟု မှတ်ချက် ချလိုက် လေသည် ။

▣ ဝေယံလင်းခေါင်
📖 သူတော်ငတေ နှင့် ကျောက်ဖားမြည်သံ

No comments:

Post a Comment