❝ စာရေးဆရာ နှင့် ရုပ်ရှင်မင်းသား ❞
တစ်နေ့သ၌ ကျွန်ုပ် ထံသို့ ရုပ်ရှင်မင်းသား ကိုတက်ပု တစ်ယောက် ရောက် ရှိလာလေသည် ။
ကျွန်ုပ် သည် စာရေးခြင်း အလုပ်ဖြင့် အသက်မွေးသူ ဖြစ်သည့် အလျောက် အချိန်အား ရလျှင် ရသလို စဉ်းစားတွေးခေါ် နေတတ်သူ ဖြစ် လေရာ ထို နံနက်ခင်း ကလည်း အိမ်ရှေ့ ဝရန်တာတွင် ဆေးတံတစ်ဆုံ ခဲလျက် သြကာသ လောကကြီး အား ငေးမောရင်း တောင်ရောက် မြောက်ရောက် အတွေး ဆန့်လျက် ရှိပေ၏ ။
သို့တည်း မဟုတ်လည်း စာရေးဆရာ တို့ ထုံးစံအတိုင်း အပျင်းထူ လျှင် ထူသည် မပြောဘဲ စဉ်းစားနေခြင်းသာ ဖြစ်သည်ဟူ၍ အကြောင်း ပြခြင်းလည်း ဖြစ်တန်ရာပေသည် ။
မည်သို့ပင်ဖြစ်စေ ကျွန်ုပ် ၏ အိမ်ရှေ့သို့ မာဇဒါလေးဘီးကား အပြာကလေး တစ်စီး စောစောစီးစီး လာရပ်သည် ။ တော်ရုံတန်ရုံကိစ္စ အပေါ်ယိက ဖြင့် လာအပ်သော ဧည့်သည် မဟုတ်ဘဲ အရေး အတန်ငယ် ကြီးသဖြင့်သာ မတတ်သာ၍ လာရသော ဧည့်သည် ဖြစ်ရမည် ဟု သဘော ပေါက်မိသည်နှင့် ခရီးဦးကြို ပြုရန် ပက်လက်ကုလားထိုင် မှ ထခဲ့လေသည် ။ ကားပြာကလေး အနီးသို့ ရောက်လျှင် ကားပေါ် မှ ကသော ကမျော ဆင်းလာသော ရုပ်ရှင်မင်းသား ကိုတက်ပု ကို တွေ့ရသည်နှင့် ဟဲလို .. မင်းသားကြီး ၊ စောစောစီးစီးပါကလား ဟု နှုတ်ဆက်ရင်း ကား အတွင်းသို့ မျက်လုံး တစ်ချက် ဝေ့လိုက်မိရာ အသက်အရွယ် ဆယ့်ခြောက်နှစ် ခန့်မျှသာ ရှိဦးမည် ထင်ရသော မိန်းမပျိုကလေး တစ်ဦး ခပ်ရို့ရို့က ကလေး ထိုင်နေသည်ကို ဂရုပြုလိုက်မိလေသည် ။
“ဒါ ကျွန်တော့်ရဲ့ ဟဲဟဲ …. မိန်းကလေး မိတ်ဆွေ ရိုစီထွန်း ပါ ပဲ”
ကျွန်ုပ်က အသိအမှတ် ပြုသော သဘောမျိုးဖြင့် ပြုံးပြရင်း မိန်းမပျို ကို ဒုတိယအကြိမ် အကဲခတ် လိုက်ရာ ရုပ်ရှင်မင်းသား နှင့် သူတို့၏ အချစ်တော်များ အကြောင်းကို အတန်အသင့် တီးခေါက်မိထားသူ ဖြစ်သည့် အတိုင်း ကျွန်ုပ် ၏ ပူပန်စိတ် ကို ဖြေရင်း ကမ္မသကာ သဘော ထားလိုက်ရ လေသည် ။
ရုပ်ရှင်လောက တွင် မင်းသား နှင့် သူ ၏ အချစ်တော် ၊ မင်းသမီး နှင့် သူ၏ အချစ်တော် ဟူ၍ အချစ်တော်ပုံ ဇာတ်များ ကြိုကြားကြိုကြား ရှိနေတတ်ပေရာ ရှုပ်ရှုပ်ယှက်ယှက် မလုပ်တတ်ကြသော အနုပညာသည် မင်းသား ၊ မင်းသမီးများ လည်း ကြားချောင် နာမည် ပျက်ကြရသည် ကို ကျွန်ုပ် ရင်နာမိပေသည် ။
မည်သို့ပင် ဖြစ်စေ ကိုယ့် ဘဝ ၊ ကိုယ့် ဓလေ့ ၊ ကိုယ့် ပတ်ဝန်းကျင် နှင့် ကို ဖြစ်ပျက်သော သဘောသဘာဝ ကို ကျွန်ုပ် ကကော ဘာများ တတ် နိုင်ပါမည်နည်း ။
°°°°° °°°°° °°°°°
ကိုတက်ပု ကျွန်ုပ် ထံသို့ ရောက်ရှိ လာရခြင်း အကြောင်း မှာ ကျွန်ုပ် ကိုယ်တိုင် ရေးသော “ ဆင့်အမြီး ခွေးမျှော် ” ဝတ္ထု ကို ရုပ်ရှင် ရိုက်ကူး ရန် လာရောက် ကမ်းလှမ်းခြင်း ကိစ္စ ဖြစ်လေသည် ။
နုပ် ။ ။ ကျုပ် ဇာတ်လမ်း က ဇာတ်သိမ်းပိုင်း မှာ လူကြမ်း ဟာ မင်းသမီး ကို မတရား ကြံစည်ပြီး ရက်ရက်စက်စက် သ,တ်ပစ်တာဗျ ။ ရိုက်ကူးခွင့် ရပါ့မလား ။
ပု ။ ။ ဒါဆိုရင်လည်း အဲဒီ အခန်း ကို ဖြုတ် ပစ် လိုက်ရင်ကော ဆရာရဲ့”
နုပ် ။ ။ ဟာ ... ဘယ့်နှယ့်ဖြစ်မတုံး ၊ ဒါက ဇာတ် ရဲ့ အသက်ပဲ ၊ ဒါ မပါရင် ဇာတ်သွား ပျက်ကရောပေါ့ ။
ပု ။ ။ ဒါဆိုရင်လည်း ဇာတ်လမ်း တင် ကြည့်ကြသေးတာပေါ့ဗျာ ။
နုပ် ။ ။သဘောပဲဗျာ ၊ ကျုပ် အနေနဲ့ကတော့ စာရေးဆရာ လုပ်စား နေတော့ကာ စာရေးခ အခကြေးငွေ ရရင် ပြီးရောလို့သာ မှတ်ပါ ။
ပု ။ ။ စိတ်ချပါ ဆရာရဲ့ ၊ ကျွန်တော်တို့ ဇာတ်လမ်း တင်လို့သာ ကျလာခဲ့ရင်တော့ ဆရာ့ ကို ဉာဏ်ပူဇော်ခ ။
နုပ် ။ ။ ( ကြားဖြတ်၍ ) ကျုပ် အနေနဲ့ ကတော့ ဝတ္ထုစာမူ တစ်ပုဒ် အတွက် ရုပ်ရှင် ရိုက်ချင်ရင် ကျပ် တစ်သောင်းတိတိ ရမှပဲ ဖြစ်ပါလိမ့် မယ် ကိုတက်ပု ။
ပု ။ ။ ဟာ ... ဆရာ ကလည်း ကျွန်တော် က ဒီ အထာတွေ သိပြီးသား ပါ ၊ ဝတ္ထု တွင် မကဘူး ၊ ဖြစ်နိုင်ရင် ဆရာ ကိုယ်တိုင် ဇာတ်ညွှန်း ရေးပေးစေချင်ပါတယ် ၊ ဇာတ်ညွှန်းခ ပါ အပါအဝင် တစ်သောင်းငါးထောင် ယူပါ ဆရာ ရဲ့ ။
နုပ် ။ ။ ဒါက ဒီလို ရှိပါတယ် ကိုတက်ပု ၊ ကိုယ့် ဝတ္ထု ကိုယ် ပြန်ပြီး ဇာတ်ညွှန်း ရေးတဲ့ အလုပ် ကျုပ် မလုပ်ချင်လှဘူး ၊ သည်တော့ ဇာတ်ညွှန်း ကို တစ်ယောက် ယောက်ဆီ အပ်ပါလား ။
ပု ။ ။ ဖြစ်ပါတယ်လေ ၊ ဒါပေမဲ့ တစ်ခုတော့ ပြောပါရစေဦး ဆရာ ။
နုပ် ။ ။ ဘာများတုံးဗျ ။
ပု ။ ။ ဖြစ်နိုင်ရင် အဲဒီ ဇာတ်ကား ရိုက်တဲ့အခါ ဆရာ့ အနေနဲ့ တစ် နေရာရာ ၊ တစ်ခန်းခန်း က ဝင်ပြီး ပါစေချင်တာပါပဲ ။
နုပ် ။ ။ ( အားရပါးရ ရယ်မောလျက် ) အိုင်ဆေး ၊ ဒါတော့ ဆောရီးပဲ ကိုတက်ပု ရေ ၊ ကျုပ် က စာရေးဆရာ ပါဗျ ၊ သရုပ်ဆောင်ဖို့ ဆိုတာ ကျုပ် မတတ်နိုင်တဲ့ ကိစ္စပါ ။
ပု ။ ။ ဟာ… ဆရာ ကလည်း ဆရာဦးအောင်ပြည့် တို့ တောင် မှ ဝတ္ထု ရုပ်ရှင် ရိုက်တဲ့ အခါ ကိုယ်တိုင် ပါဝင်သေးတာပဲ ။
နုပ် ။ ။ ဒါကတော့ သူတို့က လူချော လူခန့် တွေ ကိုးဗျ ၊ ကျုပ်က ။
ပု ။ ။ ကဲပါ ... ဆရာရယ် ၊ ဆရာ စိတ်မပါလည်း ပြီးရော လို့သာ မှတ် ပေါ့ ၊ အရေးကြီးတာ က ဆရာ့ ဇာတ်လမ်း ကို ရုပ်ရှင်ရိုက်ခွင့် ရဖို့ပါပဲ ။
နုပ် ။ ။ ဒါနဲ့ နေစမ်းပါဦးဗျ ၊ ကိုတက်ပု တို့ ကုမ္ပဏီ မှာ လောလော ဆယ် ဘာ ရုပ်ရှင်များ ရိုက်ကူးနေတုံး ။
ပု ။ ။ ရှေးစာဆိုတော်ကြီး ဦးငြိမ်းကျော် ရဲ့ “ ခုတော့လည်း လင်မယား လိုပါပဲလား ” ဆိုတဲ့ ဝတ္ထု ကို ရိုက်နေတယ်လေ ။
နုပ် ။ ။ ဟာ ... ဒီလောက် ရှားပါးတဲ့ ဝတ္ထုကြီး ကို ခင်ဗျားတို့ က ဘယ် လိုများ ရလိုက်တာတုံး ။
ပု ။ ။ ဟာ... ဆရာကြီး ဦးငြိမ်းကျော် ရဲ့ မြေးမြစ်တွေ ဟာ ကျွန်တော် နဲ့ ညီအစ်ကို လို နေကြတာကလား ။
နုပ် ။ ။ ဒါဖြင့်လည်း ကောင်းပါလေ ကိုတက်ပု ရယ် ။
°°°°° °°°°° °°°°°
ကျွန်ုပ် နှင့် ကိုတက်ပု တို့၏ လုပ်ခန်းကိုင်ခန်း ကိစ္စရပ်များ သည် ဤမျှနှင့်ပင် ဆုံးခန်းတိုင်ခဲ့ ပါလေ၏ ။
သို့ရာတွင် ။
ကိစ္စဝိစ္စများ ပြီးဆုံးသဖြင့် ပြန်တော့မည် အပြုတွင် ကိုတက်ပု သည် ကျွန်ုပ် အား ထူးဆန်းသော စကား တစ်ခွန်း ကို ဆိုလေသည် ။ ထို စကား ကို ပြောဆိုရာ၌ ကိုတက်ပု သည် ရယ်ရွှန်းဖတ်ရွှန်း ပြောဆိုခြင်း ဖြစ်လေရာ ကျွန်ုပ် မှာ အောင့်သက်သက်ကြီး ဖြစ်သွားရလေတော့သည် ။
ပု ။ ။ ဟဲ ...ဟဲ ... အိုင်ဆေးဆရာ ဆရာ က စာရေးဆရာ ဆိုတော့ မေးစရာလေး တစ်ခု မေးပါရစေ ။
နုပ် ။ ။ မေးပေါ့ဗျာ ။
ပု ။ ။ ဘဝ ဆိုတာ ဘာလဲဗျ ။
နုပ် ။ ။ ( အတန်ကြာ စဉ်းစားပြီး ) ဘယ် သိမလဲ ကိုတက်ပုရဲ့ ။
ပု ။ ။ စာရေးဆရာ ပဲဟာ သိရမှာပေါ့ ၊ ပြီးတော့ကာ ဆရာ ဟာ ဘဝ သရုပ်ဖော် စာရေးဆရာ မဟုတ်ဘူးလား ။
နုပ် ။ ။ ဟုတ်တော့ ဟုတ်ပါရဲ့ လေ ၊ သို့ပေတဲ့ ကျုပ် သဘော ပြောရ ရင်တော့ ကျုပ် ဟာ ဘဝအကြောင်း မသိလို့သာ ပေါက် တတ်ကရတွေ ရေးနေတာဗျ ၊ သိရင် မရေးတော့ဘူး ။
ပု ။ ။ ဗျာ .. ဘယ့်နှယ် ဆရာရယ် ။
နုပ် ။ ။ ဟုတ်ပါတယ် ၊ မသိတဲ့ လူတွေ သာ ပြောတာ ၊ သိတဲ့ လူ က မပြောဘူး ။
ကျွန်ုပ် ဆိုလိုသည်ကို ရုပ်ရှင်မင်းသား ကိုတက်ပု တစ်ယောက် သဘောပေါက်ပုံ မရပေ ။
သို့ရာတွင် စာရေးဆရာ ရင့်မာကြီး တစ်ယောက် ဖြစ်သော ကျွန်ုပ် အား အလွန် အံ့အားသင့် သွားစေသော စကား ကို ကိုတက်ပု က ဆက်ပြန်ရာတွင် -
ပု ။ ။ ကျွန်တော့် အနေနဲ့ ပြောရရင်တော့ ဘဝ ဆိုတာ မိန်းမ နှစ်ယောက် ရဖူးဖို့ပါပဲ ဆရာရယ် ။
နုပ် ။ ။ ဗျာ ...ဘယ့်နှယ် ။
ပု ။ ။ ဟုတ်ပါတယ် ဆရာ ၊ ဘဝ ဆိုတာ မိန်းမ တစ်ယောက်ပြီး တစ်ယောက် ပြောင်း ယူဖူးခြင်း လို့ ယုံကြည်တာပါပဲ ၊ အခု ကျွန်တော့် ကားလေး ပေါ်မှာ ပါလာတဲ့ ကလေးမ နဲ့ မကြာခင် လက်ထပ်ကြ မလို့လေ ။ .
နုပ် ။ ။ ( သူ၏ ပထမဇနီး ကျွန်ုပ် ၏ သူငယ်ချင်း ကို သတိရလျက် ) ဟင် .…. အနို့ဖြင့် အိမ် က မထွေးလေး ကကော ဘယ့်နှယ်လုပ် မလဲ ။
ပု ။ ။ ( စိတ် မကောင်းချင် ယောင် ဆောင်လျက် ) ဒါကတော့ ဆန်ကုန် စား ကံကုန် သွားလဗျာ ။
ကျွန်ုပ် မှာ ငိုအားထက် ရယ်အားသန် ဆိုသလိုပင် ဖြစ်ရသေးတော့ သည် ။ စကားပုံ ကို လည်း ခိုင်းနှိုင်းချင်သေး၏ ။ သုံးလည်း မသုံးတတ် ။ အချိုးအဆစ် လည်း မပြေ ။ ပြီးတော့လည်း အမှားမှား အယွင်းယွင်း ဖြစ် နေသည် ။
နုပ် ။ ။ ( အောင့်အည်း နေ၍ မရတော့သဖြင့် ) အိုင်ဆေး ...ဆန်ဆုံစား
ကံကုန်သွား ပါ ကိုတက်ပု ရယ် ။
ပု ။ ။ ဆောရီး .. ဆောရီး ၊ အဲဒီလိုပေါ့ ။
နုပ် ။ ။ အိုင်ဆေး ကိုတက်ပု ၊ အိမ်ထောင်မှု ဘုရားတည် ၊ ဆေးမင် ရည်စုတ်ထိုး လို့ ဆိုရိုး ရှိတယ် မဟုတ်လား ၊ ခိုင်မာပြီးသား အိမ်ထောင် တစ်ခု ကိုတော့ မဖျက်ဆီးစေချင်ဘူးဗျာ ၊ ကျုပ် က စေတနာနဲ့ ပြောတာပါ ။ ပြီးတော့ မထွေးလေး မှာ ဘာအပြစ် ရှိလို့လဲ ။
ပု ။ ။ သူ့ မှာလည်း အပြစ် မရှိပါဘူး ဆရာ ၊ သို့ပေမဲ့ စောစောက ပြောသလိုပဲ သူ နဲ့ ကျွန်တော် ဟာ ဒီဘဝ ဒီမျှသာ ဆိုသလို ကံကုန်သွားပြီ လို့သာ မှတ်ပါရော့ ၊ အကြောင်း ကြောင်းကြောင့် ပေါ့လေ ။
မိမိ ဘာသာ မိမိ စိတ် အပြောင်းအလွဲ ဖြစ်ပြီး အသစ် ရှာခြင်းကိုပင် ဘဝတွေ ဘဝက်တွေ နှင့် အကြောင်း ပြနေပြီဟု ကျွန်ုပ် နားလည်လိုက် လေသည် ။
ကိုတက်ပု သည် ကျွန်ုပ် ၏ ခေါင်းပေါ်မှ ကျော်၍ အဝေး တစ်နေရာ သို့ ငေးမောရင်း အလွန် စိတ်ပင်ပန်း ဆင်းရဲသွားဟန် ( ရုပ်ရှင်မင်းသား ပီပီ ) ပြုလျက် -
“ ဆရာရယ် နောက် တစ်ကြောင်း က ခု ကျွန်တော် ယူမယ့် ကားထဲ က ကောင်မလေး နဲ့ ကျွန်တော် နဲ့ က မရိုမသေ့ စကား ငြိစွန်းခဲ့မိကြလို့ပါ ။ သည်တော့လည်း သူများ သားသမီး ကို ကျွန်တော် ပစ်မှားမိတဲ့ အတွက် တာဝန် ယူရတော့မှာပေါ့ ”
ကျွန်ုပ် သည် စာရေးဆရာ ပီပီ စကားကို ဒက်ခနဲ ပြောလိုက်ချင် သော်လည်း မိတ်ဆွေဟောင်း တို့ ဝတ္တရား အတိုင်း ဆိတ်ဆိတ် နေရင်းသာ အလို လိုက်ပြီး ငြိမ်သက် နေလိုက်ရပါတော့သည် ။
တကယ်တော့မူ ကျွန်ုပ် သည် သူ့ အား စကား တစ်ခွန်း ပြောလိုက် ချင်ပါသည် ။
“ ခု ခင်ဗျား ယူထားတဲ့ မယားကြီး ကကော သူများ သားသမီး မဟုတ်လို့ အင်္ဂါဂြိုဟ် က ကျလာတဲ့ လူလားဗျ ” ဟူ၍ ဖြစ်ပါသတည်း ။
ကိုတက်ပု ကျွန်ုပ် ထံမှ ဝတ္ထု လာဝယ်ပြီး လေးလမျှ ကြာသောအခါ ကျွန်ုပ် ထံသို့ အိန္ဒိယအမျိုးသား လူငယ်ကလေး စက်ဘီး တစ်စီး ဖြင့် ရောက်လာပြီး စာအိတ် ပိတ်ထားသော စာ တစ်စောင် ကို ပေး လေသည် ။ ကျွန်ုပ် သည် ကု,လားလေးအား လက်ဖက်ရည်ဖိုး တစ်ကျပ် ပေးလိုက်ပြီး စာအိတ် ကို ဖွင့်လိုက်သည် တွင် -
ဆရာ ခင်ဗျား -
ဆရာ ၏ “ ဆင်အမြီး ခွေးမျှော် ” ဝတ္ထု ကို ဇာတ်လမ်းစိစစ်ရေး သို့ တင်ပြလိုက်ရာတွင် ခြွင်းချက်ဖြင့် ရိုက်ကူးခွင့် ရပြီ ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည် ။
ကျွန်တော် မှာ ယခင်က ရှိရင်းစွဲ လိပ်ခေါင်းရောဂါ ပြန် ထလာ လို့ ကိုယ်တိုင် လာရောက်ခြင်း မပြုနိုင်သည် ကို ခွင့်လွှတ်ပါ ခင်ဗျား ။
လေးစားစွာဖြင့်
မောင်တက်ပု ( ရုပ်ရှင်မင်းသား )
အမှန်ကို ဝန်ခံရမည် ဆိုလျှင် ကျွန်ုပ် ရေးခဲ့ဖူး သမျှသော ဝတ္ထုများ ထဲတွင် ယခုကဲ့သို့ ရုပ်ရှင်ရိုက်ခွင့် ပါမစ် ရရှိသည်မှာ သည် တစ်ကြိမ်သာ ဖြစ်ရာ ကျွန်ုပ် မှာ ဝမ်းသာအူမြူး မိသည်ကိုတော့ ဝန်ခံရပေမည် ။
ထို့ကြောင့်ပင်လျှင် ကိုတက်ပု အိမ်သို့ ကိုယ်တိုင် လိုက်သွားရန် ဆုံးဖြတ်လိုက်ရတော့သည် ။ နောက်တစ်ကြောင်း မှာလည်း ကိုတက်ပု လိပ်ခေါင်းရောဂါ ပြန် ထနေသည် ဆိုသဖြင့် လူနာမေး သဘောလည်း ပါပါသေးသည် ။
ကိုတက်ပု နေထိုင်ရာ ရန်ကုန်မြို့ ၊ အမှတ် ( ၁၅၀၀ ) သို့ ကျွန်ုပ် ရောက်ရှိသော အချိန်အခါ ကျမှ ကျွန်ုပ် အမှား ကို ကျွန်ုပ် ကောင်းစွာ သတိထား လိုက်မိပေတော့သည် ။
ကျွန်ုပ် ရောက်လာသည် ဆိုလျှင်ပင် အူယားဖားယား ပြေးလာ သော မထွေးလေး ( ကိုတက်ပု ၏ ဇနီး ) က ဆီးကြိုနှုတ်ဆက်ရင်း သံတံခါး ကို ဖွင့်ပေး လေသည် ။
ကျွန်ုပ် လည်း အားရဝမ်းသာ ပင် နှုတ်ဆက်ကလူ ပြုလျက် ( သူတို့ ၏ အိမ်ထောင်ရေး ပြဿနာ ကို မေ့လျော့ နေပါသည် ) ဟဲလို ... မထွေး နေ ကောင်းတယ်နော် ၊ ဝလို့ပါလား ၊ မျက်နှာကြီး ကို အစ် လို့ ဟူ၍ နှုတ်ဆက် လိုက်ရာ ဆိုင်းမဆင့် ဗုံမဆင့် ဆိုသလို မထွေးလေး ခမျာ အိမ်ပေါက်ဝ တွင်ပင် ဆောင့်ကြောင့် ထိုင်လျက် ချုံးချ ငိုကြွေး ပါလေတော့သည် ။
ပထမတွင် ကျွန်ုပ် မှာ အံ့အားကြီး သင့်လျက် ငေါင်စီစီ ဖြစ်သွားရ သော်လည်း တဖြည်းဖြည်း စဉ်းစားလိုက်သောအခါကျမှ ကိုတက်ပု တစ်ယောက် ဟိုတစ်လောက ကျွန်ုပ်ထံ ခေါ်လာသော မိန်းမပျိုကလေး နှင့် အကြောင်းပါသွားပြီ ဆိုသည်ကို သတိ ရမိလေတော့သည် ။
“ခု သူ ဒီမှာ မနေတော့ပါဘူး ဆရာရယ် ၊ ကျွန်မ နဲ့ သားလေး ကို ပစ်ထားခဲ့ပြီး သူတို့ ရုပ်ရှင်ကုမ္ပဏီခြံကြီး ထဲက သူ့ အဘိုး အမွေ ပေးခဲ့တဲ့ မြေကွက်တစ်ခု မှာ အိမ်တစ်လုံး ဆောက်ပြီး ဟိုကောင်မ နဲ့ နေနေလေရဲ့ ၊ ကျွန်မ မှာ သာ ဟီး ... ဟီး ...” ဟူ၍ နှုတ်မှ တတွတ်တွတ် ပြောဆိုရင်း ကျွန်ုပ် ကို နှုတ်ဆက် ခွန်းခြွေလေရာ ကျွန်ုပ်မှာ ငယ်စဉ် ကျွန်ုပ် အဘိုး သေဆုံးစဉ်လို ငိုရ မလို ရယ်ရ မလို ဘယ်လိုကြီးမှန်း မသိ ဖြစ်ရလေတော့သည် ။
ထို့နောက်တွင်ကား ကိုတက်ပု ၏ ဇနီး ( ကျွန်ုပ် ၏ သူငယ်ချင်း ) မထွေးလေး ၏ ငိုယို တိုင်တန်းခြင်း ၊ အလွမ်းသယ်ခြင်း ၊ ဖြစ်ကြောင်းကုန်စင် ခြင်း စသော မိန်းမတို့ ၏ ဓမ္မတာ လင်ပျောက် ကိုညရှာသော စကားများ ကို စိတ်ပျက်လက်ပျက် နားထောင် နေရသည်မှာ တစ်နာရီသာသာ ကြာ သွား ခဲ့ရလေသည် ။
ကျွန်ုပ် မှာလည်း တစ်ကိုယ်တည်း လူပျိုကြီး သမား မို့ လူမှုရေးကိစ္စ ဗာဟီရများ ၊ အထူးသဖြင့် အိမ်ထောင်သားမွေးခြင်း ကိစ္စများ ၌ မကျွမ်း အ ကျင်ရလေရာ မထွေးလေး ပြောသမျှ ကိုသာ ခေါင်းတညိတ်ညိတ် နား ဆောင်နေရသည်၌ ဇက်ကြောများ လေးလံပြီး ခေါင်းကိုက် ရလေတော့သည် ။
မိန်းမ များစွာတို့၏ သဘာဝ အတိုင်း တစ်စုံတစ်ရာ ပြဿနာ ကြုံ လာလျှင် မျက်ရည် ကို ရှေ့တန်းတင်ပြီး အားကိုးရာ ဟု ထင်ရသော လူ ကို တိုင်တည် တတ်ကြမှန်း ကို သိသဖြင့်လည်း ကျွန်ုပ်မှာ မိတ်ဆွေကောင်းတို့ ဝတ္တရားအတိုင်း အောင့်အည်း သည်းညည်းခံ နားထောင် နေရပေသည် ။
မိမိ ကျန်းမာရေး ကိုပင် ထိခိုက်နိုင်လောက်သော အခြေအနေ ထိ သည်းညည်းခံ နားထောင်ပြီး ကာမှ “ကျွန်တော် လည်း ကြည့်ရှုပြီး ပြောပါ ဦးမယ်ဗျာ” ဟု ပဋိသန္ဓာ ပြောဆိုပြီး မထွေးလေး အိမ် မှ ပြန်ခဲ့ရ လေတော့သည် ။
°°°°° °°°°° °°°°°
ကျွန်ုပ် တွင် ငယ်စဉ် ကတည်းက အလေ့အကျင့် တစ်ခု ရှိခဲ့သည် မှာ ဒုက္ခ တစ်စုံတစ်ရာ ခံစားရတော့မည် ဆိုလျှင် တစ်ကြိမ်တည်း တစ်ပြိုင်နက်တည်း မှာပင် စုပြုံခံစားလိုက်ချင်သည် ။ ဒုက္ခ ကို တစ်နေ့တစ်မျိုး အလီလီ မခံစားလိုလှပေ ။
ထို့ကြောင့်ပင် မထွေးလေး ထံမှ အပြန်တွင် ကိုတက်ပု ရှိရာ ရုပ်ရှင် ခြံသို့ ဒါရိုက် လိုက် သွားပါသည် ။
ကိုတက်ပု ထံသို့ ရောက်လျှင် မထွေးလေး ပြောသော စကားများ နှင့် ဖီလာဆန့်ကျင်သည့် စကားများကို နားမဆံ့အောင် ကြားရဦးမည် ဟူ၍ကား ကျွန်ုပ် သဘောပေါက် ထားပါပေသည် ။
ကိုတက်ပု တို့ ရုပ်ရှင်ခြံ အတွင်း သို့ ရောက်လျှင် ကိုတက်ပု ၏ အိမ် ကို ကလေးငယ် တစ်ယောက် က လိုက်လံ ပြသပါလေသည် ။ နှစ်ထပ် အိမ် တစ်လုံးဖြစ်ပြီး ဆောက်လက်စ တန်းလန်း ဖြစ်၏ ။ အိမ် ကို ကြည့်ပြီး ဪ ... သူတို့ အိမ်ထောင်ရေး ဟာလည်း စတုန်း ရှိသေးတာမို့ သည်အိမ် နဲ့ ဖြင့် ကိုက်ညီပါပေတယ် ဟု ကျွန်ုပ် မှတ်ချက် ချလိုက်မိသေး၏ ။
°°°°° °°°°° °°°°°
ဖြစ်ကတတ်ဆန်း ပြင်ဆင်ထားသော အိမ်ရှေ့ ဧည့်ခန်းသို့ ဝင်မိ လျှင်ပင် ကွပ်ပျစ်တစ်လုံး ပေါ်တွင် မှောက်လျက်သား အနေအထားဖြင့် ရှိနေသော ကိုတက်ပုံ ကို တွေ့ရလေသည် ။ ကျွန်ုပ် ကို မြင်လေလျှင် ကိုတက်ပု သည် ပျာပျာသလဲ နှုတ်ဆက်ရှာ ပါ၏ ။ သို့ရာတွင် သူ ၏ လိပ်ခေါင်းရောဂါ အခြေအနေ ကြောင့် မှောက် လျက်သားမှကား ထ မလာနိုင်ရှာချေ ။
ကျွန်ုပ် လည်း လာရင်း ကိစ္စထက် ဦးစားပေးသင့်သည် ထင်သော လူနာမေး လုပ်ငန်း ကိုပင် အလိုက်သင့် စတင် ရပေ တော့သည် ။
ယင်း လူမှုကိစ္စ ပြီးသည့် နောက်တွင်မှ ကျွန်ုပ် ၏ လာရင်း စီးပွား ကိစ္စကို ပြောဆိုရန် မြားဦး လှည့်ရလေတော့သည် ။
နုပ် ။ ။ ဒါနဲ့ ကျုပ် ရဲ့ ဝတ္ထုဇာတ်လမ်း ရိုက်ခွင့် ရပြီဆိုရင်ဖြင့် ။
ပု ။ ။ ( ကျွန်ုပ် စကားကို ဖြတ်လျက် ) ဟာ ... ဒီ အတွက် စိတ်ချပါ ဆရာ ၊ သို့ပေတဲ့ ကျွန်တော့် မှာ ငွေအကျပ်အတည်း ရှိနေလို့ စရန် ငါးထောင် သာ ယူထားပါလား ၊ ကျန်ငွေ ကို တစ်ပတ် အတွင်း ပေးချေပါရစေ ။
နုပ် ။ ။ အိုင်ဆေး ကိုတက်ပု ၊ ဇာတ်လမ်း ကျပြီ ဆိုရင် ငွေ အကျေ ပေးရရိုး ထုံးစံ ရှိပေမဲ့ ကျုပ်တို့ ချင်းက တခြား လူတွေ မှ မဟုတ်ဘဲလေ ၊ ဒီတော့ ငါးထောင်တောင် မလိုပါဘူး ၊ ကျုပ် အိမ်သုံး စရိတ်ကလေး ကာ မိအောင် နှစ်ထောင် လောက် ပေးထားရင်ပဲ ကျေးဇူးပါဗျာ ။
ပု ။ ။ ဟာ .. မဟုတ်တာဘဲ ဆရာရယ် ၊ ဒီ ငွေငါးထောင် ကြိုပေးရတာ ကို အားနာလှပါပြီ ၊ သို့ပေတဲ့ ကျွန်တော့် မလည်း လတ်တလော အကုန်အကျ များနေလို့ ငွေအကျေ မပေးနိုင်တာပါ ။ ဆရာ့ ကို အားနာလှပါရဲ့ ။
နုပ် ။ ။ ဟာ ... ဒီလိုပဲပေါ့ ၊ လူ ဆိုတာ ကိုယ့် ဘဝ နဲ့ ကိုယ် အခက်အခဲ ရှိကြမြဲကိုး ။
သူ နှင့် ကျွန်ုပ် ၊ ထိုမျှနှင့်ပင် စကား ပြတ်ပြီးနောက် ကိုတက်ပု သည် ကျွန်ုပ် အား ငွေငါးထောင်ကျပ် ပေးချေပြီး ဘောက်ချာ တစ်ခု နှင့် လက်မှတ် ထိုးခိုင်း လေသည် ။
ကျွန်ုပ် လည်း ထိုမျှနှင့် ကိစ္စဝိစ္စ ပြတ်ပြီ ဟု သူ့ အိမ်မှ ပြန်မည် ပြု ပြီးမှ လူမှုကိစ္စ တစ်ခု ကို သတိရသည်နှင့် ဪ ...ဒါထက် အမျိုးသမီး ကော မမြင်ပါလား ဟု ရိုးသားစွာ ပဋိသန္ဓာရ စကား ဆိုမိသည်တွင် ကိုတက်ပု ခမျာ မျက်စိမျက်နှာ ပျက်သွားလျက် သူ ကျောင်းသွားလေရဲ့ဟု ပြန်ပြောလေ၏ ။
ဤတွင်မှ ကျွန်ုပ် လည်း တစ်စုံတစ်ခု ကို သတိရရှိမိလေသည် ။ ထို တစ်စုံတစ်ရာ ကို ပြောဆိုရန် အတွက်လည်း စာရေးဆရာ ပီပီ မည်သူ့ မျက်နှာ ကို မှ မထောက်ဘဲ ပြောဆိုရန် ဆုံးဖြတ် လိုက်မိပါပေသည် ။
နုပ် ။ ။ ဒီမယ် ကိုတက်ပု ၊ ကျန်ခဲ့တဲ့ လေးလ လောက် က ကျုပ် နဲ့ ခင်ဗျား ခု ဝတ္ထုဇာတ်လမ်း ကိစ္စ စကား ဆိုကြရင်း ဘဝ ဆိုတာ နဲ့ ပတ်သက်လို့ စကား အချေအတင် ပြောဖြစ်ကြတာ မှတ်မိသေးလား ။
ပု ။ ။ ( မလုံမလဲ ရှက်ရွံ့သော အမူအရာဖြင့် ) မှတ်မိပါတယ် ဆရာ ။
နုပ် ။ ။ ကျုပ် ဟာ စာရေးဆရာမို့ ဘဝ ဆိုတာ ဘာလဲလို့ သိရမယ် ဆိုပြီး ခင်ဗျား ပြောခဲ့တယ် ၊ ခင်ဗျား ကိုယ်တိုင်တော့ ဘဝ ဆိုတာ မိန်းမ နှစ်ယောက် အနည်းဆုံး ယူရမယ်လို့ ယုံကြည်တယ် ဟုတ်စ ။
ပု ။ ။ ဟုတ်ကဲ့ပါ ဆရာ ။
နုပ် ။ ။ ဒါပေမဲ့ တကယ်တမ်းကျတော့ဗျို့ ၊ ကျုပ် စာရေးဆရာ ရော ခင်ဗျား ရုပ်ရှင်မင်းသား ရော ဟာ ဘဝ အကြောင်း ကောင်းကောင်း မသိကြသေးဘူးဗျ ၊ အခု ဘဝအကြောင်း သိတဲ့ လူ တစ်ယောက် တွေ့ထားတယ် ၊ ခင်ဗျား သိချင်ရင် သူ့ကို သွား မေးပါလား ။
ပု ။ ။ ဟင် ... ဘယ်သူများပါလိမ့် ။
နုပ် ။ ။ အိမ်အမှတ် ( ၁၅ဝဝ ) မှာ သူ ရှိပါတယ် ။
ပု ။ ။ ( ပထမတွင် အတန်ကြာ ငေးငိုင်သွားပြီးမှ ) ဟာ ... ဆရာ ကလည်း ၊ အဲဒါ ကျွန်တော့် အိမ် ပဲ ။
နုပ် ။ ။ ဟုတ်ပါတယ် ကိုတက်ပု ၊ အဲဒါ ခင်ဗျား အိမ် ၊ အဲဒီမှာ ခင်ဗျား ရဲ့ မယားကြီး ရှိလေရဲ့ ၊ ခုအချိန်မှာ ဘဝ ဆိုတာ ဘာလဲလို့ ကျုပ် ထက်ရော ၊ ခင်ဗျား ထက် ပါ ပို သိနိုင်တာကတော့ ခင်ဗျား မယားကြီး မထွေးလေး ပါပဲဗျာ ။
◾သုမောင်
📖 ဂီတပဒေသာ
ဇန်နဝါရီ ၊ ၁၉၈၁ ခုနှစ်
No comments:
Post a Comment