❝ မောင့်ချစ်သမျှကို ❞
( အောင်လင်း )
( ၁ )
ကျွန်တော့် ဘဝ မှာ ဘာကို လိုချင်တယ် ဆိုတာတော့ မမယဉ် ကို ကျွန်တော် မပြော ပါရစေနဲ့ ။ ဒီ အဖြေမျိုးက ကျွန်တော် ရဲ့ ဦးနှောက် ထဲမှာ မရှိဘူး ၊ နှလုံးသား မှာပဲ ရှိတယ် ။ ကျွန်တော့် ရဲ့ နှလုံးသား ကို ဝှက်ထားတဲ့ နောက်တော့ မမယဉ် ရဲ့ အမေး ကို မဖြေနိုင် ပါဘူး ။
မမယဉ် သည် မောင်မြလေး ကို ကရုဏာဖြင့် လျှံလက်နေသော မျက်လုံးတို့ဖြင့် ကြည့်နေမိသည် ။ မောင်မြလေး ပြောလိုက်သော စကားများသည် သူ့ ရင်ထဲတွင် ကျပ်ခဲ၍ လာလေသည် ။
“ မယဉ် ... မောင်လေး ကို မမယဉ် ဘယ်လိုလုပ် နားလည်ရမှာလဲ မမယဉ် လို ရင်းနှီးတဲ့ မိတ်ဆွေ တစ်ယောက် ကိုတောင်မှ မောင်လေး ရဲ့ နှလုံးသား ကို ဖွင့်မပြရင် ဘယ်သူ့ ကိုများ သွားပြဦးမှာလဲကွာ ”
“ ဘယ်သူ့ ကို မှ ပြဖို့ စိတ်မကူးတော့ပါဘူး မမယဉ် ”
မမယဉ် သည် အောက်နှုတ်ခမ်းလွှာ ကို ခပ်တင်းတင်း ကိုက်ထားသည် ။ မောင် မြလေး ကို လည်း နက်နဲသော အဓိပ္ပာယ် နှင့် စိုက်၍ ကြည့်လိုက်သည် ။
“ မင်း ကို ငါ အထင်ကြီးမိတာတွေ ဟာ မှားတယ် မောင်လေး ၊ မမယဉ် ထင် တာက မင်းဟာ သတ္တိ ရှိတယ်လို့ ထင်နေတယ် ၊ ခုတော့ မင်း ဟာ သတ္တိ မရှိဘူး ၊ ကြောက်နေတယ် ၊ ပြဿနာ ကို ရင်မဆိုင်ရဲဘူး ”
မောင်မြလေး သည် ခေါင်း ကို ဆတ်၍ မော့လိုက်ရင်း မမယဉ် အား စူးစူးဝါးဝါး ကြည့်လိုက်သည် ။
“ ဒါဟာ သတ္တိ ရှိတယ်လို့ ကျွန်တော် ပြောရဲပါတယ် မမယဉ် ၊ ဘယ်သူမဆို ကိုယ့် နှလုံးသား ကို သူတောင်းစားခွက် လို ထိုးပြပြီး ပိုက်ဆံ ခံသလို လိုက်တောင်းနေကြတာ ပါပဲ ၊ ကျွန်တော် က လောက မှာ ကျွန်တော် လိုချင်တာကို ကျွန်တော် စွန့်လွှတ်ရဲတယ် မမယဉ် ။ ကျွန်တော့် နှလုံးသား ကို ဘယ်တော့မှ ဖြန့်ပြီး မတောင်းပါဘူး ။ ဒါဟာ သတ္တိ နည်းတယ်လို့ မဆိုနိုင်ပါဘူး ။ မိုက်တာ နဲ့ သတ္တိ ရှိတာ တစ်ခုခု ပဲ ဖြစ်မှာပဲ ”
မမယဉ် သည် မျက်လွှာ ကို ပင့်၍ အထက်သို့ ကြည့်နေလိုက်သည် ။ အတန်ကြာမှ သက်ပြင်း ကို ခပ်ညှင်းညှင်း ချလိုက်လေသည် ။
“ မင်း အင်တာ ပြန်ဖြေဖို့ စိတ်ကူးသေးရဲ့လား ”
“ ကြိုးတော့ ကြိုးစားမှာပဲ ၊ ဒါပေမဲ့ သိပ်တော့ မသေချာဘူး မမယဉ် ”
“ မောင်လေး မှာ ရည်ရွယ်ချက် မှ ရှိရဲ့လားကွယ် ... မမယဉ် ဖြင့် မင်းအတွက် ရင်လေးလွန်းလို့ ”
“ ကျွန်တော် ထမင်း မငတ်ပါဘူး မမယဉ် ၊ ကျွန်တော့် ဘဝကို ကျွန်တော် လူမတွဲဘဲ နဲ့ လျှောက်နိုင်ပါတယ် ၊ ခု ကျွန်တော် တစ်လ တစ်ရာ့နှစ်ဆယ်လောက် ရတယ် ။ ကျွန်တော် တစ်ယောက်တည်း အတွက် ဒီ ငွေဟာ ချွေချွေတာတာ နေရင် လောက်ပါတယ် ”
“ ဒါဖြင့် မောင်လေး တစ်သက်လုံး စာရေး လုပ်သွားမယ်ပေါ့ ၊ ရှေ့ တက်လမ်း ကို ဘာမှ မကြိုးစားတော့ဘူးလား ”
မောင်မြလေး သည် မမယဉ် ၏ အမေးကို ဘာမျှ ပြန်မဖြေတော့ပေ ။ သူ့စိတ်တို့ သည် အတိတ် ဆီသို့ ပြန်၍ ဝှေ့ယမ်းသွားကြသည် ။
တက္ကသိုလ် မှာ ဆိုလျှင် သူ နှင့် မမယဉ် သည် အတန်းတူ ဘာသာတူ နေခဲ့ကြဖူးသည် ။ တစ်ယောက် နှင့် တစ်ယောက် လည်း ရင်းနှီးခဲ့ကြသည် ။ နှစ်ဦးစလုံး ၏ ရင်တွင်း၌ တလိပ်လိပ် တက်နေသော မေတ္တာလှိုင်းဂယက် တို့သည် နှုတ်ခမ်းဖျား မှ ပိတ်၍ မထား ခဲ့လျှင် တစ်လုံးတည်း ပေါင်းစည်းသွားကြတော့မည် ။ ဟိုအခါက တော့ လည်း ပညာ သင် နေကြသည် ဆိုသော အသိက သူတို့ အချစ်ကို တားဆီး ထားလိုက်ကြသည် ။
အင်တာနှစ် မှာပင် မောင်မြလေး က တစ်ဝါ ဆို၍ နေရစ်ခဲ့ပြီးလျှင် မမယဉ် က အောင်ခဲ့သည် ။ နောက် တစ်နှစ်တွင် မူ မောင်မြလေး တစ်ယောက် ကျောင်းတွင် မတွေ့တော့ပေ ။
ကွဲသွားသည်မှာ သုံးနှစ် ကြာခဲ့ပေပြီ ။ ပြန်တွေ့ တော့ မောင်မြလေး က အောက်တန်း ရုံးစာရေးကလေး အဖြစ် ဝင် လုပ်နေသော ဌာန တွင် မမယဉ် က အရာရှိမကလေး အဖြစ် ရောက်လာရာမှ ပြန် တွေ့ရခြင်း ဖြစ်သည် ။ သည်အဖြစ် ကိုတော့ နှစ်ယောက်စလုံး ၏ ရင်ထဲ တွင် နာနေကြသည် ။
အစတော့ တစ်ယောက် နှင့် တစ်ယောက် ဝမ်းသာအယ်လဲ နှုတ်ဆက်လိုက်မည် ဟု ခဲလိုက်သော်လည်း ခြားနားနေသော ဘဝ ကြောင့် ဣန္ဒြေ နှင့် သိမ်းဆည်း နေလိုက်ကြ သည် ။ ရုံးခန်း ထဲတွင် ကိုယ့်သိက္ခာ ကို ကိုယ် ထိန်းသိမ်းလိုက်ရသော်လည်း ရုံး အားသည့် အချိန်များတွင် ကွဲကွာနေသည့် ကာလက ဖြစ်ရပ်များ ကို ပြန်၍ လှန်လှောကြသည် ။ အတိတ် ၏ ကဏ္ဍတို့ ကို လှန်လှောလိုက်ပြန်တော့လည်း မမယဉ် အဖို့တော့ ရွှေစာလုံး ဖြင့် တင်ထားသော မှတ်တမ်းများ ကိုသာ တွေ့ရ၍ မောင်မြလေး အဖို့တော့ မင်နီ နှင့် ကြက်ခြေများ ကိုသာ တွေ့ခဲ့ရသည် ။ သည် အဖြစ်ကိုလည်း မမယဉ် က ရင်ထုမနာ ဖြစ်ခဲ့ မိသည် ။
တစ်ခါက အဆင့် တစ်ခုတွင် ရင်းရင်းနှီးနှီး အတူ နေခဲ့သူမို့ မမယဉ် ကတော့ မောင်မြလေး ကို သူ ရောက်နေသော အဆင့် သို့ ဆွဲခေါ်လိုသည် ။ သို့သော် ... အချိန် က လွန်ခဲ့ ပြီ ။ တစ်ခဏ နှင့် တော့ ရောက်မလာနိုင်တော့ပေ ။ အမှန်တော့ သည် အဖြစ်က မမယဉ် ပို၍ ကြေကွဲစေသည် ။
“ စနေနေ့ မမယဉ် နဲ့ အိမ် လိုက်ခဲ့ပါလား ၊ မမယဉ် မောင်လေး ကို စကားတွေ အများကြီး ပြောချင်တယ် ”
“ စနေနေ့ ကျွန်တော် အသံလွှင့်ရမယ် မမယဉ် ၊ တနင်္ဂနွေနေ့ လောက်မှ ကျွန်တော် လာခဲ့မယ် ”
မမယဉ် သည် ခုမှ သူ စွဲလမ်းခဲ့သော တေးကဗျာတစ်ပုဒ် ကို ပေါ်၍လာတော့သည် ။
“ ပန်းနှစ်ပွင့် ဟိုပင်မြင့်မှာ အသင် စံနေရာက မတူတန် သည်တစ်ပွင့်မှာဖြင့် လေယူရာ ပျံကာ လွင့်ရှာပေါ့ ”
ကွဲကွာနေရသည့် ကာလ ကြားက မောင်မြလေး ၏ ဂီတ တေးကဗျာ ကို ကြားခဲ့ ရသည် ။ ထိုအချိန်ကပင် မမယဉ် ကတော့ နားလည်နေပြီး ဖြစ်သည် ။ သို့သော် ကြွေလွင့် နေသော ပန်းတစ်ပွင့် ကိုတော့ မနွမ်းခင် ကောက်ယူ ထိန်းသိမ်းထားလိုသည် ။
“ မောင်လေး ကော ဆိုဦးမှာလား ”
“ ကျွန်တော့် အတွက် သီချင်း စပ်လို့ မရသေးဘူး မမယဉ် ၊ ကနေ့ည တော့ ကျွန်တော့် နှလုံးသား က ကျွန်တော် ဆိုဖို့ ကောင်းတဲ့ ဂီတ နဲ့ ကာရန် ကိုတော့ ပေးကောင်းပါရဲ့ လို့ မျှော်လင့်ရတာပဲ ”
မောင်မြလေး ပြောလိုက်သော စကားများကို မမယဉ် က အဓိပ္ပာယ် ဖမ်းလိုက် မိသည် ။ သူ ၏ နှလုံးသား ကို နူးညံ့သော လက်တစ်ခုဖြင့် လာ၍ လှုပ်ခါလိုက်သောကြောင့် သူ တောင့်တသော ဂီတ နှင့် ကာရန် တို့မှာ အသင့် လျှံတက်မည် ဟု ပြောလိုက်ခြင်းပင် ဖြစ်သည် ။ ထို့ကြောင့်လည်း မမယဉ် ဘာမျှ ဆက်၍ မပြောတော့ပေ ။ သူ ပြောသော စကားများသည် မောင်မြလေး ၏ အနုပညာ ကို အဟန့်အကား ဖြစ်မည် ကို စိုးရိမ်မိရှာ သည် ။
အမှန်တော့လည်း ဝှက်ထားချင်သော နှလုံးသားကို သူ ၏ ဂီတ ထဲတွင် ရှာလိုက် လျှင် အလွယ်တကူ တွေ့ ရှိခံစားနိုင်မည်ကို မမယဉ် သိပြီး ဖြစ်သည် ။ ထို့ကြောင့်ပင် လူချင်း ခွဲသည် အထိ ဘာမျှ မပြောတော့ပေ ။
မောင်မြလေး အဖို့ တိတ်ဆိတ်သော ညသန်းခေါင်ယံ တွင် သူ တောင့်တမိသော ဂီတနှင့် ကာရန် ကို အမှောင်ထဲ မှ ပင် စမ်းဝါး တွေ့ ရှိခဲ့လေသည် ။
“ ဘဝချင်း ခြား ကာ လွဲပေမည်ကွဲ့ လွဲပေမည် ”
“ ဓနမျဉ်း တားကာ ခွဲနေပြီကွဲ့ ခွဲနေပြီ"
( ၂ )
အသံလွှင့်ရုံ အခန်း ထဲမှ ထွက်လာသောအခါ မောင်မြလေး ၏ ရင်တွင်း၌ ပေါ့၍ လာသည် ။ မျိုသိပ် ထားရသော အရာ တစ်ခုကို တစ်နည်းနည်း နှင့် အန်ထုတ်လိုက်ရ သဖြင့် စိတ်တွင် ခဏတော့ ပေါ့ပါးလာသည် ။
အသံလွှင့်ရုံ တွင် လာ၍ နားထောင်သူများမှာ များပြားလှသည် ။ ခုလို အခါမျိုး တွင် လူတွေ နှင့် မတွေ့လိုလှပေ ။ ဘိန်းစားဆန်သော အနုပညာသမား ဟု သူ့အား ပြော ချင် ပြောတော့ ၊ တစ်ယောက်တည်း ကိုယ့်အတွေး နှင့် ကိုယ်သာ မျောနေချင်သည် ။ အားလုံး ကပင် မောင်မြလေး အား ဝိုင်း၍ နှုတ်ဆက် ချီးမွမ်းကြသည် ။ သည်အထဲ တွင် စန္ဒရား ကိုအောင်ခင် မှာ အကဲဆုံး ဖြစ်သည် ။
“ ကနေ့ည ခင်ဗျား တယ် လုပ်လိုက်ပါလား ၊ တကယ် ခံစားရတာကို ဆိုတော့ အသက် ပါတယ်ဗျ .. ဟိုတစ်ပိုဒ်ကလေး ကျွန်တော် သဘောအကျဆုံးပဲ ။ မောင် ကတော့ တွေးရင်း က သာ အဆွေး အကျဉ်းချကာ မပျော်ပြီ ၊ မေကတော့ အရေးအခင်း ဘဝတာ တသွေး တဆင်း လှကာ ပျော်ပျော်ရယ် ဆိုတာလေ ... သိပ်ကောင်းတာပဲဗျာ ”
ကိုအောင်ခင် က အသံနေ အသံထား ဖြင့် ဆို၍ ပြလိုက်မှပင် အနားမှ လူများက ပွဲကျသွားပြန်သည် ။ မောင်မြလေး သည် လူအုပ် ထဲ မှ ခွဲထွက်ကာ ကိုချစ်ဆွေ ကို လိုက်၍ ရှာမိသည် ။အသံလွှင့်ရုံ အောက်တွင်မူ ကိုချစ်ဆွေ နှင့်အတူ ကိုအောင်ကိုး တို့ပါ ကား ပေါ်မှ အသင့် စောင့်နေလေသည် ။
“ ဟေ့ ဖိုးမြလေး ... ကဲ လာတက် ၊ ဒီနေ့ည မောင်ရင် သိပ်ကောင်းတဲ့ အတွက် ကျွန်တော် အားလုံး ဆပ်ပလိုင်းမယ် ”
“ ကလေးမ က တော့ နားထောင်ရင်း ငိုနေမှာပဲ ၊ ဖိုးချစ်ဆွေ ရဲ့ စန္ဒရားလက်ကလည်း ဗျာ ... ဒီသီချင်း မှ ပိုကောင်းနေတယ် ”
ကား ပေါ်တွင် တစ်ယောက် တစ်ပေါက် ထင်ရာ စွတ်၍ ပြောနေကြသည် ။ သည် အထဲတွင် ကျော့မှူး တစ်ယောက် အကဲဆုံး ဖြစ်သည် ။ စကားဝိုင်း တွင် စကားလုံး အများဆုံးဖြင့် အသံအကျယ်ဆုံး ပြောနိုင်သူ မှာ သူ ပင် ဖြစ်သည် ။ ထို့ကြောင့်လည်း သူ့ အား ကဗျာဆရာ ကိုအာကျယ် ဟု နာမည်ပေးထားကြသည် ။
“ ခင်ဗျား သင်းသင်းကြူ ကတော့ ဗမာသံ နဲ့ နည်းနည်းမှ မဟပ်ပါဘူး ၊ အင်္ဂလိပ်သံ ဆိုရင်တော့ ကောင်းတယ် ၊ ဗမာသံစစ်များ ဆိုရင် တစ်ချက်ကလေး မလာဘူး ”
“ ဘာ တစ်ချက်ကလေး မလာတာလဲ ”
“ တစ်ချက်ကလေး မလာဘူး ဆိုတာ တစ်ချက်ကလေး မှ မလာတာပေါ့ ၊ တစ် ကွက်မှ မကောင်းတာပေါ့ဗျ ”
အားလုံးက ဝိုင်း၍ ဟားလိုက်ကြသည် ။
“ ကျော့မှူး အသာ ငြိမ်ငြိမ် လိုက်စမ်းကွာ ၊ တစ်ချက်ကလေး မလာရင် ဟိုတယ် ကျဘော့ တစ်ခွက်ကလေး သောက်ရမယ် ”
“ တစ်ခွက်ကလေး သောက်ရမှာပေါ့ကွ ၊ ဒါက အသက်ဆေးကလေး လောက် ကောင်းတာကို ”
ဟိုတယ် ရောက်သောအခါ ကိုအောင်ကိုး ကပင် စားစရာနှင့် သောက်စရာများ မှာလိုက်သည် ။
“ ကဲနော် ဒါပဲ ... ဒီပွဲမှာ သစ္စာ မဖောက်ရဘူး ၊ လူတိုင်း လုပ်ရမယ် ၊ ဖိုးမြလေး လည်း လုပ်ရမယ် ”
“ ကိုယ် သောက်လို့ မဖြစ်ပါဘူးကွာ ၊ မူးနေလိမ့်မယ် ”
“ ဪ ... မူးအောင် သောက်တာပဲ မူးနေလိမ့်မယ်လို့ ၊ နည်းနည်း သောက်ပေါ့ကွ ”
“ ကိုယ် မှ မသောက်တတ်ပဲကွာ ၊ တခြား လူတွေ သောက်ကြပါ ”
“ အံမယ် ... ဘာရမလဲကွာ ”
အားလုံးက ဝိုင်း တိုက်တွန်းပြန်တော့လည်း မနေသာပေ ။ တစ်ယောက်တည်း ငြင်းရသည်မှာ ကြောင်လွန်းသည် ။
အမှန်ကတော့ ကနေ့ည အဖို့ မောင်မြလေး က သူ့ ရင်ထဲတွင် ရှိသမျှကို အရင်းနှီးဆုံး မိတ်ဆွေ ဖြစ်သည့် ကိုချစ်ဆွေ ကို တိုင်ပင်ချင်သည် ။ သို့သော် လူစု က မကွဲသဖြင့် ပြောချင်သည့် စကား ကို ပြောခွင့်မရပေ ။
“ ကိုယ် မသောက်ပါဘူး သူငယ်ချင်းရာ ၊ ထမင်း ပဲ စားပါ့မယ် ”
“ ဘယ် ဒီလို နာမည်ကောင်း ယူလို့ ရမလဲ ”
ကိုအောင်ကိုး က မူ အတင်း ခွက် ကိုသာ ထိုးပေးနေသည် ။ သည်အထဲ တွင် ကို ကျော့မှူးက ဝင်၍ ဖောက်လိုက်သည် ။
“ သူ က ဆရာ ကိုယ်တို့ တောင် အနုပညာသမား ဆိုတာ အရက် မသောက်ရဘူးတဲ့ ၊ ကိုယ့် ကို တောင် တရားဟော နေသေးတယ် ”
“ အောင်မာ ... အနုပညာသမား အရက် မသောက်ရဘူးလို့ မင်း ဘယ်ဘုရားက ဟောသလဲ ၊ အနုပညာသမား လည်း လူပဲ ၊ လူတွေ လုပ်တာ တို့လည်း လုပ်ခွင့်ရှိတာပဲ ”
မတတ်သာသည့် အဆုံးတွင် စိတ်ကျေနပ်အောင် လက် ထဲတွင် ရောက်နေသော ခွက်ကို တဖြည်းဖြည်း မော့လိုက်မိသည် ။
ခုမှ ဝိုင်းမှာ ပို၍ ဆူညံလာသည် ။ တစ်ယောက် တစ်ပေါက် ပြောချင်ရာ ပြောနေ ကြသည် ။ တစ်ခါတလေ နှစ်ယောက် သံပြိုင် ပြောကြသည် ။ မောင်မြလေး ကမူ သူ့ အတွေးနှင့် သူ ပျော်နေသည် ။ အရက်ရှိန်ကလေး ကြောင့် သူ့ ရင်တွင်း မှ ဝှက်ထားသော အရာတို့သည် လှုပ်၍ လာကြသည် ။ ဝှက်ထားသော အရာတို့သည် စကားလုံးများ အဖြစ် ပြောင်းလွှဲကာ သူ ၏ လည်ချောင်း ထဲတွင် ရုန်းရင်းဆန်ခတ် ဖြစ်နေကြသည် ။
“ ဟေ့ ... ဖိုးမြလေး တစ်ယောက် ငြိမ်လှချည်လား ၊ မင်း သီချင်း ထဲ ကလို အဆွေး အကျဉ်းချထားသလား ”
မောင်မြလေး သည် သူ့ အတွေးနှင့် သူ ဘေးက မေးနေသည် ကို ပင် မကြားမိပေ ။ ကြား တော့လည်း မဖြေချင်တော့ပေ ။ အကင်းပါးသော ကိုချစ်ဆွေ ကမူ တခြား လူများကို မျက်စိမှိတ် ၍ ပြရင်း ...
“ မပြုံးယဉ် အကြောင်း တွေးမှာပေါ့ကွာ ”
မပြုံးယဉ် ဆိုသည်မှာ မမယဉ် ကို ရည်မှန်း၍ စပ်ခဲ့သော သီချင်း တစ်ပုဒ် ဖြစ် သည် ။ သို့သော် သည်အဖြစ် ကို မူ ချစ်ဆွေ က လွဲ၍ မည်သူမျှ မရိပ်မိကြပေ ။ မောင်မြလေး ကမူ ကိုချစ်ဆွေ ကို တစ်ချက်မျှ ကြည့်လိုက်သည် ။ ပြီးတော့လည်း သူ ပြောချင်သော စကားများ ကို ပြောသင့် မပြောသင့် ချိန်ဆ နေမိသည် ။ အမှန်တော့ သူ့ စိတ်ထဲ တွင်မူ ကျွဲ ခိုးပေါ်ချင်လှပြီ ။
“ မမယဉ် ပြန်ရောက်လာပြီ ကိုချစ်ဆွေ ”
ကိုချစ်ဆွေ ကမူ မောင်မြလေး ကို သာ အံ့သြစွာ ကြည့်လိုက်မိသည် ။
“ ဒါထက် ခင်ဗျား ပြောတော့ မန္တလေး မှာ ဆို ... ”
“ ဟုတ်တယ် ၊ အရင်တော့ မန္တလေး မှာ ဆရာမ လုပ်နေတယ်လို့ ကြားတာ ။ ခုတော့ ကျွန်တော်တို့ ရုံး ကို ရောက်လာတယ် ၊ တစ်ပတ်လောက် တောင် ရှိပြီ ၊ ကျွန်တော်တို့ ဌာန မှာပဲ သူ က Officer ၊ ကျွန်တော် က သူ့ စာရေးပေါ့ ”
“ ဒါက အကြောင်း မဟုတ်ပါဘူးဗျာ ၊ နို့ သူ ဗိုလ်ထွန်းဦး နဲ့ လက်ထပ်မယ် ဆိုတာ ကကော ”
“ ဒါတော့ ကျွန်တော် မသိဘူး ၊ ဒါပေမဲ့ ဗိုလ်ထွန်းဦး တော့ ရုံးကို လာတာ မြင်တယ် ”
“ ဒါဖြင့် သူ့ ဟာ နဲ့ သူ ကိစ္စ ပြီးပြီးသား ၊ ခင်ဗျား က ဘာ ဆွေးနေစရာ လိုသေးသလဲ ”
“ ဒီလို မဟုတ်သေးဘူး ကိုချစ်ဆွေ ၊ သူ ကျွန်တော့် ကို အရင် လိုပဲ မျှော်လင့်ချက် ပေးသေးတယ် ၊ ကျွန်တော့် အပေါ်မှာ သံယောဇဉ် ရှိသေးတယ် ”
“ ခင်ဗျား ကကော ဘယ်လိုလဲ ၊ သူ့ ကို လက်လျှော့ထားတယ် ဆိုပြီး ခု ပြန်ပြီး တွေ့တော့ ယိုင်နေပြန်ပြီလား ”
“ ကျွန်တော် တော့ သူ့ ကို ခုလည်း မမျှော်လင့်ချင်ပါဘူး ၊ ခုဆိုတော့ .... သာပြီး ဘဝချင်း က ခြားနေကြပြီ ”
“ ဘဝချင်း ခြားကာ လွဲပေမည်ကွဲလွဲပေမည် ”
ကျော့မှူးက မောင်မြလေး ဆိုခဲ့သော သီချင်း ကို အရက်မူးသံဖြင့် အော်လိုက်သည် ။
“ ဘဝချင်း ခြားတာ အရေးမကြီးပါဘူး ၊ ခင်ဗျား သူ့ ကို ချစ်သလား မချစ်ဘူးလား ဒါပဲ အရေးကြီးတယ် ”
“ ချစ်တာတော့ ကျွန်တော် ဘာ ပြောစရာ လိုသေးလဲဗျာ ၊ ဒါပေမဲ့ ကျွန်တော့်
တစ်သက် မှာ တော့ ကျွန်တော့် အချစ် ကို ကျွန်တော် မဖွင့်တော့ဘူးလို့ စိတ်ကူးနေတယ် ”
“ ခင်ဗျား မဖွင့်ရဲရင် နေဗျာ ၊ ကျွန်တော် ကြား က ဖွင့်ပေးမယ် ။ သူ ဗိုလ်ထွန်းဦး နဲ့ သာ မယူတော့ဘူး ဆိုရင် ကျွန်တော် အာမခံတယ် ”
အမှန်တော့လည်း ကိုချစ်ဆွေ နဲ့ မမယဉ် မှာ တစ်မြို့တည်း ငယ်ပေါင်းကြီးဖော်များ ဖြစ်ကြသဖြင့်လည်း ခုလို အာမခံရဲခြင်း ဖြစ်ပေသည် ။
“ မလိုတော့ပါဘူးဗျာ ၊ ကျွန်တော် က ဖွင့်လို့ မရရင် ကျွန်တော် ပိုပြီး ဒုက္ခခံရမယ် ၊ ဒီအတိုင်း နေလိုက်တာပဲ ကောင်းပါတယ် ”
“ ဒါ ခင်ဗျား ညံ့တာပဲ ၊ ကိုယ် ချစ်တဲ့ မိန်းကလေး တစ်ယောက် ကို ဖွင့်မပြောရဲဘူး ဆိုတာက ယောက်ျား မပီသတာပေါ့ ၊ တတ်နိုင်လို့ ရှင်ဘုရင့် သမီး ဖြစ်ဖြစ် ပြောရဲရမယ် ။ ဒီနေရာမှာ မာဒင်္ဂ ရဲ့ လမ်းစဉ် အတိုင်းပေါ့ ”
ကိုအောင်ကိုး အရှိန် ရလာ၍ အာသွက်နေ၏ ။
“ ခင်ဗျား မပြောချင်ရင် နေ ၊ ကျွန်တော်တို့ နက်ဖြန် သွား ပြောလိုက်မှာပဲ ၊ ဒါမှ ကိစ္စ က ပြီးသွားမယ် ”
“ ကဲဗျာ - နောက်ဆုံး ခွက်လှည့်ကလေး ဘယ်သူ့ အတွက်လဲ ”
ကိုအောင်ကိုး ကမူ ပျော်သလို နေတတ်သူ ပီပီ အရက်ခွက် ကို မြှောက်ရင်း မတ်တတ် ရပ်လိုက်သည် ။ သူ့ နောက်မှ ကိုချစ်ဆွေ က ထပ်၍ ရစ်လိုက်ပြန်သည် ။
“ မမယဉ် အတွက် ”
“ မပြုံးယဉ် အတွက် ”
“ ကျွန်တော့် အသည်းနှလုံး မှာ ဝှက်ထားတဲ့ ဧကရီကလေး အတွက် ”
( ၃ )
မမယဉ် က အခေါ်ခိုင်းသည် ဆိုတော့ မောင်မြလေး စိတ်ထဲတွင် တုန်လှုပ်လာ သည် ။ ရင်များပင် ခုန်ချင် သလို ဖြစ်နေသည် ။ တစ်နေ့ ညက အရက်မူး၍ ကျွဲခိုး ပေါ်သည့် အဖြစ်ကို သူ သိနှင့်ပြီး လေပြီ ။ ထို့ကြောင့်လည်း တနင်္ဂနွေနေ့ က ချိန်းထားသည် ကိုပင် မသွားဘဲ နေခဲ့သည် ။ အမှန်ကတော့ သူကလည်း ကျွဲခိုး ပေါ်သည့် ကိစ္စကို ရှင်းပြချင်သေးသည် ။ မနေ့ ည က ကိုချစ်ဆွေ ကပင် မမယဉ် နှင့် သူ နှင့် တွေ့ခဲ့သော ဇာတ်ကြောင်း ကို အားလုံး လှန်ခဲ့ပြီး ဖြစ်လေသည် ။
အမှန်တော့လည်း မောင်မြလေး ၏ စိတ် ထဲတွင် ဖြစ်ပေါ် နေသမျှ မမယဉ် အားလုံး သိပြီးသား ဖြစ်သည် ။ ဒါကိုပင် အဆန်း လုပ်၍ ပြောလာသောအခါ မမယဉ် က ရယ်လိုက် မိသည် ။
မောင်မြလေး အဖို့ မကျေနပ်စရာ ကောင်းသည့် အချက် တစ်ခုကတော့ မမယဉ် က ကိုချစ်ဆွေ ကို ပြောလိုက်သော စကား တစ်ခွန်း ဖြစ်လေသည် ။
“ သည်လို ဘဝမျိုး ရောက်မှ ကျွန်မ ကို သူ က ချစ်တယ်လို့ ပြောရက်သေးတယ် ”
အမှန်ကတော့ သည် စကားကပင် အဓိပ္ပာယ် နှစ်ခွ ထွက်နေသည် ။ တစ်ခု က မတန်လေဘဲ နှင့် ချစ်ရဲလေခြင်း ဆိုသည့် အဓိပ္ပာယ် ဖြစ်သည် ။ အကောင်းဘက်က တွေးလျှင်တော့ မောင်မြလေး အား ကရုဏာဖြင့် ယှဉ်သော ဒေါသဖြင့် ပြောခြင်းပင် ဖြစ်သည် ။
မမယဉ် ၏ ရုံးခန်း ထဲသို့ ဝင်မိသောအခါ မောင်မြလေး ၏ ခြေလှမ်းများ မှာ လေးကန် နေသည် ။ မမယဉ် ကမူ အပေါက်ဝ ကတည်းကပင် လှမ်း၍မြင်နေပြီးသား ဖြစ်သဖြင့် မောင်မြလေး အတွက် ထိုင်ရန် ကုလားထိုင် ကို ပြင်ဆင်ပြီးသား ဖြစ်နေသည် ။
“ ထိုင်လေ ... မောင်လေး ”
မမယဉ် သည် မောင်မြလေး အား မကြည့်ဘဲ စာရေးရင်း နှုတ်ဆက်လိုက်သည် ။ “ မထိုင်ဘူး မမယဉ် ၊ ကျွန်တော့်ကို ခေါ်တယ်ဆိုလို့ ”
မမယဉ် သည် တစ်ချက်မျှ မော့ ကြည့်ရင်း ပြုံးလိုက်သည် ။
“ ထိုင်ဦးလေ ... မမယဉ် ပြောစရာ ရှိလို့ မောင်လေး ကို အခေါ်လွှတ်တာပဲ ”
“ ဒီ ကုလားထိုင် က ကျွန်တော်ဖို့ မဟုတ်ပါဘူး ၊ ဗိုလ်ထွန်းဦး လာရင် သာ ထိုင်ပါစေ ”
“ တစ်ယောက်တည်း ထိုင်ဖို့ က နောက်မှ သတ်သတ် လုပ်ရဦးမှာပါကွယ် ၊ ဒီကုလားထိုင် တော့ ဘယ်သူ ဖြစ်ဖြစ် ထိုင်နိုင်ပါတယ် ”
“ ကျွန်တော့် ကို ဘာပြောမှာလဲ မမယဉ် ”
“ ပြောစရာတွေ က အများကြီးပဲ ၊ ခု ပြောလို့ ဖြစ်မှာ မဟုတ်သေးဘူး ၊ ညနေ အိမ် ကို လာခဲ့ပါလား ၊ မမယဉ် စောင့်နေမယ် ”
မမယဉ် သည် မောင်မြလေး ၏ အဖြေ ကို တောင်းပန်သော မျက်လုံးများဖြင့် ကြည့်ရင်း စောင့်နေရှာသည် ။
“ လာမယ် မဟုတ်လား ”
“ ကျွန်တော် လာခဲ့ပါ့မယ် မမယဉ် ”
“ တနင်္ဂနွေနေ့ တုန်းကလို မဖျက်နဲ့နော် ၊ မနေ့ က ဆို မမယဉ် တစ်နေ့လုံး ဘယ်မှ မထွက်ရဘူး ၊ မောင်လေး ကို စောင့်နေရတာ ။ ပြီးတော့ ကိုယ်တိုင် မလာဘဲ ကိုယ်စားလှယ် ကို လွှတ်လိုက်သေးတယ် ”
“ ကျွန်တော် မလွှတ်ပါဘူး မမယဉ် ၊ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော် ကလည်း မမယဉ် ကို ရှင်းပြချင်ပါတယ် ”
“ ရှင်းချင် ရင် ညနေ ကို ဆက်ဆက်လာခဲ့ ၊ မမယဉ် စောင့်နေမယ်နော် ”
မောင်မြလေး သည် ခေါင်းကို သာ ညိတ်၍ မမယဉ် အခန်း က ထွက်လာခဲ့မိသည် ။
( ၄ )
လူချင်း မျက်နှာချင်းဆိုင် ထိုင်နေကြသော်လည်း တစ်ယောက် မျက်နှာ ကို တစ် ယောက် မကြည့်ကြ ၊ ရင်ထဲ တွင် ပြည့်ကျပ်နေသော စကားများ ကို ဇွတ်ထုတ်ဖို့ ကြိုးစားနေကြသည် ။
မောင်မြလေး ကတော့ မမယဉ် ပြောမည့် စကားကိုသာ စောင့်၍ နားထောင်နေမိသည် ။ မမယဉ် က မပြောဘဲ သူ က စပြောဖို့လည်း စကား မရှိပေ ။
“ မောင်ချစ်ဆွေ ကို မောင်မြလေး ဘာတွေ ပြောလိုက်သလဲ ”
“ ဒါ ... မမယဉ် နဲ့ မဆိုင်ဘူးလို့ ထင်တယ် ”
“ မမယဉ် အကြောင်း ပြောရင် ဆိုင်တာပေါ့ ”
“ ဘာတွေ ပြောတယ် ဆိုတာတော့ ကျွန်တော် မမှတ်မိတော့ဘူး မမယဉ် ၊ အမှန် တော့ ကျွန်တော် အရက်မူးပြီး ကျွဲခိုးပေါ်တာပဲ ”
မမယဉ် သည် မောင်မြလေး အား သရော် သလို ပြုံး၍ ကြည့်လိုက်သည် ။
“ ခုထိ သတ္တိ နည်းတုန်းပဲလား မောင်လေး ၊ မင်း မပြောပေမယ့် ... မမယဉ် အဖြေ ပေးဖို့ အသင့် ရှိနေပြီ ၊ အမှန်တော့ မမယဉ် မောင်လေး ကို ကရုဏာက လွဲလို့ မောင်လေး လိုချင်တဲ့ ... ”
“ နေပါဦး မမယဉ် ၊ ကျွန်တော့် ကို မမေးဘဲ ဖြေစရာ မလိုဘူးလို့ ထင်တယ် ။ ကျွန်တော့် တစ်သက်မှာ ထားခဲ့တဲ့ သတ္တိ ဟာ ဒါပဲ ရှိတယ် ။ မမယဉ် နဲ့ ပတ်သက်ပြီး ဘာမှ မမျှော်လင့်ဘဲ စွန့်လွှတ်ရဲတဲ့ သတ္တိ ရှိတယ် ၊ မမယဉ် က ကျွန်တော့် ကို သတ္တိ ကြောင်တယ် လို့ ထင်တယ် ၊ ကျွန်တော် က ခုထိ ကျွန်တော် သတ္တိ ရှိတယ်လို့ ထင်သေးတယ် မမယဉ် ။ ကျွန်တော့် နှလုံးသား ထဲက လိုချင်တာကို သူတောင်းစား ခွက်ကိုင် တောင်း သလို ဘယ်တော့မှ မတောင်းဘူး ဆိုတာ မမယဉ် ကို ကျွန်တော် ပြောခဲ့ဖူးပါတယ် ”
“ နေပါဦးလေ ... ဒါလောက်လည်း စိတ်မတိုပါနဲ့ မမယဉ် ပြောပါရစေဦး ၊ မမယဉ် မောင်လေး ကို ပြောချင်တယ် ၊ လွန်ခဲ့တဲ့ သုံးနှစ်ကျော် လေးနှစ် က ခုအချိန်မှာ မောင်လေး ခုလို ပြောရင် မမယဉ် ဖြစ်နိုင်တဲ့ နည်းတွေ အများကြီး လုပ်နိုင်တယ် ။ ခုတော့ ... ဒါ တွေ ပြန် တွေးလိုက်ရင် အသည်းနာစရာ အပြင်တော့ တခြား ရှာ မတွေ့ပါဘူး ”
“ ကျွန်တော့် အတွက်တော့ မမယဉ် မှာ အလွန် သနားစရာ ကောင်းတဲ့ အဖြစ်အပျက် တစ်ခုလို အောက်မေ့မှာပဲ ၊ ဒါပေမဲ့ ... ကျွန်တော့် အနေနဲ့တော့ မှန်တယ်လို့ပဲ ထင်တယ် မမယဉ် ။ ကျွန်တော် ဟာ မမယဉ် ကို မရူးမူး ခဲ့ဖူးပါဘူး ၊ ကန်းလောက် အောင် လည်း မချစ် ခဲ့ဖူးပါဘူး ။ ဒါကြောင့်လည်း ကျွန်တော့် ကိုယ် ကျွန်တော် သတ္တိရှိတယ် လို့ ထင်တာပေါ့ ။ အချစ် နဲ့ ပတ်သက်လို့ ကျွန်တော် က တမင်တကာ လုပ်ယူတာမျိုး မလိုချင်ဘူး ၊ မမယဉ် အနား မှာ နေ ၊ မမယဉ် လုပ်ချင်တာတွေ လုပ် ၊ ဖြစ်စေချင်တာတွေ ဖြစ် ၊ နောက်တော့မှ ချစ်လာကြတဲ့ အချစ်မျိုး မလုပ်ချင်ဘူး ။ ဘာပဲဖြစ်ဖြစ် တစ်ယောက် နဲ့ တစ်ယောက် စိတ်တူ သဘောတူ ဖြစ်ပြီး သဘောကျပြီး ချစ်တာမျိုး လိုချင်တယ် ”
“ ဪ ...... ဒါကြောင့် မောင်လေး က မမယဉ် ကို ရှောင်ခဲ့တာပေါ့ ”
“ ဒီလိုလည်း ကျွန်တော် မဆိုလိုပါဘူး ၊ မမယဉ် ကို ကျွန်တော် က ရှင်းချင်တာ ၊ ကျွန်တော့် ရဲ့ အချစ်နဲ့ ပတ်သက်လို့ မမယဉ် နားလည်စေချင်တယ် ။ အချစ် ဆိုတာ ပြန်ပြီး ချစ်တာတော့ လိုချင်တာပဲ ၊ ကိုယ် က ချစ်လိုက်တာနဲ့ တစ်ပြိုင်နက် ပြန်ပြီး ချစ်တာကို လိုချင်တာပဲ ၊ ရရင် စိတ်ချမ်းသာမယ် ၊ မရရင် စိတ်ဆင်းရဲမယ် ၊ ကျွန်တော့် အချစ်ဟာ ဒါမျိုး မဟုတ်ဘူး မမယဉ် ၊ ကျွန်တော် မိန်းကလေး တစ်ယောက် ကို ချစ်ရင် ကိုယ် နဲ့ သင့်တင့် ပါ့မလား ၊ ကိုယ် နဲ့ ချစ်ရလို့ သူ့ မှာ ညှိုးငယ်သွားမှာလား ၊ ပိုပြီးတော့ လန်းဆန်းလာမလား ဆိုတာ ကျွန်တော် တွေးတယ် ။ မမယဉ် ကို ကျွန်တော် ချစ်မိတယ်ထား ၊ ဒါပေမဲ့ ကျွန်တော် မမယဉ် လို ဖနောင့် နဲ့ မြေကြီး နဲ့ မထိတဲ့ မိန်းမပျို တစ်ယောက် ဆီ က အချစ် ကို ကျွန်တော် မမျှော်လင့်ဘူး ၊ တောင်း လည်း မတောင်းဘူး ။ ဒါပေမဲ့ ကျွန်တော့် ရင်ထဲ ရှိတာ တွေ ကိုတော့ ကျွန်တော် မမျိုသိပ်နိုင်တဲ့ အခါ တခြား မှာ အန်ထုတ်ချင် ထုတ်မယ် ။ ဒါကို တော့ မမယဉ် တားမြစ်ဖို့ မလိုဘူးလို့ ထင်တယ် ”
“ မမယဉ် မောင်လေး ကို မချစ်ပါနဲ့ လို့ တစ်ခါမှ မပြောဖူးပါလား ၊ မောင်လေး အတွက် မမယဉ် ရဲ့ စေတနာ ကို သာ ရှင်းပြတာပါ ”
“ ကိုချစ်ဆွေ ကို မမယဉ် ပြောလိုက်တာက ဒီ အဓိပ္ပာယ် ထွက်နေတယ် ”
“ မောင်လေး တစ်ခု နားလည်စေချင်တယ် ... မမယဉ် ဟာ မောင်လေး အပေါ်မှာ ဘယ်လောက် စေတနာ ထားတယ် ဆိုတာ မောင်လေး သိပါလိမ့်မယ် ။ ဒါပေမဲ့ မမယဉ် မှာ မလွတ်ကင်းတဲ့ ပတ်ဝန်းကျင် မှာ ရောက်နေတယ် ၊ ကျောင်းမှာတုန်း က လို ဆိုရင် မမယဉ် မောင်လေး အလို ကို ကြည်ကြည်ဖြူဖြူ လိုက်ဖို့ အသင့်ပါပဲ ။ ခုတော့ ... ”
“ ခုတော့ အနိမ့်အမြင့်ချင်း က ကွာနေတယ် ပြောပါ မမယဉ် ၊ အမှန်ကတော့ ဒီ အထိ ကို ရောက်စရာ မလိုပါဘူး ၊ ကျွန်တော် မမယဉ် ကို ချစ်တယ် ဆိုရာမှာ မမယဉ် ဆီက တုံ့ပြန်တဲ့ အချစ် ကို မမျှော်လင့်ဘဲ ချစ်တယ် ဆိုတာပဲ နားလည်ပါ ။ ဒါကိုသာ မျှော်လင့်မိခဲ့ရင် ကျွန်တော် ဟာ ကန်းရုံသာ ကန်းတာ မဟုတ်ပါဘူး ၊ ရူးလည်း ရူးတယ် လို့ ဆိုရမှာပဲ ။ ကျွန်တော့် အချစ် ဟာ အကန်းလို ရမ်းပြီး မချစ်ခဲ့ပါဘူး မမယဉ် ၊ ရနိုင် မရနိုင် ချိန်ပြီး ချစ်တာ ၊ ဒါကြောင့်လည်း မမယဉ် ကို ကျွန်တော် ဖွင့်မပြောဘဲ နေနိုင် ခဲ့တာပေါ့ ။ အမှန်က ခုလို ပြန်ပြီး မဆုံစည်းကြရင် ကျွန်တော့် ရင်ထဲမှာ တောက်ခဲ့တဲ့ မီး ဟာ ငြိမ်းလောက်ပါပြီ ”
“ မမယဉ် ရဲ့ အပြစ်ပါပဲကွယ် ၊ မမယဉ် ဒီ ရုံး လာတာ မောင်လေး ရှိမှန်းလည်း မသိပါဘူး ၊ မောင်လေး ကို လည်း အနှောင့်အယှက် မပေးလိုပါဘူး ။ ငါ့ မောင် ကို စိတ်ဒုက္ခ ပေးရာ ရောက်မယ် ဆိုရင် မမယဉ် တခြား ရုံး ကို ... ”
“ မလိုတော့ပါဘူး ... မမယဉ် ကျွန်တော် ကနေ့ အလုပ် က ထွက်လိုက်ပါပြီ ”
မမယဉ် သည် မောင်မြလေး ၏ စကား ကို နားထောင်ရင်း ထိတ်လန့် တုန်လှုပ်၍
သွားမိသည် ။
မမယဉ် က ငေးကြောင်၍ နေစဉ် မောင်မြလေး သည် မမယဉ် ကို ကျောပေး၍ အိမ် ပေါ်မှ ဆင်းသွားပြီ ဖြစ်လေသည် ။
▣ အောင်လင်း
📖 ဝတ္ထုတိုများ ပေါင်းချုပ်
No comments:
Post a Comment