Monday, March 17, 2025

ရလိုက်သေးတယ် ခင်ဗျာ ၊ ပါသွားပြန်ပြီ ခင်ဗျာ



 ❝ ရလိုက်သေးတယ် ခင်ဗျာ  ၊ ပါသွားပြန်ပြီ ခင်ဗျာ ❞


“ ဘယ်လိုလဲ ကျွဲကြီး ” 


“ ရလိုက်သေးတယ် အစ်ကို ” 


“ အမယ် တယ်ဟုတ်ပါလားဟ ” 


“ ဟေ့ကောင် အခြေအနေ ” 


“ ပါသွားတယ် အစ်ကို ” 


“ အင်း ဆိုးတာပေါ့ ”


ကျွန်တော် မောင်ချမ်းသာ နှင့် ကျွဲကြီး တို့ ကား ဆွေမျိုးသားချင်း မဟုတ်ပါ သော်လည်း ညီအစ်ကို အရင်း ထက် ပို၍ အတွဲ ညီလေ၏ ။ 


သူ့ နာမည်ရင်း ကို ခုထိ မသိပါ ။ ကျွဲပေါက်ကြီး ကဲ့သို့ မဲမဲသဲသဲကြီး

မော်တော်ဆိုင်ကယ် ပေါ် တက် လိုက်လျှင် ဆိုင်ကယ်ကလေး မြေကြီး ထဲ ပုဝင်သွားပလား အောက်မေ့ရ ။ ကိုယ်ခန္ဓာ က ကြီးပါဘိ ။


ဒါပေမဲ့ မျက်နှာ ကတော့ နုနု ကလေး ဗျာ ၊ သူ့ ကြည့် အမြဲပြုံးလို့ ။ 


သူ နှင့် ကျွန်တော် တွဲခဲ့သည် မှာ ဆယ်နှစ် ကျော်ခဲ့လေပြီ ။ ရည်းစား သာ ဆို ညားပြီး ကလေးတွေ တစ်သီကြီး ရနေလောက်ပြီ ။ 


“ ဘယ်လိုလဲ ညီ ”


“ ကျွန်တော် နံပြတ်သွားပြီ အစ်ကို ၊ အသံ တောင် မကြားချင်တော့ဘူး အစ်ကိုရာ ” 

( ဤနေရာ၌ နံပြတ်သွားပြီ ဆိုသည် မှာ နံရိုး ကျိုးပြတ်သွားခြင်း မဟုတ် ၊ အကြီးအကျယ် စိတ်ကုန် သွားခြင်းကို ဆိုလိုပါ၏ ။ နံပြတ် = တောသားစကား ) အနံ့ကလေး နံ သည် ကိုပင် မကြိုက် ဟု ဆိုလိုခြင်း

ဖြစ်ပါ၏ ။


“ အော် အေး ကောင်း ” 


“ ပြတ်သင့်ပြီ အစ်ကို ”


ဇူလိုင် ၉ ရက် စနေနေ့ က နိုင်းစတားစားသောက်ဆိုင်မှာ ဘီယာ သောက်ရင်း စကားတွေ ပြောမိ ။


“ ကျွန်တော် မိုက်ခဲ့တာ အနှစ် နှစ်ဆယ် ကြာခဲ့ပြီ ”


“ အင်း ပြော ”


“ တစ်နှစ်တော့ အစ်ကိုရာ ကျွန်တော် နှစ် ထည့် လိုက်တာ ၊ တစ်လတည်း နဲ့ သိန်းနှစ်ဆယ် ရတယ် ၊ အဲဒီ သိန်းနှစ်ဆယ် ” 


“ ပြောပါဦး ”


“ ဂျင် ထိုးလိုက်တာ တစ်ထိုင်တည်း နဲ့ ပြောင်ရော ”


“ ဟယ် ”


“ နောက်တစ်ခါ ပဲတီစိမ်း သိန်းငါးဆယ် ရလိုက်တယ် ” 


“ ပါသွားပြန်ရောလား ”


“ ဟုတ် ”


“ နောက်ဆုံး အကြိမ် က ပဲစင်းငုံ သိန်း တစ်ရာ့နှစ်ဆယ် ” 


“ ကုန်ရောလား ”


“ ဟင့်အင်း မိန်းမ က ကယ်

လိုက်လို့ ၊ မိန်းမ က

ပြောတယ် ဒါလေးတော့ လုပ်မပစ်နဲ့ တော့ တိုက်ဆောက်ရအောင် ဆိုလို့ တိုက် ဆောက်ပစ် လိုက်တယ် ”


“ တော်သားပဲကွ ၊ မင်း မိန်းမ ၊ မင်း တိုက်ကြီး က ပဲစင်းငုံ တိုက်ကြီးပေါ့ ”


“ အဲဒီ ကတည်းက ” 


“ ငါ သဘောပေါက်ပြီ ” 


ကျွဲကြီး ကား ဗွက်ထဲ လူးနေရာ က ရုန်းထွက် ခဲ့လေပြီ ။


“ ဟေ့ကောင် ငချမ်း ၊ ဒီကောင် တွေ တော်တော် သုံးနိုင်တာပဲကွ ၊ ငါ ဖြင့် အနားတောင် မကပ်နိုင်ဘူး ” 


၎င်းကား ကျွဲကြီး အကြောင်း မဟုတ်ပါ ။ ဘိလပ်မြေ ထောကြီး အကြောင်း ဖြစ်ပါ၏ ။ ကျွန်တော်တို့ အောင်လံမြို့ အနောက်ဘက် သရက်မြို့ ၌ ဘိလပ်မြေစက်ကြီး ရှိ

လေ၏ ။


လွန်ခဲ့သော နှစ်ပေါင်း နှစ် ဆယ် အစိတ် ၁၉၈၀ - ၁၉၉ဝ နှစ်များ အတွင်း ထောကြီးတို့ အလွန် ထောခဲ့သော ကာလများ ဖြစ်လေ၏ ။


“ ဒီကောင်တွေ ပိုက်ဆံ မလို ချင်လောက်အောင် ရနေတာကွ ” 


“ လင်းစမ်းပါဦးဟ ၊ ထွန်းမောင် ရ ”


“ ငါ တစ်ခါ သူတို့ နဲ့ ပါသွားတယ် ”


“ ဘယ်ကို ”


“ မော်တော် စင်းလုံး ငှားပြီး ဧရာဝတီ မြစ်ထဲ အစုန်အဆန် ဖဲ ကစား နေကြတာမောင် ” 


“ မင်း လဲ ရိုက်တယ်လား ” 


“ ငါ က ပါမွှားပါကွာ ”


ယခု ထို ဘိလပ်မြေထောကြီး အောင်လံ မှာ မနေတော့ပါ ။ 


အောင်လံ က တိုက် ကို ရောင်း ၍ ရန်ကုန် တောင်ဒဂုံ မှာ တိုက် တစ်လုံး ဝယ်၍ နေသည် ဆို၏ ။ သူ စီး နေသော ကား လည်း ပါသွားလေ၏ ။ 


နောက်ဆုံး သိရှိရသည် မှာ တောင်ဒဂုံ က တိုက် နှင့် ကား ကို ရောင်း၍ မြောက်ဒဂုံ မှာ အိမ်ငှား နေသည် ဟု ဆိုပြန်၏ ။


တစ်နေ့သော် ထောကြီး ထံ မှ ဖုန်း ဝင်လာလေ၏ ။ သူ့ အိမ်ဆိုင်ကလေး မှာ ကျွန်တော့် မြေပဲဆားလှော် တင် ရောင်း လို ၍ ဖောက်သည် ဈေး မေးခြင်း ဖြစ်လေ၏ ။ 


လက်ဖျား ငွေသီး ၊ ကား တဝီဝီ စီး ၊ မြစ်ကြီး ထဲမှာ မော်တော် စင်းလုံး ငှား ၍ ဖဲကစား ခဲ့သော ထောကြီး ကား အသက်အရွယ် ကြီးခါမှ အဘိုးအိုကြီး ဖြစ်ခါမှ ၊ ကြက် ကဲ့သို့ ယက် ရှာ၍ .. ။


ရလိုက်သေးတယ် ဆရာ ၊ ပါ သွားပြန်ပြီ ဆရာ ၊ အို မောင်သာဂိ ရယ် ၊ ရှိတာ ပြောင်ပါရောလား ။


 ▢ မောင်ချမ်းသာ

📖 ကုမုဒြာ ဂျာနယ်

      ၅ ဩဂုတ်လ ၂၀၀၅

No comments:

Post a Comment