❝ မနေ့က လရောင် အောက်မှာ ❞
အခန်း ( ၁ )
ယနေ့ ဆရာဦးဖုန်းဝေ ၏ ခန္ဓာ ကို မြေသို့ချပါသည် ။
••••• ••••• •••••
ဆရာ ၏ အသုဘ ကို မြို့လုံးကျွတ် လိုက်ပို့ကြပါသည် ။ ကျွန်တော်တို့ တပည့်ဟောင်းများ က ဆရာ ၏ ခန္ဓာသေတ္တာ ကို အလှည့်ကျ ထမ်း၍ ပို့ဆောင်ကြသည် ။ ဆရာမကြီး သည် သုဿာန် သို့ သွားရာ တစ်လမ်းလုံး ဣန္ဒြေ ရစွာပင် သမာဓိ တည်တည်ဖြင့် လိုက်လာပါသည် ။
ဆရာ့ ခန္ဓာ ကို မြေတွင်း သို့ ချကြသောအခါ တိတ်ဆိတ်နေသော လူအုပ်ကြီး အတွင်း မှ တပည့်မဟောင်း သုံးလေးဦး ၏ ရှိုက်သံ ကို ကြားလိုက် ရသည် ။
ဆရာမကြီး က တော့ ဆရာ့ ကိုယ်ပေါ် လွှမ်းခဲ့သော နံ့သာရောင် အပေါ်အင်္ကျီ နှင့် ခဲရောင် ဗန်ကောက်လုံချည်လေး ကို သေသေသပ်သပ် ခေါက်ပြီး ရင်ဝယ် ပိုက်ထားသည် ။ တပည့်မဟောင်း ဒေါက်တာမစန်းရီ နှင့် ဆရာမကလေး မလေးခင် က ဆရာမကြီး ၏ ဘေးမှာ ရံလျက် ရပ်နေကြသည် ။ မလေးခင် က အသံထွက်အောင် ရှိုက်လိုက်၏ ။ ဒေါက်တာမစန်းရီ က ဆရာမကြီး ၏ လက်မောင်းလေး ကို ဖက်တွယ်၍ ကျလာသော မျက်ရည် ကို လူ မမြင်ရန် ခေါင်းငုံ့ ထားသည် ။
ကျွန်တော်တို့ တပည့်ဟောင်း အတွင်း မှ အများစု မှာ ဣန္ဒြေရှိစွာ ထိန်းထားနိုင်ကြသော်လည်း ၊ ဆရာ ခန္ဓာငြိမ်းသည် အထိ ဆရာ့ အနားတွင် မခွဲမခွာ နေခဲ့သော တင်မောင် ကတော့ မြေပေါ် တွင် ဖင်ချ ထိုင်လျက် မျက်နှာ ကို လက်နှစ်ဖက် နှင့် အုပ်ကာ ရှိုက်ကြီးတငင် ငိုချလိုက်တော့သည် ။
ဆရာမကြီး သည် လက်ကိုင်ပဝါအဖြူ ကို ညာလက် ဖြင့် ပါးစပ် ကို အုပ်ထားသည် ။ ဆရာမကြီး ရင်မှာ တုန်ခါ နေသည် ။ သို့သော် အသံ မထွက်အောင် ပါးစပ် ကို အတင်း ဆို့ပိတ်၍ ထားလေသည် ။
သို့သော် ဆရာမကြီး မငိုပါ ။ ဆရာ ၏ ခန္ဓာ တည်ရှိရာ မြေတွင်း ကို သာ စူးစိုက်၍ ကြည့်နေ၏ ။ ဆရာမကြီး ၏ မျက်လုံးအိမ် မှ မျက်ရည်များ စီးကျ မလာပါ ။
ဆရာ့ အတွက် ငိုစရာ မျက်ရည် ဆရာမကြီး အဖို့ မကျန်တော့ ဟု ကျွန်တော်တို့ ထင်ပါသည် ။
▢ မောင်ကိုယု
📖 မနေ့က လရောင် အောက်မှာ
No comments:
Post a Comment