Wednesday, March 12, 2025

အသည်းနှလုံးတွေ သိမ်းကြုံး ယူခဲ့သူ


 

❝ အသည်းနှလုံးတွေ သိမ်းကြုံး ယူခဲ့သူ ❞

[ ၁၉၇ဝ ပြည့်လွန် နှစ်များတုန်း က မန္တလေး အငြိမ့်သဘင်အဖွဲ့ ၆ဝ ကျော် ရှိခဲ့သည် ။ အငြိမ့်သဘင်များ က ပွဲဦးထွက်စ မှာ ကပြလေ့ ရှိသော အော်ပရာ ဇာတ်လမ်းတိုတွေကို ပွဲကြည့်ပရိသတ်ထု က လေးစား နှစ်သက်စွာအားပေး ကြည့်ရှုခဲ့ကြသည် ။ အော်ပရာစဉ် တင်ဆက်သူ များစွာ အနက် မှ မောင်မြတ်မှိုင်း သည် ထင်ရှားသူ တစ်ဦး ဖြစ်သည် ။

မန္တလေးမြို့ က ထိပ်တန်း အငြိမ့်ကြီး ဖြစ်သည့် သစ်လွင် အငြိမ့်အဖွဲ့ မှာ မောင်မြတ်မှိုင်း ၏ ပန်ထွာဧကရီ အော်ပရာ ကို စပြီးတင်ဆက်ခဲ့သည် ။ ( ယခု အခါ သူ့ ဇနီး ဖြစ်သည့် ) မင်းသမီး ပန်တျာဌေးဌေးမြင့် ကလည်း အဆိုကောင်း ၊ အပြောကောင်း ၊ အကကောင်း ဖြစ်၍ လူတိုင်း နှုတ်ဖျား မှာ ပန်ထွာဧကရီ ရေပန်း စားခဲ့သည် ။

ငြိမ်းအေးမှု ၊ မျှတမှု ၊ လှပမှုနဲ့ အလင်းရောင် နဖူးစည်းစာတန်းဖြင့် လမင်းတရာ အလှသစ္စာ အင်အားစု အငြိမ့်သဘင်အဖွဲ့ ကို မောင်မြတ်မှိုင်း နှင့် ပန်တျာဌေးဌေးမြင့် တို့ ဖွဲ့စည်းကြသည် ။ အနုပညာအား ၊ အဖွဲ့အစည်းအား ၊ အခင်းအကျင်းအား ၊ အသိုင်းအဝိုင်းအား များ ပြည့်စုံပြီး လမင်းတရာ သည် ထိပ်ဆုံးတန်း က အငြိမ့်အဖွဲ့ ဖြစ်လာသည် ။ မောင်မြတ်မှိုင်း ၏ အော်ပရာတွေ ကို လမင်းတရာ ဘယ်မှာ က မှာလဲ စုံစမ်းပြီး လိုက် ကြည့်ကြသော အနေအထား သို့ ရောက်လာသည် ။

၂ဝဝ၅ ခုနှစ် တွင် လမင်းတရာ သက်တမ်း ငွေရတုကာလ ကို ရောက် ပါပြီ ။ မန္တလေးမြို့ ရှမ်းပွဲရပ် က အငြိမ့်အဖွဲ့ တည်ရာ ဌာန သို့ သွားရောက်၍ မောင်မြတ်မှိုင်း ကို ကျွန်တော် တွေ့ သည် ။ အငြိမ့် တီးလုံး တိုက် နေသည့် ဘေး မှာ ကျွန်တော်တို့ စကား ထိုင် ပြောကြသည် ။ အငြိမ့် ဒိုးသံ ၊ လေမှုတ် တူရိယာသံတွေ က ကျွန်တော်တို့ စကားဝိုင်း ကို အားဖြည့် ပေးနေသည် ။ တောင်ဘက် ကပ်လျက် အိမ် ဆိုင်ကယ်ဝပ်ရှော့ပ် က ဆောင်းဘောက်ကြီး တပ်ပြီး ခေတ်ပေါ် ဟစ်ဟော့ပ် သီချင်းတွေ ကျယ်ကျယ်လောင်လောင် ဖွင့်နေသည် ။ ခေတ်ပေါ် သီချင်းသံတွေ ကြား မှာ ဆရာမောင်မြတ်မှိုင်း ပြောသည့် စကား ကို ကြိုးစားနားစိုက်ပြီး နား ထောင်ရပါသည် ။ ]

••••• ••••• •••••

ပထိုးတောင် မှာ ပန်ထွာမင်းသမီး တည်ခဲ့တဲ့ လွမ်းစေတီ တစ်ဆူ ရှိတယ် ။ သူ ဒွတ္တဘောင်မင်း ဆီ ပါတော်မူ သွားလို့ လွမ်းစေတီ တည်တာ လို့ ဆိုပါတယ် ။ အဲသည်က နေ ပိဿနိုး ကို လှမ်း မြင်ရတယ် ။ ဘုရင်မကြီး အကြောင်း ဒဏ္ဍာရီတွေ ကို ဒေသခံတွေ က ပြောပြော နေတာ ကြားရတော့ ကျွန်တော် စိတ်ဝင်စားတယ် ။ ပန်ထွာမင်းသမီး ဒွတ္တာဘောင် နောက် ကို ပါသွားရတာ ဘာကြောင့်လဲ ။ သူ ဘယ်လို အမှားအယွင်းတွေ လုပ်ခဲ့မိသလဲ ၊ သူ့ နောက်လိုက်ပါ တွေ ဘာ အားနည်းချက် တွေ ရှိခဲ့ကြသလဲ ။ ဒါကို စဉ်းစားမိရာ က ပန်ထွာဧကရီ အော်ပရာ ကို ကျွန်တော် ရေးဖြစ် သွားတယ် ။ အဲဒါ ၁၉၇၃ ခုနှစ် က ။

ပြဇာတ် မရေးဘဲ အော်ပရာဘာကြောင့် ကျွန်တော် ရေးရသလဲ ဆိုရင် အငြိမ့် မှာ ပြဇာတ် က နောက်ဆုံး မှ ကရတာ ။ အော်ပရာ က ပွဲဦးထွက် ကနဦး အစ ဖြစ်တယ် ၊ ပရိသတ် စည်တဲ့ အချိန် မှာ ကျွန်တော် ပြောချင်တာတွေ ကျွန်တော် ပြချင်တာတွေ ပြလိုက် ပြောလိုက်ချင်လို့ အော်ပရာ ရေးပြီး ကဖို့ တင်ခဲ့တာပါ ။

ပြီးတော့ အော်ပရာ ဆိုတာ ကဗျာ ပဲလို့ ကျွန်တော် ယူဆတယ် ။ ပြဇာတ် က ဝတ္တု နဲ့ တူတယ် ။ အော်ပရာ ကို ကျစ်ကျစ်လျစ်လျစ် နဲ့ တင်ပြနိုင်ဖို့ ကျွန်တော် လေ့လာတယ် ။ စကားပြောမတတ်တော့ လျှာရှည်တယ် ၊ စာရေး မတတ်တော့ စာရှည်တယ် ဆိုတဲ့ အတိုင်းပဲ ။ ကဗျာလေး တစ်ပုဒ် လို ကျစ်လျစ်အောင် ကျွန်တော် တင်ဆက်တယ် ။

အနောက်တိုင်း သဘင် ပညာ မှာ one act မှာ seen ( မြင်ကွင်း ) ဘယ်နှစ်ခု ခွဲသလဲ ကျွန်တော်လေ့လာတယ် ။ ပန်ထွာဧကရီ မှာ act က two act နဲ့ sceen သုံးခုစီခွဲ လိုက်တယ် ။ အခန်း ခြောက်ခန်း နဲ့ ဇာတ်လမ်း တစ်ပုဒ် ဖြစ်အောင် လုပ်တယ် ။

မန္တလေး အငြိမ့်လောက မှာ အသစ်အဆန်း ဖြစ်သွားတော့ စိတ်ဝင်စား ကြတယ် ။ ကျွန်တော်တို့ အငြိမ့်တွေ က နယ် သွားရင် ပွဲ နှစ်ည ကရတာ ။ ဒါနဲ့ အဖွဲ့သားတွေ က နောက် တစ်ပုဒ်တော့ လုပ်ဦး ဆရာလေး လို့ တောင်းဆိုကြတယ် ။ အဲသည်တုန်း က စနစ် က အဖွဲ့ ကုန်ကျစရိတ် ကို အဖွဲ့ဝင်တွေ က စု ခံရတာ ။ ပွဲ ကြေး ကိုလည်း အစုလိုက် ပြန် ခွဲယူရတယ် ။ ပန်ထွာဧကရီ ဆက်တင်တွေ ကို ကျွန်တော် က သုံးထပ်သားတွေ နဲ့ လုပ်တာ ဆိုတော့ အဖွဲ့သား တစ်ယောက် နှစ်ထောင် စီ ကုန်တယ် ။ နောက် တစ်ပုဒ် တော့ အဖိုးနည်း ဝန်ပါ လုပ်ပေးပါလို့ တောင်းဆို ကြတယ် ။ ဒါနဲ့ အငြိမ့် မှာ ရှိပြီးသား ( နောက်ခံပိတ် ) ကား အစုတ်တွေ ထုတ်ခိုင်းပြီး လျှောက် ဆုတ်ဖြဲ ပစ်ပြီး သစ်ပင် ၊ သစ်ကိုင်း ၊ နွယ်ပင် ၊ ခြုံတန်းတွေ လုပ်ပစ်လိုက် တယ် ။

ကျွန်တော် က နောက်ခံ ပြကွက် ဖန်တီးရာ မှာ အသေးစိပ် အပြတွေ မလုပ်ဘူး ။ ဘုန်းကြီးကျောင်း ကို ပြမယ် ဆိုရင် ဘုန်းကြီးကျောင်း ရဲ့ montage ( ပုံဖော်နည်း ) က ဘာလဲ ၊ အုတ်လှေခါးကြီး ။ ဒါဆို ဘုန်းကြီးကျောင်း မှန်းသိပြီ ။ နောက် ခေါင်းလောင်းလေး ထည့်မယ် ၊ ဝေဠုဝန် ဆို ဝါးရုံပင်လေး ထည့်ပေးမယ် ၊ အဲဒီ သဘောတရား နဲ့ ပြပါတယ် ။

နောက်ထပ် အော်ပရာ အသစ် မာယာအကျဉ်းသား ကို လည်း ပရိသတ် လက်ခံကြတယ် ။ ပဉ္စလ မှာ ပဒေသရာဇ်စနစ် တည်မြဲအောင် မှူးမတ် ပုရောဟိတ် တွေက ကျားကန် ပေးနေချိန်မှာ ဘုရင့်သားတော် မင်းသား က သူ့ ဘဝ သူ စိန်လှောင်ချိုင့် ထဲ က ကြက်တူရွှေးလေး လို သိမြင်ပြီး မဒ္ဒပူရ ကို ထွက်သွားတဲ့ ဇာတ်လမ်း ပေါ့ ။

အော်ပရာ နှစ်ပုဒ် အောင်မြင် သွား ပြီးတော့ နောက်နှစ် ( ၁၉၇၄ ) ကျ အသစ်တွေ ထပ် ရေးရပြန်တယ် ။ အသစ် ရေးတဲ့ တစ်ပုဒ် ကတော့ ဂင်္ဂါမြစ် ရဲ့ မေခလာ တဲ့ ။

ဂင်္ဂါမြစ်ဝှမ်း က တံငါသည် ရေလုပ်သားတွေ ကြား မှာ အကကောင်း တယ်လို့ ကချေသည် မေခလာ နာမည် ကြီးတယ် ။ မြို့တော် က သေနာပတိ ( လူရွှင်တော် ဦးပေါစိန် ) ကြီး က မေခလာ ကို နန်းတွင်း လာ ကဖို့ ခေါ်တယ် ။ သူ က မကနိုင်ဘူးလို့ ငြင်းတယ် ။ ကျွန်မ ကို ချစ်ခင် အားပေးနေတဲ့ တံငါ ရေလုပ်သားတွေ ကို စွန့်ပယ်ပြီး မြို့တော် မှာ မကနိုင်ပါဘူး လို့ ပြန်ပြောတယ် ။

အော်ပရာ ရေးရင်း တောင်ပြုန်းမင်းကြီး မင်းလေးဇာတ်ထုပ် မှာ မင်းနှစ်ပါး ကို ဖမ်းခေါ် တော့ လွန်ကြိုးကြီးတွေ ဘာတွေ သုံးတာ သတိရတာ နဲ့ ကချေ သည် မေခလာလေး ကို ချီဖို့ တုတ်ပေ့ ဆိုတဲ့ လွန်ကြိုးခွေကြီး မနိုင်မနင်း ထမ်းယူ လာပြီး ဇာတ်စင် ပေါ် မှာ ဝုန်းခနဲ ပစ်ချ ၊ ဓားလှံလက်နက် ဝါရင်းတုတ်တွေ လည်း ဝုန်းဆို ဇာတ်စင် ပေါ် ပစ်ချပေါ့ ။ မေခလာ က ဖယ်ပါ ၊ ရှားပါ အလကား ဟာ တွေ ကျွန်မ ကို ခေါ်ဖို့ ဒါလောက်တောင် ကြိုးစားနေရသလား ၊ ကဲသွားမယ် ၊ စိတ် မချရင် ထဘီစ ဆွဲပြီး နောက်က ရဲရဲသာ လိုက်ခဲ့ကြ ပြောပြီး ရှေ့ ကနေ ဇောင့်ဇောင့် နဲ့ထွက်သွားတယ် ။

မြို့တော် ရောက် တော့လည်း ကချေသည် မေခလာ က မကပြနိုင်ဘူး ငြင်းလို့ သ,တ်ဖို့ လူသ,တ်ကုန်း ကို ထုတ်အသွား ၊ ဝေသာလီ က လည်း ဆန့်ကျင်ဘက် က စစ်ထွက် အလာ ၊ သေခြင်း အဓိပ္ပာယ် ကို ပရိသတ် စဉ်းစားဖို့ ထားခဲ့တယ် ။ မန္တလေးအငြိမ့် မှာ အော်ပရာ ကို ပရိသတ် က အားပေးတယ် ။ စာပေ ဝါသနာ ပါတဲ့ သူငယ်ချင်းတွေ ကလည်း အော်ပရာတွေ အများကြီး ရေးကြတယ် ။ ၁၉၇၃ ခု က စပြီး ၁၅ နှစ် လောက် အငြိမ့်အော်ပရာ တစ်ခေတ် ထွန်းခဲ့တယ် ။

အော်ပရာ တင်ဆက်ရာမှာ ပွဲကြည့် ပရိသတ် ကို ခေတ် တစ်ခေတ် ထဲ ဆွဲခေါ် သွားချင်တယ် ။ သူတို့ မှာ အဲသည် ခေတ် ထဲ ကို စီးမျော ရောက်ရှိ သွား စေချင်တယ် ။ ဒါကြောင့် ပန်ထွာဧကရီ ကတဲ့ အခါ ပျူ အဝတ်အစား ကို တတ်နိုင်သမျှ ဝတ်စေတယ် ။ ပုဂံစစ်သည် အော်ပရာ မှာ ပုဂံခေတ် အဝတ်အစားမျိုး နဲ့ ကတယ် ။ မယ်ဝဏ္ဏ ကို ညအိပ်ခိုင်းမယ် က တော့ အမရပူရခေတ် အဝတ်အစား တတ်နိုင်သမျှ ဆင်ပေးတယ် ။ အဝတ်အစား သာ မကဘူး တီးလုံးသံစဉ်လေးတွေ က အစ သူ့ ခေတ် ကို ကိုယ်စားပြု နိုင်အောင် ကြိုးစားခဲ့ပါတယ် ။

ပွဲကြည့် ပရိသတ် ရဲ့ ရင် ထဲ က ခံစားချက်တွေ ကို ကျွန်တော်တို့ အော်ပရာတွေ က ထိထိမိမိ တင်ဆက်နိုင်လို့ လက်ခံ အားပေးကြတာဖြစ်ပါတယ် ။

▢ ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ

No comments:

Post a Comment