Saturday, March 22, 2025

တောက်တီးတောက်တဲ့ ပဲနံ့သာ


 

❝ တောက်တီးတောက်တဲ့ ပဲနံ့သာ ❞
          ( မိချမ်းဝေ )

တစ်လောက ဂျာနယ်ဟောင်း တစ်စောင် မှာ တောက်တဲ့တွေ အဝယ်လိုက်နေတယ် ဆိုတဲ့ သတင်း ကို ဖတ်ရတော့ ဟိုယခင် အနှစ် အစိတ်ခန့် က ကမ်းရိုးတန်း မြို့ကလေး မှာ တစ်ရပ်ကွက်တည်း အတူ နေခဲ့ရဖူးသူ ကိုတွတ်တီ ကို သတိရမိပါတယ် ။ တကယ်ဆို ကိုတွတ်တီ နာမည် က ကိုတွတ်နီ ပါ ။ ဘယ်လိုက ဘယ်လို ဘယ်သူက စလိုက်တယ် မသိ ကိုတွတ်တီ ဖြစ်သွားပါရော ။ ဒီမြို့ အနေနဲ့ ဆို တွတ်တီ ဆိုတဲ့ နာမည် ဟာ သိပ် မကောင်းလှပါဘူး ။ အဲဒီတုန်းက မြို့ကလေး မှာ မိလ္လာတွေ ကို ပုံးနဲ့ သုံးတဲ့ ခေတ်တစ်ခေတ် ဟာ တကယ်ပဲ ရှင်သန်ခဲ့ ဖူးပါတယ် ။ မိလ္လာပုံးတွေ လိုက် သိမ်းတဲ့ လူကို ဒီမြို့က လူတွေ ခေါ်လိုက်ပုံက ချေးတွတ်တီ တဲ့ ။ မြိတ်စကား ကို မြန်မာလို ပြန်ရရင် ချေးကျုံးကု,လား လို့ အဓိပ္ပာယ်ရမှာပေါ့ ။ အဲဒီ ချေးတွတ်တီ ရှိနေရဲ့သား နဲ့ ကိုတွတ်နီ ကို ကိုတွတ်တီ ဖြစ်အောင် ခေါ်ကြတာက နည်းနည်းတော့ လွန်တယ် ထင်တယ် ။ ကျွန်မ က သာ ဒီကိစ္စ ခံစားနေရတာ ကိုတွတ်တီ အဲ ကိုတွတ်နီ က ဘယ်လိုမှ ခံစားရပုံ မပေါ်ဘူး ။ ကျွန်မ ကိုယ်တိုင်လည်း အများနည်းတူ ကိုတွတ်တီ ပဲ ခေါ်မိလေတော့ ကိုတွတ်တီ ပဲ ဆိုပါစို့ ။

တစ်ခါတစ်ရံ အရပ် အခေါ်အဝေါ်တွေ က အဓိပ္ပာယ် မရှိလည်း တစ်သက်လုံး တွင်သွားတဲ့ နာမည်မျိုး ရှိပါတယ် ။ မနီလက်တို ဆိုတဲ့ နာမည်မျိုး ၊ ဒေါ်ဘိုးကြီးမ ဆိုတဲ့ နာမည်မျိုး ၊ လက်လည်း မတို ၊ အဘိုးကြီး နဲ့ လည်း မတူဘဲ ထွက်သလို ခေါ်ရင်း ခေါ်သလို တွင်သွားတဲ့ နာမည်တွေ အများအပြား မဟုတ်လား ။ ထိပ်ပြောင်အောင်ဘု တို့ ၊ သွားခေါလှမောင် တို့ က သူတို့ ရုပ်အင်္ဂါရဲ့ ထင်ရှားတဲ့ အစိတ်အပိုင်း ကို ကိုယ်စားပြုတဲ့ နာမည်မျိုးတွေ လည်း မှည့်လေ့ ရှိပါရဲ့ ။ အခုလည်း ကိုတွတ်တီ ဟာ ကိုတွတ်နီ ကနေ ဆင်းသက်ရွေ့လျားလာပေမဲ့ ချေးတွတ်တီ နဲ့တော့ ဘာမှ မဆိုင်ဘူးဆိုတာ တစ်ရပ်လုံးအသိပါ ။

အဲဒီ ကိုတွတ်တီ ဟာ နာမည် နဲ့ ဆန့်ကျင်စွာပဲ ထောင်မောင်းတဲ့ အရပ်အမောင်း ၊ တောင့်တင်းတဲ့ ဗလ နဲ့ မှင်မောင်း ကောင်းသူပါ ။ ခေါင်းရင်းအိမ် က ဘကြီးဖြိုး စကား နဲ့ ပြောရရင် ဒီ လူက ကျော်ဟိန်း နဲ့ ဇော်ခင် စပ်ကျထားတဲ့ ကောင်ပါကွာ ... ဆိုတာလိုပေါ့ ။ ကိုတွတ်တီ ဟာ သူ့ တစ်ကျပ်သား ဆွဲကြိုးပေါ်အောင် အင်္ကျီရင်ဘတ် ကြယ်သီးနှစ်လုံး ကို အမြဲတမ်း ဖြုတ်ထား လေ့ရှိသူပါ ။ ဂျင်းဘောင်းဘီ ကို အမြဲတမ်း ဝတ်ပြီး စကား ကို မပွင့်မလင်း ညင်းညင်း ညက်ညက် ပြောဟန်က ကျော်ဟိန်း ငယ်ငယ်က စတိုင်ပါ ။

စတိုင်ကျကျ ဝတ်စားဆင်ယင်တတ်တဲ့ ကိုတွတ်တီ ရဲ့ အသက်မွေးဝမ်းကျောင်း ကတော့ ကုန်ရောင်းကုန်ဝယ် ဖြစ်ပါသတဲ့ ။ ဘာတွေ ရောင်း ၊ ဘာတွေ ဝယ်လဲ မေးရင် ဈေးကိုက်တာတွေ အကုန် ရောင်းဝယ်ပါတယ် ။ မှောင်ခိုတွေ ခေတ်စားစဉ် အခါက ကိုကွတ်တီ မှောင်ခိုလှေ နဲ့ ရှမ်းကမ်း ( ထိုင်း ) အထိ အကြိမ် ကြိမ် ရောက်ခဲ့ပါပေါ့ ။ ဈေးကွက်စီးပွားရေးတွေ ပွင့်လင်း တာတော့ မှောင်ခိုပစ္စည်း နဲ့ မဟုတ်ဘဲ တရုတ် က ဝင်တဲ့ ပစ္စည်းတွေ သယ်ရောင်းတာမျိုး ၊ တရားမဝင် နွားသားရေတွေ ထိုင်း ကို ပို့တာမျိုး လုပ်ပါသေးတယ် ။

မိန်းမ လည်း မယူ ၊ အမေအိုကြီး ကို လုပ်ကျွေး နေတာမို့ နောက်ပိုင်း အေးအေးနဲ့ လှုပ်ရှားနိုင်သူလို့ ပြောရင်ရပါတယ် ။ တစ်ကိုယ်တည်း လူပျိုကြီး မို့လား မသိဘူး ၊ ကိုတွတ်တီ မှာ တပည့်တပန်း ပေါလှတယ် ။ မနက် မိုးလင်းရင် ကိုတွတ်တီ အိမ်ရှေ့မှာ ဆိုင်ကယ်တွေ ဝေါခနဲ ထိုး ဆိုက်ပြီး အုပ်စုလိုက်ကြီး ကတ်ကြေးကိုက်ဆိုင် ကို ချီတက်နေကျပါ ။ ရပ်ကွက် ထဲက နာမည်ကြီး ခွေးနီကတ်ကြေးကိုက် ဆိုင် ဟာ ကိုတွတ်တီ တို့အုပ်စု စတည်းချရာ နေရာပေါ့ ။ ခွေးနီ ကြော်ကျွေးတဲ့ ကတ်ကြေးကိုက် ကို အားမရဘဲ ကိုတွတ်တီ က သူ ကိုယ်တိုင် ဈေးထဲ က ကင်းမွန်တွေ ၊ ပုစွန်တွေ ဝယ်သွားပြီး ကိုယ်တိုင် ဝင်ကြော်လှော်တာမျိုး လည်း ရှိလေရဲ့ ။ ကတ်ကြေးကိုက် ဆိုင်ပိုင်ရှင် ခွေးနီ စိတ်ကောင်း ရှိသလောက် ကိုတွတ်တီ တို့အုပ်စု သောင်းကျန်းနေကြတာပါ ။ ဒါက ကိုတွတ်တီ  မြို့ မှာ ရှိတဲ့ ပုံစံပါ ။ များသောအား ဖြင့်တော့ အရောင်းအဝယ် နဲ့ ခရီး ထွက်နေတာများပါတယ် ။ ကိုတွတ်တီ တစ်ယောက် ဒီလောက် ကုန်သွယ်နေတာ ချမ်းသာရောပေါ့လို့ မထင်လိုက်ပါနဲ့ ။ ရရစားစားပါပဲ ။ မချမ်းသာပါဘူး ။ အဲဒါ ဘာဖြစ်လို့လဲ ဆိုတော့ ကိုတွတ်တီ  ဟာ “ ဘောလိဘောရှာ ” သမား မို့လို့ပါ ။ ဘောလိဘောရှာ ဆိုတာ ကရော်ကမည် နမော်နမဲ့နိုင်သူလို့ အဓိပ္ပာယ် ဖွင့်ရမယ် ထင်တယ် ။

ကိုတွတ်တီ ရဲ့ နမော်နမဲ့ နိုင်မှု တစ်ခုကို ပြောပြရမယ် ဆိုရင် တစ်ခါတော့ အရောင်းအဝယ် နဲ့ ကော့သောင်း လှေထဲ ဆင်းလိုက်သွားရောတဲ့ ။ ဟိုတုန်းက ရေလမ်းခရီး ဆိုတာ လှေကြီးတွေ ကိုပဲ အားပြုသွားရတဲ့ ခေတ်ပေါ့ ။ အနည်းဆုံး မြိတ်ကနေ ကော့သောင်း ကို တစ်ည နဲ့ တစ်နေ့ ခုတ်ရတာပါ ။ လမ်းခုလတ် လှေပေါ်မှာ ညအိပ်ရတယ် ဆိုပါတော့ ။

ကိုတွတ်တီ ဟာ အိပ်မှုန် စုန်မွှားနဲ့ မနက် စောစောကြီး လှေပဲ့ဘက် ကို မျက်နှာသစ် သွားတိုက်ဖို့ ထွက်သွား သတဲ့ ။ လှေကြီးတွေ မှာက ရေချိုစည်တွေ ကို လှေပဲ့ပိုင်း မှာ ထားတာကိုး ။ ကိုတွတ်တီ  ဟာ သူ့ ရဲ့ အံပုံ ကို ဖြုတ် ၊ ရေစည်အဖုံး ပေါ် တင်ပြီး မျက်နှာသစ် ပလုတ်ကျင်း လုပ်သတဲ့ ။ ဒီအချိန်မှာ အဘွားအို တစ်ယောက်လည်း ရေစည်နား ကို မျက်နှာသစ်ဖို့ ရောက်လာ သတဲ့ ။ အဘွားအို က ရေတိုင်ကီ အဖုံးပေါ်က အမှတ်တမဲ့ တင်ထားတဲ့ ကိုတွတ်တီ ရဲ့ သွားအံပုံကြီး ကို မျက်စိမွဲမွဲနဲ့ ကြည့်လိုက်တာ အံပုံလို့ မမြင်ဘဲ ငါးအရိုးကြီးလို့ မြင်သတဲ့ ။ ဘယ်က ငါးရိုးကြီး ရေစည်အဖုံး ပေါ် ရောက်နေပါလိမ့် ဆိုပြီး ပင်လယ် ထဲ ဝဲပစ်လိုက်ပါရော ။

ဝဲ ပစ်တယ် ဆိုတာ အဝေးကြီး ရောက်အောင် လွှင့်ပစ်လိုက်တယ် ပြောတာပါ ။ ကိုတွတ်တီ  ကိစ္စပြီးလို့ လှည့် ကြည့်တော့ သူ့ အံပုံကြီး မရှိတော့ဘူး ။ မသိ နားမလည်လို့ ဖြစ်တာ ဆိုတော့ စိတ်ဆိုးရ လည်း အခက်ပေါ့ ။ သက်ကြီးရွယ်အို မရှိဆင်းရဲသား ကို အလျော် တောင်းရလည်း အခက်ပေါ့ ။ ဒါနဲ့ပဲ ကိုတွ တီ တစ်ယောက် အံပုံ မပါတဲ့ အော်ရီဂျင်နယ် ပါးစပ်ပိန်ပိန်ကြီးနဲ့ ကော့သောင်းအထိ လိုက်သွားရတော့တယ် ။ ရှိုးစမိုး ကောင်းသူ အလှကြိုက် အသန့်ကြိုက်သူ မှ ဖြစ်ရတယ် ဆိုပြီး ပြောစမှတ် တွင်သွား တာပေါ့ ။

တကယ်ဆို ကိုတွတ်တီ အံပုံနဲ့ ဆိုတာ ဒီ ပြဿနာ မပေါ်ရင် ဘယ်သူမှ သိမှာတောင် မဟုတ်ဘူး ။ အခုတော့ သူ့ ခမျာ မလွဲမရှောင်သာ မအီမသာ ကြီး လူသိ ခံလိုက်ရတဲ့ အဖြစ် ။ အဲဒီလို နမော်နမဲ့ ဘောလိဘောရှာ နိုင်လှတဲ့ ကိုတွတ်တီ တစ်ယောက် တောက်တဲ့ ဝယ်မယ် ဆိုတော့ ဒီကိစ္စ အရပ်ထဲ မှာ တီးတိုးတီးတိုး ကနေ အကျယ်အကျယ် ဖြစ်လာတော့တာပါပဲ ။

ခြေရင်းအိမ် က ဘွားလေးသိန်း က “ အလို တောက်တီးတောက်တဲ့ ဘယ့်နှယ် တောက်တဲ့ ဝယ်မှာတုံး ” တဲ့ ။ ခေါင်းရင်းအိမ် က ဘကြီးဖြိုး ကတော့ “ အဟတ် .. ဟတ် ... ဟား .. ကိုတွက်တီ က တောက်တဲ့ ဝယ်မယ်တဲ့ ဗျာ ၊ တို့အညာ က ကောင်တွေ တောက်တဲ့ ဝယ်မယ် ဆိုတော့ တောက်တဲ့ ဖမ်းဖို့လုပ်တာ သတိရသေးသဟေ့ ။ ဒီလိုပဲ တောက်တဲ့ ဘယ်က ဘယ်လို ဝယ်မယ် သတင်းထွက်တယ် မသိဘူး ၊ ရွာက လူတွေ တော ထဲ ဝင်ပြီး တောက်တဲ့ ဖမ်းဖို့ လုပ်ကြတာပေါ့ ။ ညွှန်တဲ့ လူ ကလည်း ညွှန်တယ် ၊ ဘယ် တောက ဘယ် အပင်မှာ တောက်တဲ့ တွေ တစ်ပုံကြီးပေါ့ ။ ဒါနဲ့ ငါတို့ ရွာက ကောင်တွေ တောက်တဲ့ဖမ်းဖို့ တောထဲ ဝင်သွားရောပေါ့ ”

“ တောက်တဲ့တွေ မိရောလား ဘကြီးဖြိုး ” လို့ တစ်ယောက်က ဝင် ထောက်တာ ကို ဘကြီးဖြိုး က “ ငါ့လခွီး မိဖို့ နေနေသာသာ သစ်ပင်ကြီး နောက်က ဧရာမမိကျောင်း လောက် ရှိတဲ့ တောက်တဲ့ကြီး ပတတ်ရပ်ပြီး ပေါ်လာလို့ ဖနောင့် နဲ့ တင်ပါး တစ်သားတည်း ကျအောင် ပြေးကြပါရော ”

ဘကြီးဖြိုး စကားက ပြီးပြီးပျောက်ပျောက်ပေမဲ့ ကျွန်မ ကတော့ မပြီးဘူး ။ ကြီးဆို ကျွန်မ က တောက်တဲ့ ကြောက်သူကိုး ။ တောက်တဲ့ တင် မဟုတ် ၊ ဖွတ် ၊ ပုတတ် ၊ ကင်းလိပ်ချော စတဲ့ တွားသွားသတ္တဝါတွေ အားလုံး ကြောက်တယ် ။ လူနဲ့ အနီးစပ်ဆုံး အိမ်မြှောင်လိုကောင် ကို တောင် ကြောက်တယ် ။ ကြောင်က အိမ်မြှောင် ခုတ်ပြီး မစားဘဲ ထားသွားရင် အဲဒီ အိမ်မြှောင် အလောင်းကို ကောက်မယ့်သူ မရှိဘူး ။ ကျွန်မ ကြောက်တော့ ကလေးတွေပါ လိုက်ကြောက် တယ် ။ အိမ်မြှောင်အလောင်း ကောက်ဖို့ အရပ်ကို အကူအညီ တောင်းရတာ မကြာခဏ ပါပဲ ။

အဲဒီလို အကြောက်သည်း တဲ့ အိမ်ဆီ မျက်စိလည်ပြီး တောက်တဲ့ တစ်ကောင် ရောက်လာတာလည်း မှတ်မှတ်ရရပါပဲ ။ တကယ်တော့ အဲဒီ အကောင်က အပေါ်ထပ် မှာ နေတဲ့ အကောင်ပါ ။ တစ်နေ့ မျက်စိ လည်ပြီး တိုင်လုံးကနေ တစ်ဆင့် အောက်ထပ် ဆီ ဆင်း လာပါရော ။ သူ့ ကို မြင်တာနဲ့ ကျွန်မ အော်တာ ငယ်သံတောင် ပါတယ် ။ ရုတ်တရက် မည်းမည်းကျားကျားကြီး မြင်လိုက်ရလို့ လန့် သွားတာလည်း ပါမှာပေါ့ ။ အဲဒီမှာ သမီးတို့ ဖေဖေက သူ့ကို လာရာလမ်း ဆီ ခြောက်လှန့်ပြီး ပြန် သွားစေတယ် ။ သူက မသွားဘူး ။ နဂိုက ပေတေတေ ကတ်တပ်တပ်ကောင် မို့ ဒီက မောင်းရင် ဟိုချောင်ကပ် ၊ ဟိုက မောင်းတော့ ဒီပြန်လာ ဖြစ်နေရင်း နဲ့ သမီးတို့ ဖေဖေ စိတ်မရှည်ဘဲ ရိုက်လိုက်ရာ ချက်ကောင်း ကို ထိသွား ထင်ပါရဲ့ ၊ သွေးစက်လက်ကျပြီး ပြေးပါရော ။

အဲဒီ သွေးစက်လက် က ဖြစ်ချင်တော့ ကြိုးတန်းမှာ လှမ်းထားတဲ့ ကျွန်မ ကျောင်းဝတ်စုံ အင်္ကျီအဖြူဆွတ်ဆွတ် ပေါ် ကျသွားတာပါ ။ ပြီးပါ လေရော ။ ဒီကောင့်သွေးတွေ ပေနေတဲ့ အင်္ကျီကို ကျွန်မ လျှော်ပြီး ၊ လျှော်ပြန် စိတ်ထဲ မသိုးမသန့် ဖြစ်နေလိုက်တာ ။ နောက်တော့လည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားပါ လေရော ။ ဒါပေမဲ့ လေးငါးရက် နေတော့ သူ ပြေးတက် သွားတဲ့ တိုင်နား က ဖြတ်ရင် အပုပ်နံ့ ရတယ် ။ ဒီနား မှာ ကြွက်သေပုပ်ကြောင့် နံနေတာလား ဆိုပြီး ရှာတော့လည်း မတွေ့ဘူး ။ အဖြေ မသိနိုင်တဲ့ ပဟေဠိကို စဉ်းစား နေတုန်း တစ်နေ့ သမီးတို့ ကို ထိန်းတဲ့ အိမ်အကူ ကောင်မလေး အပြင်က ပြန်လာတော့ မျက်နှာ က မချိုမချဉ်နဲ့ -

“ ကျွန်မ ဒီ ထီး ကိုင်ပြီး အပြင် ထွက်သွားတာ ဆောင်း မလို့ ထီး ဖွင့်လိုက်တော့ အထဲ က တောက်တဲ့ အမြီးပြတ်ကြီး ထွက်လာ အပုပ်နံ့ ကို ဟောင် နေရော ။ ဆရာမ သာ ထီးဖွင့်မိ လို့တော့ ပြီးပါလေရော ”

ကောင်မလေး အပြောက ကျွန်မ ကို ကြက်သီးထ သွားစေတယ် ။ ဒီကတည်းက ဒီကောင် ပြန်ဆင်းလာမှာ ကြောက်လိုက်တာ ။ အခု အဲဒီလောက် ကြောက်တဲ့ ကောင်ကို နှစ်အိမ်ကျော်မှာ နေတဲ့ ကိုတွတ်တီ က ဝယ်မယ်တဲ့ ။ ဝယ်တာတောင် တစ်ကောင် နှစ်ကောင် မဟုတ် ၊ ရ သလောက် အကောင်သုံးလေး ရာ ဝယ်မယ်တဲ့ ။ ကျွန်မ ကြောက်စိတ်တွေ တိုင်ထိပ် ပြေးဆောင့်လာပြီပေါ့ ။

•••••   •••••   •••••

အိမ်နီးနားချင်းတွေ ဖြစ် တဲ့ ဘွားလေးသိန်း က အလိုတော် တောက်တီးတောက်တဲ့ လို့ပဲ ပြောပြော ၊ ဘကြီးဖြိုး က အဟတ်ဟတ် ဟား လို့ပဲ ရယ်ရယ် ၊ ဝယ်မှာ က တော့ ဝယ်မှာပါပဲ ။ တစ်ကောင် တစ်ကျပ် ပေးမယ် ဆိုလို့ အုတ်အော်သောင်းတင်း ဖြစ်သွားသေးရဲ့ ။ အဲဒီ ခေတ်က ငွေတစ်ကျပ် ဆိုတာ နည်းတာ မှတ်လို့ ။

ကိုတွတ်တီ က ဒီ အကောင်တွေ ဝယ်ပြီး ဘယ်မှာ သွား ရောင်း မှာတုံး ဆိုတော့ ကော့သောင်း ကနေ ရှမ်းကမ်း ( ဖမ်ဖလား ) အထိ တင်မှာတဲ့ ။ ဒီတစ်ခေါက် ရှမ်းကမ်း ကို ပစ္စည်း သွင်းပြီး အပြန် လှေထဲ ဆင်းခါနီး ကိုတွတ်တီ က သူ့ လုပ်ဖော်ကိုင်ဖက် အဝယ်တော် ကို ဘာတင် လာရမလဲ လို့ လှမ်း မေးသတဲ့ ။ အဝယ်တော် က တောက်တဲ့ ဝယ်လာ လို့ အော်ပြောသတဲ့ ။ ကိုတွတ်တီ က တစ်ကောင် ဘယ်လောက် ပေးမှာလဲ ပြန်အော် မေးတော့ လက်သုံးချောင်း ထောင်ပြပြီး သုံးရာတဲ့ ။ ကြိုက်ပြီ ၊ ရစေ့မယ် ဆိုပြီး မြတ်ရင် ဘာမဆို လုပ်တဲ့ ကိုတွတ်တီ တစ်ယောက် တောက်တဲ့ ကောက်ဖို့ လုပ်ပါရော ။

အိမ်ရှေ့မှာ တောက်တဲ့ ဝယ်သည်လို့ ဆိုင်းဘုတ် လည်း ချိတ်လိုက်ရော ရပ် ကွက်ထဲက လူရွယ်လူလတ်တွေ အားလုံး အလုပ် ရ ကုန်တော့တာပဲ ။ အားအားယားယား လက်ဖက်ရည်ဆိုင် ထိုင် ၊အလကား ရတဲ့ ရေနွေးကြမ်းတွေ တစ်ခွက် ပြီး တစ်ခွက် သောက် ၊ သုံးလုံးထီဂဏန်းတွက်ခြင်း မှာ ငြီးငွေ့လာတဲ့ သန်သန်မာမာ လူရွယ်တွေ အားလုံး လက်ရုံးတွေကို ဆန့်တန်းကုန်ကြတာပေါ့ ။ ငါဟဲ့ ယောက်ျား ဇာနည်ဖွား ၊ လာစမ်း တောက်တဲ့ သူဌေး ဖြစ်ပဟဲ့ ဆိုတဲ့ မန္တန်တွေ ရွတ်ဖတ်ရင်း တောက်တဲ့ ဖမ်းဖို့ နည်းလမ်း ရှာကြတော့တယ် ။

တောက်တဲ့ ဖမ်းမယ်ဆို တောက်တဲ့ ရှိနိုင်တဲ့ တောတောင်ကို စုံစမ်းရတော့တာ ပေါ့ ။ မြိတ်မြို့ က တောကျောင်းတောင်ဆို တဲ့ မြို့လယ်ကောင် က တောင်ဟာ သစ်ပင်တွေ စိမ်းအုပ်အုပ်နဲ့ တောက်တဲ့တွေ ပျော်တဲ့ တော ဆိုပဲ ။ ဖမ်းနည်း ကလည်း ကြိုးကွင်းစွပ်ဖမ်းနည်း ၊ သစ်ခေါင်းထဲက ထွက်လာအောင် ပင်ခြေက မီးမြှိုက်နည်း အစုံပါပဲ ။ လှုပ်ရှားနေတဲ့ သတ္တဝါ ကို အသက်နဲ့တကွ ဖမ်းမိဖို့ ဆိုတာ သိပ်တော့ မလွယ်လှပါဘူး ။ ဒါပေမဲ့ လူ့အကြံ တောက်တဲ့ မခံနိုင် ဆိုတာလို ဖမ်းလာ လိုက်ကြတဲ့ တောက်တဲ့တွေ ကိုတွတ်တီ တပည့် တွေဖြစ်တဲ့ ဖိုးခွား နဲ့ ဖိုးမူ တို့ နှစ်ယောက် လည်း တောက်တဲ့ လက်ခံရတာ မမောမပန်း နိုင်အောင်ပါပဲ ။ ကျွန်မ မှာတော့ ကြောက်လွန်းလို့ အိမ်မှာ ကုပ်နေ သလောက် အရပ်ထဲ က လူ တွေ ပြေးကြည့် ကြတာ အမောတကော ပါပဲ ။ ဖိုးခွား နဲ့ ဖိုးမူ က တောက်တဲ့တွေ ကို ထင်းရှူးသေတ္တာ ထဲ အသက်ရှူပေါက်ကလေးတွေ သာ ချန်ပြီး ရိုက်ပိတ်ထားတယ် ။ ဒီ လို ရိုက်ပိတ် ထားရုံနဲ့ ပြီးရောလား ။ မပြီးပါဘူး ။ အစာ ကျွေးရဦးမှာပေါ့ ။ တောက်တဲ့ တွေ ကို ဘာ ကျွေးမလဲ ၊ သူတို့ ဘာကြိုက်သလဲ ၊ ဘာ စားလေ့စားထ ရှိလဲ ။ ကျွန်မ စိတ်ထင် သူတို့လည်း အိမ်မြှောင်တွေ လို ပိုးကောင်မွှားကောင် စားတယ် ထင်တယ် ။ အဲဒီ ပိုးကောင်မွှားကောင် က ဘယ်က ရမလဲ ။

မကြာပါဘူး ။ ကိုတွတ်တီ အိမ်မှာ တောက်တဲ့ ဝယ်သည် ဆိုင်းဘုတ် အောက်မှာ ပိုးဟပ် ဝယ်သည် ဆိုတဲ့ ဆိုင်းဘုတ် တစ်ခု တိုးလာပါရော ။ ပိုးဟပ် ကိုတော့ တစ်ပြည် တစ်မတ် ဝယ်ဈေး သတ်မှတ်ပါတယ် ။ ဘာပြော ကောင်းမလဲ အိမ်တွေ မှာ ပိုးဟပ်ရှာ ဖမ်းနေကြတာ သောသောညံ နေတာပဲ ။ ပိုးဟပ် ဆိုတဲ့အကောင်ဟာ အိမ်တွေ မှာ ပေါမှပေါ ။ အိမ်အိုအိမ်ဟောင်းတွေ ၊ လူ မနေတဲ့ ဂိုဒေါင်ပျက် တွေ ၊ သတင်းစာစောင်တွေ ထိုးထည့်ထားတဲ့ ပြန်ကြားရေးဌာန စတိုခန်းတွေ ။ ဒီတစ်ခါတော့ မူလတန်းအရွယ် ကလေးတွေ ကအစ လှုပ်ရှားကြတယ် ။

ကိုတွတ်တီ တို့ လုပ် လိုက်ရင် ပြောစမှတ် ကို ဖြစ်လို့ ။ ပိုးဟပ်အရှင်တွေ ပြည် တောင်း နဲ့ ဘယ်လို ချင်တွယ် မလဲ ။ ပြည်တောင်း ထဲ ထည့်လိုက်တာနဲ့ ပိုးဟပ်တွေ ပျော်ပျော်ကြီး ထွက်ပြေးကြတာလေ ။ ပိုးဟပ် လာ သွင်းချိန်ဆို ကိုတွတ်တီ အိမ် မှာ လူသံရယ်သံ ဆူဆူညံ နေတာပဲ ။ အကောင် အရေအတွက် နဲ့ ဝယ် ရင်လည်း လှုပ်ရွ နေတဲ့ကောင် တွေ ရေတွက်ဖို့ ဆိုတာ ခေါင်းမူးဆေးဖော်တာနဲ့ တူတူပါပဲ ။ နောက်ဆုံး အထုပ်လိုက် အလေးချိန်နဲ့ ဝယ်တဲ့ ဆီ ရောက်တော့တယ် ။

ဒီလိုနဲ့ တောက်တဲ့တွေ ကို ထင်းရှူးသေတ္တာသုံးလုံး နဲ့ ခန့်မှန်းခြေ အကောင်သုံးရာ လောက် ရှိမယ် ထင်တယ် ။ ရပြီးတဲ့ အချိန် ကိုတွတ်တီ ကော့သောင်း ဆင်းသွားပါရော ။ ကိုတွတ်တီ ဟာ ကုန်သွယ်မှု လမ်းကြောင်းပေါ်မှာ နှစ်တွေ အကြာကြီး ကျင်လည် ခဲ့သူမို့ အပေးအကမ်း ရက်ရောပြီး အရှောင်အတိမ်း ဂျက်စီဂျိမ်း ဘာသာရပ် ကိုလည်း ကျွမ်းကျင်သူ ပီပီ ဆိပ်ကမ်း အာဏာပိုင်တွေကို လွတ်လွတ်ကျွတ်ကျွတ် ဖြတ်ကျော်သွား နိုင်တာ ချီးကျူးစရာပါပဲ ။

•••••   •••••   •••••

ဆိပ်ကမ်း က လှေထွက် ပြီး ကျွန်းရွာတွေ နဲ့ ခပ်လှမ်းလှမ်း ရောက်မှ ကိုတွတ်တီ စိတ်ချလက်ချ ဖြစ်သွားတာပါ ။ ဘာပဲပြောပြော အခု တင်လာတဲ့ ကုန် က အရင်က ကုန် လို မဟုတ်ဘူး ဆိုတော့ သူ လည်း အထိုက်အလျောက် စိတ်လှုပ်ရှားတာပါပဲ ။ တစ်စုံတစ်ရာ လွဲချော်လို့ မဖြစ်ဘူး လေ ။ သူ့ အရင်းက မနည်းဘဲကိုး ။ ဒီလိုနဲ့ အမှောင်ချင်း ည ရောက်လာတော့ ကောင်းကင်မှာ မိုးများ ရွာဦးမှာလား ၊ မိုးရိပ်မိုးသားတွေ တက်လာ တာကို ကြည့်ပြီး သူ နည်းနည်း စိုးရိမ် သွားတယ် ။ ဒီ အကောင်ဗလောင်တွေ နဲ့ မိုး ရွာလို့ မဖြစ်ဘူး ။ သူ့ ထင်းရှူးသေတ္တာတွေ ရဲ့ လုံခြုံမှု ၊ မိုးရွာရင် ဖြစ်နိုင်တဲ့ ဖြစ်နိုင်ခြေ သူ အပြေးအလွှား တွက်ချက်နေမိတယ် ။

တော်ပါသေးရဲ့ ၊ ခပ်ဝေးဝေးက မိုးခြိမ်းသံ တစ်ချက်နှစ်ချက် ပေးပြီး မိုးရိပ် တွေ လေနဲ့ လွင့်ပါသွားပါရော လား ။ ကိုတွတ်တီ လူသူမသိ အောင် သက်ပြင်းကို မျှဉ်းမျှဉ်းကလေး ချမိတယ် ။ မိုးရယ် မရွာပါနဲ့ ။ မိုးဖြူမစဲ မိုးမည်းမရွာ ဆိုတဲ့ စကား လို မိုးမည်းတွေ လေနဲ့ အတူ မြန် ပါသွားပါစေ ။ ကိုတွတ်တီ  ဆုတောင်း နေစဉ်မှာပဲ မိုးမရွာ ပေမဲ့ မိုးရွာသလို စိတ်လှုပ် ရှားဖွယ် အဖြစ်အပျက် ဟာ ရုတ်ခြည်း ရောက်ချလာပါ တော့တယ် ။ အဲဒါက မိုးခြိမ်းသံထက် ကြောက်စရာ ကောင်းတဲ့ တုန်လှုပ်ချောက် ချားဖွယ် အသံကြီးပါ ။

အသံရဲ့ ရှေ့ပြေး က “ ဂေါ ဂေါ ” ဆိုတဲ့ ဆွဲငင်သံ ကြီးပါ ။ လူတွေ အားလုံး ခေါင်းထောင် သွားစဉ်မှာ အနောက်က “ ကွတ်ကယ် ကွတ်ကယ် ” ဆိုတဲ့ အော်မြည်သံကြီး ။ ရှေ့အသံ မဆုံး နောက်အသံ ဆက် ၊ နောက်အသံ မဆုံးခင် နောက်ထပ် နောက်ထပ် သံပြိုင်မြည်ဟိန်း လိုက်တဲ့ အသံတွေ ။ ဒီသေတ္တာ ပြီးတော့ ဟိုသေတ္တာ ၊ ဟိုသေတ္တာ ပြီးတော့ ဟိုး သေတ္တာ ။ ပင်လယ် ထဲ ကကုန်တင်စက်လှေကြီး ပေါ်မှာ ကြောက်မက်ဖွယ် သံပြိုင် မြည်ဟိန်းသံကြီး ဟာ ခရီးသွားတွေ ကို အဆုံးစွန်ဆုံး တုန်လှုပ် ချောက်ချားစေပါတော့တယ် ။

အမိဝေး ၊ ဘာသံကြီး လဲ ၊ ဘာသံကြီးလဲ နဲ့ ကမ်းနီးတန်းလေ အမိ ကို တသံ နဲ့ အတူ ဝေခွဲမရ အခြေအနေမှာ ထိတ်လန့် မှင်တက်နေကြဆဲ ကိုတွတ်တီ တစ်ယောက် မှာ အခြေအနေ ကို ထိန်းမနိုင်လဲ ရေလျှိုးမိုးပျံချင်စိတ် ပေါက်နေပါတော့တယ် ။ ဒီ အခြေအနေ က သူ မျှော်လင့် မထားတဲ့ အခြေအနေပါ ။ သူ တွက်ချက်ထားတဲ့ ဖြစ်နိုင်ခြေ ထဲမှာ ဒီလို ကိစ္စမျိုး ဘာလို့ မပါတာပါလိမ့် ။ “ မိုးလေ တွက်ကာ ဗေဒင်ဟော တောက်တဲ့ ကိုလေပေါ ” ဆိုတဲ့ ငယ်စဉ် က သင်ခဲ့ရတဲ့ ကဗျာ ကို ဘာ လို့ သူ မေ့သွားတာပါလိမ့် ။ ဒီ အကောင်တွေ ဟာ တစ်ကောင် အော်ရင် ကျန် အကောင်တွေပါ ဝိုင်း စု အော်တတ်ကြတာ ဘာလို့ သတိ မထားမိခဲ့ ပါလိမ့် ။ သူ့ အိမ်မှာ တုန်းက တစ်ကောင် မှ မအော်ဘဲ ပင်လယ်ပြင် လှေထဲ ရောက် မိုးသံ လေသံ ကြားမှ အော်တာ သူ တို့ရဲ့ ပင်ကို သဘာဝလေလား ။

ကိုတွတ်တီ  အတွေး ပွား နေစဉ်မှာပဲ သေတ္တာသုံးလုံး ထဲ မှာ ဘာတွေ ပါလာတယ် ဆို တာ သိသွားတဲ့ ခရီးသည် တွေ ရဲ့ တစ်တစ်ခွခွ ဆဲရေးသံ တွေ ဟာ ကောင်းကင် က မို သီးမိုးပေါက်တွေ ကျသလို ကျရောက်လာလိုက်တာ ကို တွတ်တီ မှာ တောင်းပန်ရုံ အပြင် ဘာရှိတော့မှာလဲ ။

မင့်အမေကလွားတဲ့ မှ တောက်တဲ့တွေ သယ်လာရ သလားဟ ဆိုပြီး ထရိုက်မယ် လုပ်တဲ့ ဒေါသကြီးကြီး အဘိုးကြီး တစ်ယောက်ကို ခရီးသည်တွေ ဝိုင်းဆွဲရတာ က အဆစ်ပါ ပါသေးတယ် ။ တာထွက် မကောင်းခဲ့တဲ့ ကိုတွတ်တီ ဟာ လမ်းခရီး တစ်လျှောက်လုံး လူတွေ ရဲ့ ငြိုငြင်စွာ မေတ္တာပို့မှု ကို ခံယူပြီး ကော့သောင်း ရောက်တော့ အနားတောင် မယူနိုင်ဘဲ ရှမ်းကမ်းဘက် လှေနဲ့ ကူးခဲ့တော့ တယ် ။ ဒါတွေကို ဈေးကွက် မြန်မြန် ပို့မှ ဖြစ်မယ် ။ သူ့ လက် ထဲ ရှိနေသရွေ့ ဝန်ထုပ်ဝန်ပိုး ကြီး ဖြစ်နေတာမဟုတ်လား ။

ကံဆိုးချင်တော့ ဟိုဘက် ကမ်း ရောက်တော့ တောက်တဲ့တွေ ရသလောက် သယ်လာ တစ်ကောင် သုံးရာ ပေးမယ် ဆိုတဲ့ သူ့ ဘော်ဒါ အဝယ်တော် ကို ရှာမတွေ့ ဖြစ်ပါရော ။ အဲဒီ လူ က ကော့သောင်းမြို့နယ် ထဲက ရွာ တစ်ရွာ မှာ အရပ်ခန့် ကျောင်းဆရာ လည်း ဖြစ်တာမို့ အခု ဆိုရင် အသုံးလုံး ခရီးစဉ် နဲ့ ပါသွားပါပြီ တဲ့ ။ ဘယ်မှာ သွားဖမ်းရပါ့ ။

“ ကိုတွတ်တီ ခင်ဗျားမို့ အဆင်ခြင်ဉာဏ် နည်းပလေ တယ် ။ နည်းနည်းပါးပါး ဈေးကွက် ကို စနည်းနာပါဦးတော့ ၊ ဒီဘက်က လူတွေ တောက်တဲ့ ဝယ်မယ်လို့ သဲ့သဲ့ မှ မကြားပါဘူးဗျာ ” 

လုပ်ဖော်ကိုင်ဖက် တွေ ဝိုင်းပြောကြမှ သူ့ အဝယ်တော် သူ့ ကို ချောက်တွန်းမှန်း သိ သွားတော့တယ် ။ တမင် နောက်ပြောင် လိုက်တာလည်း ဖြစ်နိုင်သေးရဲ့ မဟုတ်လား ။ ဒါတောင် သူ က ဇွဲမလျှော့ သေးဘူး ။ တစ်ကောင်ချင်း ပလတ်စတစ်အိတ် နဲ့ ထည့်ပြီး ရနောင်းဈေး ထဲ လိုက် စပ် သေးတာပါ ။ အမည်းနဲ့အဖြူကျားကောင်ကြီး ကို မြင်တာ နဲ့ ထိုင်းတွေ အလန့်တကြား ငြင်းလိုက်ပုံက ကိုတွတ်တီ ကို တဖြည်းဖြည်း သွေးပျက် သွားစေတယ် ။

စိတ်ဓာတ်တွေ အကျကြီး ကျပြီးတော့ ကော့သောင်း ပြန် ရောက်လာတဲ့ ကိုတွတ်တီ ကို သတင်းဆိုးကြီး က ဆိုနေပါတော့တယ် ။ သူ့ သေတ္တာတွေ သွား အပ်ထား တဲ့ ဂိုဒေါင် က ပစ္စည်းတွေ အမြန် လာယူပါတဲ့ ။ သူ အပြေးအလွှား
ရောက် သွား တော့ ဂိုဒေါင် က ဘယ် လက်ခံချင်ပါတော့မလဲ ၊ အပုပ်နံ့ ထောင်းထောင်း ထွက်နေပြီ ကိုး ။ ရက် ကြာလာတော့ အစာရေစာ ပြတ်တာရော မွန်းကျပ်တာရော ဆိုတော့ သေတဲ့ အကောင်သေ ၊ ပုပ်တဲ့ အကောင် ပုပ် ဖြစ်ပြီပေါ့ ။

ဒါတွေကို သူ ဘယ်မှာ သွား ပစ်ချရပါ့ ။ အခု မှ တကယ့် ဗြဟ္မာကြီး ဦးခေါင်း ဘယ်နား ချရမှန်း မသိ ဖြစ်ပြီ ။ နောက်ဆုံး ဂိုဒေါင်စောင့် အကြံ ကိုပဲ လက်ခံရတော့တယ် ။ ဒီလိုလုပ်တာ ငါ့ လက်က လွတ်ခွက်ကျွတ် မျက်နှာလွှဲ ခဲပစ် တစ်ကိုယ်ကောင်း ဆန်ပေ မဲ့ မလွဲမရှောင်သာ အဲဒီ လမ်း ကိုပဲ ရွေးချယ်ရတော့တယ် ။

တကယ်ဆို သေတ္တာသုံးလုံး ကို လှေနဲ့ တင်ပြီး ရ လယ်မှာ သွားပစ်ချရင် ပြီးနေ တဲ့ ကိစ္စကို ရွှေဉာဏ်တော်စူး ရောက်ပြီး ကော့သောင်းမြို့ စွန် က ပင်လယ်ရေ နဲ့ ထိစပ် နေတဲ့ လူနေအိမ်ခြေတွေ နောက်မှာ သေတ္တာ ဖွင့်ပြီး သွား လွှတ်တော့ အသေတွေ က ရေနဲ့ မျောသွားပေမဲ့ အရှင်တွေ က ရေစပ်စပ် ကနေ ကူး ပြီး ကုန်းပေါ် ပြန်တက် ၊ သစ်ပင်ပေါ် ပြေးတက် ၊ နီးရာ အိမ် တွေပေါ် ပြေးတက် ၊ ဒီလောက် များတဲ့ အဖြူအမည်းကျားကောင်တွေ အိမ်ပေါ် တွားတက် လာတာ မြို့စွန် ရပ်ကွက်ကလေး ကမ္ဘာပျက် သွား သလိုပါပဲ ။

နောက်ဆုံး ဘယ်ကောင့် လက်ချက်လဲကွ ဆိုပြီး ဝိုင်းဖမ်းပြီး ရပ်ကွက်ရုံး ကို ပို့ လိုက်တော့ ကိုတွတ်တီ တစ်ယောက် ငွေနဲ့ ပေါက်ပြီး မနည်း ဖြေရှင်း လိုက်ရတယ် ။ ဝိုင်း မရိုက်လိုက်တာ ကံ ကောင်းလို့ တွက်ရမှာပါပဲ ။ ဘောလိဘောရှာ နမော်နမဲ့ နိုင်လှတဲ့ စရိုက် တစ်ခု ကနေ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဟာ ကိုတွတ်တီ ကို သေရာပါ သင်ခန်းစာတွေ ပေးနေတော့တယ် ။

ကိုယ့် ရဲ့ မတော် လောဘကြောင့် လောကဓံ ရဲ့ ရိုက်ချက် ပြင်းပြင်း အောက်မှာ ဒယိမ်းဒယိုင် ဖြစ်ပြီး ပြန်လာ တဲ့ ကိုတွတ်တီ ကို မြိတ်မြို့ မှာ လှေ ဆိုက်တော့ သူ့ တပည့် ဖိုးခွား နဲ့ ဖိုးမူ က လာကြိုကြ သတဲ့ ။ လှေ ဆိုက်ဆိုက်ချင်း သူ့ ဆရာ မျက်နှာမြင်တော့ တပည့်တွေ က လက်မ ထောင် ပြပြီး အိုကေလား ဆိုတဲ့ သဘော လှမ်း မေးပါတယ် ။ စိတ်ပျက်လက်လျှော့ လာတဲ့ ကိုတွတ်တီ က လက်ဝါး ကာ ပြပြီး မပြောပါနဲ့တော့ကွာ လို့ လှမ်းပြီး လက်ရိပ် ပြ သတဲ့ ။ ဒါကို ဖိုးခွား တို့ ဖိုးမူ တို့ က “ ဟာ တို့ဆရာ ထောပြီ ၊ တစ်ကောင် ငါးရာတောင် ရတယ် ” သဘော ပေါက်ပြီး နယ်တွေ ဘက် ကို တောက်တဲ့ အရှာ ထွက်ဖို့ စိတ်ကူးကြသတဲ့ ။ လိုက်လည်း လိုက်ဖက်တဲ့ ဆရာ တပည့်တွေလေ ။

ကျွန်မ ကတော့ ကိုယ့် ကိုယ်ကို ဖော် မသူတော် စာရင်းဝင် ဒီအကောင်တွေ ရဲ့ အမည် ကို ကြားတိုင်း ကိုတွတ်တီ ကို သတိရပြီး ၊ သနားပြီး ရင်း သနား နေမိတော့တယ် ။

▢ မိချမ်းဝေ
📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
     မတ် ၊ ၂၀၁၄

No comments:

Post a Comment