❝ မြစ်တွေ ရံသော ပီတိ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
“ မန်မန်းချားမယ် ဘ ”
“ မုန့်ချားမယ် မေကြီး ”
ကလေးတစ်သိုက် သည် အငွေ့များ ကို နှာခေါင်း ပေါက်များ ၊ ပါးစပ်ပေါက်များ မှ တထောင်းထောင်း ထုတ်လွှတ်လျက် အိမ်ဝိုင်း ထဲ သို့ ဝင်လာကြ၏ ။
“ ဟော ရောက်လာကြပါပြီတော် ”
မကျီးဒန် သည် လက် ကို မီးကင်ရာ က လည်ပင်း ရှည် ကြည့်ရင်း ရေရွှတ်၏ ။ အဘိုးကြီး အဘွားကြီး သာ ရှိသော တိတ်ဆိတ် အေးချမ်းသည့် မီးဖိုကလေး ရှိရာသို့ ကလေးမုန်တိုင်းကြီး သည် အဟုန်ပြင်းစွာ ပြေးဝင်လာ၏ ။
အမေကြီး နှင့် ဘ တို့ မှာ သာ ငါးစပ်စောင် ကိုယ်စီ ခြုံထားငြား ကလေးတို့ မှာမူ ချမ်းရစီးရမှန်း သိဟန် မတူ ။ ရင်ဘတ် ဟောင်းလောင်း နှင့် ကလေး လည်း ပါ ၏ ။ ခါး အထိသာ မလုံမလဲ အင်္ကျီ စွပ်ထားသော ကလေး လည်း ပါ၏ ။
“ အင်း လာကြ လာကြ ၊ ကောင်းကောင်း ထိုင်ကြ မလုနဲ့ ”
ကိုဆေးရိုး သည် မြစ်များ ထိုင်ရန် ထန်းပလပ် ထိုင်ခုံကလေးတွေ ထိုး ပေး၏ ။ မြေး ခြောက်ယောက် မှ ပေါက်သော မြစ်ဆယ်ယောက် သည် ဘေးကြီး ထိုး ပေးသော ခုံကလေးတွေ တွင် ဟန်ဟန်ပန်ပန် ထိုင်ကြ ၏ ။ သို့သော် မီးဖိုကလေး က သေးနေသည် ။ သူတို့ အတွက် အနွေးဓာတ် မရ ၊ မီးဖို နှင့် နီးစေရန် တိုးဝှေ့ကြ သည် ။ တစ်ယောက် ကို တစ်ယောက် တံတောင် ဖြင့် တွက်မှန်း မသိ တွက်ကြပြီ ၊ တွန်းမှန်း မသိ တွန်းကြပြီ ။
“ ဪ သတ္တဝါကလေးတွေ သတ္တဝါကလေး တွေ ၊ ချမ်းရှာကြသကိုး ”
ကိုဆေးရိုး ၏ ပါးစပ် ထဲတွင် သွား တစ်ချောင်းမျှ မရှိတော့ပါ ။ ထိုအခါဝယ် ခွက်သော ပါးနှင့် မဟ တဟ ပါးစပ် မှာ ရယ်သလား မရယ်သလား မသိသာ ချေ ။ ကလေးတို့ က မူ ဘ ပြုံးနေသည် ချည်း ထင်ကြ ၏ ။ ဘ သည် အပြုံးပါးစပ် ဖြင့် ရေရွတ်ရာ က ပြည်ပန်းညိုသီး အခြောက်တွေ ကို ချိုးဖဲ့ပြီး မီးဖို ထဲသို့ ထည့် သည် ။ မီးစကလေး တစ်စ သာ ရှိတော့သော မီးဖို ကို မီးခိုးလုံးကြီး အူတက် ဖုံးလွှမ်း သွားသည် ။ မြောက်ပြန်လေ စိမ့်စိမ့်ကလေး တစ်ချက် သွေးသည် ။ ကလေးတွေ တွန့်ခနဲ ဖြစ်သွားသည် ။ မီးခိုး နှင့် လွတ်အောင် တိမ်းကြ ငဲ့ကြ ၊ လက်ဝါး ဖြင့် ကာကြ ။
“ နေပစေ ၊ မမှုတ်နဲ့ ။ မှုတ် ရင် ပြာတွေ လွှင့် ကုန်မယ် ”
ကိုဆေးရိုး သည် မန်ကျည်းခက် အခြောက်ကလေးတွေကို တချိုးချိုး တချွတ်ချွတ် ဖြင့် ချိုးဖဲ့ စုရုံး နေသည် ။ မီးခိုးလုံး မည်းမည်း သည် အဖြူရောင်ဘက် သို့ ရောက်လာပြီ ။ မီး လည်း ဟုတ်ခနဲ ထ တောက်တော့ သည် ။ ကလေးအုပ်ကြီး ရုတ်တရက် ပြိုကွဲသည် ။ ကိုဆေးရိုး ၏ လက် ထဲမှ မီးစာ ကို ပစ်ထည့်လိုက်ပြန် သောအခါ ကလေးဝိုင်း မှာ ပိုမို ကျယ်ပြန့်သွားလေ၏ ။ အနွေးဓာတ် အလုံအလောက် ရသွားပြီ ဖြစ်ငြား ကလေး တို့ အာသာ မပြေပါ ။ အမေကြီး အား စိုးရွံ့တကြီး လှမ်းကြည့်ရင်း ဘ ထံသို့ မျှော်လင့်တကြီး ကြည့်ကြ ၏ ။ အမေကြီး သည် စိတ်နှင့် မတွေ့လျှင် လက်လေးချောင်း ကို ကွေးလျက် ဒေါင်ဒေါင်ပါအောင် ခေါက်တတ်သောကြောင့် ကြောက်ရွံ့ကြ၏ ။
ဘ ၏ လက်ယာဘက် ဘေးတွင် ခမောက်စုတ် ဖြင့် ဖုံးထားသော အရာမှာ မုန့်တွေ ဖြစ်နိုင်သည် ။ မုန့် မဖြစ်လျှင် ထမင်းကျန် ကို ဟင်းကျန် နှင့် ရောမွှေ ထား သော ထမင်းနွေး ဖြစ်နိုင်သည် ။ သည့်အပြင် ဘ ၏ လက်ဝဲဘက် တွင် ပုဆိုးစုတ် နှင့် နှီးစည်း ရောထွေး နေသည် ။ ဤ အောက်တွင်လည်း စားစရာ ရှိနိုင်သည် ။ ထို့ကြောင့် ဘ မျက်နှာ ကို မျှော်လင့်တကြီး ကြည့်ကြ ခြင်း ဖြစ်၏ ။ သို့သော် ဘ သည် ချွန်ထက်သော ဇလုတ် ( စလုတ် ) ကြီး တက်ချည် ဆင်းချည် ဖြစ်အောင် လက်ဖက်ရည် ချည်း ဖိ သောက်နေ၏ ။
“ ဘ မန်မန်း ချားမယ် ”
“ မေကြီး မုန့်ချားမယ် ”
ဘ မလှုပ်သဖြင့် ကလေးတွေ က လှုပ် လာ၏ ။ လှုပ်လာသော ကလေးတွေ မှာ ကလေးကြီး မဟုတ် ။ သူတို့ ကို ချီပိုးရသော ကလေးကြီးများ က လက်ညှိုး ဖြင့် ထိုးသောကြောင့် အချီအပိုး အထိန်းအယခံ ကလေးငယ်များ ထံမှ အသံ ထွက်လာခြင်း ဖြစ်ပေ၏ ။
ဘ သည် မြစ်တွေ ကို ငုံ့ ကြည့်၏ ။ သမီးကြီး ချောစိန် ၏ မြေးတွေ ၊ သားငယ် ဘညိန်း ၏ မြေးတွေ ၊ သည် မြေးတွေ ကို ကိုဆေးရိုး မျက်လုံးရှုံ့ ပြီး ကြည့်ရ သည် ။ ကြည့်သော် ငြား မည်သူသည် မည်သူ့ သား သမီး က ပေါက်သော မည်သူတွေ ဟု မသိပါ ။
“ အင်း သမီးအကြီး က အကြီးဆုံး ငကိုကြီး ၊ သည့် အောက်မှာ မိခင်ခင် ၊ သူ့ အောက်မှာ ငတက်ပြားမ ၊ နို့ညှာ က မောင်ထွေး ၊ အငယ်ဆုံး လှအုံးမယ် ၊ အင်း .. မနည်းပါကလား ”
သို့သော် အငယ်ကောင် ဘညိန်း မှာ သူ့ အစ်မ နှယ် ကလေး မများ ။ မေကြည် ၊ ခင်မောင်ငြိမ်း နှင့် မောင်မောင်လှ ၊ ကျော်သူရ စုစုပေါင်း လေးယောက် သာ ။ ထို နှစ်မိသားစု ထဲမှ ကျော်သူရ နှင့် မောင်ထွေး ၊ လှအုံးမယ် တို့ ကို ချန်ထားလိုက်လျှင် ခြောက်ယောက် အိမ်ထောင် ကျနေပြီ ။ မြေး ခြောက်ယောက်မှ ပေါက် သော မြစ်များ ကို ကိုဆေးရိုး မမှတ်မိပါ ။
“ နေပါဦး ၊ ဟိုကောင် ဟစ်ကြီး ဟာ ခင်ခင်ကြီး ရဲ့ သား မဟုတ်လား ”
ထိုသတ္တဝါကလေး မှာ ထန်းလျက် ကြိုက်သည် ။ အလွန် ငိုသောကြောင့် ငဟစ်ကြီး ဟု ခေါ်၏ ။ ငဟစ်ကြီး ၏ ဇာတာ ထဲက အောင်ကျော်စံဦး ကိုကား ကိုဆေးရိုး မမှတ်မိပါ ။ ချောစိန် ၏ သားကြီး ကိုကိုကြီး နှင့် မြင့်မြင့်သွေး တို့မှ သီဟကို နှင့် မြင့်သွေးကို မောင်နှမ ၊ ဘညိန်း ၏ သား ခင်မောင်ငြိမ်း နှင့် ရည်ရည်ပြုံး တို့ မှ ငြိမ်းပြုံးရည်ငယ် နှင့် ပြုံးပြုံးငြိမ်းဦး ညီအစ်မ ၊ မိမိထွေး ခေါ် ငတက်ပြားမ မှ သတ္တိခဲ နှင့် ရွှေရည်ဝင်း မောင်နှမ တို့ ကို ပေါက်ဖွားထားသည် ။ ဘညိန်း ၏ သမီးကြီး မေကြည် မှာ အိမ်ထောင် အကျ နောက်ကျသည် ။ သို့တစေ သားသမီး ထွန်းကားနှုန်းမူ မြန်ဆန်၏ ။ အားလုံးတွင် သားသမီး တစ်ယောက် နှစ်ယောက် သာ ရှိ သေးချိန်၌ သူ က သုံးယောက် ဖွားမြင်ပြီး သူရကျော် ၊ သူရသန်း ၊ သူရထွန်း ဟူ၏ ။
“ ဟို သုံးယောက်ပါ အိမ်ထောင် ကျရင်တော့ ငါ့ မြစ် တွေ နဲ့ တင် တစ်ရွာ တည် လောက်ပြီဟေ့ ”
ကိုဆေးရိုး ရင်ကျပ်သံကြီး ဖြင့် ရယ်မောသည် ။
“ အခုလည်း တည်လောက်ပါပြီ တော် ၊ တစ်ကျိပ် ရှိနေပေါ့ ဟာ ”
မကျီးဒန် က ဖြည့်စွက် ပေးသည် ။ ယင်းသို့ ဘ နှင့် အမေကြီး တို့ ထံမှ ကြည်သာသော စကားသံများ ထွက်လာသောအခါ ကလေးတွေ အနေ မကျုံ့ ။ ငဟစ်ကြီး ကိုယ်တိုင် ဦးဆောင်တော့သည် ။
“ ဘာလဲဗျာ ၊ မုန့်ဖိုးပေးပါ ဆိုမှ ”
“ ဘ မုန့်ရှားမယ် ”
“ မန်မန်ချားမယ် မေကြီး ”
အသိုက်ဝ သို့ ရောက် လာသော ငှက်မကြီး ထံ အစာ တောင်းသော ငှက်ကလေးတွေ နှင့် တူလှချည့် ဟု မကျီးဒန် အထင် ရောက်သည် ။
“ ကျွေးမှာဖြင့် လည်း ကျွေးလိုက်ပါတော် ၊ ကြာရင် ကျုပ်တို့ အသားကို ဖဲ့စား နေလိမ့်မယ် ”
မကျီးဒန် ၏ စကားအဆုံး ၌ ကိုဆေးရိုး ၏ ညာဘက်လက် က ခမောက် ကို ဆွဲမသည် ။ ထမင်းနွေး ရနံ့သည် သွားရည်ကျဖွယ် လွင့်ဝဲလာ၏ ။ ချဉ်ရည် ဟင်းအကျန် နှင့် ထမင်းကြမ်း ကို နွှေးထားခြင်း ဖြစ်သည် ။ ဇလုံကြီး ထဲမှ ခပ်၍ ခပ်၍ ဇလုံလေးများ ထဲသို့ ခွဲ ထည့်ပေး၏ ။ နှစ်ယောက် လျှင် ဇလုံ တစ်လုံး ၊ တစ်ယောက် တစ်ဇွန်းစီ ကူးလှယ် စားနေကြပုံ မှာ သနားစရာ လည်း ကောင်း၏ ။ ကြည်နူးဖွယ် လည်း ဖြစ်၏ ။
“ ကိုယ့် အိမ်မှာ ကိုယ် မစားဘဲ သူများ အိမ် လာ တောင်းရအောင် နင်တို့ မိဘ က ဘယ် သွားကုန်တုံး ”
“ သူများအိမ် မဟုတ်ပါဘူး အမေကြီး ရယ် ၊ ကိုယ့် ဘ နဲ့ ကိုယ့် အမေကြီးပါ ”
မကျီးဒန် အား အဆစ်ခွပ် သူ မှာ ငတက်ပြားမ ၏ သား သတ္တိခဲ ဖြစ်ချေ၏ ။ မကျီးဒန် မပြုံးဘဲ နေနိုင် ။ မနော မခွေ့ ဘဲလည်း မနေနိုင် ၊ သွားဖုံးကြီးတွေ ပေါ် လာအောင် ပြုံးရသည် ။ ပြုံးသော်ငြား မီးရဲရဲ နှင့် ထင်းစ ကို ကောက် ကိုင်သည် ။
“ ဘာ ကိုယ့်ဘ နှင့် ကိုယ့်အမေကြီး တုံး ၊ လူပါးဝလို့ ”
မီးစ ဖြင့် ခေါက်ရန် ရွယ်၏ ။သတ္တိခဲ ခေါင်းပု သွားစဉ်တွင် ကိုဆေးရိုး က စကား အကျန်ကို ဆက်၏ ။
“ ဟုတ်ပါပြီလေ မင်းတို့ မိဘတွေ က ဘယ်သွား ကုန်လို့ သည်မှာချည်း စုပြုံ ရောက်လာကြရတာတုံး ”
“ လယ်ပြင်သွားတယ် ဘ ”
“ ညက်ယိတ် ဘွားဒယ်ဘ ”
လယ်ထဲ သို့ သွားသည် ။ မြက်ရိတ် သွားသည် စသော အဖြေများတွင် ကိုဆေးရိုး ငြိမ်သက်ခဲ့သည် ။ အာလူးစိုက် ဟု ဆိုလာချိန်တွင် ကား မြောက်ဘက် ချောင်းပြင်ဘက်သို့ ချာခနဲ ခေါင်းလည် သွားလေသည် ။
နှင်းမှုန် အောက်က ဆင်နီတော နှင့် ကိုင်းတော ။ သည် တောများ ကြားမှ စလင်းချောင်း ။ သည် စလင်း ချောင်း သည် ရမ်းဘိုကုန်းရွာ အား နှစ်ပေါင်းများစွာ ဟိန်းဟောက်ခဲ့သည် ။ ရန်လိုခဲ့သည် ။ အိမ်တိုင်းအိမ်တိုင်း ၏ နောက်ဖေးပိုင်း တွင် စောင်ရန်းတန်း မရှိ ။ ကြောက်ရွံ့ဖွယ်ရာ ကမ်းပါးထောက်တွေချည်း ဖြစ်လာသည် အထိ စလင်းချောင်း က ကိုက်ဖဲ့ စားသောက်ပစ် ခဲ့သည် ။
ယခု စလင်းချောင်း ကား ဝေးလံလွန်းလှသည် ။ ရွာ နှင့် ချောင်း ၏ ကြား၌ သောင်ကြီး ထွန်းသည် ။ သောင် တစ်ဆင့်တွင် နောက်ထပ် တစ်ဖန် သဲ ဖို့လာ ပြန်ရာ ဧရာမ သောင်ကြီး ဖြစ်လာသည် ။ ဟိုဘက်တွင် လည်း သောင် ၊ သည်ဘက် မှာလည်း သောင် ။ သောင် နှစ်ခု ကြားရှိ သနားစရာ စလင်းချောင်း ။
ကိုဆေးရိုး သည် လည် ဆန့်ကြည့်၏ ။ ချောင်း ရေပြင် ကို မမြင်ရ ။ ရေငွေ့ များ ကို မြင်ရ၍သာ ချောင်း ပါတကား ဟု ခန့်မှန်းရ၏ ။
“ တို့ ငယ်ငယ်တုန်းက စလင်းချောင်း ပြန် ဖြစ်နေပါပကောလား ”
မကျီးဒန် က ကြားဟန် မတူ ။ ငဟစ်ကြီး နှင့် သတ္တိခဲ အလုအယက် စားနေရာ သို့သာ အာရုံ ရောက်နေ၏ ။
“ တို့ ငယ်ငယ်တုန်းက ရမ်းဘိုကုန်းရွာ ဟာ ငှက်ပျောတောရွာ ထဲ ကစကားပြောသံတွေ ကို ကြားရ ၊ အိမ်တွေ က ဇွန်းသံ ၊ ပန်းကန်သံ လည်း ကြားသဟ ။ အင်း သည် နောက်တော့ ဟိုဘက် ကို ဦး လှည့်ပြီး ဖဲ့လိုက် သည်ဘက် ကို ရေစွယ်ထိုးပြီး ဖဲ့ လိုက်နဲ့ နှိပ်စက်လိုက်တဲ့ ကိုရွှေချောင်း ၊ ခုတော့လဲ ”
ရေမှုန်ရေခိုးများ ကြား၌ လူ တစ်ယောက် မတ်တတ် ရပ်လျက် စီးမျောလာ၏ ။ သူ့ လက် ထဲတွင် ထိုးဝါး တစ်ချောင်း ကိုင်ထားသောကြောင့် သာ ဝါးဖောင် သမားပါလား ၊ ဪ ဝါးဖောင် မျှော လာတာပါ ကလား ဟု သိရ၏ ။
မြစ်တွေ ကို ကိုဆေးရိုး ငဲ့စောင်း ကြည့်သည် ။ ဝါးဖောင် တစ်တွဲ စုန်ဆင်းလာသည် ကို သတိထားမိဟန် မပြကြ ။ သူတို့ သာ သိလျှင် ချောင်းဘက် သို့ အလုအယက် ပြေးဆင်းကြလိမ့်မည် ။ ကလေးကြီး က ကလေးငယ် ကို ခါးထစ် ခွင်လျက် ၊ ကုန်းပိုးလျက် ဝါးဖောင် ပေါ်သို့ ခုန်တက် ကြလိမ့်မည် ။
ထမင်းနွေး ကို လက်စသတ်ရန် အလုအယက် ကြိုးစား နေကြ၏ ။ မကျီးဒန် သည် သတ္တိခဲ နှင့် ငဟစ်ကြီး အား စိုက်ကြည့်နေရာ က “ စားလိုက်ကြတာ မနေ့ ညတုန်းက ထမင်း မှ စားကြရရဲ့လားဟင် ” ဟု မေး၏ ။
“ သားတော့ မစားဘဲ အိပ်တာပဲ အမေကြီးရ ”
သတ္တိခဲ ခေါင်းကို ငဟစ်ကြီး က ပုတ်၏ ။
“ မင်းလားကွ မစားဘဲ အိပ်မှာ ။ အမေ က ကြက်သွန်တစ်ဥ ချေးချေစမ်း ခိုင်းလို့ ငါ ရောက် လာတုန်းက မင်း ထမင်းစား နေတာ ငါ မြင်ခဲ့သားနဲ့ ”
အသံဩ လည်း သြ ၊ ပြာ လည်း ပြာသော ငဟစ်ကြီး ၏ အပြောကို မကျီးဒန် သဘောကျလှသည် ။
“ ဒါနဲ့ပဲ အမေကြီး တို့ အိမ် လာပြီး တောင်းရ သလား ၊ မုန့်ဖိုးပဲဖိုး မပေးခဲ့ကြဘူးလားဟင် ”
“ အမေ က အဖေတို့ အမေတို့ အာလူး စိုက်ဖို့ ချောင်း ထဲ ဆင်းမယ် ၊ သား က အမေကြီး တို့ အိမ် သွား တဲ့ ။ ဒါနဲ့ မုန့်ဖိုး ပေးခဲ့ပါ တောင်း တာတောင် မပေးဘူး ။ အမေကြီး တို့ က ကျွေးလိမ့်မယ်တဲ့ ”
“ တကတည်းတော် ” ဟု မကျီးဒန် ရေရွတ် မဲ့ရွဲ့မိ၏ ။ သို့သော် ကိုဆေးရိုး မူ မျက်နှာ မပျက် ငဲ့စောင်း ပြော၏ ။
“ ကိုယ့် အရိပ် ကို သူတို့ လာ ခိုနိုင်တာ ဝမ်းသာစရာ ပါ ကျီးဒန် ရာ ”
“ ဘယ့်နှယ့်တော် ၊ ကလေး ကို တော့ မုန့်ဖိုးပဲဖိုး တစ်ကျပ်တစ်ပြား ပေးခဲ့ဖော် မရဘဲ တစ်ဆိတ်ရှိ အမေကြီး နဲ့ ဘ ၊ တစ်ခါလာ ဘ နဲ့ အမေကြီး ၊ သည်မှာက သင်္ချိုင်းကုန်း ကို ခြေနှစ်ဖက်လုံး လှမ်း နေကြပြီ ”
“ ပြောလေ ကဲလေပါကလား ဟာ ”
“ ကဲတာ မဟုတ်ပါဘူး တော် ၊ လယ်ကလေး ဆီမီးခွက် လောက် လုပ်ရတာပဲ လက်ညှိုး ထိုးထိုးပြီး အမေ တို့ က လယ်သမား ၊ ချေးပါဦး ဆန်နှစ်ပြည် ၊ ငှားပါဦး ဆီတစ်ဆယ်သား နဲ့ သည်မှာ ဖြင့် ”
“ အေးလေ လယ်သမား မို့ လယ်သမား ပြောတာ စိတ်ဆိုးစရာလား ။ စပါးတစ်တောင်း ကို သုံးလေးရာ ကြီးများ တောင်မှ ”
ရင်ကျပ်သံကြီး ဖြင့် ကိုဆေးရိုး သရော်ရယ် ရယ် သောအခါ မြစ်များ သည် နားမလည် ပါးမလည် ရောယောင်ပြီး ရယ်မောကြ၏ ။
“ မကောင်းပါဘူး တော် ၊ ကိုယ့် စပါး က ဈေးကြီး တော့ စပါး မရှိတဲ့ လူတွေ မှာ မနက်စာ နဲ့ ညစာ အလျဉ် မီအောင် ပြေးရလွှားရတာ ကြည့်ကြည့်ပြီး လည်ပင်း နင် သလိုပဲ ”
“ လည်ပင်း နင် မနေနဲ့ ။ စပါးတစ်တောင်း ကို သုံးရာ ပေးရမယ် လေးရာပေးရမယ်လို့ ငါတို့ တောင်း တာ မဟုတ်ဘူး ။ ပွဲစားတွေ လာပေးလို့ ဈေးဖြစ်သွား တာ ။ လှည်းဝါး ၊ ဝါးဖောင်ဝါး တစ်လုံးကို ၁၄ - ၅ ကျပ် ၂ဝ ဖြစ်အောင်လည်း အဲသည် ပွဲစားတွေ ပဲ လုပ်နေ တာ ။ ညည်း လည်ပင်း နင် နေရင် ညည်းပဲ မစားရမှာပေါ့ ”
လေပြင်း တစ်ချက် အဝှေ့ တွင် နှင်းတိုက်ကြီး ရွေ့ သည် ။ သောင်ပေါ် သို့ နေခြည် ထိုးဆင်းလာသည် ။ လှုပ်ရှား နေသူများ ကို သဲသဲကွဲကွဲ မြင်ရသည် ။ အာလူး စိုက်ရန် ကြောင်းဆွဲသူ က ဆွဲ ၊ ကြောင်းကြား တွင် ထိုင်လျက် အာလူးမျက်ကွင်း မြှုပ်သူ က မြှုပ် ၊ မြစ်တွေ ၏ ဆူညံသံကြောင့် ကိုဆေးရိုး ၏ အကြည့် သည် ချောင်းပြင် မှ ရွေ့၍ မီးဖိုဘေး သို့ ရောက်လာ၏ ။ စားသောက် ပြီးသွားသောကြောင့် မြစ်တွေ ဇလုံ ဆေး နေကြခြင်း ဖြစ်၏ ။
“ စားလို့လည်း ပြီးရော သွားကြပြီ တော် ”
အမေကြီး ၏ စကားကို အခြား ကလေးတွေ မတုံ့ ပြန်ငြား ငဟစ်ကြီး မူ လှည့်ကြည့်၏ ။
“ အမေကြီး က မသွား လည်း တပြစ် ၊ သွား လည်း တပြစ် ”
ထို စကားကို ကိုဆေးရိုး ကျေနပ်၏ ။ “ ဟုတ်သားပဲ ” ဆိုကာ တဟဲဟဲ ရယ်၏ ။ သတ္တိခဲ က မူ ငဟစ်ကြီး နှယ် မဟုတ် ။ နှမငယ် ရွှေရည်ဝင်း တက်စီးနိုင်ရန် လေးဖက်ထောက် ပေးရာ က “ သား ကြီး လာရင် အမေကြီး နှင့် ဘ ကို လုပ်ကျွေးမှာ ဗျ ၊ သိလား ” ဟု ပြောကာ နှမငယ် ကို ကုန်းပိုးလျက် ပြေးထွက် သွားလေ၏ ။
မကျီးဒန် မှာ ပီတိချမ်းသာ ကို ခံစားရငြား “ ကြီးကျယ်လိုက်တာ တော် ” ဟူ၍ကား ပြောဖြစ်အောင် ပြောလိုက်မိသေး၏ ။
▣ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment