❝ ပေဖူးလွှာ ၏ သမီးပျို ❞
( မြနှောင်းညို နှင့် တွေ့ဆုံခြင်း )
စာဖတ်သူများ နှင့် တွေ့ဆုံပေးခြင်း ကဏ္ဍ မှာ အစဉ်တစိုက် တွေ့ဆုံပေးလာသူတွေ ကတော့ လုံးချင်းဝတ္ထု တွေ ရေးနေကြတဲ့ စာရေးဆရာ ၊ ဆရာမတွေ ပါ ။ စာဖတ်ပရိသတ်တွေ က မကြာခဏ ဆိုသလို မဂ္ဂဇင်း တွေ မှာ ဝတ္ထုတို ဝတ္ထုရှည် တွေ ရေးနေကြတဲ့ စာရေးဆရာမတွေ နဲ့ လည်း တစ်လှည့် တွေ့ဆုံပေးပါဦး လို့ ဆန္ဒပြု လာကြတာ တွေ့ရပါတယ် ။ ဒါကြောင့် ပေဖူးလွှာရဲ့ စာချစ်သူများ ဆန္ဒ ကို ဖြည့်ဆည်းနိုင်ဖို့ အတွက် ဒီလ မှာ မဂ္ဂဇင်း ဝတ္ထုုတို ဝတ္ထုရှည်တွေ ကို ရေးနေကြတဲ့ စာရေးဆရာမတွေ ထဲ က ပေဖူးလွှာ ရဲ့ စင်တင် စာရေးဆရာမ တစ်ဦး ဖြစ်လို့ “ ပေဖူးလွှာ ၏ သမီးပျို ” လို့ခေါ်ဆိုနိုင်တဲ့ “ မြနှောင်းညို ” နဲ့ တွေ့ဆုံပေးဖို့ စီစဉ် ထားပါတယ် ။
မြနှောင်းညို ရဲ့ ပထမဆုံး ဝတ္ထုတို အဖြစ် ပေဖူးလွှာ မှာ ဖော်ပြပေးခဲ့တာ ကျွန်တော် နဲ့ အိုဂျီ ၊ နောက် အသက် ပေးပြီး ချစ်တဲ့သူ ၊ ကစားစရာ အရုပ်ကလေး မဟုတ်ပေါင် ၊ ဝတ္ထုရှည် တစ်ပုဒ် ဖြစ်တဲ့ ပစ်ခွာသူ လည်း လွမ်းတတ်သည် ၊ အခန်းဆက် ဝတ္ထုရှည် အဖြစ် နဲ့ ပရိသတ်များ အသည်းစွဲ ခဲ့ကြတဲ့ အသည်းပန်း မှာ ဆူးတွေနဲ့ ရယ် ၊ ဒီလ ဖော်ပြထားတဲ့ ရွှေမှုန် ငွေမှုန်ကြဲပေမယ့် ဝတ္ထုရှည် တို့ ပါပဲ ။
ဆရာမမြနှောင်းညို ကို တွေ့ဆုံရန် အတွက် အောင်ဆန်းမြို့ ၊ ညောင်တစ်ပင်လမ်း က နေအိမ် ကို ကျွန်တော် ရောက်သွားချိန် မှာ မြောက်ဥက္ကလာပဆေးရုံ က ညတာဝန် ထမ်းဆောင်ပြီး ပြန်ရောက်လာခါစ အိမ်မှုကိစ္စ တွေ ထမ်းဆောင်နေဆဲ မို့ ဆရာမ ရဲ့ သားအငယ်ဆုံးကလေး က “ ခဏ ထိုင်စောင့်ပါဦး ” လို့ လာ ပြောထား သောကြောင့် ဧည့်ခန်း ထဲမှာ ကျွန်တော် စောင့်နေရပါတယ် ။ ဆရာမ ရဲ့ ဧည့်ခန်းနံရံ မှာ ပန်းချီကား သုံးခု နဲ့ ဓါတ်ပုံကလေး တစ်ပုံ ချိတ်ထားတာ တွေ့ရပါတယ် ။ ပန်းချီကား သုံးခု ထဲ က တစ်ခု က ဆရာ မရဲ့ ဝတ္ထုတို တစ်ပုဒ် ဖြစ်တဲ့ အသက်ပေးပြီး ချစ်တဲ့သူ ကို သရုပ်ဖော်ထားတဲ့ ပုံပါပဲ ။ အခန်းထောင့် က ဗီရိုကလေး တစ်ခု ထဲ မှာတော့ တပ်မတော်အရာရှိ တစ်ဦး ရဲ့ အသုံးအဆောင်ပစ္စည်း တချို့ နဲ့ နိုင်ငံတော် က တာဝန်ပေး ခန့်အပ်လွှာ တစ်စောင် ကို တွေ့ရပါတယ် ။ ခန့်အပ်လွှာ ရဲ့ ပိုင်ရှင်ကတော့ ဗိုလ်ဇော်ထွန်းညို ။ ဆရာမ မြနှောင်းညို ရဲ့ ဝတ္ထုုတိုကလေး မှာ ဖော်ပြခဲ့တဲ့ သူ့ အချစ်ဆုံး မောင်ကလေး ပေါ့ ။ ဒါကြောင့် ဆရာမ မြနှောင်းညို နဲ့ ကျွန်တော် ဆုံမိကြချိန်မှာ ပထမဆုံး မေးမိတာကတော့ ကျွန်တော်တို့ ပေဖူးလွှာ မှာ ဖော်ပြခဲ့တဲ့ အသက်ပေးပြီး ချစ်တဲ့သူ ဟာ တကယ့် အဖြစ်အပျက်ပါလား ဆိုတဲ့ မေးခွန်းပါပဲ ။
••••• ••••• •••••
ဟုတ်ပါတယ် ။ ညို ရေးခဲ့တဲ့ အသက်ပေးပြီး ချစ်တဲ့သူ ဟာ ဖြစ်ရပ်မှန်ပါ ။ တစ်ဦးတည်း သာ ရှိတဲ့ အချစ်ဆုံး မောင်လေး ကျဆုံးသွားပြီးစ အချိန်က ရေးခဲ့တာပါ ။ ညို့ မောင်လေး အကြောင်းတွေကို ညို ရေးမယ် ဆိုရင် အများကြီး ရေးပြနိုင်ပေမယ့်လည်း သူ့ ကို အကြောင်းပြုပြီး သူ့လို တိုင်းပြည်အတွက် စွန့်ဝံ့သူတွေ ကို ဂုဏ်ပြု ချီးကျူးတဲ့ အနေနဲ့ ရေးခဲ့တာ ဖြစ်လို့ ညို နှမြောရ ၊ လွမ်းရတာ ထက် ပိုပြီး ဘာမှ မရေးဖြစ်ခဲ့တော့ပါဘူး ။
မောင်လေး စစ်တက္ကသိုလ် တက်နေတုန်း က နာမည် အတော်ရတဲ့ လူငယ်စာရေးဆရာမလေး တစ်ယောက် က မောင်လေး ကို သိလို့ မဟုတ်ဘဲ တစ်ဆင့်စကား ကြားပြီး မောင်လေး ရဲ့ ဂုဏ်သိက္ခာ ထိခိုက်အောင် စောင်းချိတ် ရေးဖူးပါတယ် ။ အဲဒီတုန်းက ညို မှာ ဆတ်ဆတ်ခါ နာကြည်း လိုက်ရတာ ။ ဒါပေမဲ့ မောင်လေး ကတော့ အဲဒီ စာရေးသူ သူ့ ကို တောင်းပန်လာလို့ ကျေအေးခွင့်လွှတ်လိုက်ပြီး သူတို့ချင်း မိတ်ဆွေ ဖြစ်နေပါပြီ တဲ့ ။ ညို ကလည်း ကျေနပ်လိုက်ပါတယ်လေ ။
ခုတော့လည်း မောင်လေး က သူ့ မိတ်ဆွေမို့ သူ လည်း ညိုတို့ နဲ့ အတူ နှမြောရစ်မယ် ၊ ဂုဏ်ယူ ရစ်မယ် လို့ ညို ယုံကြည်ပါတယ် ။ မောင်လေး ရဲ့ မိတ်ဆွေ ဟာ ညို့ မိတ်ဆွေပါပဲ ။
➧ ဆောရီး ဆရာမ .... ကျွန်တော် စိတ်မကောင်းစရာ မေးခွန်း က စပြီးမေးလိုက်မိ သလို ဖြစ်သွား ပါတယ် ။
ရပါတယ် ။ ဒါလည်း ညို့ ဝတ္ထု တစ်ပုဒ် အကြောင်းပဲ မဟုတ်လား ။
➧ ဆရာမ စာပေ ကို စိတ်ဝင်စားလာခဲ့တာနဲ့ စာပေလောက ထဲ ဝင်ရောက်လာခဲ့ပုံ ကို ပြောကြရအောင် ။
စာအုပ်စာပေ ကို ချစ်တယ် ၊ မြတ်နိုးတယ် ၊ စွဲလမ်းတတ်လာခဲ့တာ ကတော့ ညို့ အသက်နဲ့ မတိမ်းမယိမ်း ကာလ ကြာမြင့်ခဲ့ပါပြီ ။ စာရေးစာဖတ် တတ်ခါစ ကလေးဘဝ ကတည်း က ဆော့တဲ့ အချိန်က နည်းနည်း ၊ စာဖတ် တဲ့ အချိန် က များတယ် ။ ပုံပြင် ၊ ကာတွန်း ဝတ္ထု ဘာပဲရရ ချောင်ကပ် ဖတ်နေတတ်တာပဲ ။ အဲဒီတုန်း ကတော့ ညို နားလည်တာလည်း ရှိ ၊ နားမလည်တာလည်း ရှိတာပေါ့ ။ အရွယ် အလိုက် ခံစားတတ် သမျှ နဲ့ပဲ ၊ စာအုပ်တွေ ကို တန်ဖိုးထား တွယ်တာခဲ့တာပါ ။
ခြောက်တန်း ၊ ခုနစ်တန်း မှာ တော့ ကဗျာလေးတွေ ရေးနေပါပြီ ။ အများကြီး ရေးဖြစ်ပေမယ့် နည်းနည်း ပဲ ပို့ ဖြစ်ပါတယ် ။ ညို ဘာသာ ရေး ၊ ညိုဘာသာ ဖတ်ပြီး ကျေနပ်နေလို့လား မသိပါဘူး ။ မှတ်မှတ်ရရ ခုနစ်တန်း ရောက်တဲ့ နှစ် က မော်လမြိုင် ဘုရင့်ရုံ မှာ ကျင်းပတဲ့ စာဆိုတော်နေ့ ဝတ္ထုတိုပြိုင်ပွဲ မှာ ညို ဒုတိယဆု ရဖူးပါတယ် ။ ညို ဝတ္ထုကလေး နာမည် က အပျံသင်စ တဲ့ ။ သတ္တမတန်းကျောင်းသူ ဆယ့်နှစ်နှစ် အရွယ် ညို က ခံ့ခံ့ညားညား ဖြစ်ချင်လွန်းလို့ ဇင်းမယ်ထဘီကြီး နဲ့ ရှိုုးထုတ် သွားပြီး ပထမ နဲ့ တတိယ ရသူ တက္ကသိုလ်ကျောင်းသား နှစ်ဦး နဲ့ အတူ ဆုရတာ ကို ပြန် တွေးမိတိုင်း သဘောကျလွန်း လို့ ပြုံးမိမြဲပါပဲ ။
အဲဒီ နှစ်တုန်းက မဂဇင်းတစ်အုပ် က ညို ပို့လိုက်တဲ့ ဝတ္ထုတို တစ်ပုဒ် ကို ရွေးချယ်ကြောင်း စာပြန် လာတော့ ဝမ်းသာရတာ ကို ပြန် တွေးမိတိုင်း ပျော်နေမိပါတယ် ။ တစ်ပုဒ် ထဲ ပို့ဖြစ်ပြီး ပို့ဖြစ်တဲ့ အဲဒီ တစ်ပုဒ် က လည်း မဂ္ဂဇင်း မထုတ်ဝေ ဖြစ်ဘဲ ရပ်ဆိုင်း သွားလို့ ပုံနှပ်စာလုံးနဲ့ ပါလာခွင့် မရလိုက်ပါဘူး ။ နောက်တော့လည်း စာပေနယ် ထဲ ဝင်ဖို့ မကြိုးစားတော့ဘဲ အချိန် ကုန်မှန်း မသိ ကုန်ဆုံးသွားခဲပါတယ် ။
၁၉၇၈ ခုနှစ် ဖေဖော်ဝါရီလ ထုတ် ငွေတာရီမဂ္ဂဇင်း မှာ ချစ်ကြိုးနှစ်စ ဆိုတဲအမည် နဲ့ ဝတ္တုရှည် တစ်ပုဒ် ပါလာခဲ့ပါတယ် ။ ဘာလို့ စာမူ ပို့ဖြစ်ခဲသလဲ ဆိုရင် တငင်ငင် တွယ်တာပေမယ့် ကုသိုလ်ကြမ္မာ မမီခဲ့တဲ့ ဆေးပညာ ကို သံယောဇဉ် အတင်း ဖြတ်ပြီး စိတ်မပြတ် နိုင်တဲ့ စာပေနယ် ဆီပဲ လက်လှမ်းတော့မယ် စိတ်ကူး မိလို့ပါ ။
အဲဒီ နောက်မှာ မမျော်လင့်တဲ့ အချိန် မှာ ဆေးပညာနယ် ထဲ ကို ပြန်လည်ခြေချခွင့် ရလာပြန်ပါရော ။ စာပေနယ် နဲ့ အလှမ်းဝေး သွားပြန်တာပေါ့ ။ ဒါပေမယ့် ညို တစ်ယောက်တည်း ရေးလိုက် ၊ ဆုတ်ဖြဲလိုက် နဲ့ တကယ်တော့ အလှမ်းဝေးတယ် မဟုတ်ပါဘူး ။
အလုပ် လုပ်ဖို့ အချိန် ရှိသေးတယ် သဘောထားပြီး ၁၉၈၁ ခုနှစ် နှစ်ဦး မှာ ရေးပြီးးသား စာမူ တစ်ခုကို ပို့မယ် ဆုံးဖြတ် ဖြစ်သွားပါတယ် ။ “ ပြစ်ခွာသူလည်း လွမ်းတတ်သည် ” စာမူ ပါ ။ ရည်ရွယ်တုံး ကတော့ အခြား မဂ္ဂဇင်းတိုက် ကို သွား ဖို့ပါပဲ ။ တစ်ယောက်တည်း အဖြစ် မရှိလို့ အဖော် ရှာရင်း မောင်ဝမ်းကွဲ မောင်မောင်ကျော်ဝင်း နဲ့ အမှတ်မထင် စကား စပ်မိပြီး သူ က “ မညို လျှောက် မသွားပါနဲ့ ၊ ကျွန်တော် ပို့ပေးမယ် ၊ ပေဖူးလွှာ ပြန်ထုပ်တော့မယ် ။ အဲဒီကို ပေးမလား ” တဲ့ ။ ညို ကလည်း တစ်နေနေရာ ရောက်သွားရင် ပြီးရော ဆိုပြီး “ သဘောပဲ ” လို့ ပြောလိုက်ပါတယ် ။
အကြောင်း တိုက်ဆိုင်လာတော့ ပေဖူးလွှာ က ညို့ ကို လိူက်လိူက်လှဲလှဲ ကြိုဆိုပါတယ် ။ ညို လည်း ပေဖူးလွှာ ဥယျာဉ် မှာ သိပ် ပျော်သွားတာပေါ့ ။ စာဖတ်သူတွေ ချစ်ချစ်ခင်ခင် အားပေးကြပြန်တော့ ဘယ်လောက် ကြည်နူး ချမ်းမြေရတယ် ဆိုတာ ညို ပြောမပြတက်အောင်ပါပဲ ။ ညို စာပေလောက ထဲ ဝင်လာ တာဟာ တက်သိ နာလည်လွန်း လို့ မဟုတ်ပါဘူး ။ စာတွေ ဖတ်ပြီး ခံစားရသလို ခံစားရတာတွေ ကို လည်း စာ ရေးချင် လွန်းလို့ပါ ။ ဒါဆိုရင် ကိုဝင်းငြိမ်း မေးခွန်း အတွက် အဖြေ လုံလောက်ပြီ ထင်ပါတယ် ။
➧ “ အသည်းပန်းမှာ ဆူတွေနဲ့ရယ် ” ကို ဆရာမ အချိန် ဘယ်လောက်ကြာအောင် ဖန်တီးခဲရသလဲ ။ ဇာတ်သိမ်း မှာ ဆု နဲ့ ကျော်ဆွေ ကို နဲ့ ပတ်သက်ပြိး ပရိတ်သတ် တော်တော်များများ မကျေမနပ် ဖြစ်သံ ကြား ရပါတယ် ။
ဒီဝတ္ထု ကို ရေးဖို့ ညို အချိန်ဘယ်လောက် ယူခဲ့ရတယ် ဆိုတာ ပြောဖို့ရာ ခက်ပါတယ် ။ ဆု ဟာ နှစ်အတော် ကြာကြာ မြွေအရေခွံ ပြောင်း သလို အသွင်ပြောင်းလာခဲ့တဲ့ ဇာတ်ကောင် ပါ ။ ညို ဆယ်တန်း လောက်မှာ စပြီး ရေးတော့ ဆု ဟာ ဒီလောက် မာန မကြီးသေးပါဘူး ။ သူ့ အားနည်းချက် ၊ အားငယ်တတ်မှုတွေ ကိုလည်း ဒါလောက် မဖုံးကွယ်တတ်သေးပါဘူး ။ လွန်ခဲ့တဲ့ လေး ငါးနှစ် တုန်းကတော့ တစ်ခေါက် ပြန် အချောသတ်ရင်း ဆု က ပိုပြီး ခေါင်းမာလာတယ် ။ ဒါပေမဲ့ ကိုဆွေ့ ကို တော့ သူ့ မာန ထက် တန်ဖိုးထား စွဲလမ်းနေသေးတယ် ။
၁၉၈၁ ခုနှစ် အောက်တိုဘာလ မှာ ပေဖူးလွှာ စာတည်းအဖွဲ့ လက် ထဲ ထည့်နိုင်ဖို့ ညို သုံး လေးလ ကြိုတင်ပြီး ပြင်ဆင် အချောသတ်ပြန်တဲ့ အခါမှာတော့ ဆု ဟာ မာန အတွက် ကိုဆွေ့ အသည်းနှလုံး ကို ရော ၊ ဆု အသည်းနှလုံး ကို ပါ စတေးပစ်ဖို့ ဝန်မလေးတော့တဲ့ မိန်းကလေး တစ်ယောက် ဖြစ်သွားပါပြီ ။ အဲဒီ ကြာမြင့် တဲ့ အချိန်တွေ အတွင်း ညို့ ဇာတ်ကောင် က ညို့ ကို ဘယ်လောက် စိုးမိုးတယ် ဆိုတာ ဘယ်လို ပြောပြ ရမှန်းတောင် မသိတော့ပါဘူး ။ ညီမ တွေ က လည်း ဆု တို့ ၊ ကိုဆွေ တို့ ၊ ကိုလတ် တို့ တစ်တွေ ကို သက်ရှိ အသိ မိတ်ဆွေ သူငယ်ချင်း လို အောက်မေ့ လာကြပြီး သူတို့ အရေး ကို ခေါင်းချင်းရိုက် ဆွေးနွေး တတ် လာတော့တာပဲ ။
ဆု နဲ့ ကျော်ဆွေ ကို ဇာတ်သိမ်းခန်း အတွက် မကျေမနပ် ရေးလာတဲ့ ညို့ စာချစ်သူတွေ ဆီ က စာတွေ တဖွဲဖွဲ ရောက်လာခဲ့ပါတယ် ။ ကိုဆွေ က ချစ်မြဲ ချစ်နေ သလို ဆု ကလည်း ချစ်နေဆဲ မို့ ကိုဆွေ့ ဆီ ဆု ပြန်သွားချင်မယ်ဆိုတာ ညို သိပါတယ် ။ ဒါပေမဲ့ ဆု ဟာ မာန နဲ့ ရှင်သန်နေတဲ့ သာမန်လူသား တစ်ယောက်မို့ မာနတွေ ကို အပြီးတိုင် ခဝါချ ပစ်နိုင်လောက်အောင် တရား ပြည့်ဝ မှာ မဟုတ်ဘူး လို့ ညို က ဆု နေရာ က နေ ခံစားကြည့်မိတယ် ။ ကိုဆွေ့ ဆီ ပြန်ဖို့ ဆု အားယူရဦးမယ် လို့ ညို ယူဆတယ် ။ ဆု စဉ်းစားရဦးမယ်လေ ။
ကိုဆွေ့ မိခင် ဟာ သား ကို ချစ်လို့ ဆု ကို လက်ခံမယ် ဆုံးဖြတ်ရပေမယ့် ဆု မျက်နှာ ကို မြင်ရင် ဆု ရက်စက် ခဲ့တာတွေ ကို ပြန်ပြီး သတိရဦးမလား လို့ ဆု စိတ်ပူနေဦးမှာ ။ အဲဒီလိုသာ ဆိုရင် ဆု က ရွဲ့လိုက်ချင်တတ်တာ မဟုတ်လား ။ ဒါတွေကို ပြေလည်အောင် တစ်ယောက်ယောက် က နားလည် သိတတ်စွာ ကြားဝင် ညှိနှိုင်းပေးဖို့ ဆိုတာကလည်း လက်တွေ့ ဘဝမှာ မလွယ်လှဘူးလေ ။ ညို ရေးတဲ့ ဝတ္ထု ဆိုပေမယ့် ဆု တို့ က ဇာတ်ကောင်တွေ နဲ့ မတူတော့ဘဲ လူတွေ လို ဖြစ်နေပြီး ညို့ မှာ လက်တွေ့ ဘဝ ဆန်ဆန် ဝိုင်း စဉ်းစား ပေးနေရလို့ပါ ။ ဒါနဲ့ပဲ ဆု ရဲ့ အချစ်ရေး ဟာ “ ဆုရေ ” ၊ “ ကိုဆွေရေ ” ဆိုပြီး ပြေး ဖက်လိုက်ပြီး အလွယ်တကူ အဆုံးမသတ်လိုက်ရပါဘူး ။ တခြား မပြေလည်မှုတွေ ပေါ်ပေါက် မလာရင်တော့ ဒါလောက် ချစ်တဲ့သူချင်း ပေါင်းဆုံ မှာပါလို့ ညို ထင်တာပါပဲ ။
အဲဒီ ဝတ္ထုမှာ ညို ပြောပြချင်တဲ့ အကြောင်းရပ် တစ်ခုကို ဘယ်သူမှ မဆွေးနွေးကြလို့ ညို့ ကိုယ် ညို “ အတော် ညံ့သေးတယ် ” လို့ ဝမ်းနည်းလိုက် ၊ “ ငြီးငွေ့ကြမှာ စိုးပြီး တင်ပြမှု နည်းသွားလို့ပါလေ ” လို့ အားပေး လိုက် ဖြစ်ရတာလေးရှိပါတယ် ။
➧ ဘာများလဲ ဆရာမ ။
ဆရာဝန် တစ်ယောက် ဖြစ်လာအောင် အသေအလဲ ကြိုးစားခဲ့တဲ့ ဆု ဟာ ဆရာဝန် တစ်ယောက် ရဲ့ ကျင့်ဝတ် နဲ့ မညီပါဘူး လို့ ကိုလတ် က စွပ်စွဲလိုက်တော့ ဆု ရင်မှာ ထိခိုက်ခံစားရတဲ့ အကွက်ကလေး ကို ပြော တာပါ ။ ဒါလေးကို ဘယ်သူမှ ဝေမျှ မခံစားလိုက်ရဘူး ထင်ပါရဲ့ ။ ညို ကတော့ ဆရာဝန် ပီသချင်သူ မို့ သာ သူ့ ချို့ယွင်းမှု ကို သူ သိပြီး သူ ခံစားရတယ်လို့ ပြောပြချင်တာပါ ။ ဆရာဝန်ဘွဲ့ ရလာဖို့ မလွယ်ကူသလို ၊ ဆရာဝန် ပီသဖို့ရာ ဆေးကုသမှု တစ်ခုတည်း တာဝန်ရှိတာ မဟုတ်ကြောင်း ၊ လူနာတွေ ရဲ့ ရောဂါဝေဒနာ နဲ့ ဆက်နွယ်နေတဲ့ လူနာ ရဲ့ ဘဝ ၊ လူမှုရေးကဏ္ဍ ဟာလည်း တစ်ခု အပါအဝင် ဖြစ်ကြောင်း ၊ တခြား ပြည့်စုံရမယ့် ရှိသင့်တဲ့ ကျင့်ဝတ်သိက္ခာ တာဝန်တွေ အနက် က တစ်စွန်းတစ်စ ကောက်နုတ် တင်ပြလိုက်တာ တွေဟာ သိပ် မပီပြင်လိုက်ဘူး ထင်တယ်နော် ။
( ဝင့်ဝင့်သော် ကိစ္စ နဲ့ ပတ်သက်ပြီး ကိုလတ် က ဆု ကို ပြောတဲ့ နေရာ ( ဇာတ်သိမ်းပိုင်း ) ကို ဆရာမ ရည်ရွယ်တယ် ထင်ပါရဲ့ ။ ဆရာဝန် ရဲ့ ကျင့်ဝတ်သိက္ခာ ဆိုတော့ သာမန် စာဖတ်ပရိသတ် ကတော့ ကိုလတ် ရဲ့ စကားကို သာမန် စကား တစ်ရပ် လို့ သဘောထားကြတာမို့ ဆရာမ နဲ့ မဆွေးနွေးကြတာ ဖြစ်ပါလိမ့်မယ် ၊ ဆရာဝန် စာဖတ်ပရိသတ် ကတော့ ဒီ အချက်ကို သတိပြုမိကြမှာပါ ။ )
➧ ကျေးဇူးပါပဲ ဆရာမ ။ ဒါလောက် ရှင်းပြလိုက်ရရင် ဆု အတွက် မကျေမနပ် ဖြစ်နေကြတဲ့ ဆရာမ ပရိသတ်တွေ ကျေနပ်တန် ကောင်းပါပြီ ။
➧ ဆရာမ ဝတ္ထုတို တစ်ပုဒ်ဖြစ် တဲ့ “ ကစားစရာ အရုပ်ကလေး မဟုတ်ပေါင် ” ကို ဆွေးနွေးချင်ပါတယ် ။
ဟုတ်ကဲ့ ။
➧ ဆရာမ က အဲဒီ ဝတ္ထုမှာ မင်းသမီး ( စူး ) က မင်းသား ( ဝင်းဆက် ) ကို ကစားစရာ အရုပ်ကလေး လို သဘော ထားတယ် ။ မိန်းကလေးတန်မဲ့ “ ကိုကျော် နဲ့ သိပ် တူတာပဲ ၊ ကိုကျော် ဆို တို့က သိပ်ချစ်တာ ” ဘာညာနဲ့ သွား ပြောတယ် ။ ကောင်လေး စိတ် ကို လှုပ်ရှားလာအောင် လုပ်တယ် ။ သူ တကယ် လည်း ချစ်တာ မဟုတ်ဘူး ။ ဒီလို ကစားနည်းမျိုး မကစားသင့်ဘူး လို့ ဆရာမ ဆိုလိုချင်တာလား ၊ ဒါမှမဟုတ် မိန်းကလေး တွေ က ဒီလို ကစားရင် တစ်ဖက်က ယောက်ျားတွေ ဒီလို အရူး ဖြစ်တတ်တယ် ဆိုတာ ပြချင်တာလား ။
အဲဒီ ဝတ္ထုမှာ အချ စ်ကို ညို က တန်ဆာပလာ ဆင်တဲ့ သဘော နဲ့ ထည့်ရေးလိုက်တာပါ ။ ညို ရေးချင်တာ က ငွေကြေး ပြည့်စုံပိုလျှံသူတွေ ဟာ လိုချင်တာ ကို အနိုင်အထက် ငွေနဲ့ ပိုင်းပြီး ယူနိုင်ကြတယ် ။ လိုချင် သမျှ နယ်ချဲ့ကြတာများ အသည်းနှလုံး ကို တောင် ချမ်းသာမပေးဘူး ၊ ကင်ဆာကျနေတာပဲလို့ အဲသလို ပြောချင်တာ ။ စူး ရဲ့ အဖေ က ညဉ် တစ်မျိုး ။ စူး ရဲ့ ညဉ် က တစ်မျိုး ၊ ငွေရှင် ညဉ်ဆိုး ပေါ့လေ ။ တစ်ပိုင်းတစ်ဖြတ် ကွက်ပြီး တင်ပြတာပါ ။ ညံ့လို့ပဲ ဖြစ်စေ ၊ ကံမကောင်းလို့ပဲ ဖြစ်စေ ၊ အခြေအနေ မပေးလို့ဘဲ ဖြစ်စေ ငွေကြေး ချို့တဲ့ ရတဲ့ ဘဝ မှာတော့ ခံဘက် က များတာမို့ အသာစီး ရတဲ့ လူတွေ က သက်ညှာစေလိုတဲ့ စေတနာ ဟာ မပေါ်လွင်ဘူး ဆိုရင် ညို ညံ့လို့ပဲ ဖြစ်မှာပါ ။
➧ ဆရာမ ငွေတာ ရီမှာ ရေးခဲ့တဲ့ “ ချစ်ကြိုးနှစ်စ ” မှာ ဂျက်စမင်းဝူး ဆိုတဲ့ ဆရာဝန်မလေး ဟာ နိုင်ငံခြား ကို ထွက် သွားတယ် ။ ဒီလို ပညာတတ်တွေ မြန်မာနိုင်ငံ က ထွက်ခွာသွားကြတဲ့ ကိစ္စ အပေါ် ဆရာမ ဘယ်လို မြင် ပါသလဲ ။
ဂျက်စမင်းဝူး တစ်ယောက် မြန်မာနိုင်ငံ ကနေ ထွက်ခွာသွားတဲ့ အခါမှာ အပေါင်းအသင်း သူငယ်ချင်း တွေ က ဒေါက်တာထွန်းလင်း လိုက် မသွားဘူးလား လို့ မေးကြတဲ့ အတွက် ဒေါက်တာထွန်းလင်း မှာ တအံ့တဩ နဲ့ ကျွန်တော် က ဗမာ ပဲ ၊ ဘာလို့ လိုက်သွားရမှာလဲလို့ ၊ မေးခွန်း ပြန်ထုတ်မိတော့တယ်လို့ ညို က ရေးသားခဲ့ပါ တယ် ။ ဒေါက်တာထွန်းလင်း အနေနဲ့ လိုက်သွားသင့် ၊ မသွားသင့် တောင် မှဘဲ စဉ်းစားစရာ မလိုခဲ့ပါဘူး ။ သူ ဟာ ဗမာ မို့ ဗမာပြည် ကို အဆိုးအကောင်း အားလုံးနဲ့ အတူ ချစ်မယ့်သူ ၊ ဗမာပြည် မှာ နေပြီး ဗမာပြည်မှာ သေမယ့်သူပါ ။ ဂျက်စမင်း ဝူးကတော့ ဗမာ မဟုတ်မှ မဟုတ်ဘဲ ။ ဒီတော့ သူ့ ပညာရေးအတွက် မြန်မာနိုင်ငံ က ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံ ထားရပေမယ့်လည်း မြန်မာပြည် ကို ခွဲခွာသွားရက်နိုင်ပေတာပေါ့ ။
ညို့ အမြင် ပြောရရင် ညို ဟာ မြန်မာတိုင်းရင်းသူ တစ်ယောက်မို့ ဒေါက်တာ ထွန်းလင်း လို ပဲ မြန်မာပြည် မှာပဲ နေပြီး မြန်မာပြည် မှာ ပဲ သေချင်တာပါ ။ နိုင်ငံခြား ထွက်သွားတယ် ဆိုရာမှာ ခေတ္တခဏ သွားရောက်တာမျိုး ကို ညို မဆိုလိုပါဘူး ဆိုတာကတော့ ရှင်းမှာပါနော် ။
➧ ဆရာမ ရဲ့ “ ရွှေမှုန် ငွေမှုန် ကြဲပေမယ့် ” လက်ရေးစာမူ ကို ကြိုတင် ဖတ်ခွင့်ရခဲ့ပါတယ် ။ ဒီလ မှာပဲ ပေဖူးလွှာ က ဖော်ပြမှာ ဆိုတော့ တစ်ဆက်တည်းပဲ ဆွေးနွေးသွားချင်ပါတယ် ။
ဟုတ်ကဲ့ ။
➧ လက်ထပ်ခြင်း ဆိုတာ တကယ်တော့ ခရီးမှတ်တိုင် တစ်ခု မျှသာပါ ။ ကွန်းခိုစခန်း တစ်ခု မျှသာပါ ။ အချစ် ရဲ့ ပန်းတိုင် ဟာ လက်ထပ်ပေါင်းဆုံခြင်း နဲ့ အဆုံးမသတ်ပါဘူး လို့ ဆရာမ ဆိုထားပါတယ် ။ ချစ်သူနှစ်ဦး အတွက် အဓိက ရည်မှန်းချက် ပန်းတိုင် ဟာ လက်ထပ်ပေါင်းဆုံခြင်း ပဲ မဟုတ်လား ။ ဆရာမ ဘယ်လို ယူဆပါသလဲ ။
ချစ်ရင် လက်ထပ်ချင်တာ ၊ ဘဝခရီး ကို အတူတွဲ လျှောက်ချင်တာ အမှန်ပါပဲ ။ အဲဒါကို ပန်းတိုင် မဟုတ်ပါဘူး ဆိုတာ ညို ပြောတာ မဟုတ်ပါဘူး ။ ညို့ ဇာတ်ကောင် ဒေါ်ဝင့်ဝါလင်း က ပြောတပါ ။ ဒါ သူ့ အမြင်ပေါ့ ။ လူ တစ်ယောက် ရဲ့ အတွေ့အကြုံ နဲ့ ခံစားချက် အတိုင်း ထပ်တူကျဖို့ မလွယ်ပါဘူး ။ ဆန့်ကျင်ဘက် တောင် ဖြစ်ချင် ဖြစ်နေနိုင်ပါသေးတယ် ။
ခုတော့ ကိုဝင်းငြိမ်း က ညို့ ယူဆချက် ကိုလည်း မေးလာတော့ ညို့ မှာ “ အချစ် ရဲ့ ရည်မှန်းချက်ပန်းတိုင် ဟာ ရာသက်ပန် ထာဝရချစ်ခြင်း ” လို့ပဲ အဖြေ ပေးရတော့မှာပေါ့ ။ ပေါင်းဆုံသည် ဖြစ်စေ ၊ ကွဲကွာသွားသည် ဖြစ်စေ သေတစ်ပန်သက်ဆုံး ချစ်သွားကြရင် ပိုပြီး ကြည်နူးစရာ ကောင်းမယ် ထင်တာပါပဲ ။
➧ အိမ်ထောင်ရှင်မ ဆိုတာ ကို ဆရာမ ဘယ်လို အဓိပ္ပာယ် ဖွင့်ဆိုချင်ပါသလဲ ။ မောင်တစ်ထမ်း မယ်တစ်ရွက် ဒိုးတူပေါင်းဖက် စီးပွား ရှာနိုင်တဲ့ သူလား ။ ဒါမှမဟုတ် မယားဝတ္တရား ငါးပါး နဲ့ အညီ သား ကို သခင် ၊ လင် ကို ဘုရား ပြုစုတတ်တဲ့ မိန်းမျိုးလား ။
အိမ်ထောင် ပြုလိုက်ရင် အိမ်ထောင်ရှင်မ ဖြစ်သွားတာပဲလို့ ညို ဖြေရင် စကားကတ်တာ မဟုတ်ဘူးနော် ။ အိမ်ထောင်ရှင်မ ပီသဖို့ရာ အရည်အချင်းတွေ တသီတန်းကြီး လိုချင် လည်း လိုမှာပေါ့ ။ ဥပမာ - လင် နဲ့ သားသမီး ကို ပြုစုရမယ် ။ လိုအပ်ရင် စီးပွား ရှာရမယ် ။ အေးအတူ ပူအမျှ ဝေမျှခံစားတတ်တဲ့ အဖော် လည်း ဖြစ်ရမယ် ။ မမှန်ကန်တဲ့ နည်းလမ်း နဲ့ စီးပွားချမ်းသာ လာဘ်လာဘမျိုး ကို အားမပေးတဲ့ မိန်းမမျိုး လည်း ဖြစ်သင့်ပါတယ် ။ မယားဝတ္တရား ငါးပါး နဲ့ ညီသင့်တာကလည်း အမှန်ပါပဲ ။ ( လင် က လည်း လင့်ဝတ္တရား ငါးပါး ရဲ့ ညီ မှ မယား က လည်း ပိုပြီး တာဝန် ကျေနိုင်မှာတော့ နားလည်မှု ရကြပြီးသားပေါ့နော် ) “ အိမ်တွင်းမှု လုပ် ၊ သိမ်းထုပ် သေချာ ၊ မိစ္ဆာကြဉ်ရှောင် ၊ လျော်အောင်ဖြန့်ချိ ၊ ပျင်းရိမမူ ၊ ဝတ်ငါးဆူ အိမ်သူ ကျင့်အပ်စွာ ” ဆိုတာ အိမ်တွင်းမှု ကို ကျွမ်းကျင်တတ်မြောက်ထားဖို့ သာ ဖြစ်ပြီး အစအဆုံး ကိုယ်တိုင် လုပ်သင့် ရင် လုပ် ၊ စီမံခန့်ခွဲရုံပဲ တာဝန်ယူသင့် ရင် ယူနိုင်တယ်လို့ ခေတ်နဲ့လျော်ညီစွာ ညို ယူဆပါတယ် ။
စီမံခန့်ခွဲတယ် ဆိုတာ ပညာ ပါ ။ ကိုယ်တိုင် တတ်မှ အကွက်စေ့ နိုင်တာ ။ မီးဖို ထဲမှာ ချည်း ငရုတ်သီး ထောင်း ၊ ကြက်သွန်ဖြူ နွှာ ဖို့ အချိန် ရှိချင်မှ ရှိမှာ မို့ ပြောတာ ။ ပြီးတော့ မောင်တစ်ထမ်း မယ်တစ်ရွက် ၊ ဒိုးတူ ပေါင်ဖက် ဆိုတာ ညို့ အတွက် တော့ စီးပွား ရှာတာ တစ်ခုတည်း မဟုတ်ဘဲ သာယာအောင်မြင်တဲ့ အိမ်ထောင် တည်ဆောက်ရာ မှာ ရော တိုင်းပြည် နဲ့ လူမျိုး အတွက် အလုပ် လုပ်တဲ့ နေရာမှာ ပါ ကျရာနေရာ က တာဝန် ထမ်းကြ ဖို့ပါ ။ သား ကို သခင် ၊ လင် ကို ဘုရား ဆိုတာ ကလည်း တင်စားပြီး ပြောကြတာလို့ပဲ ညို သဘောထား ပါတယ် ။ ညို သာ ဆိုရင်တော့ သား ကို မိခင်မေတ္တာ အပြည့်အဝ ပေးမယ် ၊ လင် ကို အချစ်မြတ်နိုးဆုံး ပြုစုမယ်လေ ။
နောက်ဆုံးတော့ အိမ်ထောင်သာယာရေး နဲ့ သားသမီးတွေ ရဲ့ လူနေမှု အဆင့်အတန်း ရော စိတ်ဓာတ် ရေးရာ ပါ အမြင့်မားနိုင်ဆုံး မြှင့်တင်ပေးနိုင်ရေးအတွက် လက်တွဲ ဆောင်ရွက်သွားဖို့ အရေးကြီးတယ် လို့ ညို ယူဆတာပါပဲ ။
ဒါပေမဲ့ တစ်ယောက် နဲ့ တစ်ယောက် ဘဝ အတွေ့အကြုံချင်း ၊ ခံစားချက်ချင်း ထပ်တူကျဖို့တော့ မလွယ်ပါဘူး လို့ ညို ထပ် ပြောလိုက်ပါရစေဦးနော် ။ ညို့ အယူအဆတွေ ကို ကိုဝင်းငြိမ်း မေးလို့သာ ပြောရ ပေမယ့် နောက် တစ်ယောက် က သဘော ကျချင် မှ ကျမှာ မဟုတ်လား ။
➧ ဆရာမ ဝတ္ထုတို နဲ့ ဝတ္ထုရှည် ရေးရတာ ဘယ်ဟာ ပိုပြီး သန်ပါသလဲ ။ ဝတ္ထုတို နဲ့ ဝတ္ထုရှည် ဘယ်လို ခွဲခြား ပါသလဲ ။
ဝတ္ထုတိုနဲ့ ဝတ္ထုရှည် မှာ ဘယ်ဟာကို မှ ပိုပြီး အားသန်တယ်ရယ် လို့ မဟုတ်ပါဘူး ။ အကြောင်းအရာလေး တစ်ခု ကို ပြောချင်ရင် ဇာတ်ကွက် တစ်ခု ဆင် လိုက်ပြီး ဝတ္ထုတို ရေးမိတာပဲ ။ လူတစ်ယောက် ရဲ့ ဘဝ တစ်ခု ကို ဖန်တီးပြီး သူ က ခံစားလှုပ်ရှား ရုန်းကန် ပြသွားမှ ညို ပြောချင်တာ ၊ ရေးချင်တာကလေးတွေ ပြည့်စုံမယ် ထင်ရင် ဝတ္ထုရှည် ရေးမိတာပဲ ။
ဒါကြောင့်မို့ ညို့ ဝတ္ထုရှည် မှာ ဇာတ်ကောင် ရဲ့ ရုပ်ရည် စိတ်သဘောထား ၊ အတွေးအခေါ် ၊ အရည်အချင်း အသေးစိတ် ဂရုစိုက်ပါတယ် ။ ညို သဘောကျတဲ့ လူ တစ်ယောက် ယောက် ကို ပုံကြမ်း ကူးယူပြီး မှ ညို့ဘာသာ ဖြည့်တန်ဖြည့် ၊ နုတ်တန်နုတ် နဲ့ ပုံဖော်ပြီး ဇာတ်ကောင် ဖန်တီးပါတယ် ။ အကြောင်းအရာတွေ ၊ အဖြစ်အပျက်တွေ ဟာ မူလ ပုံကြမ်း ယူတဲ့ လူ နဲ့ လုံးဝ မပတ်သက်တော့ဘဲ ဇာတ်ကော င်က သူ့ ဘာသာ ကပြ သွားတော့တာပဲ ။ ညို ရေးချင်တာ နဲ့ လိုက်လျောတဲ့ ဇာတ်ကောင် ဖန်တီးပေမယ့် ရေးရင်း သူ့ ဘာသာ တွေးချင် သလို တွေး ၊ ဖြစ်ချင်တာတွေ ဖြစ် ကုန်တော့တာပဲ ။
ရိုးရိုးသားသား ဝန်ခံရရင် ညို က ဘာရေးနည်း ရေးဟန် ကိုမှ စနစ်တကျ လေ့လာထားတာ မဟုတ်ပါဘူး ။ ညို ခံစားရတာလေးတွေ ကို ဝေမျှ နှီးနှောပြချင်တာပဲ ရှိတာပါ ။ ဒီအင်္ကျီစလေး ကို တို့ ကြိုက်တယ်လို့ ညို က ပြော လိုက်တဲ့အခါမှာ ညို့ အဖော် က တို့ လည်း ကြိုက်တယ်လို့ ပြောရင် ကျေနပ်ပျော်ရွှင်သွားမယ် ။ ဒါကြီးက ကြောင်ပါတယ်ဟာ လို့ ပြောလာရင် ဟုတ်သလားလို့ ပြန် စဉ်းစားမယ် ။ ဒါမှမဟုတ် မကြားချင် ယောင် ဆောင် နေမယ် ။ ဒါမှ မဟုတ်ရင် လည်း အင်း ... ကြောင်တယ်လို့ စိတ်ကူး ပြောင်းသွားမယ် ။ ဒါမှ မဟုတ်သေးရင် အို ... သူ ကြိုက်ကြိုက် ၊ မကြိုက်ကြိုက် တို့ ကြိုက်ရင် ပြီးရောလို့ စိတ်ပိုင်းဖြတ်လိုက်မယ် ။ ဒီလို သဘောမျိုးလေးတွေ ခပ်ဆင်ဆင်ပေါ့ ။
ဒါပေမဲ့ ညို ရေးလိုက်တဲ့ စာတွေဟာ ညို့ စာဖတ်သူ အတွက် အဆိပ်အတောက် ဖြစ်မှာတော့ ညို သိပ် စိုးရိမ်ပါ တယ် ။ ညို က အသိပညာတွေ ပိုလျှံနေသူ မဟုတ် လို့ လည်း တော်တော်လေး သတိထားပါတယ် ။
နောက်တစ်ခု ကတော့ ညို့ အတွက် ၊ သို့မဟုတ် အခြား တစ်ယောက်ယောက်အတွက် သိပ် အရေးကြီးတယ် ။ ရေငုံနှုတ်ပိတ် နေလိုက်ရင် အန္တရာယ် ဖြစ်လောက်အောင် ထိခိုက်နစ်နာနိုင်တယ် ဆိုရင် သာ ညို ငြင်းခုံတတ် ပြီး ဒီလို မဟုတ်ဘဲနဲ့တော့ သူ လည်း ပြောချင် ရာ ပြော ၊ ညို လည်း ထင်ချင် ရာ ထင်နေ တတ်ပါတယ် ။
➧ ကျွန်တော် လေ့လာမိသလောက် ဆရာမ ရဲ့ အမျိုးသမီးဇာတ်ကောင်တွေဟာ အများအားဖြင့် မာန ရှိတယ် ။ ခေါင်းမာတယ် ။ ဘာကြောင့် ဒီ စရိုက်မျိုး ဖန်တီးဖြစ်တာလဲ ။ ဆရာမ ခံယူချက် ဘယ်လို ရှိပါသလဲ ။
ခေါင်းမာတယ် ၊ မာနရှိတယ် ဆိုတာ “ ဆု ” ( အသည်းပန်း မှာ ဆူးတွေနဲ့ရယ် ) နဲ့ “ နှင်းဝေဝေ ” ( ချစ်အကျိုးတော်ဆောင် ) လား ။ ပုံစံချင်း ကတော့ မတူပါဘူး ။ ချစ်အကျိုးတော်ဆောင် ဝတ္ထုတို က အမှတ် -၂ ၊ ဆေးတက္ကသိုလ် ရဲ့ ၁၉၈၂ - ၈၃ နှစ်ပတ်လည်မဂ္ဂဇင်း မှာ ရေးခဲ့ပါတယ် ။
ဆု က နေသေးသပ ချုံထဲ က ၊ ချိုသွေးသပ တမြမြ ဆိုသလို လောကကြီး ကို မကျေမချမ်း ဖြစ်နေတဲ့ အနှိမ်ခံ ဘဝ က လူသား တစ်ဦး ။ နှင်းဝေဝေ ကတော့ ပြီးပြည့်စုံတဲ့ ဘဝမှာ ပညာမာန တလူလူ လွှင့် နေတဲ့ လူသား တစ်ဦး ။ ညို က အဆိုး အကောင်း ဒွန်တွဲ နေတဲ့ သာမန် လူသားတွေ အဖြစ်ပဲ မြင်ပါတယ် ။
ညို့ အကြိုက် ဇာတ်ကောင်ပုံစံ ဆိုရင် ညို က လူတော် လူကောင်း မှ ကြိုက်တာပါ ။ တော်ရမယ် ၊ နှိမ့်ချရမယ် ၊ ရိုးသားဖြောင့်မတ်ရမယ် ၊ ဘာညာပေါ့ ။ တစ်ထစ် လျှော့ပါ ဆိုရင်တော့ ညို က လူတော် ထက် လူကောင်း ကို ပိုနှစ်သက်ပါတယ် ။
➧ ဆရာမ အခု ရေးပြီးသမျှ ဝတ္ထုတွေ မှာ ဆေးကျောင်း နောက်ခံထား ရေးသွားတာတွေ တွေ့ရပါတယ် ။ ဆရာမောင်သင် တို့ လို ၊ ဆရာ ဦးထွန်းရွှေ တို့ လို ဆေးပညာ အခြေခံတဲ့ ဝတ္ထုမျိုး ရေးဖို့ စိတ်ကူး ရှိပါသလား ။
အဲဒီ ဆရာတွေ လို ဆေးပညာ အခြေခံတဲ့ ဝတ္ထုမျိုးတွေ လည်း ညို ရေးတော့ ရေးချင်ပါတယ် ။ ညို က ဆေးပညာ ကို လည်း စိတ်ဝင်စားတယ် ။ ဆေးပညာနယ် က လူတွေ ကို လည်း စိတ်ဝင်စားပါတယ် ။ ညို့ စိတ် ကို က အဲဒီ တစ်ဝိုက် မှာ ပဲ ဝေ့လည် နေသလိုပါပဲ ။
➧ ဆေးကုနေချိန် စာရေးချင် စိတ် ပေါ်ဖူးသလား ။ ရေး ကော ရေးဖြစ်သလား ။
ဟုတ်ကဲ့ ။ တစ်ခါတလေ သိပ် ရေးချင်တာပဲ ။ ရောဂါ ကို မှီပြီး ရေးချင်တယ် ။ ဝေဒနာရှင် ကို မှီပြီး ရေးချင်တယ် ။ ကုသ ပေးနေသူတွေ ကို မှီပြီး ရေးချင်တယ် ။ တစ်နေ့ တော့ ရေးမယ် တေးမှတ်ထားရင်း နောက်ကျရင် ရေးဖြစ်တာလည်း ရှိ ၊ မေ့တာလည်း မေ့ ၊ ဖီလင် မလာတော့တာလည်း ရှိမှာပေါ့ ။
➧ ဆရာမ အခု လုံးချင်းဝတ္ထု ရေးနေပြီလား ။
ဟုတ်ကဲ့ ... “ ထာဝစဉ်ချစ်ခြင်းများစွာဖြင့် ” ဆိုတဲ့ နာမည် နဲ့ လုံးချင်း တစ်ပုဒ် ရေးထားပါတယ် ။ “ အသည်း ပန်း ” နဲ့တော့ မတူပါဘူး ။ ညို့ ဇာတ်ကောင်တွေက စံပြနမူနာပုံစံ မဟုတ်ဘဲ လူသားတွေ နဲ့ တူအောင် ဖန်တီး ထားတာမို့ တစ်ခါမှာ လူတစ်မျိုး ဖြစ်နေမှာမို့ပါ ။ အသည်းပန်း က “ ဆု ” တို့ ၊ “ ကိုဆွေ ” တို့ကို သဘောကျသူ တွေ ဟာ ဒီတစ်ခါ “ ရှီနိုမီရာစံ ” နဲ့ “ စန္ဒီ ” ကိုလည်း သဘောကျ ချင် ကျမယ် ၊ သဘောမကျ ဘဲ လည်း နေချင်နေမယ် ။ အရင်က သဘော မကျခဲ့တဲ့ စာဖတ်သူတွေ လည်း ဒီ တစ်ပုဒ်မှာ သဘောကျချင် ကျလာမယ်ပေါ့ ။ ခုလည်း မကြိုက်သေးပါဘူး ဆိုရင် နောက် တစ်ပုဒ် ကျတော့ ညို မျှော်လင့်ရဦးမှာပေါ့ ။
“ ထာဝစဉ် ချစ်ခြင်းများစွာဖြင့် ” ရဲ့ ကျောရိုး ကတော့ အချစ်စစ် အချစ်မှန် ဆိုတာ ထာဝစဉ် တည်တံ့ခိုင်မြဲတယ် ။ လက်ထပ်ပေါင်းဆုံခြင်း မရှိဘဲ ဘယ်လောက်ပဲ ဝေးကွာ သွားရသော်လည်းပဲ အချစ် ဟာ မပျောက်ဆုံးဘူး ၊ မပျက်စီးဘူး ဆိုတဲ့ ညို့ စိတ်ကူးကလေးပါ ။ ဂျပန်စစ်သားကလေး “ ရှီနိုမီရာစံ ” နဲ့ ရှမ်းမြန်မာ ကပြားမလေး “ နန်းမြစန္ဒီ ” တို့ရဲ့ ဒုတိယကမ္ဘာစစ် အတွင်း မှာ ဖူးပွင့်ခဲ့တဲ့ အချစ် ဇာတ်လမ်းကလေး လို့ ပဲ ဆိုပါတော့ ။
➧ ကျေးဇူးပါပဲ ဆရာမ ။ ဆရာမ နားနေရမယ့် အချိန်ကလေး မှာ အချိန်ပေးပြီး ဆွေးနွေးခွင့် ပြုတဲ့အတွက် ပေဖူးလွှာ စာတည်းအဖွဲ့ ရဲ့ ကိုယ်စားရော ဆု ရဲ့ ပရိသတ် ကိုယ်စား ပါ ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ခဲ့ ပါရစေ ။ “ ထာဝစဉ် ချစ်ခြင်းများစွာဖြင့် ” နဲ့ နောက် ထွက်လာမယ့် ဆရာမ ဝတ္ထုတွေ ကို ကျွန်တော်တို့ စောင့် မျှော်နေကြပါဦးမယ် ။
▢ ဝင်းငြိမ်း
📖 ပေဖူးလွှာ မဂ္ဂဇင်း
အမှတ် - ၂၇
ဩဂုတ်လ ၊ ၁၉၈၃ ခုနှစ်
No comments:
Post a Comment