❝ မေဓာဝီ သစ္စာတော်ခန်း ❞
㋡ လှမိုးသစ် ၊ ကျောက်ဆည် ၊
အခု ဒီ အဘွားကြီး သစ္စာ ဆိုရတော့မယ် ။ အခု ဒီ အဘွားကြီး မှာ သစ္စာတရား မှ တစ်ပါး အားကိုးရာ မမြင်တော့ဘူး ။ သူ့ သား နဲ့ ချွေးမ ကလည်း ဓားပြတွေ ဖမ်းသွားကြပြီ ။ သူတို့ ဒီနေရာ ရောက်နေတာ တစ်ည တိတိ ကျော်သွားပါပြီ ။ ပါလာတဲ့ ရေဘူး နဲ့ စားစရာ နည်းနည်းပါးပါး ကလည်း ကုန်သွားပြီ ။ ကား ပေါ် မှာ ဘာ ကျန်ဦးမလဲလို့ ဟိုနှိက် သည်နှိုက် လုပ်ကြည့်တော့ သိပ် အဖိုးမတန်တဲ့ အဝတ်အစားအချို့ နဲ့ ‘ အစ်မတို့ လာ ရင် ယူဖြစ်အောင် ယူလာခဲ့စမ်းပါ ’ ဆိုလို့ ဈေးထဲ က တကူးတက ရှာပြီး ဝယ်ယူလာတဲ့ လျှော်ဖြူတွေ ပဲ ပါတော့တယ် ။
အမှန်အတိုင်း ဆိုရင် အခုလောက် အချိန် မှာ သူ့ မောင် ရှိတဲ့ မြို့ကို ရောက်နေရမှာ ။ ဒီ ဓားပြတွေ ကြောင့် သာ မဟုတ်ရင် ဟိုမှာ တောင်ပေါ် အစားအစာတွေ နဲ့ အဆီရစ် နေလောက်ပြီ ။ အခုလို လမ်းခုလတ်ကြီး မှာ စားစရာ သောက်စရာ ပြတ်သွား ရဖို့ မဟုတ်ဘူး ။ သူတို့ အိမ် က ထွက်လာတုန်း က လမ်း အတွက် စားစရာ သောက်စရာ အကိုက် တွက်ပြီး ကားပေါ် တင်ယူ လာပြီးသား ။ ဒီကာလနာ ဓားပြတွေ က ကြိုပြီး သတင်းမပေး ဘာမပေး နဲ့ ဗြုန်းစားကြီး ဓားပြ ဝင် တိုက်တော့ အပို ထည့် မယူလာ မိတော့ဘူး ။ အခု ရိက္ခာ ပြတ်ပြီ ။ ဒါပေမဲ့ အဘွားကြီး က လူကြီး မို့ မဆာချင်ယောင် ဟန်ဆောင် နေလို့ ရတယ် ။ ဒီ ကလေး နိုးလာလို့ နို့ ဆာရင် ဘယ့်နဲ့ လုပ်ရမလဲ ။ ကလေး က ဟန်ဆောင်တာတွေ ဘာတွေ မသိဘူး ။ ဆာရင် ငိုမှာ ပဲ ။ ဓားပြတိုက် ခံရတယ် ပြောလည်း သိဘူးပဲ ။ နင့် အဖေ နင့် အမေ ဓားပြတွေ ဖမ်းသွားပြီ ပြောလည်း သိဘူးရေးချ သိဘူး ငိုမှာ ပဲ ။ အဘွားကြီး တော်တော် စိတ်လေ သွားတယ် ။
နေ က လည်း မြေပြန့် ထက် ကုန်းမြေမြင့် နေ က ပို ပူသလိုပဲလို့ အဘွားကြီး စိတ်ထဲ ထင် နေတယ် ။ ပိုပြီး ပူမှာ ပေါ့ ။ မြေပြန့် နဲ့ စာရင် တောင်ပေါ် ဆိုတာက နေ နဲ့ ပို နီးတာကိုး ။ ရာသီ က လည်း ဆောင်း နဲ့ နွေ လင်လုတဲ့ ရာသီ ဆိုတော့ သစ်ရွက်တွေ က ငိုမလို ရယ်မလို ကြွေနေတယ် ။ သူတို့ လာခဲ့တာ ကိုယ်ပိုင်ကား နဲ့ ဆိုပေမဲ့ အခု ရောက်ရှိနေတဲ့ နေရာ က လမ်းမကြီး က ခွဲထွက်လာတဲ့ အညတရ မြေလမ်း ၊ ဖြတ်သန်း သွားလာသူ မရှိသလောက် ရှားတယ် ။ တောကြီးမျက်မည်း မဟုတ် ပေမဲ့ ခေါင်တယ် ။ လမ်းရဲ့ ဘေးဘက် ဝဲယာ ကတော့ တောင်ပေါ် အစ ကုန်းမြင့် ပီပီသသပဲ ၊ ကျောက်ဆောင်တွေ ၊ လျှိုချိုင့်တွေ ၊ သစ်ဝါးတွေ နဲ့ ရှုပ်ယှက်ခတ် နေတဲ့ ပါးရည်တွန့် အဘိုးကြီး မျက်နှာ နဲ့ တောပဲ ။ မြင်ရသမျှ မြင်ကွင်းတွေ က မကောင်းဆိုးဝါးတွေ ကိန်းအောင်း နေသလို အကျည်းတန် နေတယ် ။ နေရင့်ရင့် အပူ အောက် က တောင်ကမ်းပါးယံမှာ ဖြူ ၊ နီ ၊ ဝါ ၊ ပြာ ရောင်စုံ ပွင့်နေတဲ့ သစ်ခွနွယ်ဝင် ပန်းတစ်ပင် ကိုတောင် ကျက်သရေ မရှိတဲ့ ပန်း လို့ အဘွားကြီး က မြင် နေတယ် ။
သူတို့ ဒီနေရာ မှာ ဘယ်လောက် ကြာအောင် ကယ်သူ မဲ့နေမှာ လဲ ။ နောက်ထပ် ဘယ်နှရက် လောက် ကြာမှ ကား တစ်စီးတလေ လောက် ဒီ လမ်း က ဖြတ်သွားမှာ လဲ ။ ခရီးသွား ကား တစ်စီး လောက် လာတဲ့ အထိ သူတို့ မြေးအဘွား စောင့်နိုင်မှာ လား ။ သူတို့ ဒီခရီး ကို ဘာကြောင့် ထွက်ခဲ့မိပါလိမ့် ။ သူ့ မောင် ရှိတဲ့ ဒီ တောင်ပေါ်မြို့ ကို အလည်သက်သက် လာခဲ့ကြတယ် လို့ သူ့ ချွေးမ ကို ပြောထားခဲ့ တာဟာ အမှန်အတိုင်း ဟုတ် ရဲ့ လား ။ အခု ဒီ ခရီးကို ထွက်လာခဲ့မိလို့ ဒုက္ခ တွေ့ရပြီ ။ တကယ်လို့ ဒီ ခရီး ကို ထွက်မလာ ခဲ့ကြရင်ကော .. ။ အို .. မတွေးချင်ဘူး ။ တွေးမိရုံ နဲ့ တင် ရှက်စရာ ကောင်းလိုက်တာ ။ သိက္ခာ တစ်ပြားဖိုး မှ ကျန်မှာ မဟုတ်တော့ ဘူး ။ ဒီကို ထွက်မလာဘဲ နေရင် ဒီ အကြောင်းတွေ ကို သူ့ ချွေးမ သိတော့မယ် ။ မဖြစ်ဘူး ။ သူ့ ချွေးမ သိလို့ မဖြစ်ဘူး ။ သူ့ ချွေးမ က ဒါမျိုး ကိစ္စ ခွင့်လွှတ် မှာ မဟုတ်ဘူး ။ သူ့ ချွေးမ ခွင့်မလွှတ်နိုင်တဲ့ ကိစ္စ က မီးခိုးအမျှင် တန်းပြီး လျှောက် လောင် ကုန်ရင် ခက်ရချည်ရဲ့ ။ သူ့ချွေးမ က ပိုက်ဆံ ချမ်းသာတဲ့ တစ်ဦးတည်း သော သမီး ။ ရမယ့် အမွေတွေ က ... ရမယ့် အမွေတွေ က ... ရမယ့် အမွေတွေ က ... ။
ပြီးတော့ သူ့ ချွေးမက ယဉ်ယဉ်ကျေးကျေး ၊ သိမ်သိမ်မွေ့မွေ့ တကယ့် အရိုးလေး ။ သူ့ သားလို ‘ ဟော့ရှော့ ’ ဆိုလား ၊ ဘိုမကျ ဘိတ်မကျ စရိုက်မျိုး မဟုတ်ဘူး ။ သူ က သားရှင်မို့ သူ့ သားရဲ့ မရှုပ်မရှင်းတွေ ကို ချွေးမ မသိအောင် ဖုံးတန်တာ ဖုံး ၊ ဖိတန်တာ ဖိ လုပ်နေရတာ ။ တကယ် က သူ့ သား နဲ့ ကောင်မလေး က ဆန့်ကျင်ဘက် ။ ဒီ ကောင်မလေး ကို လိုချင်ရချည်ရဲ့ လို့ ရောဂါတွေ တက် နေတုန်းက အမေ တန်မဲ့ မျက်လုံး စုံမှိတ်ပြီး ကောင်မလေး ကို ရဖို့ ဉာဏ်နီဉာဏ်နက်တွေ သုံးပြီး ကြံရဖန်ရတာ ။ အဲဒီတုန်းကများ သူတို့ သားအမိ နှစ်ယောက် တကယ့် သိုးငယ် လေးတွေ လို ဟန်ဆောင် ကောင်း လိုက်တာ ရုပ်ရှင် ထဲ က အတိုင်းပဲ ။
‘ အဲ့ဝဲ ... အဲ့ဝဲ ... အဲ့ဝဲ ...’ အဘွားကြီး အတွေးတွေ ကလေးငိုသံ ထဲ လွင့် မျောသွားတယ် ။ ကလေး နိုး လာပြီ ။ နိုး လာလာချင်း ကလေး က နို့ လိုက် ရှာနေ ပုံရတယ် ။ ကလေး နဲ့ ရောပြီး အဘွားကြီး ငိုချင်စိတ်တွေ ပေါက် လာတယ် ။ ကလေး အဖေ နဲ့ အမေ ကို ဓားပြတွေ ဖမ်းသွားတဲ့ မနေ့ အချိန် ကတည်း က ခုထိ ဒီကလေး နို့တစ်စက် မှ မစို့ရသေးဘူး ။ ဓားပြတွေ က လည်း သူတို့ အသက် လုံခြုံရေး အတွက် ဓားစာခံ ဆိုပြီး ခေါ်သွားတာ ခုထိ ပြန် မလွှတ်သေးဘူး ။ ဘယ်အချိန် ကျမှ ပြန် လွှတ် မှာ လည်း မသိဘူး ။ ဓားပြတွေ မတရားဘူး ။ ဒီမှာ ကလေး က နို့စို့ အရွယ်လေး ။ ဪ .... ငါ့နှယ် ... ဓားပြပါ ဆိုမှ တရားတာတွေ ၊ မတရားတာတွေ လိုပါ့မလား ။ အင်း ... ဓားပြတွေ လက်ထဲ မှာ ငါ့ သား ဘယ်လို နေရှာပါလိမ့် ။ အို .. ဘုရား ... ဘုရား .. သ,တ်များ သ,တ်ပစ်လိုက်ကြပြီလား ။
“ အဲ့ဝဲ ... အဲ့ဝဲ ... အဲ့ဝဲ .. ”
ကလေး ကို အဘွားကြီး ကောက် ပွေ့လိုက်တယ် ။ ရေဘူး ကို လှမ်းဆွဲပြီး ဖင်ကပ် နေတဲ့ တစ်စက် နှစ်စက်စာလောက် ရေ ကို ကလေး ရဲ့ နှုတ်ခမ်းပေါ် ချပေးလိုက်တယ် ။ အငမ်းမရ ကို ကလေး ရဲ့ နှုတ်ခမ်းတွေ က စုပ်ယူ သွားတယ် ။ အာသာ တစ်ခု ပြေသွားပေမဲ့ ကလေးက ရေရဲ့ အရသာ ကို အခု ထက် ပို ချိုသင့်တယ် လို့ ယူဆပုံမျိုး နဲ့ ထပ်ငိုတယ် ။
“ အဲ့ဝဲ ... အဲဝဲ ... အဲ့ဝဲ ...”
ပလတ်စတစ်ရေဘူး ပိန်ရှုံ့ပြားကပ်သွားတဲ့ အထိ အဘွားကြီး ညှစ်ချ နေမိတယ် ။ ကျောက်ခဲ ရေညှစ်တာက ထွက်ချင် ထွက်ဦးမယ် ။ ဒီ ပလတ်စတစ် ရေဘူး ထဲ က နောက်ထပ် ရေ ထွက်လာဖို့ မဖြစ်နိုင်တော့ဘူး ။ ဒီ ပတ်ဝန်းကျင် မှာ ရေကလေး များ ရနိုင်မလား အဘွားကြီး တွေးမိပေမဲ့ ဒီ ကား ပေါ် က ဆင်းပြီး သူ ဘယ်လိုလုပ် သွား ရှာနိုင်မှာလဲ ။ တကယ်ဆို သူ ဟာ ကိုယ် အောက်ပိုင်း သေနေတဲ့ ဒုက္ခိတကြီး တစ်ယောက်ပဲ ။ ဒါကြောင့် လည်း ဓားပြတွေ က သူ့ ကို ပါ ခေါ်မသွားဘဲ ပစ်ထားခဲ့ ကြတာ ။ အဲဒီတုန်းက ကလေး ကို ဓားပြတွေ တွေ့ မသွားကြဘူး ။ အဝတ်တွေ ဖုံးပြီး အိပ်ပျော် နေတာဟာ နတ်ကောင်း နတ်မြတ်တွေ စောင့်ရှောက်လို့ ပဲလို့ အဘွားကြီး အောက်မေ့တယ် ။ အခု ကလေး နို့ဆာ နေတာ ကို နတ်ကောင်း နတ်မြတ်တွေ က စောင့်ရှောက်ဖို့ မျှော်လင့်တယ် ။ ဒီ ဒုက္ခကြီး ကို ဖြေရှင်း ဖို့ အကြံကောင်း ၊ ဉာဏ်ကောင်းတွေ ပေးပါလို့ တိုင်တည်တယ် ။ ဒါပေမဲ့ ဘယ် ကြက်ဆူပင် ခွကြားနတ် မှ ကိုယ်ရောင်ကိုယ်ဝါ လာ မပြဘူး ။ ကလေး က ငိုမြဲငိုတယ် ။ အသည်းအသန် ငိုတယ် ။ အဘွားကြီး ဘာ လုပ်ရမ လဲ ။ ကယောင်ကတမ်း နဲ့ သူ့ နို့ပိန်ကလေး ကို လှန် တိုက်မိတယ် ။ သနားစရာ ကလေးငယ် က ဘွားအေ နို့ ကို စို့လိုက်တာ မှ ပြိုးပြိုးပျစ်ပျစ်တောင် မြည်တယ် ။ ဘာ အရသာ ရှိလဲတော့ မသိဘူး ။ အတော်ကြာကြာကြီး ကို ငြိမ် စို့နေတယ် ။ အဘွားကြီး လည်း ပြောမပြတတ်တဲ့ ပီတိတွေ ရင် မှာ လှိုက်လှိုက် လှိုက်လှိုက် နဲ့ ။
••••• ••••• •••••
အစပိုင်း မှာ တော့ ဟုတ်တုတ်တုတ် ပဲ ။ အကြိမ်ရေ များ လာတာ နဲ့ အမျှ ဒါဟာ နို့ရည် မပါတဲ့ နို့အခွံကြီး မှန်း ကလေး က သိသွားပုံ ရတယ် ။ ထပ် ငိုပြန်တယ် ။ အဘွားကြီး ဘာလုပ်ရမှန်း မသိတော့ဘူး ။ ဖြစ်နိုင်ရင် ခုချက်ချင်း သူ့ အောက်ပိုင်းတွေ ကောင်း သွားပြီး ခုချက်ချင်းပဲ ကားမောင်း တတ်ချင်စိတ်တွေ ပေါက်လာတယ် ။ အသက်ကြီး မှ ကားလေး တစ်စီး လောက် ဝယ်နိုင်ခဲ့သူ ဖြစ်လို့ ကား ဝယ်စ က ခုလို ကားမောင်းတတ်ချင်စိတ် မဖြစ်ခဲ့ပါဘူး ။ သူ့ သား မောင်း ပို့တာ အသာ စီးလိုက်သွားတာပဲ ။ သူ့ သား မောင်းတာကို တော့ ကြည့်ဖူးတယ် ။ ဟို အောက်က အတံကလေး ကို ခြေထောက် နဲ့ နင်းလိုက် ၊ ဒီအဝိုင်းကြီး ကို လှည့်လိုက် မောင်းတာ ။ ဒီအဝိုင်းကြီး ကို လှည့်တာ ဟိုဘက် ကွေ့ ချင်ရင် ဟိုဘက် လှည့် ၊ ဒီဘက် ကွေ့ချင် ရင် ဒီဘက် လှည့် လွယ်လွယ်လေး ။ ဒီအောက် က အပြားလေးတွေ ကို ဘယ်အချိန်မှာ ခြေထောက် နဲ့ နင်းရတာလဲ ။ မြင်တော့ မြင်ဖူးတယ် ။ စဉ်းစား ... စဉ်းစား .. ဟုတ်ပြီ ။ ကား စက် နှိုးတဲ့ အချိန်မှာ ဒီဘက် က အပြား ကို နင်း ၊ ကား ရပ်ချင်ရင် ဟိုဘက် က အပြားကို နင်း ၊ ဒီဘက် ကို နင်း ၊ ဟိုဘက် ကို နင်း ၊ တစ်ခါ အလယ် ကို နင်း ၊ အဘွားကြီး စဉ်းစားရင်း .. စဉ်းစားရင်း အရင်ဟာ နောက်ဟာတွေ ရောထွေး သွားပြီး ဘယ်ဟာ က အစ ၊ ဘယ်ဟာက အဆုံး ဆိုတာ မသေချာတော့ဘဲ လည် သွားတယ် ။ အို ရှုပ်ပါ တယ် ။ စဉ်းစား မနေတော့ဘူး ။ သိတော့ရော သူ့ ခြေထောက် က နင်းနိုင်မှာ မို့လား ဆိုပြီး စိတ် ကို တုံးတုံး လျှော့ လိုက်တယ် ။ ဒီမှာ ပဲ အဘွားကြီး ရဲ့ စိတ်တွေ ဟာ ဖရိုဖရဲ ဖြစ်လာတယ် ။ ကလေး က ငို ၊ သူ့ စိတ်တွေ က ဆောက်တည်ရာ မရနဲ့ ဒေါသတွေ မထိန်းနိုင် ဖြစ် လာပြီး လက် နှစ်ဖက်နဲ့ နီးရာတွေ လျှောက် ထုနေမိတယ် ။ ပါးစပ် က လည်း ဗလုံးဗထွေး လျှောက် ပြောနေတယ် ။ စီယာတိုင် ကို လျှောက် လှည့်တယ် ။ ဒက်ရှ် ဘုတ် ပေါ်ကို ထုတယ် ။ ခလုတ်တွေ ကို လက်နဲ့ ရိုက်မိတယ် ။
မေဓာဝီလေ့ × × × ရသေ့ငယ် × × × နေရာ ရှာသကိုး ဆင်နှာမောင်း တစ်ပင်လုံး × × × သုံးခွက်တစ်ခွက် တင်ကြို × × ×
အဘွားကြီး အံ့သြ မှင်တက် သွားတယ် ။ ဒီ သီချင်းသံ က စူးစူးရှရှ ကျယ်ကျယ်လောင်လောင် ထွက်လာတယ် ။ ဘယ်က ထွက်လာတဲ့ သီချင်း သံလဲ ။ ဘေးဘီဝဲယာ ကို ပြူးကြောင်ကြောင် လှည့်ကြည့်မိတယ် ။ ကယ်မယ့်သူများ ပေါ် လာပြီလား လို့ လည်း ထင်လိုက်တယ် ။ ပတ်ဝန်းကျင် မှာ ဘာမှ မမြင်မှ သဘောပေါက်ပြီး ရယ်ချင် သလို ဖြစ်သွားမိတယ် ။ အရေး ထဲ မှ ကားဒက်ရှ်ဘုတ် မှာ ပါတဲ့ ကက်ဆက် ခလုတ် က ပွင့်သွားရသေးတယ် ။ ဂီတသံ က ဆွဲအား ပြင်းပုံရတယ် ။ ကလေး အငို တိတ်သွားတယ် ။ အဘွားကြီး သီချင်းသံ ထဲ နစ်ဝင်သွားတယ် ။
× × × သောက်လွန်လွန်းလို့ ကျောက်ခွက်ညို မှာ ရွဲရွဲစိုအောင် ရှူရှူငယ် ပန်းတယ်လေး × × × သမင်မ သောက်လို့ သန္ဓေပေး မွေးသလို × × × လူသံပဲ × × × လူပဲ × × × လူပဲ × × × အူဝဲ × × × အူဝဲငို × × × ( အလို .. မိန်းကလေးပါ လား ၊ သနားစရာ ) ရေစက်ပဲ မြင်ကတည်းက × × × ခင်မိတယ်ကို × × × မွေး ထိုက်လို့ မွေးရတော့မယ် × × × သူငယ်မ ကုသိုလ် ၊ ငါ့ ကုသိုလ် × × × မွေးထိုက်လို့ မွေးရတော့မယ် × × × သူငယ်မ ကုသိုလ် ၊ ငါ့ကုသိုလ် × × × ငါ့သမီး မှန်တယ် ဆိုရင် × × × လက်တိုဂျင် ဂယ်လက်ဆို × × × ငါ့ လက်က ထွက်လိုက်ဟ ချိုချို × × ×
သီချင်း က အဆန်းပဲ ။ မေဓာဝီ တဲ့ ရသေ့ က ကျောက်ခွက် ထဲ မှာ ကျင်ငယ်ရေ စွန့်သတဲ့ ။ ရသေ့ စွန့်တဲ့ ကျင်ငယ်ရေ ကို သမင်မ က သောက်မိ သတဲ့ ။ သောက်ပြီးတော့ သမင်မ မှာ သန္ဓေခပြီး ကလေး မွေးသတဲ့ ။ သမင်မ က မွေးတဲ့ ကလေး က အူဝဲ အူဝဲ လို့ ငိုသတဲ့ ။ အူဝဲ ငိုတော့ လူ ပဲပေါ့ ။ သမင်မ က သူ့ ကျင်ငယ်ရေ ကို သောက်ပြီး လူ မွေးတယ် ဆိုတော့ ရသေ့ က သူ့ ကလေးများ ဖြစ်မလား လို့ တွေးသတဲ့ ။ တကယ်လို့ သာ ဒီ ကလေးဟာ သူ့ သမီး မှန်ရင် ဒီ ကလေး ကို တိုက်ကျွေးဖို့ သူ့ လက်ညှိုး က နို့ ထွက်ပါစေလို့ ရသေ့ က သစ္စာ ဆိုလိုက်တာ လက်ညှိုး က နို့တွေ ထွက်ရော ဆိုပါလား ။ တယ် ဟုတ်ပါလား ။ အဘွားကြီး တွေးတယ် ။
တိုက်တိုက်ဆိုင်ဆိုင်ပဲ အဘွားကြီး နာမည် ကလည်း ဒေါ်မေဓာ တဲ့ ။ ဒေါ်မေဓာ သူ့ လက်ညှိုး ကို သူ ထောင်ကြည့်တယ် ။ မေဓာဝီ ရသေ့ လို သစ္စာ ဆိုရ ကောင်းမလားလို့ ပေါ့ ။ မဟုတ်သေးပါဘူး ။ လက်ညှိုး က နို့ထွက်မယ် ဆိုတာ မဟုတ်သေးပါဘူး ။ ဘယ်နှယ့် လက်ညှိုးထိပ် မှာ အပေါက် မှ မပါတဲ့ ဥစ္စာ ။ အဲ .. ဒါတော့ ဖြစ်နိုင်ချေ ရှိတယ် ။ သူ လည်း မိခင် တစ်ယောက် ဖြစ်ခဲ့ဖူးတာပဲ ။ ထွက်ချင်း ထွက်ရင် သူ့ ရဲ့ ရွှေရင်ပုံ ဓမ္မတာ က သစ္စာတော် စူးပြီး နို့ချို ထွက်ရင် ထွက်နိုင်တာပဲ ။ သူ ဆိုတဲ့ သစ္စာ မှန်ရင် ရင်အစုံ က နို့ထွက်မှာ ပဲလို့ ဒေါ်မေဓာ ယုံကြည် သွားတယ် ။ ရသေ့ တောင် လက်ညှိုး က နို့ထွက် သေးတာပဲ ။ သစ္စာ ဆိုဖို့ ဒေါ်မေဓာ ဆုံးဖြတ် လိုက်တယ် ။
••••• ••••• •••••
ခုမှ ခက်ပြီ ။ သစ္စာ ဆိုတာ ဘယ်လိုမှန်း ဒေါ်မေဓာ မသိဘူး ဖြစ်နေတယ် ။ အမှန်ကို အမှန်တိုင်း ဆိုရတာလို့ တော့ ကြားဖူးတယ် ။ သူ့ ဘဝ တစ်လျှောက် သူ ပြုလုပ် ခဲ့တာတွေက အများကြီးပဲ ။ အဲဒီ ထဲက ဘယ်ဟာကို ဆိုရမှာ လဲ ။ တစ်နေ့ တစ်ကြိမ် မှန်မှန် ဘုရားဆွမ်းတော် တင်တာ အမှန် ပါလို့ ဆိုရမှာ လား ။ မဖြစ်သေးပါဘူး ။ တစ်ခါတလေ မေ့ပြီး နပ်ကျော် သွားတဲ့ ရက် က ရှိနေသေးတာ ။ ဆွမ်းတော်တင် တာ ဟာ ဈေးရောင်း ကောင်းချင်လို့ ပါလို့ ဆိုရမှာ လား ။ အို .. မဟုတ်သေးပါဘူး ။ ဆွမ်းတော် တင် တာဟာ ကုသိုလ် ရအောင်လို့ ပါ ။ ဒါလည်း မဖြစ်သေးပါဘူး ။ ကုသိုလ် ရချင်လို့ လား ။ ဈေးရောင်းကောင်းချင်လို့ လား ။ ကိုယ့် ကိုယ် ကိုယ် တောင် မကွဲပြားဘဲ နဲ့ သစ္စာ ဆိုရင် ဘယ်လိုလုပ် အမှန် ဖြစ်နိုင်တော့မှာ လဲ ။ နောက် တစ်ခု စဉ်းစား ကြည့်တယ် ။ ညတိုင်း ဘုရား ရှိ မခိုးမိပေမဲ့ ရှိခိုးတဲ့ အခါတိုင်း သတ္တဝါတွေ ကျန်းမာပါစေလို့ မေတ္တာ ပို့ခဲ့တာ အမှန်ပါ လို့ ဆိုရကောင်းမလား ။ ဒါလည်း မဖြစ်သေးပါဘူး ။ ပါးစပ် က သာ မေတ္တာပို့တာ စိတ်ကရမယ့် ငွေတိုးတွေ တွက်နေမိတာ ၊ အိမ် မှာ ကြွက်တွေ သောင်းကျန်းတုန်းက ကြွက်ဆေး ချမိတာတွေ ကြောင့် မေတ္တာပို့တာ ဘယ်လိုလုပ် မှန်တော့မှာ လဲ ။ ဒီလိုနဲ့ ဒေါ်မေဓာ ဟာ သူ ကိုယ်တိုင် သေချာ တဲ့ အမှန် တစ်ခု လောက်ကို ရှာမရ ဖြစ်နေတယ် ။ နှုတ် က ထွက်တယ် ထား ၊ သူ့ စကား သူ့ နား က ပြန်မ ကြားဝံ့တဲ့ အမှန်တွေ ကို သူဘယ်လို သစ္စာ ဆိုရမလဲ ။ သူ့ အကြောင်း သူ လျှော့လျှော့ပေါ့ပေါ့ ပြောရင်တော့ ဖြစ်ရဲ့ ၊ လျှော့ လိုက်လို့ မမှန်တာတွေ ပါသွားရင် ဆိုတဲ့ သစ္စာ အလကား ဖြစ်သွားမယ် ။ အမှန်တွေ ကလည်း ကြည့်ဦး ။ ပိုက်ဆံများများ ရလို့ အမှုအခင်းတွေ မှာ သက်သေအတု လုပ်ပေးခဲ့တာတွေ ၊ အခုလည်း ဒီ ခရီးထွက် လာတာ သူ့ သား ရဲ့ အရှုပ်ထုပ်တွေ ပြေမှာ စိုးလို့ ၊ သူ့ ချွေးမ နဲ့ ချွေးမ ရဲ့ မိဘတွေ သိမှာ စိုးလို့ ထွက်ပြေး လာတာတွေ ၊ ဒါတွေကို ဒေါ်မေဓာ နှုတ်ထွက် မရဲဘူး ဖြစ်နေတယ် ။ အဲဒီလို ရှိနေတုန်း သီချင်း က နောက်တစ်ကျော့ ပြန်လှည့် လာတယ် ။
× × × မွေးထိုက်လို့ မွေးရတော့မယ် × × × သူငယ်မ ကုသိုလ် ၊ ငါ့ကုသိုလ် × × × ငါ့သမီး မှန်တယ်ဆိုရင် × × × လက်တိုဂျင် ဂယ်လက်ဆို × × × ငါ့ လက် က ထွက်လိုက် ဟ ချိုချို × × ×
ဟယ် ဟုတ်ပေသားပဲ ။ ရသေ့ သစ္စာ ဆိုတာ အရှင်းကြီးပဲ ။ ငါ့ သမီး မှန်တယ် ဆိုရင် ငါ့ လက်က နို့ ထွက်ပါစေတဲ့ ။ ရသေ့ က သူ့ သမီး ဟုတ်မဟုတ် မသေချာလို့ သေချာအောင် သစ္စာ ဆိုတာ ။ ငါ က ဒီလောက် သေချာနေ တာလို့ ဒေါ်မေဓာ တွေးတယ် ။ သူ့ သား က မွေးတဲ့ သူ့ မြေး ဆိုတာ သေချာနေတော့ ဒီ အမှန်ကို သစ္စာ ဆိုဖို့ ဒေါ်မေဓာ ဆုံးဖြတ် လိုက်တယ် ။ ငါ့ မြေး မှန်ရင် ငါ့ နို့ က နို့ ထွက်ပါစေပေါ့ ။ ငါ့ သား အရင်း နဲ့ ငါ့ ချွေးမ က မွေးတဲ့ ကလေး ငါ့ မြေး ဘာ မမှန်စရာ ရှိတုန်းလို့ ဒေါ်မေဓာ ပီတိတွေ ဖြာ သွား တယ် ။ ပြီး သစ္စာ ဆိုပါတော့တယ် ။
“ အို သမ္မာဒေဝ နတ်ကောင်းနတ်မြတ်များ ... ကျွန်တော်မ သစ္စာ ဆိုပါမည် ။ ဤကလေး ကျွန်တော်မ ၏ မြေး မှန်တယ် ဆိုရင် ကျွန်တော်မ ၏ နို့ မှ နို့ရည် ထွက်ပါစေ သတည်း ”
အဲဒီလို ဒေါ်မေဓာ ဟာ သစ္စာ ဆိုပြီး တအီအီ ငိုနေတဲ့ ကလေး ကို အားရဝမ်းသာ နို့ တိုက် လိုက်တယ် ။ ဆာလောင်မွတ်သိပ်မှုတွေ နဲ့ ကလေး က စို့လိုက်တာမှ ရေပြွန် က လေသွန် သလို အသံတွေ ပြိုးပြိုးပျစ်ပျစ် မြည် လို့ ။
ဘာကြောင့် မှန်းတော့ မသိဘူး ။ ကလေး က အငို မတိတ်ဘဲ ဗြဲဗြဲကွဲကွဲ ငို ပြန်တယ် ။ ဒေါ်မေဓာ ကတော့ တစ်ခု ခု တော့ လွဲနေပြီ လို့ တွေးမိတ ယ် ။ သီချင်း က လည်း မဆုံးသေးဘူး ။ မွေးထိုက်လို့ မွေးရတော့မယ် သူငယ်မ ကုသိုလ် ၊ ငါ့ကုသိုလ် လုပ်တုန်း ။ ငါ့ သမီး မှန်တယ် ဆိုရင် လက်တိုဂျင် ဂယ့်လက်ဆို ငါ့ လက် က ထွက်လိုက်ဟ ချိုချို လုပ်တုန်း ။ ကလေး က လည်း တဝဲဝဲ ငိုလို့ ကောင်းနေတုန်း ။
▣ လှမိုးသစ် ၊ ကျောက်ဆည် ၊
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
အမှတ် ၁၉၁
အောက်တိုဘာလ ၊ ၂ဝဝ၅ ခုနှစ်
No comments:
Post a Comment