Tuesday, March 18, 2025

မနေ့က လရောင် အောက်မှာ ( ၅ ) ( ၁ )


 

အခန်း ( ၅ )

‘ နှလုံးလှ ’ အလွတ် ပညာသင်ကျောင်း ပြန် ဖွင့်ပါသည် ။ ကျောင်းအုပ်ဆရာမကြီးဒေါ်တင်တင်ဝေ သည် သူ၏ ဖခင် ဦးအောင် ကဲ့သို့ပင် အင်္ဂလိပ်စာ အသင်အပြ ကောင်းကြောင်း ချက်ချင်း သတင်းပျံ့နှံ့ သွားသည် ။

ဆရာအသစ်ကလေး ဦးဖုန်းဝေ ၏ သင်္ချာပြသမှု မှာလည်း ကျောင်းသားတွေ ပါးစပ်ဖျား တွင် ရေပန်းစား လာသည် ။ တစ်ပြိုင်တည်းပင် ဆရာမကြီး နှင့် ဆရာဦးဖုန်းဝေ တို့၏ အကြောင်းသည်လည်း သိုးသိုးညံ့ညံ့ မေးကြ စုံစမ်းကြဖြင့် စိတ်ဝင်စားစရာ ဖြစ်လာ၏ ။

ဒေါ်တင်တင်ဝေ သည် ရန်ကုန် မှ ပြန်လာသော အခါ ၊ ဆရာ ဦးဖုန်းဝေ ကလည်း အတူတူ ပါလာသည် ။ ထို့ပြင် ဆရာမကြီး က ကျောင်းဝင်း အိမ်ကြီး တွင် နေ၍ ဆရာ က စာသင်ကျောင်း အခန်းရှိ ရုံးခန်းဘေး အခန်းလွတ် တွင် နေသည် ။ ထမင်း ကို ဆရာမကြီး အိမ်မှ ထမင်းချိုင့် နှင့် ဆရာကိုဖုန်းဝေ ဆီသို့ ဆရာမကြီး နှင့် အတူနေသူ တူမ မလေးခင် က ပို့ပေးသည် ။ ဆရာ့ အဝတ်များ ကိုလည်း ဆရာမကြီး အိမ်မှာ လျှော်ဖွပ် ပေးသည် ။ ထိုသတင်း များမှာ ကျောင်းသူကျောင်းသား မှ တစ်ဆင့် မြို့နေ မိဘများ ထံသို့ ရောက်ရှိ သွားကာ ၊ စိတ်ဝင်စားစရာ ကောင်းသည့် အကြောင်းကလေးများ ဖြစ်လာ သည် ။

သို့သော် ဆရာမကြီး ဒေါ်တင်တင်ဝေ နှင့် ဆရာဦးဖုန်းဝေ တို့၏ နေထိုင် ဆက်သွယ်မှုမှာ ဣန္ဒြေမပျက် သိက္ခာရှိရှိ ဆက်ဆံပုံ ဖြင့်သာ စာသင် နေခဲ့ရာ အထင်အမြင် ပြောစရာ မရှိ ဖြစ်နေသည် ။

အမှန်မူ မြို့ကလေး၏ အကျိုးကို မျှော်ကိုး နေသူများက ကလေး များ၏ ပညာရေး အတွက် အခြေခံကာ ၊ ဒေါ်တင်တင်ဝေ နှင့် ဦးဖုန်းဝေ တို့ချင်း မေတ္တာမျှ၍ ဤမြို့ ဤကျောင်း ၌ အတည်တကျ ဖြစ်သွားပါက ကောင်းမွန် သင့်မြတ်မည်ဟု ယူဆကြလေသည် ။

ဆရာကိုဖုန်းဝေ သည် သင်္ချာဘာသာရပ် ကို လည်း တက္ကသိုလ်ဝင် တန်းရော ၊ အကြို တက္ကသိုလ်ဝင်တန်းပါ သူ တစ်ဦးတည်း ကြိုးကြိုးစားစား သင်သည် ။ ကျောင်းတွင်း ဖွံ့ဖြိုးရေး ကိုလည်း သူ ကိုယ်တိုင် ဦးစီးကြပ်မတ်၍ လုပ်ကိုင်သည် ။ ကျောင်းဘောလုံးအသင်းကို ဖွဲ့စည်းလေ့ကျင့်စေ၍ အနီး အနားမြို့များမှ အထက်တန်းကျောင်းဘောလုံးအသင်းများ နှင့် မိတ်ဖြစ်ဆွေဖြစ် ကျောင်းပိတ်ရက်များ တွင် သွားရောက် ကစားသည် ။

ကျောင်းတွင် စာကြည့်တိုက် တစ်ခု တည်ထောင်သည် ။ ကျောင်းတွင် စကားရည်လုပွဲများ ၊ ကျဖမ်းစကားပြောပွဲများ ကို အခါအားလျော်စွာ ကျင်းပပေး၏ ။ နေ့စဉ် ဝတ်မပျက် ဦးစီးပြုသော လုပ်ငန်းမှာမူ ၊ ကျောင်းဆင်းပြီး ညနေတိုင်းများ တွင် ဂီတသင်တန်း ဖွင့်လှစ် ခြင်းပင် ဖြစ်သည် ။

ဆရာဦးဖုန်းဝေ ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြောင့် မြို့ရှိ အထက်တန်း ကျောင်းသား ၊ ကျောင်းသူများ မှာ ယခင်က ကဲ့သို့ ကျောင်းအားရက် ၊ ကျောင်း အားချိန်များတွင် လေလွင့်ချိန် မရ ။ ကိုယ်စီကိုယ်င ဝါသနာပါရာ လုပ်ငန်းများ နှင့် အချိန်ကုန်နေခဲ့ရာ ၊ မိဘများ က များစွာ ဝမ်းသာကြ၏ ။

ဆရာဦးဖုန်းဝေ ၏ တက်တက်ကြွကြွ ဦးစီးဆောင်ရွက်မှုကြောင့် ကျောင်းသားကျောင်းသူများ ကျောင်းမှာ ပျော်နေကြရာ ကျောင်းပျက်ရက် နည်းပြီး ကျောင်းကြီးစည်ကားအောင်မြင် နေသဖြင့် ဆရာမကြီး ဒေါ်တင်တင်ဝေ မှာ စိတ်ထဲက ကြိတ်၍ ပီတိ ဖြစ်နေ၏ ။ ဆရာ ဦးဖုန်းဝေ က ကျောင်း တွင် လွတ်လွတ်လပ်လပ် လုပ်လိုရာလုပ်ကိုင်နေသည် ကို ဝင်ရောက် ဟန့်တားခြင်း မပြုဘဲ ၊ မိမိ က စာသင်ကြားရေး ကို သာ ကိုယ်ဖိရင်ဖိ လုပ်နိုင် နေသဖြင့် ပို၍ ဝမ်းသာ နေမိသည် ။

ဆရာဦးဖုန်းဝေ က စာသင်ကြားရေးကိစ္စ တွင်မူ ကျောင်းဆရာမကြီး ဖြစ်သူ ဒေါ်တင်တင်ဝေ ဦးစားပေးသည် ။ ပြင်ပဖွံ့ဖြိုးရေး လုပ်ငန်းတွင် တော့ မိမိ ဘာသာ ဦးစီးသည် ။

ဤလိုတော့လည်း နှလုံးလှ အလွတ်ပညာသင်ကျောင်းကလေး သည် ပျော်စရာ ဖြစ်ခဲ့ပါသည် ။

သို့သော် အမြဲတစေတော့ ပျော်စရာ မဖြစ်ခဲ့ပါ ။ သီတင်းကျွတ်တော့မည် ဖြစ်သဖြင့် မြို့သူမြို့သားများ ပွဲတော် အတွက် ပြင်ဆင်ကြသည် ။ စမ်းဝတီမြို့ ကလေးတွင် ဆီမီးခွက်မျှောပွဲ လုပ်ကြသည် ။ နှလုံးလှကျောင်း မှ ကရဝိက်ဖောင် ဖြင့် စမ်းဝတီချောင်းလယ် တွင် ယိမ်း နှင့် တပင်တိုင်အက ၊ တီးဝိုင်းများတီးမှုတ်ကာ ဖြေဖျော်သည် ။

ဆရာဦးဖုန်းဝေ က တာဝန်ယူလိုက်ခြင်းဖြစ်၏ ။ ထိုအချိန်အထိ တင်တင်ဝေ နှင့် ကိုဖုန်းဝေ တို့၏ ဆက်ဆံရေးမှာ အပြင်ပန်း အားဖြင့် ချောမွေ့လျက်ရှိ၏ ။ ကျောင်း၌ စာသင်ကြားရေး ကိစ္စ များတွင် တည်တည်တံ့တံ့ပင် ရင်းရင်းနှီးနှီး တိုင်ပင် ဆွေးနွေးကြ၏ ။ အများ ရှေ့တွင် ဆရာ ၊ ဆရာမ ဟူ၍ ခေါ်ဝေါ် သုံးစွဲစကားပြောကြ၏ ။

ဆရာကိုဖုန်းဝေ က ဆရာမကြီး အိမ်ပေါ်သို့ တက်ရောက်ခဲသည် ။ တစ်ခါတစ်ရံသာ ရောက်တတ်သည် ။ ဆရာမကြီး ကလည်း ကျောင်းချိန် လွန်လျှင် ဆရာဦးဖုန်းဝေ ရှိရာ စာသင်ဆောင်သို့ သွားခဲသည် ။

ဆရာဦးဖုန်းဝေ က နှလုံးလှကျောင်း မှ ကရဝိတ်ဖောင် ဖြင့် ဖျော်ဖြေမှုကို တာဝန်ယူကာ ၊ ညနေ ကျောင်းဆင်းချိန်၌ ကျောင်းသူများ ထဲမှ ယိမ်းအဖွဲ့ ပါဝင်မည့်သူများ ရွေးချယ်စိစစ်သည် ။ တပင်တိုင် ကမည့်သူ အဖြစ် ဆရာမ ကြီးတူမ လေးခင် ကို ရွေးချယ်သည် ။ သူက မူလကတည်းက အကအချိုး ကောင်းကြောင်း သိထားပြီး ဖြစ်၏ ။

တီးဝိုင်းသမားများ ဖြစ်သော တင်မောင် ၊ ဝင်းချို ၊ စံမြ တို့ကိုလည်း မနက်ဖြန် ကျောင်းပိတ်ရက် တစ်နေ့လုံး သီချင်း တိုက်ရန် စီစဉ်လိုက်၏ ။ ထိုသို့ ပြင်ဆင်စီစဉ်ပြီးမှ ကျောင်းသူကျောင်းသားများ ကို ပြန်လွှတ်လိုက် သည် ။

ကျောင်းသားများ ပြန်သွား သဖြင့် ဆရာဦးဖုန်းဝေ က ရေချိုးရန် ၊ မိမိအခန်းတွင်း ဝင်၍ အဝတ်အစားလဲပြီး ပြန်အထွက်တွင် စာသင်ဆောင် အလယ်ဝ၌ ဆရာမကြီး ဒေါ်တင်တင်ဝေ တစ်ယောက်တည်း ရပ်နေသည် ကို တွေ့ရ၏ ။

“ ဆရာမကြီး တစ်ယောက်တည်းပါလား … ”

“ အနားမှာ ဘယ်သူမှ မရှိဘူး ။ ဝေ့ ကို ဆရာမကြီးတွေ ဘာတွေ လုပ်မနေနဲ့ ပြောစရာရှိလို့ လာစောင့်နေတာ ”

ကိုဖုန်းဝေ က ပြုံးလိုက်သည် ။

“ ကဲပါ ၊ ဝေရယ် ပြောစရာ ရှိရင် ပြောလေ … ”

တင်တင်ဝေ က ကိုဖုန်းဝေ ကို မကြည့်ဘဲ လမ်းဘက် သို့ ငေးရင်း “ ကလေးတွေနဲ့ ကိုဖုန်း ဘာတွေ အစီအစဉ် လုပ်နေတာလဲ ”

“ ဪ … ဟုတ်သားပဲ ။ ဆရာမကြီးကို ကျွန်တော် အစီရင်မခံရသေးဘူး ။ ဆရာမကြီး ဆီက ခွင့်ပြုချက် တောင်းရမှာ ကျွန်တော် မေ့နေတယ် ၊ ဒီ သီတင်းကျွတ်မှာ ကျွန်တော်တို့ ကျောင်းက ကရဝိက်ဖောင်နဲ့ ဖျော်ဖြေရေး လုပ်မလို့ ။ တီးဝိုင်းပါတယ် ၊ ယိမ်းပါတယ် ။ အငြိမ့်ပါတယ် ။ အဲဒါ ဆရာမကြီး ခွင့်ပြုရင်ပေါ့လေ ”

“ မငေါ့ပါနဲ့ ကိုဖုန်း …ဝေက ခွင့်ပြုချက်ယူဖို့ အစီရင်ခံဖို့ ပြောနေ တာမဟုတ်ဘူး ။ သိချင်လို့ မေးနေတာ ။ အဲဒါတွေလုပ်ရင် နေ့လဲ ကျောင်း မှာ စာသင် ၊ ညနေလဲ မအား ၊ လဲ ဇာတ်တိုက်နဲ့ ။ ကိုဖုန်း ကျန်းမာရေး ထိခိုက်မယ် ။ အခုတောင်မှပဲ ဝေ ကြည့်နေတယ် ကိုဖုန်း နားနားနေနေ တစ်ခါမှ မတွေ့ရဘူး ။ ကိုယ့် ကျန်းမာရေး လည်း ဂရုစိုက်ဦးမှပေါ့ ”

“ ဪ … ဒီလိုလား ။ မပူပါနဲ့ဗျာ ။ ကျွန်တော် သေရင် ငိုမယ့်သူ မရှိပါဘူး ။ မြန်မြန်သေတော့ အေးတာပေါ့ဗျာ ။ ကျွန်တော့် အတွက် မပူပါနဲ့ ။ ကျောင်းသားတွေ အတွက် စာကြည့်ပျက်မှာ စိုးရင်တော့ ဆရာမကြီး တားမြစ် နိုင်ပါတယ် ။ ဆယ်ရက်လောက်တော့ အချိန်ကုန်မယ် ”

“ ဘယ်သူ့ အတွက်မှ မပူဘူး ။ ကိုယ့်ကိုယ် ကို သေစေချင်ရင်လဲ မြန်မြန်သေအောင် လုပ်လိုက်ပါ ။ ကိုဖုန်းရယ် … ကျွန်မ တင်တင်ဝေလဲ ဝဋ်ကျွတ်တာပေါ့ ”

တင်တင်ဝေ က စကား ပြောရင်း ငိုသံပါလာသဖြင့် စကားကို ဖြတ်ပြီး မိမိ အိမ်ဘက်သို့ အပြေးကလေး ထွက်သွားတော့၏ ။

ထို ညတွင် စမ်းဝတီတံတား ပေါ်မှ ဂီတာသံ ကို တစ်ညလုံး ကြားနေရ ပါသည် ။ ဆရာမကြီး ဒေါ်တင်တင်ဝေ ၏ အိပ်ခန်း မှာလည်း မိုးလင်းသည့် တိုင်အောင် မီးထိန်ထိန် လင်းနေသည် ကို အနီးအနား တွင် နေထိုင်ကြသည့် ကျောင်းသားကျောင်းသူများ မြင်ကြရပါ၏ ။ မလေးခင် က တံတား ပေါ်က ဂီတာသံ မတိတ်မချင်း ဆရာမကြီး တစ်ညလုံးမအိပ်ဘဲ ငုတ်တုတ်ထိုင်နေ ကြောင်း သူ့သူငယ်ချင်းမများကို နောက်နေ့တွင် ဖောက်သည်ချပါ၏ ။

စာသင်ခန်းတွင်း သို့ မိနစ်နှစ်ဆယ်ခန့် နောက်ကျမှ ဆရာမကြီး ဝင်လာသည် ။ ညက အိပ် မထားကြောင်း ဆရာမကြီး မျက်နှာတွင် ပေါ်လွင် နေသည် ဖြစ်ရာ ၊ မလေးခင် ၏ ပြောစကားမှာ မှန်ကန်သည် ဟု အတန်းသူ အတန်းသားများက ယုံကြည်ကြ၏ ။

“ မင်းတို့ ဆရာ ဘယ်သွားလဲ ”

ဆရာမကြီး က လေသံအေးအေး ဖြင့် မေးလိုက်၏ ။

ဆရာဦးဖုန်းဝေ  ဒီမနက် စာသင်ခန်း သို့လည်း မဝင် ၊ သူ့ အခန်း၌ လည်း မရှိသည် ကို အားလုံး သိကြသည် ။ ဆရာ့ အချိန်ကို ပထဝီဘာသာပြ ဆရာဦးလှထွန်း က ဝင်ပေးနေ၏ ။ တင်မောင် က မတ်တပ်ရပ်လိုက်၏ ။

“ ဆရာ မနက်အစောကြီး ကျွန်တော့် အိမ်ဘေးက မြင်းလှည်းငှားပြီး ညောင်လေးပင် ဘက် ထွက်သွားပါတယ် ဆရာမကြီး ။ ကျွန်တော့် ကို နှိုးပြီး မော်လမြိုင် ပြန်မယ်လို့ ပြောသွားပါတယ် ”

ဆရာမကြီး က ရုတ်တရက် ဘာမျှ ပြန်မပြောဘဲ တွေ၍ ငေးနေ၏ ။ တစ်တန်းလုံး တိတ်ဆိတ်လျက် နေကြ၏ ။ မည်သူမျှ တုတ်တုတ် မလှုပ်ကြပေ ။ ဆရာမကြီး သည် တစ်ခါမျှ ကျောင်းသားများ ကို မငေါက်မဆူဖူးပေ ။ သို့သော် ဆရာမကြီး ၏ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး အမူအရာ ကပင် ကျောင်းသားများ ကို ကြောက်ရွံ့ရိုသေစေ၏ ။

ဆရာမကြီး ၏ ဣန္ဒြေရသော မျက်နှာတွင် ငယ်ရွယ်နုပျိုသော အသွင်သဏ္ဌာန် ကမူ ၊ ပျောက်မသွားပေ ။ ကျောင်းသားကျောင်းသူတို့ က ဆရာမကြီး ၏ နုပျို၍ ကျက်သရေရှိပြီး လှပသည့် မျက်နှာ ကို ကြည့်မဝ ရှိကြသည်ချည်းပင် ၊ သို့သော် တစ်ခါတစ်ရံ ပြုံးပြုံးရွှင်ရွှင်ဖြင့် စာသင်ပြတတ် သော်လည်း အစဉ်သဖြင့် ဆရာမကြီး မှာ ဣန္ဒြေ ဖြင့် နေသည်ကများရာ ငယ်ရွယ်နုပျို သမျှကို ဣန္ဒြေ က ဖုံးလွှမ်း ထားတတ်၏ ။

ဆရာဦးဖုန်းဝေ မှာမူ စကား နည်း သော်လည်း စာသင်သည့် အခါ စိတ်ပါသည် ။ ကျောင်းသားများ ကို ဆူစရာရှိ ဆူတတ်ငေါက်တတ်သည် ။ ပို၍ ရင်းနှီးလာသောအခါ ကျောင်းသူများ ကိုပင် သဘော မကျစရာ ရှိလျှင် ဆူပူကြိမ်းမောင်းသည် ။ သို့သော် ကျောင်းသားကျောင်းသူများ နှင့် ရင်းရင်း နှီးနှီးနေသည် ။ လက်ပွန်းတတီး ပြောဆိုဆက်ဆံ သဖြင့် ဆရာဦးဖုန်းဝေ ကို ပြောရဲဆိုရဲရှိကြ၏ ။

ယခုလည်း တင်မောင် က အသံထစ်ထစ်ငေါ့ငေါ့ ဖြင့် သတင်းပို့ပြီး သော်လည်း ဆရာမကြီး က မတုန်မလှုပ် တွေနေသဖြင့် တစ်တန်းလုံး အပ်ကျသံပင် မကြားရပေ ။

“ မောင်လှမောင် နဲ့ မောင်တင်ထွန်း ထစမ်း ”

လှမောင် နှင့် တင်ထွန်း တို့က ကြောက်ကြောက်ရွံ့ရွံ့ နှင့် မတ်တပ် ထကြ၏ ။

“ မောင်တင်မောင် နဲ့ မင်းတို့ နှစ်ယောက် မင်းတို့ ဆရာ ကို သွားပင့် ကြ ။ အခု အချိန် မီသေးတယ် ။ ရထား က နေ့လယ် မှ ဆိုက်မှာ ။ မင်းတို့ ဒီနှစ် စာမေးပွဲ အောင်ချင်ရင် မင်းတို့ ဆရာကို အမြန်ခေါ်ခဲ့ကြ ”

လှမောင် ၊ တင်ထွန်း နဲ့ တင်မောင် တို့ အတန်း ထဲမှ ခပ်သုတ်သုတ် ထွက်သွားကြ၏

ဆရာမကြီး က လှမောင် တို့ ထွက်သွားကြသည်ကို မျက်စိ တဆုံး ကြည့်နေလိုက်၏ ။ အတန်ကြာမှ သတိရဟန်ဖြင့် အတန်သားများ ဘက် ပြန်လှည့်လာသည် ။ ထို့နောက် စကား တစ်ခွန်းမျှ မပြောဘဲ ကျောက်သင်ပုန်း ဘက် လှည့်ကာ လေ့ကျင့်ခန်းများ ရေးနေ၏ ။ ကျောက်သင်ပုန်း အပြည့် လေ့ကျင့်ခန်း စာ ရေးပြီးနောက် ရပ်လိုက်၏ ။

“ အဲဒါတွေ မှာ ရေးပြီး ဖြေကြ ၊ ပြီးရင် ၊ စားပွဲ ပေါ်မှာ ထပ်ထားကြ ၊ ကြားလား ။ မလေးခင် က အိမ်ကို ယူလာ ။ ဆရာမ နေမကောင်းဘူး ။ အတန်း ထဲမှာ မဆူကြနဲ့ ။ ဟိုဘက် အတန်းတွေ အနှောက် အယှက် ဖြစ်မယ် ”

ဆရာမကြီး သည် ပြောပြောဆိုဆို နှင့် အတန်း ထဲမှ ထွက်ခွာ သွားလေသည် ။

ညနေဘက် သမိုင်းအချိ န်၌ လည်း ဆရာမကြီး အတန်း မဝင်ပါ ။ ကျောင်းသားများ မှာ အိမ်ရှေ့ပူ အိမ်နောက် မချမ်းသာ ဆို သကဲ့သို့ မသာယာသော စိတ်ဖြင့် ကိုယ့်စာ ကိုသာ ကိုယ် ကုန်းလုပ်နေကြ၏ ။ တစ်ခါတစ်ရံ တီးတိုးစကားဝိုင်း ဖြင့်သာ အချိန်ကို ကုန်စေကြပါသည် ။ ညနေ မိုးချုပ်မှ ဆရာဦးဖုန်းဝေ သည် - တင်မောင် တို့ နှင့် အတူ ပြန် ရောက်လာပါသည် ။

တစ်ညနေလုံး ဆရာမကြီး သည် အိမ်ရှေ့ဝရန်တာမှ ကျောင်းဝင်း ဝ သို့ လှမ်းမျှော်ကာ ကြည့် နေသည်ကို အတိုင်းသား မြင်နေရပါသည် ။ ညမှောင်ရီ ဝိုးတဝါး တွင် ဆရာဦးဖုန်းဝေ သည် လွယ်အိတ် ကို လွယ်လျက် ကျောင်းဝင်း အတွင်းသို့ ဝင်လာသည် ။

ဆရာမကြီး က လှေကားမှ ဆင်းလာရင်း ကျောင်းဆောင်ရှေ့ ကွက်လပ်ဘက်သို့ လှမ်းထကာ ဆရာဦးဖုန်းဝေ ကို ဆီးကြို၏ ။ ဆရာဦးဖုန်းဝေ က ဆရာမကြီး ရှေ့တွင် ရပ်လိုက်ပြီးလျှင် ဆရာမကြီး ကို ငေး၍ ကြည့်နေသည် ။

“ ဘယ်လို ရက်စက်တဲ့ စိတ်ကူးမျိုးနဲ့ ဒီလို ထွက်သွားတယ် ဆိုတာ ဝေ သိပါရစေ ”

ဆရာမကြီး အသံ က တုန်ရင်နေသည် ။

“ ဒီမှာ ကျွန်တော် မလိုတော့ဘူးလို့ နားလည်လာလို့ပါ ”

“ စေတနာတွေ ဟာ ဝေဒနာ ဖြစ်တတ်တာကို ဝေ သိပါပြီ ။ ကိုဖုန်း ကြိုက်တာလုပ်ပါ ဝေ ဘာမှ မပြောတော့ပါဘူး ။ အခုလို သစ်စိမ်းချိုးတော့ မချိုးသွားပါနဲ့ ။ ကိုဖုန်း ကို ကျောင်းသားတွေက အားကိုး နေကြပါတယ် ။ သူတို့လေးတွေ ဒီနှစ် အောင် ဖို့က ကိုဖုန်း ပေါ်မှာ တည်ပါတယ် ”

“ ကလေးတွေ အတွက် ဆိုရင် ကျွန်တော် နေပါ့မယ် ။ ကျန်တဲ့ လူတွေ အတွက်တော့ ကျွန်တော် ရှိနေတာကြောင့် အနှောင့်အယှက် ဖြစ်မှာစိုးမိပါ တယ် ”

တင်တင်ဝေ က အသံလွင်လွင်ကလေး ဖြင့် ရယ်လိုက်၏ ။ သို့သော် ငိုသံကား ပါနေ၏ ။

“ ကလေးတွေ အတွက်ပဲ ပြောပါတယ် ကိုဖုန်း ရယ် ။ တခြားလူတွေ အတွက် လည်း အနှောင့်အယှက် မဖြစ်ပါဘူး ။ ပြီးတော့ ဝေ့ အတွက်တော့ မစဉ်းစားပါနဲ့ ။ ဝေ့ မှာ ရစရာ ဘာမှ မရှိတော့ဘူး ဆိုတာ သိပါတယ် ။ဝေ … ”

တင်တင်ဝေ အသံက စကားတန်းလန်းဖြင့် တိမ်ဝင် သွားသည် ။ ပြီးတော့မှ အသံ ပြန်ထွက်လာ၏ ။ စိတ်ကို တင်း၍ ဆက် ပြောလိုက်၏ ။

“ ဝေ လေ ကိုယ့် မှာ ပိုင်စရာ ဘာမှ မရှိတော့ဘူးလို့ သိလာရလေလေ စိတ်ပေါ့ပါးလေလေပဲ သိလား ”

တင်တင်ဝေ က နောက်ခိုင်း ၍ ထွက်သွားသည် ကို ကိုဖုန်းဝေ က ပါးစပ် ဟောင်းလောင်းဖြင့် ငေးကြည့်ရင်း ကျန်ရစ်ခဲ့၏ ။ ဘာလုပ်ရမှန်း မသိဘဲ တွေတွေကြီး မတ်တပ်ကြီး ရပ်နေမိ၏ ။ အတန်ကြာမှ သက်ပြင်း ကို လေးလံစွာ ချကာ ၊ ကျောင်းဆောင် အတွင်းသို့ ဝင်သွားလေသည် ။

▢  မောင်ကိုယု
📖 မနေ့က လရောင် အောက်မှာ

No comments:

Post a Comment