Sunday, March 16, 2025

သတင်းစာ အလကား ပို့ပေးသူ


 

❝ သတင်းစာ အလကား ပို့ပေးသူ ❞

[ မိုးရွာ နေပူ မရှောင် စက်ဘီး ကို တစ်ချောက်ချောက် နင်း ပြီး အိမ် ပေါက်စေ့ သတင်းစာ ဂျာနယ် လည်ပို့ နေသူ ဦးထွန်းစိန် ( ၅၁နှစ် ) ဟာ ငွေကြေး အထိုက်အလျောက် ပြည့်စုံသူ ဖြစ်ပါတယ် ။ မနက်စောစော သတင်းစာတိုက် က သတင်းစာ တစ်ထပ်ကြီး လာ ယူချိန်မှာ သူ က မော်တော်ဆိုင်ကယ် စီး လာတာ တွေ့ နိုင်တယ် ။

သတင်းစာဂျာနယ် ပို့သူ ၊ ရောင်းသူတွေ အကြား မှာ ဦးထွန်းစိန် ကို လူချစ်လူခင် များတယ် ။ လူကြီး အရာ ထားတယ် ။ သူ က သူများ ကို ကူညီတတ်တယ် ။ မှန်ကန်တဲ့ ဘက် မှာ နေလေ့ ရှိလို့ ဩဇာ ရှိတယ် ။

မန္တလေးထွန်းဦး စာပေဖြန့်ချိရေး တိုက် အနီး က ယူနီစန် လက်ဖက်ရည်ဆိုင် မှာ စာရေးဆရာ ၊ သတင်းသမား ၊ သတင်းစာဂျာနယ် ပို့သူတွေ ထိုင်လေ့ ရှိတယ် ။ မီးရထား နဲ့ ပါလာမယ့် သတင်းစာ ဂျာနယ် မဂ္ဂဇင်းတွေ ကို လက်ဖက်ရည်ဆိုင် ထိုင်ပြီး စောင့် နေကြတယ် ။ ယူနီစန် မှာ ထိုင်းရင်း သူ့ ဘဝ သူ့ အကြောင်း ကို ဦးထွန်းစိန် က ပြောပြပါတယ် ။ ]

••••• ••••• •••••

ကျွန်တော် ငယ်ငယ် က တော်တော်လေး ဆင်းရဲပါတယ် ။ ရှစ်တန်း အောင်တော့ ပထမဆုံး ဈေး ထဲ မှာ ခေါင်းရွက်ဗျပ်ထိုး ဖရဲသီးစိပ် ရောင်းတယ် ။ နောက် ကားဂိတ်တွေ မှာ ဝါးယပ်တောင် အစုတ်အပြတ်ကလေးတွေ ကို လှည့်ပတ်ပြီး အော် ရောင်းတယ် ။ အဲဒီ ယပ်တောင် က လည်း တင်တင်အေးယပ်တောင်ဆိုင် က ပိုးထိုးချစား ယပ်တောင်ကလေးတွေ ပေးတာ ။ ဒါလေးတွေ ရောင်းစား ။ တစ်ချောင်း ဆယ်ပြား နဲ့ ရောင်း ။ ငါ့ ကို တစ်ပြား မှ ပေးစရာ မလိုဘူး ပြောတယ် ။ လွှင့်ပစ်ရမယ့် အမှိုက် ကို ကျွန်တော် က ငွေ ဖြစ်အောင် အလုပ် လုပ်ရတာပေါ့ ။

ရောင်းခါစ မှာတော့ ကျွန်တော် တော်တော် ရှက်တာဗျ ။ ဆရာ ဆရာမတွေ ကျောင်း က သူငယ်ချင်းတွေ လာတာ မြင် ရင် ကားကြိုကားကြား မှာ ပုန်း နေတာ ။ ကိယ့် ဘဝ ကိုယ် နုံချာတယ် ထင်လို့ပေါ့ ။

မျက်လုံး က တော့ ငွေ ရအောင် ဘယ်သူတွေ ဘာလုပ် နေသလဲ ဆိုတာ မြင်ပါတယ် ။ မျက်လုံး မှာ မြင်ကွင်းကျယ် မှန်ဘီလူး တပ်ထားသလို မြင်တာပါ ။ ဒါပေမယ့် ဘဝ ကို မှန်ကန်တဲ့ စနစ် နဲ့ ပဲ ရုန်းကန်ချင်တယ် ။ ဖရဲသီးစိပ် ရောင်းတယ် ။ ယပ်တောင်ကလေးတွေ လည် ရောင်းတယ် ။

ဖြစ်ချင်တော့ ဖရဲသီးဗန်း ကို ကားနံပါတ် က/၇၃၃၉ နဲ့ နောက်ကြည့် မှန် နဲ့ ချိတ်မိပြီး ဂွမ်း ဆို မှောက်ကျ သွားတယ် ။ လူ က ကလေးဘဝ သာသာ ၊ ပိုက်ဆံ ကလည်း မရှိတော့ ငိုမိတယ် ။

မျက်ရည် ကျနေတာ ကို ကားပိုင်ရှင် က တွေ့တော့ မင့် ဖရဲသီးဖိုး ငါ လျော် ပေးပါ့မယ် ၊ မင့် အိမ် ကိုလည်း ငါ လိုက်ပို့ ပေးမယ် ဆိုပြီး အိမ် လိုက် ပို့တယ် ၊ အိမ် ရောက်တော့ ကျွန်တော့် မိသားစု အနေအထား ရိုးရိုးသားသား လုပ်ကိုင် စားသောက် နေကြတာ ကို တွေ့သွားတော့ သူ့ ကား မှာ စပယ်ယာ လုပ်ဖို့ ခေါ်သွားတယ် ။

ကား က မန္တလေး နဲ့ မိတ္ထီလာ ပြေးတဲ့ ဆင်ခေါင်းကား ။ သိပ် မကြာဘူး ။ သူ့ ကား ပြန် ရောင်းပစ်တော့ သူ့ ရဲ့ ပဲကြော်ပဲလှော်ဆိုင် မှာ အလုပ်သမား အဖြစ် ဆိုင်ပေါ် တင်တယ် ။

ဆရာ ပျက်စီးတော့ မန္တလေးဈေးချို မှာ မောင်နှမ တစ်တွေ တိုင်ပင် ပြီး ကြံရည်ဆိုင် ဖွင့် ကြတယ် ။

ကျွန်တော့် နှမတွေ ကို ကျွန်တော် က ကိုယ်တိုင် ပညာ မတတ်ခဲ့လို့ အသိပညာ ပေးတဲ့ အလုပ်မျိုး လုပ်ချင်တယ် လို့ တိုင်ပင်ပြီး သတင်းစာ ရောင်းတယ် ။ ဗိုလ်တထောင်သတင်းစာ လျှောက်တော့ အစောင် ၅၀ ကျတယ် ။ ဒါကို လက်လီ ထိုင် ရောင်းတာပေါ့ ။

ပြီးတော့ အနောက်တောင်မြို့နယ် ၊ သတင်းစာဝန်ဆောင် သမ -၂ မှာ အလုပ်သမား အဖြစ် ဝင်ပြီး သတင်းစာ ပို့တယ် ။ အဲဒီတုန်းက လုပ်သား ၊ ဗိုလ်တထောင် ၊ ကြေးမုံ ၊ ဂါးဒီယန်း ၊ ဝပ်ကင်းပီးပဲလ် စသဖြင့် သတင်းစာ ခြောက်မျိုး ထွက်တယ် ။ လေယာဉ် က မနက် ရှစ်နာရီဆယ့်ငါး ဆို ဆိုက် ၊ ကျွန်တော်တို့ က သတင်းစာတွေ ယူပြီး ကိုယ့် လမ်းကြောင်း နဲ့ ကိုယ် ပို့ကြတာ နေ့ခင်း ဆယ့်နှစ်နာရီ တစ်ချက် ဆို ပြီးပြီ ။ စောင်ရေ ၅ဝဝ ကျော် ပို့ခဲ့ရတယ် ။

အရေးအခင်း ပြီးတော့ လုပ်သားသတင်းစာ တစ်မျိုး ပဲ ပို့ရတယ် ။ သတင်းစာ ယူမယ့် လူ က ကျွန်တော့် မှာ ၁၃ ယောက် ပဲ ရှိတယ် ။ ပို့ရမယ့် အိမ် တွေ က လည်း မဟာအောင်မြေ ၊ ချမ်းအေးသာဇံ ၊ အောင်မြေသာဇံ သုံးမြို့နယ် ပို့ရမှာ ၊ ဟိုနား တစ်ယောက် ၊ ဒီနား တစ်ယောက် ၊ အဝေးကြီး ၊ တစ်လလုံး ပို့မှ သတင်းစာ က တစ်စောင် မှ နှစ်ကျပ် ပဲ မြတ်တာ ။ သတင်းစာ အားလုံး ပို့မှ ၂၆ ကျပ် ပဲ ရတယ် ။ ဒါဖြင့် ဘာကြောင့် ပို့ရသလဲ လို့ မေးကြတယ် ။ သတင်းစာ ဆိုတာ ပပျောက်သွားမှာ စိုးလို့ ကျွန်တော် ပို့တာ ။ မျက်လုံး မပွင့်တဲ့ လူတွေ ပွင့်ကြစေချင်တယ် ။ ဒါကြောင့် ကိုယ့် ထမင်း ကိုယ် စားပြီး ဖိနပ်ပါး ၊ စက်ဘီးတာယာ အပွန်းခံ ၊ အပင်ပန်းခံ ပြီး ပို့ပေးခဲ့တာ ။

သတင်းစာ ဆိုတာ လတ်လတ်ဆတ်ဆတ် ဖတ်ရ မှ အရသာ ရှိတာ ၊ ဟင်းများ နေပူရင် သိုး သလိုပဲ ။ စာဖတ်သူတွေ ကို ချက်ချင်းလက်ငင်း ဖတ်စေချင် တယ် ။ ဒါကြောင့် မိုးရွာရွာ လေတိုက်တိုက် ကျွန်တော် ကတော့ ချက်ချင်း ပို့တာပဲ ။ မိုးရွာ နေရင် သတင်းစာတွေ ကို မိုးကာစ နဲ့ လုံလုံခြုံခြုံ အုပ်မယ် ။ လူ စိုချင် စို ပါစေ ပို့တယ် ။

သတင်းစာ ပို့ရာမှာ အချိန် မှန်တယ် ။ ဈေးနှုန်း မှန်တယ် ၊ စနစ်ကျတယ် ဆိုပြီး မှာလာကြလို့ စောင်ရေ တိုးပြီး ယနေ့ စောင်ရေ ၁၁ဝဝ ကျော် ပို့ နေရတယ် ။

သတင်းစာ မှာဖတ်တဲ့ ပရိသတ် နဲ့ ကျွန်တော် နဲ့ အဆင်ပြေပါတယ် ။ အချို့က သတင်းစာ ကတော့ ဖတ်ချင်တယ် ငွေ က မပြေလည်ဘူး ။ ဒီလို လူတွေ ကို လူကြီးမင်း ဝါသနာ ပါရင် ဖတ်ပါ ။ သပ်သပ်ရပ်ရပ် ဖတ်ပါ ။ လုံးဝ မပျောက်ပါစေနဲ့ ဆိုပြီး အခမဲ့ ကျွန်တော် ပို့ပေးတယ် ။

ဘာဖြစ်လို့ ကျွန်တော် ဒီလို လုပ်ပေးရသလဲ ။ ကျွန်တော် ကိုယ်တိုင် အဆင့်မြင့်မြင့် ပညာ မသင်ခဲ့ရဘူး ။ ရှစ်တန်း နဲ့ နောက်ဆုတ် ခဲ့ရတော့ လူတွေ ကို မျက်လုံး ပွင့်ကြစေချင်တယ် ။ မတတ်နိုင်လို့ စာ မဖတ်ရဘူး ဆိုတာ မဖြစ်စေ ချင်ဘူး ။ ဒီလို ပို့ ပေးလို့ ကျွန်တော် လည်း မဆုံးရှုံးပါဘူး ၊ လုပ်အားတန်ဖိုး ပဲ ရှုံး တာပါ ။

ဖတ်ပြီးသား သတင်းစာ ကို ကျွန်တော် ပြန်သိမ်းတယ် ။ ရက်မပျက် စနစ်တကျ ကြိုးကလေး နဲ့ ပြန်ချုပ်ပြီး သိပ် မဖွံ့ဖြိုးသေးတဲ့ ဒေသတွေ ကို ပို့ပေးတယ် ။ မဘိမ်းမြို့နယ် က ရွာတွေ က မှာထားလို့ ပို့ပေးရတာ ခုနှစ်ထောင် ရှိတယ် ။ အခကြေးငွေ နဲ့ ဝယ်တာပါ ။

ဂျာနယ်တွေ ပေါ်လာတော့ ကျွန်တော်တို့ အလုပ်တွေ ပိုလုပ်ရတယ် ။ အကျိုးအမြတ် လည်း ရှိတယ် ။ ဂျာနယ် ပေါ် က ကောင်းမှုကုသိုလ်တွေ အများကြီး ကျွန်တော် လုပ်နိုင်လာတယ် ။

သီတင်းကျွတ်လဆန်း ၄ ရက်နေ့ က ဆိုရင် ပုသိမ်ကြီးမြို့နယ် ၊ ရန်ကင်း တောင်ခြေ က မဟာကံထူးအောင် ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားရေး မှာ ကလေးပေါင်း ၂၁၀ ကို ဗလာစာအုပ် ၄၄၄ အုပ် ၊ ဘောလ်ပင် ၊ ခဲတံ ၊ ပေတံ ၊ ဦးထုပ် ၊ လွယ်အိတ် ၊ နာရီ ၂၅ လုံး ဂျာနယ် ရောင်းရတဲ့ ချွေးနဲစာ နဲ့ သွား လှူတယ် ။ ကလေးတွေ ကို ကြာဇံဟင်း အာဟာရ ကျွေးတယ် ။ ကလေးတွေ ကို လက်ပတ်နာရီ ၂၅ လုံး မဲဖောက်ပေးတော့ ကလေးတွေ တော်တော် ပျော်ကြတယ် ။ ကျွန်တော်တို့ လည်း ပျော်တယ် ။

ကျွန်တော် က ဒီလို လှူမယ် ဆိုတော့ ဂျာနယ် ဖြန့်တဲ့ ဦးထွန်းဦးစာပေ မိသားစု ကလည်း တစ်ဘက်တစ်လမ်း က ပါပါရစေ ဆိုပြီး ဗလာစာအုပ် ၆၃၀ ထပ် လှူတယ် ။ ကလေးတွေ အများကြီး ရသွားတာပေါ့ ။

ပုဂံညောင်ဦးမြို့နယ် ၊ ငသရောက်မြို့နယ်ခွဲ က ကန်သာယာကျေးရွာ ဆိုတာ အမေတို့ အဖေတို့ ချက်မြုပ်ဇာတိ ပါ ။ ရေ သိပ် ရှားတယ် ။ မြစ်ရေ လည်း တင်လို့ မရဘူး ။ မိုး ရွာ မှ ရေခံ ထားရတာ ၊ နွေရာသီ ဆို ရေမရှိတော့ လူရော တိရိစ္ဆာန် ပါ ရေ ငတ်ကြတာပဲ ။ သောက်ရေ တစ်ဖလား ကို တစ်ညအိပ် သွား ခပ်ရတယ် ဆိုတဲ့ အရပ်ဒေသတွေပေါ့ ။

ရွာ က ပေတစ်ရာ ပတ်လည် သောက်ရေကန် ကို အုတ်စီ လိုက်တယ် ။ အုတ်ရေကန် လုပ် လိုက်တော့ ဘေး ကို စိမ့် မထွက်တော့ဘူး ၊ ပိုပြီး များများ လှောင် ထား နိုင်တယ် ။ ရေ လည်း ပိုပြီး သန့်ရှင်း သွားတယ် ။ ဒီလို လုပ်နိုင်တာလည်း ဂျာနယ်တွေ ရဲ့ ကျေးဇူးပါတယ် ။

သတင်းစာဂျာနယ် ကို စက်ဘီး တစ်စီး နဲ့ တစ်အိမ်ဝင် တစ်အိမ်ထွက် ပို့ ပေးနေရတာ ကျန်းမာရေး ဖြစ်တယ် ။ ဆေးတောင် မသောက်ရဘူး ။ လူတွေ နဲ့ အထိအတွေ့ က များတော့ ဗဟုသုတ လည်း တိုးတယ် ၊ အမြင် ကျယ်တယ်ပေါ့ ။ အသိမိတ်ဆွေတွေ ပို များပြီး လူမှုရေး ဘာသာရေး အတွက် လည်း အကျိုးကျေးဇူး ရှိတယ် ။

⎕  ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ

No comments:

Post a Comment