Sunday, March 23, 2025

သည်းခြေကြိုက်


 

❝ သည်းခြေကြိုက် ❞
      ( ညီပုလေး )

အဲဒီတုန်း က ဒီနေ့ ခေတ် လို တီဗွီ တို့ ၊ အောက်စက် တို့ ဆိုတာ ဝေလာဝေး လို့ ၊
လေဒီယို တွေ ၊ အော်ပီကျယ်တွေ ၊ ကက်ဆက် တွေတောင် မရှိသေးဘူး ။ ဓာတ်စက် ပဲ ရှိတာ ၊ ဓာတ်စက် ခေတ် ။ ဓာတ်စက် တောင် သိပ်များများစားစား ရှိကြသေးတာ မဟုတ်သေးဘူး ။

ဓာတ်စက် မှာ တပ်ရက် ပါတဲ့ အော်လံလော်ကြီး က ထွက်တဲ့ အသံ ကို နားထောင် ရတာ ။ သီချင်း ဖွင့်လည်း သီချင်းသံ ၊ ဇာတ်ထုပ် ဖြင့်လည်း ဇာတ်ထုပ် ၊ နားထောင်ရတာ ။ အောင်မယ် အဲဒီ အော်လံလော် ကို အထင် မသေးနဲ့ ၊ တော်တော် လှမ်းလှမ်း က ကို ကြားနိုင်သကွ ။ ည လူခြေတိတ် ယင် ပို ဝေးဝေးက ကြားရတယ် ။

တော ဆိုတော့ လူခြေတိတ်ပြီ ဟေ့ ဆိုယင် တကယ်တိတ်တာ ၊ တိတ်လို့ ဆိတ်လို့ ။ မြို့လို ဘယ် ဟုတ်မလဲ ၊ ပုရစ်အော်သံ တောင် အသံကျယ်တယ် လို့ ထင်ရတာ ။ အဲလောက် တိတ်တာ ။ မှတ်မိသေးတယ် ။ လသာသာ တည ၊ အခုလို တပေါင်းလ ပြည့်ခါနီး ၊ ငါတို့ ရွာ မှာ ဓာတ်စက် လာဖွင့်တယ် ။

အေး ... ဘာလို့ ဖွင့်တာတုန်း ဆိုတော့ ... အလှူ ရှိလို့ ဓာတ်စက် လာဖွင့်တာ ၊ တောမှာ ကတော့ ဒီလို အခါမှ သီချင်းသံလေး ဘာလေး ကြားရတာ မဟုတ်လား ။ အဲဒီတုန်းက ပျော်စရာ ပါးစရာတွေ ကလည်း နည်းသေးသကွ ။ အလှူတောင် အလှူတိုင်း ဒီလိုဓာတ်စက် ဖွင့်နိုင်တာ မဟုတ်ဘူး ။ မျက်နှာကြီး အလှူ ၊ ပိုက်ဆံရှိတဲ့ အလှူ ၊ ပဂေးတွေ မှ ဖွင့်နိုင်တာ ။ အခု အလှူ ကလည်း တို့ ရွာ က “ သူကြီးဇော် ” ရဲ့အလှူ ။ နှယ်နှယ်ရရ သူကြီးမဟုတ်ဘူး ။ ၁၂ - ရွာသူကြီး ။ ဩဇာ ရှိပြီးပေါ့ ။ နာမည်ရင်း ကတော့ ဦးဇော် ပါပဲ ။ ဒါပေမယ့် ဘယ်ကနေ ဘယ်သူက ဘယ်လို့ စလိုက်တယ် မသိပါဘူး ။ ငါတို့ နယ်တော့ သူကြီးဇော် လို့ တွင်တော့တာပါပဲ ။ ပညတ် သွားရာ ဓာတ်သက် ပါ ဆိုသလို ၊ သူကြီး တကာ့ သူကြီးတွေ ထဲတော့ ဒီ သူကြီး က “ ဇော် ” ပဲ ။ ဥပဓိရုပ် ကလည်း ကောင်း ၊ နှစ်လုံးပြူး သေနတ်တွေ ဘာတွေ နဲ့ ။ မင်းပေါက်စိုးပေါက် သူကြီးပေါ့ ။ မျိုးရိုးကို က သူကြီး မျိုးရိုး ။ ဒါပေမယ့် သူ့ အဖေ လက်ထက်တုန်း ကတော့ ပြောစရာ နည်းနည်း ရှိတယ် ။ ဖအေ သူကြီး,ကြီး က တရားသမား ၊ ပုတီးသမားကြီး ။ သူကြီး အလုပ် တာဝန် ကို စိတ်ဝင်စားတာ မဟုတ်ဘူး ။ သူ့ ဇနီး ဒေါ်ဆင်မ ကပဲ ချယ်လှယ် နေတာ ။ သူကြီးကတော်ကြီး က သူကြီး လုပ်ပြီး ၊ ဒီ ရွာတွေ အုပ်ချုပ် နေတာ ။ အေး ... ဟုတ်တယ် ။

မိန်းမသူကြီး ၊ သူ့ ယောက်ျား က ရုပ်ပြ, နာမည်ခံ သူကြီး ။ ဟန်သူကြီး ပေါ့ ။ အခု သူကြီးဇော် တို့ က မျိုးရိုးအစဉ်အဆက် က ချမ်းသာလာတာ ၊ ဟော ... မိန်းမ ရပြန်တော့လည်း သူဌေးသမီး နဲ့ ရတယ် ။ သူကြီးကတော် နာမည် က ၊ အင်း ... ဘယ်သူတဲ့ ကွာ ၊ ပါးစပ်ဖျားတင် မေ့ နေပြန်ပြီ ။ ဟို ... ဖိုးစံမောင် တို့ သူရင်းငှား တင်မောင် ၊ အဲဒီ တင်မောင့် မိန်းမနာမည် နဲ့ အတူတူ ဟာ ။ အေး ... စိန်ဥ ဟုတ်တယ် ။ သူကြီးကတော် ဒေါ်စိန်ဥ တို့ ဘက်ကလည်း လူချမ်းသာ တွေ ၊ လယ်ပိုင် မြေပိုင်တွေ ပေါ့ ။ ရွှေဘို နဲ့ ရေဦး အကြား မှာတော့ ဒေါ်စိန်ဥ တို့ လယ်တွေ လက်ညှိုးထိုး လို့ မလွဲဘူး တဲ့ ။ ဧက ရာတွေ နဲ့ ချီပြီး ချမ်းသာတယ် ဆိုပဲ ။ သူကြီးဇော် နဲ့ ဒေါ်စိန်ဥ တို့ နှစ်ယောက်စလုံး အသက်နည်းနည်း ကြီးမှ အိမ်ထောင် ကျတာ ။

အင်း ... အဲဒီ ခေတ်က အသက်အစိတ် ဆိုရင် လူပျိုဟိုင်း ၊ အပျိုဟိုင်း ဖြစ်နေပြီ ။

တော ဆိုတော့ အစောကြီး အပျိုလူပျို ဖြစ်ကြတာ ။ သူတို့က အိမ်ထောင် ကျပြီး သားသမီး တော်တော် နဲ့ မထွန်းကားဘူး ။ ဒေါ်စိန်ဥ သုံးဆယ် နား နီးမှ ထွန်းကားတယ် ။ ထွန်းကားမယ့် ထွန်းကားတော့ လည်း အမွှာ မွေးတယ် ။ ယောက်ျားလေးတွေ ။ သူကြီး နဲ့ သူကြီးကတော် တို့ဆိုတာ ပျော်လွန်းလို့ ၊ ရှင်လောင်း ရပြီ ၊ ရှင်ပြုနိုင်ပြီ ပေါ့ ။

သူကြီးသား အမွှာ နှစ်ယောက် နာမည် က ထွန်းဇော်တဲ့ ၊ ထွန်းပေါ် တဲ့ ။ ထွန်းဇော် က အကြီး ထင်တယ် ။ သိပ် မသေချာဘူး ။ ထားတော့ ။ သူတို့ မွေးပြီးလို့ ၃ -  နှစ်လောက် ခြားပြီးမှ နှမလေး ရွှေအိ မွေးတာ ၊ ရွှေအိ မွေးတော့လည်း နားဖောက်သည် ရပြီပေါ့ ။ တတ်နိုင်တဲ့လူတွေ ကျတော့လဲ သားသမီး ထွန်းကားတယ်တဲ့ ။ သားသမီး ရတနာလေးတွေ တဲ့ ။ အခေါ်အဝေါ်တွေ ကို က မျက်နှာ လိုက်ပါတယ် ကွာ ။ ရွှေအိ က သူ့ အကို နှစ်ယောက် လောက် တော့ အသား မဖြူဘူး ။ ငါတို့ ဆီမှာ အဲဒီတုန်း က ဒီလိုပဲ ။ တမိပေါက် တယောက် လောက်တော့ အသားနည်းနည်း ညိုကြတယ် ။

အများအားဖြင့် အငယ်ဆုံး မှာ လာ ညိုတတ်တယ် ၊ အဲဒီခေတ် က ကာဖီရေ ဆိုတာ လည်း ပေါ်ကာစ လေ ၊ လူကြီးတွေ ကတော့ အဲဒါတွေ သောက်ကြလို့ ကလေးတွေမှာ လာ ညိုတယ်လို့ ပြောကြတာပဲ ၊ ဟုတ်မယ်တော့ မထင်ပါဘူး ။ သစ်တွေဝါးတွေ ခုတ်ဖန် များလို့ ဥတုတွေပြောင်း ပြီး ပို ပူလာလို့ ဒီလို ညိုလာကြတာ နေမှာပါ ။ ငါတို့လည်း မြို့ရောက် ယင် ကာဖီရည် တော့ သောက်လိုက်ရမှ ။ အဲဒီတုန်းက တခွက် မှ သုံးပြား တပဲ ရယ် ၊ ဂါရီ ဝါလား သောက်တဲ့ ကာဖီရည် က ကျဲတဲတဲ နဲ့ နှစ်ပြားပဲ ပေးရတယ် ။

သူကြီးဇော် က သူ့ သားတွေ ကို ရှင်ပြုတော့မယ် ဆိုတော့ ဒီ သတင်း က တရွာလုံး မှာ
သတင်းထူး ၊ သတင်းဦး ပဲ ။ ရွာနီးချုပ်စပ် အထိ ဒီ သတင်း ပြန့်သွားတယ် ။

ကောက်ရိတ်တုန်း လည်း သူကြီးဇော် က လှူ မလို့တဲ့ ဟေ့ ။ ကောက်လှိုင်း စည်း လည်း ကြားပြီး ပလား ၊ စပါးနယ် လည်း တပေါင်းလ တဲ့ တော့ ။ လူတိုင်း ပါးစပ်ဖျား ဒီအကြောင်း ပြော နေကြတာ ။ ဘုရင်ခံ တိုင်းခန်းလှည့်မယ့် သတင်းတောင်

ဒီလောက် စိတ်ဝင်စား ကြမယ် မဟုတ်ဘူး ။ ဒီအလှူ ကို စိတ်ဝင်စားတာ
တခြားကြောင့် မဟုတ်ဘူး ။ သူကြီးဇော် ရဲ့ အလှူ မှာ “ အောင်လံတော် ” ပါမယ် ဆိုတဲ့ သတင်း က ကပ် ပါလာလို့ပဲ ။

ဟာ ... မဟုတ်ပါဘူး ၊ ဘယ်ကလာ ပြဇာတ်အဖွဲ့ ရမှာလဲ ၊ အောင်လံတော် ဆိုတာ မြို့က ဓာတ်စက် ရဲ့ နာမည် ။ ငါ ထင်တယ် ၊ အဲဒီ ခေတ် သူကြီးဇော် ရဲ့ အလှူ က ငါတို့ နယ် ထဲမှာ အကြီးကျယ်ဆုံး ထင်တာပဲ ။ ဒီလို ကြီးကျယ်တဲ့ အလှူမျိုးတော့  ကြုံဖူးပေါင် ဂုဏ်ထူးဆောင် ဆိုတဲ့ အလှူမျိုး ။ သူကြီးဇော် အမျိုးတွေ ၊ ဒေါ်စိန်ဥ အမျိုးတွေ က ဆိုရင် အစောကြီး ကတည်းက ကြိုရောက်နေနှင့်ကြတာ ။ သူကြီးအိမ် က မီးဖိုချောင် ဆိုတာ မီးခိုး တိတ်တယ်ရယ် လို့ မှ မရှိပဲ ။ တညနေတော့ ရွာဝင်လမ်း အတိုင်း လှည်းတစီး ဝင်လာသကွ ။ ဒီ လှည်း နောက်ကလည်း ကလေးတွေ တရုန်းရုန်း နဲ့ ၊ ဘယ်သူ ရှိရမတုန်း ။ အများတကာ ပွဲတောင်း နေကြတဲ့ နိုင်ငံကျော် အောင်လံတော်ဘသောင်း ပေါ့ ။ ဓာတ်စက်ရှင် ။ သူ ကိုယ်တိုင် လိုက်ချလာတာ ။ သူကြီးဇော် ရဲ့ အလှူ မို့ သူ ကိုယ်တိုင် လိုက်လာပြီး ဖျော်ဖြေတာပါပေါ့ ။  တကယ်တော့ သူကြီးဇော် ရဲ့ အလှူမို့ လိုက်လာတာပါ ဆိုတာထက် ဘသောင်း မျက်နှာကြီး ဆာလို့ လိုက်လာတာဖြစ်မယ် ။ စီးပွားရေးဘက် က ကြည့် ရင်လည်း ဒီလို အလှူကြီး ကို အမှီပြုပြီး ဒိပြင် သူဌေးတွေ နဲ့ မိတ်ဖြစ် ချင်သေးတယ် ။

ဒီ ဘသောင်း က လူလည်ပဲ ။ ဒီ အလှူ ကို မြို့ပိုင်တို့ နယ်ပိုင်တို့ တောင် လာမှာ လိုလို ကြားထားကြ သကိုး ။ အောင်လံတော် ဘသောင်း ကို အကြိုအပို့ ချောဆင့်ထား တာ က စံဒွန်း လှည်း ။ ဟုတ်တယ် ၊ ရေတွင်းကုန်းနား က စံဒွန်း ၊ ဟုတ်သပ ဘုန်းကြီးတူ စံဒွန်းကြီး ။ စံဒွန်း ပြောလို့ နောက်ပိုင်း ဇာတ်လမ်းစုံ သိရတာပေါ့ ။ သူကြီး အိမ်ဝိုင်းထဲ လှည်း ရောက်တော့ ကလေးလူကြီး တော်တော် များနေပြီ ။ တချို့က ဓာတ်စက် ဆိုတာကြီး မြင်ရမလား လို့ လာကြည့်တာ ။ ငါ လည်း ပါတာပေါ့ ။ အောင်လံတော် ဘသောင်း က ရုပ် က ဖြူဖြူချောချော ၊ မင့် အစ်ကို ဖိုးသံချောင်း ရဲ့ ရုပ်မျိုး ။ အသက် က ငါ့ ထက် ငယ်လိမ့်အုံးမယ် ။ ရှပ်အင်္ကျီပန်းရောင်ကလေး ဝတ်လို့ ၊ အင်္ကျီ အိတ်ထောင် ထဲ ပိုလိုဘူး နဲ့ ဘာနဲ့ ။ လက်ကိုင်ပဝါ အညိုလေး ခေါက်ပြီး ကော်လာ နဲ့ လည်ကုတ် ကြား က ခံထားတယ် ။ ဘယ်ဘက် လက်သူကြွယ် မှာ ဘော် နဲ့ လား ၊ ငွေ နဲ့ လားမသိဘူး ၊ ဓာတ်လုံး တလုံး ကွင်း ဝတ်ထား တယ် ။ အန္တရာယ်ကင်းတို့ ဘာတို့ ဖြစ်မှာပေါ့ ။ သူ့ ဓာတ်စက် ကို ကျွန်းသေတ္တာလေး နဲ့ ထည့်လာတာ ၊ မမြင်လိုက်ရပါဘူး ။ စံဒွန်း နဲ့ နှစ်ယောက် မ,သွားတာ ၊ ပေါ့ပေါ့လေး ပါ ၊ မတော် လွတ်ပြုကျမှာ စိုးလို့ ထင်ပါရဲ့ ။ ဒါမှမဟုတ် လူတွေ ဝိုင်းကြည့် နေကြလို့ စတိုင် ထုတ်ပြီး နှစ်ယောက် မ,တာလား မသိဘူး ၊ နောက်မှ စံဒွန်း ပြောလို့သိတာ အဲဒါ ခွေးတံဆိပ်ဓာတ်စက် တဲ့ ။ ဖိုးစိန် ရဲ့ ဣလိဿဇာတ်ထုပ် အောင်လံတော် ဆီ မှာ ပါလာတယ် ဆိုတဲ့ သတင်း က ရွာထဲ ချက်ချင်း ပြန့် သွားတယ် ။ ထိန်ကုန်း တို့ ညောင်ပင်သာ တို့ ရွာတွေ တလျှောက်လည်း စံဒွန်း ပါးစပ် နဲ့ ကြော်ငြာမောင်း ခတ်ခဲ့ သေးတာတဲ့ ။ ဖိုးစိန်ဇာတ်ထုပ် ပါတဲ့ သတင်း ဘယ်လောက် ပြန့်တာ မြန်သလဲ ဆိုယင် မင်းတို့ ခုခေတ် လေဒီယိုသတင်း လိုက် မမီဘူး ၊ မင့် လေဒီယို က အချိန်တန်မှ လာတာ ၊ လေဒီယို နားမထောင် အားလို့ မကြားလိုက်ရတဲ့ သူ ရှိအုံးမယ် ၊ ပြီးတော့ တဆင့်စကား တဆင့်နား ပြောရလို့ ကိုယ့် အထင် အပိုတွေ ပါလာအုံးမယ် ၊ အခုဟာ က “ ဖိုးစိန်ကြီး ရဲ့ ဣလိဿဇာတ်ထုပ် ၊ နောက်ဆုံး ထုတ်တဲ့ ဇာတ် ၊ ဓာတ်ပြား ( ၂၁ ) ချပ်တဲ့ ” ဒါဆိုရင် ပြည့်စုံပြီ ။  စံဒွန်း အပြောတော့ သူကြီးဇော် အလှူမို့ အောင်လံတော်ဘသောင်း က ဒီ ဇာတ်ထုပ်ကို ရန်ကုန် အထိ လှမ်း မှာခဲ့တာတဲ့ ။ ဒါ့အပြင် မာယာစန္တိ နဲ့ ယစ်ထုပ်ကြီး မုနာလိ ဇာတ်ထုပ်တွေ လည်း ပါသေးသတဲ့ ။ ဖိုးစိန် ဆိုလို့ ပြောရအုံးမယ် ။ ငါတို့ ကတော့ ဖိုးစိန် မှ ဖိုးစိန် ပဲ ။ ရုပ် ကလည်း အချော ရက်စက်တယ် ။ ချောလိုက် သမှ သူ့ အမေ က မင်းသား လုပ်စားရော့ လို့ မွေးလိုက်သလား လို့ ထင်ရတယ် ။ စကားကုန် ပြောတယ်လို့တော့ မထင်နဲ့ ။ ဖိုးစိန် က လွဲယင် ဘယ် မင်းသား မှ မင်းသား လို့ မထင်ဘူး ။ ဖိုးစိန် မှ မင်းသား ထင်တာ ။ အဟုတ် ... အဟုတ် ၊ မင်းတို့ က မမီလိုက်လို့ ။ ဒီလောက် တော် ၊ ဒီလောက် ကျော် ၊ ဒီလောက် ကြိုက်ခဲ့ရတဲ့ ဖိုးစိန် ၊ ဖိုးစိန်ကိုယ်တိုင် မဟုတ်သေးဘူး ၊ ဖိုးစိန်ဇာတ်ထုပ် ဓာတ်ပြား ဆိုတာ နဲ့ ကိုပဲ ငါတို့ ရွာလည်း ပဒူအုံ တုတ်နဲ့ ထိုးသလိုပဲ ။

သူကြီး ကတော့ အစောကြီး ကတည်း က ဒီ ဓာတ်စက် အတွက် ကန်တော့ ပွဲပြင်ထား လိုက်တာ ၊ ငှက်ပျောဖီးကြီးတွေ ၊ အလုံး က လှသနဲ့ ၊ နည်းတဲ့ ငှက်ပျောဖီးကြီးတွေလား ။ တိုတို ပြောကြစို့ကွာ  ...

ရွာ ထဲက လူတွေ လုပ်ငန်းကိုင်ငန်း လက်စသတ် ပြီးကြတဲ့ အချိန် ၊ ထမင်းပါ စားပြီးချိန် လောက်မှာ ဓာတ်စက် စ ဖွင့်တာပဲ ။ ဒီ ဓာတ်စက်နားထောင်ရအောင် ညောင်ပင်သာ တို့ ၊ ထိန်ကုန်း တို့ ဆူးဖြူတော တို့က ကာလသားတွေ မြင်းတွေ နဲ့လာကြတယ် ။ စ , စခြင်း ဖိုးစိန်ရဲ့ ( ၁၂ ) လရာသီဘွဲ့ ကို စပြီး ဖွင့်တယ် ။ ပြီးတော့မှ ဣလိဿ ဇာတ်ထုပ် ။ တရွာလုံး ကို ငြိမ် နေကြတာပဲ ။ ဒီလို ငြိမ်နေ လို့လည်း နားထောင် ကောင်းတာ ၊ လသာသာ နဲ့ ။ ဘယ်လောက် ငြိမ်လိုက်သလဲ ဆိုယင် လေ တိုက်လို့ သစ်ရွက်ခြောက်တွေ ရှပ်တိုက် ပြေးကြတာကိုပဲ ဓာတ်စက် နားထောင်ရတာ အနှောင့်အယှက် ဖြစ်တယ် ထင်တာ ။ ဇိမ် ပျက်တယ် ထင်တာ ။ အောင်လံတော် ရဲ့ ဓာတ်စက် ကလည်း အကောင်း ရက်စက်တယ် ။ တကယ့် ဇာတ်ထဲ က အသံအတိုင်းပဲ ။ ကောင်းတာ လည်း မပြောနဲ့ ။ ခွေးတံဆိပ်ဓာတ်စက် ကွ ။ ခွေး ကို ဓာတ်စက် ဖွင့်ပြတာ ခွေး က သူ့ သခင် အစစ် က ပြောဆို နေတာ မှတ်ပြီး အော်လံလော် နား ၊ ဆောင့်ကြောင့်ထိုင် နားထောင်ရတဲ့ ဓာတ်စက် ။ ဖိုးစိန်ဇာတ် က ဒီလို ။ ဘယ်တိုင်းပြည် မှာလည်း တော့ မသိတော့ဘူး ။ ဣလိဿ သူဌေးကြီး တယောက် ရှိတယ် ။ ဒီ သူဌေးကြီး က အပေးအကမ်း အလှူအတန်း သိပ် ရက်ရောတယ် ။ သူ သေတော့ နတ်ပြည် မှာ သိကြား သွားဖြစ်သတဲ့ ။ ဣလိဿသူဌေးကြီး မှာ သား တယောက် ကျန်ခဲ့တယ် ။ ဒီ သား ကို ရှင်ဘုရင် က ကွယ်လွန်တဲ့ အဖရဲ့ ဣလိဿဘွဲ့ ကိုပဲ ထပ် ချီးမြှင့်သတဲ့ ။

ဒါပေမယ့် ဒီ သူဌေးငယ် က ဖအေ နဲ့ လုံးဝ မတူဘူး ။ အလှူအတန်း အပေးအကမ်း လည်း မရှိဘူး ။ နေ့စဉ် သောက်ဖော်တွေ နဲ့ သောက်စားပျော်ပါး နေတာပဲတဲ့ ။ တနေ့တော့ အဖသိကြားမင်း က သူ့ သား အပါယ်ငရဲ ကျတော့မယ် ဆိုပြီး သူ့ သား ကို သတိပေး ဆုံးမအုံး မှ တော်မယ်ရယ် လို့ လူ့ပြည် ဆင်းလာတယ် ။ ပထမ ဣလိဿ တို့
သောက်စားနေတဲ့ ဆီ သွားပြီး မသောက်မစား ဖို့ ဆုံးမပေမယ့် မရဘူး ။ ဒါနဲ့
ဣလိဿ သိကြားမင်း က သူဌေးကတော် ဒွိစိတ္တ အိမ် ကို ဣလိဿ ယောင် ဆောင်ပြီး သွားတယ် ။ ဒွိစိတ္တ လည်း သူ့ လင် ယမကာအိုးကြီး ကို စိတ်ဆင်းဆင်းရဲရဲ နဲ့ မျှော်နေတဲ့ အချိန်ပဲ ။ အိမ် ရောက်တော့ ဣလိဿသိကြားမင်း က သူ အရက်ပြတ် လာပြီ ဖြစ်ကြောင်း အလှူအတန်း လုပ်ချင်ကြောင်း ဒွိစိတ္တ ကိုပြောတယ် ။ ဒွိစိတ္တ က
အတုမှန်း မသိဘူး ။ လူချင်း က သိပ် တူသတဲ့ ။ ဒါကြောင့် ဝမ်းမြောက်ဝမ်းသာ နဲ့ အလှူကြီး ပေးကြတယ် ။ အိမ် မှာ ရှိတာတွေ အကုန် လှူပစ်တယ် ။ အလှူခံ လာတဲ့ လူတွေ နဲ့ ပစ္စည်းတွေ ကို မူးနေတဲ့ ဣလိဿသူဌေးလေး က မြင်တော့ သူ့ ပစ္စည်းတွေ နဲ့ တူပါတယ်ပေါ့လေ ။ ဒါနဲ့ သူ့ အိမ် ကို ဒယိမ်းဒယိုင် နဲ့ ပြန်တဲ့ အခန်း ၊ ကောင်းခန်း
ရောက်နေတုန်း သူကြီးဇော် အိမ် ကို ဓားပြ တိုက်တာ ။ ဒီအလှူ အတွက် လုံခြုံအောင် ငါတို့ နယ်က ကျော်စောတဲ့ လူတွေတော့ ( ၁ဝ၉ ၊ ၁၁ဝ ) နဲ့ ဖမ်းထားပြီးသား ၊ အလှူ က တိုင်းတုန် မလောက် အလှူ ဆိုတော့ ဒိပြင် နယ် က လာ တိုက်တဲ့ ဓားပြတွေ ပေါ့ ။

ဝတ္ထုဆန်ဆန်ပဲ ။ တိုက်ဆိုင်ချင်တော့ သူကြီးဇော် ရဲ့ သား အမွှာညီအကို, ကို ရှင်ပြုမယ့် အလှူ ကို လာတိုက်တဲ့ ဓားပြဗိုလ် ကလည်း အမွှာညီအကို ပဲ ။ ဗိုလ်ကို ၊ ဗိုလ်ညို တဲ့ ။ အင်းဝသားတွေ ဆိုပဲ ။ ဓားပြတွေ က အားလုံး ငါးယောက် ။ ထောင်ထောင်မောင်မောင်း အားကောင်းမောင်းသန်တွေချည်းပဲ ။ ဓားက အတိုတွေ ရော ၊ ငှက်ကြီးတောင်တွေ ရော ပါသတဲ့ ။ အယင်ဆုံး
အောင်လံတော်ဘသောင်း ဇက်ပိုး ကို လက်ဝါးစောင်း နဲ့ ခုတ်တာ ဇက်ကျိုး ရောလို့ ထင်ရတဲ့ ။ ခေါင်း တခေါင်းလုံး လည်း ချာလပတ် ရမ်း သွား တာပဲတဲ့ ။ ဓာတ်စက် ကို  ရပ် မပစ်နဲ့ ၊ ဟန်မပျက်စေ နဲ့ပေါ့ ။ ဓာတ်စက် ရပ်ယင် ဇက်ဖြတ်မတဲ့ ။ ခေါင်းမပါပဲ  လမ်းလျှောက် နိုင်ယင် ရပ်လိုက်စမ်း မင်း ဓာတ်စက် တဲ့ ။ ရုတ်ရုတ်ရက်ရက် လုပ်ယင်  ဓာတ်ပြားတွေ အောင်လံတော်သွေး နဲ့ မျှောပစ်မယ် လို့ ကြိမ်းသတဲ့ ။ သူကြီး အမျိုး တွေ ကလည်း လက်ဝတ်လက်စားတွေ အများကြီး ပါလာကြတာ
မဟုတ်လား ။ ဗိုလ်ကို တို့ ဗိုလ်ညို တို့ ကလည်း အပိုင် လုပ် လိုက်တာ ။ သူကြီး ဆီက နှလုံးပြူး ဘယ်နား ချိတ်တယ် ဆိုတာက အစ သိတယ် ။ သူကြီးဇော် ကလည်း ခပ်ကြွားကြွား ရယ် ။ အိမ်ရှေ့ ဧည့်ခန်း ထဲတင် ချိတ်ထားတာ ဆိုတော့ သိပ် ရှာ မနေရပါဘူး ။ ဗိုလ်ကို က နှလုံးပြူး အယင် သိမ်းနှင့်ပြီး ပစ္စည်းတွေ စ တောင်း တော့တာပဲ ။

အိမ်ဝင်း တခုလုံး လည်း နောက်လိုက်တွေ က ဝိုင်းထား သလိုလို မင် နဲ့မောင်း နဲ့ လှန့်ထား လိုက်သေးသတဲ့ ။ သူကြီးကတော် ဒေါ်စိန်ဥ ဆိုတာ တက်မတတ် ချက်မတတ် ပဲ ။ သူကြီးဇော် ကို လည်း နာရင်း သုံးချက် ဆင့်ပြီး အုပ်တယ်ဆို မှတ်ရဲ့ ။ သူကြီး မျက်နှာ ဆီးရွက် လောက် ရှိတော့တာ ။ ပစ္စည်းတွေ က တော်တော် ရနေပြီ ။ လောဘဇော မသတ်နိုင်လို့ ။ ရပ်ရွာ က ဝိုင်းလာမှ နှလုံးပြူး နဲ့ ပစ္စည်းတနိုင် ယူပြီး ကိုယ်လွတ်ရုန်း ပြေးကြတာ ။ ဘယ်သူက မှ တုံးတို့ မောင်းတို့ မခေါက်ပါဘူး ။ ဘယ်ကလာ အောင်လံတော်ဘသောင်း လား ဓာတ်စက် ရပ်ပြီး ထွက်အော်ရဲမှာ ။ ဟင့်အင်း ဓာတ်စက် အဖွင့် လည်း မပျက်ပါဘူး ။ ရပ်ရွာ က ဘယ်လိုလုပ် သိသွားသတုန်း ဆိုတော့ ။ အောင်လံတော် ဘသောင်း က ဣလိဿဇာတ်ရှိန် တက် နေတုန်း ဓာတ်ပြား ကို တဖက် မလှန်ပဲ ဒီ တဖက်ထဲ ချည်း ပဲ ဖွင့် နေတာကိုး ။ ထပ်တလဲလဲ ဒီ ဓာတ်ပြား ချည်းပဲ ဆိုတော့ နားထောင် တဲ့ ပရိသတ် က ဘာများ ဖြစ်နေသတုန်းပေါ့ ။ အရက်မူး နေသလား ။
ဓာတ်စက် ပဲ ပျက်သလား ။ ဒေါသ ဖြစ်တဲ့ လူ လည်း ဒေါသ ဖြစ်လို့ ၊ ဒါကြောင့်
ပရိသတ် က ဝိုင်း လာကြတာ ။ ငါတောင် ဓာတ်စက် မမြင်ဘူးလို့ ကြည့်ရအောင် လိုက်လာသေးတယ် ။ ဓားပြတွေ ကတော့ ဘယ် သိမလဲ ၊ အာရုံ က ပစ္စည်းတွေ မှာ စိုက် နေရတာကိုး ၊ လောဘဇော နဲ့ မဟုတ်လား ။

အလှူလား ၊ ဘယ် ပျက်မလဲ ၊ အောင်အောင်မြင်မြင် ပါပဲ ။ ပြောပြီကော သူကြီးဇော် တို့က သိပ်ချမ်းသာတာ ။ ဓားပြလက် ပါတာ သုံးပုံ တပုံတောင် မရှိချင်ဘူး လို့ ပြောသံ ကြားတာပဲ ။ ငါတို့ လဲ ဖိုးစိန်ဇာတ် အစအဆုံး
နားထောင်ရတယ် ။ ဒါပေမယ့် ... ဗိုလ်ကို နဲ့ ဗိုလ်ညို တို့က အလှူ က ပြန်တဲ့ အောင်လံတော် ဘသောင်း ကို ဆီး တိုက်ကြသေးတယ် ။ စံဒွန်း ဆိုတာ သေးတွေ တောင် ပါသတဲ့ ။ သူကြီး ရဲ့ နှလုံးပြူးကြီး နဲ့  ချိန်ထားတာ ။ ဘယ်ကလာ ၊ မသ,တ်ပါဘူး ။ ဘသောင်း ကို တချက် မရွယ်ဘူး ၊ ငွေ ရယ် ၊ အန္တရာယ်ကင်း ဓာတ်လုံးလက်စွပ် ရယ် ၊ ဓာတ်စက် ရယ် ၊ ဓာတ်ပြားတွေ ရယ်
ယူသွား သတဲ့ ။ စံဒွန်း ကို ဣလိဿဇာတ် နဲ့ မာယာစိန္တိဇာတ် ဘယ်ဒင်း က ပိုကောင်းသလဲ လို့ ဗိုလ်ညို က မေးသွား သေးသတဲ့ ။

အင်း ... သူတို့ လည်း ဖိုးစိန်ဇာတ် နားထောင်ချင်ကြပေမပေါ့ ။

▣ ညီပုလေး

📖စံပယ်ဖြူ မဂ္ဂဇင်း
     ဩဂုတ် ၊ ၁၉၈၆

No comments:

Post a Comment