Sunday, March 23, 2025

လူနူပါစေ စိတ်မနူပါစေနဲ့




 

❝ လူနူပါစေ စိတ်မနူပါစေနဲ့ ❞

ကျွန်တော်တို့ ရှေ့ က လူကြီးတွေ ဟာ ရောဂါသည်တွေ ဖြစ်ခဲ့ကြပေမယ့် အသိဉာဏ် ပညာ မြင့်မားတယ် ။ ရောဂါ ဖြစ်လို့ အနယ်နယ် အရပ်ရပ် ကနေ မန္တလေး ကို ဆေး လာ ကုတယ် ။ ခရစ်ယာန် သာသနာပြုတွေ ဖွင့်ခဲ့တဲ့ ဆေးရုံ နှစ်ရုံ မန္တလေး မှာ ရှိတယ် ။ စိန်ဂျွန်း နဲ့ ဝက်စလီ ။

ဆေးရုံ က ရောဂါ ပျောက်ပြီ လို့ လက်မှတ် ထုတ်ပေး ပေမယ့် သူတို့ ဇာတိရပ်ရွာ ကို ပြန်ပြီး နေထိုင်ခွင့် ရပေမယ့် ဆေးရုံ တစ်ဝိုက် မှာပဲ လူနေရပ်ကွက်တွေ ထူထောင် ပြီး နေကြတယ် ။ အဲသည် အချိန် ကတော့ မြို့ဆင်ခြေဖုံး နေရာပေါ့ ။ ဝက်စလီ ဥယျာဉ်တန်း ၊ အကောက်တော် ၊ ဆိတ်တဲကုန်း ၊ နဂါး ဆိုတဲ့ ရပ်ကွက်တွေ ပေါ် ပေါက် လာတယ် ။ ရောဂါသည် ဖြစ်ပေမယ့် မှတ်ပုံတင် နဲ့ အိမ်ထောင်စုဇယား နဲ့ ဖြစ်အောင် ရှေးလူကြီးတွေ က လုပ်ခဲ့ကြတယ် ။ လူ့ အသိုင်းအဝိုင်း အပြင် က မဟုတ်ဘဲ လူ့ အသိုင်းအဝိုင်း ထဲ မှာ ပါဝင်တဲ့ လူတွေ ဖြစ်စေခဲ့တယ် ။

ထူထောင်တဲ့ လူကြီးတွေ က အတွေးအခေါ် အားကောင်းကြတော့ လူ တော့ နူပစေ စိတ် မနူစေနဲ့ ဆိုပြီး ရပ်ကွက်တိုင်း မှာ စာကြည့်တိုက်တွေ ထူထောင်ကြတယ် ။ ဝက်စလီရပ်ကွက် စာကြည့်တိုက် က ဘဝရှေ့ဆောင် ၊ ဥယျာဉ်တန်း က ဘဝအလင်း ၊ အကောက်တော် နဲ့ ဆိတ်တဲကုန်း က အနာဂတ် လွတ်မြောက်ရေး ၊ နဂါးရပ်ကွက် က နဂါးစာကြည့်တိုက်တွေ ။

ရောဂါသည် လူကြီးတွေ က သားသမီးတွေ ကို လည်း ကျောင်း နေရမယ် ၊ ပညာတတ် ဖြစ်ရမယ် ဆိုပြီး မင်းတုန်းမင်းကြီး ဆောက်ခဲ့တဲ့ ရှစ်ဌာနသာလာယံ ဇရပ် မှာ စာသင်ကျောင်းလေး စ ဖွင့်တယ် ။ စာ အနည်းအကျဉ်း တတ်တဲ့ သူ တွေ က ကလေးတွေ ကို စာ သင်ပေးတယ် ။ ရပ်ကွက် ထဲ က လူကြီးတွေ ကို လည်း စာ မတတ်သေး ရင် အသုံးလုံး သင်ရမယ်လို့ စီစဉ်တယ် ။ ပြီးတော့ သည် ကျောင်းလေး ကို အစိုးရ အသိအမှတ်ပြု တရားဝင် ကျောင်းလေး ဖြစ်လာအောင် တရားဝင် ဆရာ ရအောင်လည်း ကြိုးပမ်းကြတယ် ။

ကျောင်းကလေး က မင်းတုန်းမင်းကြီး ရဲ့ မနော်ယမံ ဥယျာဉ် နား မှာ ရှိတာမို့ မနော်ယမံကျောင်း လို့ ခေါ်တယ် ။ ကျောင်းအုပ်ဆရာကြီး က ရောဂါသည် မဟုတ်ပါဘူး ။ ဒါပေမဲ့ အနူကျောင်း ကမို့ ဆရာတွေ ရဲ့ အစည်းအဝေး ကို မတက် ရဘူး ။ လခ ဆိုရင် ပညာရေးမှူးရုံး ကို သွား မထုတ်ရဘူး ။ နီးရာ ကျောင်းဆရာ က ထုတ်လာပြီး ပေးတာ ။

ကျွန်တော် ကျောင်း စ နေရတဲ့ ခုနစ်နှစ်သား မှာ တစ်ကိုယ်လုံး မီးလောင် ခံရ တယ် ။ အဲသည့် ခေတ် က ရေနံဆီမီးခွက် သုံးကြရတာ ။ မီးခွက် နဲ့ ခြင်ထောင် နီးကပ် တော့ ခြင်ထောင် ကို လောင်ပြီး ခြင်ထောင် ထဲ မှာ အိပ် နေတဲ့ ကျွန်တော် လည်း ခြင်ထောင် နဲ့ လုံးပတ် လောင်ပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတယ် ။ မန္တလေးဆေးရုံကြီး မှာ တစ်နှစ်ခွဲ လောက် တက် ကုရတယ် ။ စာ ဖတ်တတ်ခါစ ဆိုတော့ အဲသည့် တစ်နှစ်ခွဲ မှာ ကာတွန်းတွေ ၊ ပုံပြင်တွေ ၊ စာအုပ် အစုံ ဖတ်ရင်း စာဖတ် ဝါသနာ ပါသွားတယ် ။

မနော်ယမံကျောင်း က လေးတန်း အောင်တော့ ကျောင်းဆရာကြီး က အလယ်တန်းကျောင်း ဆက် မတက်စေချင်ဘူး ။ အနူ ကျောင်း ကနေ အခြား ကျောင်း မှာ လူအများ နဲ့ ရောနှော တက်ရတဲ့ အခါ အနှိမ် ခံရမှာ စိုးရိမ်တယ် ။ ကျွန်တော် က အနူ့ သားသမီး ၊ အနူနွယ် လည်း ဖြစ်သေးတယ် ။ တစ်ကိုယ်လုံး လည်း မီးလောင်ဒဏ်ရာတွေ နဲ့ ရုပ်ပျက်ဆင်းပျက် ဆိုတော့ ဘာပြောပြော ရောဂါသည် လို့ ထင်လေမလားပေါ့ ။ ဘတ်စ်ကား စီးတဲ့အခါ ကျွန်တော့် အတွက် ထိုင်ခုံ ရပေမယ့် မထိုင်ဘူး ။ မတ်တတ်ရပ် စီးတယ် ။ ကိုယ့် ကို တွန့်မလားပေါ့ မတွန့်ခင် ကတည်း က နေရာ ဖယ်ထားတယ် ။ ကိုယ့် စိတ်က လိပ်ပြာ မလုံဘူး ။

ဆရာကြီး က ငါ့ တပည့်ရယ် ကျောင်း ဆက် မတက်ပါနဲ့ ၊ ပညာ တတ်ချင်ရင် သူ သင်ပေးပါ့မယ် ပြောပေမယ့် ကျွန်တော် ကတော့ ကျောင်းဆက် တက်ချင်တယ် ။ ဒါနဲ့ ဘီဘီအိုအေ လို့ ခေါ်တဲ့ အမှတ် ၅ ၊ အထက မိဘမဲ့ကျောင်း ကို ဆက်တက်ဖို့ ရွေးချယ် လိုက်တယ် ။ မိဘမဲ့ ကျောင်းသား ဆိုတော့ အခြား ကျောင်းသားတွေ
လောက်တော့ ကိန်းကြီးခန်းကြီး မနိုင်ဘူးပေါ့ ။

အမေ က မုဆိုးမ ဘဝ နဲ့ အရက် ချက်တယ် ။ အမေ က ဒေါ်ခွေး ၊ ဒေါ်ခွေး အရက်ဆို နာမည်ကြီးတယ် ။ တစ်ခါက ဒီ အရက် ပေါ့တယ် ။ ဒေါ်ခွေးအရက် အစစ် မဖြစ်နိုင်ဘူး ဆိုပြီး ပြန်ပို့တယ် ။ အမေ က ရေကန် ထဲက ရေ ထပ်ရောပြီး ဒေါ်ခွေး ကိုယ်တိုင် ပေးလိုက်တာပါလို့ ပြောပို့တော့ ဒါမျိုးမှ ဒေါ်ခွေးအစစ် ဆိုပြီး သောက်သတဲ့ ။ ဒါလောက် နာမည် ကောင်းခဲ့တာ ။

ကျွန်တော်တို့ ရပ်ကွက် မှာ အိမ်ခြေ သုံးရာလောက် ရှိတယ် ။ အရက်ချက် ကြတယ် ။ အရက် ချက်ကြတာ ကလည်း သူတောင်းစား မဖြစ်ချင်လို့ပါ ။

အရက်တစ်အိုး ကျဖို့ တစ်နာရီ လောက် ကြာတယ် ။ မနက် တစ်နာရီ ထ ချက်တာ ခုနစ်နာရီ မှ ပြီးတယ် ။ ရဲတွေ ၊ ဘာတွေ ကင်းရှင်း အောင် မနက် လေးနာရီ ထပြီး စောစော ပို့ရတယ် ။ ဖောက်သည် နေရာတွေ များရင် အချိန် ပို ယူရတာပေါ့ ။ အမရပူရ နဲ့ မန္တလေး တစ်မြို့လုံးပဲ ။ အဓိက ကတော့ အလုပ်ကြမ်းသမား တွေများတဲ့ နေရာတွေ ပို့ရတယ် ။ စိန်ပန်းရပ်ကွက် သံရည်ကျို လုပ်သားတွေ ၊ တမ္ပဝတီရပ်ကွက် ကြေးသွန်းဖိုလုပ်သားတွေ ၊ မီး နဲ့ လုပ်ရတော့ ခံနိုင်ရည် ရှိအောင် ဆိုပြီးတော့ အရက်ပုန်း သောက်ကြတယ် ။ အဲသည့် ကာလက အရက်ပုန်း ဆိုတဲ့ အတိုင်း ပုန်းလျှိုးကွယ်လျှိုး သောက်ကြတာ ။ ကျွန်တော်တို့ ရပ်ကွက် ထဲက လူငယ်တိုင်း ဟာ အရက်ချက် ၊ အရက်ပို့ ၊ အရက် နဲ့ သိပ် နီးစပ် နေပေမယ့် အရက် မသောက်ဘူး ။

အရက် ပို့ရတော့ ကျောင်း နောက်ကျတယ် ။ ဒါနဲ့ ရှစ်တန်း နှစ် မှာ လူငယ့်ရေးရာ ညကျောင်း ပြောင်းတက်တယ် ။ အမှတ် ၁၆ ၊ အထက မှာပေါ့ ။ ရှစ်တန်း အောင် ကိုးတန်း လည်း ရောက်ရော နေ့ကျောင်းပဲ တက်ချင်လို့ အမှတ် ၅ ကျောင်း ပြန်ပြောင်းတယ် ။ ည အရက်ချက် ၊ မနက် အရက် ပို့ပြီး ကျောင်း ပြေးတက် ဆိုတော့ တစ်ကိုယ်လုံး လည်း အရက်စော် နံနေတာပေါ့ ။ ဆရာ က ကျောင်း မတက်ပါနဲ့လား ပြောလို့ ညကျောင်း ပြန် ပြောင်းရတယ် ။ ကိုးတန်း ကို ညကျောင်း က အောင်တယ် ။

ဆယ်တန်း ရောက်တော့ အရက်ချက် ၊ အရက်ပို့ လုပ်ငန်း ဟာ ဒုစရိုက် လုပ်ငန်း ဖြစ်တယ် ဆိုပြီး မလုပ်တော့ဘူး ။

ကျွန်တော်တို့ ရပ်ကွက် စာကြည့်တိုက် ရှင်သန်ဖို့ ၁၄ - ၅ နှစ်သား ကတည်း က ကျွန်တော် ကြိုးစားတယ် ။ ရန်ပုံငွေ ရအောင် ညမှာ အလှည့်ကျ ကင်းအငှား လိုက် စောင့်ကြတာ ။ တစ်ည တစ်ကျပ် ရတယ် ။ မန်းဥယျာဉ်ဗြော အဖွဲ့ ဖွဲ့ပြီး တီးမှုတ်ဖျော်ဖြေရင်း တစ်မြို့လုံး အလှူခံ ထွက်ကြတယ် ။

ကျွန်တော် အရွယ် ရောက်လာတော့ ရပ်ကွက် ထဲ က ဘကြီးပေါင် တို့လို လူကြီးပိုင်း က သတင်းစာ ပို့တဲ့ လုပ်ငန်းကလေး ကို အသက်မွေး ဝမ်းကျောင်းမှု ဖြစ်အောင် စီစဉ် ပေးကြတယ် ။ ကျွန်တော် ယခု အထိ လုပ်နေဆဲပါပဲ ။ သတင်းစာ ပို့တဲ့ ဝန်ဆောင် ၄ သတင်းစာ ဝန်ဆောင် လုပ်ငန်း အတွင်းရေးမှူး လုပ်တယ် ။ မန္တလေး - ပြင်ဦးလွင် အမ်အမ်တီအေ ကားပြာအသင်း ဂိတ် တာဝန်ခံ လည်း လုပ်တယ် ။ ဇနီး ကတော့ ဈေးသည် ပေါ့ ။

ကျွန်တော် ၂၇ နှစ်သား ၊ ၁၉၈၄ ခုနှစ် လောက်မှာ ကျွန်တော့် ကိုယ် က မီးလောင်ဒဏ်ရာတွေ ကို ရန်ကုန် မှာ ဒေါက်တာ သက်ထားဝေ နဲ့ ပလတ်စတစ် ဆာဂျရီ လုပ်ဖို့ ရပ်ကွက်လူကြီးတွေ က စီစဉ်ပေးကြတယ် ။ မျက်နှာ မှာ အသား အစားထိုး ဖြည့်ဖို့ ပေါင်တစ်ပတ်လုံး လှီးရတယ် ။ ခွဲစိတ် ကုသပြီး မန္တလေး ပြန် လာတော့ ရပ်ကွက် က တခမ်းတနား ကြိုကြတယ် ။ ကျွန်တော် က ရပ်ကွက် ရေးရာ လုပ်တော့ ရပ်ကွက် က ပြန် လုပ်ပေးကြတယ် ။

၁၉၉၈ ခုနှစ် မှာ မြို့ပြ သာယာသန့်ရှင်းရေး အတွက် ဆိုပြီး ရောဂါသည် မိသားစုတွေ ရေနံ့သာ ကို ရွှေ့ပြောင်း ရတယ် ။ ကျွန်တော်တို့ မိဘဘိုးဘွားတွေ နေခဲ့တဲ့ ရပ်ကွက်တွေ ကို မြို့ပြ အဖြစ် ခွဲဝေ ထူထောင်တယ် ။ ကျွန်တော်က ရောဂါသည် မဟုတ်ဘူး ။ ဒါပေမဲ့ ရောဂါသည် အသိုင်းအဝိုင်း နဲ့ ဘယ်တော့မှ မကင်းကွာဘူး ။ အဝေး မှာ ရှိတဲ့ ကလေးတွေ ပညာရေး ကို ကျွန်တော် အားပေး တယ် ။ ကျွန်တော် မျက်နှာ လွှဲနေမယ် ၊ ရှောင်ထွက် သွားရင် ရပေမယ့် အဲသည် ကလေးတွေ ကျောင်း နေချိန် တန်ရင် စာသင်ခန်း ထဲ ရောက်အောင် ကျွန်တော် လုပ်တယ် ။ ကျွန်တော့် မှာ ကလေး သုံးယောက် ရှိတယ် ။ အဲသည် အချိန်မှာ ကျွန်တော့် ကလေးတွေ ကျောင်းစရိတ် မပြည့်စုံသေးပါဘူး ။

လူ နဲ့ လူ ဆိုတဲ့ ဇာတ်ကား ရိုက်တော့ အနှစ်နှစ် အလလ ခံစားခဲ့ရတဲ့ ခံစားမှု ကို ကျွန်တော် ပြောခဲ့တယ် ။ ကူးစက်တတ်တဲ့ ရောဂါသည် မလာရ ၊ မစားရ ဆိုတဲ့ စာတန်းတွေ ရှိတယ် ။ အနူ မလာရလို့ မရေးရုံ တစ်မည်ပဲ ။ ဒါကို ထုံးတမ်းစဉ်လာ အရ ဘာ ဆိုလိုတယ် သိပြီးသားပဲ ။ ကူးဆက်မြန်ရောဂါ ဖြစ်တဲ့ တီဘီ တို့ ၊ ဘီပိုး ၊ စီပိုး တို့ ကူးစက်ရောဂါတွေ ကို တားမြစ်တာ မဟုတ်ဘူး ။ အနူ ကို တားတာ ။ ဘတ်စ်ကား စီးရင်လည်း သည်လိုပဲ ။ နေရာ တော်တော်များများ မှာ ကန့်သတ် ထားတယ် ။

သည်ရောဂါကို အ‌နီးကြာ မှ အနာကြီး ကူးတယ် ပြောတာလည်း ကျွန်တော် လက်မခံဘူး ။ ကျွန်တော် က ရောဂါသည် အမေ ရဲ့ဗိုက် ထဲ မှာ သန္ဓေ တည် ခဲ့တာ ။ သူတို့ ဝါး ခွံ့ တဲ့ ထမင်း ကို စား ၊ ရောဂါသည် အမေ ရဲ့ နို့ကို စို့ ။ သည် အသိုင်းအဝိုင်း ထဲမှာ နေ့နေ့ညည နေထိုင် ကြီးပြင်းခဲ့တာ ။ သူတို့ နှပ် ၊ မျက်ရည်တွေ လည်း ပါးစပ်ထဲ ဝင်ချင် ဝင်ခဲ့မှာပဲ ။ ဒါပေမဲ့ ကျွန်တော် ကူးစက် မခံခဲ့ရဘူး ။ ကျွန်တော် တို့ မိသားစုတွေ နှစ်ရာ သုံးရာ မှ နှစ်ယောက် သုံးယောက် ပဲ ရောဂါ ကူးစက်တာ ။ ဖြစ်နိုင်တာ ကတော့ ဆေးဝါး တိုက်ကျွေးမှုတွေ ရှိလို့ ဖြစ်မယ် ။ သည် ရောဂါ က ကုရင် ပျောက်တယ် ။ ရောဂါ ရှိလာတဲ့ သူက လူ့ အသိုင်းအဝိုင်း က ကြဉ် မှာ ကြောက်ပြီး မကုဘဲ နေရင် ၊ လူသိ မခံဘဲ နေရင်သာ ရောဂါ က ဆိုးလာမှာ ၊ ဒါမျိုးတွေ မဖြစ်စေချင်ဘူး ။

ကျွန်တော်တို့ အနွယ်တွေ က လူ့အသိုင်းအဝိုင်း ထဲ မဝင်ဆံ့ရဲဘူး ။ ဘာကြောင့် မဝင်ဆံ့ရမှာလဲ ။ ကျွန်တော် ဆိုရင် ရုပ်ဖျက်လို့ မရဘူး ။ ရောဂါသည် အနွယ်ဝင် ဆိုတာ လူသိရှင်ကြား အမြဲ ပြောတယ် ။ နှင်ထုတ်မယ့် သူ မရှိဘူး ။ အားလုံး ကြိုဆိုကြတယ် ။

▢ ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ အဖုံဖုံ

No comments:

Post a Comment