❝ ငါ့ ရင်ထဲ မှာ အလွမ်းနွေ ❞
မောင်ရဲနွေ ( ပလိပ် )
ရင် ထဲ မှာ ဖွင့်အန် ပြစရာတွေ က အများသား ။ ထိန်းချုပ်စွမ်းမဲ့ ခံစား ချက်တွေ တနင့်တပိုး ။ မျှော်လင့်ခြင်း ဖြစ်စဉ်တွေ မြင်ယောင်လို့ ... ။ ရသချို နရီမြစ် မှာ ရင်ခုန်စွာ ကူးခတ်ဖို့ အသင့် .. ၊ လွတ်လပ်စွာ ပျော်ရွှင်နိုင်ဖို့ အတွက် စကားလုံးတွေ ရွေးချယ်လို့ .. ။ ချိုမြတဲ့ ဂီတ ကို နှစ်ခြိုက်လို့ ... ။
အရာရာပေါ့ ချစ်သူ ... ။ ငါ စိတ်ကူးယဉ်ခဲ့ပါဘယ် ၊ နို့ ... ငါ့ ဆန္ဒတွေ အရောင် မလှခဲ့ဘူးလေ ။ ရင်ခုန်သံတွေ နှိုးဆွ ကြည့်တဲ့အခါ ရင်ခုန်သံတွေ စည်းချက် မလှ ယိမ်းက နေကြတယ် ။ အိပ်မက်တွေ မက်ကြည့်တဲ့ အခါ အိပ် မက်တွေ မလန်းဆန်း ပင်ပန်း နေကြတယ် ။ ကဗျာ တစ်ပုဒ် ဖွဲ့ကြည့်တဲ့ အခါ ကဗျာတွေ ကာရန် မလှ နရီ မကျ ဖြစ်နေတယ် ။ တေး တစ်ပုဒ် ကို သီဆို ကြည့် တဲ့ အခါ ဂီတတွေ သံစဉ် နားစည် က လက်မခံ ဖြစ်နေတယ် ။ လောက ကို ကြည့်တဲ့အခါ လောက မှာ အရောင်တွေ ပြည့်နှက် စုတ်ချက် မညီ ဖြစ်နေ တယ် ။ ငါ့ ရင်ကို ဖွင့်ကြည့်တဲ့ အခါ နှလုံးသား ကြွေပျက်ပြန်း သေဆုံး မလို ဖြစ်နေတယ် ။ ငါ ဘယ်လို နားလည်ရမလဲ ချစ်သူ ... ။ အရာရာ ဆန်းကြယ် လှတယ် ။
ပြီးတော့ အချစ် ဆိုတာ လောက ကို လှပစေတဲ့ အရာ ။ အချစ် က ဘဝ ကို ချိုမြိန် စေတယ် ... ။ တစ်ခါတစ်ရံ ခါးသက် စေတယ် ။ အချစ် က အရာရာ အတွက် သတ္တိ ကို ပေးတယ် ။ အချစ် ဟာ အစွမ်းထက် လက်နက် တစ်ခုဖြစ်တယ် ။
ဪ ...
ချစ်သူရယ်
နေထွက်နေဝင်
နင်နဲ့ ငါအဖြစ်
အချစ်ပုံပြင်သစ်ပဲနော် ... ။
••••• ••••• •••••
ချစ်သူ .. နင် နဲ့ ငါ အဖြစ်က ပုံပြင် ဆန်ခဲ့လိုက်တာ ကြည့်လေ ... ၊ ကြောင့်ကြမှုမဲ့ သူငယ်ချင်း ဘဝ ရယ် ၊ သောကကင်း တဲ့ သူငယ်ချင်း ဘဝ ရယ် မောဟကင်းတဲ့ သူငယ်ချင်း ဘဝ ရယ် .... ပြီးတော့... ။ အပြစ်ကင်းတဲ့ ဘဝ တွေ ကို အဆင့်မြင့် တစ်ဆင့် တက်လို့ ဘဝင်တွေ မြင့်လို့ ... ။ အချစ် ကို ပိုင်ဆိုင် ကြပြီ ဆိုတော့ .... အရာရာဟာ ချစ်သူ နဲ့ ငါ့ အတွက် ဥပေက္ခာ မျက်လုံးတွေပေါ့ ။ ပြီးတော့ ချစ်သူ နဲ့ ငါ့ အတွက် အမုန်း ဟာ အထီးကျန် ဝတ္ထု တစ်ခုပေါ့ ၊ ပြီးတော့ အရှုံး ဆိုတာ ချစ်သူ နဲ့ ငါ့ အတွက် ဆန့်ကျင်ဘက် ဖြစ်စဉ်ပေါ့ ၊ အပြုံး ဆိုတာက ချစ်သူ နဲ့ ငါ့ အတွက် ရသကဗျာ တစ်ပုဒ်ပေါ့ ။ ရင်ခုန်သံ ဟာ ချစ်သူ နဲ့ ငါ့ အတွက် မျက်လုံးတွေ ကန်းနေပေါ့ ... ။ ကဲ့ရဲ့ခြင်း ဆိုတာ ချစ်သူ နဲ့ ငါ့ အတွက် အမြှေးပါး မရှိတဲ့ နားစည် တစ်ခုပေါ့ ။ ယုံလားမသိဘူး ချစ်သူ ။
Heart is no to hate.
နှလုံးသား ဆိုတာ အမုန်းပွားဖို့ မဟုတ်လေတော့ ... ။
ချစ်သူ နဲ့ ငါ့ ဘဝမှာ အမုန်း ဆိုတာ သေဆုံးသွားတဲ့ ရုပ်ကလာပ် တစ်ခု ဖြစ်နေတယ် ။ ဝေးကွာခြင်း ဆိုတာ ခရီး တစ်ခုရဲ့ ရှည်လျားတဲ့ တည်မြဲခြင်း ဖြစ်တယ် ။ ဥပေက္ခာ ဆိုတာ ဗြဟ္မာဝိဟာရ တရားလေးပါး ထဲက စကားရပ် တစ်ခု လို့ပဲ မြင်တယ် ။ ရန်ခုန်သံတွေ ၊ အကြင်နာတွေ ၊ သံယောဇဉ်တွေ ၊ ရိုး သားခြင်းတွေ ၊ ရာသက်ပန် ‘ ရိုးမြေကျ ’ ၊ ‘ ထာဝရ ’ ဆိုတဲ့ စကားရပ်တွေ နဲ့ ဆုံးဖြတ်ချက်တွေ ရှင်သန်လို့ ... ။
Heart is born to Love ... ဆိုတဲ့ ဝါကျ တစ်ခုကို လိုက်နာကျင့်သုံးလို့ အရာရာ အတွက် ခွန်အားတွေ မွေးခဲ့ကြတယ် မဟုတ်လား ချစ်သူရယ် ၊
မနက်ဖြန်တိုင်း ဟာ ချစ်သူ နဲ့ ငါ့ အတွက် ရှင်သန်ခြင်း နေ့ရက်များ ပေါ့ ။ အနာဂတ် ဆိုတာ ချစ်သူ နဲ့ ငါ့ အတွက် ရင်ခုန် အလှတရားပေါ့ ။ ရှေ့ ဆက်ရမယ့် ခရီးဟာ ချစ်သူ နဲ့ ငါ့ အတွက် လှပတဲ့ ကဗျာ တစ်ပုဒ် ဖြစ်နေတယ် ။
ဝင်းပရွှန်းလဲ့
စက္ကန့်လေးတွေ
ရွှေ ဖြစ်သွားပြီ ။
ရင်မှာစူးနစ် သိပ်ချစ်တယ် ချစ်သူရယ် ... ။
ချစ်သူ နဲ့ ငါ့ အတွက် အချစ် ဆိုတာ အဖိုးအနဂ္ဃ ထိုက်တန်တဲ့ ရတနာ တစ်ခုပဲလေ ။ အချိန်တွေ ဟာ ရွေ့လျားကုန်ဆုံးခဲ့တာ မှန်ပေမဲ့ ချစ်သူ နဲ့ ငါ့ အတွက်တော့ အမြဲတမ်း လတ်ဆတ်နေဆဲပဲလေ .. ။
••••• ••••• •••••
ကျရာကြုံရာ
ခက်လက်ဖြာလျှင်
ရွက်ကျပင်လည်း မဟုတ်လေတော့ .. ။
ငါ့ဘဝ မှာ တန်ဖိုးရှိတဲ့ ပစ္စည်း တစ်ခု ပြပါ ဆိုရင် ယူပြလိုက်မယ်လေ ။
အဲဒါ အချစ် ...
အချစ် ဆိုတာ ဒြပ်စင် တစ်ခုလို့ ခေါ်ကြည့်ချင်တယ် ။ ဒြပ်စင် ဆိုတာ မြင်နိုင်စွမ်း မရှိတဲ့ ရေမှုန်ကလေးတွေ ပဲ ဖြစ်တယ် ။ အဲဒီ အချစ်ရေမှုန်ကလေး တွေက နှလုံးသား ကို ရိုက်ခတ်ထိမှန် လို့သာ အချစ် ဖြစ်လာတာ .. ။ အချစ် မှာ မျက်စိ မရှိ ဆိုပေမဲ့ မျက်စိ ဆိုတာ အချစ် ကို ပုံဖော်နိုင်ဖို့ အတွက် အထောက် အကူပစ္စည်း ပဲ ။
အချစ် မှာ အမှန်း မရှိရ ။
ချစ်သူ နဲ့ ငါ့ အတွက် အမုန်း ဆိုတာ သေဆုံးသွားတဲ့ ရုပ်ကလာပ် တစ်ခု ဖြစ်တယ် ။
ဟုတ်ပါရဲ့ ချစ်သူ ဘဝမှာ .. အချစ် ဟာ ကိုးကွယ်အပ်တဲ့ အရာ တစ်ခု မှန်း သိထားသလို ချစ်သူ ဟာ ငါ့ အတွက် ပန်း တစ်ပွင့် ... ။ မြတ်နိုးယုယလို့
အစဉ်သဖြင့် ပေါ့ ... လန်းဆန်းနေစေချင်တယ် ။ ကတိ ဆိုတဲ့ အနားသတ် တန်ဖိုး တစ်ခု ကို အလေးမြတ် နှလုံးသွင်းလို့ .. ။
သစ္စာတရား ဆိုတာ ချစ်သူ နဲ့ ငါ့ အတွက် ( အထူးသဖြင့် ) ငါ့ အတွက် ရှင်သန်ခြင်း အသက် တစ်ခု လိုပဲလေ ၊ သစ္စာတရား ကို မထီလေးစား ပြုမှုခဲ့ ရင် ငါ့ အတွက် နေ့ရက်များစွာ အကျိုးမဲ့ ပြုန်းတီးလို့ နောင်တတွေ ကို ဖိတ် ခေါ်မိသလို ဖြစ်နေမှာပေါ့ ။ အရှင်းဆုံးပေါ့ ။
ချစ်သူ အပေါ်မှာ ငါ ချစ်တာ ဟာ တစ်သမတ်တည်းပဲလေ .. အရောင် မပြောင်းတတ်ပါလေ ... ။
••••• ••••• •••••
မေ့လိုက်တော့ ...
ကျွန်မ လည်း မေ့လိုက်ပြီတဲ့ ။ ငါ ဘယ်လို နားလည်ရမှာလဲ ။ ရက်စက်လိုက်တာ ချစ်သူ ။ ငါ့ မှာ ဘယ်လိုသော အပြစ်တွေ ကျူးလွန်ခဲ့လို့လဲ ။ ငါ သစ္စာဖောက်ခဲ့မိလို့လား ။ အဲဒီလိုလည်း မဟုတ်ရပါလားကွာ ။ ဒါဖြင့် ချစ်သူ ရော ငါ့ အပေါ် သစ္စာဖောက်ခဲ့တာလား ။ အဲဒီလိုလည်း မဟုတ်ပြန်ဘူး ဆို တာ ငါ သိပါတယ် ။ ငါ့ ဘဝ ။
ချစ်သူ ရဲ့ အခြေမြင့် လူ့ရပ်ဝန်း နဲ့ ယှဉ်လိုက်ရင် သေးငယ်တဲ့ ၊ အသုံး မဝင်တဲ့ အရာလေးတစ်ခုပေါ့ ၊ အဓိက ကတော့ ငါ ဟာ ဆင်းရဲတယ် ။ ဘယ် နည်းနဲ့ မှ ချစ်သူ ရဲ့ မိဘတွေ သဘောတူနိုင်မှာ မဟုတ်ဘူး ။ အဲဒီတော့ မိဘ တွေ စိတ်ချမ်းသာအောင် လမ်းခွဲကြတာပဲ ကောင်းပါတယ် ။ ဒီ သဘောပဲ မဟုတ်လား ။
အဲဒီလို ဆိုရင်တော့ ချစ်သူ ကောင်းစားဦးမှာပါ ။ မိဘစကား နားထောင်လို့လေ ။ ငါ့ မှာတော့ .. ရင်ခုန်သံတွေ ၊ အိပ်မက်တွေ ၊ ပျော်ရွှင်မှုတွေ သေဆုံးလို့ ... ။
ပြီးတော့ ငါ့ ရင်ထဲမှာ တော့ ... ။ အစဉ်သဖြင့် နုံးချည့်နေတယ် ။ အိပ်ရာ ထက် မှာ ဘယ်ညာ လူးလိမ့်ရင်း အချိန်တွေ ဖြုန်းတီး ပစ်ရတဲ့ ရက်တွေ က ဖိစီး နေပြန်တယ် ။ ပြီးတော့ ...
တစ်ချိန်တုန်း ဆီက လှပနားဝင်ချိုခဲ့တဲ့ အသံလေးတွေ ကို ပြန်လည် ကြားယောင် မိတိုင်း ရင်မှာ ခံစားလွမ်းဆွတ် အောက်မေ့မိတယ် ။
“ မောင့် ဘဝ ထဲကို ဝင်ရဲလို့ မောင့် အချစ် ကို လက်ခံခဲ့တာပေါ့ ။ မောင် က လွဲလို့ ဘယ်သူမှ ဂရုမစိုက်ဘူး မောင် ... ။ ဘယ်လောက်ပဲ အတားအဆီး ရှိလည်း တစ်နေ့ကျရင် မောင့် ဆီကို ရောက်အောင် လာခဲ့မယ် ... ”
အခုတော့ ချစ်သူရယ် ...
ဆုံးဖြတ်ခက်ခဲ
လက်တွဲပြေလျှော့
လွမ်းလေနော့ပြီ .. ။
••••• ••••• •••••
တိုက်ဆိုင်တယ် လို့ ပြောရလိမ့်မယ် ချစ်သူ ။
မမျှော်လင့်ဘဲ ကိုယ့် မိတ်ဆွေ ကဗျာဆရာ တစ်ယောက်ဆီ ရောက်သွားတယ် ။ ကဗျာ တစ်ပုဒ် ရေးနေတယ်လေ ။ ငါ ယူ ဖတ် ကြည့် လိုက်တော့ ငါ့ ရင် ထဲမှာ ဆို့နင့်ခဲ့ရတယ် ။ လွမ်းမောခဲ့ရတယ် ၊ ငါ့ နှလုံးသားတွေ ပင်ပန်း လှပါတယ် ချစ်သူ ။
ကဗျာ က ...
နေထွက်နေဝင်
နင် နဲ့ ငါ့ အဖြစ်
အချစ်ပုံပြင် အသစ်ပဲနော်
ဝင်းပရွှန်းလဲ့
စက္ကန့်လေးတွေ
ရွှေဖြစ်သွားပြီ
ကျရာ ကြုံရာ
ခက်လက်ဖြာလွင်
ရွက်ကျပင်လည်း
မဟုတ်လေတော့ ...
ဆုံးဖြတ်ခက်ခဲ
လက်တွဲဖြေလျှော့
လွမ်းလေနော့ပြီ ...
ခန်းခြောက်စမ်းရေ
ပန်းအကြွေနဲ့
အလွမ်းနွေမှ နွေပဲကွယ် ... တဲ့ ။
လှလိုက်တဲ့ ကဗျာ တစ်ပုဒ် ။ ပြီးတော့ ဖတ်လိုက်ရတယ် ဆိုရင်ပဲ ငါ့ ရင် ထဲကို စူးရှလေးနက်စွာ ဝင်လာတဲ့ မြားတစ်စင်း လိုပဲ ခံစားလိုက်ရတယ် ။
ငါ ဘယ်လို ဖြေသိမ့်ရမလဲ ချစ်သူ ။
ငါ ထားခဲ့တဲ့ ဆုံးဖြတ်ချက်တွေ
ငါ ထားခဲ့တဲ့ အချစ်တွေ ဟာ အလဟဿ ဖြစ်ခဲ့ရတယ် ။
ငါ့ ရင်မှာ လောင်မြိုက်မှု အလွမ်းတွေနဲ့ နစ်မြုပ်နေပြီ ချစ်သူ ... ။
ငါ့ ရင် မှာ လောင်မြိုက်မှု အလွမ်းတွေ နဲ့ ပြည့်နှက်လွှမ်းခြုံနေပြီလေ ။
▢ မောင်ရဲနွေ ( ပလိပ် )
📖 ရွှေသမင် မဂ္ဂဇင်း
မတ်လ ၊ ၁၉၉၅
No comments:
Post a Comment