Tuesday, March 25, 2025

လောကဓံ သင်ရိုးညွှန်းတမ်း မှာ မိအေးချမ်း စာတတ်ပြီ အမေ


 

❝ လောကဓံ သင်ရိုးညွှန်းတမ်း မှာ မိအေးချမ်း စာတတ်ပြီ အမေ ❞
        ( မေဂျိုးငယ် )

အခန်း ( ၁ )

“ အမေရေ ... အမေ ... အမေ ... သမီး လာပြီ ”

“ ဟေ ... လာပြီ သမီးလေးရေ တံခါးဖွင့်ထားတယ် ။ ဝင်ခဲ့နော် ”

သမီးလေး ကို ပြန် ထူးရင်း ကျွန်မ မီးဖို ထဲမှ ခပ်သုတ်သုတ်လေး ထွက်လာခဲ့ မိတယ် ။ သမီးလေးတို့ ဇနီးမောင်နှံ အလည် လာမယ် ဆိုလို့ ကျွန်မ သမီးလေး စား ဘတ်တဲ့ ဟင်းလေးတွေ ကိုယ်တိုင် ဝင် ချက်ပြုတ်နေတာပါ ။

“ အမေ ... ကို သမီး အရမ်း သတိရနေတာ ”

ကျွန်မ မြင်တော့ သမီးလေး က ကလေးငယ်လေး တစ်ယောက် လို ဝမ်းသာ အားရ ပြေးဖက်လာတယ် ။ ကျွန်မ သမီးလေး ရဲ့ လက်ကလေး ကို ခပ်ဖွဖွလေး တွန်းဖယ်လိုက်တယ် ။ ကျွန်မ နှုတ် မှ လည်း သမီးလေး ကို စကား တုံ့ပြန်လိုက်တယ် ။

“ သမီးလေး .... အိမ်ထောင်ရှင်မကြီး ဖြစ်နေပြီ ။ ချွဲချင်တုန်းပဲ ။ အေးအေးဆေးဆေး နားနော် သား နဲ့ သမီးလေး ။ အမေ နောက်ဖေး မှာ ရေနွေးအိုး ဆူနေလို့ ”

“ ဟုတ်ကဲ့ ... အမေ ”

သမီးလေး မမြင်အောင် ဝဲတက်လာတဲ့ မျက်ရည်တွေ ကို မျက်တောင် တစ်ချက်ခတ်ကာ ဖယ်ရှား လို့ မီးဖိုဆောင် ထဲ ပြန် ဝင်လာခဲ့တယ် ။ တကယ်တော့

မီးဖို ထဲ က ရေနွေးအိုး ဆူနေတာ မဟုတ်ပါဘူး ။ ကျွန်မ ရင်ထဲ ဗလောင် ဆူနေတာပါ ။

“ အမေ သမီး ဘာ ကူညီပေးရဦးမလဲ ”

ရုတ်တရတ် ထွက်ပေါ်လာတဲ့ သမီးလေး အသံကြောင့် ကျွန်မ အလန့်တကြား လှည့်ကြည့် လိုက်မိတယ် ။ ကျွန်မ မျက်ရည်တွေ မသိမ်းဆည်းမိလိုက် ။ 

“ ဟင် .... အမေ ငိုနေတာလား ။ ဘာဖြစ်လို့ လည်း အမေ ”

“ မငိုပါဘူး သမီးလေး ရယ် ။ အမေ မီးခိုး မွှန်လို့ပါ ။ သမီးလေး အဖေ ခြံ ထဲမှာ လမ်းလျှောက် နေတယ် ။ သွား တွေ့ လိုက်ဦးနော် ။ အမေ ထမင်းပွဲ ပြင်ထားမယ် ။ သွား ... သွား နားနားနေနေ နေနော် သမီးလေး ”

“ ဟုတ် မေမေ ၊ သမီး အဲ့ဒါဆို အဖေ့ ဆီ သွားဦးမယ်နော် ”

သမီးလေး က သူ့ ခင်ပွန်းလက်လေး ကို ညင်သာစွာ တွဲလို့ အိမ်ပေါ် မှ ဆင်း သွားတာ ကြည့်ရင်း ထိန်းထားတဲ့ ကြားက ကျွန်မ မျက်ရည်တွေ တစ်လိမ့်လိမ့်ကျ ဆင်းလာခဲ့တယ် ။ ကျွန်မ မျက်ရည်စီးကြောင်းလေး နဲ့ အတူ ကျဆင်းလာတာကတော့ သမီးလေး နဲ့ ပက်သက်တဲ့ အတိတ် ပုံရိပ် တစ်ချို့ တစ်ဝက်ပါ ။

အခန်း ( ၂ )

“ ကိုဘုန်း .... ရှင် ကျွန်မ အပေါ် လုပ်ရက်လိုက်တာ ။ ကျွန်မ ခုအချိန်ထိ မယားဝတ္တရား မကျေပွန်ခဲ့တာ ဘာများ ရှိခဲ့လဲ ပြောစမ်းပါဦး ။ ကျွန်မ ရှင့် မျက်နှာ ကို မမြင်ချင်ဘူး ။ ရှင့် သမီး နဲ့ ရှင် ပျော်ပျော်ကြီး နေခဲ့ ။ ကျွန်မ သွေးသားတွေ အကုန်ခေါ်သွားမယ် ”

ကျွန်မ မျက်ရည်များ ကြားမှ “ ကိုဘုန်း ” ကို ပြောဆိုရင်း သူ့ ရင်ခွင် ထဲက ကလေးမလေး ကို လှမ်း ကြည့်လိုက်မိတယ် ။ အနှီးထုတ်လေး ထဲမှ ထုတ်ပိုးထားတဲ့ ကလေးမလေး ။ နို့ဆာလို့ ထင်ပါရဲ့ သူ လက်မလေး ကို ပါးစပ် ထဲ ထည့်လို့ တပြွတ်ပြွတ် စို့နေရှာတယ် ။ ကလေးမလေး ကို ကြည့်နေရင်း ကျွန်မ ရဲ့ နို့ရည်ကြည် တွေ လျံကျလာတယ် ။ကျွန်မ နို့ရည်ကြည်တွေ လျှံကျလာမှာပေါ့ ။ ကျွန်မ ရဲ့ သားလေး က ခုမှ ၇ လ ပဲ ရှိသေးတာလေ ။ လျံကျလာတဲ့ နို့ရည်ကြည်တွေ ကို ကျွန်မ ရဲ့ ၇ လ အရွယ် သားလေး ကို တိုက်ကျွေး လိုက်တယ် ။ တစ်ဖက်မှ သားလေး ကို နို့တိုက် ထားရင်း တစ်ဖက် မှ ခရီးဆောင်အိတ် ထဲ အဝတ်စားတွေ ထည့်နေမိတယ် ။

သားလေး ကို နို့တိုက်ရင်း ကလေးမလေး ကို မကြည့်မိအောင် မျက်နှာလွဲ ထားလိုက်တယ် ။ ကျွန်မ သွေးသား မှ မဟုတ်တာ ။ ဒီ ကလေးမလေး က ကျွန်မ ကို နေ့စဉ် စိတ်ဆင်းရဲအောင် လုပ်ခဲ့တဲ့ ဖောက်ပြန်မူ သက်သေလေ ။ ကျွန်မ မျက်နှာ ကို မှ မထောက် သူတို့ တောင် လုပ်ရက်ခဲ့သေးတာပဲ ။ ကျွန်မ က ပုထုဇဉ် တစ်ယောက်ပါ ။ ဒါကြောင့် ကိုယ့်သွေးသားပဲ ကိုယ် ခင်တာ မမှားပါဘူး ။ ကျွန်မ ကို မကြင်နာလို့ ပစ်ခွာ သွားခဲ့ပြီး မှ ဆူးတစ်ချောင်း နဲ့ ပြန်လာတဲ့ သူကို လက်မခံပေးနိုင်ဘူး ။ ဒါကြောင့် ကျွန်မ ၇ - နှစ်အရွယ် သမီးကြီး ကို လက်ဆွဲ သားငယ်လေး ကို ရင်ဝယ် ပိုက်ကာ အမေ့အိမ် ကို ပြန်လာခဲ့ပါတယ် ။ အမေ့ အိမ် ရောက်တော့ အမေ က ဂရုဏာဒေါသ နဲ့ ဆူရှာတယ် ။

“ မိအေးချမ်း .... ရယ် ။ ညည်း ဘဝ လည်း မအေးချမ်း လိုက်တာ ။ ခု ညည်း ဘယ်လို လုပ်မလဲ ။ ညည်း သူနဲ့ ယူမယ် ပြောတုန်းက အမေ ဘာပြောခဲ့လဲ ။ ညည်း အမေ့ စကား ကို နားထောင်ခဲ့ရင် ခုလို ဖြစ်မှာ မဟုတ်ဘူး ”

ကျွန်မ အိပ်ပျော်စ ပြုနေတဲ့ သားလေး ကို ရင်ခွင်ထဲ ချော့သိပ်ရင်း အမေ့ ကို ပြန် ပြောနေမိတယ် ။

“ အဲ့ဒါ အမေတို့ သမီး ကို စာမသင်ပေးခဲ့လို့ ။ သမီး စာမတတ်လို့ လူရာသွင်း မခံရဘဲ နှိမ့်ချဆက်ဆံ ခံရတာ ။ အမေ ပြောတော့ မိန်းကလေး က သေစာရှင်စာ တတ်ရင် တော်ပြီဆို ။ အိမ်မှုကိစ္စ နိုင်နင်းရင် ရပြီဆို ။ ခု သမီး က ပညာ မတတ် ပွဲမတိုး တော့ သူ က အပျော် ရှာပြီပေါ့ ”

“ ဟီး ဟီး ဟီး ဟင့် ဟင့် ”

ကျွန်မ အမေ့ ရှေ့မှာ ကလေးငယ် တစ်ယောက် လို ငိုကြွေး နေမိတယ် ။ အမေ သဘော မတူတဲ့ ကြားက ကျွန်မ ကိုဘုန်း အချစ် ကို တစ်ကမ္ဘာ ထင် အရေပြား အလှကို မက်မောလို့ သူ့ နောက်ကို ကောက်ကောက်ပါအောင် လိုက်ခဲ့မိတာပါ ။ ကျွန်မ ကို ပြန်လာအပ်တဲ့ နေ့က အမေ က ပြောခဲ့တဲ့ စကား တစ်ခွန်းက အဲ့ဒီ အချိန် က ကျွန်မ ကို စိတ်ဆိုးစေခဲ့တာ အမှန်ပါ ။

“ ညည်း က အချစ်ရူး နေတော့ ဘာမှ မမြင်တာ ညည်း ယောက်ျား ရည်းစား များတဲ့ သတင်းတွေ က ပွနေတာပဲ အေ ။ ညည်းတော့ ဒူး နဲ့ မျက်ရည် သုတ်ရ မှာ မြင်ယောင်တယ် ”

ခုတော့ မေမေ စကားတွေ မှန်နေပါပြီ ။ ကျွန်မ ကလေး နှစ်ယောက် နဲ့ လောကဓံ ကို ဘယ်လို ကျော်ဖြတ်ရမလဲ မစဉ်းစားတတ်သေးပါဘူး ။ အမေ က ငိုနေတဲ့ ကျွန်မ ပုခုံးလေး ကို ခပ်ဖွဖွ လာ ဖက်ပြီး အားပေးရှာတယ် ။

“ သမီးရယ် ဖြစ်ပြီး မှ တော့ ဘယ် တတ်နိုင်ပါမလဲ ။ သူ လည်း နောင်တ ရလို့ သမီး ဆီ ပြန်လာပြီပဲ ။ အမေ တို့ မိန်းမသားတွေ ဆိုတာ အိမ်ထောင် တစ်ခု ကို လွယ်လွယ် မတည်ဆောက်ရ သလို လွယ်လွယ်လည်း မဖျက်ဆီးရဘူးကွဲ့ ။ တစ်ခါတ လေ ကိုယ့် အတ္တထက် သား/သမီးတွေ မိစုံဖစုံ နဲ့ နေနိုင်ဖို့ ဦးစားပေးရတယ် ။ ဘယ်လောက်ပဲ စစ်မှန်တဲ့ ချစ်ခြင်း ဖြစ်ပါစေ အိမ်ထောင်သည် ဘဝ ရောက်တဲ့အခါ လျော့နည်းလာတတ်တာ သဘာဝ ပါ သမီး ။ အဲ့ဒီအခါ သား/သမီး ဆိုတဲ့ သံယော ဇဉ်ကြိုးတွေ နဲ့ ခိုင့်ခန့်အောင် ပြန် ချည်နှောင်ရတယ် ။ ငါ ... ပညာ မတတ်လို့ ဆိုပြီး အားငယ်စိတ် မမွေးရဘူး ။ လောကဓံသင်ရိုးညွန်းတမ်း မှာတော့ ကိုယ်ချင်းစာတရား မွေးဖွားနိုင်ရင် အမေ့ သမီး စာတတ်ပါပြီကွယ် ”

ဒီလိုနဲ့ အမေ့ အဆုံးမတွေ ကြား သံယောဇဉ်တွေ ဂဟေဆက်လို့ ကိုဘုန်း နဲ့ ကျွန်မ ပြန်ပေါင်းထုတ်ခဲ့ပါတယ် ။

အခန်း ( ၃ )

ဒါပေမယ့် ကျွန်မ မှာ သူများတွေနဲ့ မတူ နှလုံးသား ကို စိုက်ထိုးထားတဲ့ အပိုဆူးတစ်ချောင်း ရှိနေတာပါ ။ ကလေးမလေး က ဘာမှ မသိရှာပေမယ့် ကျွန်မ သားသမီးတွေ နဲ့ တစ်တန်းတည်း မေတ္တာ မထားနိုင်တာ အမှန်ပါ ။ ဒါကြောင့် ကျွန်မ သူ့ ကို ကလေးမလေး လို့ သာ ခေါ်ခဲ့တယ် ။ သမီးလေး လို့ တစ်ခါမှ မခေါ်ခဲ့ဘူး ။ ကျွန်မ သားသမီးတွေ နဲ့ တစ်သားတည်း မထားချင်လို့ အခေါ်အဝေါ် က အစ ချိုးနှိမ့်ထားခဲ့တာပါ ။

အရွယ် ရောက်လာလေ ကိုဘုန်း နဲ့ တူလာလေ ။ ကျွန်မ ကလေးမလေး ကို ပိုမုန်းလာလေပါပဲ ။ ကျွန်မ စိတ်တိုင်း မကျတိုင်း ကလေးမလေး ကို အစာငတ်ခံထား တတ်တယ် ။ ဒါကြောင့် ကလေးမလေး မှာ အစာအိမ်ရောဂါ တွယ်ကပ်လာတဲ့ အထိ ကျွန်မ အကြင်နာတရားတွေ မဲ့ ခဲ့တယ် ။ အရွယ် ရောက်လို့ လှချင်ပချင် ဖြစ်နေတဲ့ ကလေးမလေး ကို အကြီးမ ရဲ့ အကျ အဝတ်ဟောင်းတွေ ဝတ်ဆင်ပေးလို့ ကလေးမလေး ရဲ့ အလှတွေ ချိုးနှိမ် ထားခဲ့တယ် ။ ကျွန်မ ရဲ့ အမုန်းတွေ ကို ကလေးမလေး က အမြဲ အပြုံးနဲ့ တုံ့ပြန့်လေ ကျွန်မ ပို မုန်းမိလေပါပဲ ။

ကလေးမလေး ရဲ့ အပြုံးတွေ က ပကတိ ဖြူစင်နေပြီး မြင်သူ ချစ်ခင်ပေမယ့် ကျွန်မ ကတော့ မချစ်ခင်ခဲ့ပါဘူး ။ ကျွန်မ ခိုင်းထားတဲ့ အလုပ်တွေနဲ့ မအားတဲ့ ကြား က ကလေးမလေး က အစစအရာရာ ကျွန်မသား / သမီးတွေ ထက် သာလွန် နေတတ်တယ် ။ ကလေးမလေး ရဲ့ အောင်မြင်မှု ကို ကျွန်မ အဆိပ်အတောက် လို့ ပဲ ထင်မြင်ခဲ့တယ် ။ မသိကျိုးကျွန် ပြုခဲ့တယ် ။ ကျွန်မ သား/သမီးတွေ ထက် သာလွန်သွားမှာ မလိုလားလို့ပါ ။ ကလေးမလေး က အေးချမ်းတဲ့ မေတ္တာတွေ ပေးလေ ကျွန်မ အတွက် တော့ ပူလောင်တယ်ပဲ ထင်နေမိတယ် ။

ကလေးမလေး ရဲ့ မေတ္တာတွေ နားလည်နိုင်တဲ့ တစ်နေ့ ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူးလို့ ကျွန်မ ထင်ခဲ့မိတယ် ။ ဒါပေမယ့် ကျွန်မ ရဲ့ ပူလောင်နေတဲ့ အမုန်းစိတ်တွေ ကို ကလေးမလေး ရဲ့ မေတ္တာတွေ က အေးချမ်း စေခဲ့တယ် ။

အဲ့ဒီ နေ့က ကောင်းကင်း တစ်ခုလုံး မဲမှောင်ကာ လေပြင်းတွေ တိုက်ခတ် နေခဲ့တယ် ။ သားနဲ့ သမီး ကို ဘော်ဒါဆော င်ပို့ထားချိန်မို့ ကျွန်မ နဲ့ ကလေးမလေး နှစ်ယောက်တည်း အိမ်မှာ ရှိတယ် ။

“ ရေဒီယို က ခု ကြေညာသွားတာ အမေ ။ အဖေ တို့ ဆီ မုန်တိုင်း က ဝင်တာတဲ့ ”

ကလေးမလေး စကားသံ က ကျွန်မ စိုးရိမ်စိတ်ကို ပို ကဲလာစေပါတယ် ။ ထိုင် မရ ထ မရ ကျွန်မ စိတ်တွေ ဂနာမငြိမ် ။

“ အဖေ သာ တစ်ခုခု ဖြစ်ရင် ဘယ်လို လုပ်မလည်း အမေ ။ အဖေ ဘာမှ မဖြစ်စေပါနဲ့ ... ဟီး ”

“ ဟဲ့ ကလေးမလေး ကျက်သရေ မရှိဘူး ငိုမနေနဲ့ ။ ပါးစပ်ပုပ်ကြီး နဲ့ လျှောက်ပြော မနေနဲ့ ။ ငါ ထရိုက်လိုက်ရ ”

ကလေးမလေး ကို မာန်မဲနေတုန်း အိမ်ရှေ့ မှ ခေါ်သံ ကြားလို နားစွင့် လိုက်မိတယ် ။

“ အစ်မရေ အစ်မ .... ”

ကိုဘုန်း တို့ ရုံးဝတ်စုံ နဲ့ လူငယ်တစ်ဦး ကို တွေ့လိုက်ရတယ် ။ ဒါကြောင့် ကျွန်မ မိုးရေကြီး ထဲ အဆောင်း မပါ ပြေးသွားမိတယ် ။ လူငယ်လေး က ပြောစရာ ရှိတဲ့ စကားတွေ အမှာ ပါးလို့ ကျွန်မ ရှေ့က ခပ်သုတ်သုတ် ထွက်ခွာသွားတယ် ။ မိုး က ပို သည်းလာတာကိုး ။

“ အစ်မကြီး ယောက်ျား က တိုက်ပိလို ဆေးရုံ ရောက်နေတယ် ။ အသက် အန္တရာယ် မစိုးရိမ်ရတော့ဘူးတဲ့ ။ ကိုဘုန်း နဲ့ တူတူ ရှိနေတဲ့ အမျိုးသမီး က ဘယ်သူ မှန်း မသိရသေးပေမဲ့ သတိ ပြန်မလည်လာတော့ဘူးတဲ့ ။ အစ်မကြီး စိတ်ပူနေမှာ စိုးလို့ ရုံးချုပ် က လာ ပြောခိုင်းတာ ။ အခြေနေ အသေးစိပ်ကို အဆက်သွယ် ထပ်ရရင် ထပ်ပြောပါမယ်တဲ့ ”

ကျွန်မ နုန်းချိသော ခြေလှမ်းများ ဖြင့် အိမ်ထဲ ပြန် ဝင်လာခဲ့မိတယ် ။ မိုက်ခနဲ ဖြစ်သွားတဲ့ ကျွန်မ ကို ကလေးမလေး က လှမ်း တွဲလိုက်တယ် ။

“ အမေ အဖေ ဘာဖြစ်လို့လည်း ဟင် ”

ကျွန်မ ကို တွဲထားရင်း ခပ်တိုးတိုး မေးလာတဲ့ ကလေးမလေး ကို စေ့စေ့ ကြည့်ကာ အမုန်းတရားတွေ သူမ အပေါ် ကျွန်မ သတိလက်လွတ် ပုံ ချလိုက်မိတယ် ။

“ ငါ့ ကို အမေ လို့ မခေါ်နဲ့အေ ။ ငါ ညည်း အမေ မဟုတ်ဘူး ။ ညည်း က အမျိုး ယုတ်လေး ..... ဂြိုလ်ဆိုးလေး ခုချက်ခြင်း ငါ့ မျက်စိ ရှေ့က ထွက်သွား ”

“ ဟီး ဟီး ဟင့် ဟင့် ဟီး ”

ကျွန်မ ရဲ့ အော်သံတွေ ကြား ရှိုက်ကြီးတငင် ငိုကြွေးနေတဲ့ ကလေးမလေး အသံတွေ က ကျွန်မ အခန်းတံခါး ပိတ်ထားလိုက်တာတောင် ကြားနေရတုန်းပါ ။ ကျွန်မ ကလေးမလေး ရှိုက်သံကို နားစွင့်နေရင်း မိုက်ခနဲ မူးဝေသွား ကာ ဘာကိုမှ သတိ မရတော့ ။

အခန်း ( ၄ )

“ အမေ ... အမေ ... အမေ ... ထပါဦး ”

တစ်စုံတစ်ဦး ရဲ့ ခေါ်သံနဲ့ ကျွန်မ ခန္ဓာကိုယ် ကို ထိတွေ့ လိုက်လို့ ကျွန်မ နိုးထ လာခဲ့မိတယ် ။ ကျွန်မ မျက်လုံးကို အားယူပြီး ဖွင့်ကြည့်လိုက်တော့ ဆန်ပြုတ်ပန်းကန်လေး ကို ကိုင်ကာ စိုးရိမ်တကြီး လှုပ်နှိုးနေတဲ့ ကလေးမလေး ကို တွေ့ လိုက်ရတယ် ။ ကျွန်မ နိုးလာတော့ မှ ကလေးမလေး က စိုးရိမ်မှုတွေ ပြေလျောသွားဟန် သက်ပြင်း ခပ်တိုးတိုး ချသံလေး ကြားလိုက်ရတယ် ။ ကျွန်မ နား မဝံ့မရဲ တိုးကပ်လာရင်း ခပ်တိုးတိုးလေး စကားတွေ ဆိုလာတယ် ။

“ အမေ .... နိုးလာပြီ ။ ပျော်လိုက်တာ အမေရယ် သမီး တစ်ညလုံး စိတ်ပူနေတာ ။ ည က အမေ အဖျားတွေ တက်နေလို့ သမီး ဘာ လုပ်ရမှန်း မသိဘူး ။ အဲ့ဒါနဲ့ အမေ့ အင်္ကျီတွေ လဲပေးပြီး ရေပတ်ဝတ် တိုက်ပေးနေတာ ။ ဒီမနက် မှ ဆရာဝန် သွား ပင့်ရတယ် ။ ည က ဘယ်ဆေးခန်း မှ မဖွင့်ဘူး အမေ ”

“ ကလေးမ ... ညည်းညည်း ... ညက တစ်ယောက်တည်း အပြင် ထွက်တယ်ပေါ့လေ ”

“ သမီး အပြင် ထွက်ချင်လို့ မဟုတ်ပါဘူး အမေရယ် ။ အမေ့ ကို စိတ်ပူလွန်းလို့ ဆေးခန်းတွေများ ဖွင့်ဦးမလားလို့ လိုက် ရှာတာပါ ”

“ ညည်း တစ်ခု ခုဖြစ်မှာ မစိုးရိမ်ဘူးလား အေ ။ ညည်း က အရွယ် ရောက်ပြီးသား မိန်းကလေး ဆိုတာ မမေ့နဲ့ ”

“ မစိုးရိမ်ပါဘူး အမေရယ် သမီး စိတ်ထဲ အမေ က အဓိကပါ ။ နောက်ဆို အမေရယ် သမီး ကို ဘယ်လောက်ပဲ စိတ်ဆိုးပါစေ အမေ့ သမီး မဟုတ်ဘူးလို့ တော့ ဘယ်တော့မှ ထပ် မပြောပါနဲ့တော့နော် အမေ ။ သမီး စိတ်ထဲ အရမ်း နာကျင်ရလို့ပါ ”

ကလေးမလေး ရဲ့ တစ်တွတ်တွတ် စကားပြောသံတွေ ကြား ဒီတစ်ခါ မျက်ရည် ကျမိတာကတော့ ကျွန်မ ပါ ။ ကျွန်မ ဆိုတဲ့ မိန်းမကြမ်းကြီး က လေ ကလေးမလေး လောက် တောင် စာနာစိတ် မထားနိုင်ခဲ့ပါလား ဆိုတဲ့ အသိလေးကြောင့်ပါ ။

“ ဪ ... ဒါနဲ့ အမေ အဖေ့ ရုံး က သတင်း ထပ်ရတယ် ။ အဖေ အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူးတဲ့ ။ ဒါပေမယ့် အဖေ့ ခြေထောက်တွေ တော့ လှုပ်ရှားလို့ မရတော့ ဘူးတဲ့ အမေ ရယ် ။ အဖေ့ ကို ခွင့်လွှတ်လိုက်ပါနော် အမေ ။ အဖေ့ ကို ပစ်မထား ပါနဲ့နော် ”

“ သူ့ အပြစ် သူ ခံရတာပဲအေ ။ ပစ်ထားလိုက် ”

ကျွန်မ နှုတ် ကသာ ပြောနေရပေမယ့် စိတ်ထဲ မသက်သာတာ အမှန်ပါ ။ ဒီလိုနဲ့ ကလေးမလေး ရဲ့ တိုက်တွန်းပြောဆိုမှုတွေကြောင့် ကျွန်မတို့ မိသားစု ပြန်လည် သာယာလာခဲ့ပါတယ် ။ အဲ့ဒီ အဖြစ်အပျက်တွေ ပြီး ကတည်း က ကျွန်မ ကလေးမလေး ရဲ့ မေတ္တာတွေ ကို ခံစားတတ်လာခဲ့ပါတယ် ။ ဒါကြောင့် ကျွန်မ ကလေးမလေး ကို သမီးလေး ပြောင်းခေါ်နိုင်ခဲ့ပြီး ငယ်ငယ် က မဖြည့် ပေးခဲ့ရတဲ့ မိခင် တစ်ယောက် ရဲ့ နွေးထွေးကြင်နာမူတွေ ဖြည်းဆည်း ပေးနေမိတယ် ။

ကျွန်မ ရဲ့ ပြောင်းလဲမှုတွေ ကြောင့် ကလေးမလေး ပျော်ရွှင်နေတာ မြင်ရတိုင်း ကျွန်မ ရင်ထဲ အေးမြစေတာ အမှန်ပါ ။

“ ဗွမ်း .... ဗွမ်း ... ဗွမ်း ..... ”

“ မိန်းမ .... ရေနွေးအိုးကြီး ဆူ နေပြီလေ ”

ရုတ်တရတ် ထွက်ပေါ်လာတဲ့ ကိုဘုန်း အသံကြောင့် ကျွန်မ အတိတ်ကာလ က ရုန်းထွက်လို့ ကပျာကယာ ရေနွေးအိုးကြီး ကို မီးဖို ပေါ်မှ ချလိုက်မိတယ် ။

“ ကျွန်မ အတွေး လွန်သွားတာ ကိုဘုန်း ရေ ။ သမီးလေးတို့ ထမင်း ဆာနေတော့မယ် ။ ကျွန်မ ထမင်းပွဲ ပြင်ဦးမယ် ”

ကျွန်မ မျက်ရည်စတွေ ကို ကိုဘုန်း မမြင်အောင် ခပ်ဖွဖွ သုတ်ပြီး ထမင်းပွဲ ပြင်နေမိတယ် ။ ကိုဘုန်း ကတော့ ဇဝေဇဝါ အကြည့်တွေ နဲ့ ကျွန်မ ကို ငေးကြည့်နေတယ် ။

ခုဆို ကျွန်မ ရဲ့ ကြင်နာမူတွေ ကြောင့် ကိုဘုန်း ရဲ့ လောကဓံရဲ့ ပြစ်ဒဏ် တွေကြောင့် ကျိုးကြေခဲ့ရတဲ့ ခြေထောက်တွေ ချိုင်းထောက်လေး အကူအညီ နဲ့ လမ်းပြန် လျှောက်နေနိုင်ပြီလေ ။ သမီးလေး လည်း ကိုယ့် ဘဝ နဲ့ ကိုယ် ပျော်နေကြပါပြီ ။ ကျွန်မ ချက်တဲ့ ထမင်းဟင်း ကို မြိန်လျက်စွာ စားနေတဲ့ သားအဖ နှစ်ယောက် ပန်းကန် ထဲ ပုစွန်ထုတ်လေး ခပ်ထည့် ပေးလိုက်တယ် ။

အဲ့ဒီအချိန်လေး ခဏ ကျွန်မ စိတ်ထဲ အေးချမ်းနေတာ အမှန်ပါ ။ တစ်ချိန်က အမေ ပြောခဲ့ဖူးတဲ့ စကားလေးကို ကျွန်မ ယုံကြည်လိုက်မိပါတယ် ။ ကျွန်မ နှလုံးသား ထဲမှ ခပ်တိုးတိုးလေး ရေရွတ်လိုက်မိတယ် ။

“ လောကဓံ သင်ရိုးညွှန်းတမ်း မှာ မိအေးချမ်း စာတတ်ပြီ အမေရယ် ” လို့ပေါ့ ။

▣  မေဂျိုးငယ်
📖 တစ်ယောက် တစ်ဘဝ ( ၂ )

No comments:

Post a Comment