Friday, March 21, 2025

မနေ့က လရောင်အောက်မှာ ( ၁၁ ) ( ၁၂ )


 

အခန်း ( ၁၁ )

ဆရာကိုဖုန်းဝေ ၏ အနီးကပ် သင်္ချာသင်တန်း သည် ရက်ပိုင်းအတွင်း ကျောင်းသားများ နှင့် ပြည့်ကျပ် သွားသည် ။ ဆရာ ပြန်ရောက်လာပြီ ၊ အရက် လဲ ပြတ်သွားပြီ ၊ သင်္ချာ ကို ဖိသင်ပေး နေသည် ဟူသော သတင်း မှာ တောမီး လို ပျံ့နှံ့သွားသည် ။

ဆရာ နှင့် ဆရာမကြီးတို့ သည်နှစ် နွေတွင် လက်ထပ်ကြတော့မည် ဟူသော သတင်း မှာ လည်း တစ်ယောက် တစ်ခွန်းဖြင့် တီးတိုး ပျံ့နှံ့လျက်ရှိပြန်၏ ။

ယခုတော့ ညနေ ကျောင်းဆင်းချိန် တွင် ကိုဖုန်းဝေ သည် ကျူရှင် သင်တန်း မဝင်မီ တင်တင်ဝေ ထံ အပြေးကလေး ရောက်သွားတတ်သည် ။ ကျူရှင်သင်တန်း ပြီးလျှင် တင်တင်ဝေ ၏ အိမ်တွင် ညစာထမင်းများ စားမြဲ ဖြစ်၏ ။ တင်တင်ဝေ က ထမင်းပွဲ ဖြင့် သူ ကိုယ်တိုင် မစားသေးဘဲ စောင့်နေမြဲ ဖြစ်သည် ။

အရက်ဖြတ် ထားသော အရှိန်ကြောင့် ခွန်အား ဆုတ်ယုတ်နေသော ကိုဖုန်းဝေ သည် နံနက် ရော ည ပါ မနားမနေ အားစိုက်ခွန်စိုက် စာသင်ကြား ရသဖြင့် တစ်နေ့တခြား ပန်းလျလာလေသည် ။ စိတ် က ဆောင် နေသဖြင့် သူ့ ကိုယ် သူ သတိ မထား မိသော်လည်း ခါတိုင်းလို မဟုတ်ဘဲ သင်္ချာ တစ်ပုဒ် ကို စိတ်ပါလက်ပါ ပြပြီးတိုင်း မောဟိုက် နေသဖြင့် ခေတ္တခဏ နားနေရသည် ကို ကျောင်းသားများ သတိထားမိ၏ ။

စာမေးပွဲ က ရက်ပိုင်းမျှသာ လိုတော့သဖြင့် သင်တန်း ကို လည်း မလျှော့နိုင်ပေ ။ သူ ၌ ကလေးများ ပေါ် အကြွေး ရှိနေသည်ဟု ကိုဖုန်းဝေ က ခံစားမိ၏ ။

•••••   •••••   •••••

တစ်ညတွင် ဆရာကိုဖုန်းဝေ စာသင်ပြ နေရင်း မူးဝေလဲကျ သွားပါသည် ။ သတိ ပြန် မရပါ ။ ကျောင်းသားများ က ဝိုင်းဝန်း ပွေ့ချီ၍ တိုက်နယ်ဆေးရုံ သို့ ယူဆောင် သွားကြရသည် ။

တိုက်နယ်ဆေးရုံ တာဝန်ခံ ဆရာဝန် မှာ ကိုဖုန်းဝေ ၏ တပည့်ဟောင်း မစန်းရီ ဖြစ်ပါသည် ။ ဒေါက်တာမစန်းရီ ၏ ခင်ပွန်း ဒေါက်တာမျိုးလွင် သည် ပဲခူးဆေးရုံ ၌ လက်ထောက်ဆရာဝန် အဖြစ် အမှုထမ်း နေသည် ။

ဒေါက်တာမစန်းရီ သည် ချက်ချင်းပင် အရေးပေါ် ကုသမှုကို ပြုသည် ။ ဆရာကိုဖုန်းဝေ သည် သတိ ပြန်ရလာသော်လည်း ရောဂါ က လွယ်လွယ်ကူကူ ကုသ၍ မဖြစ်နိုင်ကြောင်း ဒေါက်တာမစန်းရီ က ရိပ်မိပါသည် ။ ထို့ကြောင့် စိုးရိမ်တကြီး စောင့် နေသော ကျောင်းသားများ ကို ပြန်လွှတ်ပြီး ကျန်ရစ်သော ဆရာမကြီး နှင့် တင်မောင် အပါအဝင် တပည့်ဟောင်း သုံးလေးယောက် ကို ဆေးရုံရုံးခန်း ၌ ရှင်းပြရသည် ။

“ ဆရာ့ ရောဂါ က အသည်း နဲ့ ပတ်သက်နေတယ် .. ဆရာမကြီး ၊ အသည်းရောင်တဲ့ ရောဂါ လို့ ကျွန်မ ထင်တယ် ။ ဒါကြောင့် ရန်ကုန်ဆေးရုံကြီး ကို သွားရင် ကောင်းမယ် ”

အားလုံး ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည် ။

နောက်နေ့ ချက်ချင်း ဆရာ့ အား ရန်ကုန်ဆေးရုံ သို့ ပို့ရန် စီစဉ်ကြသည် ။ ဒေါက်တာမစန်းရီ က ဦးစီးဦးဆောင် ပြု၍ ခေါ်သွားသည် ။ လူနာ ကို ပြုစုစောင့်ရှောက်ရန် မောင်တင်မောင် လိုက်ပါသွားမည် ဖြစ်သည် ။

နောက်နေ့တွင် ဘူတာရုံ သို့ တင်တင်ဝေ ကိုယ်တိုင် လိုက်ပို့ပါသည် ။ ယခုနှစ်မှ ဆယ်တန်းစာမေးပွဲ စာစစ်ဌာန အသစ်အဖြစ် စမ်းဝတီ အထက်တန်းကျောင်း က ရသည်မို့ ရက်ပိုင်းသာ လိုတော့သော စာမေးပွဲ ကိစ္စ ကြောင့် တင်တင်ဝေ ရန်ကုန် သို့ မလိုက်ပါနိုင်ပေ ။ စာမေးပွဲကြီး ပြီးမှ လိုက်ပါသွားမည် ဟု အားခဲထားရ၏ ။

ကိုဖုန်းဝေ သည် ရထား ထွက်သည် အထိ ပြုံးပြုံးရွှင်ရွှင် ဖြင့် တပည့် နှစ်ယောက် ခြံရံကာ ပါသွားလေသည် ။ ဒေါက်တာမစန်းရီ ပြန် ရောက်လာတော့ တစ်မြို့လုံး က စုံစမ်း မေးမြန်းကြ၏ ။

ဆရာ့ ရောဂါအမှန် ကို သေချာစွာ မသိရသေး ၊ စမ်းသပ်စစ်ဆေးဆဲ ဖြစ်သည် ။ သို့သော် ဆရာ့ အတွက် ကံကောင်းသည် မှာ ဆရာ့ အား တာဝန်ယူ ကုသနေသော ဆရာဝန် မှာ ဆရာ ၏ ငယ်သူငယ်ချင်း အထူးကုဆရာဝန်ကြီး ဖြစ်သည် ။

ဆေးရုံ၌ အထူးခန်းတွင် သီးသန့် ထား၍ ကုသနေ၏ ။ နေရေးထိုင်ရေး အဆင်ပြေသည် ။ မောင်တင်မောင် က နေ့ရောညပါ ဆရာ့ အနား၌ နေ၍ ပြုစုနေသည် ။ ရန်ကုန် ရှိ တပည့်ဟောင်းများ ကလည်း လာကြပါသည် ။ အစစအရာရာ အဆင်ပြေအောင် ကူညီကြပါသည် ဟူသော သတင်း ကို သာ ကြားရလေသည် ။

တင်တင်ဝေ မှာ ရန်ကုန် သို့ သွားနိုင်မည့် ရက်ကိုသာ လက်ချိုး၍ နေရသည် ။

•••••   •••••   •••••

“ တင်မောင် ”

ကိုဖုန်းဝေ က ခုတင် ပေါ်မှ ထ ထိုင်ရင်း လှမ်း ခေါ်လိုက်သဖြင့် ခုံတန်းလေး တွင် မဂ္ဂဇင်း ထိုင် ဖတ်နေသော တင်မောင် က အလန့်တကြား ခုတင်နား ကပ်လာ၏ ။

“ ဓာတ်မှန် ဒီနေ့ ရမယ်ဆို မပြသေးဘူးလားကွ ”

“ မပြသေးဘူး ဆရာ ၊ မနက်က ဆရာ့ သူငယ်ချင်း ဆရာဝန် ကတော့ ပြောသွားတာပဲ ။ ဆရာ့ ကို သူ နောက်ဆုံးပေါ် ဆေးတွေ ထိုးပေးနေတယ် လို့ ”

“ အေး …. သူကတော့ အားရှိအောင် ပြောသွားတာပဲကွ ။ ထိုး လိုက်တဲ့ ဆေးတွေ ကလည်း တော်တော် နာတယ်ကွာ ။ ငါ့ ဗိုက် ကလဲ တဖြည်းဖြည်း ဖောင်းလာပြီ ။ ငါ တော့ တယ် မထင်ပါဘူး ”

“ စိတ်မလျှော့ပါနဲ့ ဆရာ ၊ သူငယ်ချင်း ကိုယ်တိုင် က ပါရဂူပဲ ဥစ္စာ ။ ဆရာ့ ကို သူ ရအောင် ကုမှာပေါ့ ”

“ အေး … ဒါတော့ ဒါပေါ့ကွာ ၊ မင်း ဆရာမကြီး တော့ မြို့မှာ ပဋာမြေလူး ဖြစ်နေတော့မှာပဲ ။ နောက် သုံးရက် ဆိုရင် စာမေးပွဲ ပြီးပြီကွ ၊ သူ လာမှာ ”

“ ဟုတ်တယ် ဆရာ … ဆရာမကြီး ဘူတာရုံ မှာ ဣန္ဒြေပျက် နေတာ လူတိုင်းသိတယ် ။ ဆရာတို့ က အခုလို အဆင်ပြေပြီး ဆရာမကြီး လည်း ပျော်နေမှ ဆရာ့ ရောဂါက ဖောက်လာတာ ဆိုးတယ်နော် ”

“ အကောင်း နဲ့ အဆိုး ဟာ ဒွန်တွဲ နေမြဲပဲကွ ။ ငါ ပျောက်မှာပါ ။ သူ့ ကို ငါ ပျော်အောင် တစ်သက်လုံး ပြုစုမယ်ကွာ ”

“ ဒါနဲ့ … ဆရာ … ဟိုတုန်းက ဆရာတို့ နှစ်ယောက် ဘယ်လို ဖြစ်ကြတာလဲ ကျွန်တော်တို့ ဆယ်တန်း မှာ ကတည်း က ဆရာတို့ အဆင်ပြေ မလိုလိုနဲ့ ”

“ မပြေခဲ့ပါဘူးကွာ .. တစ်လွဲမာနတရားတွေ က ငါတို့ နှစ်ယောက် ဒုက္ခ ရောက်အောင် ပို့ပေးခဲ့ သလိုပဲ ။ ငါက မင်းတို့ ဆရာမကြီး ကို အနားကပ် နေပြီး နှိပ်စက်သလို ဖြစ်ခဲ့တာကိုပဲ ယူကျုံးမရ ဖြစ်မိပါတယ် ။ ဒါကလဲ ခက်သားကလား ။ သူ့ အနား ကလည်း ငါ က မခွာနိုင် ၊ ပြီးတော့ ကျောင်းသားတွေ အပေါ် လည်း သံယောဇဉ် က တွယ်လာတော့ မြို့က မခွာနိုင်ဘူးပေါ့ကွာ ”

“ ကျောင်းဆရာ တစ်ယောက် ဆိုတာ မြေဖြူ ကို ကိုင်ပြီး ကျောက်သင်ပုန်းကို စ ထိမိပြီ ဆိုရင် ဆရာ ဘဝ က ကျွတ်လွတ်ဖို့ မလွယ်တော့ဘူးမှတ် ။ ငါ့ ဘဝ ကိုယ်တွေ့ ပဲ ။ ဘယ်တုန်းက မှ ဆရာ လုပ်ဖို့ မရည်ရွယ်ခဲ့ဘူး ။ ဝေ့ ကို ချစ်တဲ့ စိတ်နဲ့ မြေဖြူ ကိုင်ဖြစ်သွားတာပဲ ။ ဟော .. “ ဆရာ ” လို့ တပည့်တွေ က ခေါ်လိုက် သမုတ်လိုက် ပြီးတဲ့ နောက်တော့ သံယောဇဉ် ဆိုတာ တွယ်သွား တော့တာပဲဟေ့ ”

ကိုဖုန်းဝေ က မောလာ သဖြင့် ၊ ခေတ္တ စကား ရပ်လိုက်သည် ။ မောင်တင်မောင် က ရေဖန်ခွက် လှမ်း ပေးသဖြင့် တကျိုက် နှစ်ကျိုက် ယူသောက် လိုက်၏ ။

“ ဒီလိုပေါ့ကွာ ၊ အကြောင်းတရား ဆိုတာ မမျှော်လင့်ဘဲနဲ့ ဖြစ်ကြပျက်ကြတာပါပဲ ။ မင်း ဆရာမကြီး နဲ့ ငါဟာ … ”

ဤသို့ဖြင့် ဆရာကိုဖုန်းဝေ သည် ဆေးရုံ ပေါ်မှ နေပြီး လွမ်းလွမ်း ဆွေးဆွေး အတိတ်ဇာတ်ကြောင်း များကို ဖောက်သည်ချ နေမိလေသည် ။

•••••   •••••   •••••

တင်တင်ဝေ ရန်ကုန် ဆေးရုံကြီး သို့ ရောက်လာသော အချိန်တွင် ကိုဖုန်းဝေ ၏ ရောဂါဇာစ်မြစ် ကို ဆရာဝန်များ သိရှိ နေကြပြီ ဖြစ်ပါသည် ။

ကိုဖုန်းဝေ ၏ အသည်း ၌ ကင်ဆာရောဂါ စွဲကပ်နေပြီ ။ ရောဂါ မှာ ကျွမ်းနေပြီ ။ ဆေးကု၍ မရနိုင်တော့ပါ ။ အသက်ရှင် နေထိုင်နိုင်ရေး မှာ ရက်ပိုင်းမျှသာ အခွင့်အရေး ရှိပါသည် ။ အလွန်ဆုံး တစ်လ မျှ သာ ခံမည် ။ မည်သို့ လုပ်ကြမည်နည်း ။ တင်တင်ဝေ မှာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားသည် ။ ဘာလုပ်ရမှန်း မသိ ဖြစ်သွားသည် ။ ကာယကံရှင် ကမူ မသိရှာပေ ။

“ ဝေ ပင်ပန်းလာတယ် မဟုတ်လား ။ တည်းခိုတဲ့ အိမ် မှာ ပြန်နားပါ ။ညနေ မှ လာခဲ့ပေါ့ ”

ကိုဖုန်းဝေ က တင်တင်ဝေ ကို ဆေးရုံ ကနေ ပြန်ဖို့ ပြောသည် ။

“ ဟင့်အင်း ဝေ မပင်ပန်းဘူး ။ ကိုဖုန်း နား မှာ အမောဖြေလို့ ရတယ် ”

တင်တင်ဝေ က ဇွတ် နေသည် ။ ထိုစဉ် သူငယ်ချင်း တစ်စု ရောက်လာ သဖြင့် ရယ်ရယ်မောမော ပြောကြဆိုကြ၏ ။ လူမမာ သည် ရွှင်ရွှင်မြူးမြူး ဖြစ်နေသောကြောင့် ဆရာဝန် များ ပြောတာ မဟုတ်ပါစေ နှင့် ဟု တင်တင်ဝေ က ဆုတောင်း မိသည် ။ ညပိုင်း ရောက်တော့ လူမမာ ဝေဒနာ ပြင်းထန်လာ၏ ။ စကား ကောင်းကောင်း မ ပြောနိုင်တော့ချေ ။

တင်တင်ဝေ ၏ ဆုံးဖြတ်ချက် နှင့် ကိုဖုန်းဝေ အား စမ်းဝတီ သို့ ပြန်ခေါ်လာကြ ပါသည် ။

တင်တင်ဝေ က ဇွတ်တရွတ် ပင် သူ့ အိမ် သို့ ခေါ်ဆောင် သွားသည် ။ ကိုဖုန်းဝေ ကလည်း သူ့ ရောဂါ အခြေအနေ မှန် ကို ရိပ်မိလာပါသည် ။ ဆရာဝန် က အိမ်မှာ ပြန် နားပြီး ဆေးစားပါ ၊ သောက်ဆေးများ ပေးလိုက်မည် ၊ မြို့ က ဆရာဝန် နှင့် ထိုးပေးရန် ဆေးများ ညွှန်ကြားလိုက်မည် ဟု ဆိုစဉ် ကတည်း က မိမိ ရောဂါ မှာ ကုစား၍ မရနိုင်တော့ကြောင်း ရိပ်မိပြီး ဖြစ်၏ ။

အိမ်သို့ လူမမာ ရောက်လာပြီး နောက် တစ်နေ့တွင် တင်တင်ဝေ သည် ဆရာဆရာမများ နှင့် မြို့က လူကြီးများ ကို ဖိတ်ကြားလိုက်သည် ။ သူ နှင့် ကိုဖုန်းဝေ တို့ ၏ လက်ထပ်ခြင်း ကို အသိအမှတ် ပြုပေးပါရန် ပန်ကြားပြီး တပည့်များ ၏ အကူအညီ နှင့် ကျွေးမွေး ဧည့်ခံ၏ ။

သတို့သား မှာ အိပ်ရာ ထဲ၌ ပက်လက် ဖြစ်နေသဖြင့် ဧည့်သည်လူကြီးများ မှာ စိတ်မကောင်း ဖြစ်ကြရလေသည် ။ ဤနည်းဖြင့် ထူးဆန်းသော မင်္ဂလာလက်ထပ်ပွဲ ကို ဆင်နွှဲလိုက်ပါသည် ။

•••••   •••••   •••••

အခန်း ( ၁၂ - ဇာတ်သိမ်း )

“ ဝေ ရယ် အလောင်းကောင် ကို သတို့သား လုပ်ပြီး ဘာကြောင့် လက်ထပ် ရတာလဲ ”

ကိုဖုန်းဝေ က အိပ်ရာ ပေါ်တွင် ခေါင်းအုံး ကို မှီပြီး အနား ၌ မိမိ နဖူး မှ ချွေးများ ကို တယုတယ သုတ်ပေး နေသော တင်တင်ဝေ ကို ပြောလိုက် သည် ။

“ ဒီနွေ ကျောင်းပိတ်ရင် ဝေတို့ လက်ထပ်မယ် လို့ ပြောထားပြီးသား ၊ သဘောတူပြီးသား မဟုတ်လား ။ ကိုဖုန်း က အလောင်းကောင် မှ မဟုတ်ပဲ ။ လူမမာ ဆိုတာ ဆေးကု ပြီးရင် လူကောင်း ပြန် ဖြစ်မှာပဲ ဥစ္စာ ”

“ ဟန် မဆောင်ပါနဲ့ ဝေ ၊ ကျွန်တော် သိပါတယ် ။ ဝေ ဟာ အရင်လိုပဲ ဇွတ်တရွတ်ကလေးပဲ ။ မနက်ဖြန် ဆိုရင် ဝေ မုဆိုးမ ဖြစ်တော့မယ် ”

“ အို … နိမိတ်မရှိ နမာမရှိ မပြောစမ်းပါနဲ့ ။ ကဲပါ ဒီနေ့ပဲ လက်ထပ် ပြီးစီးကြောင်း သူငယ်ချင်းတွေ သိရအောင် သတင်းစာ ထဲ ထည့်ရမယ် ။ စာစီရအောင် ”

“ ဒီလိုဆိုရင် ကျွန်တော့် နာမည် ဘေးမှာ ဘီအက် ( စ် ) စီ လို့ ထည့်လိုက်ပါ ”

တင်တင်ဝေ က ကိုဖုန်းဝေ ကို နားမလည်သော မျက်နှာဖြင့် ငေးကြည့် နေ၏ ။

“ မောင်တင်မောင် ယူ လာတဲ့ သေတ္တာ ထဲမှာ စာအိတ်ညို တစ်ခုရှိ တယ် ။ အဲဒါ ထုတ်ယူပေးပါ ဝေ .. ”

တင်တင်ဝေ က စာအိတ်ညို ကို ထုတ်ယူ လာပြီး ကိုဖုန်းဝေ သို့ ကမ်းပေးသည် ။ ကိုဖုန်းဝေ က စာအိတ် တွင်းမှ အောင်လက်မှတ် တစ်ခု ကို ထုတ်၍ တင်တင်ဝေ ကို ပေးလိုက်၏ ။

ကိုဖုန်းဝေ ၏ အဝေးရောက် အဖြစ် ထုတ်ယူထားသော ဘီအက် ( စ် ) စီ အောင်လက်မှတ် ဖြစ်နေသည် ။ တင်တင်ဝေ ၏ လက်များ မှာ တုန်နေသည် ။

“ ကိုဖုန်း ... ဒါ … ဒါ … ဘယ်တုန်း .. ”

ကိုဖုန်းဝေ က ယဲ့ယဲ့ကလေး ပြုံး၍ တင်တင်ဝေ ကို လက်ကာ ပြလိုက်၏ ။

“ ကျွန်တော် မော်လမြိုင် ပြန်မယ် ဆိုပြီး ထွက် သွားတဲ့ နွေတုန်းက ဇွန်လ မှာ ဖြေခဲ့ပါတယ် ။ ဝေ့ ဆန္ဒ ကို အဲဒီ ကတည်း က လိုက်လျောခဲ့ပါတယ် ”

“ ကိုဖုန်း ရယ် ၊ ဘာဖြစ်လို့ ဝေ့ ကို အသိ မပေးတာလဲကွယ် ”

တင်တင်ဝေ သည် သတိတရား ကင်းလွတ်စွာ ကိုဖုန်းဝေ ၏ ရင်ဘတ် ပေါ်သို့ မျက်နှာ အပ်၍ ကိုဖုန်းဝေ ကို ဖက် ထားလိုက်၏ ။

“ ကျွန်တော့် ကို ခွင့်လွှတ်ပါ ”

ကိုဖုန်းဝေ က မောနေ သဖြင့် အသက် ကို ဖြည်းဖြည်း ရှူရင်း ပြော လိုက်သည် ။

အခန်း အပြင်ဘက် ဝရန်တာ တွင် မောင်တင်မောင် တို့ ၊ မလေးခင် တို့မှာ ကျိတ်၍ ငိုရှိုက် နေကြလေသည် ။

ကိုဖုန်းဝေ က တင်တင်ဝေ ၏ ရင်ခွင်တွင်းဝယ် နွမ်းလျလျ မှီနေ၏ ။

“ ဝေ အိပ်ရေးပျက်နေပြီ ”

“ မပျက်ပါဘူး ။ ကိုဖုန်း သာ သက်သာအောင် နေပါ ”

“ ရင် ထဲ ဗိုက်ထဲ က သိပ်ပူတာပဲ ”

“ စကား မပြောနဲ့နော် ၊ ငြိမ်ငြိမ်ကလေး နားနေလိုက် နော် ”

“ ဝေ့ ကို မွှေးချင်တယ် ၊ ဒီတစ်ခါတော့ အရက်နံ့ မရစေရပါဘူး ”

တင်တင်ဝေ သည် မချိပြုံး ပြုံး၍ ကိုဖုန်းဝေ မျက်နှာ မှီရာ နားသို့ မိမိ မျက်နှာ ကို ငုံ့ပေး လိုက်သည် ။ ထို့နောက် ကိုဖုန်းဝေ ၏ ချိုင့်ဝင် နေသော ပါးကလေး ကို တယုတယ မွှေးလိုက်၏ ။

“ ဝေ ဟိုတုန်းက ပြောဖူးတယ် ၊ မှတ်မိလား ဟင် ။ ချစ်ရေစင် ဇာတ်ကား ရဲ့ နောက်ဆုံးခန်း မှာ မေရှင် ပြောသွားတဲ့ စကားလေ ။ အခု ပြောပြပါ လား ”

“ ဟင့်အင်း …ဝေ မပြောချင်ဘူးကွယ် ”

“ ကျွန်တော် ပြောပြမယ် ၊ အလွတ်တော့ မရဘူး ။ ဟိုလေ ... ကံ့ကော်ပင်ကြီး ဟာ ရေ မရှိရင် အသက် မရှိနိုင်သလိုဘဲ ၊ လူ ဟာလဲ အချစ် မရှိ ရင် … ”

တင်တင်ဝေ က ကိုဖုန်းဝေ ၏ နှုတ်ခမ်း ကို သူ ၏ လက်ကလေးနှင့် အသာ ပိတ်လိုက်၏ ။

“ ကိုဖုန်း မောနေမယ် ၊ တော်တော့ ”

“ ကျွန်တော် ဂီတာ တီးချင်တယ် ”

“ နေကောင်းတော့ တီးပေါ့နော် ။ ဟုတ်လား ”

“ အပြင်မှာ လသာ နေသလား ဟင် .. ”

“ သာနေပါတယ်ကွယ် ။ သာနေပါတယ် ”

တင်တင်ဝေ က ငိုသံ မပါအောင် ထိန်း၍ ပြောနေရပါသည် ။

•••••   •••••   •••••

နောက်နေ့ နံနက်လေးနာရီ တွင် ဆရာဦးဖုန်းဝေ အသက်ရှူ ရပ်၍ ခန္ဓာငြိမ်းပါသည် ။

•••••   •••••   •••••

ဆရာမကြီး ၏ အနားတွင် ကျွန်တော်တို့ တပည့်များ ဝိုင်း ထိုင်နေကြ၏ ။

ဆရာမကြီး သည် နံရံ ကို မှီလျက် ၊ ကျုံ့ကျုံ့ကလေး ထိုင်နေသည် ။ နွမ်းနယ် ပန်းလျသောသဏ္ဌာန် က မျက်နှာ တွင် အထင်းသား တွေ့နေရ၏ ။

မလေးခင် က ကော်ဖီပန်းကန် ကို ဗန်း နှင့် ထည့်၍ ဆရာမကြီး ရှေ့ တွင် ချပေးသည် ။ ဆရာမကြီး က ဘေးသို့ ဖယ်လိုက်၏ ။ မည်သည့် အစာ မျှ မစားသည် မှာ သုံးရက် ရှိပြီ ဖြစ်ရာ တပည့်များ က စိုးရိမ် နေကြ၏ ။

“ ကော်ဖီ လောက်တော့ သောက်မှ ဖြစ်မယ် ဆရာမကြီး ”

ဒေါက်တာ မစန်းရီ က ဝင်ပြောပြီး ကိုယ်တိုင် ကော်ဖီပန်းကန် ကို ကိုင်ကာ ဆရာမကြီး ကို ကမ်းပေးသည် ။ ဆရာမကြီး က မစန်းရီ ကို တစ်ချက် ငဲ့ကြည့်ပြီး ကော်ဖီ ကို တစ်ကျိုက် နှစ်ကျိုက် ယူ သောက်လိုက်၏ ။ ထို့ နောက် ပန်းကန် ကို ချထားလိုက်ပြန်သည် ။

“ မင်းတို့ ဆရာ က လက်ဖက်ရည် သိပ် ကြိုက်တာ ”

အသံ တိုးညင်းစွာ ဆရာမကြီး နှုတ် မှ ထွက် လာသည် ။ ဤ တစ်နေ့လုံး ပထမအကြိမ် ပြောသော စကား ဖြစ်ပါသည် ။ ဤသို့ စကား ပြောနေ လျှင် အတွင်း ဝေဒနာခံစားရမှု သက်သာမည် ဟု ကျွန်တော်တို့ က ယူဆ ကြပါသဖြင့် ဆရာမကြီး စကား ပြောရန် ၊ ဖန်တီးရမည် ဖြစ်၏ ။

“ ဟုတ်တယ် ။ ဆရာ က တစ်နေ့ ကို လက်ဖက်ရည် ခြောက်ခွက် လောက် သောက်တယ် ”

တင်မောင် က ဝင် ထောက်လိုက်၏ ။

“ သူ့ ကို ဆရာမ ဒီ ခေါ် လာပြီး အသက်တိုအောင် လုပ်လိုက်သလို ဖြစ်နေပြီ ”

“ ဒီလိုတော့လည်း ဘယ် ဟုတ်မလဲ ဆရာမကြီး ရယ် ၊ ကျွန်တော် တို့တတွေ နှစ်ချင်းပေါက် ဆယ်တန်း အောင်ခဲ့တာ ဆရာ့ ကျေးဇူးကြောင့် ပေါ့ ။ ဆရာ သာ အဲဒီတုန်းက ဒီ မြို့လေး ကို ရောက် မလာရင် ကျွန်တော်တို့ ဘယ် အောင်ပါ့မလဲ ”

ဆရာမကြီး သည် စကား တစ်လုံးမျှ မဟခဲ့ဘဲ နှုတ်ဆိတ် နေခဲ့ရာမှ ယခုကဲ့သို့ စကားများ ပြောလာသောအခါ ကျွန်တော်တို့ စိတ် အနည်းငယ် အေးရပါသည် ။

ဆရာမကြီး က “ မင်းတို့ ဆရာ ဟာလေ … ” ဟု ၊ အစချီကာ တိုးညင်းသော လေသံဖြင့် တစ်လုံးချင်း ဆရာ့ အကြောင်းများ ကို သူ့ ဘာသာသူ ပြောသလို ဖြင့် ပြောပြနေလေရာ ကျွန်တော်တို့ အားလုံး တုတ်တုတ် မျှ မလှုပ်ဘဲ နားထောင်နေကြရသည် ။

မိုးအနည်းငယ် ချုပ်လာသော အခါ ဒေါက်တာမစန်းရီ တို့ ဇနီးမောင်နှံ က ဆရာမကြီး အား အနားယူရမည် ဟု ပြောပြီး အိပ်ဆေး ကို ဇွတ်တိုက် ကြ၏ ။ ဆရာမကြီး က ပထမ ငြင်းဆန် သော်လည်း တပည့်တို့ ကို အလို လိုက်သည့် သဘောဖြင့် သောက်ပါသည် ။ ထို့နောက် မလေးခင် နှင့် မစန်းရီ တို့က အိပ်ခန်းတွင်း သို့ ဆရာမကြီး အား တွဲပို့ကြ၏ ။ ထို့နောက် ဆရာမကြီး အနားတွင် ဆရာမကြီး အိပ်ရာ တွင် မှိန်းနေခိုက် စောင့်ပေး နေကြလေသည် ။

ကျန်ရစ်သော တပည့်များ က အိမ်ရှေ့ ယာယီမဏ္ဍပ် အောက်သို့ ထွက်လာကြ၏ ။ သူငယ်ချင်းများ စုဝေး၍ ထိုင်လိုက်ကြပါသည် ။ လက်ရှိ တပည့်များက ဧည့်ခံရေးကိစ္စများ ကို တာဝန်ယူကြရာ အခြား မြို့ခံ ဧည့်သည်များကို ပါ ဆေးလိပ် ၊ လက်ဖက်ရည်ကြမ်း ၊ ဂျင်းသုပ် တို့ဖြင့် ဧည့်ခံနေကြပါသည် ။

ကျွန်တော်တို့ သည် ငယ် သူငယ်ချင်းများ ဖြစ်ကြသည့် အားလျော်စွာ ဆယ်တန်းကျောင်းသား ဘဝ က အဖြစ်အပျက်များ ကို ပြန်လည်စားမြုံ့ ပြန်ကြသည် ။ မျိုးလွင် က မစန်းရီ ကို ဘယ်လို နောက်ပိုးခဲ့ကြောင်း မှ အစ မလေးခင် ကို ယခုတိုင် ကျွန်တော် ၏ မအောင်မြင်သေးသော ကိစ္စ များအထိ ထွေရာလေးပါး ပြောဆိုနေကြတော့သည် ။

နောက်ဆုံးတော့ ဆရာ့ အကြောင်း ကို ပြန်လည် ဦးတည် မိကြပြန် ၏ ။ ထိုအခါတွင် တင်မောင် သည် ဆရာ့ ဇာတ်လမ်းဆုံး တိုင် ဖောက်သည် အချနိုင်ဆုံးသော ပုဂ္ဂိုလ် ဖြစ်လေရာ မိုးလင်းသည် အထိ တင်မောင် မှာ သူ့ ဆရာ ၏ အဖြစ်သနစ် တို့ ကို ပြော၍ မဆုံးနိုင်အောင် ဖြစ်နေတော့သည် ။

ကျွန်တော်တို့ ဤ မြို့မှ ခွဲခွာ၍ သွားခဲ့ကြပြီး နောက် ဖြစ်ပျက်ခဲ့သမျှ တို့ကို ယခု မှ ကျွန်တော်တို့ သိရှိခဲ့ကြရပါသည် ။

ကျွန်တော်တို့ သည် နောက် လေးရက်မြောက် ဆရာ့ အတွက် ဆွမ်းသွတ် အမျှဝေသည့် ကိစ္စ ပြီးစီးသည် အထိ မပြန်ကြသေးဘဲ နေ့ရော ညပါ ဆရာမကြီး အိမ်တွင် နေကြကာ လုပ်စရာ ဝေယျာဝေစ္စများ ကို ဝိုင်းကူ လုပ်ကြရင်း ၊ နားနားနေနေ စုဝေး မိကြသည့် ညအခါတိုင်း ဆရာ နှင့် ဆရာမကြီး တို့ ၏ မေတ္တာဇာတ်လမ်း ကို သူတစ်မျိုး ကိုယ်တစ်ဖုံ ဖြင့် တသသ ပြောဆို ရင်းသာ အချိန် ကုန်ခဲ့ကြသည် ။

ဤနေရာလေး တွင် ဆရာ သည် ဆောင်းတွင်းကာလ ကျွန်တော် တို့အား စာသင်ခန်း တွင်း မှ အပြင်သို့ ထုတ်ကာ နေပူစာ လှုံရင်း ၊ ဂဲသြမေတြီနိယာမများ ကို တစ်ယောက် တစ်လဲ အလွတ် ရွတ်ခိုင်းခဲ့ကြောင်း -

ဆရာ သည် သင်္ချာ တွက်၍ တပည့်များ ငြီးငွေ့ နေဟန် တွေ့မြင်သော အခါ ၊ တက္ကသိုလ် အကြောင်း စိတ်ဝင်စားဖွယ်ရာများ ပြော၍ ကျွန်တော် တို့အား အိပ်ငိုက်ပြေစေခဲ့ကြောင်း -

အိမ်စာလေးပုဒ်လုံး မတွက်ခဲ့သော ကျော်ဆွေ ကို ကျောင်းတစ်ပတ် ပြေးခိုင်းပြီး မှ စာသင်ခန်းတွင်း ပြန် ဝင်စေခဲ့ကြောင်း

စသည်ဖြင့် ကြည်နူးစရာ ၊ သတိရစရာများ ကိုလည်း တစ်ယောက် တစ်ခွန်း ပြောဆိုခဲ့ကြပါသည် ။

ဆွမ်းသွတ် ပြီးပြီ ဖြစ်၍ ကျွန်တော်တို့ ကိုယ့် အလုပ် ရှိရာ ဌာနေ အသီးသီးသို့ ပြန်ကြရတော့မည်ဖြစ်ပါသည် ။

သို့သော် ကျွန်တော်တို့ မပြန်နိုင်ကြသေးပါ ။

•••••   •••••   •••••

ဆွမ်းသွတ်ပြီး နောက်တစ်နေ့ နံနက်တွင် ဆရာမကြီး သည် အိပ်ရာမှ ထချိန် တွင် ထ မလာတော့ဘဲ မနိုးသော အိပ်ခြင်းဖြင့် အပြီးအပိုင် အိပ်ပျော် သွား ပါသည် ။ ဆရာ့ နောက် သို့ ဆရာမကြီး လိုက်သွားပါပြီ ။

ဒေါက်တာမစန်းရီ ၏ ဆေးအစီရင်ခံချက် အရ ဆရာမကြီး သည် နှလုံးရောဂါ ဖြင့် ကွယ်လွန်ပါသည် ။

•••••   •••••   •••••

ထိုနေ့တွင် ရုံးများ ၊ ဈေးများ ၊ အလိုအလျောက် ပိတ် သွားပြီး ၊ မြို့နေလူ အားလုံးတို့ ဆရာမကြီး အား လိုက်ပို့ကြပါသည် ။

ဆရာ ၏ ဂူဘေး တွင် ဆရာမကြီး အား ဂူသွင်းသင်္ဂြိုဟ် လိုက်ကြပါသည် ။

စမ်းဝတီမြို့ပြင် ရှိ သုသာန် တွင် ဤ ဂူနှစ်ခု သည် အလှဆုံး ဖြစ်ပါသည် ။

▢  မောင်ကိုယု
📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၈၆ - ဧပြီ ၊ မေ

No comments:

Post a Comment