အခန်း ( ၁၀ )
တစ်နှစ်မျှသော အချိန်ကာလ အတွင်းတွင် မူ ကိုဖုန်းဝေ ၏ သင်္ချာဘာသာ သင်တန်းမှာ တိုးတက်ဖွံ့ဖြိုးခဲ့ပါသည် ။
ညပိုင်းသင်တန်းတွင် မကတော့ဘဲ နံနက်စောစော သင်တန်း တစ်ခု ထပ်မံ ဖွင့်လှစ်ရ၏ ။ ညောင်လေးပင် မှ ကျောင်းသားများ ပင် စက်ဘီး နှင့် လာရောက် တက်ကြလေသည် ။ မောင်တင်မောင် တို့ အိမ်လေး ကို ပြင်ဆင် မွမ်းမံ၍ သပ်သပ်ရပ်ရပ် ပြန်လည်ဆောက်နိုင်လာသည် ။ သို့သော် ဆရာကိုဖုန်းဝေ ကို အရက် က တစတစ အနိုင်ယူလာသည် ။
ခါတိုင်း ကျူရှင် သင်တန်း ပြီး မှ သောက်သော အရက် သည် နောက်ပိုင်း၌ ညနေကပင် စတင် သောက်သည် ။ အရက်နံ့ ဖြင့် စာသင်ခန်း ထဲ ဝင်လာသည် ။ သို့သော် သင်ကြားမှု မမှားသေး သဖြင့် ဆရာကိုဖုန်းဝေ ၏ အရက်နံ့သည် ကျောင်းသားများ အတွက် ဘာမျှ ထိခိုက်မှု မရှိပေ ။
ညက များသွား သဖြင့် နံနက် အိပ်ရာထ ခေါင်းကိုက် လာသည် ။ မူးဝေဝေ ဖြစ်လာသည် ။ လက်တွေ တုန်လာသည် ။ နံနက်စောစော သင်တန်းသားများ ရောက်လာသည် ။ ထို့ကြောင့် သင်တန်း ကို ဝင်နိုင်ရန် အရက် ကို ထပ် မော့လိုက်ရသည် ။ နောက်ပိုင်းကျတော့ အိပ်ရာ ဘေးမှာ တပည့်ကျော် တင်မောင် က အရက် ကို အသင့် ထားပေးလာရ၏ ။
ကိုဖုန်းဝေ သည် အရက် နှင့် မျက်နှာသစ်ရသည့် ဘဝသို့ ရောက်လာ တော့၏ ။ ဤသို့ဖြင့် တစ်နေ့တာလုံး အရက် နှင့် သံသရာ လည်နေတော့ သည် ။
တစတစဖြင့် ကိုဖုန်းဝေ သင်တန်း ပျက်လာသည် ။ ဆရာကိုဖုန်းဝေ အသောက် များသွားပြီး မထနိုင် ဖြစ်နေသောအခါ ပထမ တော့ မောင်တင်မောင် က ဆရာ နေမကောင်း လို့ဟု အကြောင်းပြချက် ဖြင့် သင်တန်း ကို ဖျက်လိုက် တတ်သည် ။ အကြိမ် များလာသောအခါ ကျောင်းသားများ က ရိပ်မိ လာသည် ။ သင်တန်း ဝင်ရန် အချိန်တန်၍ ဆရာ ၏ အရိပ်အယောင် မမြင်ရလျှင် သူတို့ ဘာသာ အလိုက်သိစွာ ပြန်သွားတတ်ကြလေသည် ။
ကိုဖုန်းဝေ ၏ သတင်း သည် တင်တင်ဝေ ၏ နား သို့ ရောက်ရှိလာသည် ။“ ဆရာကိုဖုန်းဝေ တစ်ယောက် နှစ်ရက် ရှိပြီ ။ သင်တန်း မဝင်နိုင်ဘူး တဲ့ ” ဟူသော သတင်းစကား က ကျောင်းသားများ မှ တစ်ဆင့် အထက်တန်း ကျောင်းအုပ်ဆရာမကြီး ၏ ရုံးခန်းသို့ ပင် ပျံ့နှံ့လာသည် ။ “ မောင်တင်မောင်ကို ခေါ်ပြီးမေးဦး မှ ” ဟု စိတ်ကူးစဉ်းစား နေမိပြီး ၊
တစ်နေ့တွင် မောင်တင်မောင် ကိုယ်တိုင် က မခေါ်ရဘဲ ၊ တင်တင်ဝေ ၏ အိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည် ။
“ မင်း ကို ခေါ်မလို့တောင် ဆရာမ စိတ်ကူးနေတာ ။ အတော်ပဲ ၊ မင်း ဆရာ အကြောင်း ကြားရတဲ့ သတင်းတွေ က စိတ်မချမ်းသာစရာပဲ ။ ဘယ်လိုဖြစ်နေတာလဲ ဟေ့ …”
“ အဲဒီအကြောင်း ပြောမလို့ ဆရာမကြီး ဆီ လာတာပဲ ဆရာမကြီး ”
“ ကဲ … ဆိုစမ်းပါဦး ”
မောင်တင်မောင် ၏ အဆိုအရ ဆရာကိုဖုန်းဝေ သည် အရက် နှင့် ကင်းကွာ၍ မရတော့ပါ ။ ကိုယ့် ကိုယ် ကို လည်း မထိန်းသိမ်းတော့ပါ ။ သူ့ အနေ နှင့် တပည့်တစ်ဦး ဖြစ်၍ ဆရာ့ အပေါ် သြဇာ မလွှမ်းမိုးပါ ။ ဆရာ ခိုင်းရာသာ လုပ်ရပါသည် ။ ဤအတိုင်း ဆက်လက် စခန်း သွားနေပါက ဆရာ ၏ အသက်ရှည်နိုင်စရာ မရှိပါ ။ ဆရာမကြီး ပြောမှ ဖြစ်တော့မည်ဖြစ်ပါသည် ။ တင်တင်ဝေ က ဘာမျှ မပြောဘဲ ငြိမ်၍ စဉ်းစားနေသည် ။ အတန်ကြာ မှ သက်ပြင်း ချ၍ စကားပြန်ပြော၏ ။
“ ဆရာမ ပြောလို့ကော ရမယ်လို့ မောင်တင်မောင် က ဘယ်လို လုပ် အတပ် ပြောနိုင်သလဲ ”
မောင်တင်မောင် က ခေါင်းငုံ့၍ ဖြေသည် ။
“ သူ့ ဘဝမှာ တွယ်တာစရာ ဆိုလို့ ဆရာမကြီး ပဲ ရှိတယ် ဆိုတာ သူ အ မြဲပြောပါတယ် ဆရာမကြီး ”
“ သူ က ဒီလိုပဲ ပြောသလား ”
“ ဟုတ်ပါတယ် ဆရာမကြီး ။ ညညအိပ်ရင် ဆရာမကြီး နာမည် ကို ခေါ်ခေါ်ပြီး ယောင်ပါတယ် ”
တင်တင်ဝေ က မချိပြုံး ပြုံးလိုက်သည် ။
“ သူ့ ဘဝ ကို သူ သိရက်နဲ့ ဇွတ်နှစ် နေတဲ့ မင်းတို့ ဆရာ ကို ဆရာမ က ဘာနဲ့ တရားချရမှာလဲ ”
မောင်တင်မောင် က ဘာမျှ ပြန်မပြောဘဲ ဆိတ်ဆိတ် နေလိုက်သည် ။
“ ကဲ .. ကဲ … ပြန်တော့ ဆရာမ ၊ စဉ်းစားလိုက်ဦးမယ် ”
••••• ••••• •••••
သူ ၏ အိပ်ခန်းတွင်း သို့ ဝင်လာသော တင်တင်ဝေ ကို ကိုဖုန်းဝေ သည် အံ့ဩတကြီး ကြည့် နေမိသည် ။
ကိုဖုန်းဝေ သည် ခုတင် ဘေး ရှိ ပက်လက်ကုလားထိုင် တွင် ထိုင်လျက် သတင်းစာ ဖတ်နေသည် ။ နံဘေးရှိ စားပွဲဝိုင်း ပေါ်တွင်မူ အရက်ဖြူပုလင်း နှင့် ဖန်ခွက်တစ်ခွက် အသင့် ရှိနေ၏ ။
“ အိမ်ရှေ့မှာ ဘယ်သူမှ မတွေ့တာနဲ့ ပိုင်ရှင် ခွင့်မပြုဘဲ ဝင်လာရ တာပဲ ။ ဧည့်သည် ကို ထိုင်ပါလို့ ပြောပါဦး ”
တင်တင်ဝေ သည် ပြောပြောဆိုဆို ကိုဖုန်းဝေ ၏ ခုတင် ပေါ်တွင် တင်ပါးလွှဲ ထိုင်ချ လိုက်သည် ။ လက်နှစ်ဖက် က ခုတင် ဘောင်ပေါ်တွင် ထောက်ထားရင်း ခုတင် ခေါင်းရင်း၌ ကြွက်လျှောက် ပေါ်တွင် ထောင်ထား သော မိမိ ၏ ဓာတ်ပုံ ကို လှမ်း ကြည့်လိုက်၏ ။ ဤ ဓာတ်ပုံ မှာ တီတီစီ မှာ တုန်းက ကိုဖုန်းဝေ ကို ပေးခဲ့သော ဓာတ်ပုံ ဖြစ်သည် ။
“ ကဲပါလေ စကားလေး ဘာလေး ပြောပါဦး ၊ ပဋိသန္ဓာရ စကားလေးပေါ့ ။ အရက်ကလေးလဲ သောက်ပါဦးလို့ လောကွတ်ပြုပါဦး အိမ်ရှင် တစ်ယောက်တည်း သောက်နေလို့ ဘယ်ဖြစ်မလဲ ”
ကိုဖုန်းဝေ က တင်တင်ဝေ ကို ပြုံးပြီး ကြည့်နေသည် ။
“ ထူးဆန်းလွန်းလို့ အာစေး ထည့်ထား သလိုပဲ ဘာပြောရမှန်း မသိ တော့ပါဘူး ဝေ … ”
“ ဘာ ထူးဆန်းလို့လဲ ကိုယ့်ကို ဂရုမစိုက်ပဲ အရက် ကို အဖော်လုပ် နေတဲ့ ချစ်သူ ဆီ ကို လာတာ ထူးဆန်းသလား ”
“ သြဝါဒ ပေးဖို့ လာတာလား ဆရာမကြီး ၊ ကျောင်းသား အဖြစ်က လွန်နေပြီ ။ ဆုံးမသြဝါဒ ပေးနိုင်တဲ့ အခြေအနေ မရှိတော့ဘူး ။ လက်လျှော့ ပြီး ပြန်ပါတော့ ”
“ ကိုယ် အိပ်တဲ့ ခေါင်းရင်း ဆိုတာ ဘုရားစင်သာ ထားရတယ် ။ ရည်းစားဓာတ်ပုံ ထားရတာ မဟုတ်ဘူး ”
“ ကျွန်တော် ကိုးကွယ်တာ က အဲဒီ ဓာတ်ပုံ ပဲ ။ ကျွန်တော် ယုံကြည် တာက အချစ်ပဲ ”
“ ပြီးတော့ အရက် ထဲ ခေါင်းနှစ် ထားပြီပေါ့ ဟုတ်လား ။ ဘယ် တပည့် ဝင်လာ ဝင်လာ ဒီဓာတ်ပုံ ကို မြင်မယ် ။ အဲဒီတော့ ဘာဖြစ်မလဲ ၊ အရပ်ကို ကြေငြာတဲ့ သဘောနဲ့ ထောင်ထားတာ မဟုတ်ဘူးလား ”
“ ဒီအခန်းထဲ ကို ဘယ်သူမှ မဝင်ရဘူး ။ တင်မောင် က လွဲပြီးပေါ့လေ ”
“ မောင်တင်မောင် ရဲ့ ပါးစပ် ကရော ပိတ်ထားမှာလား ၊ ထားပါတော့ လေ ။ ဝေ က မရှက်ပါဘူး ။ ကိုဖုန်းဝေ ဟာ ချစ်သူ ဖြစ်တယ် ဆိုတာ တစ်မြို့ လုံး သိလည်း ဝေ မမှုပါဘူး ။ ဝေ ဝမ်းနည်းတာက ကိုယ့် ဘဝ ကို နစ်မွန်း အောင် လုပ်ပြီး ဝေ့ ကို နှိပ်စက်မယ် ဆိုတဲ့ ရည်ရွယ်ချက် နဲ့ လုပ်နေတာကိုပဲ စိတ်မကောင်း ဖြစ်မိပါတယ် ။ ကိုဖုန်း ဟာ ဝေ့ ကို ချစ်တယ် ဆိုပြီး ၊ ဝေ့ မျက်စိ ရှေ့ မှာ နေပြီး ဒီလို လုပ်နေတာက ဝေ့ ကို နှိပ်စက်တာ အရှက်ခွဲတာပဲ ”
တင်တင်ဝေ သည် ခုတင် မှ ထ၍ ကိုဖုန်းဝေ ထိုင် နေသော ပက်လက်ကုလား ထိုင်ခြေရင်းတွင် ဒူးထောက် ထိုင်ချလိုက်၏ ။
“ အသက်တွေ ကြီးလာပြီ ကိုဖုန်း ။ ဝေ လဲ … အရင်လ က အသက် ၃၅ နှစ် ပြည့်သွားပြီ ။ သွေးတိုးရောဂါ လည်း ရှိလာပြီ ။ ဝေတို့ ကြာကြာ မနေရတော့ဘူး ။ ဟို ဘဝဝဋ်ကြွေး ကြောင့် မြင်နေရပြီး မကြင်ကြရတဲ့ ဒုက္ခနဲ့ ကိုဖုန်း တို့ ၊ ဝေ တို့ ခံစားနေရတယ် မဟုတ်လား ။ လောဘ ဒေါသ - မာန တရားတွေ ဖုံးလွှမ်းပြီး အင်မတန် မြတ်နိုးစရာကောင်းတဲ့ မေတ္တာတရား ကို အကောင်အထည် မဖော်နိုင်ကြဘူး ။ ဒါကြောင့် ဝေ တော့ တရားဘက် ကို ကူးတော့မယ် ။ လုံးဝဥဿုံ လောကီဘဝ ကို မစွန့်နိုင်သေးပေမယ့် တတ်နိုင်သမျှတော့ နောက်ဘဝ ကောင်းဖို့ ၊ အခု ဘဝလို တစိမ့်စိမ့် ခံစားရတဲ့ ဒုက္ခက ကင်းဖို့ ၊ တရားအလုပ် လုပ်တော့မယ် ။ ဒီ နွေ ကျောင်းပိတ် ရင် ပဲခူး က သာသနာ့ရိပ်သာမှာ သွားပြီး တရားဝင်မယ် ”
“ ကောင်းပါတယ် ဝေ … ဝေ က နောင်ဘဝ မှာ နတ်ပြည် ရောက် မှာ ကျွန်တော် က ငရဲပြည် ရောက်မှာ ဆိုတော့ အခု ဘဝလို ဒုက္ခမျိုး မရှိ တော့ဘူးပေါ့ ”
တင်တင်ဝေ သည် လက်တင် ပေါ်တွင် တင် ထားသော ကိုဖုန်းဝေ ၏ လက်ဖမိုး ပေါ် သို့ မေးတင်လိုက်ရင်း ၊ ကိုဖုန်းဝေ ကို မော့ကြည့်နေ၏ ။
“ အရွဲ့တိုက် မပြောပါနဲ့ ကိုဖုန်း ၊ အခု ဝေ လာတာ ကိုဖုန်း ကို ဆုံးမဖို့ ၊ ဩဝါဒပေးဖို့ ၊ ရန်တွေ့ဖို့ ဆိုတဲ့ ရည်ရွယ်ချက် လုံးဝ မပါပါဘူး ။ ဝေ့ အကြောင်း ကို ပြောဖို့ သက်သက် လာတာပါ ။ ဝေ စဉ်းစားတာ ၊ ဝေ တွေးတော ၊ ဝေ သိတာ ၊ ဝေ ခံစားရတာတွေ ကို ပြောပြဖို့ လာတာပါ ”
ကိုဖုန်းဝေ က ဘာမျှ ပြန်မပြောတော့ဘဲ မျက်နှာ ညှိုးသွား၏ ။ တင်တင်ဝေ ၏ ဆံယဉ်စ ကို အားနေသော လက် ဖြင့် သပ်ပေးနေ၏ ။
“ ဝေ စကားဆုံးအောင် ပြောသွားချင်တယ် ။ ပြီးတော့ ပြန်မှာပါ ။ ကိုဖုန်း ကြိုက်တတ်တဲ့ အရက် ကို ဆက်သောက်ပါ ။ ဒါပေမယ့် တစ်ခုတော့ ပြောချင်သေးတယ် ။ ဝေ နဲ့ ကိုဖုန်း ဟာ ခွဲမရဘူး ။ တွဲမရသေးတာပဲ ရှိတယ် ။ ဒါကြောင့် ကိုဖုန်း လုပ်သမျှကို ဝေခွဲမျှတူ ခံစားရမှာပဲ ။ ကိုဖုန်း ဘာလုပ်လုပ် လုပ်ချင်တာ လုပ်ပါ ။ အဲဒီ လုပ်သမျှ ရဲ့ ရလဒ် ဟာ ဝေ လည်း အတူ ခံစားရ မှာပဲ ။ ကောင်းတာ လုပ်လုပ် မကောင်းတာ လုပ်လုပ်ပေါ့လေ ။ အဲဒီလို ခံစား ရတာ ကို လည်း ဝေ က ဝမ်းမြောက်ဝမ်းသာ လက်ခံပါတယ် ။ ကိုယ်က ချစ်နေတာကိုး ၊ ဟုတ်လား … ဟင်း … ဟင်း … ”
“ ဒီလို အရက်သမား တစ်ယောက်ကို ချစ်မိခဲ့တာ နောင်တရနေ ရောပေါ့ ဟင် … ”
တင်တင်ဝေ သည် ကိုဖုန်းဝေ ၏ ပေါင်ကို လက်သီးလေး နှင့် နှစ်ချက် ထုလိုက်၏ ။
“ ချစ်တယ် ဆိုတာ ကိုဖုန်း သိလား ချစ်တယ်ဆိုတဲ့ အတိမ်အနက် ကိုရော ကိုဖုန်း သိလား ။ ကိုယ် ချစ်မိတာကို နောင်တ ရသွားရင် ကိုယ့် ကို သစ္စာဖောက်သလို ဖြစ်သွားမှာပေါ့ ။ ဝေ လေ ဒီတစ်သက်မှာ လူ တစ်ယောက် ကို ချစ်မိခဲ့တယ် ။ အခုလဲ ချစ်နေတယ် ။ အဲဒါကို နောင်တ ဘယ်တော့မှ မရဘူး ။ အဲဒီ ချစ်သူက ဝေ့ ကို မညှာလို့ ၊ ဝေ့ ကို မထောက်ထားလို့ ဝေ့ ကို မတွယ်တာလို့ စွန့်ပစ်သွားဦး ချစ်နေမှာပဲ ။ အရက်သမား ဆို တာ ဝေ လုပ်တာ မဟုတ်ဘူးလေး ၊ သူ လုပ်တာပဲ ။ အချစ် မှာ အမှတ်ပေး စည်းမျဉ်း မရှိပါဘူး ။ ချစ်မိရင် ရာနှုန်းပြည့်ပါပဲ ။ ချစ်သူ ဟာ ဝေ မကြိုက်တာကို လုပ်တဲ့ အတွက် အမှတ် မလျော့ပါဘူး ။ ဝေ ဝမ်းနည်းတာ ၊ စိတ်မကောင်းတာ ကတော့ ကိုယ့် ရဲ့ ခံစားချက်ပဲ ချစ်ရတာ နဲ့ မရောဘူး ”
ကိုဖုန်း က ဝေ ၏ မေးလေး ကို လက်ဖျားနှင့် မတင်၍ ခေါ်လိုက် သည် ။ ဝေ က အရည်ရွှန်းလဲ့သော မျက်လုံးတို့ ဖြင့် ကိုဖုန်း ကို မော့ ကြည့်နေ၏ ။
“ ဝေ ကျွန်တော့် ကြောင့် သိပ် ရှက်နေပြီလားဟင် ”
ဝေ က ခေါင်းခါ လိုက်သည် ။ ဤသို့ ခါလိုက် မှ မျက်လုံးအိမ် နှစ်ဖက် တွင် ခိုကပ် နေသော မျက်ရည်စက် တို့ လွင့်ထွက် သွားကြ၏ ။
ကိုဖုန်းဝေ က ဝေ ၏ ပါးကလေး ကို ကုန်း၍ မွှေးလိုက်၏ ။ ဝေ က မလှုပ်ရှားဘဲ ငြိမ် နေလိုက်၏ ။ နောက်မှ ဖြည်းဖြည်းချင်း ထပြီး ကိုဖုန်း ၏ နဖူး ကို ငုံ့၍ မွှေးလိုက်၏ ။
“ နောက်တစ်ခါများ အရက်နံ့ မနံရင် သိပ်ကောင်းမှာနော် ”
••••• ••••• •••••
စမ်းဝတီမြို့ မှ ကိုဖုန်း ပျောက်ချင်း မလှ ပျောက်သွားပါသည် ။ ဘယ်သွားသည် ဘာကိစ္စ သွားသည်ကိုမူ ၊ မည်သူမှ တပ်အပ် မသိကြပါချေ ။
အနီးကပ် ပြုစုစောင့်ရှောက် နေသော မောင်တင်မောင် သည်ပင် လျှင် ရေရေရာရာ မပြောနိုင်ပါ ။
တင်တင်ဝေ ကိုဖုန်းဝေ ထံ လာသွားသော ညနေ က မောင်တင်မောင် ကို ကိုဖုန်းဝေ က ခေါ်ပြောသည် ။
“ မောင်တင်မောင် ၊ သင်တန်းတွေ ကို ဆရာ က ခဏ ပိတ်ထားကြောင်း ကြေငြာပေးပါ ”
“ ဟုတ်ကဲ့ ဆရာ ”
ထို့နောက် နံနက်စောစော ဈေးကား ဖြင့် ညောင်လေးပင် သို့ ထွက်သွားသည် ကို သာ မောင်တင်မောင် သိလိုက်ရ၏ ။ လက် ထဲတွင် လက်ဆွဲအိတ် တစ်လုံး သာပါသည် ။ ကိုဖုန်းဝေ ၏ စာအုပ်သေတ္တာများ ၊ အဝတ် သေတ္တာများ ကျန်ရစ်ခဲ့၏ ။ အိမ်ခန်း ကိုလည်း သော့ခတ် သွားသည် ။
တင်တင်ဝေ က ထိုသတင်း ကို ကြားသောအခါ စိတ်ပူသောက ရောက်မိသည် ။ မိမိ ပြောသော စကားများတွင် အမှားများ ပါရှိသွားပြီး ၊ ထို အမှားပေါ် အထအန ကောက်ကာ ထွက်ခွာ သွားလေရော့သလား ဟု အထင်ရောက် ကာ မိမိ ပြောခဲ့သော စကားများကို ပြန်လည် ဆန်းစစ်မိသည် ။ သို့သော် အမှား ဟူ၍ ရှာမရပါ ။
သူ ၏ ကိုယ်ပိုင်ပစ္စည်းများ ကို ထားခဲ့ခြင်းဖြင့် အပြီးအပိုင် ထွက်ခွာသွားခြင်း မဟုတ်ကြောင်း တွေးမိကာ အနည်းငယ် ဖြေသာရပါသည် ။ သို့သော် တစ်လကျော်ကျော် ကြာသောအခါ တင်တင်ဝေ စိတ်ပူ လာပါသည် ။ မောင်တင်မောင် အား အလုပ် မှ ခွင့်ပေး၍ မော်လမြိုင် သို့ သွား ရောက်စုံစမ်းစေသည် ။
မောင်တင်မောင် ပြန် ရောက်လာသောအခါ အကြောင်းတစ်စုံ တစ်ရာ မထူးဘဲ ကိုဖုန်းဝေ အား သတင်းအစအနပင် မရရှိခဲ့ကြောင်း သိရှိ ရသဖြင့် ပို၍ စိတ် ထိခိုက်ရသည် ။
နှစ်လ ကျော် ကြာလာသည့် အခါ တင်တင်ဝေ သည် နေမထိ ထိုင်မသာ ဖြစ်လာသည် ။ ရောက်ရှိလာသည့် နေရာမှ စာများ ရေးပို့ပေးမည်လား ဟု မျှော်လင့်ပါသော်လည်း စာ တစ်စောင်မျှ မရရှိပေ ။ ကိုဖုန်းဝေ ၏ မိတ်ဆွေ သူငယ်ချင်းများ ထံ စာဖြင့် လှမ်း၍ မေးသော်လည်း သတင်း တစ်စုံတစ်ရာ မရရှိကြောင်း သာ သတင်း ပြန်ကြားကြသဖြင့် ကိုဖုန်းဝေ ၏ ပျောက်ကွယ် သွားမှုမှာ ပဟေဠိ ဖြစ်နေသည် ။ သူ အလွန် မြတ်နိုးသော ၊ တွယ်တာသော ဂီတာ ကိုလည်း ကိုဖုန်းဝေ ယူမသွားပါ ။
နောက်ဆုံး တွေ့ခဲ့စဉ်က ချစ်သူနှစ်ဦး ကြည်နူးခဲ့ရပါသည် ။ မိမိ ကိုယ်တိုင် က ကိုဖုန်းဝေအ ပေါ် မည်မျှ မေတ္တာ ထားကြောင်း စွန့်စား၍ ပြသခဲ့ပါသည် ။ ဤသို့ စွန့်စား၍ ပြရခြင်းမှာလည်း စုံးစုံးမြုပ်လုနီး ကိုဖုန်းဝေ ၏ ဘဝ ကို ကယ်တင်၍ ရလိုရငြား မျှော်လင့်ခဲ့၍ ဖြစ်ပါသည် ။
ယခုလို မိမိ အနီးအနား တွင် မရှိလေ မှ ကိုဖုန်းဝေ အား မိမိ မည်မျှ တွယ်တာ နေကြောင်း ကိုယ့် ကိုယ်ကို သိလာရသည် ။ မိမိ ၏ နေ့စဉ် ဘဝသည် အနှစ် မရှိသော အဓိပ္ပာယ်မဲ့ အခြေအနေ ကို ရောက်နေပေပြီ ။ နေရ သွားရ စားရ လုပ်ကိုင်ရ သည်မှာ လေ ကို ထိတွေ့ရ သကဲ့သို့ ပေါ့ပျက်ပျက် နိုင်လှသည် ။
ဘာကြောင့် ချစ်လျက်သား နဲ့ ဝေးကွာနေကြရပါသလဲ ။ မာနတရားတွေ က ဘာကြောင့် သူတို့၏ အချစ် ကို ခြားနား ထားရပါသလဲ ။ ဘွဲ့ဒီဂရီ ကို တင်တင်ဝေ မက်မောခြင်း မဟုတ်ပါ ။ သူ့ စကား ကို ကန့်လန့်တိုက်၍ အလို မလိုက်သော ချစ်သူကို စိတ်ကောက်မိခြင်းသာ ဖြစ်ပါသည် ။ ဒါကို ကိုဖုန်းဝေ သိစေချင်ပါသည် ။
ယခုတော့ ပို၍ ဝေးကွာ သွားရပါပြီ ။ ဒီတစ်ခါ ကိုဖုန်း ပြန်လာရင် တော့ ပျော့ညံ့သော မိန်းကလေး တစ်ယောက် ဟုပင် သတ်မှတ်ချင် သတ်မှတ်ပါစေ ။ ချစ်သူ ရှေ့မှောက် ဒူးထောက် ၍ သူ ကပင် လက်ထပ်ပါရန် ပြောမည် ။
“ ဝေ အရှုံး ပေးပါပြီ ကိုဖုန်းဝေ ရယ် ... ဝေ့ ရင်ထဲ မှာ ရှိတဲ့မေတ္တာ က ဝေ ရဲ့ မာနတရား ကို အနိုင်ယူ သွားပါပြီ … ကိုဖုန်း ပြန်လာပါနော် … ”
••••• ••••• •••••
“ အသည်းလွှာ မြေမဟီမြေဝယ် … အမြစ်ဖြာ ယှက်သွယ် … အချစ်ညှာ ခက်ကာနွယ် … မာလာပင်နန်း အချစ်ပန်းပွင့်ဖူးစ အရွယ် … ချူတော် မူလာနိုး … မျှော်ကိုးကာ ပူဗျာပါကြွယ် … ရည်ရွယ် သွယ်ညွတ်ပျောင်း … ကြာလေ ညှာကြွေညောင်းပေါ့ကွယ် … အရိုင်းစံပယ်မို့ ပစ်ပယ် … ပန်းတော်မဝင်တယ် … ငွေသဇင်ကြူမွှေး … သူရွေးပြီ ထင်အားငယ် … တွက်ရေသော် ရက်တွေခြားလို့ စောင့်စားရင်း မြေမှာ ကြွေကြွေကာ နွမ်းလေပြီကွယ် … ပင်ချပ်လွှာဆွေး မာလာ မွှေးရနံ့ပြယ် … စံပယ်ဖြူ ၊ တုံးခါမှ ခင်ဖုန်း သက်ဝေရယ် … ဘယ်စိတ်လည်လို့ ပေါ်လာပြန်တယ် လှောင်တာ လေလား နော်ကွယ် … ဖန်လာပုံ ခုမှ ဆန်းကြယ် အချစ်ဖြင့် ဆိတ်သုဉ်း ၊ ဆုံးရှုံး လောင်ကျွမ်း … ခြောက်ခန်းခဲ့ရ မောင့်ဘဝ အစဉ်တွေရယ် … ဆက်သွယ်သန္တတိ မမြဲသော ရုပ်နာမ် ပြောင်းလဲသည့် … နှယ် ၊ ဖြစ်ပြန်ပျက်ပြန် လောကဓံတရားရယ် ၊ မူလွန်းတဲ့သူရယ် ... ပွင့်ဦးကြွေမှဖြင့်ကွယ် မပန်စေချင် ရက်တော့တယ် … ”
တင်တင်ဝေ သည် အိပ်မက် မက်နေသလား ဟု အိပ်ရာ မှ အလန့် တကြား ထ ထိုင်မိသည် ။ ဤ အသံ ကို မှတ်မိနေသည် ။ ကိုဖုန်း ၏ ဂီတာသံ ဖြစ်ပါသည် ။ တံတား ပေါ်မှာ တီးနေသော အသံ ဖြစ်ရမည် ။
တင်တင်ဝေ သည် ပထမအကြိမ် နားထောင် နေသည် ။ သေချာရဲ့လား ၊ မိမိ အိပ်ပျော် နေသည်များလား ဟု ကိုယ့် ကိုယ် ကို စစ်ဆေးမိသည် ။ သေချာပါသည် ။ မိမိ နားမှ ဆတ်ဆက် ကြားနေရသော အသံ ဖြစ်ပါသည် ။ တင်တင်ဝေ က မီးဖွင့် လိုက်သည် ။ စားပွဲ ပေါ်မှ နာရီ ကို လှမ်းကြည့် လိုက်တော့ ည ၁၁ နာရီ ထိုးနေပြီ ။
တင်တင်ဝေ သည် ခေါင်းရင်း မှ ပြတင်းတံခါး ကို လှမ်း ဖွင့်လိုက်ပြီး တံတား ဘက်သို့ ကြည့် လိုက်သည် ။ တပေါင်းလဆန်း ၏ လရောင်မှိန်မှိန် အောက် တွင် လူ တစ်ယောက် ဂီတာ တီးနေသော အရိပ် ကို မြင်နေရသည် ။
“ ဟုတ်ပါပြီ … ကိုဖုန်း မှ ကိုဖုန်း အစစ်ပါ ”
တင်တင်ဝေ သည် ရင်တခုလုံး လှိုက်ဖို လာသည် ။ ဝမ်းသာခြင်း စိတ် တို့ဖြင့် အသက်ရှူ မြန်လာသည် ။ မိမိ သည် ဤမြို့ တွင် တစ်ယောက်တည်း သော အထက်တန်းကျောင်းအုပ်ဆရာမကြီး ဖြစ်သည်ကို မေ့လျော့သွားသည် ။ ဆင်ခြင်ထိန်းသိမ်းတတ်သော စိတ်တို့ သည် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားပြီ ။
ရှောစောင်လွှာ ကို ကမန်းကတန်း ထုတ်၍ ပခုံးပေါ်ခြုံကာ တံခါးမကြီး ကို ဖွင့်၍ ထွက်လာမိသည် ။
ကျောင်းဝင်းတံခါးဝ တွင် တာဝန်ကျ နေသော ညစောင့် သည် အံ့ဩတကြီး ဖြင့် ဆရာမကြီး ဒေါ်တင်တင်ဝေ အား ဝင်းတံခါး ဖွင့်ပေး လိုက်သည် ။ တင်တင်ဝေ အနားသို့ ရောက်လာသည် ကို ကိုဖုန်းဝေ မမြင်ပါ ။ တံတား ၏ လက်ကိုင်ဘောင်တန်း ပေါ်တွင် အကျအန ထိုင်ကာ အတီးပိုဒ် ကို ပြန် ကျော့နေသည် ။ တင်တင်ဝေ သည် ဂီတာ ကို စိတ်ဝင်စားစွာ တီးနေသော ကိုဖုန်းဝေ ၏ မျက်နှာ ကို တငေးတမော ရပ်၍ ကြည့်နေ၏ ။
“ ကိုဖုန်း ... ပိန်သွားတယ် ။ ဪ … နားထင်ရိုးတွေ ကျလိုက် တာနော် ။ ဘာဖြစ်လို့ ဒါလောက်တောင် ပိန်ကျ သွားပါလိမ့် ။ ဘယ်ကလာ ပါလိမ့် ။ နဂို ဝတ်နေကျ ရှပ်အင်္ကျီ ဟာ ချောင်ကျ နေပါလား ”
တင်တင်ဝေ တိတ်တိတ်ကလေး မတ်တပ် ရပ်ရင်း စိတ်တွင်းမှ မချိတင်ကဲ ဝမ်းနည်းမိသည် ။ ကိုဖုန်းဝေ သည် ဂီတာ တီးနေရင်း မှ အတီးပိုဒ် အဆုံးတွင် ဝေ့ အရိပ် ကို လှမ်းမြင်ကာ ၊ ဘေးသို့ လှည့်ကြည့်မိသည် ။ ဤတော့မှ တင်တင်ဝေ ကို မြင်သွား၏ ။
“ ဪ … ဝေ နိုးနေသလား ”
“ ဒီအသံ ကြားရင် ဝေ နိုးရမှာပေါ့ ကိုဖုန်း ရယ် ၊ ပျောက်ဆုံး နေတဲ့ လူတစ်ယောက် ဘယ်ဆီက ပေါ်လာသလဲ ဆိုတာ ဝေ သိချင်လှပါပြီ ။ အိမ် ကို လိုက်ခဲ့နော် ”
ကိုဖုန်းဝေ သည် တင်တင်ဝေ နှင့် အတူ အိမ်ဘက် ဆီသို့ လျှောက် လာခဲ့ကြသည် ။ ရှိ ခုံတန်းလျား ပေါ်တွင် ထိုင်မိကြမှ ဝေ က စောင့်စည်းအောင့်အည်းခဲ့ရသော ရက်လများကို အတိုးချကာ မေးချင်သည်များ ကို မနားတမ်း ဆက်တိုက် မေးတော့သည် ။
ကိုဖုန်းဝေ က တင်တင်ဝေ ၏ မေးလိုက် ရန်တွေ့လိုက် ဖြင့် အမော တကော ဖြစ်နေသော အမူအရာ ကို ကြည့်ရင်း ပြုံးနေမိ၏ ။
“ ကဲ ကဲ နားပါတော့ ဝေ ရယ် ။ ဝေ သိချင်တာတွေ … အကုန်လုံး ကျွန်တော် ပြောပြပါမယ် ။ ကျွန်တော် တံတားလေးဆေးရုံ မှာ အရက်သွားဖြတ်တာ ၊ အခု အရက်ပြတ်ခဲ့ပြီ ။ ဝေ က ပြောတယ် မဟုတ်လား ။ နောက်တစ်ခါ ဆိုရင် အရက်နံ့ မနံချင်ဘူးဆို ”
“ ဝမ်းသာလိုက်တာကွယ် … ”
တင်တင်ဝေ သည် ဟန်မဆောင်နိုင်တော့ဘဲ ကိုဖုန်းဝေ ပေါင် ပေါ်သို့ မျက်နှာ အပ်ကာ ရှိုက်ကြီးတငင် ငိုချလိုက်သည် ။
ကိုဖုန်းဝေ က တင်တင်ဝေ ၏ ဖားလျားကျနေသော ဆံပင်များ ကို စုစည်း၍ သပ်ပေးနေသည် ။
တင်တင်ဝေ သည် အားရအောင် ငိုပြီးနောက် ခေါင်း မော့၍ ကိုဖုန်းဝေ ၏ မျက်နှာ ကို အားရအောင် ကြည့် နေသည် ။ တင်တင်ဝေ ၏ ပါးပြင်မှာ စီးကျနေသော မျက်ရည်များ ကို ကိုဖုန်းဝေ က လက်ဖမိုး ဖြင့် အသာအယာ သုတ်ပေးသည် ။
“ ကိုဖုန်း သိပ် ပိန်သွားတယ်နော် ။ ကြည့်ပါဦး ၊ ပခုံးရိုးတွေ က ငေါတောင် ထွက်နေတယ် ”
“ နှစ်ရှည်လများ စွဲထားတဲ့ အရက် ကို ဖြတ်ဖို့ ဆိုတာ ဘယ် လွယ်မလဲ ဝေရယ် ။ ဆေး ကလည်းကူ လူ ကလည်း ကူရတာပေါ့ ။ သွေး ထဲမှာ အရက်တွေ က များထားတယ် မဟုတ်လား ။ ဒါကို ရုတ်တရက် ဖြတ် လိုက် တော့ အားပြတ် သလို ဖြစ်သွားတာပေါ့ ။ ဒါပေမယ့် အခုတော့ ကောင်း သွားပါပြီ ။ အား ရှိဖို့ပဲ လိုတော့တယ် ”
တင်တင်ဝေ သည် အားရပါးရ ငိုလိုက်သဖြင့် လူတစ်ကိုယ်လုံး နုံးခွေ သွားကာ နွမ်းလျလျ ဖြစ်သွားသောကြောင့် ကိုဖုန်းဝေ ၏ ပုခုံးပေါ်တွင် ခေါင်းကလေး မှီထားလိုက်သည် ။
“ ကိုဖုန်း ... ”
“ ဘာပြောမလို့လဲ ဝေ ”
“ ဝေတို့ လက်ထပ်ကြရအောင်နော် ။ ခု ဆယ်တန်းစာမေး ပွဲ ပြီးလို့ ကျောင်း ပိတ်ရင် လက်ထပ်မယ် ”
ကိုဖုန်းဝေ က ဝေ့ ပခုံး နှစ်ဖက်ကို လှုပ်ခါယင်း အငမ်းမရ မေးလိုက်သည် ။
“ ဝေ … တကယ် ပြောတာလားဟင် ”
“ တကယ်ပေါ့ ကိုဖုန်း ၊ ဝေ့ မာန ကိုလေ အကုန်လုံး ခွာချလိုက်ပြီ ။ ကိုဖုန်း ထွက်သွားပြီး ကတည်း က ဝေ ဆုံးဖြတ်ထားတာ ၊ အခု ဆုံးဖြတ်တာ မဟုတ်ဘူး ။ အဲဒါလည်း ကိုဖုန်း စကားနဲ့ ပြောရရင် ၊ ကိုယ်ကျိုး အတွက် ဆုံးဖြတ်တာပါ ။ ဝေ လေ ကိုဖုန်း နဲ့ ခွဲပြီး မနေနိုင်တော့ဘူး ။ ဝေ့ အကြောင်း ဝေ သိလာပြီ ”
“ ကောင်းပြီ ဝေ ၊ ဝေ့ ဆုံးဖြတ်ချက် ဟာ မမှားစေရပါဘူး ။ ဝေ အမြဲ ပျော်စေရပါမယ် ”
▢ မောင်ကိုယု
📖 မနေ့က လရောင် အောက်မှာ
No comments:
Post a Comment