Saturday, March 1, 2025

အောင်သင်း အကြိုက်ဆုံး ဝတ္ထုတို ( ဗျဂ္ဃ )


 ◾အောင်သင်း အကြိုက်ဆုံး ဝတ္ထုတို


❝ ဗျဂ္ဃ ❞


ချစ်ဦးညို ၏ “ ဗျဂ္ဃ ” ကို ဖတ်ပြီးသော အခါ ဝတ္ထုတို ဆရာကြီး ဖရင့်အိုကွန်နား Frank o' Conner ၏ အဆိုအမိန့် တစ်ခု ကို သွားပြီး သတိရမိပါသည် ။ ဆရာကြီး က သူ ၏ နာမည် ကျော် ဝတ္ထုတို စာတမ်း The Lonely Voice တွင် အောက်ပါ အတိုင်း ညည်းခဲ့ဖူးပါသည် ။


ဝတ္ထုတို အကြောင်း ဆိုက်လာပြီး ကစ်ပလင်း Rudyard Kipling ကို ချက်ကော့ဗ် ၊ မိုးပါးဆွန်း တို့ နှင့် ယှဉ်ကြည့် လိုက်မိတိုင်း ကျွန်ုပ်မှာ ကသိကအောင့် ဖြစ်ရသည် ။ အပြောရ လည်း အတော် ခက်ပါသည် ။ ကျွန်ုပ် က ကစ်ပလင်း ကို မကြိုက်လျှင် တော့ ပြဿနာ မဟုတ် ။


သို့သော် ကစ်ပလင်း ကို ကြိုက် နေမိသည် ။ အကြိမ်ကြိမ် ပြန်ဖတ်တိုင်း လည်း ကြိုက်နေမိ ပြန်သည် ။ သို့သော် ခက်ပုံ က ချက်ကော့ဗ် နှင့် မိုးပါးဆွန်း တို့ သည် ဝတ္ထုတို ဆရာများ ဖြစ်သည် ဟု ဆိုလျှင် ကစ်ပလင်း သည် ဝတ္ထုတို ဆရာ မဟုတ် ။ ကစ်ပလင်း မှ ဝတ္ထုတိုဆရာ ဟု ဆိုပြန်လျှင် လည်း ဟို ဆရာ နှစ်ပါး တလွဲတချော် ဖြစ်နေကြသည် မှာ သေချာပြီ ။


ဤသို့ ဖရင့်အိုကွန်နား က ပြောခဲ့ဖူးပါသည် ။ ယခု လည်း ကျွန်တော့် မှာ ဤသို့သော ပြဿနာမျိုး ကြုံနေ ရပါပြီ ။ ကျွန်တော် ရွေးချယ် တင်ပြခဲ့သော ထင်လင်း ၏ “ စိန် ” ( ပန်မဂ္ဂဇင်း ၊ မေလ ) ဝတ္ထုမျိုး ကို မှ ဝတ္ထုတို ခေါ် မည် ဆိုလျှင် ချစ်ဦးညို ၏ ဗျဂ္ဃ သည် ပုံပြင် အဆင့် သို့ ထိုးဆင်း သွားပေလိမ့်မည် ။ ချစ်ဦးညို ၏ “ ဗျဂ္ဃ ” ကို ဝတ္ထုတို ဟု ခေါ်မည် ဆိုလျှင်လည်း ထင်လင်း ၏ “ စိန် ” ဝတ္ထု ကို ဘာကြီးလဲဟ ဟု ပြောရမည့် ကိန်း ဆိုက် နေပေလိမ့်မည် ။ ကျွန်တော့် အဖို့တော့ နှစ်ပုဒ်လုံး ကိုပင် ကြိုက်နေမိပါသည် ။ ဤအချက်များ နောက်ပိုင်းတွင် ရှင်းလင်းလာပါလိမ့်မည် ။ ယခုမူ ကား ဗျဂ္ဃ အကြောင်းကို ကျွန်တော် တင်ပြလို ပါသည် ။


••••• ••••• •••••


ဗျဂ္ဃ ဝတ္ထုတို ၏ ဇာတ်လမ်း အကျဉ်းချုပ် မှာ ဗျဂ္ဃ ဆိုသော သူသ,တ်ပါးကွက်သားကြီး သည် မြို့ဝန် ၏ လက်အောက် အမှုထမ်းအဖြစ် ရာဇဝတ်သားများ ကို ကွပ်မျက်ပေးရသည် ။ မြို့ဝန် သည် ဘုရင့် အမိန့်တော် ကို တိတ်တဆိတ် ဖီဆန် လျက် မတော်လောဘ မတရားမှုများ ကို ပြုလုပ်နေသည် ။ ဤအချက် ကို ဘုရင် သိစေရန် ဝေဠု နှင့် ဟေမာ ဆိုသော ဂီတမောင်နှံ နှစ်ဦး က သီချင်းဖွဲ့ပြီး သီဆိုကြ သဖြင့် နန်းတော် သို့ ပင် တေးသံ ရောက်လာခဲ့သည် ။ ထို့ကြောင့် မြို့ဝန် က သူတို့ နှစ်ဦး အား ကွပ်မျက်ရန် အမိန့် ချမှတ်လိုက်သဖြင့် တံခါးနီမှူး က သူသ,တ်ကုန်း ဗျဂ္ဃ ထံ လာရောက် ပို့ရသည် ။ ဗျဂ္ဃကြီး က သူ ကွပ်မျက်ရမည့် သူများ မှာ ဂီတမောင်နှံမှန်း သိလာသော အခါ သူတို့ ၏ သတ္တိနှင့် စွမ်းရည် ကို ရိုသေလေး စားသဖြင့် မိမိ ကိုယ်တိုင် မြို့ဝန်မင်း ၏ အမိန့် ကို ဖီဆန်လျှင် ကွပ်မျက်ခံရမည် ကို သိလျက် သူတို့ နှစ်ဦး အား နှောင်ကြိုး ဖြေလွှတ်ပြီး ဘုရင့်နားတော်ပေါက် သံတော်ဦး တင်ရန် လမ်းညွှန် လိုက်သည် ။ ဗျဂ္ဃ က မိမိ သေရတော့မည် ကို သိသည် ။


ဤသည်မှာ ဇာတ်လမ်း အကျဉ်းချုပ် ဖြစ်သည် ။ 


ချစ်ဦးညို သည် သဘင်မဂ္ဂဇင်း အယ်ဒီတာ ဖြစ်သော ကြောင့် သာ မဟုတ် ။ ပင်ကို အားဖြင့် ဇာတ်သဘင် ကို စိတ်ဝင်စားသူ ဖြစ်သည် ။ ထိုမျှမက ဇာတ်သဘင်လောက ၌ လည်း ကျင်လည် ကျက်စားခဲ့ဖူးသူ လည်း ဖြစ်သည် ။ ထို့ ကြောင့် လွမ်းမော တုန်လှုပ်ဖွယ်ရာ ဇာတ်ကွက်ဆန်း Melodrama များကို စိတ်ဝင်စားတတ်သည် ။ ထိုသို့ ဇာတ်ကွက်ဖန်တီးမှု ကို လည်း နှစ်ခြိုက်သည် ဟု ဆိုနိုင်သည် ။


ယခု ဗျဂ္ဃ မှာ ဤသို့သော ဇာတ်ကွက် ဖန်တီးထား သည့် ဝတ္ထုမျိုး ဖြစ်သည် ။ သို့သော် ကိုင်တွယ်ပုံ ကောင်း ခြင်း ၊ အာဘော် ထက်မြက်လာအောင် စုစည်းမှု ကောင်းခြင်း စသည်တို့ကြောင့် သာမန် ဇာတ်ကွက်ကောင်း ဝတ္ထုတို့ ၏ အဆင့် ကို ကျော်လွန်လာရသည် ဟု ဆိုချင်ပါသည် ။


ဝတ္ထု ကို ပြောသူ နာမ်စား ရှုထောင့် ဖြင့် ရေးဖွဲ့ သည် ။ ပြောပြသူ မှာ ပါးကွက်ကြီး ဗျဂ္ဃ ကိုယ်တိုင် ပင် ဖြစ်သည် ။ ယခင် က ဖြစ်ခဲ့သည့် အတိတ်ဇာတ်ကြောင်း ကို ပြန်ပြောခြင်းမျိုး မဟုတ် ။ မျက်မှောက် ဖြစ်ပျက် သမျှကို ( ဘောလုံးပွဲ ကြေညာ သကဲ့သို့ ) ဖြစ်စဉ် အတိုင်း ပြောသွား သည်မျိုး ဖြစ်သည် ဟု ဆိုသင့်သည် ။ ပြောသည် မှာ မည်သူ့ ကို ပြောနေ သနည်း ။ စာဖတ်သူ ကို ပြောနေသလား ၊ Dramatic Monologue ခေါ် တစ်ကိုယ်တည်း မြည်တမ်း နေခြင်းမျိုး ဟု လည်း မဆိုသာ ။ စာဖတ်သူ ကို ပြောပြ နေခြင်းမျိုး က ပိုမို လွှမ်းမိုး နေသည် ။ သို့သော် တစ်ကိုယ်ချင်း မြည်တမ်းနေမှု လည်း ပါဝင်သည် ။


ဤသို့ မြည်တမ်း ရေရွတ် နေရင်း က ပင် ဇာတ်ရေ လည်ပြီး လိုအပ်သမျှသော ဇာတ်ဆောင်တို့ ၏ စရိုက် ကို ပေါ်လွင်စေသည် ကို ချီးကျူးရမည် ဖြစ်သည် ။


ချစ်ဦးညို အထူးသဖြင့် သတိပြု အားထုတ်ထား သည် မှာ ဗျဂ္ဃကြီး ၏ စကားသုံး နှင့် ပြောဟန်လေသံ ပင် ဖြစ်သည် ။ ထို ပြောဟန်လေသံ ကြောင့် ပင် ဇာတ်ဆောင် ဗျဂ္ဃ ကြီး ၏ လုပ်ငန်းသဘာဝ နှင့် စရိုက်မှာ ပိုမို ပေါ်လွင် လာသည် ။ 


ဗျဂ္ဃကြီး ၏ တစ်ကိုယ်တော် ပြောဆို နေပုံ လေသံ ဟန်ပန်ကို ဂရုစိုက် လေ့လာ လျှင် မြန်မာ့ဇာတ်သဘင်ငွေ့ လွှမ်းနေသည် ကို တွေ့နိုင်သည် ။ တစ်နည်းအားဖြင့် မြန်မာ့ ရိုးရာ ပြဇာတ် အငွေ့ ကို ထုံမွှမ်း နေသည် ကို ခံစားမိသည် ။ 


ဤနေရာတွင် အတန်အသင့် အကျယ် အားဖြင့် ရှင်းလင်းခွင့် ပေးစေလိုပါသည် ။


ယခုခေတ် လူငယ်များ မသိမီ လိုက်သော ပြဇာတ် တစ်မျိုး မြန်မာ့ဇာတ်သဘင် လောက တွင် ပေါ်ပေါက်ခဲ့ဖူး ပါသည် ။ ယခုခေတ် ဇာတ်သဘင် တွင် ရှေ့ပိုင်းပြဇာတ် ဟု ခေါ်သော ပြဇာတ်မျိုး မှာ ဂျပန်ခေတ် ရောက်မှ ထင်ထင်ရှားရှား ပေါ်လာခဲ့ကြောင်း အများ သိကြပါသည် ။ စစ် မဖြစ်မီ က ရှေ့ပိုင်းပြဇာတ် ဟူ၍ မရှိခဲ့ပါ ။ သို့သော် ယခု ပြဇာတ် နှင့် ခပ်ဆင်ဆင် တူသော “ လူဘိုင်စကုပ် ” ခေါ် ဇာတ်ကွက် ဇာတ်လမ်းများ ကို ကပြလေ့ ရှိကြပါသည် ။ စစ်ပြီးစ နှစ်နှစ် သုံးနှစ် လောက် တိုင်အောင် အချို့နေရာများတွင် ခေတ်စား နေခဲ့ပါသေးသည် ။


လူဘိုင်စကုပ် နှင့် ယခုခေတ် ပြဇာတ်တို့ တွင် ထင်ရှား သော ခြားနားမှု တစ်ခု မှာ လူဘိုင်စကုပ် တွင် ဇာတ်ကောင် က ပရိသတ် ကို လှမ်းပြီး စကား ပြော၍ ယခုခေတ် ပြဇာတ် တွင် ဇာတ်ကောင်များ က ပရိသတ် ကို စကား မပြောဘဲ မိမိတို့ အချင်းချင်း စကား ပြောရင်း အခြေအနေ အချင်းအရာ ပေါ်လွင်စေခြင်း ဖြစ်ပါသည် ။


ထို့ကြောင့် လူဘိုင်စကုပ် တွင် ( ရှေးခေတ် မြန်မာ့ ရိုးရာ ပြဇာတ်ကြီးများ ထဲ က ကဲ့သို့ပင် ) ဇာတ်ရုပ် တစ်ရုပ် ထွက် လာလျှင် သူ့ ကိုယ်သူ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း ပရိသတ် နှင့် မိတ်ဆက် ပြီး ဇာတ်လမ်း အဖြစ်အပျက် တို့၏ နောက်ခံ အကြောင်းအရာများ ၊ စိတ် အကြံအစည်များကို ပရိသတ် အား ပြောပြလေ့ ရှိပါသည် ။ ဥပမာ - “ အဟမ်း ... အဟမ်း ၊ ကျုပ်မှာကား ဆိုတော့ နေပြည်တော် မှာ တောင် ပြင်သူဌေး ဖိုးသာဘေး ၊ တောင်ပြင်သူဌေး ဖိုးသာဘေး ရယ် နဲ့ ဟော်လေး တကျိုးကျိုး ၊ ဟိုးလေး တကျော်ကျော် ပါပဲ ။ အဲ ... ကျုပ် မှာလဲ သမီးလေး နှစ်ယောက် က ရှိထား ။ သမီးကြီး ကတော့ အရူး ဆိုရ ခက် ၊ အကောင်း ဆိုရ ခက် ရူးနှမ်းနှမ်းပဲ ။ သို့သော်လဲ သမီးငယ်လေး ကတော့ဖြင့် တယ်ပြီး လိမ္မာရေးခြား ရှိပါပေတယ် ၊ သင်းကလေး တို့ အမေ ကလဲ ငယ်စဉ် ကပဲ ကွယ်လွန် သွားတော့ ဟို ငယ် စဉ်တောင်ကျေး ကလေး ဘဝ ကတည်းကပဲ ၊ ဖအေ ဆိုလဲ ကျုပ် ပဲ ၊ အမေ ဆိုလဲ ကျုပ် ပဲ ဖြစ်ခဲ့ရသကိုး ။ ကျုပ် ကလဲ အယ် ၊ သင်းတို့ခမျာ ဆံထုံးအုပ် လို့ ကြီးခဲ့ရတာ မဟုတ် ၊ သျှောင်အုပ် လို့ ကြီးခဲ့တာ ဆိုပြီး အလိုလဲ လိုက်ထား ခဲ့ပါတယ် ၊ သို့သော် ဘာလဲတဲ့ ၊ သမီးကညာ ၊ ရွယ်ရောက် လာ ၊ အခါမလင့်စကောင်း ဆိုပေသကိုးသဗျ ၊ အဲဒါကြောင့် ” 


ဤသို့လျှင် မိမိ ကိုယ် ကို မိတ်ဆက်ခြင်း ၊ ဇာတ်လမ်း မတိုင်မီ ရှေ့ပိုင်း အဖြစ်အပျက် များကို ပန္နက်ရိုက်ခြင်း ပြုတတ်ကြပါသည် ။


ချစ်ဦးညို ၏ ဗျဂ္ဃ ကို နှစ်ကြိမ် သုံးကြိမ် လောက်ပြန် ပြီး ဖတ်မိသော အခါ ထိုကဲ့သို့ သော ပြောနည်းဆိုဟန်များ ကို သွားပြီး သတိရမိ လာပါသည် ။


ထိုသို့သော ပြောဟန် လေသံများ ကို ချစ်ဦးညို ၏ ဗျဂ္ဂ တွင် ကြားရနိုင်ပါသည် ။ ထိုသို့သော ရှေးဆန်သည့် ဇာတ်လမ်းဆင်ပုံ ၊ သဘင်ဆန်သည့် ပြောဟန်လေသံတွေ ထုံမွှမ်း နေပါလျက် ခေတ်နောက်ကျသော ၊ ရိုးတာသော ၊ ဟောင်းနွမ်းသော ဝတ္ထု တစ်ပုဒ် ဖြစ်မလာဘဲ နှစ်သက်ဖွယ် ကောင်းသော ခေတ်ဝတ္ထုတစ်ပုဒ် ဖြစ်လာရသည် မှာ ရှေး ဟန် နှင့် ခေတ် ပုံစံ ကို သမ နေအောင် ကျွမ်းကျင်စွာ ရောစပ် တတ်သည့် ချစ်ဦးညို ၏ အနုပညာ စွမ်းရည် ဟု ဆိုသင့်ပါ သည် ။


တစ်နည်းအားဖြင့် ရှေးခေတ် ပဒေသရာဇ် ကာလ နောက်ခံ ဖြစ်သည့် ပြင် ဇာတ်ကြောင်း ပြောသူ ဗျဂ္ဃ ၏ စရိုက် နှင့် လိုက်လျော နေသောကြောင့် ပြောဟန် လေသံ သဘင် ဆန်နေခြင်း က ပင် မြန်မာ့နား တွင် အံဝင်ခွင်ကျ ဖြစ်နေ သည် ဟုလည်း ဆိုနိုင်သည် ။


ဝတ္ထု ကို လေးခန်း ခွဲထားသည် ။ ပထမ နှင့် ဒုတိယ အခန်း မှာ ဗျဂ္ဃ လုပ်ငန်း ၊ ဗျဂ္ဂ အကြောင်း ကို မိတ်ဆက်ခြင်း ဖြစ်၍ ဇာတ်ပျိုး ဟု ဆိုသင့်သည် ။ တတိယ အခန်း မှာ မြို့ဝန် ၏ အပြုအမူများ ကို တံခါးနီမှူး က ပြောပြသွားသော ကြောင့် ဇာတ်နှိုး ဟု ဆိုသင့်သည် ။ စတုတ္ထ အခန်း မှာ မူကား ဂီတမောင်နှံ ရောက်လာခြင်း မှ စ၍ ဆုံးခန်းတိုင် အထိ ဖြစ် သောကြောင့် ဇာတ်တက် ၊ ဇာတ်ထွတ် ၊ ဇာတ်ဆင်း ၊ ဇာတ်သိမ်း အားလုံး စုပြုံပြီး ဝင်လာသည် ဟု ဆိုသင့်ပါ သည် ။


••••• ••••• •••••


ပထမ အခန်း မှာ ရာဇဝတ်သား တစ်ဦး အား ကွပ်မျက်သည့် ရှုခင်း ကို ဗျဂ္ဃ ၏ အပြော ဖြင့် သရုပ်ဖော်ခြင်း ဖြစ်သည် ။ ပြောနေသူ ဘယ်သူဘယ်ဝါ မှန်း မသိရသေး ။ သို့သော် ထို အခန်း ဆုံးသော အခါတွင် ကား သူသ,တ်ပါးကွက်သား တစ်ယောက် က ပြောနေခြင်း ဖြစ်ကြောင်း သိလာရသည် ။


ပြောသူ မည်သူမည်ဝါ ဖြစ်ကြောင်း ( ဗျဂ္ဃကြီး အကြောင်း ) ကို ဒုတိယ အခန်း ရောက် မှ သိရသည် ။ 


သာမန် ဝတ္ထုဇာတ်ကြောင်း အစဉ်အတိုင်း ရေးဖွဲ့ မည် ဆိုပါလျှင် ဒုတိယ အခန်း က စရမည် ။ ဗျဂ္ဃကြီး က သူ့အကြောင်း သူ မိတ်ဆက် ပြောပြခြင်းဖြင့် ဖွင့်ရမည် ဖြစ်သည် ။ ဝတ္ထုအဖြစ်အပျက် အကြောင်းရာ ချည်း သက်သက် စဉ်းစားမည် ဆိုလျှင် ပထမ အခန်း မှာ လုံးဝ အပို သက်သက် ဖြစ်နေသည် ။ ထို အခန်း ကို ဖြုတ်ထားခဲ့ လျှင် လည်း ဘာမျှ အကြောင်း မထူး ။ ထည့်ထား၍ လည်း ဘာမျှ အကြောင်း မထူး ။


သို့သော် ဝတ္ထု ဆိုသည်မှာ အနုပညာပစ္စည်း တစ်ခု ဖြစ်သည် ။ စာဖတ်သူ ပရိသတ် ကို ညှို့ငင် ဖမ်းစားနိုင်စွမ်း ရှိရမည် ။ ချစ်ဦးညို က သူ ၏ ဝတ္ထု ကို ရုတ်တရက် ဖမ်းစားခြင်း ဖြင့် ( Surprise catch ) ဖွင့်လိုသည် ။ ထို့ကြောင့် ကွပ်မျက်ခန်း ကို စပြီး တင်ပြလိုက်သည် ။ ရှေးခေတ် က ရာဇဝတ်သား ကို “ တောင်စွယ် နေကွယ်ချိန် ” တွင် သုတ်သင်လေ့ ရှိသည် ။


      နေလုံးကြီး ဟာ ဟိုး အနောက်ဘက် တောင်တန်း အစွယ် ပေါ်မှာ မေးတင် ထားရာ ကနေ ပြုတ်ကျသွားတယ် ။ ရှည်လျားတဲ့ နေရောင်ခြည်တန်း အလင်းမျှင် တွေ ကလည်း ချက်ချင်း ဆိုသလို ဖြုတ်ခနဲ ပျောက်သွားတယ် ။


      လက် ထဲ က ဓားရိုး ကို ကျစ်ကျစ် ပါအောင် ဆုပ်ရင်း တံခါးနီမှူးကြီး ကို ကျူပ် တစ်ချက် လှမ်း ကြည့်လိုက်တယ် ။ တံခါးနီမှူးကြီး က ခေါင်း တစ်ချက် ညိတ် အပြ မှာပဲ .... ။


      ကျုပ် လက် ထဲက ဓား အပေါ် ကို မြောက်ကြွ သွားတယ် ။ ပြီးတော့ အောက် ပြန် အကျ


      တစ်ချက်ကလေး တောင် မအော် နိုင်ပါဘူး ။ ဘာ ဝေဒနာ ကို မှ လည်း ခံစား မသွားရပါဘူး ။ ငမိုက်သား ရဲ့ ဦးခေါင်း ဟာ သူ့ ကိုယ် ကနေ လွင့်စင်သွားတယ် ။ ငေါက် ခနဲ ပန်းထွက်လာတဲ့ သွေးတွေ ကို တပည့် ကျော် “ ငဆွံ့ ” က အင်တုံ နဲ့ ခံပြီး တော့ ထုံးစံအတိုင်း သူသ,တ်ကုန်း မြေပေါ်ကို ဖျန်းလိုက်တယ် ။


      ခွေးဗျဂ္ဃကြီး ကလည်း ရှည်ရှည်လျားလျား အူတယ် ။


      အမှောင် သန်းပြီ ။


      အင်း ... ရာဇဝတ်သား

တစ်ယောက် လည်း သူ့ လမ်းသူ သွားခဲ့ပြီ ပေါ့ ။


      တစ်နေ့တာ အတွက် တာဝန် ပြီးပြန်ပြီ ။


      သူသ,တ်ကုန်းထောင့် က တဲ ဆီ ကို ကျုပ် ပြန်လာခဲ့ရတယ် ။ ကိုယ်တိုင် ချက် ထားတဲ့ မီးတောက်အရက်ကို သောက်မယ် ။ ထမင်း စားမယ် ။ ပြီးတော့ အိပ်မယ် ။


အထက်ပါ ကောက်နုတ်ချက် မှာ ပထမ အခန်း တစ်ခုလုံး ဖြစ်ပါတယ် ။ တစ်ခန်းလုံး ကို ထုတ်ပြလိုက်ခြင်း မှာ ကျွန်တော် ပြောလိုသော အကြောင်းအရာ တော်တော် များများ ပါနေသောကြောင့် ဖြစ်ပါသည် ။


“ စာရေးနည်းပညာ ကို လေ့လာဆည်းပူးကြရာ တွင် နောက်ဆုံးကျ မှ တတ်သောပညာမှာ ‘ စ , နည်း

’ ပင် ဖြစ် သည် ” ဟု ဆိုကြပါသည် ။ ချစ်ဦးညို သည် ဤအချက်ကို အမှတ်မထင် ဖြစ်စေ ၊ နိုးနိုးကြားကြား ဖြစ်စေ သတိပြုသည် ဟု ဆိုချင်ပါသည် ။


ဝတ္ထု တစ်ပုဒ် ( အထူးသဖြင့် ဝတ္ထု တစ်ပုဒ် ) ၏ အစ သည် အရေးကြီးသော ဇာတ်ကောင် သို့မဟုတ် အရေးကြီးသော အခြေအနေ သို့မဟုတ် ဝတ္ထု အာဘော် အတွက် အရေးကြီးသော အချက် တစ်ခု ခု ကို မိတ်ဆက် ဖော်ပြပြီး ဖြစ်စေသင့်ပါသည် ။ ထိုအချက်များ ကို ဖော်ပြရုံ နှင့် မလုံ လောက်သေးပါ ။ စာဖတ်သူ ကို ရှေ့ ဆက်ပြီး ဖတ်ချင် အောင် သိမ်းသွင်းနိုင်ရပါမည် ။ ရုတ်တရက် ဖမ်းစားမှု ပြုနိုင် လျှင် ပို ကောင်းပါသည် ။ ( အချို့ဝတ္ထုတိုဆရာများ သည် ရုတ်တရက် ဖမ်းစားရန် အလန့်တကြား ဇာတ်ကွက် တို့ဖြင့် ဖွင့် သော်လည်း ဆက်ပြီး ဖတ်သော အခါတွင် ကား ထို ဇာတ်ကွက် မှာ ဇာတ်လမ်း ၊ အာဘော် စသည်တို့ နှင့် ဘာမျှ မပတ်သက်ဘဲ ဖြစ်နေလျှင် မျက်လှည့် ပြပြီး ဆေးရောင်းခြင်း နှင့် တူနေတတ်ပါသည် ။ )


ချစ်ဦးညို ၏ ဝတ္ထု ဖွင့်ပုံကို သတိထားပြီး လေ့လာ ကြည့်မိပါသည် ။ အရေးကြီးသော အခြေခံ ဇာတ်ဆောင် များ ဖြစ်သည့် ဇာတ်ကြောင်း ပြောသူ ဗျဂ္ဃ ၊ တပည့်ကျော် ငဆွံ့ ၊ ခွေးကြီးဗျဂ္ဃ စသည် တို့ကို တွေ့လိုက်ရပါပြီ ။ တံခါးနီမှူး ကို လည်း ရိပ်ခနဲ မြင်လိုက်ရပါပြီ ။ သူသ,တ်ကြီး ၏ လုပ်ငန်း ၊ ငဆွံ့ ၏ လုပ်ငန်းတို့ ကို လည်း တွေ့လိုက်ရပါပြီ ။ ပါးကွက်သားကြီး အဖို့ လူသ,တ်ခြင်း အလုပ် ကို ထမင်းစား ရေသောက် မျှသာ သဘောထားကြောင်း ပေါ်လွင်လှ၍ လိုအပ်သမျှ စရိုက် ကိုလည်း သိခွင့် ရလိုက်ပါပြီ ။ ရာဇဝတ်သား တစ်ယောက် သေခြင်း မှာ သူ့အဖို့ ဘာမျှ မထူးခြား ။ အရက်သောက် မပျက် ၊ ထမင်းစား မပျက် ၊ အအိပ် မပျက် ။ 


( ဤအချက်ကို အဖွင့်တွင် ထည့်ထားခြင်း မှာ အလွန် အရေးကြီးပါသည် ။ နောက်ပိုင်း ဂီတမောင်နှံ တို့ အပေါ် ရိုသေကြင်နာ မိလာခြင်း ကို ပိုမို လေးနက်စေ ပါသည် ။ )


ထိုမျှမက တောင်စွယ် နေကွယ်ခြင်း ၊ ဦးခေါင်းဖြတ် ခြင်း ၊ သွေးများ ကို ခံယူ၍ သူသ,တ်ကုန်းမြေ၌ ဖျန်းခြင်း ၊ ခွေးကြီး ရှည်လျားစွာ အူခြင်း တို့သည် ချောက်ချားမှု ရသ ကို ပေါ်လွင်စေသည် ။ ကြမ်းတမ်းခြင်း ၊ ချောက်ချားခြင်း တို့သည် ပရိသတ် ကို လျင်မြန်စွာ ဖမ်းစားနိုင်သည် မဟုတ် ပါလား ။


ဗျဂ္ဂ ဝတ္ထုတို ၏ အဖွင့် မှာ တာဝန်ကျေသည် ဟု ဆို သင့်ပါသည် ။


 ••••• ••••• •••••


ဒုတိယ အခန်း ကို ဆက်ကြပါမည် ။


ဒုတိယ တစ်ခန်းလုံး မှာ အလင်္ကာစကား နှင့် ပြောရ လျှင် ရုဒ္ဒ ၊ ဝိဘစ္ဆ ၊ ဘယာနက ( ကြမ်းတမ်းခြင်း ၊ စက်ဆုပ် ခြင်း ၊ ကြောက်ရွံ့ခြင်း ) တို့နှင့် ပြည့်နေသော အခန်း ဟု ဆိုရပါမည် ။ ပါးကွက်သားကြီး ဗျဂ္ဃ က သူ့ ကိုယ် သူ မိတ်ဆက်ပြီး သူ့ လုပ်ငန်း အကြောင်း မြိန်မြိန်ရှက်ရှက်ကြီး ပြောသွားပုံ ကို ကြည့်ပါ ။ ( ဤသို့ မြိန်မြိန်ရှက်ရှက်ကြီး ပြောခြင်းသည် ပင် လျှင် ဗျဂ္ဃ ၏ စရိုက် ကို ပေါ်လွင်စေပါသည် ။ )


      အမောင်တို့ အမိတို့ သိချင်သာ ဆို လည်း ပြောရတာပ ။


      ကျုပ် နာမည် က ဗျဂ္ဃတဲ့ ။ နေပြည်တော်သူ နေပြည်တော်သား တွေ ကတော့ မကောင်းဆိုးရွားကောင်ကြီး ဗျဂ္ဃ လို့ ခေါ်ကြလေရဲ့ ။ ဒါကလည်း သူတို့ ဘာသာ သူတို့ အချင်းချင်း စကား ပြောရင်း ကျုပ် ကို နာမည် တပ်ကြတာပါ ။ တကယ်တော့ ကျုပ် ကို စေ့စေ့တောင် မှ ကြည့်ရဲ ကြတာ မဟုတ်ပါဘူး ။


      ကျုပ် နဲ့ မတွေ့ချင် ၊ မဆုံချင် ၊ အသိအကျွမ်း မဖြစ်ချင်ကြဘူး ။ ကျုပ် ရှိရာ အရပ် ကို လည်း မလာချင်ကြဘူး ။ ဘယ်လို အကြောင်းကြောင့် နဲ့ မှ ကျုပ် နဲ့ မပတ်သက် ချင်ကြဘူးလေ ။


      ဟား ... ဟား ... ဒီလိုပဲ ဖြစ်ရမှာပေါ့ ။


     အမောင်တို့ အမိတို့ ကော ကျုပ် နဲ့ ပတ်သက်ချင်ကြသလား ။ မပတ်သက်ချင် ကြနဲ့ ။ ကိုယ်ကျိုး နည်း သွားမယ်နော် ။


အထက်ပါ ဗျဂ္ဃ ၏ စကား ကို ကြည့်ပါ ။ ဗျဂ္ဃ သည် သူ့ ဘဝ ကို သူ ကျေနပ်သည် ။ လူအများ က သူ့ ကို ကြောက် ရွံ့စက်ဆုပ်ကြသည် ကို ပင် ဝမ်းမြောက်ဂုဏ်ယူ နေသည် ။ ထိုမျှ မက ကြားနာသူ ( စာဖတ်သူ ) ကို ပင် ( လောက အားလုံး ကို ပင် ) လှမ်းပြီး ခြိမ်းခြောက် သတိ ပေးလိုက်ရ သေးသည် ။


ဗျဂ္ဃ က သ,တ်ရသည် ဟူသော စကား ကို မကြိုက် ။ စီရင် ပေးရသည် ဟူသော စကား ကို သာ ကြိုက်သည် ။


      အမှန် က စီရင် ပေးရတာ ။ စီရင်တာ ။


      ကြည့်လေ ။ ဓား နဲ့ လား ၊ ပုဆိန် နဲ့ လား ၊ ဝါးရင်းတုတ် နဲ့ လား ။ ဘာနဲ့ပဲ အလှည့် သင့်သင့် ။ ရာဇဝတ်သား ဝေဒနာ မခံစားရအောင် ကျုပ် က တစ်ချက် နဲ့ အပြီး လုပ်ပေးရတာ ။ သွေးရူးသွေးတန်း ထပြေး တာ ၊ အော်ဟစ် နေတာမျိုး မရှိစေရ ။ တစ်ချက် မှ တစ်ချက် တည်း ။ ဒီလို ဗျဂ္ဃမျိုး ပါ ။ ဟေး ... ဟေး ... ဟေး ... ။ 


      တစ်ခုတော့ ရှိသပေါ့လေ ။ ရာဇဝတ်သားတွေ ဟာ ကျုပ် ဆီ ရောက် လာပြီး တုံးပေါ် လည်စင်း ပေးနေတဲ့ အချိန် ထိတော့ ကယောင်ကတမ်း ဖြစ်နေကြ တာပါပဲ ။ တချို့ဆို ကြောက်လွန်း အားကြီးပြီး ကျုပ် ဘာမှ မလုပ်ခင် မှာ ပဲ ရူးတဲ့ လူ ရူး ၊ မေ့တဲ့ လူ မေ့ ၊ နှလုံးသွေး ရပ်တဲ့ လူ ရပ်နဲ့ ။


     အမှန်က ကျုပ် လက် ကြောင့်မို့ တော့ ဘာမှ အနာတရ မခံစားစေရဘူး ။ ဘယ်နဲ့ ဗျဂ္ဃ တို့ ပါးကွက်သား လုပ်လာတာ ကြာပြီပဲဟာ ။


ပထမအဆင့် ထက် ပိုမြင့်လာသော ဗျဂ္ဂ ၏ လူကြမ်း စရိုက်ဖော်မှု ဖြစ်သည် ။ သူ ၏ လေသံ ၌ပင် သူ့ အလုပ် ကို သူ မည်မျှ ဂုဏ်ယူကြောင်း ပေါ်လွင်နေပါသည် ။ နောက် တစ်ဆင့် ကြည့်ပါဦး ။


      အဲ ... ကျုပ် ရယ် ၊ ငဆွံ့ ရယ် ၊ ခွေးဗျဂ္ဃ ရယ် ၊ ဒီ သုံးယောက် ပဲ သူသ,တ်ကုန်း မှာ နေကြတာ ။ ကျုပ် အဖို့လည်း ဘယ်မှ သွားစရာ မလိုဘူး ။ ဘယ်သူနဲ့ မှ တွေ့စရာ လည်း မလိုဘူး ။ ကိုယ့် အလုပ် ကိုယ် လုပ် ။ သေသောက် ၊ ထမင်းစား ၊ အိပ် ။ ဒါပဲ ။


      ဘယ်သူမှ လည်း ကျုပ်တို့ ဆီ တခုတ်တရ မလာကြပါဘူး ။


      ဟဲ ... ဟဲ ... လာမိတယ် ဆိုရင်လည်း ပြန် ထွက်သွားစရာ အကြောင်းမှ မရှိတော့တာကိုး ။


      ကဲ ... အမောင်တို့ အမိတို့ ကော ၊ ခုလို အကြောင်း အစုံအလင် သိကြ ရပြီးတဲ့ နောက် ၊ ဘယ်လိုရှိစ ။ လာချင်ကြ သေးသလား ။ ဟေး ... ဟေး ... ။


တတိယ အဆင့် တွင် မူကား ဗျဂ္ဃ သည် လူ့ လောကကြီး နှင့် အဆက်ပြတ် နေကြောင်း ၊ လူတွေသူတွေ တိုင်းရေးပြည်ရေးတွေ နှင့် ပတ်သက်၍ ဘာမျှ စိတ်ဝင်စားမှု မရှိကြောင်း သေသေချာချာ ပေါ်လွင်လာပါပြီ ။ ဟေး ... ဟေး ... ဟူသော သူ ၏ ရယ်သံ က ပင် ဘယ်သူ့ ကို မျှ တန်ဖိုးမထားကြောင်း မထီတရီ ရှိတတ် ကြောင်း ထင်ရှားနေပါပြီ ။


ဤသို့သော လူ့အန္ဓ ဖြစ်မှု ၊ စရိုက်ကြမ်းမှု ပေါ်လွင် ခြင်းသည် နောင်အခါ ဂီတမောင်နှံ ကို ကြင်နာရိုသေခြင်း ကို ဆန့်ကျင်သော ခွန်အား ဖြင့် ကြီးစွာသော အထောက်အပံ့ ကို ဖြစ်စေပါသည် ။ ရက်စက်ကြမ်းကြုတ်ခြင်း အနက် ရောင် ပေါ်တွင် ရိုသေကြင်နာခြင်း အဖြူရောင် သည် ပိုမို ထင်ရှားလာပါသည် ။ အနက်ရောင် ပေါ်က အဖြူစက် သည် အဖြူ ထက် ပို၍ ဖြူသည် မဟုတ်ပါလား ။


ချစ်ဦးညို သည် ဗျဂ္ဃကြီး ၏ အဖြူရောင် စေတနာ ကို ပေါ်လွင် စေလိုသောကြောင့် နောက်ခံ နှလုံးသား ကို အနက်ရောင် ခြယ်ပေးလိုက်သည် ဟု ဆိုသင့်ပါသည် ။


••••• ••••• •••••


တတိယ အခန်း ကို ဇာတ်နှိုး ဟု ခေါ်နိုင်ပါသည် ။ စာဖတ်သူ မျက်လုံး ကျယ်လာသော အခန်း ဖြစ်ပါသည် ။


      ခုတလော ရွှေနန်းတော် တစ်ဝိုက် မှာ အရေးတော်ပုံများ ရှုပ်ရှုပ်ထွေးထွေး ရှိလှတယ်လို့ ၊ တံခါးနီမှူးကြီး က ဟို တစ်နေ့ က ရာဇဝတ်သား တစ်ယောက် လာ ပို့ရင်း ပြောသွားတယ် ။ ကျုပ်တော့ ဒါတွေကို နားမလည်ပါဘူး ။ စိတ်ဝင်တစား လည်း မရှိလှပါဘူး ။


      ထူးခြားတာ တစ်ခုတော့ ပြောသွား တဲ့ စကား ထဲ က မှတ်မိလိုက်ရဲ့ ။


      မြို့ဝန်မင်း က ဘုရင်မင်းမြတ် ရဲ့ သစ္စာတော် ကို လျှို့လျှို့ဝှက်ဝှက် ဖီဆန် နေတယ် ဆိုပဲ ။ ဘဏ္ဍာတော်တွေ ကို ဖြတ်ယူ သတဲ့ ။ ခိုးသား ၊ ဓားပြတွေ တိတ်တိတ် မွေးသတဲ့ ။ နေပြည်တော်သားတွေ က ဘုရင်းမင်းမြတ် ရွှေနားတော် ပေါက်ကြားအောင် လုပ်ဖို့ ကြိုးစားနေတယ် ။ ဒါကို မြို့ဝန်မင်း က လည်း သိတော့ အဖိအနှိပ် အကွပ်အညှပ် တွေ ပိုများလာတယ် ။


      “ ဒီအတိုင်း မှန်ရင်တော့ မြို့ဝန်မင်း တဆိတ် ရိုင်းသကိုး ” လို့ ကျုပ် က ပြန် ပြော မိတယ် ။ ဒါပေမဲ့ ဒီအကြောင်း ဒီလောက် နဲ့ပဲ ပြီး သွားတယ် ။ ကျုပ် က စိတ်ဝင်စားတာ မဟုတ်ဘူးလေ ။ ကျုပ် နဲ့ မှ မဆိုင်တာ ကလား ။


ဤအခန်း မှာ ဇာတ်နှိုး ဖြစ်ရုံမျှ မက ဇာတ်လမ်း ၏ ရှေ့ပြေးနိမိတ် တို့ကို တွေ့ရစ ပြုပါပြီ ။ မြို့ဝန်မင်း မတရားပြုခြင်း ၊ နေပြည်တော်သားများ က ရွှေနား ပေါက်အောင် ကြိုးစားခြင်းတို့ မှာ ဂီတမောင်နှံ တို့ ကြိုးပမ်းမှု ၏ ဇာတ်နိမိတ် ပျိုးခြင်း ဖြစ်သည် ။ မြို့ဝန်မင်း ရိုင်းသည် ဟု ဗျဂ္ဃကြီး က မှတ်ချက် ချခြင်းသည် တစ်သက်လုံး လူအများ နှင့် ကင်းကွာ နေခဲ့ သော ဗျဂူကြီး ပထမဆုံး အကြိမ် လူအများ ၏ အတွက် ကို စိတ်ဝင်စားမိခြင်း ဖြစ်သည် ဟု ဆိုရပါလိမ့်မည် ။ ထိုအချက် သည် လည်း ဇာတ်နိမိတ် ပင် ဖြစ်သည် ဟု ဆိုသင့်သည် ။


••••• ••••• •••••


စတုတ္ထ အခန်း တွင် ကား ဇာတ်တက် ၊ ဇာတ်ထွတ် ၊ ဇာတ်ဆင်း ၊ ဇာတ်သိမ်း တစ်ဆက်တည်း ဝင်လာပါတော့သည် ။ 


အခန်း စ ဖွင့်လျှင် ဖွင့်ခြင်း တောင်စွယ် နေကွယ်ပြီ ဖြစ်၍ ဗျဂ္ဃကြီး သည် ယနေ့ အနားရပြီ ဟု အရက်သောက် ၊ ထမင်း စားပြီး အိပ်မည် ဟု ပြင်ဆင်သည် ။ ထိုအခိုက် တွင် တံခါးနီမှူးကြီး က ရာဇဝတ်သား နှစ်ဦး ကွပ်မျက်ရန် လာ ပို့သည် ။


      “ အား ... နေကွယ်ပြီပါပကော ”


      “ နေကွယ်ကွယ် ၊ လထွက်ထွက် ၊ အမိန့်တော်နဲ့ပဲ ”


      “ ပြစမ်းပါဦး ”


      အမိန့်တော်စာ ကို ယူပြီး မီးတိုင် မှာ ကပ် ကြည့်လိုက်တယ် ။ စာဖတ်တာ မဟုတ်ပါဘူး ။ ကျုပ် မှ စာမတတ်တာ ။ ကျုပ် ကြည့်တာ က အမိန့်တော်စာ ထဲ က ရုပ်ပုံပါ ။ ဓား ပုံ လား ၊ ပုဆိန် ပုံ လား ။ စီရင် ရမယ့် လက်နက် အမျိုးအစား ။


      “ အား ဝါးရင်းတုတ် ပါလား ” 


      အင်း ဒီည အနား ရပြီ အောက်မေ့ တာ ။ အလုပ် က ပေါ်လာပြန်ပြီကိုး ။ ဘာတဲ့ ၊ ဝါးရင်းတုတ် တဲ့ ၊ အလို မသေး ပါလား ။


      ဗျဂ္ဃကြီး က ဝါးရင်းတုတ် နှင့် စီရင်လောက် အောင် ပြစ်မှုကြီးလှသော ရာဇဝတ်သား နှစ်ဦးအား မီးတိုင်ကိုင် မြှောက်ပြီး ကြည့်လိုက်သည် ။


      အလိုလေး ... မျက်စိများ မှောက်လေသလား ။ မီးတောက်အရက် လည်း ဒီလောက် သောက်ရသေးတာ မဟုတ်ပါဘူး ။


      ဗျဂ္ဃကြီး က နုနယ် သန့်ပြန့်လှသော လုလင် နှင့် လုံမငယ် ကို တွေ့ရသောကြောင့် အံ့အားသင့် သွားသည် ။ ထို့ကြောင့် သူတို့ သင့် လာခဲ့သော ပြစ်မှု ကို မေးသည် ။ မဖြေ ။ ဘာစကား မှ မေးလို့ မရ ။ ဝါးရင်းတုတ် နှင့် ရိုက်သ,တ်ရန် အသင့် ဖြစ်ပြီ ။ ဘာစကားမျှ မပြော ။


      ကျုပ် ဆီ ရောက်လာတဲ့ ရာဇဝတ်သားတိုင်း ဟာ သူ့နည်းနဲ့ သူတော့ တုန်လှုပ် ချောက်ချား သွားကြတာချည်း ။ အော် လို့ အော် ၊ ငို လို့ ငို ၊ တချို့ မေ့သွား ၊ တချို့က ရူးသွား နဲ့ ။


      အခု သင်းတို့ နှစ်ယောက်ကျခါမှ ကျုပ် ရဲ့ ပါးကွက်သား သက်တမ်း အတွင်း မှာ ပထမဆုံး အကြိမ် တည်ငြိမ်သော ရာဇဝတ်သား ကို တွေ့ရခြင်း ။


ဗျဂ္ဃကြီး စိတ်ရှုပ် လာသည် ။ သူတို့ ၏ စကားသံ ကို ကြားချင်လာသည် ။ ထို့ကြောင့် ခြောက်လှန့် မေးသည် ။ ဘာစကားမျှ မပြောကြ ။ နောက်ဆုံးတွင် မှ သူတို့အချင်း ချင်း စကား ပြောကြသည် ။ ထို့နောက် ဂီတမောင်နှံ က သေခါနီး ၌ပင် တေးဆို ကြသည် ။ ဤသည်တွင် ဇာတ်လမ်း တက် ရာမှ ဇာတ်ထွတ် ဆီသို့ ချဉ်းနင်းစ ပြုလာသည် ။ ဗျဂ္ဃကြီး မြည်တမ်း ပြောဆို သွားပုံ ကို ကြည့်ပါ ။


      အလိုလေး ... တေးသံ တစ်စ သူတို့ နှုတ် က ထွက်လာပါပကော ။ ကျုပ် နား ထဲ မှာ အဝေး ဆီ က သဲ့သဲ့ လွင့်လာ သလို ၊ အနီးကပ်ပြီး မြည်ဟည်း ထစ်ချုန်း လာသလို ။ တေးသံ ဟာ နားက တစ်ဆင့် ၊ တစ်ကိုယ်လုံး အနှံ့အပြား စီးဆင်းလာ တယ် ။ အလိုလေး အလိုလေး ၊ ဒီ တေး တစ်ပုဒ် ကို ကျုပ် စိတ် ထဲက လိုက် ဆို နေမိပါပကောလား ။


ဤသည်တွင် ဇာတ်လမ်း ဆင်း လာပါပြီ ။ 


တစ်ရှိန်ထိုး ဆင်း လာပြီးသည့် နောက် သိမ်းလိုက်ပုံ ကို ကလည်း ကောင်းပါသည် ။ 


      မြို့ဝန်မင်း က ဘယ် ညှာလိမ့်မတုံး ။     


      အေးလေ ၊ ကျုပ် က လည်း အားလုံးကို ကြို တွက်ပြီးသားပါ ။


      နောက်နေ့ တောင်စွယ် နေကွယ်ချိန် က စပြီး ကျုပ် ၊ ငဆွံ့ နဲ့ ခွေးတို့ ရဲ့ ခေါင်းပြတ် ကို သူသ,တ်ကုန်း ကားစင်ထိပ် မှာ အားလုံး တွေ့ကြရတော့မယ်လေ ။ 


သူသ,တ်ပါးကွက်သားကြီး ဗျဂ္ဃ သည် တစ်မုဟုတ်ချင်း သူရဲကောင်းကြီး ဗျဂ္ဃ အဖြစ်သို့ ပြောင်းပြီး ဇာတ်သိမ်း လိုက်သည် ။


••••• ••••• •••••


ချစ်ဦးညို ဗျဂ္ဃ ဝတ္ထု ကို ဖန်တီးပုံ ကို သေချာစွာ စူးစမ်း ကြည့် လျှင် ရှေးရိုး ပိရမစ် ပုံစံ ပင် ဖြစ်နေကြောင်း တွေ့နိုင်ပါသည် ။ ၁၈၆၃ ခု တွင် ဂူစတပ်ဖရေးတပ် Gustav Freytag က ပြဇာတ်ကောင်း ၊ ဇာတ်လမ်းကောင်း တို့ကို သုံးသပ်ပုံ စတင် ဖော်ထုတ် ပြခဲ့သောကြောင့် ဖရေးတက် ပိရမစ် ( Freytag' s Pyramid ) ဟု ခေါ်ကြပါသည် ။ သူ ၏ ပုံစံ နှင့် ဗျဂ္ဃ ကို ယှဉ်တွဲ ပြလိုက်ပါသည် ။


🚩( ကွန်မင့် တွင် ပုံ ကို တင်ပေးထားပါသည် )


ဗျဂ္ဃ  တွင် ပထမ နှင့် ဒုတိယ နှစ်ခန်းလုံး မှာ ဇာတ်ပျိုး အဆင့် ၌ သာ ရှိနေပြီး တတိယ အခန်း မြို့ဝန်မင်း ၏ အကြောင်း ၊ နေပြည်တော်သားတို့ အကြောင်း ကို ကြားရမှ ဇာတ်နှိုး အဆင့် သို့ ရောက်လာပါသည် ။ သို့သော်လည်း သူသ,တ်ကုန်း ကွပ်မျက်ပုံ နှင့် စပြီး ဖွင့်လိုက်သောကြောင့် ဇာတ်ပျိုး ၌ပင် ဇာတ်နှိုးအငွေ့ ပါလာပါသည် ။ တစ်နည်း အားဖြင့် ဇာတ်နှိုး တစ်ဝက် ကို ရှေ့ဆုံးသို့ ခွဲယူလိုက်သည် ဟု ဆိုသင့်ပါသည် ။


အချိန်မတော် ရာဇဝတ်သား ရောက်လာခြင်း မှ စ၍ ဇာတ်တက် သို့ ရောက်လာသည် ။ ဇာတ်ရှိန် ကောင်းလာပြီး နောက် ဗျဂ္ဃကြီးသ,တ်ခါနီး အချိန် ဝါးရင်းတုတ် နှင့် ရိုက်ချ လိုက်ချိန် ကို ( ကျွန်တော့် အနေနှင့် ) ဇာတ်ထွတ် ဟု ယူချင် ပါသည် ။ ( ‘ ကျွန်တော့် အနေနှင့်

’ ဟု သုံးစွဲ လိုက်သည်မှာ စာဖတ်သူ နှင့် အယူအဆ ကွဲလွဲနိုင်သေးသောကြောင့် ဖြစ်ပါသည် ။ ) ထို့နောက် ကြိုးဖြေလွှတ်ခြင်း ၊ လမ်းညွှန်ခြင်း စသည်တို့ မှာ ဇာတ်ဆင်း ဖြစ်ပါသည် ။ ဗျဂ္ဃကြီး ၏ နိဂုံးချုပ် စကား မှာ ဗျဂ္ဃကြီး ၏ ဘဝဇာတ်သိမ်း လည်း ဖြစ်ပါသည် ။ ဝတ္ထု ၏ ဇာတ်သိမ်း လည်း ဖြစ်ပါသည် ။


ဤမျှ ဆိုရလျှင် ချစ်ဦးညို သည် ရှေးရိုးကျလှသော ဇာတ်လမ်းထုံးဖွဲ့နည်း ကို သုံးစွဲထားကြောင်း ထင်ရှားပါပြီ ။ 


ကျွန်တော့် မှာ ပြောစရာ တွေ ရှိပါသေးသည် ။


••••• ••••• •••••


သေချာ ဖတ်ပြီး အေးအေးဆေးဆေး စဉ်းစား ကြည့် လျှင် ချစ်ဦးညို ၏ ဗျဂ္ဃ မှာ ‘ လုပ်ဇာတ် ’ ကြီး ဖြစ်ကြောင်း သေသေ ချာချာကြီး ထင်ရှား နေပါသည် ။ ကျွန်တော် လည်း သိပါသည် ။ ဗျဂ္ဃ ဝတ္ထု ကို ကျွန်တော် လုံးဝ မယုံကြည်ပါ ။ သို့သော် ကျွန်တော် ၏ ဆောင်းပါး အစတွင် တင်ပြခဲ့သော ဖရင့်အိုကွန်းနား ၏ ဝန်ခံချက်လေး တစ်ခု ကို တင်ပြလိုက်ပါ သေးသည် ။


ဖရင့်အိုကွန်းနား က ကစ်ပလင်း ၏ The Gardener ဝတ္ထု ကို ‘ လုပ်ဇာတ် ’ ဟု အပြတ် ပြောသည် ။ ထိုမျှမက တစ်လုံးတစ်ပါဒ မျှ မယုံကြည် ဟု လည်း ပြော သေးသည် ။ သို့သော် ဖတ်မိတိုင်း မျက်ရည် လည်ချင် သည် ။ “ I have never read it without wanting to weep ” ဟု ရေးခဲ့ပါသည် ။


ထို့အတူပင် ကျွန်တော် သည် ချစ်ဦးညို ၏ ဗျဂ္ဃ ကို တစ်ပုဒ်လုံး အနေ နှင့် တစ်စက် မျှ မယုံကြည်ပါ ။ သို့သော် ကျွန်တော် ပထမဆုံး အခေါက် ဖတ်စဉ် က တမက်မက် တသက်သက် ဖတ်ပြီး ဝတ္ထု ဆုံးသော အခါ “ ကောင်းလိုက် တဲ့ ဝတ္ထု ကွာ ” ဟု ပါးစပ် မှ လွှတ်ခနဲ ထွက်သွားခဲ့သည် မှာ အမှန်ဖြစ်ပါသည် ။


ဤနေရာတွင် အသင့် ယုတ္တိရှိခြင်း သို့မဟုတ် အတွင်း ယုတ္တိရှိခြင်း ( Verisimilitude ) နှင့် တကယ် ဖြစ်နိုင်ခြင်း ( Probability ) တို့၏ ခြားနားမှု ကို ဆင်ခြင်မိ ပါသည် ။ ဗျဂ္ဃ ဝတ္ထု တွင် အသင့် ယုတ္တိရှိမှု ( အတွင်းယုတ္တိ ) ခွန်အား မသေးလှပါ ။ ဗျဂ္ဃ  ၏ စရိုက် ၊ ခွေး ကို ဗျဂ္ဃ ဟုပင် အမည် မှည့်ပုံ ၊ သူသ,တ်ကုန်း အသွင်အပြင် ၊ ဗျဂ္ဃ စာ မတတ် ပုံ စသည် စသည် တို့မှာ ဝတ္ထု ၏ ယုတ္တိ ခိုင်မာမှုများ ဖြစ်ပါသည် ။ 


သို့သော် တကယ့် လောက တွင် ဖြစ်နိုင်ပါသလား ။ ဖြစ်တန်ရာပါသလား ။ ဘယ်တော့မှ မဖြစ်နိုင်ပါ ။ ထို့ကြောင့် လုပ်ကြံဖန်တီး ထားသော ၊ အကွက် ဖန်ထားသော ဝတ္ထု ဟု ကျွန်တော် ဆိုခဲ့ခြင်း ဖြစ်ပါသည် ။


သို့သော် အမှန်တရား ( Reality ) မှ ကွာလှမ်းလှ သည် ဟုကား ပြောရန် ခက်နေပါသည် ။ အကြောင်းမှာ ဝတ္ထု ၊ ကဗျာ စသော အနုပညာ တို့တွင် ပါဝင်သော အမှန်တရား သည် လှည့်စား တတ်ပါသည် ။ ဝေဝါး တတ်ပါသည် ။ တစ်ခါတစ်ရံ လည်း ဝေဝါးယောင် နှင့် အမှန်တရား ကို ထွန်းပြတတ်ပါသည် ။


ဥပမာ တစ်ခု ပြပါရစေ ။ အကျည်းတန်သော ဘဲကလေး ( The Ugly Darkling ) ပုံပြင် ကို လူတိုင်း ဖတ်ဖူးကြပါသည် ။ ဝမ်းဘဲတွေ ကြားထဲ တွင် ငန်းဥ တစ်လုံး ရောက် နေသည် ။ ပေါက်လာသော အခါ ငန်းကလေး ကို အကောင်ကြီးလွန်းခြင်း ၊ နှုတ်သီးကြီးခြင်း ၊ ခြေဖျားကျယ်ခြင်း စသည့် အသွင် မတူမှုကြောင့် ပတ်ဝန်းကျင် ဝမ်းဘဲ အားလုံး က အကျည်းတန်သည် ဟု ကဲ့ရဲ့ကြသည် ။ ငန်းဘဲလေး မှာ လောက ကို စိတ်နာ အားငယ်၍ သေရသည် က ပင် ကောင်း၏ ဟုတွေးကာ ရောက်လိုရာ ရောက်စေ ဟု ပျံသန်း ထွက်ပြေးခဲ့သည် ။ ငန်းဘဲများ အုပ်စုသို့ အမှတ်မထင် ရောက်သွားသော အခါတွင် အလှဆုံးငန်းဘဲလေးပါပဲ ဟု ချီးကျူးခြင်း ခံရတော့သည် ။ ထို ဝတ္ထုလေး ကို သေချာ ဖတ်ကြည့် လျှင် ဘဲတို့ ၏ သဘာဝ ၊ ဘဲတို့ ၏ လောက ကို ရေးခြယ် ထားသည် မှာ တကယ် ဟု ထင်ရအောင် သဘာဝကျ ယုတ္တိ ရှိပါပေသည် ။ သို့သော် တကယ် ဖြစ်နိုင်သလား ဟု မေးလျှင် တကယ် မဖြစ်နိုင်ကြောင်း သိသာပါသည် ။ သို့သော် တစ်ဖန် အမှန်တရား နှင့် ဝေးကွာပါသလား ဟု မေးလာပြန် လျှင် မူ ပတ်ဝန်းကျင် အရပ် အနေ မမှန်လျှင် ဂုဏ်သတင်း ညှိုးငယ်တတ်သည် ဟူသောအချက် မှာ အမှန်တရား မဟုတ်လား ဟု ပြန် မေးရတော့မည် ဖြစ်ပါသည် ။ Dirt is not dirt , only something in a wrong place . ( အညစ်အကြေး ဆိုသည် မှာ အညစ်အကြေး မဟုတ် ၊ နေရာ မှားသော ပစ္စည်း သာလျှင် ဖြစ်သည် ဟူသော စကား ကဲ့သို့ပင် ဖြစ်ပါသည် ။ ) ခေါင်းလိမ်းဆီ သည် ခေါင်း ပေါ်မှာ မနေဘဲ ပါးပြင် ပေါ် ကျသောအခါ အညစ်အကြေး ဖြစ် လာပါသည် ။ ပါး ပေါ်တွင် လိမ်းသော ပေါင်ဒါမှုန့် သည် မှန်ပြင် ပေါ်တွင် ကျသောအခါ အညစ်အကြေး ဖြစ်လာပြန်ပါသည် ။ အကျည်းတန်သော ဘဲကလေး ပုံပြင် က ပြောသည့် ထို အမှန်တရား ကို ငြင်းနိုင်ဖွယ် မရှိပါ ။ ထိုကဲ့သို့ ပင် ပုံပြင် ၊ ဝတ္ထု ၊ ကဗျာများ ကို သုံးသပ်ရာ၌ အသင့်ယုတ္တိရှိမှု ၊ တကယ် ဖြစ်နိုင်ခြေရှိမှု ၊ အမှန်တရား ကို ဖော်ကျူးနိုင်မှု စသည်ဖြင့် အလွှာအလွှာ သုံးသပ်ကြရ သဖြင့် တစ်ခါတစ်ရံ ခဲကတ် လှသည် ဟု ကျွန်တော် ဆိုချင်ပါသည် ။


ချစ်ဦးညို ၏ ‘ ဗျဂ္ဃ ’ ဝတ္ထုတို နှင့် ပတ်သက်၍ ကျွန်တော် တင်ပြလိုသော အချက်များမှာ -


၁ ။ အရိုးစင်းဆုံးသော နည်း ကိုပင် သုံးစွဲစေကာမူ အနုပညာ စွမ်းရည်ကောင်း နှင့် ဖန်တီးပေးနိုင်လျှင် ရသ ထက်မြက်သော အနုပညာပစ္စည်း တစ်ရပ် ဖြစ်လာနိုင်သည် ။ 


၂ ။ မိမိတို့ ၏ ရိုးစွဲသားစွဲ ယဉ်ကျေးမှုများ ကို မည်မျှ ပင် ဟောင်းနွမ်း နေစေကာမူ အသုံး တည့်အောင် ထည့် သွင်း တတ်လျှင် လတ်ဆတ်သော ရသ ကို ဖြစ်စေနိုင်သည် ဟူသော အချက်များ ဖြစ်ပါသည် ။


⎕ အောင်သင်း


📖 သဘင် မဂ္ဂဇင်း 

      ဇူလိုင် ၊ ၁၉၈၄


No comments:

Post a Comment