Thursday, March 20, 2025

မနေ့က လရောင် အောက်မှာ ( ၉ )


 

အခန်း ( ၉ )

မြန်မာနိုင်ငံ အရပ်ရပ် ရှိ သာသနာပြုမစ်ရှင်ကျောင်းများ နှင့် အလွတ်ပညာ သင်ကျောင်းများ ကို နိုင်ငံပိုင် အဖြစ် သိမ်းပိုက်လိုက်ပါသည် ။

‘ နှလုံးလှ ’ ကျောင်း လည်း အစိုးရကျောင်း အဖြစ်သို့ ရောက်သွား၍ ဆရာ အားလုံး လည်း အစိုးရခန့် ဆရာများ အလိုအလျောက် ဖြစ်သွားကြလေ၏ ။

စမ်းဝတီမြို့ သည် လူဦးရေ ရော ၊ ကျောင်းသားဦးရေ ပါ တိုးတက် များပြား လာသည့် အလျောက် မူလ ရှိခဲ့သော အစိုးရ အလယ်တန်းကျောင်း သည် အထက်တန်းကျောင်း အဖြစ် တိုးမြှင့်ခြင်း ခံရပြီး ၊ နှလုံးလှကျောင်း ကို အလယ်တန်းကျောင်း အဖြစ် ပြောင်းလဲ လိုက်ရလေသည် ။

ထို့ကြောင့် နှလုံးလှကျောင်း မှ အထက်တန်းကျောင်းသားကျောင်းသူများ နှင့် ဆရာများ သည် မြို့တွင်းရှိ အထက်တန်းကျောင်း သို့ ပြောင်း ရွှေ့သွားကြရ၏ ။ ဆရာမကြီး ဒေါ်တင်တင်ဝေ သည် လည်း အထက်တန်းကျောင်း ကျောင်းအုပ် အဖြစ် ရွှေ့ပြောင်း တာဝန်ယူ သွားရတော့သည် ။

အပြောင်းအလဲ ကာလ ဖြစ်သည့် အလျောက် အလွတ်ပညာသင်ကျောင်း မှ ပြောင်းရွှေ့လာသော အထက်တန်းပြ ဆရာများ ၊ အစိုးရခန့် အထက်တန်း ပြဆရာများ အဖြစ် တရားဝင် ခန့်ထားရန် ပုံစံများ ဖြည့်ရသည့်နေ့ က ဖြစ်ပါသည် ။

ဆရာမကြီး ဒေါ်တင်တင်ဝေ က ဆရာများ ကို ပုံစံများ ဖြည့်စွက်ရန် ထုတ်ပေးသည် ။ ဆရာဦးဖုန်းဝေ ကို လည်း သူ ၏ ရုံးခန်း တွင်းသို့ ခေါ်ပြီး ကိုယ်တိုင် ဖြည့်စွက် ပေးရန် ပြင်ဆင်လေသည် ။

ကိုဖုန်းဝေ က ဆရာကြီး ရုံးခန်း စားပွဲကြီး ရှေ့ ကုလားထိုင် တွင် ထိုင်ပြီးတင်တင်ဝေ က ပုံစံမှာ သူ ဖြည့်စရာ ရှိသည်များ ဖြည့်နေသည် ကို တိတ်တိတ်ဆိတ်ဆိတ် ငေး၍ကြည့်နေ၏ ။

“ ကိုဖုန်း ရဲ့ ပုံစံမှာ ဝေ သိတာတွေ တော့ ဖြည့်ထားတယ် ။ မသိတာ တွေတော့ ကိုဖုန်း ထပ် ဖြည့်ပြီး လက်မှတ် ထိုးလိုက်နော် ရော့ … ”

ကိုဖုန်းဝေ က တင်တင်ဝေ ကမ်းပေးသော ပုံစံများ ကို လှမ်းယူပြီးကြည့်လိုက်၏ ။

ပညာအရည်အချင်း ဟူသော ဇယားတွင် တင်တင်ဝေက ဘီအက် ( စ် ) စီ ( ဒုတိယနှစ် ) ဟု ဖြည့်စွက်ထားသည် ကို တွေ့လိုက်သဖြင့် မသိမသာ မဲ့ပြုံးလေး ပြုံးလိုက်မိ၏ ။

ထို့နောက် ပုံစံစာရွက် ပေါ်တွင် ဘာမျှ ထပ်မံ ဖြည့်စွက် မနေဘဲ စားပွဲ ပေါ်သို့ အသာအယာ ပြန် တင်လိုက်သည် ။ တင်တင်ဝေ က ကိုဖုန်းဝေ ၏ အပြုအမူကို နားမလည်နိုင် သဖြင့် ကြောင်ငေးငေး ဖြင့် ကြည့်နေသည် ။

ကိုဖုန်းဝေ သည် ကုလားထိုင် ပေါ်မှ ထလိုက်၏ ။

“ ကျွန်တော် လက်မှတ် မထိုးတော့ဘူး … ”

“ ဘာဖြစ်လို့ … ”

“ ကျွန်တော် အစိုးရလခစား မလုပ်ချင်ဘူး ။ အခုလို ပုံစံတွေ ဘာတွေလဲ မဖြည့်ချင်ဘူး ”

“ ဒါဖြင့် ကိုဖုန်း ဘာလုပ်မလဲ ”

“ ကျွန်တော် ဒီကျောင်း ကထွက်မယ် ။ အပြင် မှာ ကျူရှင်ပေးစားမယ် ”

“ ဝေ့ အနား မှာ နေချင်တယ် ဆို … ”

“ ဒီမြို့ကနေ ဘယ်ကိုမှ ကျွန်တော် မသွားပါဘူး ။ ထမင်း တစ်လုတ် ကို ဒီမြို့မှာပဲ ရှာစားပြီး နေမယ် ။ ကျွန်တော် ဒီမှာ ခေါင်းချမှာပါ ”

ကိုဖုန်းဝေ ရုံးခန်းအတွင်း မှ ထွက်ခွာသွားသည် ကို တင်တင်ဝေ က တငေးတမော ဖြင့် ကြည့်နေမိ၏ ။

•••••   •••••   •••••

ဆရာဦးဖုန်းဝေ အစိုးရအထက်တန်းကျောင်း မှ ထွက်သွားပြီ ဖြစ်ကြောင်း တစ်မြို့လုံး သတင်းပျံ့နှံ့သွားကြသည် ။ ဘာကြောင့် ထွက်သွားရသည် ကိုမူ မည်သူမျှ အကြောင်းရင်း မှန် မသိကြပေ ။ နီးစပ်ရာ ဆရာများ က ဆရာဦးဖုန်းဝေ ကို ကိုယ်တိုင် တွေ့ဆုံ မေးကြပြန်တော့လည်း ၊ ရေရာသော အဖြေကို မပေးဘဲ “ လွတ်လွတ်လပ်လပ် နေချင်လို့ပါဗျာ ” ဟူသော မတင်မကျ ဖြေဆို လေသည် ။ ဆရာမကြီး တော့ သိမှာပဲ ဟု အထင်ဖြင့် ဆရာမကြီး ထံ ချဉ်းကပ်မေးကြည့်ပြန်တော့လည်း

“ မသိပါဘူး ရှင် ၊ ကိုယ်ရေးရာဇဝင် အတွက် တရားဝင်ပုံစံတွေ ဖြည့် ခိုင်းတော့ သူ မဖြည့်နိုင်ဘူး ဆိုပြီး အလုပ်က ထွက်သွားတာပါပဲ ။ မေးလို့ လည်း မရပါဘူး ။ သူ့ အကြောင်း ဆရာတို့ လည်း သိသားပဲ မဟုတ်လား ။ ထင်မိထင်ရာ ဇွတ် လုပ်တတ်တဲ့ လူမျိုး ဆိုတော့ ဘာရယ်လို့ အကြောင်း အခိုင်အလုံ မရှိဘဲလဲ သူ ထင်တာ လုပ်နေကျ အတိုင်း အခုလည်းပဲ ဒီလိုပါပဲ ”

ဓာတ်သိမြို့ခံလူများ ကတော့ ဆရာဦးဖုန်းဝေ ၏ အသင်အပြ ကောင်းသော အရည်အချင်း ကို နှမြောပြီး ဤ မြို့က ထွက်ခွာသွားမည် ကို စိုးရိမ်ကြသည် ။ ရင်းနှီးသော ကျောင်းသားများ ၏ ပူဆာမှုကြောင့် ဆရာဦးဖုန်းဝေ သည် မောင်တင်မောင် တို့ အိမ်ခြံဝင်း အတွင်း တဲကနားဖျင်း ထိုးကာ ညပိုင်း သင်္ချာကျူရှင် တစ်ခုကို ဖန်တီး လိုက်လေသည် ။

တက္ကသိုလ်ဝင်တန်းသား အားလုံးလိုလို တက်ရောက် သင်ကြားကြသည် ။ ကျူရှင်ခ ကို မူ သတ်မှတ်ထားခြင်းလည်း မရှိ ။ တောင်းလည်း မကောင်းသဖြင့် ပေးနိုင်သူများ က ပေး၍ မပေးနိုင်သူများက အခမဲ့ တက်ရောက် သင်ကြားကြသည် ။ သို့သော် ဆရာဦးဖုန်းဝေ ကမူ မောင်တင်မောင် စုဆောင်းကောက်ခံပေးသမျှကိုသာ မေးမြန်းစစ်ဆေး မနေဘဲ လက်ခံရယူပြီး သူ သင်ရမည့် တာဝန် ကိုသာ ကျေကျေပွန်ပွန် သင်ကြား ပေးလေသည် ။

အထက်တန်းကျောင်း ဖြစ်စ ကျောင်း ဖြစ်သည့် အပြင် ကိုယ်တိုင် ကလည်း အထက်တန်းကျောင်အုပ်ဆရာမကြီး ဖြစ်စမို့ ၊ တင်တင်ဝေ မှာ ကျောင်း လုပ်ငန်းတွင် အချိန် ပိနေကာ ၊ ကိုယ်ရေးကိုယ်တာ ကို ဦးစား မပေးနိုင်သော ကာလဖြစ်ပါသည် ။

ကိုဖုန်းဝေ တစ်ယောက် ဘယ်လိုများ နေနေပါလိမ့် ဟု တစ်ခါတစ်ရံ သတိတရ ရှိမိသော်လည်း အာရုံ က ကျောင်းတာဝန်များ တွင် သာ ရောက်ရှိ နေပေရာ ၊ ကိုယ်တိုင်ကိုယ်ကျ သွားရောက် တွေ့ဆုံလေ့လာရန် အချိန်မပေး နိုင်ခဲ့ပေ ။

ကိုဖုန်းဝေ က မူ ခါတိုင်းနေ့စဉ် ကျောင်းမှာ တွေ့နေကျမို့ မထောင်း တာလှသော်လည်း ယခုလို ပြင်ပ ရောက်နေသော အခြေအနေ ၌ တင်တင်ဝေ ကို သတိရ တမ်းတမိသည် ။ မြို့ကလေး ကျဉ်းကျဉ်းကလေး တွင် ခဏချင်း ရောက်နိုင် သော်လည်း အကြောင်း အမျိုးမျိုးကြောင့် တင်တင်ဝေ တို့ အိမ်သို့ မရောက်ဖြစ်ဘဲ ရှိနေသည် ။ ညနေဘက် တွင် တင်တင်ဝေ ကျောင်း အားချိန် ၌ ကိုဖုန်းဝေ က ကျူရှင်သင်တန်း စပြီဖြစ်၏ ။ နေ့လယ် ကိုဖုန်းဝေ က အားလပ် ပြန်တော့လည်း တင်တင်ဝေ က ကျောင်းသို့ ရောက်နေပြီ ဖြစ်သည် ။

စနေ ၊ တနင်္ဂနွေနေ့များ တွင် ကိုဖုန်းဝေ သည် ပဲခူးမြို့သို့ ညအိပ် ညနေ သွားနေတတ်သည် ။ ယခင် ရွှေဘိုဆောင်၌ အတူတကွ နေထိုင်ခဲ့ကြ သော ကိုစိန်ဘွင့် က ပဲခူးမြို့တွင် ပညာအုပ် လုပ်နေသည် ။ စနေ ၊ တနင်္ဂနွေ နေ့များ တွင် ပဲခူးမြို့ ရှိ ကိုစိန်ဘွင့် အိမ်၌ သူငယ်ချင်းများ စုံတတ်သည် ။ ပြွန်တံဆာ ရှိ ကိုအောင်နိုင် ကလည်း ကိုဖုန်းဝေ နှင့် ချိန်း၍ သွားတတ်သည် ။

ဤသို့ သူငယ်ချင်းများ ဆုံမိကြပြန်တော့ ယမကာ ဖြင့် ဝိုင်းဖွဲ့ပြီး ၊ တက္ကသိုလ် က အကြောင်းများ ပြန်လည်စားမြုံ့ပြန်ရင်း ကိုယ်ရေးကိုယ်တာ ကိစ္စများ သို့ ရောက်ရှိ သွားတတ်မြဲ ဖြစ်လေသည် ။ ဤသို့သော အခါများတွင် ကိုဖုန်းဝေ နှင့် တင်တင်ဝေ တို့၏ ဇာတ်လမ်းမှာ စကားဝိုင်း ၏ အလယ်ဗဟို တွင် ပင်တိုင် ဆွေးနွေး ငြင်းခုံစရာ ဖြစ်လာတတ်မြဲပင် ဖြစ်သည် ။

“ ဒီမှာ ဖုန်းဝေ ၊ မင်းတို့ဟာ က ချစ်ရက်နဲ့ ဝေး ၊ နီးရက်နဲ့ ကွဲနေတဲ့ ဘဝနဲ့ ဒီလိုပဲ နေသွားကြတော့မှာလား ”

အောင်နိုင် က စကား စ လိုက်လျှင် အားလုံးက ဤ ပြဿနာ ကို ဗဟိုပြု လာကြသည် ။

“ ငါ က ဘာလုပ်ရမှာလဲ ၊ သူက မှ မယူတာ ”

“ မယူရင် ၊ ဆွဲပေါ့ကွ ”

“ ဟာ … ဒီ အောင်နိုင် ဆိုတဲ့ကောင် ၊ ကလေးကလား နဲ့ ၊ ရုပ်ကြမ်းဝါဒ အပြည့်ရှိတဲ့ ကောင် ”

စိန်ဘွင့် က လှမ်း ငေါက်လိုက်၏ ။

“ တစ်နေ့က တိုင်းအစည်းအဝေး မှာ တင်တင်ဝေ နဲ့ ဆုံတယ်ကွ ။ ငါ က မင်းအကြောင်း မေးတော့ ၊ ရှင့် သူငယ်ချင်း အရက်တွေ သောက်တတ် နေပြီတဲ့ ။ အဲဒါ တွေ့ရင် ကြည့်ပြောပါဦးတဲ့ ။ ငါတို့ ဒီမှာ ဆုံနေကြတာ သူ မသိဘူးကွ ။ ငါ လည်း ကျွန်တော် တွေ့ရင် ပြောပါမယ်လို့ ပြောလိုက်ရ တယ် ။ ဟေ့ ငဖုန်း ၊ အခု ငါ ပြောပြီကွာ ။ မင်း ဒီခွက် ပြီးရင် မသောက်နဲ့တော့ ကြားလား ၊ ဟား … ဟား ”

စိန်ဘွင့် က လှမ်း ထောက်လိုက်သည် ။

“ ဘွင့်ကြီး ၊ မင်း က ပြောလိုက်ပေါ့ကွာ ။ ခင်ဗျား ဖုန်းဝေ ကို ယူလိုက် ”

“ အေး အောင်နိုင် ။ မင်းနဲ့ တွေ့ရင် ပြောလိုက်ကွာ ။ သူ ယူရင် ငါ အရက်ပြတ် သွားမှာပေါ့လို့ ။ အရက်ဖြတ်ဖို့ ကတိ ပေးတယ်လို့ ”

အောင်နိုင် ကို ကိုဖုန်းဝေ က ပြန်နောက်လိုက်၏ ။

“ ဒီမှာ ဖုန်းဝေ ၊ လွယ်တာကို မင်း ခက်အောင် လုပ်နေတယ် ။ ခပ်တည်တည် နဲ့ သူ့ အိမ်ပေါ် အတင်း တက် နေလိုက်ရင် ပြီးနေတဲ့ ဥစ္စာ ။ မြို့က လူတွေ ကလည်း မင်းတို့ နှစ်ယောက် ကို သဘောတူ နေတယ် ။ တပည့် တွေ ကလည်း ကျေနပ်တယ် ။ ဘာ လိုသေးလဲ ၊ လက်လွန်အောင် လုပ်လိုက် ရင် ပြီးတာပဲ ”

အောင်နိုင် ၏ မဟာ အကြံတော်ကြီး ကို သူငယ်ချင်း တစ်သိုက် ခပ်ထွေထွေ နှင့် အားလုံး သဘောတူ သွားကြ၏ ။

“ ဟုတ်တယ်ကွ ၊ ဒီညပဲ သတို့သား သွား အပ်ကြမယ် ။ တို့ အားလုံး ဘွင့်ကြီး ရဲ့ ဂျစ်ကား နဲ့ သွားကြမယ် ။ ဟိုကို ၁၂ နာရီ လောက် ရောက်မယ် ။ တစ်ခါတည်း အခန်း အပ်ပြီး ပြန်လာကြတာပေါ့ “

အားလုံးက ဆူညံစွာ ထောက်ခံကြ၏ ။ ဖန်ခွက် တွင် ကျန်သေး သော အရက်ကို မော့လိုက်ကြ၏ ။ အားလုံးက သွားရန် ပြင်ဆင်ကြသည် ။

“ ဒေါ်တင်တင်ဝေ ခင်ဗျား ၊ သနားစရာ ကောင်းသော ဒီသတ္တဝါ ကို ကယ်တင်သော အားဖြင့် ဇီဝိတဒါန သဘော ထားပြီး လက်ခံ သိမ်းပိုက် ပါရန် ကျွန်တော်များ ရွှေဘိုဆောင်သားများအဖွဲ့က လာရောက်အပ်နှံပါ ကြောင်း ”

“ ကောင်းတယ် ၊ ကောင်းတယ် ။ ကျော်မောင် ရဲ့ သြဘာစာ ကိုထောက်ခံတယ် ”

“ မဟုတ်ဘူးကွ ၊ ဒါက ခေတ်သစ် အခန်းအပ်ပွဲ မိန့်ခွန်း ဖြစ်ရမယ် ။ အာဝါဟ ဝိဝါဟ တော့ ပါအောင် ထည့်ကွာ ၊ ကျော်မောင် ”

“ မင်း ဝိဝါဟကြီး က ဘယ်နား ထည့်ရမှာလဲ ၊ ဒါက မိန်းမတောင်း တာမှ မဟုတ်ဘဲ ။ သတို့သား အပ်ပွဲပဲဟာ … ”

“ မိန်းမတောင်းတယ် ဆိုတာ အစိမ်းတောင်း ၊ အကျက်တောင်း ဆိုတာ ရှိတယ်ကွ ၊ အခုဟာက အကျက်တောင်းလဲ မဟုတ်တော့ဘူး ။ ကျက်ပြီးလို့ နူးတောင် နေပြီ ။ တို့က ယောက်ျား သွားပေးမှာ ။ ယောက်ျား ပေးပွဲ ”

ဤသို့ဖြင့် ဆူဆူညံညံ ပြောကြဆိုကြပြီး သွားရန် ဟန်ပြင်ကြရာ ၊ ကိုဖုန်းဝေ ကမူ ထိုင်ရာမှ မထဘဲ တုတ်တုတ် မလှုပ်ဘဲ ငြိမ်၍ နေသည် ။

“ ဟေ့ .. ဖုန်းဝေ ၊ ထလေကွာ ၊ သွားကြမယ် ။ ဘာလဲ အိုရချည် … သေးရဲ့ဆိုပြီး စိတ်ကူးယဉ် နေသလား ”

အောင်နိုင် က လောဆော် လိုက် သော်လည်း ကိုဖုန်းဝေ က မူ အရက် ကိုသာ မော့နေသည် ။

“ ကိုယ့်လူ ထတော့ ၊ သွားကြမယ် ”

ကိုစိန်ဘွင့် က ကိုဖုန်းဝေ လက်တွင်း က ဖန်ခွက် ကို ဆွဲယူပြီး စားပွဲ ပေါ် ချထားလိုက်သည် ။

“ မဖြစ်ပါဘူး သူငယ်ချင်း တို့ရာ … ”

“ ဘာ မဖြစ်တာလဲကွ ၊ ငါတို့ မူးမူးရူးရူး နဲ့ နောက် နေတာ မဟုတ်ဘူး ။ တကယ် သွားမှာ တကယ် လုပ်မှာ ။ အဲဒီလိုမှ မလုပ်ရင် မင်း ဇာတ်က ဇာတ်မျောကြီး ဖြစ်သွားမယ် ”

“ အခုလဲပဲ မျော နေပါပြီကွာ ။ ဝေ့ ကို ငါ ဇွတ် မလုပ်ချင်လို့ ဒီ အခြေအနေ နဲ့ ရပ်နေတာပေါ့ကွ ၊ သူ မြို့မှာ သူ က ဂုဏ်နဲ့ ဒြပ်နဲ့ နေတာကွ ။ ဒီလို သွား လုပ်လိုက်ရင် သူ့ ကို ရေတိမ်နှစ်ရာ ရောက်သွားမှာပေါ့ ”

“ အောင်မာ တို့က ဂျပိုးတွေလားကွ ။ တို့လည်း ဂုဏ်နဲ့ ဒြပ်နဲ့ပဲ ။ မင်း တက်နေလို့ သူ က ဘာမှ ပြောမှာ မဟုတ်ဘူး ။ ချောလဲ ရောထိုင် လိုက်မှာ သိလား ။ မိန်းမတွေ အကြောင်း မင်း မသိသေးပါဘူး ”

အောင်နိုင် က မကျေမနပ် နှင့် ကုလားထိုင်ပေါ် ပြန် ထိုင် လိုက်ရင်း လှမ်း ပြော၏ ။

“ မိန်းမတွေ အကြောင်း မင်းတို့ လောက် ငါ မသိပေမယ့် ၊ ဝေ့ အကြောင်း ကို မင်းတို့ ထက် ငါ က သိတယ် ။ မလွယ်ဘူး သူငယ်ချင်း တို့ မိန်းကလေး က နွဲ့နွဲ့လေးပေမယ့် စိတ်က သိပ်မာတယ်ကွ ”

“ အောင်မာလေး ဖုန်းဝေ မင်း ကောင်မလေး ကို ချီးမွမ်းခန်း ဖွင့်မနေနဲ့ ။ မင်း သတ္တိ မရှိရင် မရှိဘူး ပြောလိုက် ။ ဒါက တို့က ပံ့ပိုးရမယ့် လူတွေ ။ မင်း ကမှ ဒီလို ရစ်ဝဲရစ်ဝဲ လုပ်ပြီး မစားရ အညှော်ခံ နိုင်သေးရင် တို့က အနေသာကြီး ။ ဟေ့ တို့ အလုပ် တို့ လုပ်မယ် ။ ဒီကောင်ကို နတ်ပြည် ပို့လို့ အပိုပဲ ။ သူ့ ဘာသာ ဒါလေး အရသာယူပြီး အလွမ်းမင်းသား လုပ်နေပါစေ ”

“ အေး … ဟုတ်တယ် ။ ဖုန်းဝေ ရေ ။ မင်း ထိုက် နဲ့ မင်း ကံပဲ ။ နောက် မပြောကြစို့နဲ့ ။ တို့ ဆီလည်း လာလာပြီး ငိုချင်းချပြ မနေနဲ့တော့ ”

“ ဟုတ်တယ် ၊ သောက်ကြစို့ ”

▢ မောင်ကိုယု
📖 မနေ့က လရောင် အောက်မှာ

No comments:

Post a Comment