❝ ကြုံလေဘုံပွေ ❞
( သန်းမြင့်အောင် )
ကိုအောင်မြင့် သည် ပက်လက်ကုလားထိုင် ပေါ်မှနေ၍ ခန်းဆီးထောင့်နားတွင် တရှုပ်ရှုပ် ထိုင်ငို နေသော ဇနီး ဖြစ်သူ မူမူ ကို ငေးကြည့်နေမိသည် မှာ နာရီဝက် ပင် မကတော့ပြီ ။ သို့သော် မူမူ က ဝမ်းပန်းတနည်း ငိုနေဆဲပင် ရှိသေးသည် ။ တော်တော်နှင့် တိတ်မည့်ပုံ မပေါ်သေးတာမို့ -
“ တိတ်ပါတော့ မူရာ ၊ မင်း ကလည်း ထဘီလေး တစ်ထည်ပျောက်တာ ဒီလောက်ပဲ ဖြစ်နေရ သလား ”
ဟု ပြောလိုက်ကာမှ မရွှေချော က ပို၍ ပင် ဆိုးလာသေးသည် ။ ကျိတ်ငိုနေရာမှ တအစ်အစ် နှင့် အသံပင် ထွက်လာတော့သည် ။
“ ထဘီလေးတစ်ထည်လို့ မပြောပါနဲ့ ... မောင်ရဲ့ ၊ အဲဒီ ထဘီတစ်ထည်က ဘယ်လောက်တန်သလဲ ဆိုတာ မောင် သိလို့ လား ၊ အစ် ... အင့် ”
“ ဘယ်သိမလဲကွ ၊ မင်းတို့ မိန်းမတွေ ထဘီ အကြောင်း ... ငါ ဘယ်နားလည်မှာ လဲ ”
“ အခု နောက်ဆုံးပေါ် ‘ အိပ်တီဝမ်း ' ထဘီတော့ သိရဲ့ လား ၊ နှစ်ရာ့ရှစ်ဆယ်တောင် ပေးရတာ ၊ ဒါတောင် အမေတို့ ဆီ အလှူ သွားစရာရှိလို့ ဒီလဆန်းကမှ နှစ်လပေး နဲ့ ဝယ်လိုက်တာ မောင်ရဲ့ ၊ ရွာအလှူမှာ တုန်းက တစ်ခါပဲ ဝတ်ရသေးတယ် ၊ ထဘီဖိုးတောင် တစ်ခါမှ မပေးရသေးဘူး ၊ အခုလကုန် တစ်ဝက် ၊ နောက်လကုန် တစ်ဝက် ပေးရမှာ ထဘီ ကဖြင့် အခု မရှိတော့ဘူး ဟူး ... ဟင့် .. ဟင့် ”
“ အောင်မယ်လေးကွာ ကိုယ့် မှာ မရှိဘဲနဲ့ များ အကြွေး ဝယ်ပြီး လှချင်ရသေးတယ်လို့ တောက် ”
“ မဆူပါနဲ့ မောင် ရဲ့ ၊ မူ့ မှာ ဒီလောက် သောက ရောက်နေရတဲ့ ကြားထဲ မောင် က ဆူဖို့ ပဲ ကြည့်နေတာပဲ ၊ ဒီမှာ လူကဖြင့် သေတောင် သေချင်နေတယ် သိလား ၊ အဟင့် ဟင့် ”
“ သေချင်လည်း သေလိုက်ပေါ့ကွာ ၊ ဒါနဲ့ နေပါဦး ၊ မင်း ထဘီက ဘယ်မှာ ထားလို့ ပျောက်ရ တာတုံး ”
“ ရွာက ပြန် လာပြီးကတည်းက အဝတ်တွေ ကို ခရီးဆောင်အိတ် က ထုတ်ပြီး အိပ်ခန်းထဲက သေတ္တာ ပေါ်မှာ တင်ထားတယ် ၊ ခရီးပန်းလာလို့ လောလောဆယ် ဗီရိုထဲ ပြန်မသိမ်းမိသေးဘူး ၊ ဒီနေ့ မနက် အဝတ်တွေ အကုန်သိမ်းဖို့ ပြင်တော့မှ ဒီထဘီ မရှိတော့မှန်း သိရတာ ၊ ထဘီတွေ ထဲမှာ အဖိုး တန်ဆုံး ထဘီ ကို မှ ရွေးခိုးသွားတာတော့ သိလား ၊ ဒီ သူခိုးတော့ မိရင် မလွယ်ဘူး ”
“ တော်စမ်းပါကွာ ၊ ရွာ က ပြန်လာတာပဲ လေးငါးရက် ရှိနေပြီ ၊ အခုထိ အဝတ်တွေ ပြန်မသိမ်း ရသေးဘူး ဆိုတော့ မင်းဟာက လွန်တာပေါ့ ၊ နောက်ပြီး မင်း အိပ်ခန်းထဲမှာ ထားတဲ့ ထဘီ ဘယ်သူက ဝင်ခိုးမှာ လဲကွ ”
“ ဓာတ်သိ သူခိုးမို့ပေါ့ ၊ အပြင်သူခိုး ဆို အကုန်လုံးကို မ ထုတ်သွားမှာ ပေါ့ ၊ ကျုပ် ... ထင်ထားတဲ့ လူတွေ ရှိပါတယ် ၊ သူတို့ ထဲက တစ်ယောက် မဟုတ် တစ်ယောက်ပါပဲ ”
“ မင်း ဟာ ကလည်း ကွာ ဥစ္စာပျောက် ငရဲရောက် ၊ ကိုယ့် ပစ္စည်းဖြင့် ကိုယ် လုံခြုံအောင် မသိမ်း နိုင်ဘဲနဲ့ ”
“ ကိုယ့် အိပ်ခန်းထဲမှာ ထားတာ ထက် ပို လုံခြုံရဦးမှာ လား ၊ အိမ်ထဲ အိမ်ပြင် ဝင်ထွက် နေတဲ့ လူတွေထဲ က ခိုးသွားတာတော့ ဘယ်တတ်နိုင်မှာ လဲ ၊ ဟင်း ... မိမူ မိမူ ညည်း လူတွေကို ယုံဦး ... ယုံဦး ”
ပြောပြောဆိုဆို နှင့် သူ့ ပါးကို သူ တဖျပ်ဖျပ် ချနေပြန်သဖြင့် -
“ ဟေ့ ... တော်ကွာ တော် ၊ ကြည့်နေလို့ အကောင်း မှတ်နေတယ် ၊ ငါ့ ရှေ့ မှာ ပေါက်ကရတွေ လုပ်မနေနဲ့ ၊ အလကား ဘာမှန်းမသိဘူး ၊ အဓိပ္ပာယ်မရှိ ”
ကိုအောင်မြင် ဒေါပွလာတော့မှ မူမူ တစ်ယောက် အသာထကာ အိပ်ခန်းထဲ ဝင်သွားတော့သည် ။ ပြီးတော့မှ ခုတင်ပေါ်မှာ တစ်ယောက်တည်း လှဲရင်း အိပ်တီဝမ်း ထဘီမီးခိုးရောင် အဆင် လှလှလေးကို မျက်စိထဲ တရစ်ဝဲဝဲ မြင်ရင်း မျက်ရည်တွေ စီး၍ ကျလာပြန်သည် ။ ဒီထဘီ ပျောက်ရ သည့် အတွက် စိတ်ထဲ လုံးဝ မကျေနပ် ၊ ထဘီသူခိုး ဘယ်သူ ဖြစ်နိုင်မလဲ ဆိုတာကို အိပ်ရာထဲမှာ နဖူး ပေါ် လက်တင်ပြီး မိမိ အိမ် အဝင်အထွက် ရှိသူများကို တစ်ယောက်ချင်း စဉ်းစားကြည့်သည် ။ နံပါတ် တစ် တင်တင်မြင့် ။
ကိုအောင်မြင့် ၏ ညီမ ဆယ်တန်းကျောင်းသူ ၊ မူမူ့ ယောက်မချော ၊ ဒီအိမ်ကို တံခါးမရှိ ဓားမရှိ အချိန်မရွေး ဝင်နိုင်ထွက်နိုင် ၊ ' မမမူ ၊ မမမူ ' နှင့် အလှပြင်ပစ္စည်း က အစ ၊ အဝတ်အစား အလယ် ၊ ဖိနပ်အဆုံး ငှားရမ်းသုံးစွဲတတ်သည် ။ တစ်ခါတစ်ရံ နေ့လယ်နေ့ခင်း မိမိတို့ အိပ်ခန်း ခုတင် ပေါ်မှာ ပင် တစ်ရေးတစ်မော အိပ်သွားတတ်သည် ။ သူ ယူ သွားတာရော မဖြစ်နိုင်ဘူးလား ။ ဒါကြောင့် ထဘီ ပျောက်သည် ကို သိသိချင်း သူ့ဆီ အလျင် ပြေးပြီး မေးကြည့်သေးသည် ။
“ မြင့်ရေ ၊ မမမူ ထဘီ တစ်ထည် ယူထားသေးလား ”
“ ဘယ် ထဘီလဲ မမမူ ”
“ အိပ်တီဝမ်းထဘီ မီးခိုးရောင်လေးလေ ”
“ ဟင် .. မြင့် မသိပါဘူး မမမူ ၊ အိပ်တီဝမ်း ထဘီကို မြင့် ဖြင့် မြင်တောင် မမြင်ဖူးသေးဘူး ၊ ယူသွားရင် လည်း ခါတိုင်းလို ပြောပြီး ယူသွားမှာ ပေါ့ မမမူ ရဲ့ ”
“ အေးပါကွယ် မြင့် အရေးတကြီး သွားစရာရှိလို့ လာယူတုန်း မမမူ ဈေးတွေ ဘာတွေ သွားတုန်းနဲ့ ကြုံနေလို့ နောက်မှ ပြောတော့မယ် ဆိုပြီးတော့များ ယူသွားသလားလို့ ”
“ ကြံကြီးစည်းရာ မမမူရာ ၊ အဲဒီလို ယူသွားတောင် နောက်တစ်ခေါက်တော့ လာပြန် ပြောမှာ ပေါ့ ၊ မယူမိပါဘူး ”
“ အေးကွယ် ၊ ဒါဆိုလည်း ပြီးတာပါပဲ ၊ သွားမယ်နော် ”
“ ဟုတ်ကဲ့ ”
တင်တင်မြင့် ဆီ က ပြန်သာလာခဲ့ရပေမဲ့ မူမူ ရင် မှာ သိပ်မရှင်း ၊ သူ့ ကို ဆက်ဆံပုံက အေးစက်စက် နိုင်သည် ဟု ထင်သည် ။ သူ တကယ် မယူဘူး ဆိုရင် -
“ ဒီထဘီ ကို မမမူ က ဘယ်မှာ ထားလို့ လဲ ၊ တန်ဖိုးက နည်းတာ မဟုတ်ဘူး ၊ ရှာပါဦး ”
ဘာညာနှင့် ပျာပျာသလဲ ဖြစ်ဖို့ ကောင်းသည် ။ ကိုယ့်ယောက်မ ပစ္စည်းမဟုတ်လား ၊ နည်းနည်း ပါးပါး ဝိုင်းဝန်း ပူပန်တတ်ဖို့ ကောင်းတာပေါ့ ၊ ခုတော့ ဝတ်ကျေဝတ်ကုန်ပဲ ပြောလိုက် သည် မို့ စိတ်ထဲမှာ ထင်စရာ ဖြစ်လာသည် ။ ပြီးတော့ ရွာ က ပြန်ရောက်ပြီး မှ မိမိတို့ အိပ်ခန်း ထဲကို အဝင် အထွက် အများဆုံးသူ မှာ တင်တင်မြင့်ပင် ။
သူ ပြီးတော့ နောက် တစ်ယောက် ။
ဟိုဘက် အိမ် က အိမ်နီးချင်း မစောလှ ။
ရပ်ကွက် ထဲမှာ တော့ မူမူ နှင့် အရင်းနှီးဆုံး အပေါင်းအသင်း ပင် ။ လင်ယောက်ျာတွေ အလုပ် အားသည် နှင့် သူ့အိ မ်ငါကူး ၊ ငါ့အိမ် သူကူး ဖြင့် ရုပ်ရှင်အကြောင်း ၊ ခေတ်ပေါ် အဝတ်အစား အကြောင်း ပြောကြ ၊ သန်းရှာကြ ။ ရပ်ကွက် ထဲ က အတင်းအဖျင်းတွေ ပြောကြနှင့် တစ်ခါတစ်ရံ ထမင်းဟင်းပင် ကိုယ့်အိမ် ကိုယ် ပြန်ခူးပြီး ပြန်သယ်လာကာ လက်ဆုံ စားကြသည် အထိ အဖြစ်က သည်းသည် ။ သူ လည်း ဒီအိမ် ကို အတွင်းအပြင် ဝင်ထွက်နေသူမို့ သူ့ကို လည်း မသင်္ကာ ၊ အလျင်က ဒီအကျင့်မျိုး မရှိခဲ့ဖူးပေမဲ့ အခု ရှိချင်ရှိမှာ ၊ သူခိုး ဆိုတာ ချိုပါတာမှ မဟုတ်ဘဲ ။
အဲ ... ပြီးတော့
အဝတ်လျှော်တဲ့ ကု,လားမ ဟလီမာ ။
အနီးစပ်ဆုံးကတော့ သူ ဖြစ်နိုင်သည် ။ သူ့ ကို မမူ သံသယ အဝင်ဆုံးပဲ ။ မူမူ မအားသည့် အခါ နှင့် နေထိုင် မကောင်းသည့် အခါများ တွင် သူ က အဝတ် လာ လျှော်ပေးနေကျ ၊ တစ်ခါတစ်ရံ အဝတ်လျှော်စရာ မရှိဘဲနှင့် လည်း အိမ်မှာ ညနေစာ ချက်ဖို့ ဈေးဖိုး မရှိလို့ ပါ အစ်မရယ် ဆိုပြီး အတင်း ကြမ်းတွေတိုက် ၊ တံမြက်လှည်း ၊ ဒန်အိုးဒန်ခွက်တွေ တိုက်ချွတ်ဆေးကြောပေးပြီး မူမူ ပေးလိုက်သည့် ငွေနှစ်ကျပ် ၊ သုံးကျပ် ကို ကျစ်ကျစ်ဆုပ်ပြီး ပြန်သွားတတ်သည် ဒီကု,လားမများ တစ်နေ့က အိမ်ထဲ အိမ်ပြင် ကြမ်းတိုက်ရင်း ထဘီကို အတွင်း ကနေ ထပ်ဝတ်သွားလေသလား ။
တစ်ယောက်တည်း သံသယ အတွေးတွေ နှင် ချာချာလည်နေစဉ် အိမ်ရှေ့မှ စကားပြောသံ ကြား၍ လူးလဲ ထလိုက်သည် ။
“ မောင်အောင်မြင့် ရေ ၊ မူမူ တစ်ယောက်ကော ”
“ အိပ်ခန်းထဲ မှာ မမညွန့် ဝင်သွားလေ ၊ မမညွန့် ညီမ ထဘီ ပျောက်လို့ ငိုချင်းချနေလေရဲ့ ”
မမညွန့် က မူမူ့ အစ်မဝမ်းကွဲ တစ်ယောက် ဖြစ်သည် ။ အခန်းထဲ ဝင်လာသော မမညွန့် ကို မူမူ က ခုတင်ပေါ် မှ ဆီးကြိုသည် ။
“ ဘယ်လိုဖြစ်တာလဲ မူမူ ၊ ညည်း ထဘီက ဘယ်လို ပျောက်ရတာတုံး ”
မူမူက ဇာတ်စုံခင်းပြသည် ။ ဖြစ်ကြောင်းကုန်စင် ပြောပြနေသော မူမူ့ စကားကို နားထောင်ပြီး မမညွန့် က -
“ ဒီလိုလုပ်ပါလား မူမူ ၊ ဗေဒင် မေးကြည့်ရင် မကောင်းဘူးလား ၊ ဗေဒင်ဆရာ တစ်ယောက် ဟာ သိပ် မှန်တယ် ဆိုပဲ ၊ ငါ့ အိမ်ဘေးက မိန်းမ ပိုက်ဆံအိတ် ပျောက်တုန်းက သူ ဟောလိုက်တာ လက်တွေ့ ပဲတဲ့ ၊ ငါ လည်း အကြောင်းရှိရင် မေးလို့ ရအောင် လိပ်စာ တောင်းထားတယ် ”
“ ဟာ ... ကောင်းတယ် မမညွန့် ဗေဒင် မေးကြည့်ဖို့ ကို မေ့နေတယ် ၊ အခုပဲ သွားရအောင် နော် ၊ ကံကောင်းလို့ မူ့ ထဘီလေး ပြန်ရပါစေ ”
မိန်းမ နှစ်ဦး သုတ်သီးသုတ်ပျာ ထွက်သွားပြီး လှေကားဆီ တန်းဆင်း တော့ ဧည့်ခန်း မှ ကိုအောင်မြင့် က -
“ ဒီညီအစ်မ ဘယ်သွားကြမလို့ တုံး ”
“ ဗေဒင် သွားမေးမလို့ မောင်ရေ ၊ မောင် အိမ်မှာ နေနော် ၊ ဘယ်မှ လျှောက်မသွားနဲ့ ၊ ခဏနေရင် သမီးတို့ ကျူရှင် က ပြန်လာလိမ့်မယ် ”
“ ဟာ ဘာ ဗေဒင်လဲ ၊ လုပ်မနေစမ်းပါနဲ့ ကွာ ၊ အယုံအကြည် မရှိဘူး ”
“ အို ... မောင်ကလည်း ဘာတွေ လျှောက်ပြောနေတာလဲ ၊ လာ မမညွန့် ၊ သူက ဒီလိုပဲ ”
ကိုအောင်မြင့် က ဒေါ်ညွန့်ညွန့် ကို အားနာသဖြင့် ဘာမှ ဆက်မပြောဘဲ လွှတ်ပေးလိုက်သည် ။
ဗေဒင်ဆရာ ၏ အိမ်ရောက်တော့ ညီအစ် မနှစ်ယောက် တိုကင် ယူပြီး လူတွေ တစ်လှေကြီး ကို ထိုင်စောင့် နေရသေးသည် ။ အောက်ထပ်မှ ထိုင်စောင့်ပြီး အစီအစဉ်အတိုင်း တစ်ယောက် ပြီး တစ်ယောက် အပေါ်ထပ်ရှိ ဆရာ့ ထံ တက်၍ အလှည့်ကျ မေးရသည် ။ တစ်နာရီခွဲ လောက်ကြာမှ မူမူ့ အလှည့် ရောက်လာသည် ။ မူမူတို့ နှစ်ယောက် အပေါ် တက်ပြီး ဆရာ့ ရှေ့တွင် ကျုံ့ကျုံ့လေးတွေ ထိုင်လိုက်ကြသည် ။
“ ဘယ်သူ မေးမှာလဲ ”
“ ကျွန်မပါ ဆရာ ”
မူ မူက ပြောတော့ အနှီပုဂ္ဂိုလ်ကြီး က မူမူ့ မျက်နှာကို စေ့စေ့ကြည့်ပြီး
“ ပစ္စည်းပျောက်တယ် မဟုတ်လား ” ဟု မေးရာ မူမူ အံ့ဩသွားသည် ။ မမညွန့် က မူမူ့ မျက်နှာကိုကြည့်ပြီး -
“ ငါ မပြောလား ” ဟူသည့် သဘောဖြင့် မျက်ခုံးပင့်ပြသည် ။
“ ဟုတ်ပါတယ် ဆရာ ၊ ဟုတ်ပါတယ် ၊ နှစ်ရာကျော်တန် ထဘီ ပျောက်သွားလို့ ၊ အဲဒါ ”
ဆရာ က လက်ဝါး ကာပြသည် ။
“ တော် ... သိတယ် ၊ ဆက်မပြောနဲ့ ” ဟူသည့် ပုံစံမျိုး ။ ပြီးတော့ ကျောက်သင်ပုန်းကို ကျောက်တံနှင့် တတောက်တောက် ခြစ်သည် ။
“ အင်း ... အင်္ဂါ သို့မဟုတ် သောကြာသားသမီး ယူတာပဲ ”
ဆရာ့ ဥပဓိရုပ် နှင့် အသံနေ အသံထား က ကြက်သီးတဖြန်းဖြန်း ထအောင်ပင် အားကိုးစိတ် ပေါ်လာမိသည် ။
“ ယောက်ျားလား ၊ မိန်းမလား ”
“ မိန်းမကွဲ့ မိန်းမ ၊ ကလေးမ ထင်တဲ့ လူတွေ ရှိသလား ၊ နာမည်တွေ ပြော ၊ အဲဒီထဲက ဆရာ သူခိုး ကို ပြမယ် ”
ဒီတော့ မူမူ က မဆိုင်းမတွပင် တစ်ယောက် စီ ၏ နာမည် ကို ပြောသည် ။ ဆရာ က ကျောက်သင်ပုန်း ပေါ်မှာ ချရေးသည် ။
တင်တင်မြင့် ၊ မစောလှ ၊ ဟလီမာ ။
ကျောက်သင်ပုန်း ပေါ်မှာ ဟိုခြစ် သည် ခြစ် ပြန်သည် ။ ပြီးတော့ နာမည် တစ်ခု ကို ကျောက်တံ နှင့် ဝိုင်းပြသည် ။ မစောလှ ။
“ သူပဲ ၊ အဲဒီ မိန်းမ ယူတာ ”
“ ပြန်တောင်းရင် ရမှာ လား ဆရာ ”
“ တောင်းကြည့်ပေါ့ ၊ ပြန်ရဖို့ တော့ သိပ်မြင်ဘူး ”
မူမူ မျက်နှာ ညှိုးသွားသည် ။
“ ပြန်ရအောင် လုပ်ပေးလို့ မရဘူးလား ဆရာရယ် ”
“ တောင်းကြည့်ပါဦးလေ ၊ ချော့တောင်းပါ ၊ သူ က ပြန်ထုတ်ပစ်ဖို့ အစီအစဉ်ရှိတယ် ၊ လက်မလွန်သေးရင်တော့ ပြန်ရမှာ ပါ ”
ဆရာက ဒါပဲ ပြောပြီး သူတို့ ဆီ က စကားပြန် မစောင့်တော့ ၊ သူ့ ရှေ့က ဘဲလ်လေး ကို တီးလိုက်သည် ။ အောက်ထပ်ကို အချက်ပေးခြင်းပင် ။ တစ်ယောက် ပြီးပြီ ၊ နောက် တစ်ယောက် တက်ခဲ့ဟူသည့် သဘော ၊ ဘာမှ ထပ်မကွန့်ရဲတော့ဘဲ မူမူတို့ နှစ်ယောက် ပြန်ဆင်းလာရသည် ။
အပြန်ကျတော့ မမညွန့် က လမ်းခွဲပြီး သူ့ အိမ်သူ ပြန်သွားပြီမို့ မူမူ တစ်ယောက်တည်း ခြေလှမ်းသွက်သွက် နှင့် ပြန်ရောက်လာသည် ။ သူ့ကို မြင်သည် နှင့် ကိုအောင်မြင့် က ဆီး၍ -“
မင်း ဗေဒင်ဆရာ က ဘာပြောလိုက်သလဲ မူ ” ဟု မေးသည် ။
“ ထဘီ သူခိုး ကို အတပ် ပြောလိုက်တာပေါ့ မောင်ရဲ့ ၊ ဘယ်သူလဲ သိလား ၊ ဟိုဘက်အိမ် က မစောလှတဲ့ မောင်ရဲ့ ”
“ ဟာ .. ဟုတ်မယ် မထင်ပါဘူးကွာ ၊ ငါတော့ မယုံဘူး ”
“ အို ... မောင် ဘာသိလို့ လဲ ၊ ဗေဒင် က အတိအကျကို ဟောလိုက်တာ ၊ အဲဒီ ဗေဒင် သိပ်မှန် တာ ၊ ရန်ကုန်မြို့ မှာ နာမည်ကြီးပဲဟာ ၊ မဟုတ်နိုင်စရာ မရှိဘူး ၊ မစောလှ ကို မူ တိုးတိုးတိတ်တိတ် ပြန် တောင်းကြည့်မယ် ”
“ ဟာကွာ မင်း ကလည်း အားနာစရာ ”
“ ဘာအားနာစရာရှိလဲ ... မောင်ရယ် ၊ သူနဲ့ ကိုယ်နဲ့ နှစ်ယောက်တည်း သိကြမယ့် ကိစ္စပဲ ဟာ ၊ မောင် ဘာမှ ဝင်မပြောနဲ့ ၊ မူ့ ကိစ္စ မူရှင်းမယ် ၊ ဒါပဲ ”
ပြောပြောဆိုဆို မူမူ တစ်ယောက် မစောလှ အိမ်ဘက်သို့ ကူးသွားတော့သည် ။
“ အစော ရေ ဘာလုပ်နေလဲ ၊ ဘာလို့ မူ့ ဆီ မလာတာလဲဟင် ၊ မနေ့ကလည်း အစော မလာဘူး ”
“ ဟောတော် ... မူ့ အဆက်ကြီး စနေ တနင်္ဂနွေ ရုံးပိတ်ရက်မို့ အစောက အလိုက်သိရတာပါ နော် ၊ ဒီက ပိုတောင် လာချင်သေးတယ် ၊ အိမ်က လူ က အိုဗာတိုင် ဆင်းရတယ်လေ ”
ဘာမှ မသိရှာသော မစောလှ ကတော့ မူမူ ကို ဖော်ဖော်ရွေရွေ ဆက်ဆံရှာသည် ။ ဒါပေမဲ့ မူမူ့ စိတ်ထဲမှာ -
“ ဟင်း ... ဟန်ကတော့ ကောင်းပါ့ ” ဟု ကျိတ်တွေးမိသေးသည် ။
“ မူလေ အစော ကို ပြောစရာ ရှိလို့ လာခဲ့တာ ”
“ ဘာများ လဲ မူ ၊ ဆိုပါဦး ”
“ ပြောရမှာ အားနာတယ် အစောရယ် ၊ မူ ပြောလို့ မထွက်ဘူး ”
“ ဘာကိစ္စများ မို့လဲကွာ ဖြစ်နေလိုက်တာ ”
“ မူ ဟိုတစ်လောက အန်တီအေး ဆီက နှစ်လပေး နဲ့ ဝယ်လိုက်တဲ့ အိပ်တီဝမ်း ထဘီလေ အစော ကိုတောင် ပြသေးတယ် ၊ အဲဒီ ထဘီ ပျောက်သွားတဲ့ ကိစ္စပေါ့ ၊ အဲဒါ အစော သိပါတယ်နော် ၊ မူ ပြောရမှာ အားနာတယ်ကွာ ၊ ဒီလောက် ပြောရင် စော သဘောပေါက်ရောပေါ့ ”
“ ဘာရယ် ... စောက ဘာသိလို့ သဘောပေါက်ရမှာ လဲ မူ ရဲ့ ၊ ရှင်းရှင်း ပြောစမ်းပါကွာ ”
“ မူ့ မှာ အဲဒီ ထဘီတစ်ထည်ပဲ ကောင်းကောင်း ရှိတာပါကွာ ၊ အဲဒါတောင် ပိုက်ဆံ တစ်ပြား မှ မပေးရသေးပါဘူး ၊ လက်မလွန်သေးရင်တော့ မူ့ ကို ပြန်ပေးပါ သူငယ်ချင်းရယ် ၊ မူ နဲ့ စော နဲ့ နှစ်ယောက်တည်း သိတာမို့ အစော အရှက် မရစေရပါဘူးလို့ မူ ကတိပေးပါတယ် ”
“ ဘုရားရေ မူ က ကိုယ့် ကိုယ် လာ စွပ်စွဲနေတာကိုး ၊ ဒါ မင်း သက်သက် ကိုယ့် ကို စော်ကားတာပဲ ၊ မင်း ကို ဘယ်သူ ထောင်ပေးလိုက်လဲ ပြောစမ်း ”
“ ဒါတွေ ဘာတွေ မေးမနေနဲ့ ၊ အစော ယူထားရင်သာ ပြန်ပေးပါ ၊ ဒါမှ မဟုတ် ရောင်းထား ပေါင်ထားရင်လည်း ဘယ်မှာ ဘယ်လောက်နဲ့ လဲ ဆိုတာ ပြောပါ ၊ ကိုယ့် ဘာသာ ကိုယ် ပြန်ရွေးတန် ရွေးပါ့မယ် ”
“ အောင်မယ်လေးလေး ၊ လူကို တော်ရုံ စော်ကားပါနော် အမိ ၊ ကိုယ့် အိမ်ပေါ် တက်ပြီး ကိုယ့်ကိုယ် ဒီလောက် လာစော်ကားနေတာ ၊ အင်မတန် ခင်တဲ့ လူချင်းမို့ ကြည့်နေတာ ၊ ဒီပြင် လူဆို ပါးဆွဲချလိုက်တာ ကြာပြီ ၊ သိလား ”
အခြေအနေ က ရုတ်ခြည်း ပြောင်းလဲကာ တစ်စတစ်စ တင်းမာလာကြသည် ။
“ အံမယ် ... ဘယ်သူကကော လက်မပါလို့ လဲ ၊ ချရဲ ချကြည့်ပါလား ၊ အကြောင်း သိရအောင် ၊ သူများ ပစ္စည်း လည်း ယူသေးရဲ့ ၊ သူ ကပဲ ကြိမ်းဝါးနေလိုက်တာ ”
“ ဟေ့ ... ငါ ယူတယ် ဆိုတာ မျက်မြင်သက်သေ ရှိလား ၊ နင် ဘယ်သူ့ကို သက်သေ ပြနိုင်လို့ လဲ ၊ ပြနိုင်ရင် ပြ ၊ မပြနိုင်လို့ ကတော့ မလွယ်ဘူး မှတ်ပါ ၊ အစော တစ်သက်မှာ တစ်ခါမှ ဒီလို အစွပ်စွဲ မခံခဲ့ရဖူးဘူး ၊ အခုမှ လူပေါင်းမှားလို့ ဒီလို ဖြစ်ရတာ ရှက်ဖို့ ကောင်းလိုက်တာ ”
“ အေး .. ဒီကလည်း တစ်ခါမှ ဒီလို အပျောက်အရှ မရှိခဲ့ဖူးသေးဘူး ၊ ခု မှ ပဲ လူပေါင်း မှားလို့ ပျောက်ရတာ ၊ ကဲပါ ပြန်ပေးမှာ လား ၊ မပေးဘူးလား ၊ တစ်ခွန်းတည်း ပြော ”
“ ဘာကို ပေးရမှာ ဒီစကား ထပ်ပြောရင် လူချင်း နပန်းသတ်ရလိမ့်မယ်နော် ၊ မင်း မြန်မြန် ပြန်ရင် ကောင်းမယ် ၊ မကျေနပ်ရင် မင်း တိုင်ချင်ရာ တိုင် ၊ လိုက်ရှင်းမယ် ၊ လူကို အိမ်တကာ လည် ပြီး ထဘီ လိုက် ခိုးနေတဲ့ ကောင်မမျိုးများ အောက်မေ့နေလား ၊ ဘယ်လို အစား မှတ်လို့ လဲ ၊ ပိုင်ရင် လုပ် မပိုင်ဘဲ နဲ့ တော့ လာ မရမ်းနဲ့ ၊ ပြဿနာ တက်သွားမယ် ”
သက်သေ သက်ကန် မရှိတော့လည်း မူမူ တစ်ယောက် အောင့်သက်သက် နှင့် တပ်ခေါက်ခဲ့ရ သည် ။
ထိုနေ့က စပြီး ထဘီ လည်း ပြန်မရ ၊ လူချင်း လည်း မုန်းကြသည် ။ အခါတိုင်း လုံးလား ထွေးလား နေသူချင်း စိတ်ဝမ်းကွဲ သွားသောအခါ ပတ်ဝန်းကျင်က စပ်စုလာကြသည် ။ မခံနိုင်သူ က နီးစပ်ရာကို တိုးတိုးကျိတ်ကျိတ် ပြောပြရာမှ တစ်စတစ်စ တစ်ယောက် ပြီး တစ်ယောက် သိကုန်ကြပြီး မစောလှ ဘက်မှ ညီအစ်ကို မောင်နှမ နှင့် နီးစပ်ရာ ဆွေမျိုးမိတ်သင်္ဂဟများ က မူမူ ကို စကား မပြောကြ တော့ ။ အချို့ ပြဿနာ ဖြစ်မှာ ကြောက်သော သူတို့ ကလည်း ပစ္စည်းပျောက်တတ်သော မူမူ အိမ် သို့ အဝင်အထွက် မလုပ်ကြတော့ ။
မစောလှ အနေနှင့် ကလည်း ပတ်ဝန်းကျင် က လူတွေ အပေါ် ဆက်ဆံရသည် မှာ ' လူတွေ က ငါ့ ကို တကယ် ခြေဆော့လက်ဆော့ ရှိတယ်လို့ များ ထင်သွားကြသလား မသိဘူး ' ဟူသည့် အားငယ် စိတ်ဖြင့် မရွံ့မရဲ ဖြစ်ရသည် ။ ဤသို့ ဖြစ်ရလေလေ မူမူ အပေါ် အခဲမကျေလေလေပင် ဖြစ်တော့သည် ။
••••• ••••• •••••
ဤသို့နှင့် တစ်လ နီးပါးခန့် ရှိသော အချိန်ကာလ ကို ဖြတ်ကျော်လာခဲ့ပြီး နောက် တစ်နေ့ ၌ ...
“ စာဗျို့ ... စာ ၊ ကိုအောင်မြင့် မမူမူ ”
အိမ်ရှေ့ မှ စာပို့သမား အော်သံကြောင့် အိမ်နောက်ဘက် တွင် အဝတ်လျှော်နေသော မူမူ တစ်ယောက် ပြေးထွက်လာကာ စာ ကို လှမ်းယူလိုက်သည် ။ ရေစိုတန်းလန်းနှင့်မို့ ပြီးမှ ပဲ အေးအေး ဆေးဆေး ဖတ်မယ်ဟု တွေးပြီး အိမ်ရှေ့ ဗီရိုပေါ် တင်ခဲ့ကာ အဝတ်ရေစိုတွေ ကို သွားပြန်ညှစ်ကာ လှန်းနေလိုက်သည် ။ ပြီးတော့ ဟိုလုပ် သည် လုပ်နှင့် ညနေ ကိုအောင်မြင့် ရုံး က ပြန်ရောက်မှ ပင် ဗီရို ပေါ် က စာကို မူမူ သတိရတော့သည် ။
“ ဪ ... မေ့နေလိုက်တာ မောင်ရယ် ၊ စာတစ်စောင် ရောက်နေတယ် ၊ ရွာ က စာ နဲ့ ပဲ တူပါတယ် ။ မောင် ပဲ ဖတ်လိုက်ပါ ”
မူမူ က ရုံးလက်ဆွဲအိတ် ကို လှမ်းယူရင်း ကိုအောင်မြင့် ထံ စာလှမ်းပေးသည် ။ ကိုအောင်မြင့် က စာကို အေးဆေးစွာ ဖောက်၍ မျက်မှောင်ကုတ် သွားသဖြင့် မူမူ က ...
“ စာထဲမှာ ဘာတွေပါလဲ မောင် ” ဟု မေးသည် ။
“ ကဲ ရော့ မိရွှေမူ ၊ သိချင်ရင် မင်း ဟာ မင်း ဖတ်ကြည့် ၊ မင်း ကတော့ တကယ်ချာတူးလန်တဲ့ မိန်းမပဲ ”
ဆောင့်ဆောင့် အောင့်အောင့် နှင့် ပစ်ပေးလိုက်သော စာကို မူမူ က ယူဖတ်လိုက်သည် ။
သား မောင်အောင်မြင့် နှင့် သမီး မူမူ
အမေ ... စာရေးလိုက်တယ် ၊ အကြောင်းထူးတော့ မရှိလှပါဘူး ၊ သားတို့ သမီးတို့ နေထိုင်ကောင်းပြီး အလုပ်အကိုင်ရော အဆင်ပြေကြရဲ့ လား ၊ အမေတို့ လည်း နောင်နှစ် စပါးပေါ်ပြီး လောက်မှ ပဲ ရန်ကုန်ကို ဘုရားဖူးလာဖြစ် တော့မယ် ။ အဘ နဲ့ အမေရော ကျန်တဲ မောင်နှမတွေ အားလုံး နေကောင်းကြတယ် ၊ သမီး ဝယ်ခဲ့တဲ့ ဆေး နဲ့ လည်း နင့် အဘနဲ့ တည့်တယ်ကွယ့် ။ ခုတလော ဝတောင် လာတယ် ။ နောင် လူကြုံရင် ဝယ်ပေးလိုက်ပါဦး ၊ အခုလောလောဆယ်တော့ မလိုသေးဘူး ရှိသေးတယ် ၊ ဪ ... ဒါနဲ့ အလှူလာတုန်းက သမီး မူမူ ရဲ့ မီးခိုရောင် ထဘီလှလှလေး တစ်ထည် အိမ် မှာ ကျန်ခဲ့တယ် ၊ ငါ့သမီး အဝတ်အစားတွေ ထည့်ရင်း မေ့ကျန်ခဲ့တာနဲ့ တူတယ် ၊ ရွာ က လူကြုံကောင်းကောင်း တွေ့ရင် အမေ ပြန် ထည့်ပေးလိုက်မယ် ။
အမေ
ဒေါ်ဥ
မူမူ စာ ကို ဝမ်းသာအယ်လဲ ဖြစ်သွားသည် ။
“ ဟောတော့် ထဘီ က အမေတို့ ဆီမှာ ကျန်ခဲ့တာကိုး ၊ တော်ပါသေးရဲ့ ဝမ်းသာလိုက်တာ ”
သူ့ခမျာ ကြာကြာ ဝမ်းမသာလိုက်ရရှာပါ ။
“ ဟေ့ ... တော်စမ်း ဘာ ဝမ်းသာတာလဲ ၊ စာ ပြန်ရေးလိုက် ၊ မင်း အမေဆီကို ၊ အဲဒီ ထဘီကို ပြန်မပို့နဲ့ လို့ ၊ ဘယ်လောက် လူကြုံကောင်းကောင်း ဘယ်တော့မှ ပြန်မပို့နဲ့ တော့လို့ ပြန်ရေးလိုက် ။ မင်း ဒီဝန်းကျင် မှာ ဘယ်မျက်နှာနဲ့ အဲဒီ ထဘီကို ပြန် ဝတ်ဦးမလို့ လဲ ၊ မင်း ပြန်ကို မယူရတော့ဘူး ”
လင်တော်မောင် ကိုအောင်မြင့် က တစ်ချက်လွှတ် အမိန့် ထုတ်လိုက်တော့ မူမူ မလှုပ်ရဲတော့ ၊ ဟုတ်တော့လည်း ဟုတ်သားပဲ ။ ဒီ ထဘီသာ ပြန်ဝတ်လိုက်ရင်တော့ မစောလှ တို့ သူ့ကို ပါးတက်ချမှာ သေချာသည် ။
“ တစ်ဆိတ်ရှိ ဗေဒင်မေး ၊ နတ်မေး ဘာအလုပ်လဲ ခု သိပြီ မဟုတ်လား ၊ ဗေဒင်မေး တဲ့ အကျိုးလေ ၊ လူချင်း မုန်းတာပဲ အဖက်တင်တယ် ၊ မင်း မရှက်ဘူးလား ”
“ အို ... မောင် ကလည်း မှန်တယ် ဆိုတော့လည်း ဟုတ်လိုဟုတ်ငြား မေးကြည့်မိတာပေါ့ ၊ ခုလို ဖြစ်ပြီးမှ တော့ ဘယ်တတ်နိုင်တော့မှာ လဲ ၊ မူ လည်း ဘယ်စိတ်ကောင်းမလဲလို့ ”
“ အင်း ... အဲဒါပဲ မင်းတို့ မိန်းမတွေ ၊ တယ်လေ ငါ မပြောလိုက်ချင်ဘူး ”
ဒေါဖောင်းနေသော ခင်ပွန်းသည် ကို မူမူ တစ်ယောက် မျက်နှာငယ်လေး ဖြင့် သာ ငေးကြည့် နေ မိပါလေတော့သည် ။
▢ သန်းမြင့်အောင်
📖 ဝတ္ထုတိုပေါင်းချုပ်
No comments:
Post a Comment