Monday, March 24, 2025

ရနံ့ထူး ပေးသူ


 

❝ ရနံ့ထူး ပေးသူ ❞
   ( ဂါဦးနွန်းကို )

အင်း ...

“ ကြောက်တတ်ရင် ရန်ကင်း ” ဆိုတဲ့ စကားပုံ က အဖေ့ အတွက် တော့ မှားတယ်ကွ ၊ အဖေ ရဲ့ အဖြစ် က မကြောက်တတ် လို့သာ ဘေးကင်း ခဲ့ရတာ ။

အဲဒီ အချိန်က အဖေများ ကြောက်တတ်ခဲ့ရင် ရူးချင် ရူး ၊ မရူးရင် တောင် ကြောက်အားလန့်အား ထွက်ပြေးပြီး ရပ်ကျော်ရွာကျော် နဲ့ ကျော်မကောင်း ကြားမကောင်း ဖြစ်ကုန်မှာ ။ ကိုယ် က အစိုးရဌာန ရဲ့ ဝန်ထမ်း ဆိုလည်း ဟုတ် လူငယ် လည်း ဖြစ်တော့ အခုလို မကြောက်တတ် ခဲ့တာဘဲ ခပ်ကောင်းကောင်း လို့ ပြောရမယ် ။

ခုတော့ လူအများ ရှေ့မှာ အဖေ က ဟီးရိုးကြီး လုံးလုံး ကို ဖြစ်ရော ၊ ကိုယ့် သမီး ရှေ့မှာ မို့ ကြွားတာ မဟုတ်ဘူး ။ အဖေ့ အဖြစ်မျိုး က တော်တန်ရုံ သတ္တိ နဲ့ ဆို ကြောက်လွန်း လို့ သေသွားနိုင်တယ်ဟေ့ ။

အဲဒီ အချိန်တုန်းက တစ်ရွာလုံး မသိခဲ့တဲ့ လျှို့ဝှက်ချက် ကို အခု ... အဖေ သမီးလေး ကို ပြောပြမယ် ။

မိုးလင်းသွားတဲ့ အထိ သရဲခြောက် နေမှန်း အဖေ မသိလို့ပေါ့ သမီး ရယ် .... နို့မဟုတ်ရင် အဖေ လည်း လူ ပဲ ဥစ္စာ ။ မကြောက်ဘဲ နေပါ့မလား ၊ အဖြစ်က ဒီလိုကွဲ့ ။

•••••   •••••   •••••

ကျွန်တော် က ပျားလုပ်ငန်းဌာန မှ အစိုးရဝန်ထမ်း တစ်ဦး ဖြစ်၏ ။ ကျွန်တော့် တာဝန် က ဌာန မှ နေ မြို့နယ် အသီးသီး သို့ ပို့လွှတ် လိုက်သော ပျားပုံးများ ကို လိုက်လံ စစ်ဆေးရခြင်း ဖြစ်ရာ ထို တာဝန်ဖြင့် တိုက်ကြီးမြို့နယ် တစ်ဖက်ရှိ ဂျိုးဖြူ စံပြကျေးရွာ ဆီသို့ ကျွန်တော် သွားရောက်ခဲ့ရသည် ။

ကျေးလက်ဒေသလေး လည်း ဖြစ်သဖြင့် သစ်ပင်ပန်းပင်တို့ အုံ့အုံ့ဆိုင်းဆိုင်း ညို့ညို့မှိုင်းမှိုင်း နှင့် နှစ်သက်ကြည်နူးဖွယ် ကောင်းလှသည် ။ လယ်ကွင်း များ ကလည်း တမျှော်တခေါ်ကြီး ကျယ်ပြန့်ကာ စိုက်ပင်ပျိုးပင်များ ဖြင့် စိမ်းလန်းစိုပြည်လျက် ရှိ၏ ။

ဤဖြစ်ရပ် ဖြစ်ပွားခဲ့စဉ် လွန်ခဲ့သော အနှစ် ၂ဝ ကျော် က လယ်ထွန်စက် များကို အများအပြား အသုံးမပြုကြသေး၍ ထွန်တုံး နှင့် နွားကို အတူ ရုန်းစေ ကာ ကိုယ်တိုင် ပင်ပင်ပန်းပန်း လယ်ထွန် စိုက်ပျိုး နေသော တောင်သူလယ်သမားများ ကို ကြည့်ရင်း ကျွန်တော့် စိတ်ထဲ လေးစားကြည်ညို မိသည် ။

ဤဒေသ တွင် စိုက်ပျိုးရေး အတွက် ရေ အလုံအလောက် ရရှိစေရန် ချောင်းတစ်ခု ကို သွယ်ထားပြီး ဆည်မြောင်း သဘောမျိုး ရေကာတာ တစ်ခု ဆောက်လုပ် ထားသည် ကို တွေ့ရ၏ ။ အလုံးစုံ ခြုံငုံကြည့်သော် အေးချမ်း သာယာလှပသည့် ရွာငယ်လေး တစ်ရွာပင်တည်း ။

ကျွန်တော် က သဘာဝ အလှတရားများ ကို ရေခပ် ဆင်းသော လုံမပျို တို့ထက် ပို စိတ်ဝင်စား တတ်သူ ဖြစ်၍ ရွာ ထဲတွင် နေထိုင်ရန် စိတ်ကူး မရှိပေ ။ ရွာ ထဲမှာ နေလျှင် လာရောက် ဧည့်ခံသော လူကြီးသူမများ ကို ပြန်လည် ဧည့်ဝတ်ပြုကာ စကား ပြောနေရဦးမည် ။

ကျွန်တော် က လူငယ်လေ ။ တစ်ယောက်တည်း အေးအေးလူလူ ငေးနေတွေးနေ ရသည် ကို ပို၍ နှစ်သက်တာပေါ့ ။ သို့ကြောင့် ရွာ ထဲတွင် စတည်းမချဘဲ လယ်ကွင်း ထဲရှိ တဲ တစ်ခု တွင် ခွင့်တောင်းပြီး ပျားပုံးများ နေရာ မပြောင်းမချင်း ထို တဲ တွင်သာ နေထိုင်မည် ဟု ဆုံးဖြတ်လိုက်သည် ။

•••••   •••••   •••••

“ ငါ့တူ က မောင်တိုးမြင့် ရဲ့ မိတ်ဆွေ မဟုတ်လား ။ မောင်တိုးမြင့် က မှာ ထားတယ် ။ ငါ့တူ ရွာ ကို ရောက်လာရင် ဒေါ်ကြီးတို့ အိမ် မှာ တည်းပါစေတဲ့ ”

ခွင့်တောင်းမည် ဟူသော အတွေးဖြင့် နီးစပ်ရာ တဲ ဆီသို့ လျှောက်လာပြီး အဒေါ်ကြီး တစ်ယောက် ကို မိမိ ဟာ အစိုးရဝန်ထမ်း တစ်ဦး ဖြစ်ကြောင်း ၊ တာဝန် အရ ရောက်ရှိ လာရခြင်း ဖြစ်ကြောင်း မိတ်ဆက် လိုက်သည့် အခါ တိုက်တိုက်ဆိုင်ဆိုင် ပါပဲ ။ ထို အဒေါ်ကြီး က ကျွန်တော့် မိတ်ဆွေ ၏ ကြီးဒေါ် ဖြစ်နေပါပကော ။

ကိုတိုးမြင့် ဆိုတာ ကျွန်တော့် သူငယ်ချင်း ဆိုလည်း ဟုတ် လုပ်ဖော် ကိုင်ဖက် ဆိုလည်း ဟုတ်သည် ။ ဘယ် အိမ်မှာ တည်းရမှန်း မရေရာသော ကျွန်တော့် အဖို့ ရေကန်အသင့် ကြာအသင့် ဖြစ်ခဲ့ပြီ ။

“ ဟုတ်ကဲ့ ဒေါ်ကြီး ။ ဒါဆိုရင် ကျွန်တော့် ကို လယ်တဲ မှာပဲ အိပ်ခွင့်ပြုပါ ။ ကျွန်တော် ရွာထဲ မှာ မတည်းချင်လို့ ”

ကျွန်တော့် စကားကြောင့် အဒေါ်ကြီး က တွန့် နေသော နဖူးကြောများ ပို၍ တွန့်သွားသည် အထိ မျက်မှောင်ကျုံ့လိုက်ပြီး ..

“ အင်း .... ငါ့တူ က မြို့သား ဆိုတော့ လယ်တဲ မှာ နေနိုင်ပါ့မလား ။ ခြင် ကလည်း ကိုက် ၊ အေး ကလည်း အေးပါဘိ ”

“ ရပါတယ် ဒေါ်ကြီး ၊ ကျွန်တော် က ရန်ကုန် မှာသာ အလုပ် လာ လုပ်တာ ။ ကျွန်တော် တကယ် နေတဲ့ နေရာက ဇင်းကျိုက် မှာ ခင်ဗျာ ။ ရွာ မှာ ဆို ဒီလိုပဲ လယ်တဲ မှာ အိပ်နေကျ ”

ကျွန်တော့် စကားကြောင့် အဒေါ်ကြီး ၏ ကျဉ်းမြောင်းသော မျက်လုံးများ ပြူးကျယ် သွားသည် ။

“ ငါ့တူ က ဇင်းကျိုက် ဇာတိလား ။ ဒေါ်ကြီး အမျိုးတွေ လည်း ဇင်းကျိုက် မှာ ရှိတယ် ။ ဒေါ်ပုမ တို့ ၊ မကွမ်းအိမ် တို့ ဆိုတာ ဒေါ်ကြီး ညီမဝမ်းကွဲတွေလေ ” 

“ အာ .. သိဘာပေါ့ ။ သူတို့ သားတွေ နဲ့ ကျွန်တော် က ငယ်သူငယ်ချင်းတွေ ”

သည်လိုနှင့် ဇင်းကျိုက်မြို့ အကြောင်း ပြောရင်း ဆွေမျိုးစပ်လိုက်ကြ တာ ညနေစောင်း သွားပါရောလား ။

အဒေါ်ကြီး က သူ့ တွင် အိမ်ထောင်သည် သားနှစ်ယောက် ရှိကြောင်း ၊ လင်ယောက်ျား ကမူ လွန်ခဲ့သော ၁၀ နှစ်ခန့် ကတည်း က ဆုံးပါးသွားခဲ့ ကြောင်း ၊ သားကြီး မှာ မော်လမြိုင် ဘက် သို့ ခဏ သွားနေပြီး သားငယ်တို့
လင်မယား ကတော့ မိမိ နှင့်အတူ လယ်တဲတွင် လာရောက် နေထိုင်ကြောင်း ၊ ယခု သားငယ်တို့ လင်မယား က ရွာထဲ ရှိ နေအိမ်တွင် ဆီ ဆား သွား ယူကြောင်း ၊ မကြာမီ ပြန်လာကြမည် ဖြစ်ကြောင်း ၊ လယ် ထဲ၌ ပျော်သလောက် နေနိုင်ကြောင်း တို့ကို ဝမ်းပန်းတသာ ပြောပြရှာသည် ။

၅ နာရီခွဲ ကျော်ကျော် လောက် တွင် အဒေါ်ကြီး ၏ သား နှင့် ချွေးမ ဖြစ်သူ တို့ အမောတကော ဖြင့် ရောက်လာကြ၏ ။ အရေးကြီးကိစ္စ ပေါ်လာဟန် တူ သည် ။

“ အမေ ... အမေ့ အစ်မ ဖျားနေလို့ ။ အဲ့ဒါ မြို့နယ်ဆေးခန်း ကို သွားရ မယ်တဲ့ ။ လိုက်သွားဖို့ ကလည်း လူမရှိဘူး ဖြစ်နေတယ် ။ အမေ အခု ပြန်မှ ဖြစ်မယ် ။ လယ်ထဲ အတွက်တော့ မပူနဲ့ ။ ဒီမှာက သူခိုး လည်း မပူရပါဘူး ၊ ကျွန်တော်တို့ လင်မယား လည်း စောင့်နေပါ့မယ် ”

ခရီး ရောက်မဆိုက်ပင် ပြောချလိုက်သော အဒေါ်ကြီး ၏ သား ကိုမြင့်မူ ၏ စကားကြောင့် အဒေါ်ကြီး စိတ်ပူ သွားပုံရသည် ။ ကျွန်တော့် ကို ဂရုစိုက်ကြရန် ၊ ဧည့်ဝတ်ကျေပွန်ရန် သူ့ သား နှင့် ချွေးမ တို့ ကို မှာကြားပြီး အမြန်ထွက် သွားလေတော့သည် ။

ကျွန်တော် လည်း ရေချိုး ကာ ကိုမြင့်မူ ၏ မိန်းမ မမြထွေး ပြင်ဆင်ပေး ထားသော ထမင်းဝိုင်းတွင် ထမင်း ဝင် တွယ်လိုက်သည် ။ ဟင်း က ချဉ်ပေါင်ဟင်း နှင့် ဝက်သားကြော် ဖြစ်၍ ထမင်း အလွန်မြိန်လှ၏ ။ စားသောက်ပြီး သည့်နောက် ထမင်းလုံး စီသည့် အနေဖြင့် တဲရှေ့ ပက်လက်ကုလားထိုင် တွင် ထိုင်ကာ ဝင်လုဆဲ နေလုံးကြီး ကို ငေး ကြည့်ရင်း ဇိမ်ယစ်နေခိုက် ...

“ ငါ့ညီ ရေ .. ငါတို့ လင်မယား ရွာထဲ က ဘုရားပွဲ ကို ခဏ သွားချင်လို့  ၊ လယ်ကွင်း နဲ့ ရွာက သိပ် မဝေးပါဘူး ။ အဲ့ဒါ ငါ့ ညီ လိုက်ရင် လိုက်ခဲ့ပါလား ” 

“ ဟာ ... သွားပါ ဗျာ ။ ရပါတယ် ... ကျွန်တော် တစ်ယောက်တည်း နေရဲ ပါတယ် ။ ဘယ် အချိန်လောက် ပြန်လာမှာလဲ ”

“ သိပ်မကြာပါဘူး ။ ၈ နာရီ ၉ နာရီ ဆို ပြန် ရောက်ပါတယ် ” 

ကိုမြင့်မူ တို့ လင်မယား က ကျွန်တော့် ကို နှုတ်ဆက် ကာ ထွက်ခွာသွားကြလေသည် ။

နေ က တဖြည်းဖြည်း နှင့် လယ်ကွင်းတွေ နောက်ဘက်သို့ တိမ်ဝင် ပျောက်ကွယ် သွားလေပြီ ။ မိုးချုပ်သွားသည် အထိ ထိုင် စောင့်နေသော်လည်း ကိုမြင့်မူ တို့ လင်မယား က ပြန်ရောက်မလာသေးချေ ။ ပျင်းရိလာသည် နှင့် ကျွန်တော် လည်း ကိုမြင့်မူ တို့ စီမံပေးထားသည့် အိပ်ခန်း ထဲ သို့ဝင်ကာ ခြင်ထောင်ချပြီး မှေး နေလိုက်တော့၏ ။

•••••   •••••   •••••

မည်မျှ ကြာအောင် အိပ်ပျော်သွားသည် မသိ .. မီးဖိုခန်း ဆီမှ အသံ ဗလံများ ကြားရ၍ ကျွန်တော် လန့် နိုးလာခဲ့သည် ။ တောရွာ ဒေသမို့ လျှပ်စစ် မီး ကလည်း မရှိ ။ ခေါင်းရင်း က ကျောပိုးအိတ် အတွင်း မှ လက်နှိပ်ဓာတ်မီး ကို ထုတ်ယူကာ မီးဖိုခန်း ဆီသို့ ကျွန်တော် ထွက်လာခဲ့သည် ။ ကိုမြင့်မှု တို့ လင်မယား ပြန်ရောက် နေလို့များလား ၊ ဒါမှမဟုတ် သူခိုး ဝင်တာလား .. ထို အတွေးကြောင့် ခြေရင်း အခန်းထောင့် တစ်နေရာ တွင် ထောင်ထားသော အုန်းတံမြက်စည်း ကို လှမ်းယူကာ ခြေသံလုံလုံ ဖြင့် လျှောက်လာ လိုက်သည် ။

လယ်စောင့်တဲ ဟု ဆိုသော်ငြား အတော် ကြီးမားကျယ်ဝန်းလှသည် ။ အလျား ပေနှစ်ဆယ် ၊ အနံ ပေလေးဆယ် နီးပါး ကျယ်ဝန်းပြီး သွပ်မိုး ၊ ထရံကာ တဲကြီး ဖြစ်သည် ။ အိပ်ခန်း နှစ်ခန်း ၊ အလယ်တွင် စင်္ကြံလမ်း ရှိပြီး အနောက်ဘက် က မီးဖိုခန်း နှင့် ဆက်လျက် တည်ရှိသည် ။ သို့ပေမဲ့ အောက်ဘက် ကြမ်းပြင် တွင်တော့ ဘာမှ ခင်းကျင်းထားခြင်း မရှိ ။ အခန်းများ ၌ ကွပ်ပျစ် များ ရိုက်ထား၏ ။

လက်နှိပ်ဓာတ်မီး ကို ရှေ့တည့်တည့် ဆီ သို့ ထိုးရင်း မီးဖိုခန်း ထဲသို့ လာခဲ့သည် ။ အသံဗလံတွေ က ကျွန်တော် လန့် နိုးလာစဉ် တုန်းက လောက် မကျယ်လောင်တော့ပေ ။ ချွတ်ချွတ်ချပ်ချပ် အသံလောက် သာ ကြားနေရ တော့သည် ။

“ ဟာ ... ဘာအနံ့ လဲ .. ။ တစ်မျိုးပဲ ”

မီးဖိုခန်း ထဲသို့ ဝင်လိုက်သည် နှင့် နနွင်းနံ့ က ထောင်းလမောင်း ထနေ သည် ။ အခြား ဘာပစ္စည်း မှ ပျောက်ရှနေပုံ မပေါ်သဖြင့် သူခိုး ဝင်ခြင်းတော့ မဖြစ်နိုင် ။ လယ်ကွင်း ထဲ တွင် ဖြစ်၍ မြေကြွက်အိမ်ကြွက်တွေတော့ ပေါများပေလိမ့်မည် ။ သို့ကြောင့် ကြွက်သူခိုးလေးများ ၏ လက်ချက် သာ ဖြစ်လိမ့်မည် ဟု ကျွန်တော် တထစ်ချ ယူဆ လိုက်မိပြီ ။ စောစောက ကြားလိုက်ရသည့် အသံ ဗလံတွေ က ထမင်းဟင်း အနံ့ရ၍ လာရောက် ကြသော ကြွက်သူခိုးလေးများ ၏ ဟိုတိုး သည်တိုး အသံများ သာ ဖြစ်လိမ့်မည် ။ နနွင်းပုလင်း ကို လည်း ဝင်တိုးခဲ့ပုံရသည် ။

“ တောက် ... ကြွက်စုတ်တွေ ... ”

ကျွန်တော် ဒေါသတကြီး ရေရွတ်လိုက်ရင်း နနွင်းနံ့ ပျောက်ကင်းသွား စေရန် မှောက် နေသော နနွင်းပုလင်း ကို ဓာတ်မီး အလင်းရောင် ဖြင့် ရှာဖွေ ကြည့်သည် ။ မတွေ့ချေ ။

ကြာတော့ ရှာသူ ကျွန်တော် သာ စိတ်လျှော့လိုက်ကာ အခန်း ထဲ သို့ပြန် လာခဲ့သည် ။ နာရီ ကို ကြည့် လိုက်တော့ ၁၁ နာရီခွဲတော့မည် ။ ကိုမြင့်မူ တို့ ဘာကြောင့်များ ပြန်မလာသေးပါလိမ့် ။ ကြာကြာ မတွေးနိုင်ပါ ။ တစ်နေကုန် ပျားပုံးများ လိုက်လံ စစ်ဆေးခဲ့ရ၍ ပင်ပန်းနေပြီမို့ အိပ်ရာ ပေါ် လှဲချလိုက်သည်နှင့် ပြန်လည် အိပ်ပျော် သွားတော့သည် ။

•••••   •••••   •••••

“ ဟာ ... တောက် ၊ အိပ်ရေး ကို ပျက်တယ် ။ ကြွက်စုတ်တွေ ... ။ ဝုန်းဒိုင်းကြဲ နေသော ဆူညံသံတွေကြောင့် ကျွန်တော် ဖျတ်ခနဲ လန့်နိုး လာသည် ။ မီးဖိုခန်း တစ်ခုလုံး အိုးသံခွက်သံများ ဖြင့် သောသောညံ နေ၏ ။ ကျွန်တော် အလွန်မုန်းသည့် နနွင်းနံ့ ကလည်း အိပ်ခန်း ထဲ အထိပင် သင်း လျက်ရှိသည် ။

“ ဒီနနွင်း နံ့ က တစ်မျိုး ၊ တွေ့ မယ် .... ”

ကျွန်တော် လက်နှိပ်ဓာတ်မီး ကို ယူကာ မီးဖိုခန်း သို့ ထွက်လာခဲ့သည် ။ ကြွက်တို့ ၏ သဘာဝ အတိုင်း လူ လာပြီ ဆိုသည်နှင့် အသံမျိုးစုံ က ဗြုန်းဆို တိတ်သွားပြီ ။

မီးဖိုခန်း ထဲ ရောက်တော့ အပုန်း ကောင်းသော ကြွက်များ နှင့် နနွင်း ပုလင်း ကို ကျွန်တော် ဘယ်လို ရှာရှာ မတွေ့ ။ ကြာတော့ မျက်လုံးများ ကျိန်းစပ် နာကျင်လာ၍ လက်လျှော့ ကာ အိပ်ခန်း ဆီသို့ ပြန်လာခဲ့သည် ။ ထုံးစံအတိုင်း အိပ်ရာပေါ် လှဲချလိုက်သည် နှင့် ပင်ပန်းမှု အရှိန်ကြောင့် ချက်ချင်းပင် အိပ်ပျော် သွားပြန်သည် ။

“ ဟာ ... ဒီ ကြွက်စုတ်တွေတော့ ”

မှေးခနဲ ဖြစ်ရံရှိသေး .. အသံတွေ က ဝုန်းဒိုင်းကြဲ နေပြီ ။ ကြွက်တွေ က မီးဖိုချောင် တစ်ခုလုံး ကိုများ ဝါးမျိုတော့မလား မသိ ။

နာရီ ကို ကြည့်လိုက်တော့ ၂ နာရီ ၄၄ ။ သည် ပုံအတိုင်း ဆို ကျွန်တော် က ပြန် အိပ်လိုက် ၊ ကြွက်သံတွေ ကြောင့် နိုးလိုက် ၊ ထ ကြည့်လိုက် နှင့် မိုးလင်း တော့မည် ။

မဖြစ်ချေ ...မနက်ကျ လုပ်ရမည့် အလုပ်တွေက ရှိသေးသည် ။ ကျွန်တော် နံဘေး မှ စောင်ကို ဆွဲယူကာ ခေါင်းမြီးခြုံ လိုက်သည် ။ နောက်တော့ အသံတွေ တိတ် မတိတ် မသိ .... ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပါရော ။

•••••   •••••   •••••

“ မောင်ခင်မောင် ... ငါ့တူ ... နိုးလာပြီလား ”

ကျွန်တော် အိပ်မှုန်စုံဖွား ဖြင့် အခန်း ထဲက ထွက်လာတော့ တဲရှေ့ ကွပ်ပျစ်တွင် ဒေါ်ကြီးရွှေဥ က နံနက်စာ ထမင်းကြော် ဖြင့် ဆီးကြိုနေသည် ။

“ ဟာ ဒေါ်ကြီး ဘယ်အချိန် က ပြန်ရောက်သလဲ ။ ဒေါ်ကြီး အစ်မရော သက်သာရဲ့လား ”

ကျွန်တော့် အမေး ကို အဒေါ်ကြီး က ခေါင်းညိတ် အဖြေပေးရင်း ...

“ ဒါနဲ့ မောင်မြင့်မူ တို့ လင်မယား ကော ။ ဒေါ်ကြီး ရောက်တော့ သူတို့ ကို မတွေ့မိဘူး ။ ဘယ် သွားကြသလဲ ”

“ ည ကတည်း က ပွဲ သွား ကြည့်ကြတာ ခုထိ ပြန် မရောက်သေးဘူး ထင်ပါတယ် .... ဒေါ်ကြီးရယ် ”

မနက်ခင်း ဗာဟီရကိစ္စများ ပြုလုပ်နေရင်း ခပ်ပေါ့ပေါ့ ဖြေလိုက်သော ကျွန်တော့် စကားကြောင့် အဒေါ်ကြီး မျက်လုံး ပြူးသွားသည် ။

“ ဘာရယ် ... ဒါ .... ဒါဆို ည က ငါ့တူ တစ်ယောက်တည်းပေါ့ ” 

“ ဟုတ်ကဲ့ ... ဒေါ်ကြီး ။ ဘာဖြစ်လို့လဲ ”

“ ဟို .... ဘာမှ မဟုတ်ပါဘူး ။ ငါ့တူ ထူးထူးခြားခြား ဘာတွေ ကြုံသေးသလဲ ”

အဒေါ်ကြီး က အထိတ်တလန့် မေးလိုက်သဖြင့် ကျွန်တော် ဘာ ဖြေလို့ ဖြေရမှန်း မသိ ဖြစ်သွားမိသည် ။

“ ဟို .. ဘာမှတော့ ထူးထူးခြားခြား မကြုံပါဘူး ။ ဒါပေမဲ့ ကြွက် တွေတော့ အတော် သောင်းကျန်းတယ် ။ ဆူညံနေတာပဲ ”

“ ကြွက်တွေ .... ဟုတ်လား ။ ငါ့ တူ က ကြွက်တွေ ကို မြင်လိုက်လို့လား ” 

“ ဟာ .. ဒေါ်ကြီးကလည်း ။ ကြွက်တွေ က ကျွန်တော် လာတဲ့ အထိ ဘယ် စောင့်မလဲ ။ အကုန် ထွက်ပြေးကုန်တာပေါ့ ။ ဒင်းတို့ ဝင်တိုက်ခဲ့လို့ နနွင်းပုလင်း မှောက် သွားတယ် ထင်ပါရဲ့ ။ နနွင်းနံ့ ကို နံနေတာပဲ ” 

“ နနွင်းနံ့ ... ဪ ... နနွင်းနံ့ ”

အဒေါ်ကြီး က ထို စကား ကို သာ ရေရွတ်လိုက်ပြီး ဘာမေးခွန်း မှ ထပ် မမေးတော့ချေ ။ ကျွန်တော့် စိတ်ထဲ တွင်တော့ ဒေါ်ကြီး ရဲ့ ဘိုးဘွားလက်ထက် က နနွင်း မို့လို့များ နှမြော နေသလား မသိ ဟု ခပ်ချာချာ တွေး လိုက်မိသေး ။

ထမင်း စားသောက်ပြီး ပျားပုံးတွေ စစ်ဆေးရန် အတွက် ကျွန်တော် နှုတ်ဆက် ထွက်ခွာလာချိန် အထိ ထိုကိစ္စနှင့် ပတ်သက်ပြီး အဒေါ်ကြီး ထပ် မမေးတော့ ။ ပြန်သည့်နေ့ ထိတိုင် သူ့ တဲ တွင် တည်းခိုရန် သာ အတန်တန် မှာ လျက် ရှိသည် ။

“ ဟဲ့ .. နင်တို့ လင်မယား လုပ်ပုံ ကောင်းသလား ။ မောင်ခင်မောင် ခမျာ မကြောက်တတ်သူ မို့လို့သာ ။ နို့မို့ဆို ဘယ့်နှယ့် နေမလဲ မသိဘူး ။ နင်တို့ ဘာလို့ တစ်ယောက်တည်း ထားခဲ့ရတာလဲ ”

ကျွန်တော် တဲ ကို ပြန်လာချိန်မှာ အဒေါ်ကြီး က ကိုမြင့်မူ တို့ လင်မယား ကို ဆူပူနေ၏ ။ သူများ သားအမိတွေ ကြား ဝင် မပါချင်၍ ကျွန်တော် အိမ် ထဲ သို့ မဝင်သေးဘဲ အိမ်ပြင် ၌ အသာ ရပ် နေလိုက်သည် ။

ဘာပဲပြောပြော ... ကိုမြင့်မှု တို့ ကျွန်တော့် ကြောင့် အဆူခံ နေရသည့် အတွက် စိတ်တော့ မကောင်း ။ ကျွန်တော် တစ်ယောက်တည်း နေခဲ့ရပေမဲ့ ဘာမှ ထိခိုက်သည်လည်း မဟုတ် ... ။

“ အမေ က လည်း ... အမေ့ ချွေးမ အကြောင်းလည်း သိလျက်သား နဲ့ ၊ သူ က အမေ မရှိရင် အငြိမ် နေတာ မဟုတ်ဘူး ”

“ ဟေ မြထွေး ... နင့် ယောက်ျား ကို ဘာတွေ ပူဆာနေလို့လဲ ” 

ကိုမြင့်မူ ၏ စကားကြောင့် ဒေါ်ကြီးရွှေဥ က သူ့ သား နံဘေးတွင် ကျုံ့ကျုံ့လေး ထိုင်နေသော ချွေးမ ဖြစ်သူ အား လှမ်း ငေါက်ရင်း မေးလိုက်သည် ။

“ ဟာ .. မဟုတ်ရပါဘူး အမေ ရယ် ။ သူ ပြောတဲ့ အမေ့ချွေးမ ဆိုတာ အစ်မရီဌေး ကို ပြောတာလေ ”

မမြထွေး က အစ်မရီဌေး ဟူသော အမည် ကို ရေရွတ်လိုက်စဉ် မျက်လုံး တွေ က ဟိုဟိုသည်သည် ဝေ့ဝဲ ကြည့်လိုက် သေးသည် ။ ဘာသဘောလဲ ဆိုတာ ကျွန်တော် နားမလည် ။

“ ဪ .... နင်တို့ က နင်တို့ အစ်မ ကို ကြောက်လို့ ပေါ့လေ ။ နင်တို့ ကိုယ် နင်တို့ ကြတော့ သနားပြီး ဧည့်သည်လေး ကိုတော့ ပစ်ထားခဲ့တယ်ပေါ့ ၊ သူ့ခမျာ သရဲ ခြောက်နေမှန်း သိလျက်သား နဲ့ ငါ စိတ်မကောင်း ဖြစ်မှာ စိုးလို့ မပြောရှာဘူး ၊ ကြွက်တွေ သောင်းကျန်းတာပါတဲ့လေ ”

ဗုဒ္ဓေါ ... သရဲခြောက်တာ ဆိုပါလား .. ကြွက်တွေ သောင်းကျန်းတာ မဟုတ်ဘူးလား ၊ ကြားလိုက်ရသည့် စကားကြောင့် ကျွန်တော် ကြက်သီးမွေး ညင်းများ ထောင်ထ သွားရပြီ ။ တံတွေးတစ်ချက် ကို ဂလုခနဲ မျိုချရင်း သူတို့ ဘာဆက် ပြောမလဲ နားစွင့် နေလိုက်သည် ။

“ မရီဌေး ကို မကြောက်ကြပါနဲ့ဟယ် ၊ ငါ့ ချွေးမကြီး က သနားစရာပါ ၊ သူ့ခမျာ သားသမီး သံယောဇဉ် ကြောင့် ဒီ တဲ က မခွာနိုင် ဖြစ်နေတာ ။ ငါ့ ကို လည်း ကြောက်ရှာပါတယ် ၊ ငါ ရှိရင် ဘယ်တုန်းက အရိပ်အယောင် ပြဖူးလို့ လဲ ။ ဟဲ့ .... မြင့်မူ ... နင် ဟိုသူငယ်လေး ကို အတင်း သွား မေးမနေနဲ့ဦး ။ သူ့ခမျာ နင့် ကြောင့် သရဲခြောက် ခံရတာ ။ နင် မေးလား ၊ မြန်းလား လုပ်မနေ နဲ့ ... ကြားလား ”

“ ဟုတ် .. ဟုတ်ကဲ့ပါ အမေရဲ့ ”

သူတို့ ဆွေးနွေးပွဲ ပြီးဆုံးသွားသည် အထိ ကျွန်တော် အတော်ကြာကြာ စောင့်နေပြီး မှ ဘာမျှ မကြားသည့် ပုံစံဖြင့် ပေါ့ပေါ့ပါးပါး ဝင် သွားလိုက်သည် ။ ကျွန်တော် ဝင်လာချိန် မှာတော့ ဒေါ်ကြီး နှင့် မမြထွေး က မီးဖိုချောင် ထဲ ဝင်သွားကြပြီ ။

“ ငါ့ညီ ... အမေ ပြောလို့ ငါ သိပြီးသွားပြီ ။ မင်း က အတော် သတ္တိ ရှိတာပဲ ။ ငါ တောင် ငါ့ မရီး ဖြစ်လျက်သားနဲ့ မနေရဲဘူးကွ ။ မင်း ကတော့ သတ္တိခဲ ပဲဟေ့ ”

“ ဪ .....အစ်ကို ရယ် .... သရဲ ဆိုတာ အပါယ်ဘုံသား တစ်မျိုးပါ  ။ ကျွန်တော်တို့ ထက် နိမ့်ကျပါတယ် ။ ဒါ့ကြောင့် ကြောက်စရာ မလိုပါဘူး ၊ ဒါနဲ့ အစ်ကို့ မရီး က ဘယ်လို ဆုံးသွားတာလဲ ”

ကိုမြင့်မူ က အတိတ် ကို ပြန်လည် တွေးတောမိကာ စိတ်မကောင်း ဟန်ဖြင့် ..

“ တောရွာတို့ ထုံးစံ အတိုင်း ကလေး မဖွားနိုင်လို့ပေါ့ ။ ဒီ တဲ မှာပဲ ဆုံးသွားတာ ။ မီးနေသည် ဆိုတော့ နနွင်း အမြဲ လိမ်းရတယ်လေ ။ ဒါ့ကြောင့် အိုးသံ ခွက်သံ ပေးတယ် ။ နနွင်းနံ့ ပေးတယ် ။ ဒီလောက်ပဲ ခြောက်ပါတယ် ။ ဒါပေမဲ့ တစ်ခါတလေတော့ သူ ရှိနေတာ ကို ပြတတ်တယ် ။ အစ်ကို တောင် တစ်ခါ မြင်ဖူးတယ်ကွ ၊ ကြောက်စရာကြီး ”

ကိုမြင့်မူ က ကြက်သီးထ သွားသည့် အမူအရာဖြင့် ပခုံး နှစ်ဖက် ကို တစ်ချက် တွန့်လိုက်သည် ။

“ အစ်ကို ... သူ က အမြဲ ခြောက်လှန့်လား ”

“ အမေ ရှိရင်တော့ ၊ မခြောက်ဘူးကွ ။ သူ က အမေ့ ကို ကြောက်ရတယ် လေ ။ ခုထိလည်း ကြောက်တုန်းပဲ ထင်ပါရဲ့ ”

“ ဪ .... သနားစရာ ပဲနော် ။ ဒါနဲ့ ... စိုက်ရပျိုးရတာ ဘယ်လို အခြေအနေ ရှိလဲ ”

ကျွန်တော် က ပဲ အခြား အကြောင်းအရာ တစ်ခုစီ စကားလမ်းကြောင်း လွှဲလိုက်ရသည် ။

ထို့နောက် ကျွန်တော် ပျားမွေးမြူရေးလုပ်ငန်း အကြောင်း ဗဟုသုတ ရအောင် ပြောပြ ၊ ကိုမြင့်မူ ကလည်း စိုက်ပျိုးရေး အကြောင်းများ ရှင်းပြ နှင့် စကားလက်ဆုံ ကျခဲ့ကြသည် ။ သည်လိုနှင့် မိုးချုပ် သွားခဲ့ရာ ထိုနေ့ ညက ကျွန်တော် မှာ ရင် တထိတ်ထိတ် ...... ။ ဒေါ်ကြီး ရှိရင် အမှန်ပဲ မခြောက်လှန့်ဘူးလား .. ခြောက်ရင် ဘယ့်နှယ့် လုပ်ပါ့မလဲ .. စသဖြင့် သံသယများ ပွားနေမိသည် ။

သို့သော် ထို ညက အမှန်ပင် ဘာသံမှ မကြားရတော့ ၊ နနွင်းနံ့ လည်း မရချေ ။ နောက်ညများ တွင်လည်း သည်အတိုင်းပဲ ဖြစ်၍ ကျွန်တော် ပြန် သည့် နေ့အထိ အေးအေးချမ်းချမ်း အိပ်စက်ခဲ့ရသည် ။ မည်သို့ဖြစ်စေ ... ပထမဦးဆုံး ညက ကြုံတွေ့ ခဲ့ရသော အဖြစ်အပျက် ကို ကျွန်တော် ယခုထိ မေ့မရသေးပါ ။

သို့ကြောင့် ညနေခင်း မီးပျက်ချိန် ဆိုလျှင် တစ္ဆေ ခြောက်ခံရ သော်လည်း ခြောက်မှန်း မသိသဖြင့် သတ္တိ ရှိခဲ့သော ကျွန်တော့် အကြောင်း ကို ကျွန်တော့် သမီးများ အား ဟာသဇာတ်လမ်း တစ်ပုဒ် ပမာ မကြာခဏ ပြောပြဖြစ်ပါ တော့သည် ။

စေတနာ ရှေ့ထားလျက် ...

▣  ဂါဦးနွန်းကို
📖 ဂမ္ဘီရလောက မဂ္ဂဇင်း
      သြဂုတ် ၊ ၂၀၁၁

No comments:

Post a Comment