Monday, March 10, 2025

အပူသည်


 

❝ အပူသည် ❞
   ( ပီမိုးနင်း )

ဒေါ်မြမယ် သည် အိမ်ဦးခန်း ၌ ကျုံ့ကျုံ့ကလေး ပုဆစ်တုပ်ကာ ဘုရားကို ကြည်ညိုလျက် နေလေ၏ ။ သို့ ကြည် ညိုရင်း တင်၍ ထားသော ပဝါနှင့် မကြာခဏ မျက်နှာ ကို သုတ်လေ၏ ။ သို့နေခိုက် တွင် ခြေသံ မကြားရအောင် တက်၍ လာပြီး ၊ ခြေရင်းခန်း ဘက်ရှိ ခုံတန်းလျား ပေါ်မှာ ထိုင်လျက် ဒေါ်မြမယ် ကို ကြည့်၍ နေသော သူ ၏ မျက်နှာ မှာ ကြင်နာသနား ကရုဏာပွားခြင်း၏ သဏ္ဌာန်အသွင် သည် အရုပ် ရေး၍ ပြသလို ထင်ပေါ်၍ နေလေ၏ ။

ဒေါ်မြမယ် သည် ဘုရားရှိခိုး ဦးချ၍ ပြီးသည့် နောက် အားငယ်သော အမူအရာ နှင့် မိမိ ၏ ပြည့်ဖြိုးသော ကိုယ်ခန္ဓာ ကို သယ်ယူကာ ထရင်း ၊ အူအသည်း အတွင်းမှ ထွက်၍ လာသော ဟီးချသံ နှင့် ညည်း လိုက်လေ၏ ။ ထို့နောက် တစ်ဖန် ဖဲပဝါအစွန်း နှင့် မျက်ရည် ကို သုတ်ရင်း “ အမျှ အမျှ ကိုကြံဘော် ရဲ့ ။ အမျှ ယူပါ ။ ကျေးဇူးရှင် တုဿီတာနတ်သားကြီး ရဲ့ ။ မျှော်လို့သာ နေပေတော့ ။ မြန်မြန်ကြီး ကျုပ် လိုက်ခဲ့ပါ့မယ် ။ အမယ်လေး ဒီ အပူ ဘယ်တော့မှ အေးပါ့မတုံး ” စသည်ဖြင့် တောက်တီး ညည်းညူရာ မှ စောင့်၍ နေသော ဧည့်သည် မြင်လျှင် အပူရုပ် ကို ပြုပြင်ရန် မကြိုးစားဘဲ “ ဪ ကိုမြတ်သင်း ပါကလား ။ ရောက်နေတာ အတော်ကြာပြီလား ” ဟု မေးရင်း ချည့်နဲ့ ယိမ်းယိုင်သော အမူအရာ နှင့် ပန်းချီဆရာ ကိုမြတ်သင်း ၏ အပါးသို့ ရောက်၍ သွားပြီး ကုလားထိုင်ဟောင်းကြီး တစ်ခု ကို ဆွဲယူ၍ ထိုင် လေ၏ ။

“ ခုတင်ပါပဲ ကျောင်းအစ်မ ရဲ့ ။ ကိုသာမောင် ညက လာပြောတယ် ။ ဒါကြောင့် အိပ်ရာ က နိုးနိုးချင်း လာခဲ့တာပဲ ။ သောက ဆိုတာ လူမှန်ရင် တွေ့ကြရ စမြဲပဲ ကျောင်းအစ်မ ရယ် ။ အပူ ကို အင်မတန် ကြီးလည်း အလိုမလိုက်နဲ့ ။ သွားလေသူ က ပြန်လာတော့ မှာ မဟုတ်ဘူး ။ စိတ်ထောင်း ကိုယ်ကြေ သတဲ့ ။ ကျန်းမာအောင် စိတ်ကိုသာ ကောင်းကောင်း ထားပေတော့ ကျောင်းအစ်မ ” ဟု ကြင်နာစွာ ပြောလေ၏ ။

ကိုမြတ်သင်း ၏ စကားသည် တုပ်၍ ထားသော မျက်ရည် ၏ တမံ ကို တူးရွင်း နှင့် ဖြိုလိုက် သလို ဖြစ်လေ၏ ။ ကျောင်းအစ်မ ဒေါ်မြမယ် ၏ မျက်လုံးများ သည် ဝေလျှံသော စမ်းအိုင်ပမာ ။ မျက်ရည်တွေ ကျိုးပေါက်၍ ကျလာသဖြင့် တစ်ဖန် ပဝါ နှင့် သုတ်ကာ “ အမယ်လေး ၊ ဘယ်လို ဖြေလို့မှ ပြေနိုင်မယ့် အပူ မဟုတ်ပါဘူး ကိုမြတ်သင်း ရဲ့ ။ တရား မသိလို့ လည်း မဟုတ်ပါဘူး ။ လှူဒါန်းခဲ့တာ တွေလည်း များပါရဲ့ ။ ဒီ အပူမှာ တော့ တရား မရနိုင်အောင် ရှိတာပါပဲ ၊ အမေ သေလို့ ပူရတာနဲ့ မတူ ၊ အဖေ သေလို့ ပူတာနဲ့လည်း မတူ ။ သားချင်းပေါက်ဖော် တွေလည်း သေခဲ့လှပါပြီ ကိုမြတ်သင်း ရယ် ။ အခုလို ကျွန်မ တစ်ခါမှ မပူဖူးပါဘူး ။ သူ့ ကျေးဇူးတွေ က များလွန်းလို့ ။ မတွေး ဘဲ မနေနိုင် တွေးလိုက် ရင်လည်း ဖြေမရ ။ ကျွန်မ ဖြင့် ဒီအပူ နဲ့ သေရလိမ့်မယ် ထင်တာပဲ ”

“ အင်း ပြုထားခဲ့တဲ့ ကောင်းမှုတွေ ၊ ဆောက်ခဲ့တဲ့ ကျောင်းတွေ ၊ ဇရပ်တွေ ။ သူ့ကောင်းမှု ၊ သူ့ လက်ရာတွေ ကလည်း အင်မတန်မှ များလေတော့ ဒါတွေ မြင်ရတိုင်း အပူ ကို နှိုးသလို ဖြစ်တော့တာပေါ့လေ ။ သို့သော်လည်း ပျောက်သောသူ ရှာရင် တွေ့ သေသောသူ ကြာရင်မေ့ သတဲ့ ။ ကျန်ရစ်သူက မမေ့ပေမယ့် သွားလေသူ ကတော့ မေ့ရိုးတဲ့ ။ ချေးထိုးမ နဲ့ ချေးထိုးဖို တို့ အတ္ထုပ္ပတ္တိ လိုပေါ့ ကျောင်းအစ်မ ရယ် ။ ဒီတရားတွေ လည်း အသိ သားပဲ ၊ ကြိုးစား ဖြေမှပေါ့ ။ ဒါထက် ကျောင်းအစ်မ ဘယ်လို ဂူမျိုးကို အလိုရှိသလဲ ”

“ ကျွန်မ အလိုရှိတာတော့ အများ မလုပ်ဘူးသေးတဲ့ ဂူကို လုပ်စေချင်တာပဲ ။ ငွေ ကုန်တာ အရေး မကြီးပါဘူး ။ ကျွန်မ ယောက်ျား အတွက် ကျွန်မ နောက်ဆုံးပြုရခြင်းမို့ ။ ကောင်းနိုင် သမျှ ကောင်းအောင် လုပ်စေချင်တာပဲ ။ ကျွန်မ ဒီ မြို့ထဲ မှာ လည်း မနေချင်တော့ပါဘူး ။ ခြံထဲ မှာ ဒီဂူ ကို ကြည့်နေရရင် တော်ပါပြီ ။ ကိုမြတ်သင်း  ပန်းချီပုံတူများ လည်း ရေးတယ်လို့ ကြားရတယ် ။ ဟုတ်ရဲ့လား ”

“ မှန်ပါတယ် ။ ပန်းချီပန်းရံ အလှ နဲ့ဆိုင်တဲ့ အတတ် ဟူသမျှ မှာတော့ ရှေးခေတ် ခုခေတ် နှစ်ခေတ် မီပါတယ် ၊ ကျောင်းအစ်မ ကျေနပ်အောင် တတ်နိုင်ပါတယ် ”

“ ဒီလို ကိုမြတ်သင်း ရဲ့ ၊ ကိုမြတ်သင်း အလုပ် က ဒါ တစ်ခု တင် မဟုတ်ပါဘူး ။ ကျုပ် လည်း ကျောင်းဒကာ နောက် ကို မြန်မြန် လိုက်ရမှာပါ ။ သည်တော့ သူ့ အတွက် ဂူ ပြီးရင် နံဘေးမှာ ယှဉ်ပြီး ကျွန်မ အတွက် ကိုမြတ်သင်း ပဲ လုပ်ရမှာ ပါပဲ ။ ကျွန်မ ညီမ ကို အခုက ပဲ မှာထားမယ် ။ ကျွန်မ သေရင် ကိုမြတ်သင်း ကို ပဲ ဂူ အလုပ်ခိုင်းရပါစေ့မယ် ” ဟု မျက်လုံးများ ကို ပဝါစ နှင့် တို့ရင်း ပြောလေ၏ ။

“ အို ဒါတွေ မပြောပါနဲ့ ။ ကျောင်းအစ်မ မသေနိုင်သေးပါဘူး ”

“ အမယ်လေး မပြောပါနဲ့ ။ တရား မပြပါနဲ့ ။ ကျွန်မ ဒီအပူ နဲ့ သေမှာပါ ။ ချေးထိုးဖို ချေးထိုးမ တို့ ပုံလည်း ကြားဖူး ပါရဲ့ ။ ဖြေလို့ မရဘူး ။ သည်တော့ ကျွန်မ အလိုရှိတာ က အုတ်ဂူ တောင် မလိုချင်ဘူး ။ ကျောက်ဂူ ကို လိုချင်တာပဲ ။ ကျောက် မှာလည်း ကျောက်ဖြူမှန်ရောင် တောက်အောင် ပွတ် စေချင်တယ် ။ ဖြစ်နိုင်ပါ့မလား ”  ( နံဘေး ကို လှည့်၍ နှပ်ညှစ် လေ၏ )

“ ဖြစ်ပါတယ် ၊ ကိုယ်တိုင် တော့ မတတ်နိုင်ဘူး ပလေ ။ အင်္ဂလိပ် အန်းဒါတိက္ခများ ဆီမှာ စုံစမ်းရမှာပဲ ” 

“ ဘယ်နည်းပဲ ဖြစ်ဖြစ် ဖြစ်ရင် ပြီးတာပဲ ။ ကိုမြတ်သင်း ကြည့် လုပ်ဖို့လိုတာပဲ ”

“ လုပ်နိုင်ပါတယ် စိတ်ချပါ ။ ကျောင်းအစ်မ စိတ် ကြိုက်ကို ဖြစ်ပါစေ့မယ် ”

“ ပြီးတော့ ဒီကျောက်ဂူ ထိပ်မှာ သူ့ ရုပ်ပုံကို ဆီဆေးနဲ့ ရေးပြီး အပေါ်က မှန်အုပ်ထားချင်တယ် ။ ကျွန်မတို့ မင်္ဂလာ ဆောင်စ က တွဲရိုက်ထားတဲ့ ဓာတ်ပုံ ရှိပါတယ် ။ ရှင်ပုံတူ ရေးနိုင်ရင် ဖြစ်မှာပေါ့ ”

“ ဖြစ်ပါတယ် ၊ ဖြစ်ပါတယ် ၊ စိတ်သာချပါ ”

“ တူဖို့ အရေးကြီးတယ် ကိုမြတ်သင်း ။ သူ့မျက်ခုံး တစ်ဘက်မှာ ပြတ်နေတဲ့ အမာရွတ်ကလေး လည်း ရှိတယ် ။ အဲဒီ အမာရွတ်ကလေး က အရေးကြီးတယ် ။ မပါရင် မဖြစ်ဘူး ။ ကျွန်မတို့ လင်မယား ညားကာစက မယားနေစ ကြောင်သေမှ ဆိုတဲ့ စကားလို ။ သူ က ကျွန်မ ကို ရိုက်မောင်း ပုတ်မောင်း လုပ်တာကိုး ။ သည်တော့ ကျွန်မ က ယောက်မ နဲ့ ခုတ်လိုက်တာ ၊ သူ့ မျက်ခုံးကလေး ပြတ်သွားတယ် ကိုမြတ်သင်း ရဲ့ ၊ အမယ်လေး ဒါတွေကို တွေးလေ ၊ အသည်းနာလေ ဖြစ်တာပါပဲ ။ အဲဒီ မျက်ခုံး အမာရွတ်ကလေး လည်း ပါစေချင်တာပဲ ”

“ ဓာတ်ပုံမှာ ပါရင် မလွဲစေရပါဘူး ။ ဖြစ်နိုင်ပါတယ် ကျောင်းအစ်မ စိတ်သာချပါ ”

“ ကိုမြတ်သင်း အထူး ကြိုးစားပါနော် ။ အချည်းနှီး မဖြစ်စေရပါဘူး ။ ကျွန်မ အလှည့် ကျတော့လည်း သည်အတိုင်း လုပ်ရမှာပါပဲ ၊ ကိုမြတ်သင်း ပဲ အပ်စေရမှာပါ ”

“ စိတ်ချပါ ကျောင်းအစ်မ ။ ကိုင်း ဘယ်တော့ စရမလဲ ။ တခြား အလုပ်တွေ ကို အကုန် ဆိုင်းထားမယ် ”

“ မြန်နိုင်သမျှ မြန်စေချင်တာပဲ ။ ဒါထက် ကိုမြတ်သင်း ရဲ့ ၊ ဂူမှာ စာကလေး လည်း ပါစေချင်တယ် ။ စာရေးဆရာ ကောင်းကောင်းများ မသိဘူးလား ” 

“ ဘယ်လို စာလဲ ကျောင်းအစ်မ ရဲ့ ”

“ ကျောင်းဒကာ ပြုတဲ့ ကုသိုလ်ကောင်းမှုများ လည်း ပါအောင် ။ ကျွန်မ နာမည်လည်း ပါအောင် လင်္ကာစာတမ်းကလေးပေါ့ ”

“ ဒါတော့ စာပုံနှိပ်တိုက် တစ်ခုခု က အယ်ဒီတာ တစ်ယောက်ယောက် ဆီ သွားမှပဲ ။ ဒါလည်း ဆယ့်လေးငါးကျပ် တော့ ပေးရလိမ့်မယ်ထင်တယ် ကျောင်းအစ်မ ”

“ ပေးရတာ ကိစ္စမရှိပါဘူး ။ ကျွန်မ စိတ်တိုင်းကျရင် ပေးပါ့မယ် ။ ကျွန်မ လိုချင်တာက ဝမ်းနည်းတဲ့ အသံ ၊ လွမ်းစရာ စကားကလေးတွေ ပါစေချင်တယ် ။ လွမ်းတဲ့စာ ဖြစ်မှ ကောင်း မှာ ။ ရှည် လည်း မရှည်စေချင်ဘူး ကိုမြတ်သင်း ရဲ့ ”

“ နားလည်ပြီ ၊ နားလည်ပြီ ။ တိုတိုတုတ်တုတ် နဲ့ ဖတ်လိုက်ရင် ဘဝင် ကို ခွေ့ပြီး အလွမ်း ဆိုတဲ့ လေပွေ ကို ရင်ဝမှာ ဝှေ့ဝင်အောင် ရေးရမှာကိုး ။ ဒါမှ ကျောင်းအစ်မ သဘောကျ မယ် ။ အယ်ဒီတာ ဦးရွှေ ကို ကပ်ရမှာပဲ ”

“ တော်သလိုသာ စီမံပါ ။ ကျွန်မ စိတ်တိုင်းကျတဲ့ဂူ နဲ့ သူ့ ရုပ်ပုံနဲ့ ၊ အဲဒီ လင်္ကာ ကို နေ့တိုင်း မြင်နေရရင် တော်ပါပြီ ။ ဒီ လူ့ပြည် မှာဖြင့် ကြာကြာလည်း မနေချင်ပါဘူး ။ ကိုမြတ်သင်း  မြန်မြန် အလုပ် ဆက်ရမှာပါ ”

“ ကောင်းပြီ ကျောင်းအစ်မ ။ စရန်ငွေကလေးများ သာ ပေးပေတော့ ။ နက်ဖြန်ခါ စပြီး ကိုင်မယ် ” ဟု ကိုမြတ်သင်း က ပြောလေရာ ။ ကျောင်းအစ်မ သည် ငွေစက္ကူများ ကို ထုတ်၍ ပေးလေ၏ ။ ကိုမြတ်သင်း လည်း အလုပ် ကို စရန် စီမံဖို့အရေး အတွက် ထွက်၍ သွားလေ၏ ။

ကျောင်းအစ်မ သည် လင်ဖြစ်သူ ကျောင်းဒကာ ၏ သင်္ချိုင်း မှ မခွာနိုင်ဘဲ နေလေ၏ ။ သင်္ချိုင်း မှာ လည်း ရန်ကုန်မြို့ သင်္ကန်းကျွန်း ဘက် မိမိပိုင် ခြံ ထဲမှာ ရှိလေရာ ကိုမြတ်သင်း ၏ အလုပ်ကို မိမိ ကိုယ်တိုင် နေ့စဉ် လိုက်၍ ကြည့်လေ၏ ။ ကိုမြတ်သင်း ကလည်း အစစအရာရာ ကို ကျောင်းအစ်မ နှင့် တိုင်ပင် လေ၏ ။ ကျောင်းအစ်မ သည် ကား ပဝါကြီး ကို ဦးခေါင်း၌ တင်ပတ်ကာ မခို့တရို့ အပူသည်ရုပ် ဖမ်းလျက် ခြံ ထဲ သို့ လိုက်လေ၏ ။ တစ်ခါတစ်ရံ မိမိ က အရင်ရောက်လေရာ ကိုမြသင်း နောက်ကျ သဖြင့် မျှော်ရလေ၏ ။ တစ်ခါတစ်ရံ ကိုမြတ်သင်း က အရင် ရောက်လေရာ ကျောင်းအစ်မ ကို မျှော်ရလေ၏ ။ တစ်ခါတစ်ရံ တစ်ပြိုင်တည်း အတူ ရထား စီး၍ သွားကြ၏ ။ တစ်ရံတစ်ခါ ကိုမြတ်သင်း က အရင် ရောက်လေရာ ကျောင်းအစ်မ ကို မျှော် လေ၏ ။ ထိုအခါ ဂူ ကို စ၍ မလုပ်ရသေးချေ ။ တိုင်းတာမှတ်သား ပုံစံ ထုတ်ရုံမျှ ရှိနေလေ၏ ။ ကိုမြတ်သင်း သည်ကား ကျောင်းအစ်မ အထူး စိတ်တိုင်းကျစေလို သဖြင့် ဂူ ကို မြင်ရုံနှင့် အဘယ်ပုံ စိတ်နှလုံး ကြေကွဲ ၊ အသည်းမှာ အလွမ်းလေပွေ ဝှေ့စေရမည် ဟု သဘောထားကာ ဂူ ၏ ပုံစံ ကို ရေးထုတ် စီရင်၍ နေခြင်း ဖြစ် လေ၏ ။ ကျောင်းဒကာ ၏ ပုံတူ ကိုလည်း ကျောက်ပြား တစ်ခု ပေါ်၌ ရေးလေရာ ထိုအလုပ် ကို လည်း ခြံထဲရှိ တဲအိမ် မှာပင် လုပ်သဖြင့် တဲအိမ် မှာ စတူဒီယိုကလေး တစ်ခု ၏ အဖြစ်သို့ ပြောင်းလဲ၍ နေလေ၏ ။

ကျောင်းအစ်မ မှာ ထိုအလုပ်၌ စိတ်ဝင်စား သဖြင့် အပူမှာ အတော်အတန် သက်သာစ ပြုလေ၏ ။ တစ်ရံတစ်ခါ မြေပုံပေါ်ရှိ မြက်များ ကို နှုတ်ရင်း ကိုမြတ်သင်း နှင့် တိုင်ပင်လျက် ရုပ်ပုံများ ကို ခေါင်းချင်းဆိုင်ကာ ကြည့်ကြ လေ၏ ။ ကိုမြတ်သင်း မှာ ဂူပုံစံ ကို တစ်မျိုးတည်း မဟုတ် ။ ကျောင်းအစ်မ စိတ်ကြိုက် ကို တွေ့စေဖို့ရန် ပုံစံ အမျိုးမျိုး ကို ထုတ်လေရာ ကျောင်းအစ်မ မှာ စိတ်ကြိုက်ကို မတွေ့နိုင် သဖြင့် တနင်္ဂနွေ နှစ်ပတ် အတွင်း မှာ ပုံပေါင်း တစ်ဒါဇင်ကျော်ကျော် ဆုတ်၍ ပစ်ရလေ၏ ။ ပုံတူ မှာ လည်း မီးသွေးချက်မျှ မပြီးသေး ချေ ။ တစ်နေ့သ၌ ဂူပုံ အသစ် တစ်ခု ကို ရေးဆွဲရာတွင် ကျောင်းအစ်မ ကြည့်၍ နေလေ၏ ။

“ ဒီနေရာမှာ အတက်ကလေး ထည့်ရင် မကောင်းဘူးလား ။ ဒီ ပလ္လင်ပုံကလေးက သေး မနေဘူးလား ။ အပေါ်က ငုံးတိတိ ဖြစ်နေတယ် ထင်တယ် ။ သည်းညည်းခံပါ ကိုမြတ်သင်း ရယ် ။ ကျွန်မ ယောက်ျား အတွက် နောက်ဆုံး ပြုရခြင်းမို့ သည်လောက်တောင် ကြိုးစားရတာပါ ။ ကျွန်မ အတွက် ကျ တော့ အခုလောက် ပင်ပန်းတော့မှာ မဟုတ်ပါဘူး ။ သူ့ ပုံ အတိုင်းပေါ့ ။ ဒါထက် ကျွန်မ ပုံ ပါ ပုံတူ တစ်ခု အဆင်သင့် ရေးထားရရင် မကောင်းဘူးလား ”

“ ကျောင်းအစ်မ က တယ် သေချင်နေတာကိုး ကျောင်းအစ်မ ရဲ့ ။ မသေပါနဲ့ဦး ။ ဒါတော့ ကျွန်တော် နိမိတ် မရှိ နမာ မရှိ မလုပ်ပါရစေနဲ့ ။ ကျောင်းအစ်မ သေရင် ... ” ဟု စကား အဆုံးမသတ်ဘဲ မော်၍ ကြည့်လိုက်ရာ မျက်နှာချင်းဆိုင်၍ နေကြသည်မှာ စက္ကန့် အနည်းငယ် ကြာ၍ သွားလေ၏ ။

“ ရှင် အခ,ရ ပြီးရော မဟုတ်လား ကိုမြတ်သင်း ရဲ့ ။ ရေးသာ ရေးပါ ”

“ ကျောင်းအစ်မ ခိုင်းရင်တော့ လုပ်ရမှာမပေါ့ ။ ကျောင်း အစ်မဂူ မှာ ကပ်ဖို့ ဆိုတာတော့ နိမိတ် မရှိဘူး ။ ကျောင်းအစ်မ ကို ကျွန်တော် မသေစေချင်သေးဘူး ” ဟု ပြောကာ ခေါင်းငုံ့ လျက် ဂူပုံစံ ကို ကြည့်၍ နေလေ၏ ။

ကျောင်းအစ်မ သည် ကိုမြတ်သင်း ကို စိုက်ကာ ကြည့်၍ နေလေ၏ ။ ကိုမြတ်သင်း မှာ မိမိ နှင့် ရွယ်တူ ဖြစ်သည် ကို လည်းကောင်း ၊ မုဆိုးဖို ဖြစ်သည် ကို လည်းကောင်း စဉ်းစားကာ သူ လည်း အပူ တွေ့ခဲ့တဲ့ လူပဲဟု တွေးမိလေ၏ ။ မကြာမီ အိမ်ကလေး ထဲ သို့ ပြန်၍ဝ င်ကြရာ မိုးရွာ၍ လာလေ၏ ။ ကောင်းကင် မှာ ပိတ်ဆို့ လျက် ၊ အိမ်ငယ်လေး အတွင်း မှာ မှောင် ၍ နေသဖြင့် အလုပ် ကို ရပ်ကာ ပြတင်းပေါက် မှ ကျောင်းဒကာ၏ သင်္ချိုင်းမြေပုံကလေး ကို နှစ်ယောက်သား ယှဉ်ကာ ရှုမျှော်၍ နေကြလေ၏ ။

( မြတ်သင်း ) “ အခုလို မှိုင်းညို့နေတဲ့ အခါများ နောက်က ခံတဲ့ တောနဲ့ ဂူဖြူဖြူ ကို မြင်ရရင် အတော် ကြေကွဲစရာ ကောင်းမှာပဲ ။ ကျုပ် မျက်စိ ထဲမှာတော့ မြင်နေတယ် ”

“ ကျွန်မ လည်း ဒါ တွေးပြီး မျက်စိထဲမှာ ထင်မြင် နေတာပဲ ” ဟု ပြောကာ မျက်နှာ ကို ပဝါ နှင့် သုတ်လျက် ဆိတ်ငြိမ်သော မြေပုံ ကို ကြည့်၍ နေလေ၏ ။ မိုး သည် လည်း သည်း၍ လာလေ၏ ။ လေ သည် တိုးတက် ပြင်းထန်၍ လာလေ ရာ အိမ်ကလေး မှာ သိမ့်သိမ့်တုန်အောင် လှုပ်ရှား လေ၏ ။ ကိုမြတ်သင်း သည် အပူသည် ကျောင်းအစ်မ ၏ မျက်နှာ ကို စိုက်ကာ ကြည့်၍ နေလေ၏ ။

“ ဒီ မိုးဟာ မိုးချုပ်၍ မိုးလင်းသည့် တိုင်အောင် ရွာရင် ငါတို့ နှစ်ယောက် ရန်ကုန် ကို ပြန်နိုင်မှာ မဟုတ်ဘူး ။ ရွာလည်း ရွာမယ့်မိုး နဲ့ တူတာပဲ ” ဟု အောက်မေ့ ကာ ရင်ထဲတွင် ဒိန်းခနဲ - ဒိန်းခနဲ ဖြစ်လေ၏ ။ ကိုမြတ်သင်း ၏ အတွေး နှင့် ညီစွာ လေနှင့် မိုးသည် တိုး၍ ထန်လေ၏ ။

ထိုနေ့ နံနက်ခင်းမှာ သာယာသဖြင့် စိတ်ချလက်ချ လွတ်ကျွတ်စွာ လာခဲ့ကြလေရာ ထီး ကိုမျှ ယူဆောင်ဖို့ သတိမရခဲ့ ကြချေ ။ မကြာမီ မိုးချုပ် လေ၏ ။ မိုးသည် ကား အရွာ မရပ် ။ လျှပ်စစ်မိုးကြိုးများ နှင့် ပူးပေါင်းကာ သောင်းကျန်းလေ၏ ။ လေနတ်သား သည် နောက်ပါ များစွာသော အခြွေအရံ တို့ နှင့် ခြံတွင်း သို့ ဝင်ရောက်ကာ ဘောကန်၍ ကစားရာတွင် ဖုတ် ပြိတ္တာ တစ္ဆေတို့သည် ပွဲကြည့်ရင်း လက်ခုပ်လက်ဝါး တီးကာ တဟားဟား ဆူညံ နေကြသည် ဟု မှတ်ထင်လောက်အောင် မြည်လျှံ၍ နေလေသတည်း ။ ပြတင်းပေါက် တံခါးရွက်များ ကို ဝှေ့ယမ်း၍ ကစားကြရုံမက အိမ် ထဲ သို့ မိုးရေများ ဝင်ရောက်စ ပြုလေ၏ ။ ထိုအခါ နှစ်ယောက်သား တံခါးများ ကို ပိတ်ကြရ လေရာ မည်းမှောင်၍ သွားလေ၏ ။ ကျောင်းအစ်မ နှင့် ကိုမြတ်သင်း မှာ အကြံရ ကြပ်လျက် ဖယောင်းတိုင်များ ၊ မီးခြစ်များ ကို ရှာကြရာ တွင် မှောင်ထဲ၌ တစ်ယောက် ကို တစ်ယောက် တိုးဝှေ့ မိလေ၏ ။ အတန်ငယ် ကြာသောအခါ ရေစို၍ အသုံးမကျ တော့သည် ဖြစ်သော မီးခြစ် ကို ရလေ၏ ။ ဖယောင်းတိုင် ကို မူ မတွေ့ရချေ ။ မာလီကု,လား လည်း မြို့ကို သွားရာ မပေါ်လာ ။ အနီးအနားမှာ ခေါ်စရာ အိမ် မရှိ ။ အိမ်ပတ်ဝန်းကျင် မှာ လည်း ရေလျှံ သလို ဖြစ်၍ နေသည့်အပြင် မှောင်တပ်ကြီး ဆို့၍ နေသော ခြံကြိုခြံကြား အရပ်မှာ အမိုးအကာ ထီးမပါဘဲ စွန့်စား၍ သွားဖို့ရန် လွန်စွာ ခက်လေ၏ ။ တဲခေါင်မိုး မှာ လည်း အပေါက်တွေ များသဖြင့် အတွင်းမှာ ရွှဲစို၍ နေလေသတည်း ။ ကျောင်းအစ်မ မှာ လင် ဖြစ်သူ မကျန်းမာစဉ် က မအိပ်မနေ ပြုစုခဲ့ရ သောကြောင့် တစ်ကြောင်း ၊ ကွယ်လွန်ပြီး နောက် သောကမီးတောက် သဖြင့် မအိပ်နိုင် မစား နိုင်ဖြစ်၍ နေသောကြောင့် တစ်ကြောင်း အားငယ်၍ နေလေရာ အအေးမိဖို့ရန် အသင့် ပြင်ဆင်ထားသလို ဖြစ်လေသတည်း ။ မကြာမီ ကျောင်းအစ်မ မှာ ခိုက်ခိုက်တုန်၍ လာလေရာ ကိုမြတ်သင်း သည် ညည်းသံ ကို ကြားသဖြင့် မှောင် ထဲတွင် စမ်း၍ လာရာ ပဝါ ကို တင်းစွာ ခြုံပတ်လျက် ဆောင့်ကြောင့် ထိုင်ရင်း မေးရိုက်မေးဝဲ ညည်း၍ နေသော ကျောင်းအစ်မ ၏ ကျော ကို ကိုင်မိလေ၏ ။

“ ကျောင်းအစ်မ ဘာဖြစ် သလဲ ။ မီးယပ်ချမ်း ထလာ သလား ။ ဘယ့်နှယ် လုပ်ရပါ့မလဲ ။ မိုး က လည်း မစဲ ။ မီးဖိုစရာ လည်း ဘာမှ မရှိ ။ အခုမှ အခက်ပဲ ကျောင်းအစ် မရဲ့ ။ ရော့ရော့ ဒီအင်္ကျီ ကို ဝတ်ထား ” ဟု ပြောကာ တစ်ခြမ်းစို၍ နေသော မိမိ ၏ သက္ကလပ်အင်္ကျီ ကို ချွတ်ကာ ကျောင်းအစ်မ ကို လှမ်း၍ ပေးလေ၏ ။ သို့သော်လည်း အချမ်း မပြေသဖြင့် ကျောင်းအစ်မ သည် သွားလေသူ ဦးကြံဘော် ကို တ ခါ “ ကျေးဇူးရှင်ကြီး ရဲ့ ကြည့်လှည့်ပါဦး ။ ကျုပ် မြန်မြန် လိုက်ရတော့မယ် ထင်ပါရဲ့ ။ ချမ်းလှချည်ရဲ့ ကျေးဇူးရှင်ကြီး ရဲ့ အမယ်လေး ကိုမြတ်သင်း  ရဲ့ မကြံနိုင်တော့ဘူးလား ။ ကျွန်မ မသက်သာဘူး ။ ကျွန်မ အတွက် ဂူကိုသာ စိတ်ကူးပါတော့ ။ ဒီပုံဖြင့် သူ့ နောက်ကို လိုက်ရတော့မှာပဲ ”

“ ကျောင်းအစ်မ က လည်း မတော်တာတွေ ပြောနေ ပြန်ပါပြီ ။ ဘယ်က ဘယ်သူ့ နောက် လိုက်ရမှာလဲ ။ ဘယ်နောက် ကိုမှ မလိုက်ရဘူး ။ ကျုပ် ရှိသေးတယ် ။ ဒီလောက် ချမ်းရုံနဲ့ သေရရိုးလား ။ လာ .. လာ .. စိတ်မဆိုးနဲ့ နော် ။ တခြား နည်းတော့ မရှိဘူး ။ ဒါပဲ ဒါပဲ ။ ကိုင်း ဘယ့်နှယ့် ရှိစ ချမ်းသေးသလား ။ နွေးပြီ မဟုတ်လား ။ စိတ်မဆိုးနဲ့ နော် ” ဟု ပြောကာ ကိုမြတ်သင်း သည် ကျောင်းအစ်မ ကို မိမိ ၏ နွေးသော ရင်၌ ပွေ့ယူလာ ရာ ကျောင်းအစ်မ က “ အမယ်လေး ၊ အမယ်လေး ကိုမြတ်သင်း ရဲ့ အမယ်လေး ကျေးဇူးရှင်ကြီးရဲ့ ။ ကိုမြတ်သင်း ရဲ့ မတော်ပါဘူး ။ အမယ်လေး ကိုကြံဘော် ရဲ့ ကြည့်လှည့်ပါဦး ။ ဟီး ဟီး ဟီး ဟီး အမယ်လေး ချမ်းလှချည်ရဲ့ ။ ကျွန်မ သေလိမ့် မယ် ထင်တယ် ။ ကိုမြတ်သင်း ရဲ့ လုပ်ပါဦး ။ အမယ်လေး အမယ်လေး လွှတ်ပါ ” ဟု ပြောရင်း ရုန်းလေရာ ကိုမြတ်သင်း  က လွှတ်လိုက်ပြီး “ ကိုင်း ဒီလိုဖြင့် နေ ” ဟု ခပ်မာမာ ပြော လေ၏ ။

လေ သည် တံခါး ကို တွန်းဖွင့်ကာ ဝင်၍လာပြီး ကျောင်းအစ်မ ကို ကိုမြတ်သင်း အစား ဝင်၍ ပွေ့လေ၏ ။ ခြိမ့်ခနဲ မိုးကြိုးပစ်ပြီး ဝင်းခနဲ လျှပ်စီး လက်လေ၏ ။ “ အမယ်လေး ကိုမြတ်သင်း ရဲ့ ” ဟု အော်ပြီး ခိုက်ခိုက်တုန် ပြန်၏ ။ ကိုမြတ်သင်း သည် ပွေ့ရပြန်၏ ။ ကျောင်းအစ်မ က ရုန်းပြန်၏ ။ “ ငြိမ်ငြိမ်နေပါ ကျောင်းအစ်မ ရဲ့ ၊ နို့ ဘယ့်နှယ် လုပ်ရမလဲ ။ ငြိမ် ဆို မငြိမ်ဘူးလား ။ ပြတင်းပေါက် က နေပြီး မိုးရေ ထဲ ပစ်ချ လိုက်ရမလား ။ ဒီက သနားလို့ လုပ်ပေးနေဘာ ” ဟု ခပ်မာမာ ပြောရင်း ကျောင်းအစ်မ ကို ပွေ့လျက် ကျောင်းအစ်မ ၏ သေးငယ် ပျော့ပျောင်းသော ခြေလက်များ ကို သန်မာ သော လက် နှင့် ဆုပ်နယ်၍ ပေးလေရာ ကျောင်းအစ်မ မှာ ငြိမ်၍ နေရလေတော့ သတည်း ။

မိုးလေတို့သည် ငြိမ်သောအခါ သန်းခေါင် အချိန် လောက်ရှိလေ၏ ။ ကျောင်းအစ်မ မှာ လည်း အေးစက်သော ခြေလက် တို့မှာ နွေး၍ လာလေ၏ ။ သို့သော်လည်း အိမ်ပြင် သို့ ထွက်လျက် တစ်ဖန် ထပ်၍ အအေးမိမှာ စိုးရကြောင်း နှင့် ကိုမြတ်သင်း က ပြောလေရာ ထို ညဉ့်တွင် ခြံအိမ် ထဲ၌ နှစ်ယောက် သား ငြိမ်သက်စွာ နေလေတော့သတည်း ။ မိုး လင်းသောအခါ နှစ်ယောက်သား ပြတင်းပေါက် မှ ဦးကြံဘော် ၏ သင်္ချိုင်း ကို ကြည့်၍ နေကြရာ မနေ့က ထက် နီးကပ်လျက် ကိုယ်ချင်း ထိရုံ မက ကျောင်းအစ်မ ၏ လက် သည် ကိုမြတ်သင်း ၏ လက်ထဲ သို့ ရောက်၍ နေလေ၏ ။

“ တော်တော် နေကောင်းပြီလား ။ လက်ဖျားကလေး များတော့ နွေးလို့ပဲ ။ မျက်နှာတောင် သွေးရောင်ကလေး ပေါ်လာ ပြီ ။ ဟိုနောက် ကို လိုက်နိုင်တော့မယ် ထင်သလား ” ဟု သင်္ချိုင်း ကို မေးငေါ့ကာ ကြည့်ရင်း ပြုံးစနဲ့နဲ့ နှင့် ပြောလေ၏ ။ ကျောင်းအစ်မ သည် မချိုမချဉ်မျက်နှာ နှင့် လှည့်၍ကြည့်လေ၏ ။

“ ချေးထိုးဖို နဲ့ ... ချေးထိုးမ ပုံ ဟာ သိပ်မှန်တာပဲ ။ တကယ်လို့သာ သေသူတွေ က ရှင်သူများ ပူသလို ပူကြရင် ကိုယ်ယောင်ပြ လာမှာပဲ ။ ကျွန်မ ခြံထဲ လာ နေတာ ကြာလှပြီ ။ ဂျိုးဂျိုးချက်ချက် မှ မလုပ်ဘူး ။ သတိရပုံ မပေါ်ဘူး ”

“ ဒါကြောင့် ပြောတာပေါ့ ။ ရောက်ရာ ဘဝ မှာ သံယောဇဉ် အသစ်တွေ နဲ့  ပျော်နေပြီ ။ ဒီက သာ ပူနေ ၊ တော်တော် ကြာ ဒုက္ခ ဖြစ်တော့ ၊ ကျောင်းဒကာ လာ ကြည့်မှာ မဟုတ်ဘူး ။ ဒီက သာ .. ”

ကျောင်းအစ်မ သည် ပြုံးရွှင်သော ကိုမြတ်သင်း ၏ မျက်နှာ ကို စဉ်းစားသော မျက်နှာထား နှင့် ကြည့်၍ နေပြီး သက်မကြီး ချလိုက်လေ၏ ။

“ ဂူတွေ ဘာတွေ လုပ်နေလဲ အလကားပဲ ။ ပိုက်ဆံ ကုန်ရုံရှိမှာ ။ ခင်ဗျား က ကုန်ချင်ပေမယ့် ကျုပ်က အကုန် မခံနိုင်ဘူး ” ဟု ကျောင်းအစ်မ ၏ လက် ကို ဖျစ်ကာ အပြက် စကား လိုလို ပြောလျက် ကိုမြတ်သင်း သည် သင်္ချိုင်း ကို ကြည့်၍ နေလေ၏ ။

“ ဘာ တော်မလဲရှင် ၊ အမှတ်အသားကလေး တစ်ခု လောက်တော့ ထားဦးမှပေါ့ ” ဟု ကျောင်းအစ်မ က ပြောလေ၏ ။ မကြာမီ နှစ်ယောက်သား သင်္ချိုင်း ကို သွား၍ ကြည့်ကြ လေ၏ ။

ကိုမြတ်သင်း က “ ဟို အိမ် အောက် က တူးရွင်းကလေး သွား ယူလိုက်စမ်း ” ဟု ပြောလေရာ ကျောင်းအစ်မ သည် ပေါ့ပါးလျင်မြန်စွာ သွားပြီး တူးရွင်း ကို ယူ၍ လာခဲ့လေ၏ ။ ကိုမြတ်သင်း သည် မြေပုံခေါင်းရင်း ၌ တွင်း တူးပြီး သစ်သားစ တစ်ခု ကို အနီးအပါး ၌ ရှာ၍ စိုက်ထောင်လေ၏ ။ ပြီးသောအခါ “ ကိုင်း အမှတ်အသား ဖြစ်ကရော မဟုတ်လား ။ သာပြီး ကြာကြာ ခံအောင် ကပ်တရာစေးကလေး ဘာကလေး သုတ်လိုက် တာပေါ့ တဖြည်းဖြည်း ”

ကျောင်းအစ်မ သည် မြေပုံ ကို ကြည့်ပြီး “ မထူးပါဘူးလေ တော်ပါပြီ ” ဟု ပြောပြီး လှည့်၍ သွားလေ၏ ။ ထို့နောက် အနီးအပါး ၌ အိုးခွက် ငှားပြီး ခြံထဲ ၌ ကြက်သားဟင်း ချက်၍ နှစ်ယောက်သား နံနက်စာ စားကြပြီးနောက် အတူတကွ မြို့သို့ မီးရထား ဒုတိယတွဲ တွင် ဟန်းနီးမွန်း လုပ်၍ သွားကြလေသတည်း ။

▣ ပီမိုးနင်း
📖 သူရိယရုပ်စုံ သတင်း
     အတွဲ ၃ ၊ အမှတ် ၇
     ၁၅ ၊ မေ ၊ ၁၉၃၂

No comments:

Post a Comment