Sunday, March 9, 2025

တစ္ဆေ မကြောက် မောင်သာရောက်

 

❝ တစ္ဆေ မကြောက် မောင်သာရောက် ❞
          ( ပုံပြင် )
    
လွန်လေပြီးသော ရှေးအခါ က ရွာကြီး တစ်ရွာ ၏ အရှေ့ဖျား လှမ်းလှမ်း တွင် ဘုန်းတော်ကြီးကျောင်း တည်ရှိ ၍ ရွာ ထဲ မှ ကလေးသူငယ်များ မှာ ထို ဘုန်းတော်ကြီးကျောင်း ၌ စာပေ သင်ကြားလျက် ရှိကြလေသည် ။

ထို ရွာ ထဲ မှပင် ဆင်းရဲသော လင်မယား တွင် မောင်သာရောက် ဆိုသည့် သားတစ် ယောက် ရှိရာ အရွယ် ရောက် လာသောအခါ စာပေသင်ကြားရန် အတွက် ဘုန်းတော်ကြီးကျောင်း သို့ အပ်နှံ ထားကြလေသည် ။

ဘုန်းတော်ကြီး သည် သူ ၏ ကျောင်းသားများ ထဲ တွင် မောင်သာရောက် ကို အတော် ပင် ချစ်သည် ။ အကြောင်းမှာ ကား ကျောင်းသားကလေး မောင်သာရောက် သည် စာ ကို ကြိုးစားသည် ။ ဖျတ်လတ် ပေါ့ပါး၍ လိမ္မာရေးခြား ရှိသည့် ပြင် ဘုန်းတော်ကြီး ၏ ဝေယျာဝစ္စကလေးများ ကို ပြုလုပ်ပေးသည် သာ မက သူ ၏ အိမ်မှုကိစ္စများ ကို လည်း ကျောင်း မှ ပြန် သွားတိုင်း မိဘများ ကို ကူညီ လုပ်ကိုင်ပေးလေ့ ရှိသောကြောင့်တည်း ။

ကျောင်းသားကလေးများ ထဲ တွင် မောင်သာရောက် သည် အရွယ် နှင့် မမျှ ရဲစွမ်း သတ္တိ ရှိသည် ။ မိဘ ကို လည်း ကြောက်ရွံ့ ရိုသေလျက် ချစ်ခင်သည် ။ လိမ္မာခြင်း နှင့် လည်း ပြည့်စုံ သဖြင့် သူ ၏ မိဘများ သည် သူတို့ ၏ တစ်ယောက်တည်း သော သားငယ် ကို အလွန်ပင် ချစ်ကြ လေသည် ။

တစ်နေ့သော အခါ ကျောင်းသားကလေး မောင်သာရောက် သည် ဘုန်းတော်ကြီး ၏ ဝေယျာဝစ္စများ ဆောင်ရွက် လုပ်ကိုင် ပြီး၍ အိမ် သို့ ပြန်လာသည် ။ ဤနေ့တွင် ကျောင်း၌ အလုပ် များ သဖြင့် သူ ပြန်လာသည်မှာ နေဝင် ပြီး၍ မိုးချုပ်စ အချိန်ပင် ဖြစ်၏ ။ ရွာ ထဲသို့ မရောက်မီ မန်ကျည်းပင်ကြီး အနား သို့ ရောက်လျှင် မန်ကျည်းပင် ပေါ် မှ မည်းမည်းမည်းမည်း နှင့် လူ တစ်ယောက် က သူ့ အား ဤသို့ လှမ်း၍ မေးတော့သည် ။

“ ဟေ့ ... သူငယ်ချင်း ၊ ဘယ်က ပြန်လာသလဲကွ ”

မောင်သာရောက် က မကြောက်ပေ ။ သို့သော် ဘာမှ ပြန် မပြောဘဲ သစ်ပင် ထက် ဆီ သို့ သာ မော့ကြည့် နေ သဖြင့် သစ်ပင် ထက် မှ လူမည်းမည်း က ထပ် မေးပြန်တော့၏ ။

“ ဟေ့ ... သူငယ်ချင်း ၊ ဘယ်က ပြန်သလဲကွ ”

“ ငါ ကျောင်း က ပြန် လာတာကွ ၊ မင်း က ဘာလုပ် မလို့လဲ ”

“ ဟေ့ ... သူငယ်ချင်းရေ ၊ မင်း နဲ့ ငါ နပမ်း ချရအောင်ကွာ ”

မောင်သာရောက် ကား မကြောက်ပေ သော်လည်း နပမ်း မချတတ်သဖြင့် တစ်စုံတစ်ရာမျှ ပြန် မပြောဘဲ သူ့ အိမ် သို့ သာ ပြန်ခဲ့လေတော့သည် ။

နောက် တစ်နေ့ တွင် လည်း မောင်သာရောက် မှာ ကျောင်း မှာ အလုပ် များ သဖြင့် မိုးချုပ် မှ ပြန်ခဲ့လေရာ ထို မန်ကျည်းပင်ကြီး နား ရောက်လျှင် အထက် ကနည်း အတိုင်း လူမည်းကြီး က မေးမြန်းခြင်း ခံရ ပြန်တော့သည် ။

နောက် တစ်နေ့ သို့ ရောက်သော အခါတွင် လည်း ဘုန်းတော်ကြီးကျောင်း ၌ အလုပ် များ နေပြန်ရာ မောင်သာရောက် က စောစော ပြန် နိုင်စေရန် အတွက် ဘုန်းတော်ကြီး အား အကျိုး အကြောင်း စုံလင်စွာ လျှောက်ထားလေ၏ ။ မောင်သာရောက် ထံမှ အကြောင်းစုံ သိရသော အခါ ဘုန်းတော်ကြီး က ဦးခေါင်း ကို ညိတ်ကာ ဤသို့ မိန်ကြား လေတော့သည် ။

“ ဪ ... နပမ်းတစ္ဆေ ဖိုးသာဖေ ပါလား ၊ ဟဲ့ ... သာရောက် နင် ကြောက်သလား ”

“ တပည့်တော် မကြောက်ပါ ၊ ဒါပေမယ့် တပည့်တော် မှာ နပမ်း မချတတ်သဖြင့် ၊ ဒီနေ့ စောစောပဲ ပြန်ပါရစေ ဘုရား ”

“ ဟဲ့ ... သာရောက် ရဲ့ ၊ မကြောက်တတ်ရင် ငါ ပြော သလို သာ လုပ် ၊ နင် နဲ့ တွေ့တဲ့ အကောင်ဟာ နင်တို့ မမွေးခင် ကတည်း က နပမ်းသတ်ဝါသနာ စွဲလမ်းပြီး သေသွားလို့ တစ္ဆေ ဖြစ်နေတဲ့ နပမ်းတစ္ဆေ ဖိုးသာဖေ ကွဲ့ ၊ သေလို့ တစ္ဆေ ဖြစ်နေတာ တောင် နပမ်း ချချင်သေးတဲ့ အကောင်ပဲ ၊ ရတနာသုံးပါး ကို မမေ့ရင် တစ္ဆေ ကို ကြောက်ဖို့ မလိုဘူးဟဲ့ ၊ ငါ ပြော သလိုသာ လုပ်ပေတော့ ၊ ဒါမှလည်း နပမ်းတစ္ဆေ ဖိုးသာဖေ က နောင်ကို မနှောင့်ယှက် မှာ ”

ထိုအခါတွင် မောင်သာရောက် ကလည်း မကြောက်တတ် သဖြင့် ဘုန်းတော်ကြီး ပြောသလို ပြုလုပ်ပါမည် ဟု ဝန်ခံလိုက်ပြီး အစစအရာရာ စီမံ၍ ဤနေ့ တွင် လည်း မိုးချုပ်ခါ နီးမှ ပြန်ခဲ့လေသည် ။

မောင်သာရောက် ပြန်လာ၍ မန်ကျည်းပင် နား ရောက်သော အခါ၌ နပမ်းတစ္ဆေ ဖိုး သာဖေ အား သစ်ပင် ပေါ်တွင် တွေ့ရ ပြန်ပေ၏ ။

“ ဟေ့ ... သူငယ်ချင်း ၊ ဘယ်က ပြန်လာသလဲကွဲ့ ”

“ ငါ ကျောင်း က ပြန်လာတယ် သူငယ်ချင်း ”

“ မင်း နဲ့ ငါ နဲ့ နပမ်း ချရအောင်ဟေ့ ”

“ အေး ... ချမယ်ကွာ ၊ မင်း ဆင်းလာခဲ့လေ ”

နပမ်းတစ္ဆေ ဖိုးသာဖေ သည် မန်ကျည်းပင် ပေါ် မှ ဆင်းလာသော အခါ သူ့ ထက် ကြီးမားသော ကိုယ်လုံးသဏ္ဌာန် ကို မောင်သာရောက် တွေ့မြင်ရ သဖြင့် မကြောက်မရွံ့ ဤသို့ ပြောပြန်လေ၏ ။

“ ဟေ့ ... သူငယ်ချင်း ၊ မင်း ကိုယ်ကြီး က ကြီးလှသကွာ ၊ ငါ နဲ့ ရွယ်တူ မှ နပမ်းချမယ်
ဟေ့ ”

“ မပူပါနဲ့ သူငယ်ချင်းရယ် ၊ မင်း နဲ့ ရွယ်တူအောင် လုပ်ပေးပါ့မယ် ”

ပြောပြောဆိုဆို နှင့် နပမ်းတစ္ဆေ ဖိုးသာဖေ သည် မောင်သာရောက် နှင့် ရွယ်တူ ဖြစ် သွား သောအခါ မောင်သာရောက် အား ဝင်၍ နပမ်းလုံးလေရာ ဘုန်းတော်ကြီး စီမံ ပေးလိုက် သော ချည်မန်းကျည်းကွင်း နှင့် စွပ် လိုက်သောအခါ နပမ်းတစ္ဆေ ဖိုးသာဖေ မှာ ဆိတ်သိုးကြီး ဖြစ်သွား ပြီးလျှင် “ ဘဲ ... အဲ ... အဲ ... ” “ အဲ ... အဲ ... အဲ ” နှင့် အော်မြည် လျက် ရှိတော့သည် ။

ကျောင်းသားလေး မောင်သာရောက် သည် ဆိတ်သိုးကြီး အား ခေါ်ဆောင် သွားပြီး သူတို့ ၏ အိမ် အောက်တွင် ချည် ထားလိုက်၏ ။

နောက်တစ်နေ့ သို့ ရောက်သော အခါ မောင်သာရောက် သည် ဆိတ်သိုးကြီး ကို ဆွဲ၍ ရွာ အတွင်း သို့ လှည့်လည်ကာ သူ ၏ သူငယ်ချင်းများ ရှိကြသော ဆိတ်သိုးကြီးများ နှင့် ငှက်ပျောဖီးများ အုန်းသီးများ ဖြင့် လောင်းကြေး တိုက်လေရာ မောင်သာရောက် ဆိတ်သိုးကြီး က သာ အမြဲ နိုင်လေသောကြောင့် သူ့ အိမ်တွင် ငှက်ပျောသီးများ ပြည့်သွားတော့သည် ။

တစ်နေ့လုံး ရွာရိုး တလျှောက် ရှိ သူငယ်ချင်းများ ၏ ဆိတ်များ နှင့် ဆိတ်ချင်း တိုက်ပြီး လျှင် သူ့ ဆိတ် ကို ချည်မန်ကျည်းကွင်း ဖြေကာ လွှတ် လိုက်တော့ရာ ချည်မန်ကျည်းကွင်း မှ လွှတ်လိုက်သည် နှင့် တစ်ပြိုင်နက် ဆိတ်သိုးကြီး သည် ချုံ ထဲသို့ ဝင်ရောက် ကွယ်ပျောက် သွားလေ၏ ။

နောက်နေ့ ညနေ မိုးချုပ်ခါ နီးမှ အိမ် သို့ ပြန် လာသောအခါ မန်ကျည်းပင် ခွကြား ၌ နပမ်းတစ္ဆေ ဖိုးသာဖေ အား တွေ့ရသဖြင့် မောင်သာရောက် က လှမ်း မေး၏ ။

“ ဟေ့ ... သူငယ်ချင်း ၊ ဆင်းခဲ့လေကွာ ၊ နပမ်း ချရအောင် ”

“ မချချင်တော့ဘူး သူငယ်ချင်း ရာ ၊ ငါ့ ထိပ်တွေ ကျိန်းလှပြီကွာ ”

နပမ်းတစ္ဆေ ဖိုးသာဖေ ကား ပြောပြောဆိုဆို နှင့် မန်ကျည်းပင် ထိပ် သို့ တက်ရောက် ကွယ်ပျောက် သွားတော့သည် ။

ထိုအကြောင်း ကို ရွာသားတို့ သိကြသော အခါ မောင်သာရောက် အား ချီးကျူးကြပြီး လျှင် “ တစ္ဆေမကြောက် မောင်သာရောက် ” ဟု ခေါ်ကြတော့၏ ။ နပမ်းတစ္ဆေ ဖိုးသာဖေ မှာ လည်း ထိုနေ့ မှ စ၍ ပေါ် မလာတော့ချေ ။

▢ ဖျာပုံ - မောင်စိုး

📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၆၄ ၊ ဇန်နဝါရီ

No comments:

Post a Comment