❝ ကိုးဆယ့်ခွန် ❞
( ညိုထွန်းလူ )
( ၁ )
နေက ထန်းတစ်ပင်ဖျား သို့ ရောက်လာလု နီးပြီ ။ မကြာခင် မှာ ရုပ်စုံ ကျောင်း ဆီ က ဆွမ်းစား တုံးမောင်း ခေါက်သံ လည်း ကြားရတော့မည် ။ အမေနု သည် စွန်တာနီ ပဲပြုတ်အိုး ကို ကြည့်ရင်း အလိုလို စိတ်တိုလာခဲ့သည် ။ ထင်းမီး မကောင်းတော့ ပဲပြုတ်အိုး က တော်တော်နှင့် မနပ်နိုင် ၊ ပဲပြုတ်အိုး ပြီးလျှင် ဆူးပုပ်ရွက် ဟင်းချို တည်ရပေဦးမည် ။ ပြီးတော့ ငါးပိကောင် လည်း ချက်လိုက်ချင် သေးသည် ။ သန်းမြ တို့ ညီအစ်မ ၂ ယောက် ဈေးရောင်း ပြန်ချိန် အမှီ ဟင်းတွေ ကျက်ပါ့မလား မသိ ။ တွေး ရင်း နဲ့ အမေနု စိတ်ပူရ ပြန်၏ ။
ပဲပြုတ်အိုး အဖုံး ကို ကြည့်ရင်း အမေနု သက်ပြင်း ချမိသည် ။ မှုန်သီနေသည့် မျက်လုံးအိမ် မှာ ရွာ ကို အမောတကော ပြန်လာကြမည့် သမီး နှစ်ယောက် ကို မြင်ယောင် သွားခဲ့သည် ။ သူတို့ ခမျာများ ပင်ပန်းလှသည် ။ မနက် ဝေလီဝေလင်း ကတည်းက အနီးအနား ပတ်ဝန်းကျင်ရှိ ရွာတွေ ဆီ သို့ ဈေးရောင်း ထွက်သွား ရသည် ။ နေမွန်းတည့်ခါ နီးမှ ရွာသို့ ပြန်လာ နိုင်သည် ။ တစ်မနက်ခင်းလုံး ခြေ တောင့်အောင် သွားခဲ့ရတာမို့ သူတို့ ဆာကြပြီပေါ့ ။ အိမ် ရောက်တာနဲ့ အမော မဖြေနိုင် ၊ ဈေးတောင်း ကို ချပြီး မီးဖိုချောင် သို့ ရောက်လာကာ ရှိသည့် ထမင်း နှင့် ဟင်း ကို ခူးခပ် လူးနယ် ပြီး စားကြ တော့သည် ။ စားနိုင်သည့် အရွယ်တွေ မို့လည်း ထမင်းတစ်အိုး ဆို ပြိုက်ခနဲ ကုန်သွားသည် ။ အငယ်မ လှရင် က အစားအသောက် ပို၍ လောဘကြီးသည် ။ စားနိုင်သလောက် လူကောင် က အထွား မြန်သည် ။ သန်စွမ်းသည် ။ အချိန် ၃၀ လောက် ရှိမည့် ခံတောင်း တစ်တောင်းကို ရွက်ပြီး လေးငါးမိုင်ခရီး ကို ဟန်မပျက် သွားနိုင် ၊ လာနိုင်သည် ။ ဒါပေမယ့် အငယ်မ က လူကောင် ကြီးသလောက် ကလေးစိတ် မကုန်ချင်သေးပေ ။ အချိန် အားလျှင် အမေ့ ရင်ခွင်ထဲ နေချင်သေး၏ ။ အမေ့ ကို ပွတ်သီးပွတ်သပ် လုပ်တတ်သေး၏ ။ စိတ်မထင်လို့ အမေ က ဆူငေါက်မိ လျှင်လည်း ဟီးချပြီး ငိုလေ့ရှိသည် ။ အမေနု ခမျာ မရူးမကောင်း သမီး ငယ် ကို ကြည့်ရင်း တစ်ခါတစ်ရံ သူ့ အတွက် စိတ်လေး သွားခဲ့မိသည် ။ မိဘတိုင်း မိဘတိုင်း ကိုယ့် သားသမီး အတွက် စိတ်လေး သွားခဲ့မိသည် ။ မိဘတိုင်း မိဘတိုင်း ကိုယ့် သားသမီး အတွက် ပူပန်ကြရသည်ပဲ မဟုတ်ပါလား ။ သည် အပူတွေကြောင့်လည်း အသက်အရွယ် ကြီးရင့်ပြီး ရောဂါ စုံ နေသော်လည်း အမေနု သေနိုင်မည် မဟုတ် ။ သေခဲ့ရင် တောင် အသေ ဖြောင့် မှာ မဟုတ် ။
ဘာပဲဖြစ်ဖြစ် သည် သမီး နှစ်ယောက်ပဲ ရှိခဲ့သည် ။ သူတို့ ကို အားထား နေရသည် ။ အရင်တုန်း ကတော့ ရွာ အနီး တစ်ဝိုက်မှာ အမေနု ကိုယ်တိုင် ဈေးရောင်း ထွက်ခဲ့သည် ။ ခင်ပွန်းလင် ကိုသာမောင် ဆုံးပြီး ကတည်းက ဈေးတောင်း ရွက်ခဲ့တာ နှစ်ပေါင်း ဆယ်ချီ ရှိနေပြီး ယခုမှသာ အသက်အရွယ် ကလည်း ထောက်လာသဖြင့် ထို အမွေ ကို သမီး နှစ်ယောက် ကို လက်ဆင့်ကမ်း ခဲ့ရသည် ။ ရွာမှာ နေ ၊ ရွာဓလေ့ ဝန်းကျင် မှာ အထိုက်အသင့် တစ်ဝမ်းတစ်ခါး လှခဲ့ပါသည် ။ တကယ်တော့ ဈေးသည် ဆိုတာ ဘယ်မှာ နေနေ ချိန်ခွင် နဲ့ အလေး သာ ရှိခဲ့လျှင် ထမင်း တစ်လုတ် တော့ ရှာစားနိုင်သည်ပဲ ။
အရောင်းအဝယ် မှာတော့ သန်းမြ က အမေ့ ထက်ပင် စွမ်းသည် ။ လာဘ် မြင်သည် ။ အမေနု တုန်းကတော့ တစ်ပတ် မှာ ၂ ခါလောက် မြို့ကို တက်ပြီး ကုန်စိမ်း သွား ဝယ်ရသည် ။ ပြီးမှ ရွာစဉ် အနှံ့ လှည့်လည် ရောင်းချ ရသည် ။ ယခုတော့ သန်းမြ က ကုန်စိမ်း တင် မဟုတ်တော့ ၊ ဈေး ချိုပြီး အရောင်းသွက်နိုင်သည့် တရုတ်ပိတ်စလေးတွေ လို အထည်တွေ ကိုပါ ယူပြီး ရောင်းသည် ။ အမေနု ခမျာ သမီး ဖြစ်သူက တွက်ပြသည့် အမြတ်ငွေ စာရင်း ကို ကြည့်ရင်း အင်မတန် အံ့သြသွားသည် ။ သူ ဈေး ရောင်းခဲ့သည့် အချိန်က အဲသလောက် အထိ အမြတ် ငွေမျိုး မရခဲ့တာ အမှန်ပင် ။ နို့ပေမယ့် ဘယ်လို ဖြစ်သည် မပြောတတ် ။ အမြတ်ငွေ လည်း အရင်က ထက် များတာ မှန်ပေမယ့် စီးပွားရေးက အရင်က ထက် တိုးတက် ကြီးပွားလာတာ မဟုတ် ။ အရင်က လိုပဲ နေ့စဉ် ဈေးရောင်း ထွက်ရစမြဲ ၊ စားရသောက်ရတာ ကလည်း အရင်က ထက် ထူးမခြားနား စမြဲ ၊ ကုန်ဈေးနှုန်း က အမေတို့ တုန်းက လို မှ မဟုတ်ဘဲ အမေ ရဲ့ လို့ အဖြေ ရှာမ ရသည့် အမေ့ ကို သမီး က ရှင်းပြသည် ။ အဲဒီလို ကျတော့လည်း ဟုတ် တုတ်တုတ်ပါပဲလား ။ သန်းမြ ပြောတာ ဖြစ်နိုင်သည် ။ သူတို့ ခေတ် တုန်း ကတော့ ဈေး ကလည်း သက်သာသည် ။ ပစ္စည်းပစ္စယတွေ ကလည်း ပေါ သည် ။ ခရမ်းချဉ်သီး ၊ ပင်စိမ်း တို့လို အသီးအနှံ ဆိုတာ ဘယ်မှာ တောင်း တောင်း အလကား ရသည် ။ စားချင်သည့် အချိန်မှာ ရွာပြင် ထွက်ပြီး ဘယ် အခင်းမှာ ပဲ ခူးခူး အခင်းရှင် က မငြူစူ ၊ မယူမှာပင် စိုးရိမ်သည် ။ ယခုတော့ အဲသလို မဟုတ်တော့ ဘယ်အရာ မှ အလကား မရတော့ ၊ ခရမ်းချဉ်သီး တစ်ပိဿာ ဆိုလျှင် ၇ ကျပ် တဲ့ ။ တစ်ကျပ်ဖိုး ဆိုလျှင် ငရုတ်သီး ၂ တောင့် လောက်ပဲ ရနိုင်သည် ။ ကဲ ... ဘယ့်နှယ့်လုပ်ကြမ တုန်း တော်ရေ ၊ တစ်ဘက်က ပိုက်ဆံအ များကြီး ရတယ်လို့သာ ပြောရ တာ ကုန်စရာ ရှိတော့လည်း ဟောခနဲ ကုန်သွားတာ မဟုတ်ပါလား ။ များများကုန်မှ ကောင်းကောင်း စားရတော့တာကိုး ။ အမေနု သည် သန်းမြ ရှင်းပြတာတွေ ကို နားထောင်ရင်း ဦးနှောက် ခြောက်သွားသည် ။ ရောက်တတ်ရာရာ ကို စဉ်းစား နေစဉ်မှာပင် အိမ်ရှေ့ ဆီ မှ လူရိပ် လိုလို တွေ့မြင်လိုက်ရသည် ။
“ဟဲ့ ဘယ်သူတုံး ၊ သန်းမြ တို့ ပြန်လာကြပြီလား ”
အမေနု က မီးဖိုချောင် ထဲမှ နေ၍ လှမ်းအော် မေး လိုက်သည် ။ သန်းမြ တို့ ဟုတ်ဟုတ် မဟုတ်ဟုတ် သည်လိုပဲ အိမ် မှာ လူရှိတဲ့ အကြောင်း အသံပြုကာ အသံ ပေးနိုင်မှ ဖြစ်သည် ။ လူတွေ က ကိုယ်က လွဲရင် ဘယ်သူ့ဘယ်သူ ကိုမှ မယုံနိုင်ရဲပြီ ။ သူတို့တုန်း ကတော့ ဈေးရောင်း သွားလျှင် အိမ်တံခါး ဖွင့်ထားခဲ့လည်း အရေးကိစ္စ မဟုတ် ၊ နဘေးနဘီက ဝိုင်းဝန်း စောင့်ရှောက်ကြသည် ။ သူခိုးသူဝှက် ဆိုတာ ကလည်း မကြားခဲ့စဖူး ။ အခုတော့ ဘယ် ဟုတ်တော့မလဲ ဘယ်ရွာက ဘယ်သူ့ ရဲ့ နွား ပါသွားလို့ ည တုန်းက မီးဖိုချောင် ထဲက ဒန်အိုးဒန်ခွက်တွေ အခိုးခံရတယ် စသဖြင့် အသံတွေ အသံတွေ ခဏခဏ ကြားရ တတ်သည် ။ ညည အိပ်ရတာကို ပင် စိတ်ဖြောင့်ဖြောင့် မအိပ်နိုင် တစ်ရေးနိုးလျှင် အဟွန်း အဟဲ့ ချောင်း သံ ပေးရသည် ။ ခွေးဟောင်သံ ကြား လျှင် လည်း ခေါင်းထောင် ကြည့် ဖြစ်သည် ။ အဲဒါကိုပင် တောင်ဘက် အိမ် က စိန်မိုး ရဲ့ ကြက်နှစ်ကောင် ပါသွားသည် ဆိုလား ကြားရပြန်သည် ။ လူတွေ က လည်း ငရဲတောင် မကြောက်တော့ဘူး ထင်ပါရဲ့ ဟု တွေးရင်း မီးဖို ပေါ်က ပဲပြုတ်အိုး ကို ကြည့်လိုက်မိသည် ။ ပဲပြုတ်အိုး ကတော့ တော်တော်နှင့် မပွက်နိုင်သေး ။
ရွက်ထားသည့် ခံတောင်း ကို အောက်သို့ ချလိုက် ပြီးနောက် ခုတင် တိုင်ကို ကျောမှီကာ ခြေပစ်လက်ပစ် နဲ့ သန်းမြ ထိုင်ချလိုက်ပါသည် ။ အိမ် ကို ဒုတ်ဒုတ်ထိ ရောက်လာတော့မှပဲ တင်းထားသည့် စိတ် ကို လျှော့ချလိုက်သည် ။ ရောက်သည့် နေရာမှာပဲ ပစ်လှဲပြီး အိပ်ချင်စိတ်တွေ က လွန်ကဲနေသည် ။ ခါတိုင်းလို “ အမေရေ ထမင်း ကျက်ပြီလား ဆာလှ ပြီတော့ ” လို့ အသံစာစာနဲ့ အော် မမေးနိုင် ။ လူ တစ်ကိုယ်လုံး ကိုင်ရိုက် ထားသလို နာကျင်လျက် ရှိသည် ။ လှရင် က သူ့ မျက်နှာလေး ကို တဘက်လေးဖြင့် သုတ်ပေးရင်း “ အစ်မ အမောပြေ ရေသောက်လိုက်ပါလား ” လို့ မေးသည် ။ လှရင် ရဲ့အမေး ကို နှုတ်မှ မဖြေနိုင် ၊ အသာအယာ ခေါင်းခါ ပြလိုက်ရသည် ။ တစ်ကိုယ်လုံး ပူကျက် နေပြီး ခေါင်း ကလည်း အရမ်း ကို ကိုက်သည် ။ ရင်ထဲ မှာလည်း မီးကျီးခဲကြီး မျိုထား သလို ပူလောင်လျက်ရှိ သည် ။
ဇရစ်ရွာ က ဈေးရောင်းပြီး ပြန်လာတော့ အရင်ကလို သွက်သွက် လက်လက် မရှိမှန်း သတိထားမိသည် ။ ခေါင်းထဲ မှာ အုံခဲ နေပြီး မျက်လုံး တွေ ကလည်း ကျိန်းစပ် နေခဲ့သည် ။ အစတော့ နေရှိန် ပြင်းလို့ ထင်ပါရဲ့ လို့ အောက်မေ့ ခဲ့သည် ။ ဒါပေမယ့် နောက်တစ်ရွာ ရောက်တော့ သန်းမြ မဟန်နိုင်တော့ ။ နေပူ ထဲမှာ သွားနေရင်းနဲ့ တစ်ကိုယ်လုံး စိမ့်ချမ်း လာခဲ့ သည် ။ သို့ဖြင့် ရှေ့ရွာ ကိုပင် ဆက် မကူးနိုင်တော့ဘဲ ရွာ ဆီသို့ အမြန် ပြန်လာခဲ့ ရလေသည် ။
“ ညည်း ဥစ္စာ တုပ်ကွေးများလားအေ ”
အမေနု က သန်းမြ ကို မေးရင်း အဖြေ ကို မစောင့်တော့ဘဲ လှရင်ကို ဘကြီးသိန်း တို့ အိမ်သို့ ကွမ်းရွက် တောင်းခိုင်း လိုက်သည် ။ အိမ် မှာတော့ ဇာတိဝင်္ကဆေး လက်ကျန် အနည်းငယ် ရှိသည် ။ သည် ဆေး နှင့် ချင်း ၊ ထန်းလျက် ၊ ကွမ်းရွက်ပြုတ်ရည် ကို ရောသောက်ပါက တုပ်ကွေးအဖျား ဆိုလျှင် အဟုတ် မနှေးဘဲ ပျောက်သွား နိုင်ပေသည် ။
တုပ်ကွေး ဆိုတော့ သန်းမြ လန့်သွားသည် ။ ရောဂါ ကို ကြောက်လို့တော့ မဟုတ် ကြောက်စရာလည်း မလို ဒီလို ရောဂါလောက်တော့ မြန်မာဆေး ၂ ခွက် လောက် သောက် လိုက်တာနဲ့ ပျောက်သွား မှာ သေချာသည် ။ ဒါပေမယ့် တုပ်ကွေး ထွက်သွားလျှင် လူက မလှုပ်ချင်အောင် နုံးချည့်ပြီး ကျန်ရစ် သွားတတ်သည် ။ အားပြည့်ပြီး ထူထူထောင်ထောင် ဖြစ်အောင် သုံးလေးရက် လောက် အနားယူရသည် ။ ဖျားတာ က ၂ ရက် နားမှာ က ၃ ရက် ဆိုလျှင် စုစုပေါင်း ၅ ရက် အင်း အဲဒီလောက် ရက်ကြာ အချိန်ကုန် လို့ မဖြစ်ပေ ။ တစ်ရက် ဆို တစ်ရက် ကြာတာနှင့်အမျှ ဈေးရောင်းရတာ ထိခိုက်သည် ။ မြေနက် က မတင်မိ ဆီမှာ ငါးပိကောင်ဖိုး အကြွေး ၃ ကျပ် ရစရာ ရှိသေးသည် ။ မနက်ဖြန် ပေးမယ် လို့ ပြောသည် ။ ငွေတွင်းရွာ က အုန်းကြွယ် တို့ ကလည်း တရုတ်ပိတ်စဖိုး ၁၆ ကျပ် ကျန်သေးသည် ။ ပြီးတော့ ကျောက်ပျောက် နဲ့ သက်ကယ်ကွင်းရွာ မှာ လည်း အကြွေး ရစရာ တွေရှိသည် ။ ရွာစဉ် အနှံ့ သွားပြီး အကြွေးတွေ တောင်းလိုက်လျှင် ၆ဝိ/- လောက်တော့ ကျော်မည် ။ ရစရာတွေ ကို တွေးမိ ပြန်တော့ အဖျားရောဂါသည် ခန္ဓာကိုယ် မှ လွင့်ထွက် သွားသည် လို့ ထင်ရသည် ။ ဒီ ငွေတွေ ကို သူ ကိုယ်တိုင် တောင်းမှ ဖြစ်မည် ။ လှရင် က လည်း ငယ်သေး၏ ။ သူ့ ကို တစ်ယောက် ထဲ မလွှတ်ရဲ ၊ ကိုယ့်ရွာ ၊ ကိုယ့်ဝန်းကျင် မှန်ပေမယ့် မိန်းကလေး မို့ အဖော်မပါဘဲ သွားသွားလာလာ မလုပ်ခိုင်းတာပဲ ကောင်းသည် ။ ဖလန်ထည် အင်္ကျီကလေး ကို ဝတ်လိုက်ရင်း တစ်ရေးလောက် အိပ်လိုက် ရင် နေကောင်းသွားမှာပါ ဟု ဖြေသိမ့်လိုက်သည် ။ သို့ပေမယ့် အမေ က ကွမ်းရွက်ပြုတ်ရည် ယူလာတော့ သန်းမြ ခမျာ ခေါင်းပင် မထောင်နိုင်တော့ချေ ။
( ၂ )
“ ငါ့ ကို စောစောက ဘာလို့ မပြောတာလဲ သန်းမြ ရယ် ”
ကျင်ဆောင် က ချောင်ကျ သွားသည့် သန်းမြ ရဲ့ မျက်နှာ ကို ကရုဏာ သက်စွာ ကြည့်ရင်း မေးလိုက်သည် ။ ထို့နောက် စောင် ကို လှပ်ကာ သန်းမြ ရဲ့ လက်ကောက်ဝတ် ကို ပိုင်ပိုင်နိုင်နိုင်ကြီး ဆုပ်ကိုင် လိုက်လေသည် ။
“အင်း အဖျားသွေး ရှိသေးတယ် ”
ဘယ်ဘက် လက်က လက်ပတ်နာရီ ကို ကြည့်ရင်း ကျင်ဆောင် က မှတ်ချက် ချလိုက်သည် ။ သန်းမြ က မည်သို့မျှ ပြန် မပြောနိုင်ဘဲ ကျင်ဆောင် ကို ငေးကြည့်နေမိသည် ။ နေမကောင်းတာ မှန်ပေမယ့် ကျင်ဆောင် က သူ့ လက် ကို ဆုပ်ကိုင်လိုက်တော့ ရှက်နေ မိသည် ။ ကျင်ဆောင် ရဲ့ လက်ဖဝါးတွေ က နူးညံ့၍ ပူနွေးလျက် ရှိနေတာ ကို သတိထားမိသည် ။
“ အမေရေ ရေနွေး နည်းနည်းလောက် ရမလား ”
ကျင်ဆောင် က မီးဖိုချောင် ဆီသို့ လှမ်းအော် မေးလိုက်ရင်း အနား မှာ အဆင်သင့် ချထားသည့် ဆေးအိတ် ကို ဖွင့် လိုက်သည် ။ လှရင် က သူတို့ ကို လာပြီး မကူညီနိုင် ။ အိမ်ရှေ့ က ရပ်ထားသည့် ကျင်ဆောင် ရဲ့ ရွှေရောင် ဆူပါကပ် ဆိုင်ကယ် အနားသို့ ဝိုင်းအုံကြည့်နေသည့် ကလေးတွေ ကို မကိုင်မတွယ် မထိမတို့ ရအောင် ဆူပူမာန်မဲရင်း နဲ့ အလုပ် များလျက်ရှိ သည် ။ ရွာ က ကလေးတွေ ကလည်း အတော် ကမြင်းသည် ။ မတော် ကလေးတွေ ကြောင့် ဆိုင်ကယ် တစ်ခုခု ဖြစ်သွားလျှင် ဘယ့်နှယ့် လုပ်ပါ့မ လဲ ။ ဖြစ်သွားရင် အားနာစရာ ကောင်းသည် ။ သူတို့ မှာ လည်း အလျော် ပေးစရာ ရှိတာ မဟုတ် ။
ကျင်ဆောင် က ဆေးအိတ် ထဲမှ ပလတ်စတစ် အိတ်တွေ ကို ထုတ်ယူ ကာ ခုတင်ကြမ်း ပေါ်သို့ ချလိုက်သည် ။ ပလတ်စတစ်အိတ် နှင့် ထုတ်ထား သည့် ဆေးတွေ က အမယ်စုံလှသည် ။ တချို့က အနီ နှင့် အဝါကြား ၊ တချို့ ကတော့ အစိမ်း နှင့် အဖြူ တချို့က သပြေသီးရောင် ပြီးတော့ အဝါ ရောင် ၊ အပြာနုရောင် ဆေးပြားတွေ လည်း ပါလိုက်သေးသည် ။ လှပ၍ ချစ်စဖွယ် ၊ စားချင်စဖွယ် ကောင်းသည် ။ ဆေးတွေ ကို ငေးကြည့်ရင်း သန်းမြ ခမျာ ကိုယ့် ရောဂါ ကိုပင် မေ့သွားခဲ့သည် ။
“ ဘာမှ မပူနဲ့ ဆေး ၂ လုံးလောက် ထိုး ပြီးရင် တစ်ရက် နှစ်ရက် ဆို နင့် ရောဂါ ပျောက်သွားမယ် သိလား သန်းမြ ”
အမေနု လာပို့ထားသည့် ရေနွေးဇလုံ ထဲသို့ ဆေးထိုးအပ် နဲ့ ဆေးထိုးပိုက် ကို နှစ်လိုက်ရင်း ကျင်ဆောင် က ပြုံးပြုံးကြီး ပြောလိုက်သည် ။ ကိုယ့် ချစ်သူကို ကိုယ်တိုင် ဆေးကုရမှာ မို့လည်း ကျင်ဆောင် ရဲ့ ရင်ထဲမှာ ပျော်နေသည် ။ သန်းမြ ရဲ့ ရောဂါသည် တုပ်ကွေး လို့ သူ ထင်သည် ။ သည်လိုပဲ အခုလို အချိန်မှာ တုပ်ကွေးတွေ ဖြစ်ကြတာပဲ မဟုတ်လား ။ တုပ်ကွေး ဆိုလျှင်တော့ တရုတ်အနာဂျင် ထိုးပေးမည် ။ ပြီးတော့ သောက်ဆေး အနေ နဲ့ တရုတ်ပါရာစီတမော့ ပွိုင့်ဖိုက်ဆေးပြား နဲ့ ဘင်္ဂလားဒက် ( ရှ် ) က လာသည့် နိုဗယ်ဂျင် ဆေးပြား ပေးမည် ။ ထို့နောက် လူနာ ကို စောင်ခြုံ အိပ်ခိုင်းလိုက် လျှင် ၂ နာရီလောက် အကြာမှာ ချွေးတွေ တအားလွန် ထွက်ပြီး လူနာ အဖျား ကျသွားမှာ သေချာပေါက် ဧက ဧကန်ပါပဲ ။
နက်ဖြန်တော့ တစ်ခေါက် လာပြီး လိုအပ်လျှင် ပင်နယ်စလင် တစ်လုံး ထိုးပေးရဦးမည် ။ ပင်နယ်စလင် သည် ရောဂါပေါင်းစုံ ပျောက်သည် ဟု ကျင်ဆောင် ရဲ့ ဆရာ့ ဆရာကြီးတွေ က အဆို ရှိခဲ့သည် ။ ဟုတ်ပေမည် ။ ဘာ ရောဂါ ဖြစ်ဖြစ် ပင်နယ်စလင် ကို အရင် ထိုးထည့်လေ့ ရှိသည် ။ ပုံမတော် ရှော့ ဖြစ်သွားရင်ကော အဲဒါအတွက် သိပ် စိတ်ပူစရာ မရှိပါ ။ ဘာမီတုံ နှင့် ကာဒါမိုက် ဆေး ကို အဆင်သင့် ဆောင် ထားသည် ။ ထို ဆေး နှစ်မျိုးသည် ဖြေဆေးများပင် ဖြစ်သည် ။ ဆေးကုသရာ တွင် အနာ လည်း သိ ၊ ဆေး လည်း ရှိမှ ဖြစ်မည် ။ သို့သော်လည်း ကျင်ဆောင် အတွက် တော့ ထို ဥပဒေ သည် အကျုံး မဝင် ။ အနာ မသိလည်း ဆေး ရှိရမည် ။ နိုင်ငံခြားဆေးများ သည် ၉၆ ပါး ရောဂါ ကို အကုန်လုံး မဟုတ်တောင် သုံးပုံနှစ်ပုံ လောက်တော့ ပျောက်နိုင်သည် ။ ထို့ကြောင့် လူနာ ကို တွေ့ ရလျှင် နည်းနည်းပါးပါး မေးမြန်းပြီး ကောင်းနိုးရာရာ ကို ရွေးပြီး ထိုး ပေးလိုက်သည် ။ သောက်ဆေး ကိုလည်း အများကြီး ပေးလိုက်သည် ။ ဒါ မှလည်း ဆေးဖိုး ပိုက်ဆံ တောင်းရတာ ကောင်းသည် ။ ဤသို့ဖြင့် ကျင်ဆောင် သိသမျှ ကု၏ ။ ဖိတ်စင်တာ လည်း ရှိ၏ ။ ပြန်ကောင်းသွားတာ လည်း ရှိ၏ ။ ဖိတ်စင်သွား လည်း မည်သူက မျှ ကျင်ဆောင် ကို အပြစ် မဆို ကုသိုလ်ကံ အကြောင်းတရား ပေါ့ ဟု ဖြေသိမ့်ကြတာများသည် ။
သန်းမြ သည် ကျင်ဆောင် ကို ငေးကြည့်ရင်း အလိုလို အထင်ကြီး သွားသည် ။ လုပ်တာ ကိုင်တာက တကယ့် ဆရာဝန်ကြီး အလား ထင်မှတ်ရသည် ။ တလောက ရွာထိပ် က မအေးကျင် နေ မကောင်းလို့ ဆေးထိုးပေး သည့် ကျန်းမာရေးမှူး တောင် ကျင်ဆောင် လောက် သိပ် တတ်ပုံမရ ။ ပြီးတော့ ကျင်ဆောင် ဆီ မှာ သောက်ဆေးတွေ က အများကြီး ရှိသည် ။ ဒါ့ကြောင့်လည်း အနားတစ်ဝိုက် မှာ ဆရာလေးကျင်ဆောင် ဆရာလေးကျင်ဆောင် နဲ့ ဂုဏ်သတင်း မွှေး ကာ ကျော်ကြား နေတာကိုး ။
တကယ်တော့ ကျင်ဆောင် သည် သူ နဲ့ ငယ်ငယ် ကတည်း က ကျောင်းနေဖက် ဖြစ်ခဲ့သည် ။ တစ်ဦး နဲ့ တစ်ဦး နင် ငါ နဲ့ ပြောခဲ့ကြသည် ။ ၄ တန်း အောင်တော့ သန်းမြ က ကျောင်းထွက် လိုက်ရပြီး ကျင်ဆောင် က မြို့ကျောင်း သို့ ပြောင်း သွားသည် ။ မြို့ကျောင်း မှာ ၇ တန်း ကို အခါခါ ကျ ပြီးမှ ရွာ သို့ ကျင်ဆောင် ပြန်ရောက်လာခဲ့သည် ။ ရွာ မှာ ဆိုလျှင် ကျင်ဆောင် မိဘတွေ က ထိပ်တန်း အနွယ်ဝင်တွေ ထဲ က ဖြစ်သည် ။ ယာ ဧက များစွာ ပိုင်သည် ။ ကျောင်းပညာ မတတ် လို့လည်း ကျင်ဆောင် အတွက် မပူရ ။ တစ်ဦးတည်း သားမို့ ဖူးဖူးမှုတ် ထားသည် ။ စာမေးပွဲ ကျပြီး ရွာ မှာ တစ်နှစ်လောက် လပ်လျားလပ်လျား နေပြီး ကျင်ဆောင် ပျောက်သွား ပြန်သည် ။ မြို့က ပွဲရုံ မှာ ကုန်အရောင်းအဝယ် သွား သင်တယ် ဆိုလား သိုးသိုးသန့်သန့် ကြားရ ပြန်သည် ။ ယခု ပြန်လာတော့ မှ မြို့ကို တက်ပြီး ဆေးပညာ သွား သင်တယ်လို့ သိရသည် ။ တစ်ရွာတည်းသား ပေမယ့် ကျင်ဆောင် က အရင်က ကျင်ဆောင် မဟုတ်တော့ ။ ဒေါက်တာကျင်ဆောင် သို့မဟုတ် ဆရာလေးကိုကျင်ဆောင် ။
ကျင်ဆောင် က သူ့ကို စိတ်ဝင်စား နေမှန်း သန်းမြ သိပါသည် ။ ရင် လည်း ခုန်မိပါသည် ။ မိန်းကလေး မို့ ဟန်မပျက် နေရ သော်လည်း ညွှတ် ချင် သလို ဖြစ်မိပါသည် ။ ကျင်ဆောင် နဲ့ ဖူးစာ ဆုံခဲ့လျှင် စီးပွားရေး အတွက်လည်း ပူစရာ မလိုတော့ ၊ ပြီးတော့ ဆရာကတော် လို့လည်း အခေါ် ခံရဦးမည် ။ ဒါပေမယ့် အနေအထားတွေ ကို နှိုင်းယှဉ် မိပြန်တော့ စောစောက သန်းမြ ရဲ့ စိတ်ကူးလေးတွေ သန်းမြ ရင် ထဲ က ကြက် ပျောက် ၊ ငှက်ပျောက် ဖြစ်သွားရ လေသည် ။ ထို့ကြောင့် ကျင်ဆောင် နှင့် မဆုံမိအောင် သန်းမြ ရှောင်ခဲ့သည် ။ ကျင်ဆောင် ကလည်း သန်းမြ ကို ချဉ်းကပ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားသည် ။ သူ့ ညီမ လှရင် ရဲ့ ပါးစပ် ကို ကြောက်လို့သာ ကျင်ဆောင် လက်ရဲဇက်ရဲ မလုပ်ရဲ ။ ယခုတော့ ကျင်ဆောင် နှင့် ဆုံဖြစ်အောင် ဆုံခဲ့လေပြီ ။
“ ကဲ .... ဆေး ထိုးရအောင်နော် ”
ပုလင်းထဲ က ဆေးရည်ကို ပိုက်ဖြင့် စုပ်ယူလိုက်ပြီး ကျင်ဆောင် က ပြောလိုက်သည် ။ သန်းမြ အရမ်း ရှက် သွားသည် ။ ဘယ်နှယ့်တော် ယောက်ျား တစ်ယောက် ရှေ့မှာ တင်ပါး လှန် ပြရမယ် ဆိုတာ ဖြစ်ကို မဖြစ်နိုင် ၊ ရှက်ကိုးရှက်ကန်း နဲ့ ကျင်ဆောင် ရဲ့ မျက်နှာ ကို ကွက်ခနဲ ကြည့်လိုက်သည် ။ ကျင်ဆောင် ရဲ့ မျက်နှာ က ပကတိ နူးညံ့ တည်ငြိမ်လျက် ရှိသည် ။
မကြာခင်မှာ နေကောင်း သွားမှာ ဖြစ်တဲ့ အကြောင်း ယခု ပေးလိုက်သည့် သောက်ဆေးတွေ ကို လည်း မှန်မှန် သောက်စေလိုကြောင်း နှင့် နက်ဖြန် လည်း ဆေး လာ ထိုးပေးမည့် အကြောင်း စသဖြင့် လေသံအေးအေး နဲ့ ရှင်းပြနေသည့် ကျင်ဆောင် အား သန်းမြ မကြည့်ရဲအောင် ဖြစ်နေသည် ။ တစ်ကိုယ်လုံး ပူထူ နေပြီး ရှက်လိုက်တာလည်း လွန်ပါရော ၊ ကျင်ဆောင် ကတော့ သူ့ အဖြစ်က မသိကျိုးကျွံဟန် ပြုရင်း ငါးသုံးလုံး စီးကရက် ကို မီးညှိ ရှိုက်ဖွာလိုက်သည် ။
“ မောင်ကျင်ဆောင် ရေ ဆေးဖိုး ဘယ်လောက် ကန်တော့ရမှာတုံးကွယ် ”
အမေ ရဲ့ စကား မဆုံးသေးခင် မှာပင် ကျင်ဆောင် က ကပျာကယာ လက်ကာ ပြလိုက်သည် ။ ဘယ်ဘက် လက်သူကြွယ် မှာ ဝတ်ထားသည့် ရွှေလက်စွပ် တစ်ကွင်း က လက်အမြောက် တွင် ဝင်းခနဲ လက်သွားသည် ။
“ မဟုတ်တာ အမေနု ရယ် ၊ ဆေးဖိုး ပေးစရာ မလိုပါဘူး ။ ကျွန်တော် က ဒါန ပြုတဲ့ သဘောပါ ။ သန်းမြ နဲ့ ကျွန်တော် က လည်း အဲ ”
ကျင်ဆောင် က ပြောရင်းနဲ့ သူ့ ပါးစပ် ကို အချိန်မီ အရှိန်သတ်လိုက် သည် ။ ခဏကြာတော့ ကျင်ဆောင် ပြန်သွားသည် ။ သန်းမြ ရေ ငါ ပြန် တော့မယ်ဟေ့ လို့ နှုတ်ဆက်နေတဲ့ ကျင်ဆောင် ကို ဟုတ်ကဲ့ လို့ ပြော လိုက်မိသလား အင်းလို့ ပြောလိုက်မိသလား ဆိုတာ ဘာ ပြောလိုက်မိမှန်း မသိတော့ ၊ တဖြည်းဖြည်း ဝေး၍ သွားသည့် ဆိုင်ကယ်စက်သံလေး ကို နားထောင်ရင်း သန်းမြ ရင်အခုန် မပျောက်ချင်သေးပေ ။ ကျင်ဆောင့် ဆေး က စွမ်းလေသလား ၊ ဒါမှမဟုတ် ရှက်စိတ် မွှန်ပြီး စိတ်လှုပ်ရှားနေ တာကြောင့်လား မပြောတတ် ချွေးတွေ ပြန်ပြီး နေရထိုင်ရတာ သက်သာ သလို ရှိသွားသည် ။
“ ဆေးတွေ က အများကြီးပဲကွယ် ပိုက်ဆံ ပေးရရင် နည်းမှာ မဟုတ်ဘူး ”
အမေ က သူ့ လက်ထဲက ဆေးထုပ်တွေ ကို ကြည့်ရင်း ပြောလိုက်သည် ။ အမေ့ စကား ကြောင့် သန်းမြ ရင် မောသွားသည် ။ အမေ ပြောသလို ဆေးတစ်ခါ ထိုးလျှင် ငွေလေးငါးဆယ် အသာလေး ကုန်နိုင်သည် ။ သန်းမြအတွက် ထိုမျှ လောက်သော ငွေ ဆိုတာ နည်းနည်းနောနော မဟုတ် ပေ ။ ကျင်ဆောင် က အမှန်တကယ် စေတနာနဲ့ ပဲ ဖြစ်ဖြစ် ပိုက်ဆံ မယူတာ တော့ အများ အမြင်မှာ မသင့်တော် ။ သူ နဲ့ ကျင်ဆောင် ဟာ ဘာမှ သက်ဆိုင်တာ မဟုတ်ဘဲ ၊ ပတ်ဝန်းကျင် က ကြားလျှင် ကဲ့ရဲ့စရာ ဖြစ်တော့မည် ။ အဲဒီလို အများ အပြောမျိုး သန်းမြ အဖြစ် မခံရဲပါ ။ သည်တော့ ကျင်ဆောင် ကို ဆေးဖိုးငွေ ပေး ကို ပေးရမည် ။ နက်ဖြန် ဈေး ရောင်း ထွက်ပြီး ရစရာ အကြွေးတွေ ကို တောင်း လိုက်လျှင် ဆေးဖိုး ပေးစရာ ငွေ ပြည့် လောက်သည် ။ ဒါပေမယ့် စုစုဆောင်းဆောင်း ရှာဖွေပြီး တစ်ခါတည်း နဲ့ ငါးဆယ် တစ်ရာမျိုး ပက်ခနဲ ကုန်သွားမှာ ကို တော့ သန်းမြ နှမြော သွားမိ၏ ။
( ၃ )
ရွာလယ် ဆီ က ဆိုင်ကယ်စက်သံလေး ကြားရပြန်ပြီ ။ ဆိုင်ကယ်လေး က သခင့် အလိုကို သိဟန်ဖြင့် သန်းမြ တို့ တဲရှေ့ဆီ သို့ ညင်သာစွာ ထိုး ရပ်လိုက်သည် ။
သန်းမြ ဈေးရောင်း ထွက်သွားသည် ဆိုတော့ ကျင်ဆောင် အံ့အားသင့် သွားသည် ။
“ ဟာ အမေနု ကလည်း တစ်ရက် နှစ်ရက် လောက် အနားယူလို့ ကျွန်တော် ပြောထားတာပဲဗျာ ၊ အခုမှ နာလန်ထစ ရှိသေးတယ် ။ အိပ်ရာ ထဲ ပြန်လဲသွားရင် ခက်မယ် အမေ ”
ကျင်ဆောင် က တဖျစ်တောက်တောက် ပြောလိုက်သည် ။
“ နေကောင်းသွားပြီ လို့ ပြောတာပဲ မောင်ကျင်ဆောင် ရယ် ”
အမေနု ခမျာလည်း သည့်ထက် ပို မပြောတတ်ပါ ။ တခဏမျှ ဆိုင်ကယ် ပေါ်မှာ ကျင်ဆောင် ငူငူကြီး ထိုင် နေမိသည် ။ ပြီးမှ ခေါင်း တစ်ချက် ခါရမ်းလိုက် ရင်း ဆိုင်ကယ် ကို စက်နှိုး ကာ လာလမ်းအတိုင်း မောင်းထွက်သွားလေ ည် ။
နေ့ခင်း ဈေးရောင်း ပြန်လာတော့ ကျင်ဆောင် လာသည့် အကြောင်း အမေ က တဲပေါက်ဝ မှ ဆီးကြို ပြောလိုက်သည် ။ ဈေးတောင်း ကို အောက် ကို ချလိုက်ရင်း သန်းမြ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည် ။ အဖျား ပျောက်ကာစမို့ သူ့ မျက်နှာလေးက ဖြူဖျော့လျက် ရှိသည် ။
“ သူ့ခမျာ ညည်း ကို မတွေ့တော့ မျက်စိမျက်နှာ ကို ပျက်သွားတာပါ အေရယ် ၊ ငါ့ ကို တောင် အပြစ် တင်သေးတယ် ”
အမေနု က ကျပ်ဆောင် ကို အားနာပြီးရင်း အားနာရင်း ကျင်ဆောင် ဘက်မှ ရှေ့နေ လိုက်ကာ ပြောလိုက်သည် ။
“ သူ့ ကို ဆေးဖိုး ပေးချင်တာနဲ့ ဈေးရောင်း သွားလိုက်တာ အမေ ”
စိတ်မောမော နဲ့ ပြောလိုက်သည့် သန်းမြ ကို ကြည့်ရင်း အမေနု အံ့ အားသင့်သွားသည် ။
“ဟဲ့ သူ က ဆေးဖိုး မပေးနဲ့လို့ ပြောတဲ့ ဥစ္စာ ”
“ပြောတော့ ပြောတာပေါ့ အမေ ရဲ့ ၊ ဒါပေမယ့် ဘယ် ကောင်းပါ့မလဲ ကျွန်မတို့ နဲ့လည်း ဘာမှ ပတ်သက်တာ မှ မဟုတ်ဘဲ ”
သန်းမြ ရှင်းပြလိုက်တော့ မှ အမေ က သဘောပေါက် သွားဟန် ဖြင့် “ အင်း အင်း ” ဆိုကာ ခေါင်းညိတ် လိုက်သည် ။
“ အမ ရေ ထမင်း စားကြစို့ ”
မီးဖိုချောင် မှ လှရင် က သန်းမြ ကို လှမ်း အော်ခေါ်လိုက်သည် ။
“ မစားတော့ဘူးဟယ် ၊ ရင်ထဲ မောပြီး ဘာမှ စားချင်စိတ် မရှိတော့ ဘူး ” ဟု သန်းမြ က ပြန် ဖြေလိုက်သည် ။
“ဟဲ့ သန်းမြ ထမင်း မစားချင်လည်း ကျင်ဆောင် ပေးထားတဲ့ ဆေး တွေ သောက်လိုက်ဦးလေ ”
“ ဟင့်အင်း မသောက်ချင်ဘူး အမေရာ ၊ ကျွန်မ နေကောင်းသွားပြီ ”
“ ဟယ် ဆေးတွေ က အများကြီးအေ နှမြောစရာကြီး ” ဟု အမေ က ပြန်ပြောသည် ။ အမေ ပြောတာ လည်း ဟုတ်တယ် ။ ဆေးလုံးတွေ က နိုင်ငံခြား က လာတာ ဆိုတော့ တန်ဖိုးငွေ နည်းမှာ မဟုတ်ပေ ။ ကိုကြီးခင် အခိုးထုတ်ဆေး တောင် ၁၅ ကျပ် လောက် ကုန်သည် ။ သန်းမြ က ဆေး ကို မသောက်တာကြောင့် အလကား ဖြစ်သွားမည့် ဆေးလုံးတွေ ကို ကြည့် ရင်း အလွန်ပင် နှမြော မိသည် ။ ကျင်ဆောင် ကို ဆေးတွေ ပြန်ပေးရင် လည်း မကောင်း ။ သူ့ စေတနာ ကို စော်ကားသလို ဖြစ်ပြန်ရော့မည် ။ အမေနု သည် လက် ထဲက ဆေးလုံးတွေ ကို တစ်ခဏမျှ ငေးစိုက် ကြည့် နေသည် ။
ပြီးတော့မှ တစ်စုံတစ်ရာ ကို စဉ်းစားမိဟန်ဖြင့် ယတိပြတ် ဆုံးဖြတ် လိုက်သည် ။
“ ညည်း မသောက်ချင် လည်း ငါ သောက်လိုက်ပါ့မယ်အေ ဒီအတိုင်း ပစ်ထားပြီး အလကား အပျက်အစီး မခံနိုင်ပါဘူးတော် ”
“ အမေ့ သဘောပဲလေ ”
သန်းမြ က စိတ်ရှုပ်ရှုပ် နဲ့ အမေ့ ကို ပြောလိုက်သည် ။
ထိုနေ့ ည က အမေ သည် ဆေးတွေ အလကား မဖြစ်ရလေအောင် ဆေးတစ်ထုပ် ကို ရေ နဲ့ မျှော ၍ အားပါးတရ သောက်ချလိုက်သည် ။ အဲဒီ အခါမှပဲ အမေနု ရင် ပေါ့သွားသည် ။
ဒါပေမယ့် ခုတင် တစ်ဘက်စွန်း မှာ တော့ ကျင်ဆောင် ကို ဆေးဖိုးငွေ ပေးဖို့အရေး တွေးရင်း နဲ့ စိတ်မောကာ သန်းမြ တစ်ယောက် အိပ် မပျော်ဘဲ ဖြစ်နေရှာ၏ ။
▣ ညိုထွန်းလူ
📖 ဟန်သစ် မဂ္ဂဇင်း
ဇူလိုင် ၊ ၁၉၉၄
No comments:
Post a Comment