Thursday, March 20, 2025

ချွေးနှဲစာ ငွေတစ်မတ်

 ❝ ချွေးနှဲစာ ငွေတစ်မတ် ❞

            ( ပုံပြင် )

         

တရံရောအခါ ရွာ တစ်ရွာ တွင် အဘိုးကြီး နှင့် အမယ်ကြီး လင်မယား တွင် သား တစ်ယောက် ရှိလေ၏ ။ သား ဖြစ်သူ မှာ အလွန် အပျင်း ကြီးလှသဖြင့် ငပျင်းထူ ဟု ပင် အမည် ရလေသည် ။


ငပျင်းထူ သည် မည်မျှ ပျင်းသနည်း ဆိုသော် မည်သည့်အလုပ် ကို မျှ လုပ်ရန် စိတ် မဝင်စားပေ ။ မိဘ ဖြစ်သူ က ခွန်အားစိုက်ထုတ် လုပ်ကျွေးသည် ကိုသာ မျှော်ကိုး စောင့်စားကာ မပူမပင် နေလေ၏ ။ မိခင်ဖခင်အို တို့သည် မိမိ သား အား အလုပ်အကိုင် တစ်ခုခု ကို လုပ်ရန် တိုက်တွန်း သော်လည်း အလုပ်အသေးအဖွဲ ကို ပင် လက်ဖျား နှင့် မထိ ။ အပျင်း ကို သာ အဖော် လုပ်၍ အိပ်ကာ ၊ စားကာ ၊ လည်ကာ နှင့် အချိန်ဖြုန်း နေခဲ့လေ၏ ။


ထို သားပျင်း ၏ အပြုအမူ ကို ကြည့်၍ မိအိုဖအို တို့ မှာ သား ၏ နောင်ရေး ကို စိတ်မအေးဘဲ ရင်လေးလျက် ရှိရှာသည် ။


မိအိုဖအို တို့မှာ တစ်နေ့တခြား အိုမင်း လာသော်လည်း ငပျင်းထူ မှာ မထူးခြား လာပေ ။ မိဘ လုပ်စာ ကိုပင် ထိုင်စားလျက်  ရှိချေသေးသည် ။ တစ်နေ့သော အခါ၌ ဖခင်အိုကြီး သည် မမာမကျန်း ဖြစ် လာလေသည် ။ ထိုအခါ ဖခင်အို သည် အမယ်အို အား ခေါ်ကာ “ ငါတို့ သည် အိုမင်း ရင့်ရော်ပြီ ဖြစ်၍ တစ်နေ့ ထက် တစ်နေ့ သေနေ့ နီးလာလေပြီ ၊ အကယ်၍ ငါ သေခဲ့သော် ငါ ကြိုးစား အားထုတ်၍ စုဆောင်း ထားသော ချွေးနှဲစာ ဥစ္စာပစ္စည်းများ ကို မင့် သား ငပျင်းထူအား မပေးနိုင် ” ဟုပြောလေ၏ ။


ထိုအခါ အမယ်ကြီး က “ အဘယ်ကြောင့် မိမိ ရင်နှစ် ဖြစ်သော သား ကို ပင် မပေးချင် သနည်း ” ဟု မေးလေလျှင် အဘိုးအိုကြီး က လည်း “ မင်း ၏ သား သည် ဘာ တစ်ခု ကိုမျှ မလုပ်ချင် ၊ အပျင်း အလွန် ကြီးသည် ၊ ထို့ကြောင့် အကယ်၍ ငါ့ ၌ ရှိသော ပစ္စည်းများ ကို သူ့  အား စုပုံ ပေးခဲ့ သော် တိုးပွား လာရန် ဆက်၍ အားထုတ်မည် မဟုတ်သည် မှာ သေချာသည် ၊ ၎င်းပြင် ရှိပြီးသား ပစ္စည်းများ ကို ပင် သုံးဖြုန်းလိမ့်မည် ၊ ထို့ကြောင့် သား ပင် ဖြစ်သော်လည်း ငါ စုဆောင်း ထားသော ငွေကြေးပစ္စည်းများ ကို မပေးလို ” ဟု ပြောပြလေသည် ။


ထို စကား ကို မိခင်အို ကြားလေသော် သား အတွက် စိတ်မချမ်းမသာ ဖြစ်မိလေ၏ ။ ထို့ကြောင့် ပစ္စည်းဥစ္စာများ ကို မိမိ သား အား ပေးစေရန် မည်သို့ လုပ်ရမည် ကို မိခင်အိုကြီး သည် အချိန် အတန်ကြာမျှ အကြံထုတ် စဉ်းစားခြင်း ပြုလေသည် ။


အကြံရလေသော် မိမိ သား အား တိတ်တဆိတ် ခေါ်၍ ငွေတစ်ကျပ် ပေးပြီးလျှင် “ ငါ့ သား ၊ ငွေတစ်ကျပ် ကို ယူ၍ မင်း လည်ပတ်လိုရာ ဌာနများ သို့ သွားရောက် လည်ပတ်လေ ၊ မိုးချုပ် သောအခါမှ အိမ် ပြန်လာပြီးလျှင် သင့် ဖခင် ကို “ ဖခင် ကျွန်တော် အလုပ် လုပ်၍ ငွေတစ်ကျပ် ရ လာပါသည် ဟု ပြော၍ ပေးလော့ ” ဟုမှာလေ၏ ။


ထိုအခါ ငပျင်းထူ လည်း ဖခင် စုဆောင်းထားသော ပစ္စည်း ရမည့် အရေးကို တွေး လျက် တစ်နေကုန် ရွာရိုး လျှောက်၍ လည်ပတ် ပြီးလျှင် မိုးချုပ် မှ အိမ်သို့ ပြန်လာကာ ဖခင် ရှေ့ ၌ ထိုင်လျက် ငွေတစ်ကျပ်ကို လှမ်း ပေးပြီးလျှင် “ ဖခင် ၊ ထို ငွေတစ်ကျပ် သည် ကျွန်တော် တစ်နေ ကုန် အလုပ် လုပ်၍ ရလာသော ငွေ ဖြစ်ပါသည် ” ဟု ဆိုလေ၏ ။


ဖခင် လည်း ငွေ ကို လှမ်း ယူပြီးလျှင် “ ဤ ငွေတစ်ကျပ် သည် သင် အလုပ် လုပ်၍ ရလာသည် ဆိုသည်မှာ ငါမယုံကြည် ” ဟု ဆိုကာ ဘေး၌ ရှိသော မီးဖို ထဲသို့ ပစ်လိုက်လေ၏ ။ ထိုအခါ သား ဖြစ်သူ သည် ရယ်မော၍ “ ဖခင် မယုံသည် ကို ကျွန်တော် ဘာမျှ မတတ်နိုင် ၊ ထို ငွေတစ်ကျပ် သည် ကျွန်တော် အလုပ် လုပ်၍ ရသည်မှာတော့ အမှန်ပင် ဖြစ်ပါသည် ” ဟု ပြန် ပြောလေ၏ ။


ထိုသို့ ဖခင်ကြီး က မိမိ သား အလုပ် လုပ်၍ ရလာသည့် ငွေ မဟုတ် ဟု သိနေခြင်း အတွက် မိခင်အိုကြီး မှာ စိတ် မကောင်း ဖြစ်ကာ အကြံ ထုတ် ပြန်လေ၏ ။ နောက်ရက် အတန်ကြာ

လေသော် ငွေတစ်ကျပ် ကို သား အား ပေး၍ “ ငါ့ သား တစ်နေကုန် လျှောက်၍ လည်ပါလေ ၊ ည မိုးချုပ်၍ ပြန်မည် ပြုသောအခါ ချွေး ထွက်အောင် ပြေး၍ အိမ်ပြန် လာပြီးလျှင် ပင်ပန်းတကြီး အလုပ် လုပ်၍ ငွေတစ်ကျပ် ရလာပါပြီ ဟု ဆို၍ ပေးလေ ” ဟု မှာလိုက်လေ၏ ။


ဤအကြိမ် တွင် လည်း ဖခင် ပစ္စည်း ကို မျှော်ကိုးသော ငပျင်းထူ သည် ငွေ တစ်ကျပ်ကို ယူ၍ မောပန်းသောအလုပ် ကို မလုပ်လိုသော်လည်း လောဘကြောင့် ပြန်ခါနီး၌ ခရီးတမိုင် နှစ်မိုင်ခန့် ကို ပြေးလေ၏ ။ ပြေး၍ ချွေးပြိုက်ပြိုက် ကျသော အခါ အိမ် သို့ ပြန်ခဲ့၍ မိခင် မှာသည့် အတိုင်း “ ကျွန်တော် မောမောပန်းပန်း ခွန်အား စိုက်ထုတ်လုပ်၍ ငွေတစ်ကျပ် ရလာပါပြီ ဖခင် ” ဟု ငွေတစ်ကျပ် ကို ပေးပြန်လေ၏ ။ ထို အခါလည်း ဖခင်ကြီး သည် ငွေတစ်ကျပ်  ကို လှမ်း ယူ၍ ကြည့်ပြီးလျှင် ယခင် တစ်ကြိမ်က ကဲ့သို့ပင် မယုံ ဟု ဆိုကာ မီးဖို ထဲ သို့ ပစ်ချ လိုက် ပြန်လေ၏ ။


ထိုအကြိမ်၌ လည်း ငပျင်းထူ သည် ခါတိုင်း ကဲ့သို့ပင် ရယ်မောကာ ကျွန်တော် အလုပ် လုပ်၍ ရလာသော ငွေ ဖြစ်ပါသည် ဟု ဆိုပြန်လေ၏ ။


ထို အချင်းအရာ ကို မြင်ရသော မိခင်ကြီး သည် စိတ်မချမ်းမသာ ဖြစ်ပြန်လေသည် ။ 


ဤတွင် မိခင်အိုကြီး သည် မိမိ သား အား တိတ်တဆိတ် ခေါ်ကာ “ ငါ့ သား မင်း ဖခင် အား မည်သို့မျှ လိမ်၍ ရမည် မဟုတ် ၊ လှည့်စားသမျှ သိနေသည် ချည်းပင် ဖြစ်သည် ၊ ထို့ကြောင့် နက်ဖြန် နံနက် မှ မိုးချုပ် သည့် တိုင် ကြိုးစား၍ အလုပ် ကို တကယ် လုပ်ပါ ၊ မိမိ ၏ ခွန်အား နှင့် ရင်းနှီး ၍ ရသလောက် ငွေလေး ကို ပင် ယူလာ၍ ပေးပါလေ ” ဟု မှာလိုက်လေ၏ ။


ထို စကား ကို ကြားလျှင် ငပျင်းထူ သည် အလုပ် ကို မလုပ်လို သော်လည်း ဖခင် ၏ ပစ္စည်း ရလိုစိတ် ဖြင့် သည်တစ်ခါ နောက်ဆုံးပဲ ဟု အကြံပြု၍ မိခင် စကား ကို နားထောင် လိုက် လေသည် ။


ငပျင်းထူ သည် နံနက် စောစော အိမ် မှ ထွက်ကာ အလုပ်ရှာ ထွက်လေ၏ ။ တွေ့သမျှ အလုပ် ကို လုပ်ရ၍ အလုပ်ကြမ်းများ ကိုသာ လုပ်ရလေရာ တစ်သက်လုံး အလုပ် မလုပ်ဘဲ မိဘ လုပ်စာ ကို ထိုင် စားခဲ့သောကြောင့် လက်များခြေများ ပေါက်ကာ တစ်ကိုယ်လုံး ညောင်းညာ နာကျင် မောဟိုက် နေသည် ။ ပင်ပန်းတကြီး လုပ်ကိုင် နေရသော်လည်း ထိုနေ့ အဖို့ တစ်မတ် မျှ သာလျှင် ရလေ၏ ။ ဤတွင် ငပျင်းထူ သည် ငွေ ရရန် အတွက် အလွန် ခက်ခဲပင်ပန်းကြောင်း ကို ကောင်းကောင်းကြီး နားလည်လာလေတော့သည် ။ ငပျင်းထူ သည် မိမိ ခွန်အား စိုက်ထုတ်၍ ရလာသော မတ်စေ့ကလေး ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်၍ အိမ် သို့ အမြန် ပြန်ခဲ့လေ၏ ။ အိမ် သို့ ရောက်လျှင် မတ်စေ့ကလေး ကို ဖခင် အား ပေး၍ “ ဤ ငွေတစ်မတ် ကို ကျွန်တော် တကယ်ပင် အရိုးကွဲ မတတ် အလုပ် လုပ်၍ ရလာပါသည် ” ဟု ဆို၍ ဖခင် အား ပေးလေ၏ ။ ဖခင် လည်း ရှေးနည်းတူ ပင် “ ငါ့ သား မင်း အလုပ် လုပ်၍ ရလာသည်မှာ မဟုတ်နိုင် ” ဟု ဆိုကာ ငွေ တစ်မတ် ကို မီးပုံ ထဲ သို့ ပစ်ချ ပြန်လေ၏ ။


ထိုအခါတွင် ငပျင်းထူ သည် မိမိ တကယ် ကြိုးစား အားထုတ်ကာ အပင်ပန်းခံ၍ ရ လာသော ငွေ ဖြစ်သောကြောင့် ခါတိုင်း ကဲ့သို့ မရယ်မောနိုင်ဘဲ မီးဖို ထဲ မှ မတ်စေ့လေး ကို လှမ်း နှိုက်ယူ၍ “ ဖခင် သည် အလွန် ရက်စက်သည် ။ သည် ငွေသည် ကျွန်တော့် ချွေး နှင့်ရင်း၍ ရသော ငွေ ဖြစ်ပါလျက် နဲ့ သက်သက် မထေမဲ့မြင် မီး ထဲ ပစ်ချရက်လေသည် ” ဟု ဝမ်းနည်းစွာ မျက်စိမလှ မျက်နှာမလှ နှင့် ပြောလေ၏ ။


ထိုအခါမှသာ ဖခင်ကြီး သည် ယုံကြည်၍ “ ငါ့ သား ၊ ထို တစ်မတ် မျှသော ငွေ သည် ငါ့ သား ရှာခဲ့ကြောင်း ဖခင် ကောင်းကောင်းကြီး သိပေပြီ ၊ သင် ကိုယ်တိုင် ကြိုးပမ်း ရှာဖွေ၍ ရခဲ့ သောငွေ ဖြစ်သောကြောင့် သင် နှမြောတတ်ပေပြီ ” ဟုပြောလေ၏ ။


တဖန် ဖခင် က သား ဖြစ်သူအား “ မိမိ ကိုယ်တိုင် ငွေ ရအောင် လုပ်ကိုင် ရှာကြံရသည် မှာ မလွယ်ကူဘဲ အလွန် ပင်ပန်းဆင်းရဲကြောင်း သိပြီ မဟုတ်လော ” ဟု မေးလေ၏ ။


သား ဖြစ်သူ ကလည်း ဆင်းရဲ ပင်ပန်းကြောင်း ကို ဝန်ခံလေ၏ ။ ထိုအခါ ဖခင်ကြီး သည် “ အင်း ... ငါ့ သား သင် ယခု ငွေ ရရန် အလုပ် လုပ်ရသည် မှာ မလွယ်ကူကြောင်း သိပေပြီ ၊ ငွေ ကို လည်း နှမြောတတ်ပေပြီ ။ ထို့ကြောင့် နောင်အခါ မှာ ငွေကို မထီမဲ့မြင် ပြုကာ အလဟဿ သုံးဖြုန်းလိမ့်မည် မဟုတ်သည် မှာ သေချာပြီ ဖြစ်သည် ။ ထို့ကြောင့် ဖခင် စုဆောင်းထားသော ပစ္စည်းဥစ္စာများ ကို သား ဖြစ်သူအား ပေးခဲ့မည် ” ဟု ကတိ ပေးလေ၏ ။


ထိုအခါမှ စ၍ ငပျင်းထူ သည် ငွေ ကို လည်း ချွေတာသုံး ကာ အလုပ် ကို လည်း ကြိုးကြိုးစားစား လုပ်ကာ ငွေရှာတတ် လာလေသည် ။


အလုပ်အကိုင် လုပ်တတ်လာ သဖြင့် မိဘ ပေးခဲ့သော အမွေ သည် လည်း တိုးပွားလာ ပြီး မိဘ ကို လည်း အသက်ထက်ဆုံး ပြုစု ကျွေးမွေးနိုင်သည် သာ မက နောင်အခါ၌ လည်း တစ် သက်လုံး ချမ်းမြေ့စွာ နေထိုင် သွားရလေသတည်း ။


 ⎕  ခင်လင်းယုန် 

📖 ရှုမဝ မဂ္ဂဇင်း

      ၁၉၆၄ ၊ မတ်

No comments:

Post a Comment