Saturday, March 15, 2025

ကျား ကုန်ကူးသောနှစ် အကောက်ဝန်မင်း ဖြစ်

 

❝ ကျား ကုန်ကူးသောနှစ် အကောက်ဝန်မင်း ဖြစ် ❞
          ( ပုံပြင် )

လွန်လေပြီးသော ရှေးအခါက မြစ်ကမ်း ဘေး၌ တည်ရှိသော ရွာကြီး တစ်ရွာ တွင် လူရွယ် တစ်ယောက် ရှိလေသည် ။ ထို လူရွယ်သည် လုံ့လဝီရိယ မရှိ ။ ပျင်းရိလျက် ရွာထိပ်ကမ်း ဘေးတွင် ပေါက်လျက် ရှိသော ညောင်ပင်ကြီး ၏ အောက်တွင် တစ်ဦးတည်း ထိုင်၍ စဉ်းစား စိတ်ကူးယဉ် နေတတ်သည် ။

သူ၏ စိတ်ကူးယဉ်ချက်ကလေးများ ကိုလည်း ရွာထဲ၌ အလှူမင်္ဂလာဆောင် စသည့် လူစုလူဝေး ရှိသည့် နေရာများတွင် ဝင်ရောက် ပြောဆိုတတ်သည် ။ မည်သည့် အလုပ်ကိုမျှ ကြိုး ကြိုးပမ်းပမ်း မလုပ်မကိုင်ဘဲ စိတ်ကူးယဉ်ချက် နှင့် ကြီးကြီးကျယ်ကျယ် စကားများကိုသာ ပြောဆိုလေ့ ရှိပေရာ ကြာသောအခါ လူအများ က သူ၏ အမည် ကို မခေါ်ကြတော့ဘဲ “ ပါးစပ်ဝါယော မောင်လေပေါ ” ဟု ခေါ်ကြတော့ရာ သူ့ အမည်ရင်းပျောက်၍ “ မောင်လေပေါ ” ဟုသာ တွင်နေ လေတော့သည် ။

ဤသို့ နေလာခဲ့ရာ တစ်နေ့သော အခါ “ ပါးစပ်ဝါယော မောင်လေပေါ ” သည် ရွာထိပ် မြစ်ကမ်းဘေးရှိ ညောင်ပင်ကြီး အောက်တွင် တစ်ဦးတည်း ထိုင်လျက် မြစ်ဘက်သို့ ကြည့်ကာ စိတ်ကူးယဉ်လျက် ရှိလေသည် ။

ပါးစပ်ဝါယော မောင်လေပေါ မှာ မြစ်တွင်း သို့ကြည့်ရင်း ...

“ ခုနေသာ ငါ့ ကို ဘုရင်မင်းမြတ် က ခေါ်ပြီး ရာထူးပေးမယ် ဆိုရင် ဒီရွာ က နေပြီး အကောက်ဝန်ရာထူး ပေးပါလို့ တောင်းမှာပဲ ၊ ကြည့်စမ်း ... မြစ်ထဲမှာ သွားနေကြတဲ့ လှေတွေ ၊ ရွက်သင်္ဘော တွေဟာ နေ့ ရှိသရွေ့ ပြတ်တယ်လို့ မရှိဘူး ၊ ငါသာ အကောက်ဝန် ဖြစ်ရင်တော့ မြန်မြန် သူဌေးဖြစ်မှာပဲ ၊ ပြီးတော့လည်း ငါ့ကို အထင်သေးတဲ့ ရွာသားတွေ ကို လည်း မော်နိုင် ကြွားနိုင်မှာပဲ ” ဟု စဉ်းစားနေလေတော့သည် ။

ယနေ့ ကား “ ပါးစပ်ဝါယောမောင်လေပေါ ” ၏ ကံကောင်းလာသောနေ့ ဖြစ်ပေသည် ။ အကြောင်းမူကား သူ့ ရှေ့ရှိ မြစ်ရေပြင်တွင် မြစိမ်းရောင် တောက် နေသည်ကို မြင်သဖြင့် စူးစမ်း ရှာဖွေလေသော် ရေပြင် ပေါ်သို့ ညွတ်ကိုင်းနေသော ညောင်ပင်ကိုင်း ပေါ်ရှိ ကျီးသိုက် ထဲမှ ပတ္တမြားကြီး တစ်လုံး ကို ရရှိလေတော့သည် ။

ထိုအခါတွင် မောင်လေပေါ သည် ဝမ်းသာအားရစွာ နှင့် ဘုရင်မင်းမြတ် ထံ သို့ သွား ရောက် ဆက်သလေရာ များစွာ နှစ်သက်တော်မူလေသဖြင့် ဘုရင်မင်းမြတ် က မောင်လေပေါ အား ချီးမြှောက်လို သဖြင့် “ ပါးစပ်ဝါယော မောင်လေပေါ ၊ သင်သည် အဖိုးတန်လှစွာသော နန်းစဉ်ပတ္တမြားကြီး ကို လာရောက်ဆက်သပေးသဖြင့် သင့် ကို ချီးမြှောက် လိုပေသည် ။ သင် အလိုရှိသည် ကို တောင်းလေတော့ ” ဟု ခွင့်ပေးကာ အမိန့် ရှိလေသည် ။

တိုင်းပြည်အုပ်ချုပ်မင်းလုပ်သော ဘုရင်တပါး ထံမှ ဤကဲ့သို့သော အခွင့်အရေးမျိုး ကို ရရှိခဲ့သော်လည်း မောင်လေပေါ မှာ ဉာဏ်ပညာ လည်း မရှိ ၊ လုံ့လဝီရိယ နှင့်လည်း မပြည့်စုံ သဖြင့် ထွေထွေထူးထူး မတောင်းတတ်ဘဲ မိမိ၏ စိတ်ကူးယဉ်ချက် အရ သာလျှင် “ ရွာကြီး၏ ကမ်းထိပ်ညောင်ပင်ဆိပ် တွင် အကောက်ဝန် ဖြစ်လိုပါသည် ” ဟု လျှောက်ထား လေသည် ။

ထိုအခါ ဘုရင်မင်းမြတ် မှာ မောင်လေပေါ ၏ အရည်အသွေး ၊ ပညာဉာဏ် အတိမ် အနက် ကို တွေးခေါ်မြော်မြင် သိရှိတော် မူလေသဖြင့် လွန်စွာပင် သနား သွားပြီးသော် “ ရွာ၏ ကမ်းထိပ်ညောင်ပင်ဆိပ်ဝယ် ပါးစပ်ဝါယော မောင်လေပေါသည် ယနေ့မှ စ၍ အကောက်ဝန် ဖြစ်စေ ” ဟု အမိန့်တော် ရှိပြီး အိမ် တစ်ဆောင် နှင့် နောက်လိုက်ငယ်သားပါ ပေးအပ်တော်မူလေသည် ။

ပါးစပ်ဝါယော မောင်လေပေါ မှာ အကောက်ဝန် ဦးလေပေါ ဟု ဖြစ်လာသည့်အခါ မိမိ ကို ယခင်က သေးသိမ် နှိမ့်ချခဲ့သူများ နှင့် သနားသဖြင့် ဆုံးမဩဝါဒ ပေးခဲ့သူများ ကို “ ကျွန်ုပ် သည် ကား အကောက်ဝန်မင်းတည်း ” ဟု လက်မ တထောင်ထောင် နှင့် မော်မော်ကြွားကြွား
စော်ကားသမှု ပြုလေသော် ထို ရွာ မှ ထွက်သွား ပြောင်းရွှေ့ရန် မဖြစ်နိုင်သူများ မှ တပါး ကျန် ရွာသူ ရွာသားများမှာ အကောက်ဝန် နှင့် ကင်းလွတ်ရာ ဒေသများသို့ ပြောင်းရွှေ့ကုန်ကြလေတော့ သည် ။

အကောက်ဝန်ဦးလေပေါ ပိုင်ဆိုင်သည့် ဒေသ ရေလမ်းခရီး မှာ ဖြတ်သန်း သွားလာ ကြကုန်သော ရွက်သင်္ဘော မှစ၍ လှေကြီးလှေငယ် ခရီးသည်များ မှာလည်း တဖြည်းဖြည်း နှင့် ဦးလေပေါ ပိုင်နက် မှ လွတ်ကင်းရာ ရေလမ်းခရီး မှသာ သွားလာကြ ကုန်တော့သည် ။

ဦးလေပေါ သည် “ လှေကြီးများမှာ နှေးကွေးစွာ ဝန်လေးနှင့် သွားလာကြကုန်သည် ။ လှေငယ်ကလေးများသည် လျင်လျင်မြန်မြန်နှင့် ချောင်းငယ်မြောင်းငယ်ပါမကျန် ရှုပ်ယှက် ခတ် သွားလာကြလေသည် ” ဟု ဆိုကာ လှေကြီးများ ကို အနည်းငယ်မျှ အခွန် ကောက်ပြီး လှေငယ်များ ကိုမူ ကြီးလေးစွာ ကောက် လေတော့ရာ လပေါင်း အနည်းငယ်မျှ ကြာလေသော် ရွာဦး ကမ်းထိပ် ညောင်ပင်ဆိပ် မှ စောင့်စား ကောက်ယူသော်လည်း တစ်နေ့လျှင် တစ်ဦးတလေ မျှ ဖြတ်သန်း သွားလာသည် ကို မတွေ့ရတော့ပေ ။

ထို့ကြောင့် အကောက်ဝန် ဦးလေပေါ သည် ရွာဦးကမ်းထိပ် ညောင်ပင်ဆိပ် တွင်သာ မဟုတ်တော့ဘဲ သူ ၏ နောက်လိုက် တပည့်များ နှင့် အတူ လှေငယ် တစ်စင်းဖြင့် မြစ်ရိုး တလျှောက် အခွန်ကောက်ရန် နေ့စဉ် ထွက်ကြရလေတော့သည် ။

တစ်ရံသော ကာလတွင် မနီးမဝေး တောကြီး ထဲသို့ သစ်ခုတ်သမားများ သည် ကမ်းစပ်၌ လှေကြီးကို ဆိုက်ကပ် ထားခဲ့ပြီး တောထဲသို့ သစ်ခုတ် တက်ရောက်နေကြစဉ် ကြီးမားသော ကျားကြီးတစ်ကောင် သည် လူသားစားလိုသောကြောင့် လှေကြီး ပေါ်သို့ တက်ရောက် မွှေနှောက် ရှာဖွေနေခိုက် ရေတက် လာလေရာ လှေကြီး မှာ ကမ်းမှ ခွာပြီး မြစ်ရိုး တလျှောက်မျော ပါသွားလေတော့သည် ။

ထိုနေ့၌ပင် အကောက်ဝန်မင်း ဦးလေပေါ သည် တပည့် နောက်လိုက်များနှင့်အတူ လှေငယ် ကို စီးကာ မြစ်ရိုး တစ်လျှောက် သို့ အခွန်ကောက် ထွက်လာစဉ် မျောလာသည့် လှေကြီး ကိုမြင်လေသော် ...

“ ဟေ့ ... ရှေ့က လှေ ရပ်လိုက် ” ဟု လှမ်းအော် အမိန့်ပေး၏ ။ သို့သော် လှေကြီးကား မရပ် ။

“ ဟေ့ကောင်တွေ ၊ မရပ်ဘူးလား ၊ ခုချက်ချင်း ရပ်လိုက်ဟေ့ ” ဦးလေပေါ အမိန့်ပြင်းသော်လည်း ကျားစီးလာသည့် လှေကြီး ကား ရပ်တန့်ခြင်း မပြု ဘဲ ရေစီးတွင် အရှိန်ဖြင့် မျောပါလျက် သာ နေလေသည် ။

“ ကိုင်း ... တပည့်များ ၊ ဒီကောင်တွေ ခေါင်းမာလှတယ် ၊ ငါ အကောက်ဝန်မင်းသတ္တိ သိကြစေမယ် ၊ မင်းတို့က အမီ လှော်ခတ်ပြီး လှေချင်း ကပ်ပေး ၊ ငါကိုယ်တိုင် ဓားကိုင်၍ သူတို့ လှေပေါ်တက်မယ် ”

ဦးလေပေါ ၏ တပည့်များ က လှေချင်း ကပ်ပေးလျှင် ဦးလေပေါ သည် ဓားကို ကိုင် ဆောင်ကာ လှေကြီး ပေါ်သို့ ခုန်တက်ပြီး “ လှေ ထဲကအကောင်တွေ ထွက်ခဲ့စမ်း ” ဟု အော်လိုက် သောအခါ လူသံ ကြားရသဖြင့် ကျားကြီးသည် လှေဝမ်းပေါင်းမိုးအတွင်း မှ ထွက်လာလေရာ ... ကျားကို မြင်သော ဦးလေပေါ မှာ ဒူးဆတ်ဆတ်တုန်အောင် ကြောက်လန့်ပြီး ရေ ထဲသို့ ခုန်ချလေ တော့သည် ။

သူ့ တပည့်များ က ရေထဲ တွင် ကူးခတ် နေသော အကောက်ဝန် ကို အချိန်မီ ဆယ်ယူ လိုက်ကြရသည် ။

တပည့်များ က ဆယ်ယူ သဖြင့် လှေပေါ် သို့ ရောက်လျှင် ကြောက်ဒူး တုန် နေသော အကောက်ဝန် ဦးလေပေါ သည် သူ့ တပည့်များကို...

“ အမယ်လေးဟဲ့ ၊ ငါ့ ကံရယ် ၊ ကျားကုန်ကူးတဲ့ နှစ်မှပဲ အကောက်ဝန်မင်း ဖြစ်ရပါ ကလားကွယ် ” ဟု ညည်းညူပြောဆိုလေတော့သတည်း ။

▢  ဖျာပုံစိုး
📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၆၄ ၊ မတ်

No comments:

Post a Comment