Saturday, March 8, 2025

ဝမ်း - အူ - သမုဒ္ဒရာ - ဂင်္ဂါ သည် လည်းကောင်း


 ❝ ဝမ်း - အူ - သမုဒ္ဒရာ - ဂင်္ဂါ သည် လည်းကောင်း ❞

( ပုသိမ်မောင်ထွေးညို )


( ၁ )


လူတွေ ဝိုင်းအုံ နေကြသည် ။


ကွဲအက်အက် နှင့် အတော်ကလေး စူးရှသော ကိုအံ့ကြီး၏ ‘ လက်ရေတစ်ပြင်တည်း ’ သီချင်းသံ က အပြင် ဘက်လူသွားလမ်းကလေးဆီ ပျံ့လွင့်လာသည် ။ လမ်းသွားတိုင်း၏ မျက်လုံးတို့သည်လည်းကောင်း ၊ နားတို့ သည်လည်းကောင်း ထို ဝိုင်းဆီသို့ ရောက်နေကြသည် ။ တချို့က ရေးကြီးသုတ်ပျာနှင့် ရှေ့ခရီးကို ဆက်ကြသည် ။ သည်အချိန် ရန်ကုန် ရှုခင်းကား ရုတ်ရုတ်ရုတ်ရုတ်နှင့် ပင် ။ တစ်စုံတစ်ခုသော အကြောင်းကြောင့် အရေးတကြီး ဖြစ်နေ ကြပုံချည်းသာ ။ ဒါလည်း လူတိုင်းတော့ မဟုတ်ပေ ။ အများအားဖြင့်တော့ သုတ်သုတ်ပျာပျာနိုင်နေသည် ဟုသာ စိတ်က ထင်နေမိသည် ။ ရုံးနောက်ကျမှာ စိုးသူ ၊ ဈေးမမီမှာ  စိုးသူ ၊ သမဝါယမဆိုင် ကုန်ဝယ်စာအုပ်ကလေး နှင့် ပြေးသူ ။


တံတောင်ဆစ်ချိုး အသာ တိုးမိသည် ။ လူအုပ်ကြား ထဲတွင် ကိုယ့် အင်္ကျီအိတ် ကိုယ့် လက်နှင့် ဖိထားသော အလုပ်ကလည်း တတ်ထားတာ ကြာပေပြီ ။ အဋ္ဌာရသ တစ်ဆယ့်ရှစ်ရပ်တွင် ကိုယ့်ပစ္စည်း ခါးပိုက်နှိုက် မခံရအောင် ကာကွယ်နည်းကို ရန်ကုန် ဆိုသော ရွှေမြို့တော် က သင်ထားသည် ။ ထူးထူးထွေထွေ အိတ်ကပ်တွင် ပါခဲ့၍ မဟုတ် ။ ပျောက်လျှင် အတော်နှင့် ပြန်၍ ဝယ်နိုင်မည်မဟုတ်သည့် နှစ်ဆယ်ကျော်တန် ဖောင်တိန်ကလေး ကြောင့် ဖြစ်ပါသည် ။ အမှန်ပင် သည်ဖောင်တိန်ကလေး ပျောက်ဆုံးသွားခဲ့လျှင် ပြန်၍ဝယ်ယူရန်မလွယ်ကူပါ ။ သည်နေ့မနက် ရုံးသို့လာရန် ခရီးစရိတ် ကို မိတ်ဆွေတစ်ယောက် ထံမှ ချေးငှားခဲ့ရ သေးသည် ။ လကုန်ရက် ဆယ်ရက်ခန့် လိုနေပါသေးလား ဆိုသော အတွေး ကိုပင် ဆက် မတွေးတော့ဘဲ ထို ဝိုင်းကလေးဆီသို့ စူးစူးစိုက်စိုက် ကြည့်လိုက်မိသည် ။


အသက်သုံးဆယ်ကျော် လေးဆယ်နီးပါး လူတစ် ယောက် ၊ ခေါင်းတွင် စစ်ဦးထုပ်ဟောင်းတစ်ခုကို ခပ်ပိပိ ဆောင်းထားသည် ။ အပေါ်အင်္ကျီမှာ အနက်ရောင် ဖြစ်ပြီး အတွင်းအင်္ကျီမှာ အဖြူမှပြောင်းသွားသော နီကျင့်ကျင့် အရောင်နှင့်ဖြစ်သည် ။ အောက်တွင် ချည်ကြမ်းလုံချည် ခပ်နွမ်းနွမ်းနှင့်ဖြစ်သည် ။ သူ၏ မျက်လုံးတို့မှာ ပူးကပ်စွေစောင်းလျက်ရှိသည် ။ ၎င်းအပြင် သူ့မှာ ကြောင်တောင်ကန်း တစ်ဦး ဖြစ်နေပြန်သည် ။ သောတအာရုံ ဖြင့်သာ သူက သူ၏ အဝန်းအဝိုင်းကို မကြာခဏ အကဲခတ် နေတတ်သည် ။ သူ့ ဒူးခေါင်းပေါ်တွင် အသက်ငါးနှစ်ခန့် ကလေး တစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပေသည် ။


ပြီး .. သူ့ ရှေ့က မိန်းမ ။


မျက်စိနှစ်ကွင်း အလင်းမရရှာပေ ။ သူ့အင်္ကျီလုံချည် တို့မှာ သူတစ်ပါး ၏ အကျအနသာ ဖြစ်ပေမည် ။ ဖားဖားယားယားကြီး ဖြစ်နေပေသည် ။ အိတွဲ၍ ကျနေသော နို့ကို ရင်ခွင် ထဲက နို့စို့ကလေး က တပြွတ်ပြွတ် စို့နေသည် ။

စောစောက အပြင်ဘက်တန်း လမ်းကလေးဆီမှ ကြားရသော သီချင်းသံ မှာ သူ့ အသံ ဖြစ်သည် ။ နို့စို့ကလေး၏ တင်ပါး ကလေးမှာ အမှည့်လွန်ပြီး ပစ်ခတ်ထားသော သရက်သီး နှယ် ရှုံ့တွနေပေသည် ။


နောက် .. သူတို့နှစ်ယောက်ရှေ့တွင် ကျုံ့ကျုံ့ရှုံ့ရှုံ့ကလေး ထိုင်နေသော အသက်ကိုးနှစ်ခန့် ရှိသော ကလေးမကလေး ။ 


ဆံရစ်ဝိုင်းကလေးနှင့် ပန်းအဖြူကလေးတစ်ပွင့်ကို ပန်ထားပေသည် ။ စည်း နှင့် ဂျပ် ကို လိုက်လိုက်တိုင်း သူ့ နား မှ ဓနုဖြူနသံသီးကလေးက လှုပ်ခါနေသည် ။ အင်္ကျီလက်ရှည်ကလေး နှင့် ၊ လုံချည်ပွင့်ရိုက် မာစရိုက်ကလေးနှင့် တကယ့် သနားစဖွယ်ကလေးငယ် ။ စူးရှရှနှင့် သူ့ အသံကလေးက သူ့ အမေ သီချင်း ဆီ ဝင်တိုးရန် ကြိုးစားနေသည် ။ 


တစ်ခါ သူတို့ အားလုံး ရှေ့က ဒန်ဖလားခပ်လတ် လတ်ကလေး တစ်လုံး ။


ထိုဒန်ခွက်ကလေး ထဲ တွင် ကျပ်တန်တစ်ရွက် နှင့် အကြွေအတော်များများ တွေ့ ရသည် ။ စုစုပေါင်း သုံးလေး ကျပ် ခန့် ရှိပေမည် ။


“ ဟေ့ကောင် ထွေးမောင် ၊ ရုံး သိပ်နောက်ကျနေပြီ လာ ”


နောက်မှ ကျွန်တော့် ပခုံးကို တစ်စုံတစ်ယောက် လှမ်းပုတ်ရင်း စကားဆိုသည် ။ လှည့်ကြည့်လိုက်တော့ ဘောလုံးသမား သွားကျိုးကလေး ဖြစ်နေသည် ။ ကျွန်တော် က ထိုဝိုင်း မှ အသာလှည့်ထွက်လိုက်မိသည် ။


“ ဘယ်လိုလဲ ကိုယ့်လူ ၊ ခုထိ ဒီသွား တစ်ချောင်း က ပြန်မစိုက်နိုင်သေးဘူးလား ”


သူ့ သွားကလေးအကြောင်း မကြာခဏပြောတတ်သည် ။ လင်မယား နှစ်ယောက်စလုံး ရုံးစာရေးတွေ ချည်း ပင် ။ သို့သော် .... သူ့ခမျာ ကျိုးနေသော ရှေ့သွားတစ်ချောင်းကို ယခုတိုင် ပြန်၍ မစိုက်နိုင်သေးပေ ။ စကားပြော လျှင် လေသံက တရှီးရှီး ဖြစ်နေတတ်သည် ။


“ ဘာဖြစ်လို့လဲ ကိုယ့်လူရ ၊ သွားတစ်ချောင်းလျော့ နေတော့ ဆန်ကုန်သက်သာတာပေါ့ ၊ ထမင်းကုန် သက် သာတာပေါ့ မဟုတ်ဘူးလား ”


သူ က မရယ်ချင့်ရယ်ချင် ရယ်ရင်း အဓိပ္ပာယ်ပေါင်း များစွာပါသည့် အဘိဓမ္မာစကားတစ်ရပ် ကို ဆိုကာ ခပ်သွက်သွက် လှမ်းလိုက်သည် ။


ကျွန်တော်တို့ နောက်ဆီတွင်ကား ...


သူတို့ မမြင်မစွမ်းနိုင်သော လောက၏ အကွယ်အဝှက် ၊ အရှုပ်အထွေးတို့ကို မျက်မမြင် သူဖုန်းစားလင်မယား နှစ်ယောက်တို့ က သီချင်းကလေး ဆိုကာ မယ်ဒလင်ကြိုးကလေးများ ကို တို့ခတ်ကာ ကျန်ရစ်ခဲ့လေသည် ။


( ၂ )


ဘာရယ်မဟုတ် ။


ရုံးပေါ် ရောက်ပြန်တော့ တော်တော်နှင့် အလုပ်မလုပ် ဖြစ်သေးပေ ။ ယမန်နေ့က ဝေငှရန် ကျန်ရှိနေသေးသော စာအုပ်ကို ငေးနေမိပြန်သည် ။ မနက်က ရုံးအလာ ရပ် ကွက်သမဝါယမအသင်းရှေ့က ဖြတ်လျှောက်လာမိခဲ့ သည် ။ ထိုမြင်ကွင်းကို ပြန်မြင်လာပြန်သည် ။ အသံဗလံ တွေ ကြားနေမိပြန်သည် ။ လူအုပ်အလယ် က စွာကျယ်ကျယ် မိန်းမကြီး တစ်ယောက်ကို မြင်နေမိပြန်သည် ။ သူ့ စကားသံတွေ ကြားနေမိပြန်သည် ။


“ ဆန်မလောက်ဘူး ၊ အပြင်ဘက်မှာ လည်း ဈေး က ခေါင်ခိုက်နေတာ ။ ကျုပ်ယောက်ျား က လစာ တိုးလာပါတယ်တဲ့လေ ဟင်း ဟင်း ဆီအစိတ်သားဖိုး မပြည့်ပါဘူး တော် ။ ကလေးတွေလည်း ကန်စွန်းရွက်ကြော် ကျွေးနိုင်ဖို့ တောင် ဒီ ဈေးနဲ့ ဘယ့်နှယ်လုပ်မလဲ ။ ကြည့်ပါဦး ။ ကုန်သွယ်ရေး က ခြောက်ဆယ့်ငါးပြားနဲ့ ပေးနေကျဆန် ခု မြို့ နယ်က ဖြန့်တာမို့တဲ့ တစ်ကျပ် သုံးဆယ့်ငါးပြားတဲ့တော့ ” 


သူ့အသွင် ကို မျက်စိထဲက မထွက်နိုင်တော့ပေ ။


သူနှင့် အတူ ထိုလူအုပ်တွေ ကြားက အားငယ်နွမ်းလျ စွာသော မျက်လုံးများကိုလည်း မြင်ယောင်နေမိပြန်သည် ။ အသံဗလံတွေ များစွာလည်း စူးရှကျယ်လောင်စွာ ကြား နေမိပြန်သည် ။


“ ဒီမှာ မောင်ထွေးမောင် .. မနေ့က အရေးကြီးတယ် ဆိုတဲ့ စာ လစာပေးဌာနစိတ် ကို ပို့ပြီးပြီလား ” 


“ ဗျာ ... ဪ ဟုတ်ကဲ့ ၊ ပေးလိုက်ပါတယ် ” 


ကျွန်တော် က အမှတ်မဲ့မေးလိုက်သော စကားကြောင့် ထိတ်ခနဲပင် ဖြစ်သွားမိတော့သည် ။


ထိုစကား ပြောပြီး ရွှေကိုင်းမျက်မှန်အဝင်းသား နှင့် ရုံးအုပ်ကြီး မှာ သူ့ စားပွဲဆီ ဆက်လျှောက်သွားလေသည် ။ သူ့စားပွဲ ရောက်သောအခါ ကြီးမားသောသတင်းစာကြီး တစ်စောင်ကို အခန့်သား ဖတ်နေပြန်ပေသည် ။


ကျွန်တော် သက်ပြင်းတစ်ချက်ကို လေးကန်စွာ မှုတ်ထုတ်မိရင်း မှတ်ပုံတင်စာအုပ်ကို ကိုင်လိုက်ရသည် ။ ယမန် နေ့က ပေးဝေရန် ကျန်ရှိနေသော စာထပ်ကို ရေးမှတ်နေမိ တော့သည် ။


သည်လိုနှင့် အချိန်အတော်ကလေး ကုန်သွားတော့သည် ။


“ လာကွာ ထွေးမောင် ... လက်ဖက်ရည်ဆင်းသောက်ရအောင် ”


တစ်ဖက်ခုံမှ ကျွန်တော် နှင့် လုပ်ဖော်ကိုင်ဖက် စာရေးကလေး တစ်ယောက်က ရုံးအောက် ကို ခေါ်နေပြန်သည် ။ ကျွန်တော် အဓိပ္ပာယ်များစွာ ပါသော အပြုံးဖြင့် သူ့ကို ပြန် ကြည့်လိုက်မိသည် ။ သူက ကျွန်တော့် ကို နွမ်းယဲ့သော အပြုံးဖြင့်ပင် ပြန်ကြည့်နေပြန်သည် ။ ပြီး ... တစ်စုံတစ်ခု ကို ဆုံးဖြတ်လိုက်သည့်အလား ထိုင်ခုံမှ ဆတ်ခနဲ ထလိုက် တော့သည် ။


“ လာပါကွာ ... ငါ့မှာ ပိုက်ဆံပါပါတယ် ။ တို့မှာတော့ လက်ဖက်ရည်ကလေးတစ်ခွက် သောက်ဖို့တောင် စဉ်းစား နေလိုက်ရတာ သူငယ်ချင်းရာ နော် ”


သူ့ အသံက တိုးတိမ်လွန်းလှသည် ။ ကျွန်တော့် ကို သူ လက်ဖက်ရည် တိုက်ရန်အတွက် အတော်ကလေး စဉ်းစားခဲ့ရခြင်းဖြစ်ပေမည် ထင်ပါ၏ ။ ကျွန်တော့် အတွက် ကုန်ကျသွားသော ပိုက်ဆံအကြွေများ အတွက်လည်း သူ သည်နေ့ အခြား အသုံးစရိတ်ကို လျှော့ပေါ့ပစ်ရမည် ကို လည်း ကျွန်တော် တွေးနေမိပြန်သည် ။ ကျွန်တော် သူ့ မျက်နှာကလေး ကိုကြည့်ရင်း အထိုင်ရခက် ၊ အထရခက် ဖြစ်နေ ရပြန်သည် ။


“ လာပါကွာ ... တို့အတွက်က ဒါ့ထက် သိပ်မထူးတော့ပါဘူး ”


သူက ထိုင်ခုံမှ အတင်းထစေသည် ။ ကျွန်တော့် လက်တစ်ဖက် ကို ဆွဲသည် ။ သည်အခါ ချုပ်ရိုးဟောင်းများ ပြုတ်ထွက်စ ပြုနေပြီဖြစ်သော ကျွန်တော့်အင်္ကျီ ချိုင်းအောက် မှ ဖျစ်ခနဲအသံ ကို သူ ကြားလိုက်ရ၏ ။ 


“ အို ... သူငယ်ချင်းရာ ”


သူ က စိတ်မကောင်းခြင်း ကြီးစွာ ဖြစ်နေသည် ။ ကျွန်တော်က ထိုင်ခုံမှ ထမိလျက်သား ဖြစ်သွားရသည် ။ စောစောက သူ့ လက်ကို နွေးနွေးထွေးထွေး ဆုပ်ကိုင်လိုက်မိ တော့သည် ။


“ ငါ့မှာ ကလေး သုံးယောက် ၊ မိန်းမ က အလုပ် မရှိဘူး ။ အလုပ် ရှိလည်း ဒီကလေးသုံးယောက် ကို ကြည့်ပေး မယ့် လူက မရှိပြန်ဘူး ။ ငါ့ လခကလေးက တစ်ရာကျော် ရယ် ၊ မင်း ကို လက်ဖက်ရည်တိုက်ခါနီး စိတ်မကောင်းစရာ တွေ ပြောနေတာ မဟုတ်ဘူးနော် သူငယ်ချင်း ။ အဖြစ် ကို ပြောပြတာပါ ။ ကုန်ဈေးနှုန်းကလည်း တက်လာတာ တရိပ်ရိပ်ပဲ ။ အင်းလေ .. နိုင်ငံတော်အစိုးရအနေနဲ့က အစိုးရ အမှုထမ်းအရာထမ်းတွေရဲ့ အတိဒုက္ခတွေကို သိလို့ လခစား တွေ ဆိုရင် ထိုက်သင့်သလောက် ပြေလည်နိုင်ဖို့ ဆိုပြီး လစာနှုန်းထား အသစ်တွေ ညှိနှိုင်းပြင်ဆင်ပေးတယ် ။ နေ့စားလခတွေ တိုးမြှင့်ပေးတယ် ။ အလုပ်သမားတွေ ဆို ထိုက်သင့်သလို ဂုဏ်ပြုချီးမြှင့်တယ် ။ အပန်းဖြေစခန်းတွေ ပို့ပေးတယ် ။ တောင်သူလယ်သမားတွေ ကျတော့လည်း ဆန် စပါး ဈေးနှုန်းတွေကို မြှင့်တင်ပေးတယ် ။ ကဲ .. ဒါပေမဲ့ အစိုးရ ဘယ်လောက်ကောင်းအောင် လုပ်လုပ် ဒီ အမြတ်ကြီးစား အရင်းရှင်တွေက တို့များ အစိုးရထက်တောင် လည်သလို ဖြစ်နေတာကွာ ။ အဲဒီတော့ ကြားထဲမှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်ဖြစ် တို့လို အောက်ဆုံးအလွှာ တွေ ၊ တို့ထက် ဆိုးသေးတဲ့ ပျံကျလူတန်းစားတွေ မှာ လာပိ တော့တာပေါ့ ။ မဟုတ်ဘူးလား ။ ဒါပေမဲ့ ခု မကြာသေးခင် ကပဲ ဒီအမြတ်ကြီးစားအရင်းရှင် ကို အကြမ်းတမ်းဆုံးနည်း နဲ့ စူစကာစစ်ဆင်ရေးတို့ ဘာတို့ ပေါ်လာခဲ့ပြီ မဟုတ်လား သူငယ်ချင်းရာ ၊ တစ်နည်းပြောရရင်တော့ တို့မျှော်လင့်နေ တဲ့ ရောင်နီဦးရဲ့ အစလို့ ခေါ်ရမှာပေါ့ ။ အေး .. ဒီကြား ကာလလေးမှာတော့ တို့တွေပဲ အဲဒီ ဒုက္ခတွေ စုပြုံခံရတော့ တာပေါ့ ။ အေးလေ .. မင်းကျတော့လည်း တစ်မျိုး ၊ မိန်းမ က စောင်စက်မှာ စက်ချုပ်တယ် မဟုတ်လား ။ ဘယ်လောက် ရမှာလဲ ၊ မင်းလခ နဲ့ ဆို မင်းတို့နှစ်ယောက်စလုံး ဝင်ငွေရှိလှ နှစ်ရာပေါ့ ။ နှစ်ရာ့ငါးဆယ်ပေါ့ ။ ဒါပေမဲ့ မင်းတို့ မှာ ကလေး လေးယောက် ၊ ကျောင်းထားရတဲ့ကလေး က နှစ်ယောက် မဟုတ်လား ။ သူငယ်ချင်း .. အေးကွာ ဒါပဲပေါ့ ။ ဒီလိုနဲ့ စာရေး နဲ့ ကြွေး ၊ ကြွေး နဲ့ စာရေး လုံးလည်ချာလည် ရိုက်ပြီး တဖြည်းဖြည်း စုတ်ဖတ်လာရတာပဲပေါ့ ”


သူ က ရှည်လျားလှစွာသော စကား တစ်ရပ် ကို ဆိုရင်း ရုံးလှေကား မှ ဆင်းလာသည် ။ ကျွန်တော့် အင်္ကျီချိုင်း အောက်ချုပ်ရိုး ပြုတ်ထွက်သွားသည်ကိုလည်း အတော် စိတ်မကောင်း ဖြစ်နေပြန်သည် ။ ကျွန်တော်တို့ လမ်းမကြီး ပေါ်သို့ ရောက်လာသောအခါ နေ့ခင်းဆယ့်နှစ်နာရီခန့် ရှိ ပေပြီ ။ လမ်းမကြီး တစ်လျှောက်လုံး လူတွေ ၊ ကားတွေ ရုတ်ရုတ်သဲသဲ ရှိနေဆဲပင် ။


“ ဟေ့... ထွေးမောင် ဟိုမှာကြည့်စမ်း ၊ အဲဒီ လူကို ငါ မြင်ဖူးတယ် ။ မင်း ဆီ လာဖူးသေးတယ် ထင်တယ် ။ ဟို တက်ထရက်အပေါ်အင်္ကျီနဲ့ လူကွာ ၊ ခု ကားပေါ်က ဆင်းလာတာလေ ” 


ကျွန်တော် က သူ လက်ညှိုးထိုးပြရာ ဆီသို့ လှမ်း ကြည့်လိုက်မိသည် ။


ဇကွဲနံပါတ် ပါသော ကားနီညိုကလေး တစ်စင်း ပေါ်မှ ဆင်းလာသော မောင်မောင်လှိုင်ကို တွေ့လိုက်ရသည် ။ သူ နှင့်အတူ အမျိုးသမီး တစ်ယောက် လည်း တွေ့လိုက်ရ သည် ။ သူ့ ဇနီး မဟုတ်ပေ ။ တောက်ပြောင်ရွှန်းလက်သော အဝတ်အစားနှင့် ဖြစ်သည် ။ အနောက်တိုင်းဆန်သည် ။ မြန်မာမှုတစ်ခုတလေမှ ထို မိန်းမထံမှ ရှာဖွေတွေ့ရှိရန် လွယ်ကူ မည်မဟုတ်ပေ ။ သူ့လက်တွင်း မှ ကြီးမားရှည်လျားသော လက်ဆွဲပိုက်ဆံအိတ် က လှုပ်ရမ်းနေသည် ။ မျက်နှာတစ်ပြင်လုံးက ဆေးဆိုးပန်းရိုက် မျက်နှာမျိုး ။


“ ဪ ... မောင်မောင်လှိုင် ၊ မောင်မောင်လှိုင် ” 


ကျွန်တော်က နှုတ်မှ တိုးတိုးရေရွတ်နေမိသည် ။ 


“ ဒီလိုပေါ့ကွာ ပြေလည်တဲ့လူတွေ ကတော့ အသိုင်းအဝိုင်းအခြွေအရံတွေ ပေါများတာပေါ့ ၊ ဒါ သဘာဝပဲ ငြိမ်းမောင်ရေ့ ” 


ကျွန်တော် က ထိုမြင်ကွင်း ကို ကျောခိုင်းပစ်လိုက်သည် ။


စိတ်ထဲတွင် အတွေးစတို့ ကို ဖမ်းဆီးဆုပ်ကိုင် မရနိုင် လောက်အောင် ဖြစ်နေရသည် ။ မောင်မောင်လှိုင် မှာ ကျွန်တော် နှင့် မူလတန်း မှ အထက်တန်း အထိ ကျောင်းနေဖက် သူငယ်ချင်း ဖြစ်ခဲ့သည် ။ ကျွန်တော် က သူ့ထက် စောစီးစွာ ကျောင်းထွက်ခဲ့ရသည် ။ ဖခင် ဆုံးပါးသောအခါ မိဘသဖွယ် အစ်မကြီး ၏ ဈေးတောင်း ခေါင်းရွက် ဘဝ ချွေးနည်း စာငွေကြေးဖြင့် ကျောင်းဆက် မနေရက်နိုင်တော့ ။ မိခင်အို နှင့် အစ်မကြီးတို့ ၏ လုပ်စာဖြင့် ကျွန်တော် ကျောင်းဆက် တက်လိုစိတ်လည်း မရှိပြီ ။ သည်လိုနှင့်ပင် အစိုးရရုံး တစ်ရုံး တွင် အလုပ်ဝင်ရသည် ။ သည်မှ စ၍ မောင်မောင်လှိုင်တို့ နှင့် ကွဲခဲ့ရသည် ။


သို့သော်လည်း မောင်မောင်လှိုင့် သတင်းကား တစ်ဆင့်တစ်ဆင့် ကြားရဆဲပါပင် ။ မောင်မောင်လှိုင် ဆယ်တန်း အောင်ပြီး ကျောင်းထွက်လိုက်ကြောင်း ၊ ပြည်သူ့ဆိုင်တစ်ဆိုင်တွင် မန်နေဂျာ ဖြစ်နေကြောင်း ၊ လခ ဘယ်လောက်ရနေ ပြီဖြစ်ကြောင်း ။ မောင်မောင်လှိုင် မင်္ဂလာဆောင်စဉ် က ကျွန်တော်တစ်ခေါက်ရောက်ခဲ့သေးသည် ။ ရွှေနှင့်မြ ၊ နေနှင့်လ ပါတည်း ။ မောင်မောင်လှိုင့်ယောက္ခမများ ဘက်မှ ပစ္စည်းဥစ္စာ အတော်လေးတောင့်တင်းသော လုပ်ငန်းရှင်ကြီး များဖြစ်ပေသည် ။ နောက်ပိုင်းကား မောင်မောင်လှိုင် နှင့် မတွေ့ ရပြန်တော့ ။ ဘီယာဗိုက်ကလေး ရွှဲလာကြောင်း ၊ မေးလေး နှစ်ထပ်လောက် ဖြစ်လာကြောင်း ၊ ကုတ်သား အတော်ကလေး တက်နေပြီ ဖြစ်ကြောင်း ။ ကျွန်တော်က စုံစမ်းစရာ မလိုပါဘဲလျက် ငယ်ပေါင်းတို့ ထံမှ ကြားသိရ သည် ။ ငယ်သူငယ်ချင်း တစ်ယောက် ကြီးပွားချမ်းသာမှု ကို ကြားရသဖြင့် ကျေနပ်ဝမ်းမြောက်မှုတွေ ဖြစ်ရသလို တွေးတော မရနိုင်သော အတွေးစတို့ လည်း အစီအရီပေါ် လာရပြန်သည် ။


သူ့ လခ နှင့် သူ သုံးဖြုန်းနေသည်တို့ ကို ဆက်စပ်၍ မရ နိုင်အောင် တွေးနေရသည် ။ သူ့အိမ်ထောင်ပရိဘောဂတွေ ၏ ပြောင်လက်တောက်ပပုံတွေအကြောင်း စဉ်းစားနေမိ ပြန်သည် ။ ကိုယ်နှင့် မဆိုင်ဟု တွေးနေမိပြန်သော်လည်း မူလတန်းကျောင်းသား ဘဝက မောင်မောင်လှိုင် ၊ အလယ်တန်း ၊ အထက်တန်းကျောင်းသား ဘဝက မောင်မောင်လှိုင် ၏ အသွင်သဏ္ဌာန် တို့ကို သူ့ ထံမှ ဖွေရှာတွေ့ရှိခြင်း မရှိနိုင် ပြန်သောအခါ ရင်တွင်းဝေဒနာ တစ်ခုကို ခံစားရသလို သူ့အ တွက် ဖြစ်နေရပြန်သည် ။


“ လာပါကွာ ငြိမ်းမောင် ၊ ဒီအကောင် ငါ့သူငယ်ချင်း ပါ  ။ အင်းလေ ဟိုတုန်းက ငါ့ သူငယ်ချင်း မောင်မောင်လှိုင် ပါ ။ ဒါပေမဲ့ ခုတော့ မောင်မောင်လှိုင် ဟာ ဟိုတုန်းက ငါ့ သူငယ်ချင်းမောင်မောင်လှိုင် မဟုတ်တော့ဘူးဟေ့ ၊ အေးလေ ဒါပဲပေါ့ ။ လူဆိုတာ က လည်း ပြောင်းလဲတတ်တဲ့ သဘော ရှိတာပဲ ။ သုခဒဏ် ကို ဘယ်သူမှ မခံနိုင်ကြဘူး ငြိမ်းမောင် ၊ ဒီ ပတ်ဝန်းကျင် ၊ ဒီ အသိုင်းအဝိုင်းမှာ ငါ့ သူငယ်ချင်း နစ်သွားရတာပါပဲလေ ”


( ၃ )


ကိုလှဟန် ...


သူ့ကို တွေ့လိုက်ရသောအခါ ရင်ထဲတွင် နာနာ ကျင်ကျင် ဝေဒနာတစ်ရပ် ခံစားလိုက်ရတော့သည် ။ သူ သည် ကုန်သွယ်ရေးဝန်ထမ်းဟောင်း တစ်ဦးဖြစ်ခဲ့သည် ။ အခြွေအရံအသင်းအပင်းတွေ ပေါခဲ့သည် ။ လူတိုင်း ပါးစပ် ဖျားဝယ် ဦးလှဟန် ၏ အမည်ကား ရေပန်းစားခဲ့သည် ။ သူ ၏ ရှည်မျောမျော လက်မှတ်ကလေးသည် ငွေကျပ်ငါးဆယ် သော် လည်းကောင်း ၊ တစ်ရာသော်လည်းကောင်း တန်ကြေး ရှိခဲ့သည် ။ သူ့ လက်မှတ် ပါမှ သူ့ ဆိုင် က ပစ္စည်း ရရှိနိုင်သည် ။ ကျွန်တော့် အနေနှင့်ကား ကိုလှဟန် လို စိတ်ကောင်းသဘောကောင်း ကုန်သွယ်ရေးဝန်ထမ်း တစ်ဦး တွေ့ခဲလှသည် ။ လူတစ်ဦးတစ်ယောက်ကို အလွန် အားနာ တတ်သည် ။ ကျွန်တော့် အနေနှင့်ပင် ကိုလှဟန်၏ ကျေးဇူးတရားများ တင်ရှိခံခဲ့ရဖူးသည် ။ ထိုစဉ်က ကိုလှဟန် ၏ လက်ဖျား၌ ငွေသီးခဲ့သူ တစ်ယောက် ဖြစ်ပေသည် ။ အပေါင်းအသင်း မကောင်းခဲ့သူ ဟု သာ ပြောရပေမည် ။ သူ့ ထံက ပစ္စည်း ရရှိရေး အတွက်သာ သူ့ အား ခင်မင်ပေါင်းသင်းနေ ကြသည် ဆိုသော အကြောင်းကို ထိုစဉ်က ကိုလှဟန် တွေးမိခဲ့ပုံမပေါ်ပေ ။


“ ရုံးဆင်းလာပြီလား ကိုထွေးမောင် ၊ ကလေးတွေ ကော နေကောင်းကြပါတယ်နော် ”


“ ဟုတ်ကဲ့ နေကောင်းကြပါတယ် ။ ကိုလှဟန် ကလေးတွေ တော့ အဒေါ်တို့ နဲ့ နေကြသေးတယ် မဟုတ်လား *


သူက နွမ်းခဲ့သော အပြုံးနှင့် ခေါင်းညိတ်နေသည် ။ 


သူ့အသွင် သူ့သဏ္ဌာန် က ရင်ကို မအေးမြစေနိုင် ။ ဖင် ပါးနေပြီ ဖြစ်သော ဂျပန်ဖိနပ်အဟောင်းကလေးကို စီးထား ပေသည် ။ သည် ဖိနပ်ကလေးနှယ် သူ့ ဘဝကား ဘယ်လိုမှ အဖတ်ဆည်၍ မရတော့နိုင်လောက်အောင် စုတ်ချာလျက် ရှိနေတော့သည် ။ အတော်ကလေး ပါးလွှာနေပြီဖြစ်သော တက်ထရွန်လက်တိုအင်္ကျီ မှာ မီးပေါက်တို့ က ဖွာရရာကျဲ နေပေသည် ။ ကုတ်သားတွင် လက်နှင့် သီထားသော ချုပ်ရိုးတို့ ပြုတ်ထွက်စ ပြုနေပေပြီ ။ လုံချည် လည်း အကွက် မပေါ်တော့ပေ ။ သူ့ကို မြင်တွေ့ နေရသည်မှာ တစ်ချိန်က ကိုလှဟန် နှင့် ဘယ်လိုမျှ ဆက်စပ်၍မရနိုင်တော့ပေ ။ တစ်ခါ သူ့ ပါးစပ်မှ စူးရှရှ အနံ့အသက် တစ်ခုကို ရနေပေသည် ။ 


“ အေးဗျာ ခင်ဗျားကို တွေ့ ရတာ စိတ်မကောင်းဖြစ် ရတာပဲ ။ အတော်လည်း ပိန်သွားတယ် ၊ ပြီးတော့ ကျွန်တော်ဖြင့် မခင်ခင်သွင့် ကို သတိရလိုက်တာ ”


သည်တွင် သူ့ မျက်နှာသည် ရုတ်ခြည်း စောစော ပိုင်း ကထက် အဆပေါင်းများစွာ အိုစာသွားသည် ကို တွေ့လိုက်ရတော့သည် ။ စကား မှားသွားခဲ့ပြီမို့ စိတ်မကောင်းရ ပြန်ပြီ ။


“ ဒီလိုပဲ ဒီလိုပဲပေါ့ ကိုထွေးမောင် ။ ဘဝ ဆိုတာ ဒီအတိုင်းပဲပေါ့ဗျာ ။ ကျွန်တော့် ဘဝအတွက် သိပ်အကြောင်း မထူးလှပါဘူးလေ ။ ကျွန်တော့် တစ်သက်မှာ ကျွန်တော့် စိတ်တိုင်းကျ နေနိုင်ထိုင်နိုင် စားသောက်နိုင်ခဲ့ဖူးပြီပဲ ။ ခင်ခင်သွင် ကို ကျွန်တော် အတတ်နိုင်ဆုံး ပြုစုကုသခဲ့တာပဲ ။ ဒါပေမဲ့ သူ့ရောဂါက ကျွမ်းနေပြီပဲဗျာ ။ ချောင်းဆိုးသွေးပါ တဲ့ ရောဂါ က သူ့ကို ဖိစီးသွားခဲ့တာလေ ။ ပြီးတော့ ကျွန်တော် ထောင်ထဲမှာ ရှိနေတုန်းကလည်း သူ တစ်ခါမှ ဒီ လောက်ပင်ပင်ပန်းပန်း မလုပ်ခဲ့ဖူးတဲ့ အလုပ်တွေ သူ လုပ်ကိုင်ခဲ့ရတယ် ။ ဇာဘော်လီ ကို နေ့မအား ညမအား ချုပ်သတဲ့ဗျာ ။ ထားပါတော့လေ ။ လူ့ ဘဝမှာ သက်တမ်းကုန် နေမ သွားခဲ့ရရှာတာ တစ်ခုက လွဲပြီး ကျွန်တော့် ဇနီး ဟာလည်း ပြည့်ပြည့်စုံစုံ နေခဲ့ဖူးသားပဲဟာ ။ ဒါပေမဲ့ ကျွန်တော် စိတ် မကောင်းဆုံး တစ်ခုကတော့ ကျန်ရစ်ခဲ့ရှာတဲ့ လူမမည် ကျွန်တော့် သားသမီးကလေးတွေ အတွက်ပါပဲဗျာ ။ ခုဆို ကျောင်းတွေပိတ်ပြီးရင် ပြန် ဖွင့်တော့မယ် ။ ဖအေ တစ်ယောက် အနေနဲ့ ကျွန်တော့် မှာ တာဝန် ရှိလာပြီ ”


သူ က အတော်ကလေး မောသွားဟန်ဖြင့် တံတွေး တစ်ချက် ကို ဂွတ်ခနဲမျိုချလိုက်သည် ။ ကျွန်တော့် ရင်ထဲတွင် ကား ဆို့နင့်မွန်းကျပ်နေမိတော့သည် ။ သူ ပြည်သူ့ဆိုင် တွင် လုပ်ကိုင်ခဲ့စဉ်က နေထိုင်စားသောက်ပုံတွေ သားသမီးတွေ နှင့် ပျော်ပျော်ပါးပါး ရှိပုံတွေ တသီတတန်းကြီး ပြန်တွေးနေမိပြန်သည် ။


သည်အခါ သူတို့ တစ်ဆိုင်လုံး ချိတ်ပိတ်စာရင်းစစ် ပြီး အဖမ်းအဆီး ခံခဲ့ရပုံကို လည်း တွေးနေမိပြန်သည် ။ မည်သို့ပင် ဖြစ်စေ ကိုလှဟန် လို စိတ်သဘောထား ပြည့်ဝသူ တစ်ယောက် အဖို့ စိတ်မကောင်း ဖြစ်ခဲ့ရသည်မှာတော့ အမှန်ပင် ။


“ ကျောင်းဝင်ကြေး လိုနေတယ် ကိုထွေးမောင် ၊ ကျွန်တော်မရှက်ပါဘူး ၊ ကျွန်တော် ဖြစ်တဲ့နည်းနဲ့ ငွေရှာရမှာပဲ ။ ကျွန်တော့် သားသမီးတွေ ကျွန်တော့် လို မတောက်တခေါက် ပညာတစ်ပိုင်းတစ်စ နဲ့ မဖြစ်စေရဘူး ။ ဒါ ကျွန်တော့်တာဝန်ပဲ ။ ကျွန်တော် အခု ကျရာ အလုပ်ကို မရှက်မကြောက် လုပ်နေရတာပဲ ။ ဒါတစ်ခုလောက်တော့ ဖအေ တစ်ယောက် အနေနဲ့ လုပ်ပေးရမယ် ကိုထွေးမောင် ၊ ဟုတ်တယ်မဟုတ်လားဟင် ”


ကျွန်တော် ကပျာကယာ ခေါင်းညိတ် အဖြေပေးမိသည် ။


“ လက်ဖက်ရည် သောက်မလား ကိုလှဟန် ” 


ကျွန်တော် ရုံး က ချေးငှားခဲ့သော ငါးကျပ်တန်ကလေးကို အိတ်ကပ်တွင် စမ်းနေမိပြန်သည် ။


“ ဟင့်အင်းဗျာ .. ကျွန်တော် လက်ဖက်ရည် သောက် လို့ မဖြစ်ဘူး ၊ ကျွန်တော် လုပ်ထားတာလေးတွေ ပျက်ကုန် ပါ့မယ် ။ ခင်ဗျား တတ်နိုင်ရင်တော့ ကျွန်တော် .. ကျွန်တော့် အတွက် ”


သူ က ဆက် ပြောရန် စကားကို ထစ်နေပေသည် ။ အလွန် လူတစ်ဖက်သားအပေါ် ကြင်နာသနားတတ်သော ၊ အားနာတတ်သော ကိုလှဟန် အသွင် ကို မြင်လိုက်ရပြန်ပြီး “ ပြောပါ ကိုလှဟန် ပြောပါ ။ ခင်ဗျား ကျွန်တော့် ကို ဘာမှ အားနာရမယ့် လူတစ်ယောက် မဟုတ်ပါဘူး ။ ခင်ဗျား ကျေးဇူး ကျွန်တော့်အပေါ် အများကြီး ရှိခဲ့ဖူးပါတယ် ။ ခု ကျွန်တော် ရုံးက ချေးလာတဲ့ ပိုက်ဆံငါးကျပ် ရှိတယ် ။ ဘယ်လောက် ယူထားလိုက်မလဲ ဟင် ”


သူ က အားတုံ့အားနာဖြင့် မရယ်ချင့်ရယ်ချင် တဟက်ဟက် ရယ်နေပြန်သည် ။ ကျွန်တော့် ထံမှ ပိုက်ဆံ ကို ယူရန် အတော်လေး စဉ်းစားနေပြန်၏ ။


“ အေးဗျာ ပြောမိမှတော့လည်း မထူးပါဘူး ။ ကျွန်တော် ညနေစာ နည်းနည်း လိုနေတယ် ကိုထွေးမောင် ။ ခြောက်ပက် ... ခြောက်ပက် ဆို တစ်ကျပ်နဲ့ ပြားရှစ်ဆယ် ။ အမြည်း က ပြားနှစ်ဆယ် ၊ နှစ်ကျပ် ပေးခဲ့ပါလားဗျာ နော် ၊ ဪ ... ခုမှ သတိရတယ် ၊ ခင်ဗျား က လည်း ဘုရားဒကာကြီး လုပ်နေပြန်ပြီ ။ လာဗျာ ကျုပ်နဲ့ ကြုံတုန်း နည်းနည်း လုပ်သွားဗျာ ။ ပြောကောင်းဆိုကောင်းလေးပေါ့ မဟုတ် ဘူးလား ”


“ အား ... နောက်မှ လုပ်ပါရစေတော့ ကိုလှဟန် ၊ ကျွန်တော့် အိမ်မှာ ဒီနေ့ အရေးတကြီး လုပ်စရာလေး တစ်ခုရှိနေ လို့ပါနော် ၊ လုပ်ပါ ခင်ဗျားသာ လုပ်ပါ ။ နောက် တွေ့ကြသေးတာပေါ့ မဟုတ်လား ။ ရုံး လည်း လာခဲ့ဦးဗျာ ၊ ဟုတ်လား ။ ရော့ ခင်ဗျား လိုချင်တဲ့ နှစ်ကျပ် လောက်ပါတယ်နော် ” 


တုန်ဆသော လက်များနှင့် ကိုလှဟန်က ကျွန်တော့် ထံမှ ငွေလေး နှစ်ကျပ်ကို ယူကာ ထွက်သွားလေသည် ။ ကျွန်တော် သာ ကိုလှဟန် ၏ ကျောပြင် ကို ကြည့်ကာ ကျန်ရစ်ခဲ့ရတော့သည် ။


( ၄ )


ညက ညဉ့် အတော်နက်သည်အထိ စာဖတ် နေမိသဖြင့် အိပ်ရာထဲမှ မထချင်ပေ ။


ခေါင်းရင်းဘက် သရက်ပင်များ ဆီမှလည်းကောင်း ၊ အိမ်နောက်ဘက် ကုက္ကိုတန်း ဆီ မှ လည်းကောင်း ကျီးအာသံ တို့ပင် ကြားနေရပေပြီ ။


အိပ်ရာထဲတွင် တလူးလူးတလှိမ့်လှိမ့် ရှိနေဆဲပင် ကျွန်တော့် နား ထဲတွင် အသံ တစ်ခုကို ကြားနေမိသည် ။ ကြောင် ထရံ ကို ကုတ်ခြစ်နေသလား ဟု ထင်မိသော်လည်း မဟုတ်ပေ ။ အသေအချာ နားထောင်မိပြန်သောအခါ ကျွန် တော့် အိမ် ဆန်အိုး ကို  တစ်ခုခု နှင့် ခြစ်နေသော အသံကို ကျက်မှတ်လိုက်မိတော့၏ ။ ကျွန်တော် အိပ်ရာမှ မထချင် ထချင် ထ လိုက်ပြီး မီးဖိုချောင် ဆီသို့ လှမ်း၍ကြည့်လိုက်မိ တော့သည် ။ ကျွန်တော် အိပ်ရာမှ နိုးလာသည်ကို ပင် ဇနီး သည်က ပြူးပြူးကြောင်ကြောင် ကြည့်နေပြန်သည် ။ 


“ သူ နိုးလာပြီ ။ ညက အိပ်ရေးပျက် ထားတယ် ထင်လို့ သူများ သူ့ ကို မနှိုးဘဲ ထားတာ ”


ကျွန်တော့် ဇနီးသည် က အပြုံးဖြင့် ဆီးကြိုပြော သည် ။ သို့သော်လည်း ထိုအပြုံးသည် တစ်စုံတစ်ခု ကို ဖုံးကွယ်ထားရန် ကြိုးစားနေသလို ကျွန်တော် ထင်မိတော့ သည် ။ စိတ် တွင် သံသယ ဝင်နေမိတော့သည် ။ 


“ ခုနက ကိုယ့် နားထဲမှာ အသံ တစ်ခုခု ကြားသလိုပဲ ”


ကျွန်တော် ဆန်အိုးဖုံးထားသော ဒန်ပန်းကန်ပြား ကို ဆတ်ခနဲ လှပ်ကြည့်လိုက်မိသည် ။ ကျွန်တော့် ဇနီးက နွမ်းပဲ့ သော မျက်လုံးအစုံဖြင့်သာ ကျွန်တော့် ကို ကြည့်နေရှာ သည် ။ စောစောက ကျွန်တော် ကြားရသော အသံကို ယခု မှ ကျွန်တော် သိလိုက်ရတော့သည် ။ ကျွန်တော်တို့ မိသားစု ညနေစာ အတွက် ဆန်အိုး ထဲတွင် ဆန်တစ်စေ့ တစ်ပေါက် ပင် မရှိတော့ပြီ ။


“ သူ့မှာ ပိုက်ဆံ ရှိ မရှိ မသိတာနဲ့ သူများ သူ့ ကို မမေး တော့ဘူး ။ သူ့မှာ ပိုက်ဆံ မရှိရင် သူ စိတ်ကောင်း ဖြစ်နေရ မှာ စိုးတာနဲ့ မနေ့က ညနေ ကတည်း က ဆန်အတော် နည်း နေတယ် ။ ဆိုင် ကလည်း ကိုတာ ပြည့်သွားလို့ မရတော့ ဘူးတဲ့ ။ အဲဒါ ကျန်တာလေး ကုတ်ခြစ် ခတ်နေတော့ သူ နိုးသွားတာပေါ့ ။ ကိစ္စ မရှိပါဘူး ။ သားတို့ သမီးတို့ဖို့ ကျန်ရင် ပြီးတာပဲ ။ သူများ ထမင်း လည်း သိပ် စား မကောင်းဘူး ၊ နည်းနည်းပဲ ယု သွားမယ်နော် ”


သူ က အလုပ် သွားရန် ပြင်ဆင် နေပြန်သည် ။ ကျွန်တော့် မျက်နှာ ကို သူ မကြည့်တော့ပေ ။ သူ့ ခေါင်းတွင် စက္ကူ ပန်းဖြူဖြူလေး တစ်ပွင့် ကို ထိုးစိုက် နေပြန်သည် ။ ကျွန်တော် သူ့ ထမင်းချိုင့်ကလေး ကို ဖွင့်လှစ်ကြည့်နေသော အချိန်ဝယ် သူ့ ရင်ထဲတွင် တုန်လှုပ်ချောက်ခြားစွာ ခံစားနေရမည် ကို လည်း ကျွန်တော် သိနေပြန်သည် ။


ခါတိုင်း သူ့ ချိုင့်ကလေးတွင် ထည့်နေ့ကျ ထမင်း ထက် တစ်ဝက် လောက်သာရှိသော ထမင်းဖြူဖြူကလေး တွေကို ကျွန်တော် ငေးစိုက် ကြည့်နေမိပြန်သည် ။


“ ကိုယ် ရုံးက ချေးလာတာ ငွေသုံးကျပ် ကျန်သေး တယ် ။ အဲဒါ နှစ်ကျပ်ယူသွားလေ ။ ကိုယ် လည်း ထပ်ရှာခဲ့ ဦးမယ် ။ ညနေ ကန်စွန်းရွက်ကြော်ပေါ့ကွာ ။ သမီးတို့ က ကြိုက်ပါတယ် ။ ဟုတ်လား .. ပြီးတော့ ငစိန်ဆန် တစ်ပြည်လောက် ဈေးကလေး က ဝယ်ခဲ့ပေါ့ ”


ထူထဲသိပ်သည်းစွာ ကျနေသော နှင်းမှုန်ကြားဝယ် သူ အလုပ်ရုံဆီ ထွက်သွားခဲ့လေပြီ ။ ကျွန်တော် တစ်ယောက် တည်းသာ သူ့ ကျောပြင် ဆီ ငေးမောကာ ကျန်ရစ်ရတော့ သည် ။ အတန်ကြာသောအခါ မုန့်ဖိုး ဆယ်ပြားစီ ရသော ကြောင့် စိတ်ကောက်ပြီး သမီး နှစ်ယောက်လည်း ကျောင်း ဆီသို့ ထွက်သွားကြတော့သည်  ။


နို့ညှာသမီး နှင့် အငယ်ဆုံးသား နှစ်ယောက်ကား အိမ်ရှေ့ နေပူစာဝယ် ပြေးဆော့ ကစား နေကြသည် ။ ကျွန်တော့် မျက်စိ ထဲတွင် သူဖုန်းစားလင်မယား နှင့် သားသမီးများ ၊ ပြီးတော့ မောင်မောင်လှိုင် ၊ မောင်မောင်လှိုင့် မိန်းမ ၊ သမဝါယမဆိုင် ရှေ့တွင် ကျယ်ကျယ်လောင်လောင် ပြောဆိုနေသော မိန်းမကြီး ၊ ရုံး က ဘောလုံးသမား သွားကျိုးစာရေးလင်မယား ၊ ဘဝတူလုပ်ဖော်ကိုင်ဖက် စာရေးကလေး မောင်ငြိမ်းမောင် ။ ပြီး ... ကိုလှဟန် ။ 


စောစောစီးစီးပင် အတွေးစမှာ နောက်ကျုနေတော့သည် ။


အမှိုက်သရိုက် အရှုပ်အထွေး အညစ်အပတ်တွေ ကို တွေ့မြင်နေ သလို ခံစားနေရ ပြန်သည် ။ ရင် ထဲတွင် တင်းကျပ်ပြည့်နင့် နေသလို ခံစားနေရပြန်သည် ။ နောက် ... မနေ့ က စက္ခုနှစ်ကွင်း အလင်း မရရှာကြသော သူဖုန်းစား လင်မယား ရှေ့ ဒန်ဖလား ထဲ မှ ငွေတို့ ကို စိတ်ဖြင့် ရေတွက် တိုင်းစာ နေမိပြန်သည် ။


ဆန် ဘယ်နှစ်ပြည် ဖိုး လောက်များ ရှိမလဲ ဟု ... 


ဆီ ဘယ်နှစ်ဆယ် ဖိုး လောက်များ ရမလဲ ဟု ...


 ▣ ပုသိမ်မောင်ထွေးညို

📖 သွေးသောက် မဂ္ဂဇင်း

      ၁၉၇၃ ၊ ဇွန် 

No comments:

Post a Comment