❝ ကာမုပါဒါန် ❞
( ရန်ကုန်ဘဆွေ )
သူကြီးမင်း ဦးလူချော သည် ဗုဒ္ဓရုပ်ပွားတော် ၏ ရှေ့၌ တည်ငြိမ် တိတ်ဆိတ်စွာ ပုတီးစိပ် နေသည် ။
ဗုဒ္ဓအဆောင်တော် တွင်း ၌ စိမ်းလဲ့သော မီးရောင်သည် အလွန် အားနည်းစွာဖြင့် မှုန်မှိုင်းမှိုင်း လင်းနေသည် ။
မြို့ပေါ်မှ မြို့တော်ဝန် ဦးကန်ကြီး ဝယ်ယူ ပေးပို့လိုက်သော ဂျပန်ပြည်ဖြစ် နဂါးရုပ်ပတ်ထား သည့် ကြွေခွက်စိမ်းကြီး အတွင်း၌ အိန္ဒိယပြည် ဒေလီမြို့ မှ လာသည့် အမွှေးတိုင်ကလေးများသည် အခန်းဆောင်ကြီး တစ်ခုလုံး ကို သင်းပျံ့သောအနံ့များဖြင့် ဖုံးလွှမ်းပေးထားသည် ။
ဘာဘူကြီးမိုတီဝါလား ပင့်ယူလာသည့် ခါးသိမ်သိမ် ၊ နံရိုးပြိုင်းပြိုင်း ၊ ချပ်သောဗိုက်နှင့် ကု,လားလက်ရာ ပီသစွာ ပြုလုပ်ထားသော ဗောဓိညောင်တော်ကိုင်းအသား ဒုက္ကရစရိယာကျင့် ဗုဒ္ဓရုပ်ပွားတော် သည် ရွှေပိန်းချ ကျောင်းဆောင်အတွင်းမှ နေ၍ တည်ငြိမ်စွာ မျက်လွှာ ချလျက် ထက်ဝယ်ဖွဲ့ခွေတော်မူသည် ။
သူကြီးမင်း သည် စိတ်ပုတီးကို လက် ထဲတွင် ဆုပ်လိုက်က ဗုဒ္ဓရုပ်ပွားတော် အား သုံးကြိမ် တိတိ ဖြည်းညင်းစွာ ဦးချ၏ ။
နောက်ဆုံး ဦးချပြီးသောအချိန်၌ ဒူးထောက်လျက် ရုပ်ပွားတော် ၏ မျက်နှာ ကို မမှိတ်မသုန်သော မျက်စိဖြင့် စူးစိုက်ကြည့်သည် ။
ရုပ်ပွားတော် သည် သူကြီးမင်း ကို ရှိသည် ဟူ၍မျှ မသိဘဲ မျက်လွှာချမြဲ ချနေ၏ ။
ကိုယ်တော် ကား အလွန် တည်ငြိမ်လေစွတကား ၊ ကိုယ်တော် ကား ဣန္ဒြေသိက္ခာ ရှိလေစွ တကား ၊ ကိုယ်တော် ကား လောကသုံးပါးတို့၏ ကိုးကွယ်ရာ ဖြစ်လေစွတကား ၊ သံသရာ ၏ တစ်ခုသော နေ့တွင် ငါသည် ကိုယ်တော် ကဲ့သို့ လောကသုံးပါး ၏ ဆရာ ဖြစ်လေလတ္တံ့ သည် သာတည်း ။
သူကြီးမင်း သည် ရုပ်ပွားတော် ရှေ့မှ ဖြည်းညင်းစွာ ထလိုက်သည် ။ ထို့နောက် ရုပ်ပွားတော် ၏ မျက်နှာ နှင့် တူနိုင်လေသမျှတူအောင် မျက်စိဣန္ဒြေ ပြုလျက် ညင်သာသော ခြေလှမ်း ဖြင့် ဘုရား ကျောင်းဆောင် အတွင်း မှ ထွက်လာသည် ။
သူကြီးကတော် ဒေါ်ပြုံး သည် လျော့ရဲသော အဝတ်ပျော့ကလေးများ ကို ဝတ်လျက် တုတ်ခိုင်သော ခါးကြီးကို တမင် ရွဲ့၍ နွဲ့အောင်ပြုကာ တစ်ဖက် ငါးပိသာခန့် ရှိသော တင်ပါးသား အိအိကြီးများ ကို စည်းကျကျ လှုပ်စေ၍ မွှေးကြိုင်သော အထုံရနံ့များ ကို ပျံ့လွင့်စေပြီးလျှင် သူကြီးမင်း ၏ ရှေ့မှ အိပက်အိပက် နှင့် လျှောက်သွားသည် ။
သူကြီးမင်း သည် သိက္ခာ ခြောက်ဆယ်ရ မထေရ်ကြီးကဲ့သို့ အလွန်လျှင် ကြီးစွာသော ဣန္ဒြေ ဖြင့် လျှောက်လာခဲ့သော်လည်း သင်းထုံသော ရနံ့များ ၏ မြှူဆွယ်မှုကြောင့် မျက်လွှာ တစ်ချက် သမ်း လိုက်မိသေးသည် ။
သူကြီးကတော် ၏ ခန္ဓာကိုယ် ကို မြင်လေသော် ဒေါမနဿ ဝေဒနာများ ဖြစ်လာရပြန်၏ ။ အပုပ်ကောင်တွေ ရုပ်ဆောင် ထားခြင်းပါတကား ၊ ဒင်းတို့သည် ငါ ၏ ဘဝကို သံသရာ မှ ရုန်းထွက်ခြင်းငှာ မစွမ်းနိုင်အောင် ချည်နှောင်ရစ်ပတ်ထားမည့် ကြောက်ဖွယ်သော သံယောဇဉ် ကြိုးကြီးများပါတကား ။
ငါ သည် … ဤ သံယောဇဉ် ကြိုးကြီးများ ကို ငါ ၏ နက်နဲသော အသိဉာဏ် သန်လျက် ဖြင့် ခုတ်ဖြတ် ဖြတ်တောက်ရပေလိမ့်မည် ။ ဤသို့ ရုပ်ဆောင် ထားသည့် အပုပ်ကောင်များ နှင့် ပတ်သက်၍ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး ကား အသို့ ပြောခဲ့လေသနည်း ။
“ အဝိဇ္ဇာ ပိတ်ကာဆို့
မိစ္ဆာမြို့ ပြင်ပြင် ၊
ဣဋ္ဌာလို့ ခင်မင်လျှင်
လွင့်စဉ်မည် မလွဲ ၊
အရွတ်စု အပုပ်ကောင်ကို အဟုတ်ယောင် မှားဖို့ဖန်နဲ ၊ အသုဘ ရုပ်တစ္ဆေငယ် ၊ မဟုတ်လေ ကိုယ်ထဲ ၊
အပုပ်ရေ စိုတရွဲဟာမို့ ၊
ယိုမစဲ သူ့မှာ ၊
သွေးသီးချေ ပြည်သလိပ်တွေက
တည်မဆိတ် လျှမ်းပြည့်သည်သာ ၊
သို့ကလောက် ရွံစရာပါကို
လွန်တဏှာ မက်စွဲလို့
စက်ဝဲ တပေပေ ...
ပါးလွှာသော ပိုးသားနုကလေး ကို လေဟပ်သံနှင့်အတူ အိပက်ပက် သူကြီးကတော်ကြီး သည် အထုံရနံ့များ ကြိုင်လှိုင်စွာဖြင့် အနီးသို့ ရောက်လာ၏ ။
ဓမ္မတေး ၌ နစ်မြောနေသော သူကြီးမင်း သည် အလွန် ဖြည်းညင်းစွာ လှည့်လျက် မတုန်လှုပ်သော မျက်နှာဖြင့် သူကြီးကတော်ကြီး ကို မော့ကြည့်သည် ။
အတော်လည်း သနားဖို့ကောင်းတဲ့ အပုပ်ကောင်မကြီးပဲ ။ ဓမ္မ နဲ့ မွေ့ နေတဲ့ ငါလို အလောင်းအလျာ တစ်ယောက် ကို ဘာ့ကြောင့်များ လိုက်ပြီး အနှောင့်အယှက် ပေးချင်ရတာတုံး ဟု ဝမ်းထဲမှ တွေးလိုက်သည် ။
“ မောင် … မောင် မေ့များနေသလား ၊ မောင့် တပည့် ပညာကျော်ကြီးတွေ အိမ်အောက် မှာ စောင့်နေကြပြီလေ ၊ ဒီက ရွာသားတွေ ကို ကိုယ်ကျင့်တရား ကောင်းလာအောင် ပညာပေး ပြဇာတ် လုပ်ထားတာနဲ့ ပတ်သက်ပြီး မောင် က နောက်ထပ် အကြံဉာဏ် ပေးဦးမလို့ဆို .. ”
သူကြီးကတော်ကြီး သည် အချိုနိုင်သမျှ အချိုသာဆုံး အသံပြုကာ စည်းချက်ကျအောင် မျက်ခုံး ကိုပင့်လျက် ခေါင်း ကို ငဲ့လျက် အပြုံးလှလှ ကို ပြုလျက် တမင် လုပ်၍ ပြောသည် ။
ထိုသို့ ပြောပြီး နောက် မိမိ လုပ်တာ ဟုတ်မှ ဟုတ်ပမလား ဟု လည်း တွေးသည် ။ ထို့နောက် မိမိ လှေကား ပေါ်သို့ တက်လာရင်း နှစ်ကြိမ်တိုင်တိုင် လေ့ကျင့်လာခဲ့သည်ထက် အများချည်း သာသည် ဟုလည်း စိတ်တွင်းမှ သိလိုက်သည် ။
သူကြီးမင်း သည် အေးစက်တည်ငြိမ်သော မျက်နှာဖြင့် သူကြီးကတော် ကို တစ်ချက်မျှ မျက်လွှာ လှန်ကြည့်ကာ အိပ်ရာထ ဖြစ်သော ကေသရာဇာခြင်္သေ့မင်း ၏ လှမ်းခြင်းမျိုးဖြင့် လှမ်း၍ အိမ်အောက် သို့ ဆင်းသွားသည် ။
သူကြီးကတော်ကြီး သည် မိန်းမတင်ပါးကြီး နှင့်တူသော သူကြီးမင်း ၏ နောက်ပိုင်း ဖင်သားကြီး ကို ကြည့်လျက် အသံ မထွက်ဘဲ တစ်ချက် ရှိုက်လိုက်သည် ။
ယခင် အိမ်ထောင်ကျစက ဆိုလျှင် မိမိ ကို ယခု ကဲ့သို့ အေးတိအေးစက် တစ်ခါမျှ မဆက်ဆန်ဖူးခဲ့ ။
“ လင် နဲ့ မယား တို့ရဲ့ ဆန္ဒဖြေဖျောက်မှု ဆိုတာ တို့ရွာသားတွေ က နားလည်ကြတာ မဟုတ်ဘူး ၊ ငယ်ငယ်က လေ့လာရကောင်းမှန်းလဲ မသိဘူး ၊ စာအုပ်စာတမ်းလဲ မရှိကြဘူး ၊ ဒီတော့ လောကဓာတ်နည်း ကျကျ တစ်ရက် ကို နှစ်မျိုး သုံးမျိုး မင်း နဲ့ ငါ ရှာဖွေစမ်းသပ်ကြည့်ကြရမယ် ၊ ပြီးတော့ မင်း သဘောအကျဆုံးနဲ့ ငါ သဘောကျဆုံး နှစ်မျိုး သုံးမျိုးလောက် အတည်ပြုထား
ကြတာပေါ့ကွာ ၊ ဒါထက် မင်း ရင်စည်းကြီး ကို ဖြုတ်ပစ်စမ်းဟေ့ ၊ သူ့ ဟာ သူ လွတ်လွတ်လပ်လပ် ရှိပါစေ ၊ ဒါမှ ကျန်းမာခြင်းနဲ့ လည်း ညီတယ် ၊ ကြည့်လို့ ထိလို့လဲ ကောင်းတယ် ” ဟု ခပ်ပြောင်ပြောင် ပြောဆိုတတ်သည် ။
ပြီးတော့ ဤကိစ္စမျိုးb၌ပင်လျှင် အနုပညာ ကလည်း ဆန်ချင်လိုက်သေးသည် ။ ဘာမဆို အလွန် ပွင့်ပွင့်လင်းလင်း ရှိလွန်းသဖြင့် ...
“ ဘယ့်နှယ်ဟာလဲ မောင်ရယ် ၊ မောင့် ဟာတွေက ရှက်စရာချည်း ” ဟု မိမိ ကပင် တားခဲ့ရ သေးသည် ။
ဤလိုနှင့်ပင် မောင့် ဆိုးမျိုးကို ခံလာရရုံမျှ မက ယခင်ရွာသူကြီး နှင့် အတိုက်အခံလုပ်သဖြင့် မောင် အချုပ်အနှောင် ခံနေရတော့လည်း အားပေးခဲ့ရသေးသည် ။
ပြီးတော့ ရွာဦးကျောင်း က ဘုန်းကြီးတွေ နှင့် မတည့်တုန်း က ဆိုလျှင် တထိတ်ထိတ် နှင့် မောင့် အတွက် စိုးရိမ်နေရသေးသည် ။ ဒီနေရာမှာတော့ မောင် က အတော် လျင်သည် ။ ဘုန်းကြီး တွေ နှင့် ရန်ဖြစ်ရာမှာ မောင်bက နောက်ကွယ်ကသာ အကြံဉာဏ် အမျိုးမျိုး ပေးပြီး အညာသား မိုက်ရူးရဲ တစ်ကောင်ကို မြှောက်ပေးထားသည် ။ မိုက်ရူးရဲကလေး က ပေါကြောင်ကြောင်bနှင့် ရွာကျော် ရပ်ကျော် ဓားစာခံ လုပ်ခဲ့သည် ။
ဒါ့ကြောင့် မဟုတ်လား ။ အခုအချိန်တွင် မောင် သည် ပြည်လုံးချမ်းသာ ကိုးနဝင်းစေတီကလေး ကို တည်လျက် ကထိန်ပဝါရဏာခင်းပွဲကြီး ကို ပြုလုပ်ပေးလိုက်သောအခါ မောင့် ကို တစ်ရွာလုံး က သာသနာ့ ဒါယကာကြီး ဟူ၍ ထင်လာကြသည် ။ ခုဆိုလျှင် ဘုန်းဘုန်းဘုရားတွေ မှန်သမျှ မောင့် ဘက်က ရှိနေကြသည် ။ မောင် သည် ဤမျှ လာဘ်မြင်၍ ဤမျှ တော်သူ တစ်ယောက် ဖြစ်ခဲ့သည် ။
မောင် ဒီလို တော်ခဲ့တာတွေကို ဝမ်းသာခဲ့လေသမျှ အခုတော့ မောင် သည် ကိုယ့် မယား ကို တောင် ချမ်းသာမပေးဘဲ အနုပညာဆန်ဆန် နှိပ်စက်ထားသည် ။ ရက်စက်လှချည်လား မောင် ရယ် … ။
အခုတော့ မောင့် လက်ညှိုး ညွှန် ရာတွင် ရွှေစီချောင်း ငွေစီချောင်းကြီးတွေ မြင်လာလျက် စိန်တွေ အတုံးလိုက် အတုံးလိုက် မျောလာနိုင်ပြီ မဟုတ်ပါလား ။
မောင် သည် မောင့်သူငယ်ချင်း ကျေးရွာကော်မတီ လူညံ့များ ကဲ့သို့ …
ချစ်ပါသည် ဆိုသော အခြားလူများက နောက်ဖေးပေါက်မှ ငန်ပြာရည်ပုံး ထမ်းတက်လာ သည် ကို လက်ခံသော လူစားမျိုး မဟုတ် ... ။
ရွာလယ် ရှိ မာရဝါရီဘာဘူဆိုင်မှာ ဆေးခြောက်တွေ တိတ်တိတ် ရောင်းတုန်းကဆိုလျှင် ..
မောင် သည် ရွာသူကြီး ပီပီ “ မင်း ကို ရွာ က မောင်းထုတ်ပစ်မည် ” ဟု ခေါ်ကြိမ်းလိုက်သည် ။ သည့်နောက် ရွာ ထိပ်တွင် ပြည်လုံးချမ်းသာ ကိုးနဝင်းစေတီကလေး တည်သောအခါ၌ မာရဝါရီ ဘာဘူကို ခေါ်၍ “ မင်း အလှူငွေ ထည့်ရမည် ” ဟု မောင် က အလှူခံလိုက်သည် ။ မာရဝါရီဘာဘူကြီး သည် ဝမ်းမြောက်ဝမ်းသာ နှင့် အလှူငွေ ငါးသောင်း ထည့်သွားခဲ့သည် မဟုတ်ပါလား ... ။
မောင် သည် အတော်ချီးမွမ်းဖို့ကောင်းသော လူတစ်ယောက် ဖြစ်သည် ။ မောင် ပြောပြော နေသလို -
“ ငါ က ဧရာမ တိဟိတ်ပုဂ္ဂိုဟ် အလောင်းအလျာ တစ်ယောက်ပါကွ ” ဟု ဆိုတာဟာ လည်း ဟုတ်မည် ဟု ထင်သည် ။
ကြည့်ပါဦး တစ်ရွာလုံး ဆူပူဆိုးသွမ်း နေကြသည့် လူတွေကို မောင့် မို့လို့ ထိန်းနိုင်ပေသည် ။
မြို့ပေါ် က ငွေတိုးချ နေတဲ့ မြို့တော်ဝန် ဦးကန်ကြီး ကို ရွာသားတွေ က သွားသ,တ်မည်ဟု တကဲကဲ လုပ်နေကြသည် ။
မြို့ပေါ် က မိုတီဝါလားဆိုတဲ့ ဘာဘူကြီးရဲ့ ကိုယ်စားလှယ် ကု,လားဆိုင်တွေ ကို ရွာသား တွေက မောင်းထုတ်ကြမည် ။ အတိုး မပေးနိုင်ဟု ဆိုသည် ။
ဒင်းတို့ တစ်တွေကြောင့် တို့ မွဲတေ ငတ်ပြတ်ရသည် ။ ဒင်းတို့ လက်ဝါးကြီးအုပ်ထားလို့ ၊ ဒင်းတို့ အတိုးကြီးစားနေလို့ ၊ ဒင်းတို့ သွေးစုပ်ကောင်တွေ ။ ငါတို့သွေး ကို စုတ်နေတဲ့ သူရဲ တစ္ဆေ ဒုတ် ပြိတ္တာတွေ ၊ ငါတို့ လုပ်တာ ငါတို့ ယူမယ် ၊ ဒင်းတို့ကို မပေးတော့ဘူးဟု ရွာသားတွေ က ဆိုလာကြသည် ။
ငတ်မွတ်ခြင်း ကျပ်တည်းခြင်တည်း ဟူသော ကန္တာရအတွင်း၌ ပင်ပန်းကြီးစွာ ရုန်းကန် လာရမှုတို့ကြောင့် ဘဝ အသိ ၏ အမိန့်အာဏာကို အုံကြွလျက် နာယူလာကြသည် ။
ထိုအခါ မောင် သည် ရွာသားတွေ အား ဗုဒ္ဓ ၏ ဓမ္မတော် ကို ထုတ်ပြလိုက်သည် ။
“ ဟယ် - အချင်းတို့ မဆူကြကုန်လင့် ၊ အချင်းရွာသားတို့ ဤသို့ ဖြစ်ကြရသည်မှာ …
“ ယခုကဲ့သို့ တိုက်ရန် ခိုက်ရန် သ,တ်ရန် ဖြတ်ရန် မကောင်းသော စိတ်ထားတွေ ထားခဲ့သော ကြောင့်သာလျှင် ဖြစ်ကြသည် ။ ဤစိတ်မျိုးကို မထားကြကုန်လင့် ။ “ ပြုသူအသစ် ခံသူအဟောင်း ” ဟု ဗုဒ္ဓ က ဆိုထားသည် မဟုတ်လော ” ဟု မောင် က ဖျောင်းဖျသည် ။
ထို့နောက် “ သွေးစုတ်ကောင်များ ၊ ဖုတ် ပြိတ္တာများ ရွာတွင်းမှ ထွက်ပြေး လွင့်စင်စေရန် ဗာလိနတ်စာ ကျွေးကြကုန် ၊ ပရိတ်ရွတ်ကြကုန် ၊ ကမ္မဝါ ဖတ်ကြကုန် ” ဟု မောင် က ဆို၏ ။ “ ဆင်းရဲတွင်းမှ လွတ်ကင်းကြစေရန် အလှူပေးကြကုန် ” ဟု မောင်က ဆို၏ ။
ထို့နောက် မောင် သည် ကထိန်ခင်း ၊ ပရိတ်ရွတ် ၊ ကမ္မဝါဖတ်သည့် လုပ်ငန်းတွေကို ရွာ နှင့် ချီပြီး ပြုလုပ်ပစ်လိုက်၏ ။
တစ်ရွာလုံး ဓမ္မသံ နှင့် ဖုံးလွှမ်း သွားသည် ။ မြို့ပေါ်မှ မြို့တော်ဝန် ဦးကန်ကြီး နှင့် မိုတီဝါလားဘာဘူကြီးတို့သည် မောင့် ကို ကျေးဇူးတင်၍ မဆုံးကြတော့ပေ ။
မောင် လိုသည် ဆိုပါက ငွေရေးကြေးရေး မှ စ၍ မောင် လိုသလောက် အကူအညီ ပေးရန် ရွာတွင်ရှိ ကိုယ်စားလှယ်များ အား သူတို့ မြို့ပေါ်မှ နေ၍ တင်းကျပ်စွာ မှာထားပေးပြီး ဖြစ်ခဲ့သည် ။
ဤမျှ တော်သော မောင် ၊ အလွန်တော်သော မောင်အတွက် နေရာတိုင်း၌ အစစ ဂုဏ်ယူ အားတက်နေစဉ် မောင် သည် ကိုယ့် မယား ကိုမှ မညှာဘဲ မယားနိုင် ဆေးတစ်ခွက် ကို ကြိုတင်စီမံ ဖော်စပ်လိုက်သည် ။
မောင် သည် ဘုရားဆုပန် မင်းယောက်ျား စင်စစ်ကြီး ဖြစ်သည့် အတွက် ဗြဟ္မစရိယ သိက္ခာပုဒ် ကို ကျင့်သုံး ဆောက်တည်တော့မည် တဲ့ ။
လင်နှင့်မယား လူ့ကိစ္စအတွက် မောင် ကတော့ ဘယ်တော့မှ စလေမည် မဟုတ် ၊ မင်း အလိုရှိအပ်လျှင် ပြောပါလေ .. တဲ့ ။
ဖြစ်ရလေ မောင် ရယ် ၊ စိဉ္စမာန တောင် မှ ဒီအထိ ဖွင့်ပြောဝံ့နိုင်ပါ့မလား ၊ ဒါ မောင် သက်သက် နှိပ်စက်တာ ၊ ဒါ မောင် သက်သက် အနိုင်ယူတာ ၊ တခြား လူတွေ အားလုံးကို အနိုင်ယူပြီးတဲ့ နောက် မောင့် မယား ကို မောင် အနိုင်ယူတာ ။
သူကြီးကတော် ဒေါ်ပြုံး သည် ငြိမ်သက်ငေးငိုင်စွာ တွေးတော နေရာ မှ ချက်ချင်း စိတ် တစ်မျိုး ပြောင်းသွားသည် ။
ပါးပြင် ပေါ်တွင် စီးကျလာသော မျက်ရည်များ ကို ခါးတွင် ညှပ်ထားသည့် လက်ကိုင်ပဝါ နှင့် တို့ယူလိုက်ပြီးနောက် ဆတ်ခနဲ မတ်တတ်ရပ်လိုက်သည် ။
အချိန်ကား အတော် ညဉ့်နက်လေပြီ ၊ အောက်ထပ် တွင် ဧည့်သည်များ မပြန်ကြကုန်သေး ။
သူကြီးကတော်ကြီး သည် လှေကား ဆီသို့ ခပ်ဆောင့်ဆောင့် ကြည့်လိုက်ပြီးလျှင် မိမိ ၏ အိပ်ခန်း အတွင်းသို့ ခပ်အောင့်အောင့် ဝင်သွားလေသတည်း ။
••••• ••••• •••••
သူကြီးမင်း ၏ အိမ်ရှေ့တွင်ရှိသော စာဖတ်သင်း မှ ဦးဆောင်သည့် “ သူတော်ကောင်း ရတနာ ခုနစ်ဖြာ ” ဟူသော အရပ်ပြဇာတ်ကလေး သည် အရပ်စာသင်ကျောင်း အတွင်း၌ နေ့ည မဟူ တိုက် လျက် ရှိလေသည် ။
ဤ ပြဇာတ် တွင် “ သူတော်ကောင်း ရတနာခုနစ်ဖြာ ” အတွက် ဇာတ်ကောင် ခုနစ်စုံ အထိ ပါဝင်ကြသည် ။
ထိုဇာတ်ကောင် အားလုံးလိုလိုတို့သည် ရွာတွင်းရှိ ကျောင်းကပွဲများ ၌ ဝင်ရောက် ကပြ ကြသဖြင့် နာမည်ကြီး နေကြသော မတောက်တခေါက် ကျောင်းသား ဇာတ်ပျက်ကလေးများချည်း ဖြစ်ကြသည် ။
သူကြီးမင်း သည် ဇာတ်ကောင် အားလုံး အထဲ၌ အထက်ပိုင်းသူကလေး စံမတူမ ကို စိတ်အဝင်စားဆုံး ဖြစ်သည် ။
စံမတူမ ကို စိတ်ဝင်စားနေသည်မှာ ယခုမှ မဟုတ်လေ ။ သူကြီးမင်း သည် မြို့ပေါ်တွင် နေသော မိုတီဝါလားဘာဘူကြီး နှင့် အတူ လွန်ခဲ့သောနှစ် သင်္ကြန်အတွင်း က လှည့်လည် ကြည့်ရှုစဉ် မဏ္ဍပ် တစ်ခု မှ ကပြ ဖျော်ဖြေလိုက် ကတည်း က မျက်စိ ကျလာခဲ့ခြင်း ဖြစ်သည် ။
စံမတူမကလေး သည် သူကြီးမင်း တို့ မဏ္ဍပ် အတွင်းမှ ထွက်ခွာအသွားတွင် ညှို့ငင်သော မျက်လုံးကလေး နှင့် နှုတ်ဆက်လျက် ငေးမျှော်ကျန်ရစ်ခဲ့ပုံမှာ သူကြီးမင်း ၏ နှလုံးသား အတွင်း၌ အမြစ်စွဲလျက် ရှိခဲ့ရသည် ။
သို့သော် သူကြီးမင်း သည် အလွန် ကိုယ်ကျင့်တရားကောင်းသူ ဖြစ်ရုံမျှမက မိမိကိုယ် မိမိ အလွန် နိုင်နင်းစွာ ထိန်းသိမ်းစောင့်ရှောက်နိုင်သူ ဖြစ်လေသည် ။
ငါ ကား သူကြီးမင်း ဖြစ်၏ ။ ငါ ကား ရွာ၏ ခေါင်းဆောင် ၊ ရွာ၏ ကျက်သရေ ၊ ရွာ၏ မကိုဋ်သရဖူ ဖြစ်၏ ။ ဟယ် စိတ်ယုတ် စိတ်မိုက်တို့ သွားကြလေလော … ဖယ်ရှားကြလေလော ။
ရူပံ အနိစ္စာ ခယဌေန
ရူပံ ဒုက္ခ ဘယဌေန
ရူပံ အနတ္တာ အသာရက ဌေန ...
ရူပံ ၊ ကြာမူပါပါ ဖြူလာစွမ်းသူ စံမတူမကလေး ဟု ဆိုအပ်သော ရုပ်နှစ်ဆယ့်ရှစ်ပါးတရား အစုသည် ။ ခယရွှေန ၊ ကုန်ဆုံးပျောက်ကွယ် ပျက်လွယ်သော သဘောရှိသည်၏ အဖြစ်ကြောင့် ။ အနိစ္စာ ၊ အမြဲမရှိလေပါတကား ။
ရူပံ ၊ မျက်လုံးကလေးရီရီ ပြီတီတီ မျက်နှာပေး နှင့် ငေးလောက်အောင်ညုတတ်သူ စံမတူမကလေး တည်းဟူသော ရုပ်နှစ်ဆယ့်ရှစ်ပါး တရား အစုသည် ။ ဘယဌေန ၊ ဘေးအမျိုးမျိုး ကို အတိုး နှင့် ဖြစ်စေတတ်သည်၏ သဘောကြောင့် ဒုက္ခ ၊ ပင်ပန်းကြီးခြင်း ၊ အဆင်းရဲ ပြင်းစေသော အဆင်းရဲတုံးမကလေးပါတကား ။
ရူပံ ၊ လှမာန်ဂုဏ်ယစ် ချစ်စဖွယ်ရှိသူ စံမတူမကလေး ဟု ဆိုအပ်သော ရုပ်နှစ်ဆယ့်ရှစ်ပါး တရားအစုသည် ။ အသာရကဌေန ၊ ခွဲခြမ်းဖွေရှာ ဘယ်ဟာကမှ ရှာမရသောကြောင့် ဘာမှ မဖြစ် ဘာအနှစ်သာရမှ မရှိလေသည်ဖြစ်၍ ။ အနတ္တာ ၊ ဘာမှမဟုတ် ဘာလုပ်၍မျှ မရနိုင်သည် အလကား ဟာမကလေးပါ တကား ။
သူကြီးမင်း သည် မိမိ၏ စိတ်ကို တင်း၏ ။ မိမိ ၏ မျက်စိ အတွင်းတွင် မြင်ယောင်နေသော မျက်နှာ ကို အတင်း ဖျောက်၏ ။ စိတ်ပြေပျောက်စေရန် ဗုဒ္ဓရုပ်ပွားတော် ၏ ရှေ့မှောက်သို့ အရောက် သွားကာ ဗုဒ္ဓကို ကြည်ညို၏ ။
မှေးသော မျက်လုံးကလေးသည် ရှေးဆန်သော ပန်းချီကားတစ်ချပ် ကဲ့သို့ ခပ်လျားလျား ကလေး ရီဝေစွာနှင့် တိမ်းမူးဖွယ်ရာ ညှိနေ၏ ။
ပြုံးသော နှုတ်ခမ်းအစုံသည် ရှည်လျားစွာ ကားပြန့်လာလျက် အသက်ရှူမှားအောင် ဆွဲငင်နေ၏ ။ ဗုဒ္ဓရုပ်ပွားတော် ၏ မျက်နှာတော်ကို ဖူးမြော်လိုက်ခါမှ ပင်လျှင် စံမတူမကလေး ၏ မျက်နှာ ကို ပို၍ မြင်လာရသည် ။
ခက်ချေပြီ “ ပုထုဇ္ဇနော ဥမ္မတ္တကော ” ဟူသော မိန့်ဟောချက်သည် ယခုမှ အမှန်ချင်းကြီး မှန်နေလေပြီတကား ။
သတ္တဝါ ဟူသမျှ တဏှာရာဂ၏ ထိုးကျင့်မှုကို ကြံ့ကြံ့ခိုင်ခိုင် တားနိုင်စွမ်းသော အဖြစ်ကို မရရှိသေးသမျှ သံသရာမှ ရုန်းထွက်နိုင်ရန် ခဲယဉ်းလှချေသေး၏ ။
ငါ သည် ဘုရားဆုပန် မင်းယောက်ျားတစ်ယောက် မဟုတ်ပြီလော ။ ငါသည် ဗြဟ္မစရိယ သိက္ခာပုဒ်ကို စောင့်ထိန်းနေသော သန့်ရှင်းစင်ကြယ်သည့် ကိုးနဝင်း ဘုရားဒကာကြီး မဟုတ်ပြီ လော ။
“ ကာမရာဂ ၊ နုသယမှ ၊ ဘဝ ပဋိဃာ ၊ မာန ဒိဌိ ၊ ဝီစိကိစ္ဆာ ၊ အဝိဇ္ဇာဟု ၊ သတ္တာသင်ဖြူး ၊ အိပ်ရာဆူးဝယ် ၊ ယစ်မူးပျော်မှိန်း ၊ တမှိန်းမှိန်းဖြင့် ၊ စက်ထိန်းရာက ၊ နိုးပြီးမှလျှင် ၊ ဒုက္ခညစ်ကျိ ၊ ရွှံ့စေးညှိကို ၊ သတိရေမိုး ၊ စင်စွာချိုးအံ့ ... ”
သူကြီးမင်း သည် အံကြိတ်၍ ပုတီးကို ကိုင်လိုက်သည် ။ ဤလို သူတော်မြတ်ထုံး နှလုံးမူ၍ ဤမျှလောက် မိမိကိုယ်ကို မိမိ စောင့်ထိန်းနေခဲ့လျှင် စုတေမနေ သေလွန်သောအခါ၌ နိဗ္ဗာန် မရသေးမီ အတွင်းဝယ် နတ်၌ ဖြစ်သော ချမ်းသာတို့ ကို တွေ့ ရပေလိမ့်ဦးမည် ။
ဤသို့ဆိုလျှင် လက်ဝဲ လက်ယာတို့ တွင်ရှိ တစ်ဖက်ငါးရာသော နတ်သမီးများ တို့ကြောင့် အတော် စိတ်ရှုပ်ဖွယ် ကောင်းပေလိမ့်မည် ။
ဒါလောက်တော့ များလွန်းပါသည် ။ စံမတူမကလေး တစ်ယောက် လောက် ဆိုလျှင် တော်လောက်ပါပြီ ဟု တွေးပြန်၏ ။ ဒီလိုဆိုလျှင် အပြုံးကြီး အတွက် တရားမျှတမှု မှ ဖြစ်ပါ့မလား ။
ဒါပေမယ့် စံမတူ ဆိုတဲ့ ကောင်မလေး ဟာ ပါရမီဖြည့်ဖက် ဖြစ်ထိုက်သူကလေး ဖြစ်သဖြင့် လှသည်လည်း မဟူ ၊ ချောသည်လည်း မဟုတ် ၊ ငါ့ ကို ဘယ်လိုများ လုပ်လိုက်ပါလိမ့်နော် ။
“ ငါ့ ဝယ် မျက်စိ ၊ နှစ်လုံး ရှိလျက် ၊ ချစ်မိသောနယ် ၊ နှစ်သက်ဖွယ်နှင့် ၊ စံပယ်လျက်ပင် ၊ ကြည့်သည် ထင်သည် ၊ ချစ်ခင်တဲ့ ရှာလေသလော ”
အမည် မသိသော ဝေဒနာသည် တစ်နေ့တခြား ပို၍ ပို၍ ဆိုးလာ၏ ။ သူကြီးမင်း သည် မိမိ ကိုယ် ကို ပိုမိုထိန်းချုပ်၍ ထားသည် ။ ရွာဦးဆရာတော် နှင့် မကြာ မကြာ တွေ့ ကာ ဗုဒ္ဓ၏ ဓမ္မတော် ကို ပိုမို၍ နာယူသည် ။
ကာမရောဂါ ကိုယ်တွင်းနာကား ကုရာနတ္ထိ ဆေးမရှိဘူး ... မိမိ ပညာ သတိသာလျှင် မဟာသြသဓ ဆေးမည်ရ၏ ဟူသော လင်္ကာ ကို မကြာ မကြာ ရွတ်ဆိုလျက် ..
အင်း … ငါတစ်မူကား ဆိုလျှင် ပွင့်ပြီးကြကုန်လေပြီးသော နောင်တော့် နောင်တော် အလောင်းအလျာများ တို့ကဲ့သို့ မိမိ ကိုယ် ကို မိမိ သတိပညာနှင့် အမြဲတစေ ထိန်းချုပ်နိုင်လေမှသာ တော်ချိမ့်မည်ဟု မိမိ ကိုယ် ကို မိမိ တင်းထားသည် ။
ဒုစ္ဆန္နံ ပျက်စီးဆိုးတောင်း မကောင်းသော အမိုးရှိသော အဂါရံ ငါတို့ ရွာမှ ပြည်တော်သာ တန်းလျား ကဲ့သို့သော အိမ်ကို စုဋ္ဌိ ကြာလေ တသဲသဲနှင့် ရွာလေမစဲသော မိုးသည် သမာဓိ ဝိဇ္ဇတိယထာ တွင်းဖောက်လေသကဲ့သို့ ဧဝံတထာ ထို့အတူ ဘာဝိတံ ရှူးရှဲရှူးရှဲနှင့် ဟူးဟဲ မြည်စွာ ဘာဝနာ ကမ္မဌာန်း စီးဖြန်းခြင်းမရှိသော စိတ္တစိတ်ကို ရာဂေါ ရာဂသည် သမတိဝိဇ္ဇတိ အသည်းလွှာကြား မှန်သောမြားသို့ စူးသွားဝင်ရောက် ထွင်းဖောက်နိုင်ပါပေ၏ ။
တော်ပြီ တော်ပြီ ၊ ဒင်းကလေး အကြောင်း ကို ငါစိတ်ပြောင်း၍ ပစ်တော့မည် ။ ဒင်းကလေး ရဲ့ ရုပ်အလှ ကို ဘီလူးမ လှုပ်က သကဲ့သို့ မှတ်တော့မည် ။ ဥတုမာတကံ အပုပ်ကောင် ကို ရုပ်ဆောင် ထားသော သတ္တဝါကြောင့် ငါ ဘာဖြစ်ရမှာတုံး ။
အယျေ ... မြန့်ဇမ္ဗူတွင် စံမတူဟု သညာ ပြုလောက်သည့် နုနုနယ်နယ် ငယ်ရွယ်ပျိုမျစ် ချစ်စဖွယ် ထင်လောက်သော ဟယ် … စံမတူ ဆိုတဲ့ ကောင်မကလေး အတုရံ ကိုးဆယ့် ခြောက်ဖြာ ဘေးရောဂါတို့ဖြင့် ကြင်နာတတ်ထသော အသုစိ အညစ်အကြေး တို့၏ စုဝေးရာ ဖြစ်၍ လည်း မစင်ကြယ်ထသော ပုတိညှီငေါ် စက်ဆုပ်ပုပ်နံ့ အတိသာ လှိုင်ထသော ဣမံ သမုဿယံ ဤ ခန္ဓာကိုယ် ကို ပဿ စေ့မြေ့စာနာ ရူစားပါလော့ ၊ ဥဂ္ဃရန္တံ ဒွါရကိုးခွင် ထက်ဝန်းကျင်မှ မစင်အတိ ယိုစီးထသော ပဂ္ဃရန္တ ဖောက်ပြန်ထွေထူး ရူးမူးဖွယ်လိ ညစ်ကျိအပေါင်း၏ ကျိန်းအောင်း ရာလည်း ဖြစ်ထသော သမုဿယံ ကိုယ်ခန္ဓာ ကို ဗာလာ အဆင်အခြင် ပညာမဲ့ပြီး ငါကဲ့သို့သော ငမိုက်သား ရွာသူကြီးတို့သည် အဘိနန္ဒိတံ အလွန်စုံမက် နှစ်သက် ယောင်မှားကြကုန်၏ ။
ဟုတ်သည် ... ဟုတ်သည် ။ ဒင်း မျက်နှာ ဘယ်လိုပင် မက်စရာ ကောင်းသော်လည်း ဖောက်ပြန်ယွင်းယို အိုမင်းရလေဦးမည်တကား ... ။
သူကြီးမင်း ၏ စိတ်တွင်း၌ စံမတူမကလေး ၏ မျက်နှာသည် တရေးရေး ပေါ်လာချေ၏ ။
ဥပါဒ်ဌီဘင် ဘဝင်မဆိတ် စိတ္တက္ခဏ သတ္တရသော တဒါရုံက ဘဝင်ကျအောင် သမထ တွင် ကသိုဏ်းခွင်ကို ရှင်ပင်ရသေ့ မြင်ဇလေ့သို့ ရှေ့တွင်နည်းတူ စံမတူ ကို မြင်မူသော အခါ တပ်စိတ်လာ၍ အာရမ္မဏိက ဟဒယ မှ ရာဂလွန်ဖိတ် စေတသိက်တို့ ချွန်းချိတ် မရ ဆင်နှယ် ထလျက် ။
“ ကဲဟာ .. ”
သူကြီးမင်း သည် မိမိ ကိုယ်မိမိ အလွန် စိတ်ဆိုးစွာနှင့် မိမိရှေ့တွင်ရှိသော ဖန်ရေချိုင့် ကို ဆွဲပေါက်လိုက်သည် ။
အိမ်အောက်ထပ်တွင် စကားလာရောက် ပြောနေကြသော အိမ်ရှေ့ စာဖတ်အသင်း မှ ကိုကျင်စွမ် နှင့် အိမ်နေ စာရင်းငှား ကိုဘဲဥ တို့သည် အပြေးအလွှား အိမ်ပေါ်သို့ တက်လာကြသည် ။
သူတို့ သည် ကွဲနေသော ဖန်ရေချိုင့်နှင့် ဖိတ်စင်နေသော ရေများ ကို တွေ့ကြရသည် ။
“ ဘာလဲ အစ်ကိုကြီး ဘာဖြစ်လို့လဲ ၊ ဘယ်လို ဖြစ်သွားလို့လဲ .. ”
သူကြီးမင်း သည် အလွန် တည်ငြိမ်စွာဖြင့် ကိုကျင်စွမ်နှင့် ကိုဘဲဥ တို့ ကို ကြည့်၏ ။
“ ကျုပ် အပါအဝင် ဖြစ်တဲ့ ကျုပ်တို့ ရွာသားတွေ ဟာ ကိုယ်ကျင့်တရား ပျက်စီးကုန်ကြပြီ ၊ အကျင့်သီလတွေ ကို မလိုကြတော့ဘူး ၊ အဲဒါ ကျုပ်တို့ ဘယ်လို လုပ်ကြမတုံး ၊ ကျုပ်တို့ ဘယ်လို လုပ်ကြရမတုံး ”
သူကြီးမင်း သည် ပြောရင်း ပြောရင်း စိတ်အလွန် ထိခိုက်စွာဖြင့် စကားအဆုံးတွင် တအား အော်ဟစ်လိုက်သည် ။
ကိုကျင်စွမ် နှင့် ကိုဘဲဥတို့သည် မိမိတို့ ရွာသူရွာသားများ အကျင့်သီလ ပျက်စီးနေကြမှု အတွက် ဤရွေ့ ဤမျှ အထိ သူကြီးမင်း စိတ်ဝင်စားနေပုံ ၊ စိတ်မကောင်း ဖြစ်နေကြရပုံများကို တွေ့မြင် သိရှိကြသောအခါ သူကြီး အပေါ်တွင် ပို၍ ကြည်ညိုလာကြသည် ။ ပို၍ လေးစားလာ ကြသည် ။
ထို့ကြောင့် သူကြီးမင်း အလိုကျအတိုင်း မိမိတို့ တစ်ရွာလုံး အကျင့်သီလ စောင့်ထိန်း လာကြအောင် မည်သို့ မည်ပုံ ပြုလုပ်လာကြရမည်တို့ကို နည်းလမ်းရှာကြသည် ၊ အကြံဉာဏ် ပေးကြသည် ။
ထိုနည်းလမ်းများ အကြံဉာဏ်များ အထဲ ၌ သူကြီးမင်း အကြိုက်ဆုံးသော နည်းလမ်း တစ်ခုမှာ ရွာသား အားလုံးတို့ အတွက် သင်ခန်းစာ ပေးနိုင်သော ပြဇာတ်ကလေး တစ်ခု ပြုလုပ် ပြသရန်ဖြစ်သည် ။
ထိုပြဇာတ်ကလေး သည် “ သဒ္ဒါ ၊ သီလ ၊ သုတ ၊ စာဂ ၊ ပညာ ၊ ဟီရိ ၊ သြတပ္ပ ” တည်း ဟူသော သူတော်ကောင်း ဥစ္စာ ခုနစ်ပါးကို အခြေပြုလျက် လူတိုင်း လူတိုင်းတို့ ကို သူတော်ကောင်းကြီးတွေ ဖြစ်ချင်လာအောင် ဆွဲဆောင် ဖန်တီးပေးရမည့် ပြဇာတ် ဖြစ်သဖြင့် ...
ရပ်ရွာပညာရှိများ အားလုံးတို့ စုရုံးတိုင်ပင်ကြပြီးလျှင် အကောင်းတွေချည်း အတင်း နင်းသိပ် ဖျစ်ညှစ်ထည့်ထားပေးဖို့ လိုလေသည် ။
ထိုမျှ မကသေး ။ ရွာတွင်းရှိ ပြဇာတ် ကဖူးသော ဇာတ်ကောင် ဇာတ်ဆောင် အားလုံးတိုင်းတို့ ပါဖို့လည်း လိုသေးသည် ။
သူကြီးမင်း ဟူသော ဂုဏ်သိက္ခာ သည် လိုတတိုင်း ပြည့်စုံလျက် မကြာမီ ပြဇာတ်တိုက် နေကြရပါလေပြီ ။
သူကြီးမင်း သည် ဇာတ်တိုက် နေရာသို့ မကြာ မကြာ သွား၍ ကြည့်ရ၏ ။ ဇာတ်ကောင် ဇာတ်ဆောင်တို့ ကိုလည်း အိမ်သို့ ခေါ်ယူကာ မကြာ မကြာ ကျွေးရ မွေးရ၏ ။ သို့သော် ခေါ်ယူ ကျွေးမွေးတိုင်း သွားရောက် ကြည့်လေတိုင်း စံမတူမကလေး နှင့် မျက်လုံးချင်း ဆုံမိကြရသည် ။
စံမတူမကလေး ၏ မျက်လုံးသည် ခပ်လျားလျား ရှိလျက် အာရုံကို ခံစားနိုင်စွမ်းသည့် မှိန်းမူးမူး မျက်လုံးမျိုး ရှိသည် ။
သူကြီးမင်း သည် စံမတူမကလေး နှင့် မျက်လုံးချင်း ဆုံမိတိုင်း ရင်ဖို သွားရတတ်သည် ။ မျက်နှာ ပျက်သွားရတတ်သည် ။ ခေါင်းထဲ၌ မေးခွန်းအမျိုးမျိုး ပေါ်လာရတတ်သည် ။
“ မျက်စိတည့်တည့် ၊
ကြည့်သောခါဝယ် ၊
မျက်လုံးနှယ်နှင့် ၊
ရှုဖွယ်စုရုံး ၊
သူရယ်ပြုံးသည် ၊
ချစ်ထုံးဖွဲ့ရှာလေသလော ၊
ချစ်ထုံးဖွဲ့ရှာလေသလော ၊ ချစ်ထုံးဖွဲ့ရှာလေသလော ... ”
ဤသို့ အကြိမ်ပေါင်းများစွာ ဖြစ်လာပြီးနောက် သူကြီးမင်း ၏ အခြေအနေ ကို အိမ်ရှေ့ စာဖတ်သင်း မှ ကိုကျင်စွမ် နှင့် အိမ်စေ သူရင်းငှားကြီး ကိုဘဲဥ တို့ပါ ရိပ်စားမိလာကြသည် ။ ခက်ပြီကော ။ ကောင်မလေး ကလည်း အိမ်ထောင်နှင့် ဖြစ်နေသည် ။ သို့မဟုတ်လျှင် အလွယ်သား ၊ သူကြီးမင်း ကလည်း ဤလို အိမ်ထောင်ရှိ မိန်းမတစ်ဦး မှန်း သိလာခဲ့သော် သူ့ ကိုယ် သူ သာ အသေခံလိမ့်မည် ။ မည်သည့် အခါမျှ ပရံဒါရကံကြီး ကို ကျူးလွန်လိမ့်မည် မဟုတ် ။
ကိုကျင်စွမ် နှင့် ကိုဘဲဥတို့သည် သူကြီးမင်း ၏ အရိပ်အခြည် ကိုသာ အကဲခတ် နေကြသည် ။
အကဲခတ် လေတိုင်းလည်း သူကြီးမင်း မျိုသိပ်ထားရသော ဒုက္ခကြီး ကို အတိအလင်း အကွင်းလိုက် အကွင်းလိုက် မြင်သိလာကြရကား သနားကြင်နာ၍ မကုန်မခန်းနိုင်လောက်အောင် ဖြစ်နေကြ သည် ။
သူကြီးမင်း သည် လူ မြင်လျှင် အမူလုပ်ခါ မပူရုပ် ဆောင်နေရုံမျှ မက စံမတူမကလေး နှင့် မတွေ့ရအောင် ရှောင်ကြဉ်၏ ။ မတွေ့ ရပြန်သောအခါ ပို၍ ဆိုးလာ၏ ။ နေမထိ ထိုင်မရ ဖြစ်လာ၏ ။ အလိုလို စိတ်တိုလာ၏ ။ ရွာရေး ရပ်ရေးကိစ္စများ ကိုပင် မကြားလိုတော့အောင် ဖြစ်လာ၏ ။ ဗုဒ္ဓ ၏ ဓမ္မသံတို့ ကိုပင် ဆူဆူညံညံ ရှိသည်ဟု ထင်လာ၏ ။
“ ပြည်ထဲရေးထက် ၊ ဝမ်းရေမက ၊ လွမ်းရေးထလျက် ၊ စိတ်မှ ထွေထွေ ၊ မိုးနယ် စွေသည် ၊ ရပ်နေ မတည်နိုင်ပြီတည်း ” ဟူသကဲ့သို့ ရှိလေသတတ် ။
••••• ••••• •••••
စံမတူမကလေး သည် ဘာမျှမကြီးကျယ်လှသော ကိစ္စလေး ကို အကြောင်းပြု၍ သူ့ ယောက်ျား ကို ပြတ်စဲပြီးဖြစ်ကြောင်း ၊ ရပ်ကျော် ရွာကြား ကြေညာပြီး နောက် ကိုကျင်စွမ်တို့ စာဖတ်သင်း ရောက်လာပြီး ရက်မကြာလှမီအတွင်း ဖြစ်သည် ။
သူကြီးမင်း သည် ရေမိုး သန့်စင်တော်မူပြီးလျှင် မှန်ရှေ့တွင် ရပ်လျက် မိမိမျက်နှာ ကို မိမိ မမှိတ်မသုန်သော မျက်လုံးနှင့် ကြည့်သည် ။
အနိစ္စမေ ပဉ္စက္ခန္ဓာ … မေ ၊ ငါ၏ ။ ပဉ္စက္ခန္ဓာ ၊ ခန္ဓာငါးပါး ရုပ်နာမ် တရားအစုတို့သည် ။ အနိစ္စ ၊ အမြဲမရှိပါတကား ။
သူကြီးမင်း သည် ပါးစပ် မှ တိုးတိုးဆိုရွတ်ရင်း ဖြူသောနှုတ်ခမ်းမွေး အငုတ်ကလေးများ ကို တွေ့ လေသောအခါ မုတ်ဆိတ်ရိတ်ဓား ကို ပြင်ဆင်လျက် မုတ်ဆိတ်မွေး နှုတ်ခမ်းမွေးများကို စင်ကြယ်အောင် သုတ်သင်လိုက်သည် ။
ထို့နောက် မျက်လုံးများ ကို မှန် ထဲတွင် တစ်နေရာတည်း၌ မရွေ့လျားစေဘဲနှင့် မျက်နှာ ကို ဘယ်ညာ လှည့်လျက် ကြည့်သည် ။
ထို့နောက် မျက်နှာ ကို မော့လျက် မျက်လုံးကို မှေးမှေးပြု၍ ကြည့်သည် ။ ခေါင်း ကို အနည်းငယ် ငုံ့၍ မျက်လုံး ကို အထက်စိုက်လျက် ကြည့်သည် ။ ဖြူသောဆံပင်များ ကို တွေ့ရသော အခါ အနည်းငယ် စိတ်မကောင်း ဖြစ်သွားပြန်သည် ။
“ အိုခြင်း ဆင်းရဲ ၊ နာခြင်း ဆင်းရဲ ၊ ပဋိသန္ဓေ နေကြရခြင်း ဆင်းရဲ ၊ ချစ်သောသူ နှင့် အတူမနေ ကွေကွင်းရခြင်း ဆင်းရဲ ... ”
“ ဟယ် ... ”
သူကြီးမင်း သည် ချက်ချင်း တစ်စုံတစ်ခု ကို သတိရလာသဖြင့် လူပျိုပေါက်ကလေးကဲ့သို့ ရင်ထဲ ၌ ဖိုသွားသည် ။ ထို့နောက် အတွင်းခံ စွပ်ကျယ် ကို ဝတ်၍ မှန်ရှေ့သို့ ပြန် လာပြန်သည် ။
အမွှေးအကြိုင် နှင့် အသန့်ရှင်းကြိုက်သူ ဖြစ်သည့်အတိုင်း ကိုယ်လိမ်း ပေါင်ဒါမွှေးကို စွပ်ကျယ် ထဲသို့ ထည့်သည် ။ မျက်မှောင်ကြုတ်၍ မှန်ထဲသို့ ကြည့်သည် ။
“ တကယ်ဆိုတော့ ဆံပင်ကလေး နည်းနည်း ဖြူနေပေမယ့် ငါ ဟာ သိပ် မအိုသေးပါဘူး ၊ ငါ့ နာမည် နဲ့ ငါ နဲ့ တော့ လိုက်ပါတယ် ”
သူကြီးမင်း သည် မိမိ ၏ မျက်နှာ ကို မိမိ ကြည့်၍ မဝနိုင် သကဲ့သို့ ငေးစိုက် နေရာမှ အလိုလို မြူးထူးလာလျက် အဝတ်ဗီရို ရှိရာ သို့ ပြေးသွားသည် ။
“ အဝိဇ္ဇာပစ္စယ သင်္ခါရ ၊ အဝိဇ္ဇာဟု ၊ မဟာတမ ၊ မှောင်ကြီးကျ၍ ၊ ဘဝမြုံသိုက် ၊ ရှိန်ရှိန် အိုက်သား ၊ အမှိုက်မီးစာ ၊ ဤခန္ဓာကို ၊ တွယ်တာသမှု ၊ အကြောင်းပြု၍ ”
သူကြီးမင်း သည် အသံ ထွက်လျက် သံနေသံထားနှင့် ဆိုရင်း မိမိ စိတ်ကြိုက် အင်္ကျီ တစ်ခု ကို ဝတ်သည် ။
ဆိုလိုက်မိသော အသံသည် တရားသံ နှင့် မတူပဲ ရတုရွတ်ဆိုလိုက် သကဲ့သို့ အဆွဲအငင် အဟဲအထေ့တွေ ပါသွား၏ ။ ချက်ချင်း ဘေးပတ်ဝန်းကျင် သို့ ပျာပျာသလဲ လှည့်ကြည့်ရင်း “ အို …. ငါ ဘယ်လိုများ ဖြစ်နေရပြန်ပါလိမ့် ” ဟု ခပ်တိုးတိုး ညည်းလိုက်မိသည် ။ ထို့နောက် အဝတ်အစား အပြည့်အစုံ ဝတ်ပြီးသောအခါ ပြတင်းပေါက် သို့ သွားရပ်သည် ။
မိမိ ကိုယ် မှ မွှေးကြိုင်သော ရနံ့ တို့သည် ပြတင်း မှ ဝင်လာသော လေကြောင့် မိမိ နှာဝ သို့ ပြန်ဝင်လာသည် ။ ချက်ချင်း မိမိ အား လူတွေမြင်လာမည် ကို ကြောက်ရွံ့လာလျက် ရိပ်ခနဲ ဘေးသို့ ကွယ်လိုက်သည် ။
အို ... ငါ ဘာကို ကြောက်နေရပါလိမ့် ဟု တွေးရင်း ကုလားထိုင် တစ်ခုတွင် ဝင်ထိုင်သည် ။ ထို့နောက် ကုလားထိုင် ဘေး စားပွဲပေါ်တွင်ရှိသော စာအုပ်ငယ် ကို ဆွဲယူ လှန်ကြည့်လိုက်သည် ။ မိမိ အလွတ် ရနေသော အနတ္တလက္ခဏာသုတ် ဖြစ်လေသည် ။ စိတ်ဝင်စားစရာ တစ်ခု မျှ မရှိ ။ စာအုပ် ကို ပစ်ချလိုက်ကာ ပန်းအိုး အနီးတွင် ရှိသော ပုတီး ကို ဆွဲယူလိုက်သည် ။
အခု ငါ စိတ်လှုပ်ရှားနေသည် ။ ပုတီးစိပ် နေလျှင် ကောင်းမည် ။
“ သောဘဂဝါ ဣတိပိအရဟံ ၊ သောဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ ၊ သောဘဂဝါဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော ၊ အကယ်လို့ အဲဒီလို ဂုဏ်တော်ကိုးပါး နဲ့ ပြည့်စုံမယ့် ဘုရားအဖြစ် ရောက်ရမယ် ဆိုရင် စံမတူမကလေး ကို လဲ ... ရာဟုလာ မယ်တော် နေရာမှာ … ”
“ ဟာ .. ဟုတ်သေးပါဘူး ၊ ငါ ဘယ့်နှယ့် ဖြစ်နေပါလိမ့် ၊ ဘုရားဆောင် ထဲ ကို သွားရရင် ပိုပြီးတော့ စိတ်ထားငြိမ်ကောင်းပါရဲ့ ”
သူကြီးမင်း သည် ဘုရားဆောင် အတွင်းသို့ ရောက်ရှိသွား၏ ။ ဒုက္ကရစရိယာ ကျင့်တော် မူဟန် ထုထားသော ဗုဒ္ဓရုပ်ပွားတော် သည် တည်ငြိမ်သော အသွင် ကို ဆောင်လျက်ရှိသည် ။
သူကြီးမင်း သည် သုံးကြိမ်တိတိ ဦးညွှတ်လိုက်ပြီးနောက် ဗုဒ္ဓရုပ်ပွားတော် ၏ ရှေ့တွင် ပျံ့ပျံ့စွာ ထိုင်လျက် ဗုဒ္ဓရုပ်ပွားတော် ၏ မျက်နှာကို တစိမ့်စိမ့် မော်ဖူးသည် ။
ဤ တည်တံ့ ငြိမ်သက်သော ကိုယ်တော်ကား တစ်ချိန်သောအခါက အနိတ္တဂန္ဓ မင်းသား ဘဝတွင် မိန်းမတွေကို အလွန် အစွဲအလမ်းကြီးခဲ့ဖူးသူ ဖြစ်ခဲ့ချေ၏ တကား ။ သေသောက်ကြူး ဘဝ ဖြစ်စဉ် ပရဗိုဇ်မ ကို ဗလက္ကာရ ပြုကျင့်ခဲ့ဖူး၍ သိဝရာဇ်မင်းကြီး အဖြစ်နှင့် မိမိ စစ်သူကြီး မယား ကို ကြာခိုခဲ့ဖူးသည့် အပြင် ကုသမင်း အဖြစ်နှင့် မယားရူးကြီး ဖြစ်ခဲ့ဖူးပါတကား ။
“ ရှင်တော် ဘုရား … ဘုရားတပည့်တော် သည် ငါးပါးသီလ ကို ခါးဝတ်ပုဆိုး ကဲ့သို့ မြဲခဲ့ပါသည် ဘုရား ၊ သူတစ်ပါးမယား ကို မပြစ်မှားဖူးခဲ့သေးပါ ဘုရား ၊ ဘုရားတပည့်တော် သည် အလို မတူသော မိန်းမငယ် တစ်စုံတစ်ယောက် ကို ကျူးလွန်သမှု မပြုခဲ့သေးပါဘုရား ၊ ဘုရား တပည့်တော်သည် …. ”
ဘုရားဆောင် အတွင်း ၌ အတော် မှောင်၍ နေပေပြီ ။ အိမ် ပေါ်သို့ တက်လာသော ခြေသံ ကို ကြားရ၏ ။ သူကြီးမင်း သည် ခြေသံ နှင့်အတူ ရင်တွင်း၌ ပြင်းထန်စွာ ခုန်လာ၏ ။ မျက်စိ ကို စုံမှိတ်လျက် ဗုဒ္ဓရုပ်ပွားတော် ၏ ရှေ့မှောက် တွင် ဟန်လုပ်ကာ ငြိမ်သက်၍ နေလိုက်သည် ။
ခြေသံ သည် တဖြည်းဖြည်း အနီး သို့ ရောက်လာ၏ ။ ထို့နောက် အနီးတွင် ခဏ ရပ်သွား၏ ။ ထို့နောက် ညင်သာသော လေသံ နှင့် ခပ်တိုးတိုး ပြောလာသည် ။
“ သူကြီးမင်း ကျွန်တော်တို့ သွားကြစို့ ”
သူကြီးမင်း သည် ခဏဟန် လုပ်ကာ ခပ်မဆိတ် ငြိမ်နေလိုက်၏ ။
“ ငါ ဒီလိုပဲ ဟန်လုပ် နေရရင် ကောင်းမလား ”
ထို့နောက် အလိုလိုပင် ရုပ်ပွားတော် ကို ဦးချလျက် နေရာ မှ ထလိုက်မိသည် ။ ထို့နောက် လာခေါ်သော ကိုဘဲဥ ၏ မျက်နှာ ကို လည်း မကြည့်ဝံ့တော့ချေ ။
သူကြီးမင်း သည် ကိုဘဲဥ ၏ နောက်မှ တိတ်ဆိတ်စွာ လိုက်လာခဲ့၏ ။ ကိုကျင်စွမ် သည် သူတို့ ၏ စာဖတ်အသင်းရုံကလေး မှ အဆင်သင့် ဆီးကြိုကာ အခန်း တစ်ခု အတွင်းသို့ ပို့ပေးသည် ။ အခန်းတွင်း ၌ မှောင်နေ၏ ။ သူကြီးမင်း သည် အခန်းဝ တွင် ခေတ္တ ရပ်လျက် တစ်ကိုယ်လုံး ထူပူနေသည် ။ ငါ ဖြစ်မှ ဖြစ်ပါ့မလား ၊ ငါ သင့်တော်ပါ့မလား ဟု တွေး၏ ။
ထို့နောက် အခန်းအတွင်း သို့ ရောက်ရှိသွား၏ ။ မှောင် ထဲတွင် နူးညံ့သော အရာဝတ္ထု တစ်ခုကို ထိတွေ့ လိုက်ရသည် ။ တစ်ကိုယ်လုံး စိမ့်လျက် သိမ့်သိမ့်ခါ သွားပြီးလျှင် အငမ်းမရ ဖက်ထားလိုက်မိသည် ။ ။ အသက်ရှူသံများပင် ပြင်းလာမိ၏ ။ အလိုလို မောဟိုက်လာ၏ ။ သူကြီးမင်း သည် ရပ်ရေးရွာရေး တို့ ကို လည်းကောင်း ၊ လူ့လောကကြီး ကို လည်းကောင်း ၊ ဗုဒ္ဓ ၏ တရား ဓမ္မကို လည်းကောင်း လုံးဝ သတိ မရတော့ပါချေ ။
“ စစ်ရေးမက်ရေး ၊ ရန်သူဘေးကြောင့် ၊ အပြေးအလွှဲ ၊ ဆွေမျိုးကွဲသား ၊ ပြည်ထဲရေးရာ ၊ ခက်သည်သာတည့် ။
အစာ အစား ၊ ထွားထွား မြည့်ကြေ ၊ ရှားပါးလေ၍ ၊ သေကျေပျောက်ဆဲ ၊ ငတ်မွတ်ကဲလျှင် ၊ ပြည်ထဲရေး ထက် ဝမ်းရေးခက်၏ ။
ထို့ထက်မှာမူ ၊ ချစ်ခင်သူနှင့် ၊ အတူတကွ ၊ မပေါင်းရဘဲ ၊ လွမ်းတပူဆွေး ၊ သူနှင့်ဝေးသော် ၊ ပြည်ထဲရေး နှင့် ၊ ဝမ်းရေးတို့ ထက် လွမ်းရခက်၏ ။
အဖက်မရ ၊ ခက်သုံးစမူ ၊ ဒုလ္လဘတွင် ၊ မပါဝင်လျက် ၊ သည်တခက်ကား ၊ သူ့ထက်လွန်ကျူး ၊ သာ၍ ထူး၏ ၊ ရှေးဦးဖွားစ ၊ ငါ့ကို မ,သား ၊ သတ္တဘာဂ ၊ ဒေဝရာဇာ ၊ သူနှင့် ငါကို ၊ ဖူးစာရေးလေ သလော ”
☐ ရန်ကုန်ဘဆွေ
📖 ဝတ္ထုတိုများ
No comments:
Post a Comment