ထိုနှစ် သီတင်းကျွတ် ပွဲတော်သည် စည်ကားလှသည် ။ နှလုံးလှကျောင်းသူများ က ကရဝိတ်ဖောင် ကို ယိမ်းသီချင်း ဖြင့် လှော်ခတ်ကာ ကရဝိက် ဖောင်ထိပ်တွင်မူ မလေးခင် က မြမန်းဂီရိသီချင်း ဖြင့် ယိုးဒယားက ကို အချိုးကျကျ ကပြ ဖြေဖျော်ပြီးနောက် ၊ ဆရာဦးဖုန်းဝေ ခေါင်းဆောင်သော တင်မောင် တို့ တီးဝိုင်း ကလည်း ပံ့ပိုးမှု ကောင်းလှ၏ ။
မလေးခင် ၏ နောက်ဘက်တွင် မူ ဆရာမကြီး ကိုယ်တိုင် အကျအန ထိုင်၍ အဖော်ပြုကာ ထိန်းသိမ်းလျက်ရှိ၏ ။
ကျန် ကျောင်းသားများက ဘေးမှ ရံလျက် ပွဲတော် ကို လိုသလို ဆောင်ရွက် ပေးကြ၏ ။ တချို့က ဆီမီးခွက်မျှောပွဲတွင် ဦးဆောင်ဦးရွက်ပြု၏ ။ တချို့က ရပ်ကွက်လိုက် တီးဝိုင်း ကိုယ်စီဖြင့် ချောင်းကမ်းစပ် သို့ ဆီမီးခွက် မျှောရာတွင် ၊ အလှည့် နှင့် ဖြစ်စေရန် စီစဉ်ပေးသည် ။ အစိုးရအလယ်တန်း ကျောင်းသားကျောင်းသူများ က တန်းစီ၍ ဆီမီးခွက်များ ကို အလှအပ မျှော ကြသည် ။
နောက်နေ့ ဆွမ်းကြီးလောင်းပွဲတော်တွင် လည်း ဆရာဦးဖုန်းဝေ တီးဝိုင်းအဖွဲ့က ဘုရားကျောင်းဆောင် ၏ နောက်တွင် နေရာယူသည် ။ ကျောင်းသားအချို့က ဆရာတော်များ ၏ ရှေ့မှ တောင်း ကို ပိုက်၍ ဘုန်းကြီးကျောင်းသား လုပ်ကြ၏ ။ ကျောင်းသူများ ကမူ မိမိတို့ ကိုယ်စီအိမ် ရှေ့မှနေ၍ လှူဖွယ်ပစ္စည်းများဖြင့် လောင်းလှူကြသည် ။
ဆရာမကြီး နှင့် မလေးခင် တို့က ကျောင်းဝင်းဝ မှနေ၍ လှူဖွယ် ပစ္စည်းတို့ ကို လောင်းလှူကြ၏ ။
ပွဲတော် မတိုင်မီ တစ်လျှောက်လုံး တီးဝိုင်းတိုက်ရာ ၊ ယိမ်းတိုက်ရာ ၊ ပြင်ဆင်ရာတွင် ဒေါ်တင်တင်ဝေ သည် နောက်နားမှ နေ၍ လိုလေသေး မရှိ ကူညီမှုပြုနေခဲ့လေသည် ။
ကျောင်းသားကျောင်းသူများ အဆာပြေ စားဖို့ ကော်ဖီ ၊ မုန့် ၊ လက်ဖက်ရည် မှစ၍ ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်ပေး၏ ။ ဆရာဦးဖုန်းဝေ ကြိုက်တတ်သော လက်ဖက်ရည် ကို လည်း ၊ ဓာတ်ဗူးကြီးဖြင့် အမြဲမပြတ် ဂရုစိုက် ဖျော်ကာ ထည့်ပေး လေသည် ။ ကိုယ်တိုင် လည်း အနားမှ နေ၍ ကျောင်းသူ များကို ထိန်းသိမ်းပေးသည် ။ ညဉ့်နက်သန်းခေါင် ဇာတ်တိုက်ရာ ၌ လည်း မအိပ်ဘဲ စောင့်နေပေး၏ ။ ကျောင်းသူများ ပြန်ချိန် တွင် အစုလိုက် အဖော်နှင့် ပြန်နိုင်ရန် စီစဉ် ကွပ်ကဲပေး၏ ။
တစ်ကျောင်းလုံး သိုက်သိုက်မြိုက်မြိုက် ရှိလှ၏ ။ ပထမအစမ်း စာမေးပွဲကိုလည်း စောစော ကျင်းပပေးထားသဖြင့် ၊ နောက်ပိုင်း ဇာတ်တိုက်ချိန် ပိုရလေသည် ။
ပွဲတော် ပြီးသောအခါ အားလုံးမောလျ နွမ်းခွေ သွားကြ၏ ။ ကျောင်း ကို ဆယ်ရက် ပိတ်ထားသည် ။
ဆရာမကြီး ဒေါ်တင်တင်ဝေ သည် ပန်းဖျား ဖျား၍ အိပ်ရာထဲ လဲတော့၏ ။ ညောင်လေးပင်မြို့ က ဆရာဝန် ကို ပင့်ရ၏ ။ ထိုအချိန်က စမ်းဝတီမြို့ ကလေးတွင် မြို့နယ်ဆေးရုံ မရသေးပေ ။ ကျန်းမာရေးမှူး မှ လွဲ၍ ဆရာဝန်မရှိသေးပါချေ ။
သူ ကိုယ်တိုင် ပန်းလျ နေသော်လည်း ဆရာဦးဖုန်းဝေ သည် ဣန္ဒြေ မဆောင်နိုင်ဘဲ ပျာယာခတ်နေတော့သည် ။ ကိုယ်တိုင် ဆရာဝန် သွားပင့်၏ ။ နေ့မအိပ် ညမအိပ် ဆရာမကြီး အနားမှ မခွာဘဲ ပြုစု၏ ။ ညအခါ မလေးခင် က တစ်လှည့် သူတစ်လှည့် စောင့်သည် ။ ကျောင်းသားများ ကိုလည်း အလှည့် ကျ ဆရာမကြီး အိမ်တွင် ရှိနေစေ၏ ။
ခုနစ်ရက်မြောက်နေ့မှ ဆရာမကြီး ဆန်ပြုတ် စသောက်သည် ။ ရှစ် ရက်မြောက်တွင် ဆရာမကြီး ပက်လက်ကုလားထိုင် ဖြင့် ထိုင်နိုင်ပြီ ဖြစ်၏ ။ ထို့ကြောင့် အလှည့်ကျ တာဝန်ယူကြသော ကျောင်းသားများ ကိုယ်စီကိုယ်စီ အိမ်ပြန်ကြရတော့သည် ။
ကိုဖုန်းဝေ သည် အသာ ခြေကြွ၍ ကြိမ်ထိုင်ခုံ ပေါ်တွင် ထိုင်လိုက်၏ ။ တင်တင်ဝေ က ပက်လက်ကုလားထိုင် ပေါ်တွင် မှိန်းနေ၏ ။ ကိုဖုန်းဝေ က တင်တင်ဝေ အား ရှုမဝသော အကြည့်ဖြင့် ငေးစိုက်၍ ကြည့်နေသည် ။
နာလန်ထစ မျက်နှာ တွင် ပြည့်ဖောင်းနေသောပါးတို့ ချိုင့်ဝင်နေ ၏ ။ သို့သော် ထင်း နေသော မျက်ခုံးတို့နှင့် မျက်လွှာပိတ်လျက်ကပင် ကော့ပျံ သော မျက်တောင်တို့ က အထင်းသား ပေါ်နေသည် ။ သွေးအားလျော့သွား သဖြင့် ယခင်ဖြူဝင်းသော အသားအရေတို့မှာ ဖြူဖျော့ဖျော့ အရောင်သို့ ပြောင်းလဲနေသည် ။ တင်တင်ဝေ သည် မှိန်းနေရာမှ ၊ မျက်လုံး ကို ဖွင့်၍ ကြည့်လိုက်၏ ။ ကိုဖုန်းဝေ က သူ့ အား စိုက်ကြည့်နေသည်ကို မြင်သွားသည် ။
“ ကိုဖုန်း ရောက်နေတာ ကြာပြီလားဟင် ၊ ဝေ မှိန်းနေရင်း နည်းနည်း အိပ်ပျော်သွားတယ် ထင်တယ် ”
“ မကြာသေးပါဘူး .… လေးခင် က ဈေးသွားခါနီး ဝေ တစ်ယောက်တည်း ဖြစ်နေမှာစိုးလို့ ဝင်ပြော သွားတာနဲ့ ဝင်လာခဲ့တာ ”
“ ကိုဖုန်း လဲ ဝေ့ ကြောင့် အိပ်ပျက်စားပျက် ဖြစ်နေပြီနော် ”
“ ညက အိပ်ရပါတယ် ။ ဆယ်နာရီ ဝေ အိပ်ပျော် သွားတော့ ၊ ကိုဖုန်း ပြန်အိပ်ပါတယ် ”
“ ကိုဖုန်း ဝေ့ နား တိုးပါဦး ”
တင်တင်ဝေ က ညာလက် ကို လက်တင်ပေါ်မှ လျော့လျဲကျဲ မြှောက်၍ ခေါ်လိုက်၏ ။ ကိုဖုန်းဝေ သည် ကြိမ်ထိုင်ခုံ ကို ရွှေ့၍ တင်တင်ဝေ ၏ အနား သို့ တိုးရွှေ့ထိုင်လိုက်၏ ။
“ ဝေ့ လက်ကလေး ကို ဆုပ်ပေးပါကွယ် ”
ကိုဖုန်းဝေ က သူ ၏ လက်နှစ်ဖက် နှင့် တင်တင်ဝေ ၏ ညာလက်ကလေး ကို တယုတယ ဆုပ်နယ်ပေး၏ ။
“ ဝေ သိပ်ပင်ပန်းသွားတယ် ။ ကိုဖုန်း တောင်းပန်ပါတယ် ။ ကိုဖုန်း မနေနိုင်မထိုင်နိုင် ဆတ်ဆော့လို့ ဝေက လိုက်ပြီး ပင်ပန်းရတယ် ။ ဝေ့ ကို ကိုဖုန်း သ,တ်သလိုဖြစ်တော့မလို့ ”
“ မဟုတ်ပါဘူး … ကိုဖုန်း ရယ် ။ ဝေ ပျော်လို့ပါ ။ ဘယ်လောက် အောင်မြင်သလဲ ။ ကြည့်စမ်း ။ တစ်မြို့လုံး နှလုံးလှ အလွတ်ပညာသင် ကျောင်းသားကလေးတွေပဲ ဦးဆောင်ဦးရွက်ပြုသွားတာ ”
“ ကျောင်း အတွက်တော့ ကောင်းပါတယ် ၊ ဝေ ပန်းပြီးလဲ သွားတာက ကျွန်တော့် အတွက် အရှုံးပဲ ”
တင်တင်ဝေ က နွမ်းလျလျ ပြုံး၍ ကိုဖုန်းဝေ ကို ကြည့် နေသည် ။
ထို့နောက် သူ ၏ လက်ကို ကိုင်ထားသော ကိုဖုန်းဝေ ၏ လက် ကို သူ့ လက် နှင့် မ,ယူပြီး သူ့ ပါးမှာ ကပ်ရင်း ၊ မျက်လုံး ကို မှိတ်၍ မှေးနေလိုက်၏ ။ နှုတ်ခမ်းလွှာများ က ပြုံးနေကြ၏ ။
“ လွန်ခဲ့တဲ့ ရက်တွေက ကိုဖုန်း သိပ် စိုးရိမ်သွားလားဟင် ”
တင်တင်ဝေ က မျက်လုံး ကို မှိတ်ထားလျက် မှ ပြုံး၍ မေးသည် ။
“ အဲဒီတုန်းက ကျွန်တော် သေချင်နေတယ် … မသေတော့ ရူးနေသလိုပဲ ”
“ ဝေ သေသွားရင် ကိုဖုန်း လိုက်သေမှာလား ”
“ အပြောနဲ့ ဝန်ခံရတာ ရှက်ပါတယ် ။ ဒါပေမယ့် … တစ်နေ့တော့ ဒီလိုပဲ ဖြစ်မှာပဲ ဆိုတာ ယုံ နေတယ် ။ ကျွန်တော့် အရင် ဝေ သေသွားမှာကို ကျွန်တော် သိပ်ကြောက်တယ် ။ ကျွန်တော် အရင် သေသွားရင် ကျွန်တော် အတွက် သက်သာမှာပဲ ။ နို့မဟုတ်ရင် ကျွန်တော် မတွေးရဲဘူး ”
တင်တင်ဝေ သည် အရောင်လက်သော မျက်လုံးတို့ဖြင့် ကိုဖုန်းဝေ ကို ကြည့်နေမိ၏ ။
ကိုဖုန်းဝေ က ဝေ့ လက်ကလေး ကို သူ့ ဘက်သို့ ဆွဲပြီး ၊ သူ ၏ ရင်ခွင် ထဲတွင် ပွေ့ထားလိုက်သည် ။
“ ကိုဖုန်း ၊ ဂီတာ သွားယူကွယ် ။ ဝေ နားထောင်ချင်လို့ ။ ပြီးတော့ ချစ်ရေစင် သီချင်းကို ဆိုချင်တယ် … ”
“ ဝေ .. မောနေမှာပေါ့ … ”
“ ဟင့်အင်း ၊ ဟင့်အင်း ဝေ မမောပါဘူး … ”
ကိုဖုန်းဝေ သည် ဝေ့ လက်ကို လွှတ်၍ မထချင်ထချင် နှင့် ထလိုက်သည် ။
ကိုဖုန်းဝေ ဂီတာ ကို ပြန်ယူပြီးလျှင် ကြိမ်ခုံ ပေါ်တွင် ထိုင်ကာ ၊ ဂီတာကြိုးများ ညှိ နေသည်ကို တင်တင်ဝေ က စိတ်ဝင်စားစွာ ကြည့်နေ၏ ။
“ ကဲ ဆိုတော့ ”
ကိုဖုန်းဝေ က ပြောပြီး ၊ သီချင်း ကို တောပေးလိုက်၏ ။
“ ကြူကြူသင်းတဲ့ … ရွှေနှင်းဆီရယ် ၊ သင်းရနံ့ က မွှေးတယ် ၊ မခူးရက်စရာရယ်…အထူးပဲလှတယ် ၊ သူ့ကိုယ်သူပင်… ဆူးတွေကိုဆင် ၊ နတ်ဥယျာဉ်ဝယ် ရောင်စုံဖူးပွင့်တယ် … ”
အတီးပိုဒ် တွင် တင်တင်ဝေ မှာ မောနေ၏ ။
“ ဆောင်တော်ကူးကာ … ဆွတ်ခူးတော့မယ့် သခင်ရယ် ၊ … တစ်ပွင့်ထဲ ပန်းကို … လှမ်းချင်ပေမယ့် … ”
တင်တင်ဝေ က ဆက် မဆိုနိုင်ဘဲ ရပ်လိုက်သည် ။ မောနေသဖြင့် ရင်ဘတ်ကို လက် နှစ်ဖက်နှင့် ဖိထားလိုက်၏ ။ ကိုဖုန်းဝေ က လည်း တင်တင်ဝေ ကို မော့ကြည့်ကာ အလန့်တကြား ဂီတာ တီးရပ်ကာ ဘေးသို့ချ ထားလိုက်၏ ။ လက်ခတ်များ ကို ကမန်းကတန်း ချွတ်၍ ဘေးသို့ ချထားလိုက် သည် ။ တင်တင်ဝေ နား တိုးကပ်သွားပြီး - “ ဝေ သိပ်မောသွားလား ဟင် ” ဟု အငမ်းမရ မေးနေ၏ ။
တင်တင်ဝေ က မျက်လုံး ကို မှိတ်၍ ခေါင်းခါသည် ။ အသက် ကို ပြင်းပြင်း ရှူနေ၏ ။ အတန်ကြာမှ အသက်ရှူ ဖြည်းသွားသည် ။ မျက်လုံး ကို ဖွင့်၍ ကိုဖုန်းဝေကိုလှမ်းကြည့်နေသည် ။
“ အဆုံးထိ မဆိုနိုင်သေးဘူးနော် ”
“ နောက်တော့ ဆိုပေါ့ ။ အခု အားမှ မရှိသေးဘဲ ”
“ မေရှင် ရဲ့ ဇာတ်သိမ်းစကားလေး လည်း ပြောချင်သေးတယ် ၊ အခုတော့ မရှက်ပါဘူး … ”
“ ဟင့်အင်း … ကိုဖုန်း အခုနားမထောင်ချင်သေးဘူး ။ ဝေ က နာလန်ထစ ရှိသေးတယ် ။ နောက် နေကောင်း လာတဲ့အခါ သီချင်း လဲ အစအဆုံး ဆိုပြ ၊ ပြီးတော့ အဲဒီ စကားလေး လဲ ရွတ်ပြ ဟုတ်လား ၊ အခုတော့ နားနေလိုက်ဦး ”
တင်တင်ဝေ က ပြုံး၍ ခေါင်းညိတ်လိုက်၏ ။
“ ဝေ …”
“ ကိုဖုန်း ”
ကိုဖုန်းဝေ က ဝေ ၏ လက်ကလေး ကို တယုတယ ကိုင်ထားသည် ။
“ ကျွန်တော့် ကို ခုနေခါ ဆန္ဒ အရှိဆုံး တစ်ခုခု ကို ခိုင်းလိုက်ပါ ။ အရင် တုန်းက ဘယ်လို အကြောင်းပြချက်တွေနဲ့ ငြင်းငြင်း ၊ အခု မငြင်းတော့ဘူး ။ ကိုဖုန်း လုပ်မယ် ”
တင်တင်ဝေ သည် ကိုဖုန်းဝေ ကို အံ့သြသော မျက်နှာဖြင့် စိုက် ကြည့် နေသည် ။ ထို့နောက် ကိုဖုန်းဝေ ကိုင်ထားသော မိမိ လက်ကို ပြန်၍ မသိမသာ ရုန်းထုတ်လိုက်၏ ။
“ ဘာကို ခိုင်းရမှာလဲ ကိုဖုန်း ၊ ဝေ နားမလည်ဘူး ”
“ ဝေ သိပါတယ် ။ ဟိုတုန်းက ကျွန်တော့် ကို တစ်ခုခု လုပ်စေချင်တယ် မဟုတ်လား ၊ အဲဒါကို ကိုဖုန်း က လွန်ဆန်ခဲ့တယ် ။ အခုနေ ဝေ က အဲဒါကို ပြန်ပြီး တိုက်တွန်းမယ် ဆိုရင် ကျွန်တော် လုပ်တော့မယ် ။ ဘာ ဆင်ခြေမှ မပေးတော့ဘူး ”
တင်တင်ဝေ က သဘောပေါက် သွားဟန်ဖြင့် ပြုံးယောင် သမ်းလိုက်၏ ။
“ ကိုဖုန်း မှာ ပယောဂ ဝင်နေပြီ ။ ဝေ က ခန္ဓာ ပျော့နေပေမယ့် ၊ စိတ် က မပျော့သေးပါဘူး ကိုဖုန်း ရယ် ။ အခုနေခါ ဘာမဆို အလိုလိုက်မယ် ဆိုတဲ့ စိတ်ညွှတ်မှုကတော့ ဝေ့ မှာလဲ ပေါ်နေပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ဝေ လေ ၊ အခုပိုပြီး ကိုဖုန်း ကို ချစ်နေတယ် သိလား ဒါပေမယ့် …..”
“ ဒါပေမယ့် ဘာဖြစ်သလဲ ဝေ … ပြောပါဦး ”
တင်တင်ဝေ က စကား ရပ်လိုက်သဖြင့် ကိုဖုန်း က အငမ်းမရ မေးလိုက်၏ ။
“ ဒါပေမယ့် … ဝေ က ကိုဖုန်း ကို ဘယ်တော့မှ ဘာမှ ဆန္ဒပြု တော့ဘူးလို့ ဆုံးဖြတ်ခဲ့ပြီးပြီ ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်ဆန္ဒ ကို မရင်းရဲ ဘူး ။ မအောင်မြင်ရင် ၊ ခံစားရတဲ့ ဒုက္ခ ကို နောက်ထပ် မခံနိုင်တော့ဘူး ။ ချစ်သူရဲ့ အလိုကို သိပြီးရက်သားနဲ့ ထပ်ပြီး ဆန္ဒပြုမှ ကိုဖုန်း က လုပ်မှာလား ။ ဒီလိုဆိုရင် ကိုဖုန်း မလုပ်ပါနဲ့တော့ကွယ် … အဲဒီ ဆန္ဒ ကိုလည်း ဘယ်တော့မှ ကိုဖုန်း ကြားရမှာ မဟုတ်ဘူး ”
တင်တင်ဝေ သည် မောသွားဟန်ဖြင့် စကား ကို ရပ်လိုက်၏ ။ ကိုဖုန်းဝေ က ခေါင်း ကို ခါရင်း သက်ပြင်းချသည် ။
“ ချစ်သူ တစ်ယောက်ရဲ့ မာန ကို မချိုးချင်ပါဘူး ။ ဒါပေမယ့် ချစ်တယ် ဆိုတာကို ပြဖို့ အတွက် ကျွန်တော့် ကို အခွင့်အရေး တစ်ခုပေးပါ ။ ကျွန်တော် ဝေ့ အလိုကို လိုက်ခွင့် ရအောင် နှုတ် က နေပြီး ဖွင့်ပြီး ဆန္ဒပြုလိုက်ပါ ။ ဒါပဲ ။ ကျွန်တော် လိုချင်ပါတယ် ”
တင်တင်ဝေ သည် မျက်ရည် ဝဲသော မျက်လုံးတို့ဖြင့် ကိုဖုန်းဝေ ကို ကြည့်နေ၏ ။
“ ကိုဖုန်း သွားတော့ ၊ ဝေ နားချင်တယ် ၊ ကြာရင် ဝေ မောလာလိမ့်မယ် ”
“ ကျွန်တော် ……… ”
“ ဝေ့ ကို သနားရင် အခု ခဏတော့ ဝေ့ မျက်ကွယ်မှာ သွားနေပေးပါ ။ ဝေ ကြာရင် … ကိုဖုန်း ဝေ့ ကို နားခွင့်ပေးပါကွယ် … ”
••••• ••••• •••••
ကျောင်း ပြန်ဖွင့်စ တွင် ဆရာမကြီးတင်တင်ဝေ သည် စာသင်ခန်း တွင်း မဝင် နိုင်ပေ ။
ဆရာကိုဖုန်းဝေ ကမူ ခါတိုင်းထက် ပင် ပို၍ စာကို ဖိသင်သည် ။ ဆရာမကြီး ဒေါ်တင်တင်ဝေ က လည်း စာသင်ခန်း သို့ ပြန်ဝင်နိုင် သည့် နေ့မှ စ၍ အတိုးချ၍ စာသင်သည် ။
ဆရာကိုဖုန်းဝေ က တက္ကသိုလ်ဝင်တန်း ကို ညနေပိုင်း အချိန်ပို ခေါ်၍ သင်သည် ။ ဆရာမကြီး က အင်္ဂလိပ်စာ နှင့် သမိုင်း အတွက် နံနက်ပိုင်း တွင် ပုံမှန်ကျောင်းတက်ချိန် ထက် တစ်နာရီ စောခေါ်၍ အချိန်ပိုသင်သည် ။
ဆရာ နှင့် ဆရာမကြီး တို့မှာ ကျောင်းသားများ ရှေ့၌ ဘာမျှ မဖြစ် သကဲ့သို့ ကျောင်းကိစ္စများ တွင် ပြောဆို ဆက်ဆံကြ သော်လည်း နှစ်ဦးချင်း ၊ တွေ့ဆုံပြောဆိုကြသည်ကိုမူ တွေ့ရခဲလာသည် ။ ဆရာကိုဖုန်းဝေ သည် ခါတိုင်း အချိန်များ၌ နံနက်ခင်း အိပ်ရာထ လက်ဖက်ရည် ကို ဆရာမကြီး အိမ်သို့ သွား၍ သောက်တတ်သော်လည်း ၊ ယခုအခါများ၌ တစ်ဖက် လမ်းရှိ လက်ဖက်ရည်ဆိုင် သို့ သွား၍ သောက်လေ့ ရှိလာသည် ။
ထူးဆန်းသည် မှာ ဆရာကိုဖုန်းဝေ ၏ ဂီတာသံ ကို မည်သူမျှ မကြား ရတော့ပေ ။ ဆရာ ၏ ဂီတာ သည်လည်း သူ ၏ လက်ကတုံးတောင်ဝှေး ဖြစ်သူ တင်မောင် ထံသို့ ရောက်ရှိသွားပြီ ဖြစ်၏ ။ ကျောင်းသားများ ကို ညနေ ထမင်း စားပြီးလျှင် ကျောင်း သို့ ပြန်လာစေသည် ။ ညပိုင်းတွင် သင်္ချာ ကို တွက်စေ၍ ၊ သင်္ချာ ပြီးလျှင် တခြား ဘာသာရပ်များ ကို ကျောင်းတွင် ပင် တိတ်တိတ်ဆိတ်ဆိတ် ကျက်စေ၏ ။ ဤသို့ဖြင့် နှလုံးလှကျောင်းကြီး သည် ညအခါ မိုးချုပ်သည့်တိုင် အောင် မီးတထိန်ထိန် ဖြင့် ရှိနေတော့၏ ။
စာမေးပွဲကြီး စစ်တော့ ကျောင်းသားကျောင်းသူများ အားလုံး ညောင်လေးပင်မြို့ တွင် ညအိပ် သွားရောက် ဖြေရသည် ။ ဆရာဦးဖုန်းဝေ ကိုယ်တိုင် ကြပ်မတ်၍ ခေါ်သွားသည် ။ ကျောင်းသူများ ကို တစ်နေရာ နေစေပြီး စားရေးသောက်ရေးကစ ကိုယ်တိုင်ကိုယ်ကျ စီစဉ် ပေးသည် ။ ညောင်လေးပင် မြို့တွင် နေထိုင်သော ဆရာဦးလှထွန်း ကိုယ်တိုင် လည်း ကူညီ ကြပ်မတ် စီစဉ် ပေးပါသည် ။
စာမေးပွဲ ဖြေသော နေ့များ တွင် ဆရာမကြီး ဒေါ်တင်တင် ကိုယ်တိုင် နေ့စဉ်လာသည် ။ ညနေမှ မြင်းလှည်း ဖြင့် စမ်းဝတီ သို့ ပြန်သည် ။ စာမေးပွဲ ဖြေပြီး၍ ကျောင်းသားကျောင်းသူများ နှင့် အတူတူ ဆရာဦးဖုန်းဝေ ပါ ပျော်ပျော်ပါးပါး ပြန်လာကြ၏ ။
နောက်နေ့တွင် တောင်ခြေတောစခန်း သို့ ပျော်ပွဲစား ထွက်ကြသည် ။
ကျောင်းသားများ က ဆရာဦးဖုန်းဝေ အား ၊ အတင်းအဓမ္မ ဂီတာ ကို ဆိုတီးပြရန် ပူဆာသဖြင့် တင်မောင် က အသင့် ယူလာသော ဂီတာ ကို ဆရာကိုဖုန်းဝေ ထံ အတင်း ထိုးပေးသည် ။ လက်ခတ်များ ကို လည်း ဆရာ့ လက်တွင် အတင်း စွပ်ပေးကြ၏ ။
ဆရာဦးဖုန်းဝေ သည် မနေသာတော့ဘဲ ကိုစောငြိမ်း ၏ “ ပွင့်ဦး ” သီချင်း ကို ဆိုတီး ပြလေသည် ။ ဆရာမကြီး က ကျောင်းသူများ အလယ်မှ နေ၍ ငေးငေးတွေးတွေးဖြင့် နားထောင် နေသည်ကို အားလုံး မြင်ကြလေ သည် ။
စားသောက် ပြီးကြသော ကျောင်းသားများက သရက်သီးခူး ထွက် ကြ၏ ။ ကျောင်းသူများက အိုးနှင့်ပန်းကန်များ ဆေးကြောရန် စမ်းချောင်း ဘက်သို့ အိုးခွက်များ သယ်၍ သွားကြ၏ ။ စခန်းချထားသော နေရာတွင် ဆရာမကြီး နှင့် ဆရာဦးဖုန်းဝေ နှစ်ဦးတည်း သာ ကျန်ရစ်ခဲ့ကြ၏ ။ မြန်မာစာ ဆရာ ဦးအေးလှိုင် မှာ ကျောင်းသားများ နှင့်အတူ ပါသွားလေသည် ။
ဦးဖုန်းဝေ က မိုးကာဖျင် ပေါ်တွင် ပက်လက်လှဲ၍ နေ၏ ။ ဆရာမကြီး ကတော့ ဆရာဦးဖုန်းဝေ ဘေးတွင် ဒူးတုပ် ထိုင်၍ ဘေးတွင် ချထားသော ဂီတာကြီး ကို လက်နှင့် အမှတ်မထင် တီးခတ် နေသည် ။
“ ကျွန်တော် မနက်ဖြန် မော်လမြိုင် ခဏ ပြန်ဦးမယ် … ”
ကိုဖုန်းဝေ က ရုတ်တရက် ပက်လက်လှဲ နေရာမှ ပြောလိုက်၏ ။
“ ဟုတ်သားပဲ … ကိုဖုန်း အိမ် မပြန်တာ ကြာပြီ ။ ဝေ ကတောင် မေးမလို့ ၊ ကိုဖုန်းတို့ အမေ နဲ့ အဖေက စိတ်ပူနေမှာနော် ။ စာတော့ ရေးတယ် မဟုတ်လား ”
“ အမေ မရှိတော့တာ ကြာပါပြီ ။ အဖေ ကတော့ ရှိသေးတယ် ။ နောက်အိမ်ထောင် နဲ့ပါ ။ ညီ တစ်ယောက် တော့ ရှိသေးတယ် ။ သူ က ဟိုမှာပဲ ဆယ်တန်း အောင်ပြီး အဖေ က လွှဲပေးထားတဲ့ စက်လှေ နဲ့ စီးပွားရေး လုပ် နေပါတယ် ။ အိမ်ထောင်လဲ ကျနေပါပြီ ”
“ အို ဟုတ်လား … ။ ကိုဖုန်း တို့က မော်လမြိုင် ဘယ် အရပ်မှာလဲ ”
“ ဟင် ။ အံ့သြစရာပဲနော် ကိုဖုန်း နဲ့ ဝေနဲ့ အတူတူ နေလာကြတာ ကိုဖုန်း နောက်ကြောင်း ကို တစ်ခါမှ မမေးမိဘူး ။ ဟင်း … ဟင်း မော်လမြိုင် က သူဌေးသား မှန်းတော့ သိထားပါရဲ့ ။ ဒါတောင် တီတီစီ တုန်းက အဆောင်က မော်လမြိုင်သူ တစ်ယောက် က ဖောက်သည်ချလို့ သိရတာ ။ ကာယကံရှင် ကတော့ တစ်ကောင်ကြွက် ကျနေတာပဲ ”
ကိုဖုန်းဝေ က ထ ထိုင်လိုက်ပြီး ဒူးနှစ်ဘက် ကို လက်နှစ်ဖက် နှင့် ပိုက်ထား၏ ။
“ တကယ်တော့လဲ တစ်ကောင်ကြွက် ပါပဲဗျာ ။ သူဌေးသား ဆိုတာ လဲ မဟုတ်ပါဘူး ။ အဖေ က စက်လှေ နှစ်စီး ပိုင်တယ် ၊ တစ်စီး ကို နောက်မိန်းမ နဲ့ သူ လုပ်စားတယ် ။ ကျန်တစ်စီး က ကျွန်တော့ ညီ ကို ပေးတယ် ။ ကျွန်တော့် ကို တော့ မောင်ငံ က အိမ်တစ်လုံး ပေးတယ် ။ အဲဒီ အိမ် မှာ အိမ်ငှားတွေ ရှိတယ် ။ ကျွန်တော် အိမ်လခ ရတာပေါ့လေ ။ အခု ပြန်ရင် အဲဒီ အိမ်ကို ရောင်းခဲ့မယ် ”
“ ဘာလုပ်ဖို့ ရောင်းရမှာလဲ ၊ နောက် ကိုဖုန်း ပြန်တော့ ဘယ်လို လုပ်မလဲ … ”
ကိုဖုန်းဝေ က ဝေ့ ကို စိုက်ကြည့်နေ၏ ။ အတန်ကြာအောင် ဘာမျှ မပြောဘဲနေသည် ။ တင်တင်ဝေ က ကိုဖုန်းဝေ ၏ အကြည့် ကို မခံနိုင်သဖြင့် ခေါင်းငုံ့၍ ထားသည် ။ သူ အပြော မှားသွားကြောင်း သိလိုက်ပါသည် ။
“ ကျွန်တော် နေစရာ ဒီ စမ်းဝတီ ပဲ ရှိတယ် ဝေ ။ ဒီ စမ်းဝတီ မှာပဲ ကျွန်တော် ခေါင်းချတော့မယ် ။ ကျွန်တော့် ကို ကျွန်တော့် ချစ်သူ က လက်ထပ် ပါတော့မယ် လို့ ပြောမယ့် အချိန် ကို ကျွန်တော် မျက်စိနှစ်လုံး ပိတ်သွားတဲ့ အထိ စောင့်ရင်း နေသွားမယ် ၊ သိပြီလား ဝေ ”
တင်တင်ဝေ က ဘာမျှ ပြန်မပြောဘဲ ခေါင်းငုံ့မြဲ ခေါင်းငုံ့ နေသည် ။ အတန်ကြာမှ အသံတိုးတိုး ဖြင့် …
“ ကိုဖုန်း ဘယ်လောက် ကြာကြာ နေမှာလဲဟင် ”
“ ဘာဖြစ်လို့ မေးတာလဲ ”
“ အကြာကြီး ခွဲ မနေနိုင်ဘူးရှင် ။ ဝေ အားငယ်တယ် ။ ပြီးတော့ … လွမ်းပါတယ် ကိုဖုန်း ရယ် ”
“ အဲဒီ အစား ၊ လက်ထပ်ကြစို့ လို့ ဘာကြောင့် မပြောနိုင်တာလဲ ဝေ ရယ် ။ ဒီတစ်ခွန်းပဲ ကျွန်တော် စောင့်နေပါတယ် ”
တင်တင်ဝေက ‘ ဟင်း ’ ကနဲ သက်ပြင်းချသည် ။
“ ဝေ လေ သိပ် အကျင့်ဆိုးတာပဲ ။ ဖေဖေ က သမီး တစ်ယောက်တည်း လဲဖြစ် ၊ ငယ်ငယ်က တည်းက မေမေ က ဆုံးခဲ့တော့ သိပ် အလိုလိုက်ခဲ့ တယ် ။ အဲဒီ အလိုလိုက်ခံထားရတဲ့ သမီး တစ်ယောက် အနေနဲ့ အကျင့်ဆိုးကြီး တစ်ခု ပါလာတယ်သိလား ။ အကျင့်ဆိုး က ဖျောက်လို့ မရဘူး ကိုဖုန်း ။ သိလား ”
“ အပျက်အပျက် နဲ့ ကျွန်တော်တို့ ရှင်ကွဲ ကွဲကြတော့မှာပဲ ၊ မာနရှင် တစ်ယောက် ကို ကျွန်တော် ချစ်ခဲ့မိတယ် ။ နောင်လဲ ချစ်နေမှာပဲ ။ ဒါပဲပေါ့ဗျာ ”
“ ကိုဖုန်း ၊ ဆက် မပြောနဲ့တော့ သူများ ရှေ့မှာ ငိုမိမှာ သိပ်ကြောက်တာပဲ ”
▢ မောင်ကိုယု
📖 မနေ့က လရောင် အောက်မှာ
No comments:
Post a Comment