Monday, March 10, 2025

•••• လဆုတ် လပြည့်ဝန်း


 

❝ •••• လဆုတ် လပြည့်ဝန်း ❞

[ ဖရာဘတ်နမ်ဖူ ဘုန်းကြီးကျောင်း ဟာ ဘန်ကောက်မြို့ မြောက် ဘက် ကီလိုမီတာ ၁၂၀ အကွာ လော့ဘူရီခရိုင် မှာ တည်ရှိပါတယ် ။ စိမ်းလန်းတဲ့ သစ်တော ဖုံးအုပ်ထားတဲ့ တောင်စွယ် တောင်တန်း ရဲ့ အခြေ မှာ ရှိတယ် ။ တောင်စောင်း က ဗုဒ္ဓဆင်းတုတော်ကြီး ကို အဝေး က ပင် ဖူးမြင်နိုင်ပြီး ပတ်ဝန်းကျင် တစ်ခွင်လုံး က အေးချမ်းမှု ကို ဖော်ပြ နေတယ် ။

ဘုန်းကြီးကျောင်းဝင်း ထဲ မှာ လှပတဲ့ ပန်းကလေးတွေ ကို စနစ်တကျ စိုက်ပျိုး ထားတယ် ။ ခေတ်မီ နေအိမ် အဆောက်အဦးကလေးတွေ က သစ်ပင် ပန်းမန်တွေ ကြား မှာ နေချင့်စဖွယ်ပါ ။ ကျောင်းဝင်း တစ်ခုလုံး ပန်းဥယျာဉ် တစ်ခု နဲ့ အတူတူပါပဲ ။

ကျောက်ခင်းလမ်းကလေး ရဲ့ နံဘေး မှာ ပန်းရောင်စုံ အလှ ကို ခံစား ကြည့်ရှုရင်း လျှောက်လှမ်း ဝင်ရောက် လာတဲ့ ဧည့်သည် ဟာ AIDS ဆိုတဲ့ လူ တစ်ရပ်လောက် မြင့်တဲ့ စာလုံးကြီး ကို တွေ့ ရရင် ခြေလှမ်း တန့် သွားမှာပဲ ။ လမ်းနံဘေး ပန်းရုံတွေ ကြား မှာ ကျောက်သား နဲ့ ထွင်းထု ထားတဲ့ လူသေကောင် ၊ အရိုးစု ၊ လူဦးခေါင်းခွံတွေ ကို မြင်တွေ့ ရင်တော့ အေးချမ်းလှပတဲ့ ပန်းဥယျာဉ် ထဲ လမ်း လျှောက် နေတဲ့ ခံစားမှု ကွယ်ပျောက် သွားမှာ အသေအချာပါ ။

သည် ဘုန်းကြီးကျောင်း ကို ယိုးဒယားဘုန်းကြီး ဆရာတော် ဒေါက်တာ အလောင်တော့ ဒီခပန်ညို က AIDS ရောဂါဝေဒနာ ခံစားရတဲ့ ဝေဒနာသည် တွေ နောက်ဆုံး ခိုကိုးစရာ နေရာ တစ်ခု အဖြစ် ၁၉၉၂ ခုနှစ် က စတင် ထူထောင်ခဲ့ တာပါ ။

လူ ၄ဝဝ စာ နေရာ ရှိပြီး လူ တစ်သောင်း လောက် က သည်မှာ နေထိုင် ရဖို့ စောင့်ဆိုင်း နေကြတယ် ။ ကျောင်းဝင်း ထဲ မှာ ဆေးရုံ ဖွင့်ပြီး လူနာတွေ ကို ခေတ်မီ ဆေးဝါး ကုသမှု ပေးနေတယ် ။ ရောဂါ သည်း လို့ ကွယ်လွန်ရှာသူ လည်း နေ့စဉ် ငါးယောက်နှုန်း လောက် ရှိတယ် ။

တင်ဒေါင်စပ်ဆန် ၃၅ နှစ် ဟာ ဖရာဘတ်နမ်ဖူ ဘုန်းကြီးကျောင်း မှာ ခိုကိုး နေထိုင် နေတာ ခုနစ်လ လောက် ရှိသွားပါပြီ ။

အေးမြတဲ့ သစ်ပင်ရိပ် ၊ လူနေတိုက်ခန်း ရှေ့ က စကျင်ကျောက် ထိုင်ခုံ မှာ ကျွန်တော်တို့ အတူ ထိုင်ပြီး စကားတွေ ပြောခဲ့ကြတယ် ။

••••• ••••• •••••

ကျွန်မ နာမည် က တင်ဒေါင်စပ်ဆန် ပါ ။ ကျက်သရေ ရွှန်းပတဲ့ လပြည့်ဝန်း လို့ အဓိပ္ပာယ် ရတယ် ။ ယိုးဒယားပြည် အရှေ့ပိုင်း က ချွန်ပူရီပြည်နယ် မှာ ကျွန်မ နေရပါတယ် ။ အလုပ် က တော့ ဈေး ထဲ မှာ ကျဘမ်း အလုပ်သမ ပေါ့ ။ အဘွန်ရချပ်သာမိ ဆိုတဲ့ ကုန်တင်ကား မောင်းသမား နဲ့ ကျွန်မ ချစ်ကျွမ်းဝင် ခဲ့ပါတယ် ။ ကျွန်မတို့ ကိုးနှစ်လောက် ပေါင်းခဲ့ရပြီး ချစ်စရာ သမီးကလေး တစ်ယောက် ရခဲ့ပါ တယ် ။ သမီးကလေး နာမည် က ကံနိသာချတ်စု တဲ့ ။

ခင်ပွန်းသည် ရဲ့ ကိုယ် ပေါ်မှာ ထူးခြားတဲ့ အနာ အချို့ တွေ့တော့ ဆရာဝန် ပြဖို့ သူ့ ကို ကျွန်မ တိုက်တွန်းပါတယ် ။ ဆရာဝန် က သူ့ မှာ HIV ကူးစက်ခံ ရပြီ လို့ ပြောတယ် ။ လွန်ခဲ့တဲ့ လေးနှစ် က သူ ဆုံးရှာတယ် ။ ကံကောင်းတာ က ကျွန်မတို့ သမီးကလေး မှာ အဲသည် သေခြင်းဆိုး ဗိုင်းရပ်စ် မကူးစက်တာပါပဲ ။ ခုတော့ သမီး ကို မွေးစားပေးဖို့ ဆရာဝန် တစ်ယောက် ပေးလိုက်ပြီ ။

ကျွန်မ နေထိုင် မကောင်း ဖြစ်လာတယ် ။ အစား လည်း ပျက်တယ် ။ ဒါနဲ့ ဆရာဝန် ကို သွား ပြဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ် ။ နောက်တော့ ကျွန်မ လည်း HIV ကူးစက် ခံရပြီ ဆိုတာ သိရတယ် ။ မယုံနိုင် စရာပါပဲ ။ ကျွန်မ ဒီလို ဖြစ်လာလိမ့် မယ်လို့ ဘယ်တုန်းက မှ မတွေးခဲ့ဖူးဘူး ။

မူကြိုဆရာမလေး တစ်ယောက် က ဖရာဘတ်နမ်ဖူ ဘုန်းကြီးကျောင်း ကို သွားပါလား လို့ အကြံ ပေးတယ် ။ ဒီနေရာ ကို ကျွန်မ လုံးဝ မသိပေမယ့် သွားမယ် လို့ ဆုံးဖြတ်ချက် ချလိုက်တယ် ။ ၂ဝဝ၄ ခု ၊ မတ်လ ၁၃ ရက် မှာ ဘုန်းကြီးကျောင်း ကို ကျွန်မ ရောက်တယ် ။

ဒီ ရောက်တော့ ကျွန်မ နေလို့ ပို ကောင်းလာတယ် ။ ARV ဆေး လည်း စားရတယ် ။ HIV ကို နှိမ်နင်းပေးတဲ့ ဆေးပေါ့ ။ လွန်ခဲ့တဲ့ လေးလလောက် တုန်း က ဆေးစစ်တော့ ကျွန်မ မှာ တီဘီရောဂါ လည်း ရှိနေတာ တွေ့ ပြန်တယ် ။ ဒါကြောင့် ARV ရော တီဘီဆေး ပါ ကျွန်မ စား နေရတယ် ။

ဒီ ကျောင်း ထဲမှာ ကျွန်မတို့ စည်းကမ်း ငါးချက် လိုက်နာ ရတယ် ။ မလိုက်နာ ရင်တော့ ချက်ချင်း နှင်ထုတ်တာပဲ ။ စည်းကမ်းချက်တွေ က စီးကရက် ၊ အရက် ၊ မူးယစ်ဆေးဝါး မမှီဝဲ မသုံးဆောင်ရဘူး ၊ လုံးဝ ရန် မဖြစ်ရဘူး ။ အချစ်ကိစ္စ ရှုပ်ရှုပ်ရှက်ရှက် မလုပ်ရဘူး ၊ လောင်းကစား မလုပ်ရဘူး ။ အပြင် ထွက်ခွင့် တောင်းပြီး ခွင့်ပြုမှ သွားရမယ် ။

ကျွန်မ ဒီမှာ ပျော်ပါတယ် ။ ကျွန်မ အသက်ထက်ဆုံး ဒီမှာပဲ နေတော့မယ် လို့ ဆုံးဖြတ် ထားတယ် ။ မိဘတွေ ကလည်း အိုကြပြီလေ ။ အဖေ က နှလုံး ရောဂါသည် ၊ အမေ က လေဖြတ်ထားတာ ။ သူတို့ ဟာ သူတို့ အချင်းချင်း ပြန် စောင့်ရှောက် နေရတာမို့ ကျွန်မ ကို သူတို့ ဘယ်မှာ ကြည့်နိုင်ပါ့မလဲ ။

ညစဉ်ညတိုင်း အိပ်ရာ အဝင် မှာ ကျွန်မ ဘုရား ရှိခိုးတယ် ။ သနားကရုဏာ ထားဖို့ ဘုရား ကို တောင်းဆိုပါတယ် ။ ကျွန်မ သမီးလေး HIV / AIDS ကူးစက် ခံရမှာ ကျွန်မ သိပ် စိတ်ပူတာပဲ ။

လူသား အားလုံး အတွက် AIDS ကို ရပ်တန့် သွားအောင် ဝိုင်းဝန်း ကြိုးပမ်း ပေးကြပါလား ရှင် ။

☐ ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ

No comments:

Post a Comment