Thursday, March 20, 2025

တစ္ဆေ ရင်ကွဲ


 ❝ တစ္ဆေ ရင်ကွဲ ❞

    ( မင်းသစ် )

    

( ၁ )


“ ခွီး ... ”


သော့ပေါက်ကလေး ထဲ ကို ဝင်ပြီး ခေါင်းကလေး ပြူ ကြည့်ကာ ရှိသေး ၊ မာန်ဖီပြီး အော် လိုက်တဲ့ ကြောင် တစ်ကောင် ကြောင့် ကျုပ် တောင် ရုတ်တရက် တော့ လန့်သွားတယ် ။


ကြောင် ကြောက်တဲ့ တစ္ဆေ ဆိုပြီး နာနာဘာဝ လောက မှာ သိက္ခာ ကျစရာ ဖြစ် ကုန်တော့မှာ စိုး လို့သာ ကိုယ့် ကိုယ် ကိုယ် အားတင်းရင်း အခန်း ထဲ ကို ဝင် လိုက်ရတယ် ။


“ ဟဲ့ .. ပူစီ ငြိမ်ငြိမ် နေစမ်း ”


ကောင်မလေး က လှည့် မာန် လိုက်တော့မှ ခါးကုန်း ထ နေတဲ့ ကြောင် လည်း ငြိမ် သွား တော့တယ် ။ ဒါတောင် မျက်လုံးစိမ်းစိမ်းကြီး တွေ နဲ့ ကျုပ် ကို မျက်တောင် မခတ် စိုက် ကြည့် နေတုန်း ။


ကျုပ် လည်း ဟန် ကိုယ့် ဖို့ ဆိုသလို သူ့ ကို အရေး မစိုက်တော့ဘဲ ကောင်မလေး ရဲ့ အိပ်ရာ ဘေး က ကတ်ဆက် ပေါ် မှာ တက် ထိုင် လိုက်ရင်း ခုန်ဆွ ခုန်ဆွ နဲ့ က  နေတဲ့ ကောင်မလေး ကို ပဲ ကြည့် နေ လိုက်တော့ တယ် ။


ကျုပ် ဖင် အောက် က ကတ်ဆက် ကတော့ “ အလီဘာဘာ ” ဆိုတဲ့ အနောက်တိုင်း သီချင်း တစ်ပုဒ် နဲ့ ဆူညံ ပွက်လောထ နေလေရဲ့ ။


ကောင်မလေး က လည်း သူ့ ရဲ့ အေရိုးဗစ် အက ကို ဆက် က နေတုန်း ။ အခန်း ထဲ မှာ သူ နဲ့ သူ့ ကြောင် တစ်ကောင် ပဲ ရှိတယ် ထင်ပြီး မီးကုန်ယမ်းကုန် ကော့ လိုက် ၊ ကား လိုက် ၊ ခုန် လိုက် ၊ ပေါက် လိုက် ။


ဟီဟိ ၊ ကျုပ် တောင် ရှက်လို့ ယောင် ပြီး ခေါင်းငုံ့ ထား မိသေး ။


နှာခေါင်းလေး နည်းနည်း ပြား ပြီး အပေါ် နှုတ်ခမ်းလေး မဆိုစလောက် တိုဝင် နေတာ က လွှဲရင် ၊ ကျုပ် ရဲ့ အရင်လူ ဘဝ တုန်း က မိန်းမ နဲ့ ခပ်ဆင်ဆင် ပဲ ၊ ဟင့်အင်း မဟုတ်သေးပါဘူး ။ ကျုပ် မိန်းမ က ဖြူပါတယ် ။ ကောင်မလေး ရဲ့ ပုံ က ချောကလက်မှိုတက်လေး ပါ ။


နောက်ပြီး စိတ်ဓာတ်ချင်း က လည်း တခြားစီ ပါ ဗျာ ။ ဒီ ကောင်မလး က တော့ ဒီလိုပဲ ကရင်း ခုန်ရင်း ၊ ဖော်ရင်း ၊ ချွတ်ရင်း နဲ့ စတေ့ ( ချ် ) ရှိုးတွေ ၊ ဗီဒီယိုတွေ ၊ ရုပ်ရှင်တွေ မှာ ပရိသတ် ကို ကိလေသာ နဲ့ ဖမ်းစား ဖို့ သာ စဉ်းစား နေတဲ့ ဟာမလေး ပါ ။ ကျုပ် မိန်းမ နဲ့ တော့ မနှိုင်းကောင်းပါဘူး ။


အင်း ... အတွေးတွေ ဘေးချော် ထွက်ပြီး ဒီ ကောင်မလေး ဆီ ကို လာခဲ့တဲ့ ကျုပ် ရဲ့ ရည်ရွယ်ချက် ကို တောင် မေ့နေတယ် ။


ကျုပ် မကျေနပ်တာ ကြာပြီ ။ ဒီလို အနုပညာ ကို အမည် ခံ ပြီး မြူဆွယ်မှု နဲ့ ကျော်ကြားမှု ကို ရှာ နေတဲ့ သတ္တဝါမလေးတွေ ကို ကျုပ် မကျေနပ်တာ ကြာပြီ ။


ဒါကြောင့် ဒီနေ့ ည တော့ ဒီ မင်းသမီး ပေါက်စန ကို ပညာ ပေးဖို့ ဆိုပြီး ကျုပ် လာ ခဲ့တာ ။


ကဲ ... တွေးနေ ကြာတယ် ။ ကတ်ဆက်ခလုတ် ကို ကျုပ် ပိတ်ပစ် လိုက်တယ် ။


“ ဟောတော် ”


မျက်လုံးလေး အပြူးသား နဲ့ ကောင်မလေး ကြောင် သွားတယ် ။ ပြီးတော့မှ ကက်ဆက် ဆီလာ ပြီး ခလုတ် ပြန် ဖွင့်တယ် ။


သီချင်းသံ လည်း ပြန် ထွက် ရော သူ လည်း ဆက် က ပြန်ရော ။ နောက် တစ်ကြိမ် ကျုပ် ကက်ဆက် ပိတ် လိုက်တယ် ။


“ ဟဲ့ ... ဘယ်လို ဖြစ်လာတာလဲ ”


ကောင်မလေး က မကျေမနပ် နဲ့ စူပွစူပွ ပြောရင်း ကက်ဆက် ကို လာ ဖွင့် ပြန်တယ် ။


သီချင်းသံ ပြန် ထွက်လို့ သူ့ ပေါင်တစ်ဖက် ကို မြှောက် ဂျောက်ခနဲ လှမ်း ပိတ်ချ လိုက်တယ် ။ 


“ အို ... ”


“ ခွီး ... ”


ကောင်မလေး က အလန့်တကြား အော်တယ် ။ ကြောင်စုတ် က တော့ ခွီးခနဲ တစ်ချက် အော် လိုက်ပြီး ကျုပ် ကို ခုန် အုပ် လိုက်တယ် ။


ဘာ ရမလဲ ။ ဘေးနား က စားပွဲတင် ပန်ကာ ပေါ် ကို ဖျတ် ဆို ခုန် တက် လိုက်တယ် ။


“ ဝုန်း ... ဂလွမ်း ”


ကြောင် နဲ့ ကက်ဆက် တော့

မြင် မကောင်း ရှု မကောင်း လုံးလား ထွေးလား ပဲ ။ ဟဲ ... ဟဲ ။


“ သွားပါပြီ ၊ ကုန်ပါပြီ ။ ကက်ဆက် တော့ သွားပါပြီ ။ ကြောင်စုတ် ကြောင်ပဲ့ ”


မီးရောင် အောက် မှာ တဆက်ဆက် တုန်ရင်း ကြယ်သီးတွေ ထ နေတဲ့ ကောင်မလေး ကို ကြည့်ပြီး ကျုပ် တော် တော် ပျော် သွားတယ် ။ 


ဒါနဲ့ ဖြောက်ခနဲ မီး ပြန် ပိတ် လိုက်တယ် ။


“ အမယ်လေး ”


စူးစူးဝါးဝါး အော်သံ နှင့် အတူ ကောင်မလေး ပြိုလဲကျ သွားတယ် ။


မီး ပြန် ဖွင့်လိုက်တော့ ရွှေမင်းသမီး က မျက်ဖြူ လန်ပြီး သတိလစ် နေပြီ ။ ဟီ .. ဟီ ။


သူ့ အနားမှာ တခွီးခွီး နဲ့ မာန်ဖီ နေတဲ့ ကြောင် ကို ဖနောင့် နှင့် တစ်ချက် ပေါက် တဲ့ ပြီး ပြတင်းပေါက် သံဆန်ခါ ကြား ကနေ ကျုပ် ပြန် ထွက်ခဲ့တယ် ။


ဒီည ။ အောင်ပွဲခံ တဲ့ ည ။


ပျော်လိုက်တာ ။


( ၂ )


သူ အိပ် နေတဲ့ ပုံ ကို ကြည့်ပြီး ကျုပ် အော်ဂလီ ဆန် လာတယ် ။


တစ်ပိုင်းတစ်စ နဲ့ တိုးလို့တန်းလန်း ကျ နေတဲ့ ခြင်ထောင် က လည်း ဝါကျင်ကျင် မည်းညစ်ညစ် နဲ့ ။ ဆီချေး နဲ့ မည်းပြီး ပြောင် နေတဲ့ ခေါင်းအုံးစွပ် မပါတဲ့ ခေါင်းအုံး ပေါ် မှာ လည်ပင်းကြီး ကို လိန်ပြီး တင် ထားတဲ့ သူ့ ခေါင်း ကလည်း ညှင်းသိုးသိုး ကျပ်ခဲခဲ ဆံပင်ရှည် တွေ နဲ့ ဖိုးရိုး ဖားရား ။


တလောက တာမွေ သင်္ချိုင်း မှာ ကျုပ် တွေ့ခဲ့ ဖူးတဲ့ မီးတွင်း မှာ သေတဲ့ သရဲမ လောက် တောင် ကြည့်ချင်စရာ တစ်ကွက် မရှိ ။


အင်း ... ဒီလို ညစ်ပတ်စုတ်ပြတ် နေတာ ကို ပဲ ကဗျာ ဆန်တာ လို့ ကြွေးကြော် နေဦးမလား မသိ ။


သူ့ အိပ်ရာ ဘေး က ခနော်နီခနော် နဲ့ ယိုင်ထိုးထိုး စားပွဲ ပေါ် မှာ မှာ လည်း ဆေးလိပ်ခွက် က ဖရိုဖရဲ ။


လက် နှစ်လုံး လောက် သာ ကျန်တော့ တဲ့ တောအရက်ပုလင်း ချဉ်ဟောင်ဟောင် တစ်လုံး ရယ် ၊ အမြည်း ထင်ပါရဲ့ ၊ ဆီးသီးချဉ်ပေါင်း က တစ်ထုပ် ။


ဟွန့် ... ဒါလည်း ကဗျာ ဆန်တာပဲတဲ့လား ကွယ် ။


ထွီ .. ဒါမျိုး တွေ ရွံ လို့ ။ ဒီ နေ့ ည ဒီ အခန်း ထဲ ကို ကျုပ် ရောက် နေတာပေါ့ ။


ရေး တာ က နည်းနည်း ၊ သောက် တာ က များများ ။


“ ယနေ့ မြန်မာစာပေ လောက တွင် တစ်ဟုန်ထိုး သောက်လာကြသော ” ဆိုတဲ့ အုပ်စု ထဲ မှာ ထည့် ရတော့မယ့် ဟာလေးတွေလေ ။


စားပွဲ ပေါ် ကို ကြည့် လိုက်တော့ လည်း စာရွက်တို အပိုင်းအစတွေ က ရှုက်ယှက်ခတ် ပြန့်ကျဲလို့ ။


အမယ် မှန်းစမ်း ။ မဆိုးဘူး ဟ ။ ကဗျာ တော့ ရေး ဖြစ်သား ၊ ဘာတဲ့ ၊ သူ့ ကဗျာ က ... ။


မတ်တတ်ရပ် နေတဲ့ နေ

ရေပြင်ပေါ် ကို ဗြုန်းခနဲ ခုန်ချ

ဒီလိုနဲ့

သီချင်းသံတို့ အေးခဲသွားကြ ။

အဆင်ပြေမှု ကို ခူးနေတဲ့ သူရေ

လူ တစ်ယောက် အတွက်

လုံလောက်တဲ့ အောက်စီဂျင်

ပန်းသီးပင် က ခိုးသွားပေါ့ ။

ဒီလိုနဲ့

ကာရန်တို့ အငွေ့ ဖြစ်သွားကြ ။

ရေခဲတောင်မြေခွေး

အစွယ်ဖွေးဖွေးနဲ့  ၊

ဒီလိုနဲ့ ....


အင်း ... သင်း ရေးလက်စ ကဗျာ တစ်ပုဒ် ထင်ပါရဲ့  ။


ကြည့်ရတာ ကဗျာ က အဆုံးသတ်ရသေးပုံ မရ ။ ခေါင်းစဉ် လည်း တပ် မထားသေး ။


ဘာပဲ ဖြစ် ဖြစ် ဖော်မြူလာ နဲ့ လုပ် ထားတဲ့ ကဗျာ တစ်ပုဒ် မှန်း သိသာ ပါတယ် ။ ကျုပ် ဟာ လူ့ ဘဝတုန်း က အင်မတန် စာပေ ဝါသနာ ကြီး ခဲ့တဲ့ စာဖတ်သူ တစ်ယာက် ပါ ။ ဒီတော့ ဒီလို လုပ် ကဗျာတွေ ၊ လုပ် စာတွေ ကို သိလိုက် သမှ နော ကို ကျေလို့ ။ ခံခဲ့ရ ပေါင်း က လည်း များ ပြီ ကိုး ။


ရုတ်တရက် တော့ အရင် ဘဝ က ဒေါသတွေ ရော ၊ အခု လာတဲ့ ဒေါသတွေ ရော နှစ် ဘဝစာ ဒေါသ နှစ်ခု ပေါင်းပြီး ဒီ စာလိမ် ကဗျာလိမ် လေး ကို ကုပ်ချိုး သ,တ်မိတော့ မလို့ ၊ ဟန်တောင် ပြင်မိပါသေးတယ် ။


ဟင်း ... ဒါပေမယ့် ကျုပ် က ဘက်လိုက် တတ်တဲ့ တစ္ဆေ ပါ ။ အနုပညာသမား ဆိုရင် ကောင်းကောင်း ဆိုးဆိုး ခွင့်လွှတ်တတ် ပါတယ် ။


ဒါနဲ့ သူ့ ကဗျာ ကို အထပ်ထပ် ဖတ်ရင်း က စိတ် မဆိုးတဲ့ အပြင် ရယ်တောင် ရယ်ချင် လာ ပါတယ် ။


ဒါကြောင့် သူ့ ကို ကဗျာ နဲ့ ပဲ ပညာ ပေးတောမယ် ဆိုပြီး စားပွဲ ပေါ် က သူ ဘောလ်ပင် နဲ့ ဟောသလို ဆက် ရေး ပေး လိုက် တယ် ။


ဒီလိုနဲ့ ....

ကဗျာတွေ ညံ့ခဲ့ကြ ။


နောက်ပြီး ထိပ် မှာ ခေါင်းစီး လည်း တပ် ပေး လိုက် တယ် ။


“ မော်ဒန်လိမ် ”


ဟား ... ဟား .. ဟား ... ကျုပ် ရဲ့ အဖြည့်ပိုဒ် ကို ကျုပ် ဟာ ကျုပ် သဘောတွေ ကျ လွန်းလို့ ဒေါသတွေ ပါ ပျောက်ပြီး ပျော်တောင် ပျော် လာတယ် ။


နောက်တော့ လက်ကျန် အရက်ပုလင်း ကို သွန်ပစ် ၊ ခြင်ထောင် ကို သပ်သပ်ရပ်ရပ် ချ ပေးပြီး အမိုး ဓနိ အစုတ်အပြဲ တွေ ကြား က နေ ကျုပ် ရယ်ရယ်မောမော ပဲ ပြန် ထွက် လာခဲ့တယ် .. ။


သကောင့်သားလေး ချမ်းသာစွာ အိပ်စက် ပါ တော့ ... ။


မနက် မိုး လင်းရင် တော့ ကျုပ် ဖြည့်ထား တဲ့ သူ့ ကဗျာ ကို ပြန် ဖတ် ရင်း လန့် ပြီး ထ ခုန်နေ လောက်တယ် .. ဟီ .. ဟီ .. ။ 


ည ရဲ့ လေစီးကြောင်း ထဲ မှာ စီးမျော ရင်း ၊ ( အမယ် ကျုပ် တောင် ကဗျာဆန် သွား ပြီ ) ကျုပ် ရယ်မော နေမိတယ် ။


နောက်ပြီး ကဗျာဆရာပေါက်စ ဆီ က ဓာတ်ကူး လာလို့ နဲ့ တူပါရဲ့ ။ ရယ်ရင်း မောရင်း နဲ့ ကြည်အေး ရဲ့ ကဗျာ တစ်ပိုင်းတစ်စ ကိုတောင် ရွတ် မိသေး ။


“ တစ္ဆေ ငါ ကိုယ်တိုင်ပါပဲ ။ ဟဲ ... ဟဲ ဟဲ ” 


( ၃ )


တစ္ဆေ ဆိုတာ ည ဘက် မှ အခြောက် များ သတဲ့ ။


ဆောရီး ပါ ပဲ ။ ဒီ တစ်ခါ တော့ နေ့ခင်း ကြောင်တောင် မှာ ကို ကျုပ် အလုပ် စ တော့မယ် ။


ဒါ တစ္ဆေ ခြောက် မှာ မဟုတ်ဘူး ။ ရာဇဝင်ကြွေး ဆပ် မှာ ... သိလား ။


ဒေါသ တွေ နဲ့ အတူ လေအေးစက် ထဲ က တစ်ဆင့် ၊ သူ့ အခန်းကျယ်ကြီး ထဲ ကို ကျုပ် ဝင်သွားတယ် ။


နှစ်ယောက် အိပ် ခုတင် တစ်လုံးစာ လောက် ရှိတဲ့ စားပွဲကြီး ရဲ့ နောက် က ဆုံလည်ကု,လားထိုင်ကြီး ပေါ် မှာ ထိုင်ရင်း ၊ သူ လက်မှတ် တွေ ငုံ့ ထိုးနေတယ် ၊ လိမ် နေတာ လိမ် နေတာ ။


သူ ကျုပ် သိပ်မုန်းတဲ့ သူ ၊ အရင် ဘဝ တုန်း က ကျုပ် အထက် က နေ ကျုပ် ကို နှိပ်စက်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီး ပေါ့ ။


လူ့ ဘဝ တုန်း က ကျုပ် မော် မကြည့်ရဲ ခဲ့ ပေမယ့် အခုတော့ တစ်ပွဲ တစ်လမ်း ပီပီပြင်ပြင် တွေ့ကြပြီပေါ့ ။


ကျုပ် ဟာ တစ္ဆေ ဆိုပေမယ့် လူ့ အသက် ကို ရန် မရှာတတ်ခဲ့ပါဘူး ။ ဟို မင်းသမီး ပေါက်စ နဲ့ ကဗျာဆရာ ပေါက်စ ကို လည်း ကြောက်ရုံ လန့်ရုံ လောက်ပဲ ကျုပ် ပညာ ပေးခဲ့တာပါ ။ ဒီတစ်ခါ တော့ ပြောခဲ့ပါ ပကော ။ ခြောက် မှာ လှန့် မှာ မဟုတ်ဘူး ။ ရာဇဝင်ကြွေး ဆပ် မှာ  ၊ လက်စားချေ မှာ  ၊ သ,တ်မှာ သ,တ်မှာ  ။


သူ့ နောက် က နေ တဖြည်းဖြည်း ကပ် သွားရင်း ၊ အဆီတွေ တရစ်ရစ် တက် နေတဲ့ သူ ကုပ်ပိုး ကို ကျုပ် လက် နဲ့ လှမ်း ကိုင်လိုက် မိတယ် ဆိုရင် ပဲ ၊ 


ဝုန်းခနဲ ဆုံလည်ကု,လားထိုင် ကို တစ်ပတ် လှည့် လိုက်ပြီး ကျုပ် လက် ကို သူ ဖြတ် ရိုက်ချ လိုက်တယ် ။


ဘုရား ဘုရား ။


တကယ်ပါ ။ တစ္ဆေ က ဘုရား တ မိပါတယ် ။


ပြီး မှ ကျုပ် မျက်နှာ ကို စေ့စေ့ ကြည့်ရင်း ၊ သူ စကား ကို တစ်လုံးချင်း ပြောတယ် ။


“ ဟေ့ကောင် ၊ ဒီမှာ သေသေချာချာ နားထောင် ၊ မင်း က သေပြီး မှ တစ္ဆေ ဖြစ်ရတဲ့ ကောင် ၊ နောက်ပေါက် ဂျူနီယာ ၊ အေး ငါ က အရှင် လတ်လတ် ဘီလူး ဖြစ်နေတဲ့ ကောင် ။ ဒီမှာ တွေ့လား ”


စကား အဆုံး ၊ သူ့ သွားတွေ ကို ဖြဲ ပြ တော့မှာ ပဲ ၊ ကျုပ် မြင် မိတော့တယ် ။


အမယ်လေး ၊ နည်း တဲ့ အစွယ်ကြီး တွေ လား ။


ကျုပ် တုန်တုန်ယင်ယင် နဲ့ ကြောင်ပြီး ငေးကြည့် နေတုန်း ...


“ ဖြန်း ...” 


ပါး ကို တစ်ချက် အရိုက် ခံ လိုက်ရတယ် ။ လက်သံ က တော့ ပြောင် တုန်းပါပဲ ။


ပြီးတော့ ခပ်ငေါက်ငေါက် မေးတယ် ။


“ မင်း အခု ဘယ် သင်္ချိုင်း မှာ လဲ ”


“ ကြံ ကြံတော မှာ ပါ ”


“ သွား ပြန် ၊ နောက် ဒါမျိုး လုပ်ရင် နေရာ ပြောင်း ပစ်လိုက်မယ် ”


“ ဟုတ် ဟုတ်ကဲ့ ခင်ဗျ ”


ပြောရင်း ဆိုရင်း ကျုပ် ပြန် ပြေး ခဲ့ရတယ် ။ ကြံတော ကို ဘယ်လို ပြန် ရောက်ခဲ့မှန်း တောင် မသိတော့ပါဘူး ။


ယောင်းကိုင်း နေတဲ့ ပါး တစ်ဖက် ကို ပွတ်ရင်း ဂူ တစ်လုံး ပေါ် မှာ ကျုပ် ငေါင်ငေါင်ကြီး ထိုင် နေ မိတယ် ။


မနေ့ က ကား တိုက်ခံရလို့ အစိမ်းသေ ၊ သေလာခဲ့တဲ့ ကွမ်းယာဆိုင်ကု,လား ကို တေဇောဘမ်း ပြန် ယူခိုင်းထားလည်း အခုထိ ရောက် မလာသေး ။ ဧကန္တ ရက်လည် မှ ပဲ ပြန် လာတော့မှာ နဲ့ တူ ပါတယ် ။


အင်း ဒုက္ခ ဒုက္ခ ။


ခု အချိန် မှာ ကျုပ် အလိုချင်ဆုံး က တော့ တေဇောဘမ်း တစ်ဘူးပါ ပဲ ဗျာ ။


ကျွတ် .... ကျွတ် .... ကျွတ် ... ။ နာ လိုက်တာ ။


◾မင်းသစ်


📖 ဗီတာမင် - ၁၃ 

      ဝတ္ထုတိုစု 

      ၁၉၉၁


No comments:

Post a Comment