❝ အောင်သွယ်တော် ❞
( လယ်တွင်းသားစောချစ် )
ကျွန်တော်တို့ ရွာလေး က စဉ့်ကိုင်မြို့ နဲ့ ( ၆ ) မိုင် လောက်ဝေးပါတယ် ။ လယ်တွင်း ကိုးခရိုင် အဝင်အပါမို့ ဆည်ရေသောက် ရွာလေးပါ ။ တစ်ရွာလုံး လယ်သမားတွေပါပဲ ။
အဖေကြီး က အဲဒီ ရွာလေး မှာ မူလတန်း ကျောင်းအုပ်ဆရာကြီး ၊ လယ်မြေယာမြေ လဲ ပိုင်ပါတယ် ။ အဖေကြီး ရဲ့ တူ ဦးလေး က အိမ် မှာ အတူ နေပြီး လယ်ယာလုပ်ငန်း လုပ်ပါတယ် ။ အဖေကြီး မှာ သမီး နှစ်ယောက် ရှိပါတယ် ။
မောင်နှမ သုံးယောက်ပေါ့ ။
သမီးတွေ က အိမ်ထောင် ကျတော့ အိမ်ခွဲ နေကြတယ် ။ သမီး အကြီး က မောင်နှမ သုံးယောက် မွေးတယ် ။ ကျွန်တော် က အကြီးဆုံး ။ ကျွန်တော့် အောက် မှာ နှမ ။ အငယ်ဆုံး က ညီ ။
သမီး အငယ် က သား နှစ်ယောက် ၊ သမီး နှစ်ယောက် ။
မြေး ( ၇ ) ယောက် မှာ ကျွန်တော် က အကြီးဆုံး ။
အဖေကြီး ရဲ့ ခြံကြီး က ရွာဦးရွာထိပ် မှာ နှစ် ဧက နီးပါး ကျယ်တယ် ။ ခြံထဲ မှာ သရက် ၊ မာလကာ ၊ သြဇာ ၊ သပြေ ၊ ငှက်ပျော ၊ အုန်း ၊ ထန်း စားပင် သီးနှံ အစုံ စိုက်ထားတယ် ။ ရေသွင်းမြောင်းလေးတွေ ရှိတယ် ။ ရေတွင်း ရှိတယ် ။ စိမ်းစိမ်းစိုစို နဲ့ အေးချမ်းသာယာတဲ့ ခြံကြီး ဖြစ်တယ် ။
ဥဩသံ ၊ ယောက်ဖခွေးခေါ် ငှက်သံ ၊ ပန်းတိမ်ငှက် ရဲ့ တူထုသံ ၊ ဘုတ်ငှက်သံ ၊ ချိုးကူသံလေး တွေနဲ့ သာယာတယ် ။
ခြံ ထဲ မှာ အဖေကြီး က နှစ်ထပ်အိမ်ကြီး တစ်လုံး ဆောက် ထားပါတယ် ။ အကျယ်ကြီးပါပဲ ။ နှစ်မိပေါက် က မြေး အားလုံး အဖေကြီး အမေကြီး အိမ်မှာ ပဲ နေကြတယ် ။
အဖေကြီး အိမ် မှာ သီးနှံစားစရာ သရေစာ ပေါတယ် ။ အမေကြီး ကလည်း သုပ်ကျွေးလိုက် ၊ ကြော်ကျွေးလိုက် ပေါ့ပေါ့ပါးပါး စားကြ ၊ ကစားကြ ၊ ပျော်စရာ ကောင်းတယ် ။ အမေ က မွေးတဲ့ ( ၃ ) ယောက် နဲ့ အဒေါ် က မွေးတဲ့ အကြီးဆုံး ( ၁ ) ယောက် က အဖေကြီး အမေကြီး အိမ် မှာ ပဲ အိပ်ကြတယ် ။ မနက် လင်းရင်တော့ မြေးတွေ အားလုံး အဖေကြီး အမေကြီး အိမ် ရောက်လာကြတယ် ။
ကျွန်တော် က စာဖတ် ဝါသနာ ပါတော့ လစဉ်ထုတ် မဂ္ဂဇင်းတွေ ၊ ဝတ္ထု စာအုပ်တွေ ၊ ဖတ်သင့်တဲ့ စာအုပ်ကောင်းတွေ ဝယ် ဖတ်တယ် ။ ကြာတော့ အိမ်မှာ ကိုယ်ပိုင် စာကြည့်တိုက်လေး ဖြစ်လာတယ် ။ မိသားစု အားလုံး စာဖတ်ဖြစ် ကြတယ် ။ အိမ် မှာ ဇယ်တောက်ခုံ ရှိတယ် ။ စစ်တုရင်ခုံ ရှိတယ် ။ အင်္ဂလိပ်မီးနင်း ဆက် ကစားတဲ့ စခရယ်ဘယ် ရှိတယ် ။ နေ့ခင်းနေ့လယ် ကျတော့ ညီအစ်ကို တစ်တွေ သူငယ်ချင်းတွေ နဲ့ ဇယ်တောက်ကြတယ် ။ ညနေ ကျတော့ ခြံ ထဲက ညောင်ပင်ကြီး အောက်မှာ ခြင်းလုံး ခတ်ကြတယ် ။
ကျွန်တော့် အောက် နှမ မိချို က ရက်ကန်း လည်း ခတ်တယ် ။ အမေကြီး ကို လည်း ကူညီချက်ပြုတ် ပေးတယ် ။ လက်ဖက်သုပ် ၊ မြူရွက်သုပ် ၊ မြင်းခွာရွက် သုပ် ဆိုရင် မိချို လက်ရာ သိပ် ကောင်းတယ် ။
ကျွန်တော်တို့ အိမ်ကြီး မှာ ညီအစ်ကို မောင်နှမတွေ အတူတကွ နေကြရတာ သိပ်ကို ပျော်စရာ ကောင်းတယ် ။ ကျွန်တော် က အစ်ကိုကြီး ဆို တော့ ကျွန်တော့် ကို ညီတွေ ၊ နှမတွေ အားလုံး ချစ်ခင်လေးစားကြတယ် ။
ကျွန်တော် ဆယ်တန်း အောင်ပြီး တက္ကသိုလ် ဆက် တက်တော့ အဖေ ကြီး ကွယ်လွန်သွားတ ယ် ။ အမေကြီး နဲ့ ဦးလေး ကို ဗဟိုပြုပြီး အဖေကြီး ရဲ့ အိမ်ကြီး မှာ ဆက်ပြီး ပျော်ရွှင်စည်ကားမြဲပါပဲ ။
ကျွန်တော် နောက်ဆုံးနှစ် စာမေးပွဲ ဖြေဆို ပြီးတဲ့ တစ်ရက် မှာ တော့ ကျွန်တော့် အိပ်ရာ ခုတင်ဘေး က စားပွဲ ပေါ်မှာ စာအိတ်လေး တစ်အိတ် တွေ့တယ် ။ ည ကျွန်တော် အိပ်ရာဝင် တော့ ဒီ စာအိတ် မရှိပါဘူး ။
စာအိတ် ပေါ်မှာ ‘ အစ်ကို ’ လို့ ရေးထားတယ် ။ မိချို လက်ရေး ။ ကျွန်တော် အံ့သြ သွားတယ် ။ ကျွန်တော်တို့ မောင်နှမ ချစ်ခင် ရင်းနှီးပါတယ် ။ ဘာဖြစ်လို့ စာ နဲ့ ရေး ပြောတာတုံး ။ ကျွန်တော် သိချင်စိတ် နဲ့ စာအိတ်ကလေး ကို ဖောက်ဖတ် လိုက်တယ် ။ ဟုတ်တယ် ။ မိချို စာ ။
အစ်ကို
ခွင့်လွှတ်ပါနော် ။ တကယ်တော့ အစ်မ တစ်ယောက် ကို ဖွင့်ပြော အကူအညီ တောင်းဖို့ ကောင်းပါတယ် ။ ဒါပေမဲ့ မိချို မှာ အစ်မ မရှိလို့ အစ်ကို့ ကို စာနဲ့ ရေး ပြောရတာပါ ။
မိချို မှာ ချစ်သူ ရှိနေပြီ အစ်ကို ။ ဒီ ရွာထဲ က ပဲ ။ အစ်ကို နဲ့ လည်း ရင်းနှီးတဲ့ ကိုငြိမ်းအောင် ပါ ။ ကျွန်မတို့ ချင်း မေတ္တာ ရှိကြတာ သုံးနှစ် ကြာခဲ့ ပါပြီ ။ ကိုငြိမ်းအော င်က ဆင်းရဲ လို့ အမေကြီး တို့ ၊ အမေ တို့ သဘော တူကြမယ် မထင်ပါဘူး ။ ဒါပေမဲ့ ကိုငြိမ်းအောင် က ရိုးသားတယ် ။ ကြိုးစားတယ် ။ အစ်ကို လည်း ကိုငြိမ်းအောင် အကြောင်း ကောင်းကောင်း သိပါတယ် ။ ဒီ အိမ် မှာ ကိုငြိမ်းအောင် နဲ့ သဘော တူနိုင်မှာ အစ်ကို တစ်ယောက်ပဲ ရှိမယ်ထင်တယ် ။
ကျွန်မ တို့ နှစ်ယောက် မေတ္တာ ရှိပြီး ကတည်းက နောင်ရေး အတွက် တွေးပြီး ရင်မော နေရတာကြာပါပြီ ။ မိချိုတို့ ကို မခွဲပါနဲ့ အစ် ကို ။ မိချိုတို့ အစ်ကို့ ကိုပဲ အားကိုးပါတယ် ။ လူကြီးတွေ သဘော တူအောင် ပြောပေးပါ အ စ်ကို ။ ညီအစ်ကို မောင်နှမတွေ နဲ့ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေချင်တဲ့ အစ်ကို့ ကို အပူကပ်ရတာ တောင်းပန်ပါတယ် အစ်ကို ။
မိချို
စာ ဖတ်ပြီးတော့ ပို အံ့သြရပါတယ် ။
ဪ ... မိချို ... မိချို ။
ကျွန်တော်တို့ က သူ့ ကို ကလေး လိုပဲ ထင်မှတ် နေကြတယ် ။ အမေကြီး နဲ့ သိပ် ချစ်ကြတယ် ။ အမေကြီး ရဲ့ လက်ကသုံး တောင်ဝှေး ။
ပိရိလိုက်တာ သုံးနှစ်တောင် ရှိပြီ ။ ဘယ်သူမှ မသိကြ ၊ ရိပ်မိကြဘူး ။ အေးလေ ကိုယ် က သာ ငယ်သေးတယ် ထင်ပေမယ့် မိချို အသက် က နှစ်ဆယ် ပြည့်သွားပြီ ။
ကျွန်တော် လေးလံတဲ့ သက်ပြင်း တစ်ချက် ချ လိုက်မိတယ် ။ အမေကြီး တို့ အမေတို့ ဘယ်လိုမှ သဘော တူကြမယ် မထင်ပါဘူး ။ မောင်ငြိမ်းအောင် က ဆင်းရဲလွန်းတယ် ။ မြို့ပေါ် က လူတွေ နဲ့ ယှဉ် လိုက်ရင်တော့ ကျွန်တော်တို့ လည်း ချမ်းသာတာ မဟုတ်ပါဘူး ။ ကိုယ်ပိုင် လယ်လေး ၊ ယာလေး ရှိပါတယ် ။ ခြံကျယ်ကြီး ထဲမှာ နှစ်ထပ်အိမ်ကြီး နဲ့ နေနိုင်တယ် ။ စက္ကူချပ် နဲ့ စာ တော့ ထန်းဖလပ် က ခပ်ဖောင်းဖောင်း ဖြစ် နေတာပါ ။ အမေ က မူလတန်းကျောင်းအုပ်ဆရာမကြီး ။ အစ်ကိုတွေ က တက္ကသိုလ် ကျောင်းသား တွေ ။ ဒီလောက်ပါပဲ ။
မိချို က အချောအလှကြီး မဟုတ်ပေမယ့် ကြည့်လို့ ကောင်းပါတယ် ။ ပြီးတော့ မိချို က လိမ္မာတယ် ။ ယဉ်ကျေးတယ် ။ နေတတ်ထိုင်တတ် သိက္ခာ ရှိတယ် ။ ဆွေဂုဏ်မျိုးဂုဏ် ရှိတယ် ။
ဒါကြောင့်မို့ မိချို ကို လိုချင်တဲ့ သူတွေ အများ သား ။ ကိုယ့် ရွာ နဲ့ ကိုယ် တော့လည်း မိချို က စတား ။ အနီးအပါး ကျေးရွာများ မှ ချမ်းသာသူများ လည်း လာ စပ်ကြတယ် ။ ဒါပေမဲ့ မိချို က အစ်ကိုတွေ ၊ ညီမတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေချင်သေးတယ် ။ အိမ်ထောင် မပြုချင် သေးလို့ ငြင်းခဲ့တယ် ။ ခုတော့ အစ်ကိုတွေ ၊ ညီမတွေ ထက် ချစ်ရမည့် သူကို မိချို တွေ့နေပြီ ။
မောင်ငြိမ်းအောင် မှာ ကျွန်တော်တို့ နဲ့ စာရင် ဆင်းရဲရှာတယ် ။ ဆွေဂုဏ်မျိုးဂုဏ် လည်း မရှိ ။ မောင်ငြိမ်းအောင် မှာ မိဘနှစ်ပါး ပင် မရှိ ။ အစ်မ အိမ်မှာ နေရတယ် ။ အစ်မ ကလည်း ဆင်းရဲ တယ် ။ နေစရာ အိမ် မှာ အကာပင် မရှိ ။ အကြော်ရောင်း စားရတယ် ။ မောင်ငြိမ်းအောင် မှာ အတန်းပညာ မရှိ ။ ဘုန်းကြီးကျောင်း မှာ နေဖူးလို့ စာရေးစာဖတ် ကောင်းစွာ တတ်တယ် ။ မိချို က ရှစ်တန်းအောင် ကိုးတန်း ထိ ရောက်ခဲ့တယ် ။
မောင်ငြိမ်းအောင် ဟာ ဆင်းရဲနွမ်းပါးပေမယ့် ကိုယ်တိုင် အရည်အချင်း ရှိသူ ဖြစ်တယ် ။ ရက်ကန်းအလုပ်သမား တစ်ယောက် ဖြစ်တယ် ။ ရက်ကန်းအလုပ် မှာ ကျွမ်းကျင်တယ် ။ ကျွန်တော်တို့ ရွာ ထဲမှာ ရက်ကန်းစင် ( ၅၀ ) လောက် ရှိတယ် ။ ခက်ခက်ခဲခဲ ပျက်ရင် သူ့ ကိုပဲ ခေါ်ကြရတယ် ။ သူ ပြင်ပေးရင်လည်း ကောင်းသွားတာချည်းပဲ ။ မိချို ရက်ကန်းစင် ပျက်ရင် လည်း သူ ပဲ လာ ပြင်ပေးခဲ့ရတာပါ ။
သူ့ ကို အကူအညီ တောင်းရင်လည်း သူက ဘယ်သူ့မှ မငြင်းဘူး အကူအညီ ပေးခဲ့တာချည့်ပဲ ။ ကျွန်တော်တို့ ရွာ ဘောလုံးအသင်း မှာ လည်း သူ ဟာ နောက်ခံလူ အဖြစ် ထူးချွန်စွာ ပါဝင် စားနိုင်သူ ဖြစ်တယ် ။ ကစားတဲ့ နေရာမှာ လာဘ်မြင်တယ် ။ ကြိုးစားတယ် ။ အားကစားသမား ကောင်း စိတ်ဓာတ် ရှိတယ် ။ ကျွန်တော်တို့ ရွာ ဘောလုံးအသင်း မှာ ကျွန်တော် က ခေါင်းဆောင် ဖြစ်တယ် ။ မောင်ငြိမ်းအောင် ဟာ ကျွန်တော် အားကိုးရတဲ့ ဘောလုံးသမားကောင်း တစ်ယောက် ဖြစ်တယ် ။ ဘယ်သူနဲ့ မှ လည်း ခိုက် ရန်ဒေါသ ဖြစ်တာ မရှိဘူး ။ စိတ်ထား ကောင်းတယ် ။ အသောက်အစား ၊ လောင်းကစား ကင်းတယ် ။
နောက်တစ်ချက် မောင်ငြိမ်းအောင် ထူးချွန်တာ တစ်ခုကို ကျွန်တော် သတိရမိ ပြန်တယ် ။ ကျွန်တော်တို့ အိမ် နွားတဲ ကို သက်ငယ် မိုးစဉ်က လူငယ်များ လာရောက် ကူညီ မိုး ပေးကြတယ် ။ မောင်ငြိမ်းအောင် လည်း ပါတယ် ။ ကိုယ့်တာ နဲ့ ကိုယ် အပြိုင်အဆိုင် မိုးကြတာ မောင်ငြိမ်းအောင် နေရာက အရင်ဆုံး လည်း ပြီးတယ် ။ အသပ်အရပ်ဆုံး လည်း ဖြစ်တယ် ။
မောင်ငြိမ်းအောင် က လူငယ် ဖြစ်ပေမယ့် လူကြီးစိတ် ရှိတယ် ။ တည်ကြည်တယ် ။ ရိုးသား ဖြောင့်မတ်တယ် ။ သပ်သပ်ရပ်ရပ် ဝတ်ဆင်နေ ထိုင် တတ်တယ် ။ ဒါတွေဟာ လူတစ်ယောက် ရဲ့ အရည်အချင်းတွေပါပဲ ။ ကျွန်တော့် အနေနဲ့ ဆို ရင် သူ့ကို သဘောကျတယ် ။ ဒါပေမဲ့ ကျွန်တော့် စိတ် ထဲမှာ လည်း စိုးရိမ်တာလေး တစ်ခုတော့ ဝင်လာတယ် ။ မိချို ဆင်းရဲသွားရှာတော့မယ် ။ လူကြီးတွေ က သဘော တူပြီး မောင်ငြိမ်းအောင် ကို ကျွန်တော်တို့ အိမ် မှာ လက်ခံနိုင်ရင်တော့ ကောင်းမယ် ။ ဦးလေး လည်း လယ်ယာလုပ်ငန်း ကို ပင်ပင်ပန်းပန်း လုပ်စရာ မလိုတော့ဘူး ။ မောင်ငြိမ်းအောင် လုပ်နိုင်တယ် ။ မိချို လည်း အနေအထိုင် မဆင်းရဲတော့ဘူး ၊ ချစ်သူချင်း လည်း ဆုံစည်းကြရမယ် ။
ကျွန်တော် တစ်ယောက် တည်း အမျိုးမျိုး တွေး ၊ အမျိုးမျိုး တွက်ပြီး လူကြီးများ ကို ဘယ်လို စည်းရုံးရမလဲ တွေး နေမိတယ် ။ စည်းရုံး ရမှာ ကလည်း အများကြီး ။ အမေ ၊ အဒေါ် ၊ ဦးလေး ရှိတယ် ။ အမေကြီး ကတော့ ကြောက်စရာ ကောင်း အောင် ပေါက်ကွဲနိုင်တယ် ။
မိချို ကို သနားနေမိတယ် ။ သူ့ ခမျာ နောင်ရေးအတွက် ရင်လေး နေရှာလိမ့်မယ် ။ သူ ဖြတ် ကျော်ရမယ့် အဆီးအတားတွေ က မြင့်မားလွန်း နေတယ် ။ သူ့ အား နဲ့ မနိုင်လို့ ကျွန်တော့် ကို အကူညီ တောင်းတာ ဖြစ်တယ် ။ ကျွန်
တော် ကိုယ်ချင်းစာပါတယ် ။ သူ့ ချစ်သူ နဲ့ အတူ သူ့ ဘဝ ခရီး ကို လျှောက်ချင်ရှာလိမ့်မယ် ။ မိချို နှမလေး ဆန္ဒ ပြည့်ဖို့ အတွက် အကျိုးဆောင် အောင်သွယ် လုပ် ပေးရန် ဆုံးဖြတ်လိုက်တယ် ။
ကျွန်တော် မရှက်ပါဘူး ။ မိချို ကို လှမ်း ခေါ်လိုက်တယ် ။ စိတ်အေးအေး နေဖို့ နဲ့ ကူညီမယ် ဆို တဲ့ အကြောင်း ပြောလိုက်တယ် ။ မိချို က ရှက် နေတယ် ။ ကျွန်တော့် မျက်နှာ ကို ရဲရဲမကြည့်ဝံ့ ဘူး ။ ခေါင်းကလေး ငုံ့ရင်း ခေါင်းညိတ်ပြတယ် ။
••••• ••••• •••••
ကျွန်တော် က ကျွန်တော့် ကိုယ် ကျွန်တော် တိုက်ပွဲတစ်ပွဲ ဦးဆောင် တိုက်ရမည့် စစ်သူကြီး တစ်ဦး လို သဘောထား လိုက်တယ် ။ တကယ်တော့လည်း တိုက်ပွဲတစ်ပွဲ ကို ဦးဆောင် တိုက်ပေး ရမှာပါပဲ ။ တိုက်ပွဲ ကလည်း အခက်အခဲ များစွာ ရှိနိုင်တယ် ။
ကျွန်တော့် အောက်ညီတွေ နှမတွေ ကတော့ ကျွန်တော့် ကို ချစ်ကြောက် ရိုသေလေးစားကြပါတယ် ။ အမေကြီး ၊ အမေ ၊ အဒေါ် နဲ့ ဦးလေး တို့ ကလည်း ကျွန်တော် ကို ချစ်ကြ ၊ ဂုဏ်ယူတန်ဖိုး ထားကြပါတယ် ။ ဒါကြောင့် မို့ ပြောရ ဆိုရတာ ခက်မယ် ထင်ပေမယ့် အဆင်ပြေချင် လည်း ပြေသွားနိုင်ပါတယ် ။ မိချို က ပါးနပ်တယ် ။ အညှာ ကို ကိုင်လိုက်တာပါ ။
ဘယ်သူ့ ကို အရင် ပြောရမလဲ ။ အမေကြီး ကို တော့ အရင် ပြောလို့ မဖြစ် ။ ဘယ်နည်းနဲ့ မှ အမေကြီး သဘောတူမယ် မထင်ဘူး ။ ပို ဆိုးတာက ငိုကြီးချက်မ နဲ့ ပေါက်ကွဲပြီး မိချို ကို ရိုက် မောင်းပုတ်မောင်း လုပ်နိုင်တယ် ။ လူကြားသူကြား အော်ဟစ် ပြောဆိုရင် အရှက်တကွဲ ဖြစ်နိုင်တယ် ။ အားလုံးကို စည်းရုံး သိမ်းသွင်း ပြီးမှ အမေကြီး ကို နောက်ဆုံး ပြောရမယ် ။ အဒေါ့် ယောက်ျား ဦးလေး ကတော့ လူအေး ။ ပြီးတော့ အဒေါ် နဲ့ စပ်မှ ဦးလေး တော်ရတာ ။ သူ က အဒေါ် ပြီးရင် ပြီးတယ် ။ အိမ် မှာ ရှိတဲ့ ဦးလေး နဲ့ အဒေါ် ကတော့ အလွယ်ဆုံး ဖြစ်နိုင်တယ် ။ သူတို့ နှစ်ယောက် အားပါ ပေါင်း ပြီးမှ အမေ့ ကို စည်းရုံးရမယ် ။ ကိုယ့် တွက်ကိန်း နဲ့ ကိုယ် တော့ အဆင် ကို ပြောလို့ ။
ဦးလေး နဲ့ အဒေါ် ကို နှစ်ယောက် ထံ ခွဲ စည်းရုံးနိုင်ဖို့ အခွင့်အရေး စောင့် ရမယ် ။ ညနေ ကျ တော့ အဒေါ် အိမ် ရောက်လာတယ် ။ အမေကြီး နောက်ဘက် မီးဖို ထဲ မှာ ချက်ရေးပြုတ်ရေး နဲ့ အလုပ်များ နေတုန်း ဦးလေး ကို ခေါ်ပြီး အဒေါ် နဲ့ အတူ ရှင်းပြ စည်းရုံးရတယ် ။ မောင်ငြိမ်းအောင် နဲ့ ဖြစ်ကြောင်း သိသွားကြတဲ့ အခါ အဒေါ် ရော ဦးလေး ပါ အတော် အံ့သြ သွားကြတယ် ။ မျက်နှာ လည်း ပျက်သွားကြတယ် ။ ကျွန်တော် က မောင်ငြိမ်းအောင် ဆင်းရဲပေမယ့် အရည်အချင်း ရှိတဲ့ လူငယ် တစ်ယောက် ဖြစ်ကြောင်း ရက်ကန်းအလုပ် လည်း ကောင်းစွာ တတ်မြောက်ကြောင်း ၊ အသောက်အစား ကင်းပြီး ရိုးဖြောင့်ကြောင်း ၊ ဦးလေး လည်း အသက်ကြီး လာပြီမို့ လယ်ယာ အလုပ် မှာ ပင်ပင်ပင်ပန်းပန်း မလုပ်စေချင် တော့ ကြောင်း ဆိုတာတွေ နဲ့ မောင်ငြိမ်းအောင် ရဲ့ အရည်အချင်းတွေ ကို ချီးကျူး ထောက်ပြပြီး စည်းရုံးတယ် ။ သူတို့ က ကျွန်တော် ပြောသမျှ နားထောင် ပြီး နောက်ဆုံး မှာ အေးပါ ... မင်း ပြောတဲ့ အတိုင်း ဆိုရင် မဆိုးပါ ဘူး ။ မင်း သဘောတူရင် ငါတို့ လည်း တူပါတ ယ် ။ ဒါပေမဲ့ မင်း အမေကြီး နဲ့ အမေ က လွယ်ပါ့ မလား လို့ ပြောတယ် ။
ပွဲဦးထွက် ကတော့ မဆိုးပါဘူး ။ နှစ်ယောက် ကို အဆင်ပြေပြေ စည်းရုံး လို့ ရသွားတယ် ။
••••• ••••• •••••
ဒုတိယအဆင့် အမေ့ ကို ရင်ဆိုင်ရတော့မယ် ။
ညပိုင်း မှာ အမေ့ ဆီ သွားတယ် ။ ရွာဓလေ့ က စောစော အိပ်ကြတယ် ။ ကိုးနာရီ လောက်မှာ အမေ အိမ်ပေါ် ရောက်နေပြီ ။
“ အမေ ... ”
ကျွန်တော် အိမ် အောက် ကနေ လှမ်းခေါ်တော့
“ ဟေ ... ငါ့သား ... ”
အမေ ထူးတယ် ။
“ အမေ အိပ်တော့ မလို့လား ”
“ ငါ့ သားက မိုးချုပ်မှ ဘာလာ လုပ်တာလဲ ”
“ မချုပ်သေးပါဘူး ။ အစောကြီး ရှိပါသေးတ ယ် ။ အပြင် မှာ လသာသာ နဲ့ အေးအေးဆေးဆေး စကား ပြောချင်လို့ပါ ”
အမေ အိမ်ပေါ် က ဆင်းပြီး ကျွန်တော် ရှိရာ အပြင်ဘက် ခုတင် ကို ရောက်လာတယ် ။ ဒါပေမဲ့ ကျွန်တော် ထင်သလို အေးအေးဆေးဆေး မဟုတ်ဘူး ။
“ ငါ့သားရယ် ..မထိတ်သာ မလန့်သာ တွေများ ပြောစရာ ရှိလို့ လဲ ”
“ ဘာမှ မဟုတ်ပါဘူး အမေ ရာ ။ အမေ က လည်း အလကား ထိတ်လန့် နေ ...”
“ လန့်ရတာပေါ့ ငါ့ သား က တစ်ခါမှ အခုလို အေးအေးဆေးဆေး စကား ပြောရအောင် ဆိုပြီး အမေ့ ကို ပြောဖူးတာမှ မဟုတ်ဘဲ ။ ငါ့ သား မှာ ထူးထူးခြားခြား စကား ပြောစရာ ရှိနေလို့ ဖြစ်မှာပေါ့ ”
“ ဘာမှ မဟုတ်ပါဘူး အမေ ရာ ၊ လလေး သာ နေလို့ လေ ၊ အေးအေးဆေး ဆေးဆေး ပြောချင် တာပါ ”
“ မဟုတ်ဘူး ငါ့သား ... မဟုတ်ဘူး ။ အဲဒီ အေးအေးဆေးဆေး ပြောချင်တယ် ဆိုတဲ့ စကားကြောင့် ကို အမေ မအေးနိုင်ဘူး ”
အဆင့်ဆင့် ပြောရန် စိတ်ကူး ထားသော စကားများ အစီအစဉ် မတည့်နိုင်တော့ပါ ။ အမေ က ကျွန်တော့် ထက် ကွက်ကျော် မြင်နေပြီ ။ ကျွန်တော် က ကိုယ် မကြိုက်တဲ့ တိုက်ကွက် နဲ့ မတိုက်ချင်တဲ့ အတွက် ဒီနေ့ ည ရှေ့ဆက် မတိုးဖို့ ဆုံးဖြတ်လိုက်ပါတယ် ။
“ ကဲ ... ဘာမှ မဟုတ်ပါဘူး ဆိုမှ အမေ ရာ ၊ ဒီလို အမေ က ထင်ချင်ရာ ထင်ပြီး ပြောနေရင် တော့ အမေ အိပ်ကြတော့ ၊ ကျွန်တော် ပြန်တော့မယ် ”
ကျွန်တော် က တစ်ကွက် ချိုလိုက်တယ် ။
“ နေဦး ငါ့သား ၊ အမေ မအိပ်နိုင်ဘူး ။ ငါ့ သား လာရင်း ကိစ္စ ကို ပြော ဖြစ်အောင် ပြောပါ ။ ငါ့ သား က အမေ မွေး ထားတာပါ ။ ငါ့ သား အကြောင်း အမေ သိပါတယ် ။ ငါ့ သားမှာ ပြောစရာ ရှိတယ် ။ ပြောပါ လူလေးရယ် ”
ကျွန်တော် တွက်သလို တစ်ကွက် မှ ဝင်မလာပါ ။ အမေ့ ကို ကျွန်တော် လှည့်ချင်သလို လှည့်လို့ မရပါ ။ မထူးတော့ဘူး ဆိုတော့ အမေ ကို ပြောဖို့ ဆုံးဖြတ်လိုက်ပါတယ် ။
“ ကဲ - အမေ ဒီလောက် သိချင်ရင် ကျွန်တော် ပြောမယ် ”
“ ပြောမှာ သာ ပြောပါ ငါ့သားရယ် ၊ အမေ ရင်တုန်လိုက်တာ ”
အခြေအနေ က မကောင်းတော့ဘူး ။ ပြောရမှာ က ကျွန်တော် စီစဉ်ထားတဲ့ အတိုင်း မဟုတ်တော့ဘူး ။
“ ဒီလို.. အမေ ... ” လို့ အစချီပြီး ကျွန်တော် က မိချို အကြောင်း နဲ့ ကျွန်တော့် သဘောထား အယူအဆတွေ ပြောပြတယ် ။ ဦးလေး နဲ့ အဒေါ် လည်း သဘောတူပြီး ဖြစ်တဲ့ အကြောင်း ပြောပြတယ် ။ အမေ မျက်ရည်တွေ စီးကျနေတာ လရောင် အောက် မှာ ကျွန်တော် မြင်နေရတယ် ။
“ ငါ့သား .. ပြောလို့ အားလုံး ပြီးပြီလား ”
အမေ မေးပုံမှာ သူ့ ဘက် ကလည်း ပြင်းထန်စွာ တိုက်စစ်ဆင်တော့မည့် ပုံ ။
“ ပြီးပါပြီ ”
“ ပြီးရင် အမေ ပြောတော့မယ် ။ အမေ သဘော မတူဘူး ။ ဘယ်နည်းနဲ့ မှ မပေးစားနိုင်ဘူး ”
အမေ့ လေသံ က ပြတ်သားတယ် ။ တင်းမာတယ် ။ ကျွန်တော် မျှော်လင့် မထားမိတဲ့ လေသံမျိုး ။ အမေ က ဆက်ပြောတယ် ။
“ မိချို က အမေ့ သမီး ။ အမေ့ စကား နားထောင်ရမယ် ။ မိချို က ငယ်သေးတယ် ။ ရှေ့ရေး နောင်ရေး ဘာမှ မတွေးတတ်သေးဘူး ။ မတော်တာ ကို တားရမှာ အမေ့ တာဝန် ။ အမေ့ သမီး ဆင်းရဲ မှာ ကို အမေ တားရလိမ့်မယ် ။ မပျက် ပျက်အောင် ဖျက်ရမယ် ။ ငါ့ သား ကိုလည်း အမေ နားမလည်နိုင်အောင် ဖြစ်ရတယ် ။ အိမ်ထောင်ရေး ဆိုတာ ကလေး ကစားစရာ မဟုတ်ဘူး ငါ့သား ၊ စိတ်ကူးယဉ် လို့ မရဘူး ။ တစ်သက်လုံး အရေး ။ အလေးအနက် တွေးရမယ် ။ ပြီးတော့ ကိုယ် က မိန်းကလေး ။ အို ... ဘယ်လိုနည်း နဲ့ မှ အမေ သဘော မတူနိုင်ဘူး ။ အမေ ဘယ်လိုမှ စဉ်းစားလို့ မရဘူး ”
အမေ့ စကား က ပြတ်သားလွန်းတယ် ။ စကား ကို အခိုင်အမာ တံခါး ပိတ်ပြောခြင်း ဖြစ်တယ် ။ စကားလုံးတွေ က ပီပြင်လိုက်တာ ။ ပြောတတ်ပါပေတယ် ။ အမေ က လည်း ကျွန်တော်တို့ သားသမီးများ လိုပဲ စာ သိပ်ဖတ်ပါတယ် ။ ကျွန်တော်တို့ အိမ် က ကိုယ်ပိုင် စာကြည့်တိုက်လေး မှာ အမေ ဝယ် လာပြီး ထည့် ပေးတဲ့ စာအုပ်တွေ အများကြီး ရှိပါတယ် ။
“ ဒီကောင်လေး နဲ့ အမေ သဘောတူနိုင်တဲ့ အချက် က ဆင်းရဲတာ တစ်ခု တည်းကြောင့် ပဲလား ”
“ ဒီ တစ်ခုတည်း နဲ့ ကို လုံလောက် နေပါတယ် ငါ့သား ရယ် ”
“ ဆင်းရဲတာ တစ်ခုတည်း ကြောင့် ဆိုရင်တော့ မလုံလောက်ဘူး အမေ ၊ လူ ရဲ့ စိတ်သဘောထား ကောင်းဖို့ ။ အသောက်အစား လောင်းကစား ကင်းဖို့ ။ ဘဝ တိုးတက်ရေး အတွက် လုပ်ရည်ကိုင်ရည် အရည်အချင်း ရှိဖို့ လိုပါတယ် အမေ ။ ချမ်းသာတဲ့ မိဘ က မွေးလို့ ချမ်းသာပြီး ပျော်ပါး သောက်စား လုပ်ရည်ကိုင်ရည် မရှိရင် ဘာမှ အားကိုးလို့ မရဘူးအမေ ”
“ ငါ့သား က ပညာတော့ တတ်ပါတယ် ။ ဒါပေမဲ့ ဘဝ အတွေ့အကြုံ နည်းပါသေးတယ် ။ ဆင်းရဲချိုငဲ့ နေရင် အိမ်ထောင် တစ်ခု ဟာ ဘယ်လိုလုပ် ကောင်းနိုင်ပါ့မလဲ ။ ကိုယ့် သားသမီး စိတ်ဆင်းရဲ နေရင် အမေ တို့ လည်း စိတ် ဆင်းရဲရမှာ ပေါ့ ”
“ ပိုက်ဆံ ရှိတာ တစ်ခုတည်း နဲ့ လည်း စိတ်ချမ်းသာတာ မဟုတ်ပါဘူး အမေ ။ ပိုက်ဆံ ရှိတဲ့ ယောက်ျား ယူမိပြီး သောက်လိုက် ၊ စားလိုက် ၊ ဖဲရိုက် ၊ ကြက်တိုက် ၊ လောင်းကစားလုပ် နဲ့ မျက်ရည် သုတ် နေတဲ့ မိန်းကလေးတွေ လည်း အများကြီးပဲ ။ မိချို နဲ့ လာ စပ်တဲ့ အထဲမှာ အမေ သဘောတူတဲ့ လူတွေ ကို ကျွန်တော် တစ်ယောက် မှ သဘော မကျဘူး ။ မိဘ ချမ်းသာတာ က လွဲပြီး လူပေါ်ကြော့တွေ ။ ချမ်းသာတာ ကလည်း တစ်သက်လုံး ထိုင် စားနိုင်လောက်တာ မဟုတ်ပါဘူး ။ ကိုယ်ပိုင် အရည်အချင်း လည်း မရှိဘူး ။ ဘဝ မှာ အခက်အခဲ ကြုံ လာရင် လည်း ဘာမှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး ။ ကိုယ် စီမံရာ နာခံမှာ မျိုးတွေ လည်း မဟုတ်ဘူး ။ ဒီကောင်လေး ကတော့ အမေတို့ စီမံရာ နာခံမှာ ပါ ။ အမေကြီး ကလည်း အသက်ကြီးပြီ ။ မိချို အိမ် မှာ မရှိရင် မဖြစ်ပါဘူး ။ မိချို ကို ထည့်လိုက်ရမယ့် လူမျိုးနဲ့ အဆင် မပြေပါဘူး ။ ကိုယ့် အိမ် လိုက် ပြီး ကိုယ် စီမံတာ ခံမယ့် လူမျိုး နဲ့ မှ ဖြစ်မှာပါ ။ ဦးလေး လည်း ပင်ပင်ပန်းပန်း မလုပ်ရတော့ဘူးပေါ့ ။ ကောင်း တဲ့ ဘက် ကလည်း စဉ်းစားပါဦး ”
ကျွန်တော် ကြိုးကြိုးစားစား ပြောနေရသည် ။
“ မဖြစ်ပါဘူး ငါ့ သားရယ် ။ မင်း ကောင်လေး က မင်္ဂလာ တောင် လူချင်းတူအောင် ဆောင်နိုင်မှာ မဟုတ်ပါဘူး ။ အမေတို့ ဂုဏ်သိက္ခာ နဲ့ ကိုက်ညီအောင် မိန်းမ ဘက်က အကုန်အကျ ခံရမှာ က လည်း ရှက်စရာကြီး မဖြစ်ပါဘူး ”
“ ဪ ... အမေ ကလည်း မင်္ဂလာဆောင် တာ က စပြီး တွက်နေတာကိုး ၊ ဒါတွေက ပကာသနတွေပါ အမရာ ”
“ တွက်ရတယ် ငါ့သား ။ ဂုဏ်ပကာသန ဆို တာ ကင်းနိုင်ကြတာ မဟုတ် ဘူး ”
“ အမေ ...အရိုင်းစပယ် ဝတ္ထု ဖတ်ဖူးတယ် မဟုတ်လား ”
အိမ် က စာအုပ်စင် မှာ ရှိတယ် ။ အမေ ဖတ်ဖူးထားတာလဲ သိလို့ အပိုင်ကိုင် မေးလိုက်တာ ဖြစ်တယ် ။
“ ဖတ်ဖူးတာပေါ့ သား ရဲ့ ”
“ အမေ အဲဒီ ဝတ္ထု ကို ကြိုက်တယ် မဟုတ်လား ”
“ ကြိုက်ပါတယ် ... ဘာဖြစ်လို့ လဲ ”
“ အဲဒီ ဝတ္ထု ထဲမှာ ‘ မ ’ က သူဌေးသမီး ၊ ဂုဏ်ကြီးရှင် ၊ ‘ ကိုဘခက် ’ က ဆင်းရဲသား ။ လမ်းပေါ် က ဂီတသမား ။ ‘ မ ’ ရဲ့ အသိုင်းအဝိုင်း က သဘော မတူလို့ ဖျက်ကြတယ် ။ ချစ်သူနှစ်ယောက် ကြားမှာ ဂုဏ်ပကာသနတွေ က အတားအဆီး ဖြစ်နေတယ် ။ အဲဒီ ဝတ္ထုကို ဖတ်ရင်း မ နဲ့ ကိုဘခက် နဲ့ သဘော မတူဘူးလား အမေ ”
“ တူတာပေါ့ ငါ့သား ရဲ့ ”
“ ခုလည်း အဲဒီလိုပဲ စဉ်းစားပေးပါ အမေရာ ”
ကျွန်တော် အပိုင် ပြော လိုက်ပါတယ် ။ ကိုယ့် စကား ကိုယ်လည်း တော်တော် သဘောကျ မိတယ် ။
ဒါပေမဲ့ -
“ ခုဟာက မတူဘူး ငါ့သား ရဲ့ ။ အရိုင်းစပယ် ဝတ္ထု ထဲ က ကိုဘခက် က ဇာတ်သိမ်းတော့ မိုးကုတ် က သူဌေးသား ဖြစ်သွားတယ် ။ ဘီအေ အောင်တဲ့ လူ ဖြစ်နေတယ် ။ မင်း ကောင်လေး က ဇာတ်သိမ်း လည်း သူဌေးသား ဖြစ်မှာ မဟုတ်ဘူး ။ ဘီအေ လည်း အောင်မှာ မဟုတ်ဘူး ”
“ သေပြီ - ” လို့ ရင်ထဲ မှာ အော်လိုက်မိတယ် ။ ကိုယ့် ဥပမာစကား နဲ့ ကိုယ် ဒုက္ခ ဖြစ်ရတယ် ။ ဘာ ဆက် ပြောရမှန်း လည်း မသိတော့ဘူး ။ အမေ ငိုနေ ပါပြီ ။
“ ဪ ... ငါ့သား ... ငါ့သား ၊ အမေ့ ကို နည်း အမျိုးမျိုးနဲ့ စည်းရုံး နေလိုက်တာ ။ ငါ့ သား ကိုယ်တိုင် က ပါနေတော့ ခက်တာပေါ့ ။ ကိုယ့် နှမလေး ရဲ့ နောင်ရေး ကို လည်း အလေးအနက် တွေးပါဦး သားရယ် ။ အမေ ပြောနေတာက အဲဒီ ကောင်လေး ကို ဘယ်လိုမှ သဘောထားလို့ မဟုတ်ပါဘူး ။ သမီး နောင်ရေး တွေးလို့ ပါ ။ အမေ့ ကို အခု ပြော နေသလို မင်း နှမ နားဝင်အောင် ပြောပေးပါ့လား ငါ့ သားရယ် ။ ငါ့သား ပြောရင် မိချို နားထောင်မှာ ပေါ့ ငါ့သားရယ် ”
အမေ ပြောရင်း ငို နေပါတယ် ။ အမေ့ ကို ကြည့်ပြီး စိတ် မကောင်းတာ နဲ့ သက်ပြင်း ချမိတယ် ။ တိုက်ပွဲ မှာ ကျွန်တော့် ဘက်က အခြေအနေ ဆိုးနေပြီ ။ အမေ က ကျွန်တော့် ကို ပါ သူ့ ဘက်မှ ရပ်တည်ခိုင်း နေပြီ ။
“ ဒီအကြောင်း မင်း အမေကြီး သိပြီလား ငါ့သား ”
“ လုံးဝ မသိသေးပါဘူး အမေ ”
“ အမေကြီး သိရင်လည်း ဘယ်လိုမှ သဘောတူမှာ မဟုတ်ပါဘူး ။ အမေတို့ ကို နားဝင်အောင် ပြောဖို့ တော့ မကြိုးစားပါနဲ့ ငါ့သား ရယ် ။ ဘယ်လိုမှ လက်မခံနိုင်ပါဘူး ။ မင်း နှမ ကိုသာ နားလည်အောင် ပြောပေးပါ ။ အမေ့ ရင်ထဲမှာ မီး တွေ တောက်နေပါပြီ ”
ရှေ့ဆက် တိုးလျှင် အကျိုးရှိရန် မမြင် ။ အမေ က အမေကြီး ကို ပြောလိုက်လျှင် ကောက်ရိုးပုံ မီးထုပ် တင်သလို ဖြစ်တော့မည် ။ မိချို ဒုက္ခ ဖြစ်လိမ့်မည် ။
“ ကဲ့ ... အမေ မငိုပါနဲ့တော့ ။ ကျွန်တော် လည်း အစွမ်းကုန် ပြောပြီးပြီ ။ အမေ့ သဘောထား လည်း သိပြီးပြီ ။ မိချို ကလည်း လိမ္မာပါတယ် ။ မယူရ မနေနိုင် မဟုတ်ပါဘူး ။ သူ့ ဆန္ဒ သူ ဖြစ်ချင်တာလေး ခွင့်တောင်းတာပါ ။ အမေတို့ သဘော မတူတဲ့ အကြောင်း ကျွန်တော် ပြောပြပါ့မယ် ။ ကျွန်တော့် စကား နားထောင်မှာ ပါ ။ အမေကြီး ကို လည်း လုံးဝ မပြောပါနဲ့ ။ ဆူလားပူလား လုပ်ရင် အလကား စိတ်ဆင်းရဲစရာတွေ ဖြစ်ကုန်ပါ့မယ် ။ မိချို ကို ကျွန်တော် ပြောပါ့မယ် ။ အမေ လည်း စိတ်ချလက်ချ အိပ်တော့ ... ”
“ အမယ်လေး ငါ့သား ရယ် ။ အမေ ဝမ်းသာ လိုက်တာ ။ ခုမှ ရင် ထဲက အလုံးကြီး ကျသွားတယ် ။ ငါ့သား ပြောရင် မင်း နှမ က ရပါတယ် ။ အမေကြီး သိလို့ မဖြစ်ဘူး ငါ့သား ... ဟုတ်တယ် ။ ကဲ .. ကဲ ညဉ့်နက်ပြီ ငါ့သား ပြန်တော့ ”
ကျွန်တော် အိမ်ပြန် ရောက်တော့ တစ်အိမ်လုံး အိပ်နေကြပြီ ။ မိချို တစ်ယောက် လည်း အိပ်နေပြီ ။ သူ ဘာမျှ မသိရှာ ။
••••• ••••• •••••
မနက် ကျတော့ ဆူပူသံ ၊ ငိုယိုသံတွေ နဲ့ ကျွန်တော် အိပ်ရာက နိုးရတယ် ။ အထိတ်တလန့် နဲ့ မျက်စိ ဖွင့် ကြည့်လိုက်တော့ မိချို အခန်း ရှေ့မှာ အမေကြီး ရောက်နေတယ် ။ တဘက် ကို ပခုံးပေါ် တင်ပြီး ဒူးတုပ် ထိုင်နေတယ် ။
“ ကျေးဇူးရှင်မကြီး ထွက်ခဲ့ပါတော့ ။ ကျေးဇူးတွေ ကြီးလွန်းလို့ ကန်တော့ ချင်လို့ ပါ ”
ပြောပြောဆိုဆို အမေကြီး ရှိခိုးနေပါတယ် ။
“ မလုပ်ပါနဲ့ အမေကြီး ရယ် ၊ မိချို တောင်းပန်ပါတယ် ”
မိချို ငိုရှိုက်ရင်း တောင်းပန် နေတာ သနားစရာ ။
ကျွန်တော် ကပျာကယာ အိပ်ရာ ထ လိုက်တယ် ။
“ ဘယ်လို လုပ်တာလဲ အမေကြီး ရာ ၊ စောစောစီးစီး စိတ်ဆင်းရဲစရာ ။ ဒီလို မလုပ်ပါနဲ့ ။ လူကြားလို့ မကောင်းပါဘူး ။ ပြောစရာ ရှိရင် အေးအေးဆေးဆေး ပြောပါ ”
ကျွန်တော် အမေကြီး ကို တောင်းပန်တယ် ။
“ အမယ်လေး .. ငါ့ သမီးလေး လိမ္မာလှ ယောက်မမြင်းစီး ထွက်တဲ့ မိန်းမ ။ မိဘ စိတ်ဆင်းရဲအောင် လုပ်တဲ့ မိန်းမ ။ ပြာပုံ တိုးချင်တဲ့ မိန်းမ ၊ ထွက်ခဲ့စမ်း ”
အမေကြီး က သနပ်ခါးတုံး နဲ့ အခန်းထဲ လှမ်း ပေါက်တယ် ။
“ ကဲ - လာပါ အမေကြီးရာ ၊ အောက်သွားပြီး အေးအေးဆေးဆေး ပြော ကြတာပေါ့ ”
အမေကြီး က ကျွန်တော့် ကို မြေးဦးမို့ ချစ်ပါသည် ။ အရင်းနှီးဆုံး မြေး အဘွား လည်း ဖြစ်ပါ တယ် ။ အမေကြီး ကို တွဲပြီး အိမ်အောက် ကို ခေါ် ခဲ့တယ် ။ အောက်ထပ် က ဧည့်ခန်း မှာ အမေ ငို နေတယ် ။ အဒေါ် လည်း ငိုနေတယ် ။ ဦးလေး ကတော့ မှိုင်တွေချလျက် ။
အမေကြီး ကို အမေ ပြောလိုက်တာဖြစ်တယ် ။ မနေ့ညက အမေ့ ကို တစ်ကွက်ချို ပြန်ခဲ့တယ် ကျွန်တော် တစ်ကွက် ချိုတာ အမေ သိတယ် ။ အမေ တစ်ကွက် ချိုတာ ကျွန်တော် မသိခဲ့ ။ အမေ က မိချို အိမ်ထောင်ရေး ကိစ္စ ကို အပျက် ဖျက်ဖို့ အစွမ်းကုန် တိုက်စစ် ဆင်လိုက်ပါတယ် ။
“ ငါ့မြေး ကရော သဘောတူလား ပြောစမ်း ။ မင်း အမေတို့ ၊ အဒေါ်တို့ ၊ ဦးလေးတို့ ကတော့ တစ်ယောက် မှ သဘောမတူဘူး ”
ကျွန်တော် မျက်လုံး ပြူးသွားမိတယ် ။
“ ဦးလေး နဲ့ အဒေါ် က သဘောတူပါတယ် ”
ကျွန်တော် ပြန် ပြော လိုက်တယ် ။
“ မတူပါဘူး ၊ မေးကြည့်ပါလား ”
အမေ က အပိုင် ပြော နေတယ် ။
“ အဒေါ် တူတယ်မို့လား ”
“ မတူပါဘူး ”
“ ဦးလေး ရော ”
“ မတူပါဘူး ”
“မနေ့ကတော့ တူတယ် ဆို ”
“ မနေ့ကတော့ မင်း ပြောတာနဲ့ ဟုတ်မယ် ထင်မိတာကိုး ။ တကယ်တော့ မဖြစ်နိုင်ပါဘူးကွာ ”
ဦးလေး စကားကြောင့် ရင်မောသွားရတယ် ။ မိချို ကိစ္စက ကျွန်တော် ထင်တာ ထက် အများကြီး ပိုခက် နေပြီ ။ ကျွန်တော် ထပ်ပြီး ကြိုးကြိုးစားစား ရှင်းလင်း ပြောပေမယ့် ဘယ်သူမှ လက်မခံတော့ပါဘူး ။ အဲဒီ အချိန် ကိုးတန်း ကျောင်းသား ကျွန်တော့် ညီ လှဝင်း အိ မ်ထဲ ဝင်လာတယ် ။
“ လူလေး လာစမ်းပါဦး ၊ မင်း အစ်မ မိချို က ယောက်ျား ယူတော့မလို့ တဲ့ ”
အမေကြီး ပြောပြီးတာ နဲ့ ညီငယ် က ကျွန်တော့် ဆီ လှမ်းကြည့်တယ် ။
“ ဟုတ်လား အစ်ကို ”
“ ဟုတ်တယ်ကွ ”
“ ဘယ်သူနဲ့ လဲ ”
လှဝင်း က အမေကြီး ကို မေးတယ် ။
“ ငြိမ်းအောင် နဲ့ တဲ့ လေ ... ငြိမ်းအောင် နဲ့ ”
“ အစ်ကို သဘောတူလား ”
“ တူတာပေါ့ ကွ ... ”
ကျွန်တော့် စကား ဆုံးတာ နဲ့ လှဝင်း မျက်နှာ မည်း သွားတယ် ။ နှုတ်ခမ်းဖျား တဆတ်ဆတ် တုန်နေတာ ကျွန်တော် မြင်ရတယ် ။ ကျွန်တော် က ခပ်ပေါ့ပေါ့ သဘောထား ဖြေပေမယ့် ကျွန်တော့် အဖြေ က သူ့ အတွက် ကြီးစွာ တုန်လှုပ် သွားတယ် ။ သူ က ရုတ်တရက် အနား မှာ ရှိတဲ့ ခုတင်ပေါ် ပစ်လှဲပြီး ရှိုက်ကြီးတငင် ငိုတယ် ။
တစ်နေ့လုံး ပြောလိုက်ကြ ၊ ဆိုလိုက်ကြ ၊ ငိုလိုက်ကြနဲ့ အိမ်တွင်းမီး တညီးညီး တောက်လောင်နေတယ် ။
ညနေပိုင်း ကျတော့ ကျွန်တော့် အောက် ညီဝမ်းကွဲ စိုးထွန်း .. သူ့ အိပ်ရာ နဲ့ သူ့ပစ္စည်းတွေ သိမ်းဆည်းပြီး သူ့ မိဘအိမ် ပြန်သွားတယ် ။ ကျွန်တော့် ကို နှုတ်တောင် ဆက် မသွားဘူး ။ အမေ့ ကို တော့ ပြောသွားတယ် ။
“ အလကားပါ ကြီးတော်ရာ ။ ကျွန်တော်တို့ အစ်ကို့ ကို အထင်ကြီး လေးစားခဲ့ သမျှ ဒါနဲ့ တင် စိတ်ပျက် သွားပြီ ။ အစ်ကို က စာတွေ ဖတ်ပြီး သူ့ ကိုယ်သူ စာရေးဆရာ လိုလို ၊ ဘာလိုလို စိတ်ကူး ယဉ်နေတာ ။ မိချို ကလည်း အတူတူပဲ အစ်ကို့ အားကိုး နဲ့ စိတ်ကူးယဉ် နေတာ ။ ဂုဏ်ပကာသ န ဆိုတာ ရှိတာပေါ့ ။ လိုတာပေါ့ ။ ဘာလို့ မလိုရမှာ တုံး ။ ဒီလောက် အဆင့်အတန်းချင်း ကွာ တာ ။ ကျွန်တော်တို့ သဘော မတူဘူး ။ ကျွန်တော်တို့ အိမ် ထဲ တစိမ်း ဝင်လာတော့မှာ မို့ ပျော်စရာလည်း မကောင်းတော့ပါဘူး ။ ကျွန်တော် လည်း ကိုယ့် အိမ် ကို ပြန်အိပ်တော့မယ် ”
စိုးထွန်း စကား အမေ့ ဆီ က ကြားရတာ နဲ့ ကျွန်တော် တုန်လှုပ်သွားမိတယ် ။ စိတ် ထဲမှာ လည်း ဝမ်းနည်း သွားတယ် ။ မထင်မှတ်တဲ့ နေရာ ၊ မထင်မှတ်တဲ့ တိုက်ကွက်တွေ က ပို ကြောက်စရာ ကောင်း နေတယ် ။ သူ က တက္ကသိုလ် နောက်ဆုံးနှစ် ၊ ဓာတုဗေဒကျောင်းသား ၊ ကျွန်တော် ပြီးရင် နှစ်မိပေါက် ညီအစ်ကို မောင်နှမ အားလုံးမှာ သြဇာ အကြီးဆုံးသူ ။ ကျွန်တော့် ကို လည်း အလွန် လေးစားတယ် ။ အခုလို တစ်ခါမှ မဝေဖန်ဖူးဘူး ။
ကျွန်တော်တို့ ဘက် မှာ မိချို နဲ့ ကျွန်တော် နှစ်ယောက် ထဲပဲ ကျန်တော့တယ် ။
ကျွန်တော် စိတ်မကောင်း ဖြစ်ရတယ် ။ ကျွန်တော်တို့ ညီအစ်ကို မောင်နှမတွေ ၊ မိသားစု တွေ စည်းလုံးညီညွတ်မှု ပြိုကွဲ သွားပြီလား ။ ကျွန်တော်တို့ ပျော်စရာ အသိုက်အမြုံလေး ပျက်စီး တော့မှာလား ။ ယခင်က ပျော်စရာ ကောင်းခဲ့ တဲ့ ဘဝလေး ကို တမ်းတမ်းတတ လွမ်းမိတယ် ။ ညပိုင်း ကျတော့ မိချို ကျွန်တော့် ဆီ ရောက် တာတယ် ။ သူ ငိုတယ် ရှိုက်ကြီးတငင် ငိုတယ် ။
“ မိချို ကို ခွင့်လွှတ်ပါ အစ်ကို ။ မိချို ကြောင့် တစ်အိမ်လုံး စိတ်ညစ်ကြရပြီ ။ အစ်ကို့ ကို လည်း အငယ်တွေ တော်လှန်ကုန်ကြပြီ ။ မိချို အတွက် အစ်ကို ဖြစ်ရတာ မိချို ဝမ်းအနည်းဆုံးပဲ ။ မိချို လက်လျှော့လိုက်ပါပြီ အစ်ကို ။ တစ်အိမ်လုံး အရင်ကလို ပျော်ပျော်ရွှင်ရွှင် ရှိကြမယ် ဆိုရင် မိချို တစ်ယောက်တည်း ငိုပါ့မယ် အစ်ကို ။ အခြား တစ်ယောက် နဲ့ အတင်း မပေးစားဖို့တော့ အစ်ကို ပြောပေးပါ ”
မိချို နောက်ဆုံးစကား ကို မနည်း ပြောပြီး ရှိက်ကြီးတငင် ငိုပါတယ် ။
“ မှန်တယ် မိချို ၊ ဒီအချိန် မှာ တော့ ငါတို့ ဘယ်လိုမှ ရှေ့ဆက် တိုးလို့ မရဘူး ။ တိုးလေ ဆိုးလေဖြစ်မှာပဲ ။ မိချို လည်း လျှော့လိုက်ပါ ။ အစ်ကိုလည်း လျှော့ပါ့မယ် ။ ဒါပေမဲ့ အရှုံး ပေးတာ တော့ မဟုတ်ပါဘူး ။ အစ်ကိုတို့ အခြေအနေ အခွင့်အလမ်းကောင်း ကို စောင့်ပေးကြရမှာပေါ့ ”
နောက်တစ်နေ့ မနက်တော့ ကျွန်တော် က မိချို ကိုယ်စားလှယ် လုပ်ပြီး နှစ်ဖက် စေ့စပ် ဆွေးနွေးကြတယ် ။ မိချို ဘက်ကလည်း အားလုံး သဘောမတူရင် မယူတော့ပါဘူး ။ လူကြီးများ က လည်း တခြား တစ်ယောက် နဲ့ မပေးစားပါနဲ့ ။
အပြန်အလှန် ကတိ ပေးပြီး စေ့စပ်ညှိနှိင်းပွဲ အောင်မြင် သွားပါတယ် ။
“ ကဲ ... အမေ တို့ အမေကြီး တို့ အားလုံး စိတ်ချမ်းသာကြပြီ မို့လား ။ အရင်က လို ပျော်ပျော်ရွှင်ရွှင် နေလို့ ရပါပြီ ။ မိချို ကတော့ အားလုံး ပျော်ဖို့ သူ့ နှလုံးသား ဆန္ဒကို အရှုံးပေး ရမှာ ပေါ့ ”
“ အမေ လည်း သမီးလေး ကို သနားပါတယ် ငါ့သား ရယ် ။ ဒါပေမဲ့ ခဏပဲ ခံရမှာ ၊ တစ်သက်လုံး ဒုက္ခ ဖြစ်မှာ နဲ့ စာတော့ တော်ပါသေးတယ် ။ အမေတို့ သူ့ ကို အကောင်းဆုံး ပျော်အောင် ထားမှာ ပါ ။ ဘယ်သူနဲ့ မှ လည်း မပေးစားပါ ဘူး ”
“ ပေးစားမယ် ကြံစည်လို့ လိုက်ပြေးရင်တော့ ကျွန်တော် တာဝန် မယူဘူးနော် ”
“ သိပါတယ် ငါ့သား ရယ် ။ လုံးဝ မလုပ်ပါဘူး ”
ကျွန်တော်တို့ မိသားစု ညီအစ်ကို မောင်နှမ ယခင် က လို ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် ပြန် ဖြစ်သွားပါတယ် ။ စိုးထွန်း လဲ အိမ်ပြန် ရောက် လာပါတယ် ။ ရက် ကြာလာတာ နဲ့ အမျှ မိချို ပါ ပျော်ပျော်ရွှင်ရွှင် ပြန်ဖြစ်လာပါတယ် ။
“ အေးလေ .. ဒီလိုနဲ့ အေးအေးချမ်းချမ်း ပြီး သွားကြရင်လည်း ပြီးတာပါပဲ ”
ကျွန်တော် ပါ ဖြေလျော့စိတ် နဲ့ တွေးမိလာပါတယ် ။
ဒါပေမဲ့ မပြီးဘူး ။ မပြီးတာ က စိုးထွန်း ။ တက္ကသိုလ် မှာ သူ နဲ့ တစ်တန်းထဲ မိန်းကလေး နဲ့ ချစ်သူ ဖြစ်ကြတယ် ။ မိန်းကလေး က မန္တလေးမြို့ ပေါ်က ။ ချမ်းသာတယ် ။ တိုက်နဲ့ ကားနဲ့ ။ စီးပွားရေး လုပ်ငန်းရှင်တွေ ။ နောက် ခြောက်လ လောက် ကြာတော့ မိန်းကလေး ရဲ့ မိဘတွေ သိ သွားပြီး သူတို့ ရဲ့ သမီး ကို စိုးထွန်း နဲ့ လုံးဝ သဘော မတူဘူး ၊ ဖျက်ကြတယ် ။ စိုးထွန်း နာကြည်းကြေကွဲရတယ် ။ လူချင်း အတူတူ ဂုဏ်ပကာသန စကားတွေ ပြောတာ အတွက် မခံမရပ် နိုင်ဖြစ်ရတယ် ။
ဟိုဘက်က ပြောတဲ့ စကားတွေ ပြန် ကြားပြီး အမေ ၊ အဒေါ် ၊ ဦးလေးတို့ မခံနိုင်အောင် ဖြစ်ကြတယ် ။
ချစ်သူ နဲ့ ခွဲရတော့မယ် ဆိုမှ နှလုံးသား မှာ ခံစားရတဲ့ ဝေဒနာ ကို ကြီးမားတဲ့ ဒုက္ခ အဖြစ် စိုးထွန်း နားလည်လာတယ် ။ ကျွန်တော် စိုးထွန်း ကို နှစ်သိမ့် အားပေးရတယ် ။
စိုးထွန်း ကျွန်တော့် ကို အပူကပ် နေပါပြီ ။ သူ့ ကိစ္စ ကို အကူအညီ ပေးဖို့ ပြောပါတယ် ။
“ မင်း က သူ့ ကို ချစ်တာ ၊ သူ ချမ်းကြွယ်ဝတာတွေ မက်လို့ လား ”
ကျွန်တော် ပွင့်ပွင့်လင်းလင်း မေး လိုက်တယ် ။
“ ဟာ ... အစ်ကို ကလည်း ... ဘယ်လို မေးလိုက်တာလဲ ၊ ကျွန်တော် သူ့ ပစ္စည်း ကို တစ်ပြား တောင် မမက်ဘူး ။ ကျွန်တော့် မေတ္တာ ကို အစ်ကို က အထင်သေး လိုက်တာ ”
စိုးထွန်း မခံမရပ်နိုင် ဖြစ်သွားတယ် ။
“ ဒါဆိုရင် ငြိမ်းအောင် မိချို ကို ချစ်တာလည်း တို့ ပစ္စည်းတွေ လိုချင်တယ်လို့ မင်း ထင်တာလား ”
ကျွန်တော် မေးလိုက်ချင်တာ လျှာ ကို ယား နေတာပဲ ။ ဒါပေမဲ့ ကျွန်တော်မမေးပါဘူး ။ သူ့ ဘာသာပဲ နားလည်ပါစေတော့ ။
“ ဒါဆိုရင်လည်း ဘာ ခက်လဲ ငါ့ညီ ရာ ။ မင်း လည်း မကြာခင် ဘွဲ့ ရတော့မယ် ။ မင်း ချစ်သူ မိန်းကလေး လည်း ဘွဲ့ ရတော့မှာ ပဲ ။ အသက် က လည်း ဆယ့်ရှစ်နှစ် ကျော်ကြပြီ ။ ငါ လိုက် ပြော ပေးပါ့မယ် ။ သဘော မတူ ခွင့်မပြုရင်လည်း ရုံး တက် လက်မှတ် ထိုးကြတာပေါ့ ။ အေး .. တစ်ခု တော့ ရှိတာပေါ့ ။ မင်း ချစ်သူ မိန်းကလေး က မိချို လို အားလုံး အတွက် သူ့ ဘဝ ကို အရှုံးပေးတဲ့ မိန်းကလေး ဆိုရင်တော့ ငါ လည်း မတတ်နိုင်ဘူး ”
စိုးထွန်း ကျွန်တော့် ကို ကြည့်နေတယ် ။
“ ဟုတ်ပါတယ် အစ်ကိုရာ ။ ကျွန်တော် အစ်ကို ကို တောင်းပန်ပါတယ် ။ မိချို ကိစ္စတုန်းက ကျွန်တော် နည်းနည်းမှ ကိုယ်ချင်း မစာမိခဲ့ဘူး ။ ဂုဏ် ပကာသန စကားတွေ ပြောမိတယ် ။ အဆင့်အတန်း ခွဲပြီး မြင်ခဲ့မိတယ် ။ အခု ကိုယ်တိုင် ကြုံ တော့မှ အဲဒီ ပကာသန ဆိုတာကို စိတ်နာလိုက်တာ ။ အစ်ကို ပြောတာ မှန်ပါတယ် ။ လူတစ်ယောက် ကို ကြည့်ရင် လူ့အရည်အချင်း ရှိမရှိ ၊ စိတ်ထားကောင်း ၊ မကောင်း အဓိက ထား ကြည့် သင့်တယ် ။ အဲဒီလိုသာ ကြည့်ရင် ငြိမ်းအောင် ကို ဘာမှ ငြင်းစရာ မရှိပါဘူး ။ ကျွန်တော် အစ်ကို့ ကို ပြောမိတာတွေ တောင်းပန်ပါတယ် ”
“ တောင်းပန်စရာ မလိုပါဘူး ငါ့ညီရာ ၊ အစ်ကို နားလည်ပါတယ် ”
အဒေါ် နှင့် ဦးလေး တို့ မှာ လည်း သူ့တို့ သား ၊ သူတို့ တူ ခံစားရမှ ဂုဏ်ပကာသန ကို စိတ်နာ လာကြတယ် ။ မိချို ကိစ္စ မှာ လည်း ကျွန်တော့် ဘက် ပြန် ပါလာကြတယ် ။ ယခုအခါ စိုးထွန်း မှာ မိချို နဲ့ ကျွန်တော်တို့ အတွက် အကောင်းဆုံး တိုက်စစ်မှူး ဖြစ်လာတယ် ။ ပေါက်ကွဲတတ်တဲ့ အမေကြီး ကတော့ ချော့လိုက်ရင် ပျော့လွယ်သူ လည်း ဖြစ်ပါတယ် ။
ကျွန်တော် က အမေကြီး နဲ့ နီးနီးကပ်ကပ် နေရင်း မိချို မရှိရင် အမေကြီး အတွက် ပင်ပန်းဆင်းရဲ မှာ အဆင်မပြေ ဖြစ်မှာ ပြောပြတယ် ။ မောင်ငြိမ်းအောင် ရောက် လာရင် ဦးလေး အတွက် သက်သာမှာ ကို လည်း ရှင်းပြတယ် ။ အမေကြီး က ပြင်းပြင်းထန်ထန် မကန့်ကွက်တော့ပါဘူး ။
နောက်ဆုံး ကျန်နေတာ ကတော့ အမေ ပါပဲ ။ စိုးထွန်း က သူ ခံစားရတာ နဲ့ ယှဉ်ပြီး ရှင်းပြ တောင်းဆိုတယ် ။
နောက်ဆုံး မှာ အမေ က
“ အများ သဘောတူရင် မကန့်ကွက်တော့ပါ ဘူး ။ ဒါပေမဲ့ သူ ကတော့ သဘောမတူဘူး ” လို့ ပြောတယ် ။
မကန့်ကွက်တော့တာ ကိုပဲ ခွင့်ပြုတယ်လို့ သဘော ထားပြီး မောင်ငြိမ်းအောင် နဲ့ မိချိုကို လက်ထပ် ပေးလိုက်တယ် ။ မောင်ငြိမ်းအောင် အိမ် ရောက် လာပြီး လယ်လုပ်ငန်းတွေ ကို ကူညီ လုပ်ကိုင်တဲ့ အတွက် ဦးလေး သက်သာပါတယ် ။ အမေကြီး လည်း မိချို အကူအညီ နဲ့ သက်သာပါတယ် ။
စိုးထွန်း ကိစ္စ ကိုတော့ မိန်းကလေး ရဲ့ မိဘများ ကို ကျွန်တော် လိုက် ပြောပါတယ် ။ တူးတူးခါးခါး ပါပဲ ၊ လုံးဝ သဘော မတူကြပါဘူး ။ ကျွန်တော်တို့ အမျိုးမျိုး ကြိုးစား ပြောဆိုတယ် ။ သူ့ သမီး ကလည်း ဖျက်လို့ မရဘူး ။ နောက်ဆုံးတော့ ယူချင် ယူ အတောင်း မခံဘူး ပြောတယ် ။
ရုံး မှာ လက်မှတ်ထိုး လက်ထပ် လိုက်ကြတယ် ။
စိုးထွန်း က မန္တလေး တက္ကသိုလ် မှာ ဆရာ ဖြစ်တယ် ။ မိန်းကလေး က မန္တလေးမြို့ပေါ်မှာ ပဲ ဆရာမ အလုပ် ရတယ် ။ မြေး တစ်ယောက် အထိ တင်း နေသေးတယ် ။ မြေး နှစ်ယောက် ဖြစ်လာ တော့ မနေနိုင်တော့ပါဘူး ။ အိမ်ပေါ် ခေါ် တင် လိုက်ကြပါတယ် ။
ယခုအခါမှာ အချိန် ကာလတွေ ကြာခဲ့ပါပြီ ။ အပြောင်းအလဲတွေ လည်း
အများကြီး ဖြစ်ခဲ့ကြပြီ ။
စိုးထွန်း ရဲ့ ယောက္ခမတွေ လည်း မရှိတော့ပါဘူး ။ စိုးထွန်း တို့ ဇနီးမောင်နှံ ပဲ မိဘများ ရဲ့ စီးပွားရေး လုပ်ငန်းများ ကို ဆက် လုပ်နေကြပါတယ် ။
အမေကြီး လည်း မရှိတော့ပါဘူး ။ မိချို ရဲ့ ပြုစုစောင့်ရှောက်မှု နဲ့ ပဲ အသက်ထက်ဆုံး နေသွားပါတယ် ။
မိချိုတို့ မိသားစု က အမေ့ အသက် ( ၇၀ ) ကျော် က စပြီး အမေ ကွယ်လွန်တဲ့ ( ၈၄ ) နှစ် အထိ နှစ်စဉ် အမေ ကန်တော့ပွဲ ခမ်းခမ်းနားနား လုပ်တယ် ။
အခုဆိုရင် မောင်ငြိမ်းအောင် နဲ့ မိချို တို့ ရွာ မှာ ခြံကျယ် တစ်ခု ဝယ်ပြီး တိုက်နဲ့ လယ်ယာသုံး မြေဆီသြဇာ အရောင်းဆိုင် နဲ့ လယ် နဲ့ ယာ နဲ့ ၊ ကွမ်းခြံ နဲ့ ၊ ဆိုင်ကယ် နဲ့ တီဗွီ နဲ့ လေအေးပေးစက် နဲ့ ပြည့်ပြည့်စုံစုံ ၊ တင့်တင့်တယ်တယ် ရှိပါ တယ် ။ ထူးခြားတာ က သူတို့ အိမ်ထောင်လေး ဟာ သိပ်ကို ချစ်ခင်ကြင်နာ ကြတယ် ။ မောင်ငြိမ်းအောင် က ရွာ မှာ ကျွန်တော် တည်ဆောက် ပေးထားတဲ့ လယ်တွင်း အလင်းရောင် စာကြည့်တိုက် ကို ကျွန်တော့် ညီများ နဲ့ အတူ တာဝန်ယူ ကူညီ စောင့်ရှောက် နေကြတယ် ။ တစ်နှစ် တစ်ခါ ရွာ မှာ စာပေဟောပြောပွဲ ဖြစ်မြောက်ရေး ကိုတော့ မောင်ငြိမ်းအောင် ကပဲ တာဝန်ယူ ဆောင်ရွက်ခဲ့တာ ( ၁၀ ) နှစ် ကျော်ခဲ့ပြီ ဖြစ်ပါတယ် ။
အဲဒီ စာပေဟောပြောပွဲ တိုင်း မှာ သူ့ ကျေးဇူးရှင် ယောက်ဖ လယ်တွင်းသားစောချစ် ကို တော့ နှစ်စဉ် မပျက်မကွက် ဖိတ်ကြားလျက် ရှိကြောင်း ပါဗျာ ။ ။
▢ လယ်တွင်းသားစောချစ်
📖 ခေတ်သစ်အလင်္ကာ ဝတ္ထုတိုပေါင်းချုပ်
No comments:
Post a Comment