❝ ရွက်မဲ့လှေ ❞
( ညိုရင့် )
“ ဒီမှာ ကြည့် ဖောင် ခေါက်မယ် ဆိုရင် စာမျက်နှာ နံပါတ်တွေကို မမှားအောင် ဂရုတစိုက်နဲ့ အရင်စစ် ၊ ပြီးရင် စ ခေါက်ရမယ့် စာဖောင် ရဲ့ အငယ်ဆုံး စာမျက်နှာ ကို အပေါ်ဆုံး အမြင်မှာထား ၊ အခု အစ်မတို့ ခေါက်တဲ့ ရုပ်ပြ စာအုပ် က ရှစ်မျက်နှာ တစ်ဖောင် ဆိုတော့ နံပါတ်တစ် စာမျက်နှာ ကနေ နံပါတ်ရှစ် စာမျက်နှာ အထိကို ခေါက် လိုက်ရင် ဖောင်နံပါတ် တစ် ပြီးပြီ ။ နောက် စာမျက်နှာ ကိုး ကနေ စာမျက်နှာ ဆယ့်ခြောက် အထိက ဖောင်နံပါတ် နှစ် ၊ ရှစ်မျက်နှာခြားစီပေါ့ဟာ ။ အဲဒီ ရှစ်မျက်နှာခြားစီ ကို ဖောင်တစ် ၊ နှစ် ၊ သုံးဆိုပြီး ဖောင် မခေါက်ခင် စာမျက်နှာ အစဉ်လိုက် သေသေချာချာကြည့်ပြီး တစ်ပုံချင်းစီပုံရ မယ် ။ ပြီးတော့ တစ်ဖောင်ချမ်း ကို မမှားအောင် စာမျက် နှာတွေကို စစ်ပြီး ခေါက်ပေတော့ ”
ပါးစပ်က တရစပ် ပြောရင်း စာရွက်ကို ခေါက်ပြ နေတဲ့ မကြီးထား သင်ကြား ပေးနေတာကို ခင်မေ စေ့စေ့ စပ်စပ် လိုက် မှတ်ရင်း စာဖောင် စာရွက်တွေ ကို လိုက် ခေါက်နေမိသည် ။ သူ ရဲ့ ဘေး တစ်ယောက်ခြား မှာလည်း မစူရီ က နွဲ့ရီ ကို ဖောင်ခေါက်နည်း သင်ပေး နေတာကို တွေ့ နေရသည် ။ ဒီအလုပ် ကို တစ်ရက်တည်း အတူတူ ဝင်လုပ်ခဲ့ကြသူများ ဖြစ်ပြီး ဘဝတူချင်းလည်း ဖြစ်၍ ခင်မေ နှင့် နွဲ့ရီ တို့ နှစ်ယောက်မှာ တခြားသူများ ထက် ပိုမို ခင်မင်မိကြသည် ။
စာအုပ်ချုပ်အလုပ် ကို ယခုမှ စ လုပ်ဖြစ်သည့် အတွက် သူတို့ နှစ်ယောက်လုံး ပညာသင် နေ့စား အနေဖြင့် အလုပ် အစအဆုံး ကို တောက်တိုမယ်ရ ဝိုင်း လုပ်ပေးနေရခြင်း ဖြစ်သည် ။ တခြား အလုပ်တွေ မရှိ၍ အားနေချိန်များတွင် စာဖောင် ခေါက်တာ သင်ပေးရန် အလုပ်ရှင် ကိုညီညီ မှာထားသည်မို့ စာမျက်နှာ မမှားအောင် စာဖောင်စီပုံတွေ ၊ ဖောင်ခေါက်ရမည့် လက်အနေအထားတွေ ကို ရသလောက် အချိန်မှာ ဖောင်ခေါက်ဝါရင့် နေပြီ ဖြစ်တဲ့ မကြီးထား နဲ့ မစူရီ တို့က လုပ်ပြရင်း သင်ပေးနေကြခြင်းဖြစ်သည် ။
“ အစ်မထား တို့ ခေါက်ထားတဲ့ စာရွက်ခေါက်လေး တွေက ထပ်ထားရင် ဓားစက် ဖြတ်ထားသလို ညီညီညာညာ နဲ့ ကြည့်လို့ သိပ်ကောင်းတာပဲနော် ၊ ပြီးတော့ မြန် လိုက်တာမှ စာရွက်သံလေးတွေက ရွှီးခနဲ ရွှီးခနဲနဲ့ တရုတ် သိုင်းကားတွေ ထဲက ဓားသမားတွေ ဓားကစား နေတာကျ နေတာပဲ ၊ ခင်မေ လည်း အဲဒီလို စာဖောင်တွေ ကို ခေါက် တတ်ချင်လိုက်တာ ”
ခင်မေ ရဲ့ အားကျသံ နဲ့ ပြောလိုက်တဲ့ စကားကို နား ထောင်ပြီး မကြီးထား က ဘာမှ မပြောဘဲ ပြုံး နေသည် ။ ဘေးက ဘိုင်းနင်းခုံ မှာ နွဲ့ရီ ကို သင်ပေးနေတဲ့ မစူရီ က ရယ်ကျဲကျဲ မျက်နှာ နဲ့ ပြန်ပြောလိုက်သည် ။
“ ဟဲ့ .. ခင်မေရဲ့ ၊ ငါတို့ ဖောင်ခေါက်သက်က နှင့် အသက်လောက် ရှိနေတာ ကိုလည်း ထည့်ပြောဦးလေ ၊ နင် ပြောသလို တရုတ်သိုင်းကား ထဲက ဓားသမားတွေသာ ငါတို့ ဖြစ်ခဲ့ရင် ငါတို့ရဲ့ အဆင့်က အခုလောက်ဆို ဝူတန် တို့ လောက်ငူဂိုဏ်းတွေ ရဲ့ ဂိုဏ်းချုပ်တွေ တောင် ဖြစ်နေလောက်ပြီ ။ ဟုတ်တယ်မလား မထား ”
“ အင်း ... ဝူတန်တို့ လောက်ငူဂိုဏ်းတွေ မှာ ဂိုဏ်းချုပ်ဖြစ် ၊ မဖြစ်တော့ မသိဘူး ၊ တရုတ်သိုင်းကားတွေထဲ က နာမည်ကြီး ဂိုဏ်းတစ်ဂိုဏ်း ဖြစ်တဲ့ သူတောင်းစား ဂိုဏ်း မှာတော့ ကြိမ်းသေ ဖြစ်နိုင်လောက်တယ် ”
စူရီ က စကားအဆုံး အမကြီးထား ဘာမှ မပြောခင် ဆယ်ချိုးစာအုပ် အတွက် စာဖောင်တွေ ဖြတ်ပေးနေတဲ့ ဓားစက်ခုံ ပေါ်က အောင်ဝင်း ရဲ့ အသံကျယ်ကြီး နဲ့ အော် ပြောလိုက်သံကြောင့် အလုပ် လုပ်နေသူ အားလုံး ၏ ရယ် မောသံကြီးဟာ အောင်ဝင်း ကို မစူရီ ၏ မသာလေး ဆိုသည့် ထောမနာပြုသံ ကို ဖုံးလွှမ်း သွားတော့သည် ။ ခင်မေ အတွက်တော့ မိသားစုလေး တစ်စုလို ဖြစ်နေသည့် ဒီစာအုပ်ချုပ် အလုပ်ကို အဖေ ကြောင့် ဝင်လုပ်ခွင့် ရတာမို့ စိတ်ထဲ ကနေ အဖေ့ ကို ကျေးဇူး တင်နေမိသည် ။ နောက် ပြီး အဖေ့ ကို သတိရရင်း မျက်ရည်များပင် ဝဲလာမိတော့သည် ။
••••• ••••• •••••
အခုလာမည့် ၁၁ လ ပိုင်း ဆိုလျှင် ခင်မေ အသက် ၁၆ နှစ် ပြည့်ပြီ ဖြစ်သည် ။ အဖေ ရှိစဉ်တုန်းက အဖေ အလုပ်ဆင်းသော စာအုပ်ချုပ် အလုပ်ကို ခင်မေ ထမင်းချိုင့် ပို့ရင်း မကြာခဏ ရောက်ဖူးခဲ့ သဖြင့် အလုပ်ထဲမှ လူ အတော်များများ နှင့် ရင်းနှီးနေခဲ့သည် ။ သူမ နှင့် သက်တူ ရွယ်တူများ အလုပ် လုပ်နေကြသည် ကို တွေ့တိုင်း ပိုက်ဆံ အမြဲ လိုနေသည့် မိသားစု အတွက် ကိုယ်တိုင်ဝင် ရောက်လုပ်ကိုင်ချင်စိတ်များ ခင်မေ စိတ်ထဲ ဖြစ်ပေါ်လေ့ ရှိသည် ။ သူမ ၏ အလုပ် လုပ်လိုစိတ်ကို အဖေ သိအောင် ဖွင့်ပြောပြတိုင်း ပညာတတ်ကြီး ဖြစ်အောင် အရင် လုပ်ပါ သမီးရယ် ၊ ဒါမှ သမီး ညီမလေးနဲ့ မောင်လေး ကို သမီးကြီး ရဲ့ လုပ်ရပ်အပေါ် စံနမူနာ ပြပြီး အဖေ ဆုံးမလို့ရမှာ ၊ တစ်နှစ် မှ စာမေးပွဲ မကျဘဲ ကိုယ့်အသိစိတ် နဲ့ ကိုယ် ကြိုးစားပြီး စာတော်တဲ့ သမီးမို့ အဖေ မျှော်လင့်မိတာပါ ။ ဆယ်တန်း အောင်ပြီးမှ အလုပ် ဝင်လုပ်နော် သမီးကြီး ဆိုသည့် ခေါင်းတခါခါ ရမ်းရင်း ပြန် ဖြေသော အဖေ ၏ စကားသံများ ကို ကြားနေရမြဲပင် ။
အဖေ ၏ မျှော်လင့် တက်ကြွနေသော မျက်လုံးအစုံ ကို ကြည့်ရင်း ခင်မေ ကိုးတန်းစာမေးပွဲ ကို ကြိုးကြိုးစားစား ဖြေဆိုခဲ့၏ ။ ကိုးတန်း စာမေးပွဲ အောင်စာရင်း မထွက်ခင် မှာပင် အဖေ ရုတ်တရက် ကွယ်လွန် သွားသဖြင့် သူမ ၏ ကိုးတန်းစာမေးပွဲ အောင်ခြင်း ကို အဖေ သိ မသွားရှာခဲ့ပေ ။ အဖေ ဆုံးပြီး ကလေး သုံးယောက် နှင့် ကသီလင်တ ဖြစ်နေ သည့် အမေ ကို သနား၍ အဖေ လုပ်ခဲ့သော အလုပ် ရဲ့ အလုပ်ရှင် ဦးညီညီ က ခင်မေ ကို ခေါ်ပြီး အလုပ် လုပ်ခိုင်း တာကြောင့် ခင်မေ ယခု အလုပ်ကို ရရှိနေခြင်း ဖြစ်သည် ။ ခင်မေ ကျောင်းထွက်ပြီး အလုပ် လုပ်နေခြင်း ကို တမလွန် မှ အဖေ သာ သိလျှင် မည်သို့မျှ စိတ်ကောင်းနိုင်မည် မဟုတ်ပေ ။
“ ဟေ့ .. ခင်မေ ၊ ဘာ ငိုင်နေတာလဲ ၊ နင့်ကို ငါခေါ် နေတာကြာလှပြီ ၊ ဘာလဲ အိမ်အကြောင်း တွေးနေပြန်ပြီ လား ၊ တော်တော့ ရပ် အမြန် ၊ အခုချက်ချင်း နင့်ရှေ့က စာရွက်ပုံကို ဟိုဘက် နည်းနည်း ရွေ့လိုက် ၊ အဲဒီကြားမှာ ဖောင်နံပါတ်ကိုး ထားရမှာ ၊ ဒီမှာချဖို့ နေရာ ကြပ်နေလို့ အမြန်လုပ် ဒါပဲ ထပ်မပြောဘူး ”
အဖေ့ ဆီသို့ အတွေး ရောက်သွားသော ခင်မေ စိတ် ကို အကြောင်းသိ နွဲ့ရီ က အလုပ်ရှင်ဦးညီညီ ပြောတဲ့ လေသံအတိုင်း နောက်ပြောင်ပြောရင်း အလုပ်ထဲ စိတ် ပြန် ရောက်အောင် လုပ်ပေးလိုက်ခြင်းဖြစ်သည် ။ နွဲ့ရီကို ပြုံးပြ လိုက်ရင်း ရှေ့မှာရှိတဲ့ စာရွက်ပုံ ကို အသာ မရွှေ့ပြီး နွဲ့ရီ လက်ထဲက ဖောင်နံပါတ်ကိုး ကိုယူ၍ ဖောင်နံပါတ် ရှစ်နဲ့ တစ်ဆယ်ကြား မှာ နေရာ ချထားလိုက်သည် ။
“ ခင်မေ နဲ့ နွဲ့ရီ အဲဒီ ဆယ်ချိုးစာအု ပ်ကို ဓားစက် ဖြတ်ပြီးသား အစာသွပ် ဖောင်တွေနဲ့ အတူတူ တစ်ပေါင်းတည်း ထားနော် ၊ ဟိုဘက်က ဆယ်ချိုးတက်ကျမ်း စာအုပ်က စာဖောင်တွေ နဲ့ သွား မရောမိစေနဲ့ ၊ တစ်ခါတည်း စာတွေ ကို စစ်ပြီးမှ ချ ၊ အောင်ဝင်း ဓားစက်ဖြတ်ပြီး ရင် ခေါက်ပြီးသား စာဖောင်တွေ သူ့ဖောင် နဲ့ သူ ကြိုးချည် လိုက်တော့ ၊ ၅ နာရီ ထိုးတော့မယ် ၊ အလုပ်တွေ လက်စ သတ်ကြဟေ့ ”
အရင်က အဖေ့ လက်ထောက် ဦးမောင်နိုင် က အဖ မရှိတော့လို့ စာအုပ်ချုပ် ခေါင်းဆောင် အနေနဲ့ အလုပ် အားလုံး ကို စီမံခန့်ခွဲ ပေးနေရသည် ။ ဦးမောင်နိုင် က သဘော ကောင်းပြီး စိတ်ရှည်တာကြောင့် အလုပ်သမား အားလုံး ၏ ချစ်ခင်မှုကို ခံရသည့် စာအုပ်ချုပ်ခေါင်းဆောင် တစ်ယောက်လည်း ဖြစ်သည် ။ စာဖောင်တွေ အားလုံး သူ့ နေရာနဲ့ သူ နေသားတကျ ထားပြီးချိန် မှာ ခင်မေ တို့ ရဲ့ တစ်နေ့တာ အ လုပ် ပြီးဆုံးသည့် အလုပ် သိမ်းချိန် ၅ နာရီခွဲ သွားပြီဖြစ်သည် ။
••••• ••••• •••••
ဒဂုံတောင်ပိုင်း ၇၂ ရပ်ကွက်တွင် နေသော ခင်မေ အနေဖြင့် ဒဂုံတောင်မြောက် လမ်းဆုံ သို့ ကားစီး ၊ ထိုမှ တိုးကြောင်လေးဘူတာ သို့ လမ်းလျှောက် ၊ နောက် သူမ အလုပ် ရှိရာ ကံဘဲ့ဘူတာ သို့ မြို့ပတ်ရထား စီးရင်း နေ့စဉ် လိုပင် အလုပ် အသွားအပြန် လုပ်နေရ၏ ။ အလုပ်ဆင်း ရမည့် နေရာက မြို့ပတ်ရထားဘူတာ နှင့် နီးနေသည့် အတွက် ကြောင့်လည်း ခင်မေ အတွက် နေ့စဉ်ခရီးစရိတ် ခေါင်းခဲစရာကို အထိုက်အလျောက် ဖြေရှင်းပြီးသား ဖြစ်စေခဲ့သည် ။
ပုံနှိပ်ပြီး စက္ကူထုတ်များ သယ် ၊ သယ်ပြီးသော စက္ကူ ထုတ်များကို ဖောင်ခေါက်မည့်သူများ အတွက် နေသား တကျ နေရာချပေး ၊ စာအုပ် အတွက် ရေခံကော်ကပ် စသည့် စာအုပ်ချုပ်ခြင်းနှင့် ဆိုင်သော တောက်တိုမယ်ရ အလုပ်များ ကို ကန်စွန်းရွက် တစ်လှည့် ပဲပြုတ် တစ်ခါသာ ထည့်နိုင်ခဲ့သော ကော်ထမင်းဘူးလေး မှ ထမင်းစားသည့် အချိန် နှင့် နေ့လယ် ၂ နာရီ လက်ဖက်ရည်သောက်ချိန် ခဏ သာ နားပြီး တစ်နေကုန် ဆက်တိုက် နီးပါး အလုပ် လုပ်ခဲ့ရ သဖြင့် ညပိုင်း အိမ် ရောက်ချိန်တွင် ခင်မေ ဗိုက်ထဲ တဂွီဂွီ ဆာလောင်နေပြီ ဖြစ်၏ ။ ဆာလောင်နေသော ဗိုက် ကို ခဏ မေ့ထားရင်း အင်္ကျီအဝတ်အစားပင် မလဲနိုင်ဘဲ ညစာ အတွက် ချက်ပြုတ်နေသော အမေ ရှိရာ မီးဖိုချောင် သို့ ခင်မေ ဝင်ကူရပြန်သည် ။
“ အမေ ရော့ ၊ ဒီနေ့ ရတဲ့ လုပ်ခ ထောင့်နှစ်ရာ ထဲက ခုနှစ်ရာ ကို အမေ ယူ ၊ မနက် အတွက် လမ်းစရိတ် သုံးရာ သမီး သိမ်း ထားလိုက်မယ် ၊ ကျန်တဲ့ နှစ်ရာ ကို အငယ် နှစ်ယောက် ကို မုန့်ဖိုး ပေးလိုက်မယ်နော် ”
အမေ က ချက်လက်စ ပဲနီလေး ဟင်းအိုး မြန်မြန် ကျက်အောင် ထင်း ထပ်ထည့်ပြီးမှ ခင်မေ လက် ထဲက ပိုက်ဆံ ကို လှမ်းယူလိုက်သည် ။ အမေ့ နဖူးပြင်က ချွေးသီးလေးများ ကို ကြည့်ရင်း ကျက်ပြီး စ ထမင်းအိုးပေါ် တင်ထားတဲ့ ဝါးယပ်တောင် ကို လှမ်းယူပြီး ခပ်ပြင်းပြင်း လေး ခပ်ပေး နေလိုက်သည် ။ ပြီးမှ ဘေးမှာ ထိုင်နေသော အမေ ကို ခင်မေ လှမ်းပြောလိုက်သည် ။
“ အမေ နားတော့ သမီး ဆက်လုပ်လိုက်မယ် ၊ ဒီနေ့ အမေ ရော တွက်ခြေ ကိုက်ရဲ့လား ”
“ သိပ် တွက်ခြေ မကိုက်ဘူး သမီးရဲ့ ၊ ရေမလာ လို့ အဝတ် မလျှော်ရတဲ့ အိမ်နဲ့ မီးပူတိုက်နေရင်း မီးပျက်သွား လို့ ဆက် မတိုက်ဖြစ်တဲ့ အိမ်နဲ့ ၊ အငယ်ကောင်က အမေ ချက်တဲ့ ပဲနီလေးဟင်း မစားရတာ ကြာပြီဆိုလို့ ရှိတဲ့ ပိုက်ဆံ နဲ့ သူ စားချင်တာလေး ဝယ်ချက်နေတာလေ ”
“ အမေ့ သားက ပဲထဲ မှာတောင် ဈေးအကြီးဆုံး ပဲနီလေးမှကြိုက်တာ ၊ နှယ်နှယ်ရရတော့ မဟုတ်ဘူးနော် အမေ ၊ ဒါနဲ့ အငယ်နှစ်ယောက်လုံး မမြင်ပါလား ၊ စာရော ကျက်ရဲ့လား ”
“ အမေ ပြန်ရောက်တော့မှ စာကျက်တာပြီးသွား တာ ၊ စာကျက်ပြီးတာနဲ့ အလတ်မရင်မေ က မိသက် တို့ အပ်ချုပ်ဆိုင်ဘက် ထွက်သွားလေရဲ့ ၊ အဲဒီမှာ ဝင်ကူရင်း စက်ချုပ်တာတွေ လိုက် မှတ်နေမှာပေါ့ ။ သူ့ ဝါသနာ လည်း သမီး အသိသားနဲ့ ၊ ဟို အငယ်ကောင် တင်မောင် ကတော့ ထုံးစံအတိုင်း ၄ လမ်းထိပ် ဂိမ်းဆိုင်မှာ သူငယ်ချင်းတွေ ကစားတာ ထိုင်ကြည့်နေမှာပေါ့သမီးရဲ့ ”
အမေ့ အဖြေစကား ကို နားထောင်ရင်း ခင်မေ အတွေး ထဲ အခုမှ ၇ တန်းနှင့် ၅ တန်းသာ ရှိသေးသည့် အငယ် နှစ်ယောက် အတွက် ကြိုးစား အလုပ် လုပ်ရင်း ပိုက်ဆံ ရှာရဦးမယ်ဟု တွေးတောနေမိသည် ။ ကျန်းမာရေး မကောင်းသော အမေ့ ကို လည်း သူများတကာတွေ အိမ်သို့ သွားကာ အဝတ်လျှော် ၊ မီးပူတိုက် လုပ်ပေးနေရ သည့် အလုပ်မှ ခင်မေ အနေ နှင့် အနားယူစေချင်ပေပြီ ။ သို့သော် သူ ၏ ပညာအရည်အချင်းနှင့် ငယ်ရွယ်သော အသက် ကြောင့် ယခု ဝင်ငွေထက် ပိုသော အလုပ် ကို မရှာဖွေနိုင်ခဲ့ပေ ။ အဝတ်လျှော် ၊ မီးပူတိုက် အလုပ် ကို အချိန်ပိုင်း လိုက် လုပ်နေသော အမေ့ ဝင်ငွေက ခင်မေတို့ မိသားစု အတွက် အဓိက ဖြစ်၍ အမေ အလုပ် မဖြစ်သော နေ့များတွင် ထမင်း တစ်လုံး သာ တည်ပြီး လမ်းထိပ် ဟင်းဆိုင်မှ ငါးပိရည် တို့စရာ သုံးရာဖိုးဖြင့် မိသားစု လေးယောက် ညစာ ဖြေရှင်းခဲ့ရသည့် ရက်များလည်း ရှိခဲ့ဖူး ။
“ ဟင်း ”
“ ဟဲ့ .. သမီးခင်မေ ၊ ဘာတွေ တွေးပြီး သက်ပြင်းချ နေတာလဲ ၊ ပဲဟင်းအိုး ဝေကျနေပြီ ၊ ဟင်းအိုးဖုံး ကို မြန်မြန် ဖွင့်လိုက်ဦး ”
အတွေးများ နောက် ပါသွားသဖြင့် ပစ္စုပ္ပန် အနေအထား ကို ခင်မေ မေ့သွားသည် ။ အမေ သတိပေးသံ ကြားမှ လက်နှီးစုတ် ကို ကိုင်ပြီး ပဲဟင်းအိုးအဖုံး ကို ခပ်သွက်သွက် ဖွင့် လိုက်မိသည် ။ ပဲစေ့လေးများ အပေါ်သို့ တက်ကာ ပွက်ပွက်ဆူ နေသည့် ပဲနီလေးဟင်း ကို ဇွန်းဖြင့် အသာ မွှေကာ အပေါ့အငန် မြည်း လိုက်သည် ။
“ အတော်ပဲ အမေရေ ၊ ပဲဟင်းအိုး ချ လိုက်တော့မယ် ၊ နောက်ထပ် ဘာ တည်စရာ ကျန်သေးလဲ ”
“ အားလုံးပြီးပြီ ၊ မီးဖိုထဲက ထင်းတွေ ကို ထုတ်ပြီး ကျန်တဲ့ မီးငွေ့ လေးနဲ့ ရေနွေးအိုး ပြန် မွှေးထားလိုက်တော့ ။ သမီးလည်း ချွေးသိပ်အောင် ခဏ စောင့်ပြီး ရေမိုးချိုးဖို့ လုပ် ၊ အငယ်နှစ်ယောက် ပြန်လာရင် အားလုံး စုပြီး ထမင်း စားကြတာပေါ့ ”
ခင်မေ အမေ ကို ခေါင်းညိမ့် ပြလိုက်ရင်း ရေချိုးဖို့ ပြင်ဆင် လိုက်သည် ။ ရေချိုးအပြီး သနပ်ခါးလိမ်း နေချိန် တွင် အပြင်မှ ပြန် ရောက်လာသော အငယ် နှစ်ယောက် ၏ အသံ ကို ခင်မေ ကြားလိုက်ရသည် ။ အမေ နှင့် အတူ ထမင်းဝိုင်း ကူ ပြင်ပေးနေသော မောင်ငယ် က -
“ ရှယ်ပဲဟေ့ ၊ ပဲနီလေး ဟင်းရယ် ငါးပိရည်ရယ်ကို ထမင်းနဲ့ နယ်ပြီး ဆွဲလိုက်တော့မယ် ၊ အမေ့ ကို သား က အဲဒါကြောင့် ချစ်တာ ”
“ အပိုတွေ ပြောမနေနဲ့ ၊ ပဲဟင်း ချက်ပေးလို့ ချစ်တဲ့ သူကများ ၊ ဟဲ့ .. နေဦးလေ ၊ အမေ နဲ့ မကြီး ကို ဦးချလိုက်ဦး ”
“ သိပါတယ် မလတ် ရာ သားနေ့တိုင်း ဦးချပြီး မှ စားတာပါနော် ”
“ ကဲ... နှစ်ယောက်လုံး စကား ပြောတာရပ်ကြ ၊ နင်တို့ အစ်မ ကို ခေါ်လိုက် ထမင်း စားတော့မယ်လို့ ”
“ မကြီးရေ ထမင်း စားမယ်ဗျို့ ”
“ မကြီးရေ ထမင်း စားလို့ရပြီ ”
အငယ် နှစ်ယောက် ၏ အသံ မဆုံးခင်မှာပင် ခင်မေ ထမင်းစားပွဲသို့ ထွက်လာခဲ့သည် ။ ရှိတာလေးနှင့် အဆင် ပြေအောင် စားတတ်သော အငယ်နှစ်ယောက် ကို ကြည့်ရင်း ခင်မေ ရင်ထဲ စိတ်မကောင်း ဖြစ်မိသည် ။ ထမင်း စားရင်း ဘဝပေး အခြေအနေကို နားလည်သော ညီမငယ် နှင့် မောင်လေးအတွက် ဒီဘဝမှ လွတ်အောင် ဘယ် လိုကြိုးစားရမလဲဟု ခင်မေ ထပ်ပြီး တွေးနေမိပြန်သည် ။ မိမိ ကိုယ်တိုင် အတွက် လည်း အဖေ အမြဲလိုလို ပြောခဲ့ဖူး သည့် ပညာတတ်ကြီး ဖြစ်အောင် အရင် လုပ်ပါ သမီး ရယ် ဆိုသည့် တမလွန် မှ အဖေ မျှော်လင့်ချက်ကို ဖြည့် ဆည်းပေးချင်နေမိသည် ။
“ ခင်မေ ၊ ငါမနက်ဖြန် ကျရင် အလုပ် ထွက်တော့မယ် ”
“ ဟင် ”
စာအုပ်ချုပ် အလုပ် သို့ တစ်ရက် ထဲ အတူထူ ဝင်လုပ်ဖော် နွဲ့ရီ ၏ စကားကြောင့် ခင်မေ နှုတ်မှ အံ့အားသင့်စွာ ဟင် ... ဟုပင် ထွက်သွားမိသည် ။ နေ့လယ် ထမင်းစား အပြီး အနား၌ ဘယ်သူမှ မရှိချိန် ကို စောင့်၍ နွဲ့ရီ က ခင်မေ ကို တိုးတိတ်စွာ ပြောလိုက်ခြင်းဖြစ်သည် ။ တစ်နေကုန် အတူတူ စလိုက် နောက်လိုက် ဖြင့် နှစ်နှစ်ကျော်ခန့် တတွဲတွဲ လုပ်ခဲ့သူ အချင်းချင်းမို့ သံယောဇဉ် ရှိနေခြင်း ကြောင့်လည်း ခင်မေ စိတ်ထဲ စိတ်မကောင်း ဖြစ်သွား မိသည် ။
“ ဘာဖြစ်လို့ ထွက်မှာလဲ နွဲ့ရီ ရာ ၊ အခု နင်ဖောင် ခေါက်လည်း ကျွမ်းကျင်လာပြီပဲ ၊ ရွက်ရေတစ်ထောင် ခေါက်ရင်လေးရာ နဲ့ တစ်နေ့ကို ရွက်ရေ ခြောက်ထောင် လောက်တောင် ခေါက်နိုင်နေပြီပဲဟာ ။ နောက် ဒီထက် မြန်လာရင် တစ်နေ့လေး ၊ ငါးထောင် ဝင်ငွေရှိတော့ မယ့် ဥစ္စာ ၊ စဉ်းစားပါဦးဟာ ”
“ ခင်မေ ရယ် ငါ အများကြီး စဉ်းစားတာပေါ့ ၊ ငါ့ မိသားစုအကြောင်း နင် အစ အဆုံး သိနေတာပဲ ၊ လေဖြတ် ပြီး အိပ်ရာထဲ လဲနေတဲ့ အဖေရယ် ၊ ပြီးတော့ ငါ့ အောက်က အငယ် လေးယောက်ရယ် အတွက် ဒီအလုပ် ထက် ပိုက်ဆံ ပိုရမယ့် အလုပ် ကို မပြောင်းမဖြစ် ပြောင်း လုပ်မှ ဖြစ်တော့မှာမို့လို့ပါ ၊ အလုပ်ရှင် ဦးညီညီ နဲ့ ဦးမောင်နိုင် ကိုတော့ လွန်ခဲ့တဲ့ တစ်ပတ်လောက် ကတည်း က ပြောထားပြီးပြီ ၊ ကျန်တဲ့ လုပ်ဖော်ကိုင်ဖက် ဘဝတူတွေ ကို မနက်ဖြန် ကျမှ နင် ပြောပြလိုက်နော် သူငယ် ချင်း ၊ ငါ ကိုယ်တိုင် ဖွင့်ပြောရင် ငိုမိမှာ စိုးလို့ပါဟယ် ”
အသံတုန်တုန်လေးဖြင့် ပြောနေတဲ့ နွဲ့ရီ မျက်နှာလေး ကို ကြည့်ပြီး ခင်မေ ကိုယ်တိုင်ပင် ငိုချင်သလို ဖြစ်လာမိသည် ။ နွဲ့ရီ စကား ဆက်ဖို့ လုပ်နေတုန်းတွင် မကြီးထား တို့ အနား ရောက်လာသဖြင့် နွဲ့ရီ က ပြောလက်စ စကား ကို ဖြတ်လိုက်သည် ။ စာဖောင်ဆွဲရန် အတွက် ကိုယ့် နေရာ ကိုယ် သွားထိုင်ရင်း အလုပ် ဆက်လုပ်နေလိုက် သည် ။ လက် က စာဖောင် ဆွဲနေပေမယ့် ခင်မေ စိတ်ထဲ ပိုက်ဆံ ပိုရသည့် အလုပ် ဟု နွဲ့ရီ ပြောလိုက်သော စကားကို ကြားယောင်နေမိ၏ ။ အလုပ် သိမ်း၍ ညနေ အိမ်ပြန်ချိန် တွင် နွဲ့ရီ နဲ့ အတူတူ လိုက်ပြန်ကာ အလုပ်အကြောင်း ကို မေးကြည့်ပြီး အဆင်သင့်ပါက မိမိ လည်း အလုပ်ပြောင်း သင့် က ပြောင်းလုပ်မည် ဟု စိတ်ကူးထားလိုက်မိသည် ။
“ အောင်ဝင်း ၊ ကာဗာတွေကို လိုင်း ချိုးလိုက်တော့ ၊ လေးလိုင်း ချိုးနော် ၊ စာအုပ်အနှောင့် ကိုလည်း သေသေချာချာ တိုင်းဦး ၊ ခင်မေ က ဖောင်ခေါက်ပြီးရင် ကျန်တဲ့ ဖောင်အရေအတွက် ကို ရေပြီး စာရင်းလုပ်ထား ၊ နွဲ့ရီ ဒီဘက်ကို လာ ၊ အဲဒီ အစာသွပ် ဖောင်တွေကို သူ့ အထပ်နဲ့ သူ ရေပြီး ထပ်ထားလိုက် ၊ စာရင်း လည်း တို့ထားဦးနော် ၊ မထား နဲ့ မစူရီ တစ်ယောက်က ကာဗာကပ် အနှောင့်တိုက် ၊ အနှောင့် ကို လုံးမနေစေနဲ့ ၊ ဟို ဘေးကကောင်လေးတွေ စက္ကူဖြတ်စ အသန့်တွေ ကို သတ်သတ်ထားပြီး အိတ် တစ်အိတ်ထဲထည့် ကျန်တဲ့ ဖြတ်စ အကုန်ကို ရော ထားလိုက် ၊ နောက်မှ အိတ်ကြီးထဲ ကို ပေါင်းထည့်မယ် ”
ဦးမောင်နိုင် ရဲ့ စေ့စပ်သည့် ခိုင်းစေမှုအောက် ခင်မေ တို့ တစ်တွေရဲ့ လက်တွေ မနားရတော့ပေ ။ အလုပ်ထဲ ကို စိတ် ပြန်ရောက်သွားတဲ့ ခင်မေ လည်း ဖောင်ကျန်တွေ စစ်လိုက် ၊ စာရင်း မှတ်လိုက် နှင့် သူ့ ကို ခိုင်းထားသည့် အလုပ် မမှားယွင်းအောင် လုပ်နေမိတော့သည် ။ လုပ်ရင်း ကိုင်ရင်းပင် နေ့လယ် ၂ နာရီကျော်ကျော်လောက် ဖြစ်သွားသည် ။ ထိုအချိန် ရောက်လျှင် စာအုပ်ချုပ်လုပ်ငန်း များ၏ ထုံးစံ လက်ဖက်ရည်သောက်ချိန် ခဏ အနား ရကြသည် ။ တိုင်ကီ လို့ ခေါ်သည့် လက်ဖက်ရည်ချိုင့်ဆွဲ မှာပြီး ပလတ်စတစ်ခွက် အသေးလေးတွေထဲ နည်းနည်း စီ ထည့်၍ သောက်ကြခြင်းဖြစ်သည် ။
“ ဟဲ့ နွဲ့ရီ အရင်လို ဉာဏ်စမ်းစာအုပ် ထဲ က မေးခွန်း ဟောင်းတွေ မေးတမ်း ကစားဦးမလား ၊ ကျန်တဲ့သူတွေ ဝင် မဖြေကြေးနော် ”
“ ဘာလဲ ရှုံးတဲ့သူ က နိုင်တဲ့သူ ကို လက်ဖက်ရည် တစ်ငုံ တိုက်ကြေးပဲလား အစ်မစူရီ ”
“ အေးပေါ့ဟ ”
မစူရီ က သူ လက်ဖက်ရည် ပို သောက်ချင်သည့် နေ့တိုင်း စိန်ခေါ်နေကျ ဉာဏ်စမ်းကစား ဖို့ နွဲ့ရီ ဖက် လှည့် စကား စလိုက်သည် ။ ခင်မေတို့ က မစူရီ မေးသည့် မေးခွန်းတိုင်း မသိဘူး ဟု ပြန် ဖြေရင်း အမြဲလိုလို ရှုံးတတ် သော နွဲ့ရီ အား မကစားဖို့ ပြောတိုင်း ခေါင်းလေး တခါခါ ဖြင့် လက်ဖက်ရည် တစ်ငုံ ကို နွဲ့ရီ က မစူရီ အား တိုက်မြဲပင် ။
“ သောက်ရတာမှ နှစ်ငုံစာ လောက် ရှိတဲ့ လက်ဖက်ရည် ကို လောင်းကြေးထပ် ကစားနေသေးတယ် ၊ အံ့ပါ့ စူရီ ရယ် ၊ နင် ကလည်း ကလေးကို ”
နားထောင်နေတဲ့ မကြီးထား က ဝင်ပြောပေမယ့် လည်း နွဲ့ရီ က ဘာမှ မပြောဘူး ။ ခပ်ပြုံးပြုံးနဲ့ မေးမယ့် မေးခွန်း ကို စောင့်နေပုံနဲ့ နွဲ့ရီ ကို ကြည့်နေသည် ။ မစူရီ က ဘာ မေးရင် ကောင်းမလဲ ဆိုပြီး မေးစေ့ ကို လက်ညှိုးနဲ့ ထောက် စဉ်းစားပြီး ...
“ ကဲ... နွဲ့ရီ ၊ အစ်မ မေးတော့မယ်နော် ၊ ရှမ်းတိုင်းရင်း သားအမည် တစ်မျိုးနဲ့ နောက်က အရောင် တစ်ရောင် ပေါင်းထားတဲ့ မြို့တစ်မြို့ ရဲ့အမည် ”
မျက်လုံးကလေး ထောင့် ကပ်ပြီး စဉ်းစားနေသော ချစ်စရာ ကောင်းတဲ့ နွဲ့ရီ ကို ကြည့်ရင်း ယနေ့ တစ်ရက်သာ မိမိတို့ နှင့် အတူတူ အလုပ်တွဲ လုပ်ရတော့မည့် အကြောင်း တွေးမိကာ ခင်မေ မျက်ရည် ဝဲချင်လာသည် ။ အဖြေမရ သဖြင့် ခေါင်းခါ ပြလိုက်သော နွဲ့ရီ ကြောင့် မစူရီ က သူ လက်ဖက်ရည်ခွက် မှ လက်ကျန် လက်ဖက်ရည် ကို အကုန် မော့သောက် လိုက်ပြီး နွဲ့ရီ ရှေ့သို့ သူ့ ခွက်ကို ထိုး ပေးလိုက်သည် ။ နွဲ့ရီ က ပြုံးတုံ့တုံ့ အမူအရာ ဖြင့် လက် ဖက်ရည် တစ်ငုံစာ ကျော်အောင် လောင်းထည့် ပေးရင်း မစူရီ ဖြေလာမည့် အဖြေ ကို စောင့် နေလိုက်သည် ။
“ ကဲ .. အဖြေ ပေးတော့မယ်နော် ၊ သေသေချာချာ မှတ်ကြ ၊ ရှမ်းတိုင်းရင်းသား ထဲမှာ ဓနု ဆိုတာ ရှိတယ် ၊ နောက် အရောင် ထဲက တစ်ရောင်က အဖြူရောင် ၊ အဲဒီ တော့ ဓနု နဲ့ ဖြူ ပေါင်းထားတဲ့ ဓနုဖြူမြို့ ပေါ့ ”
“ ဟယ်... ဟုတ်သားပဲ ”
နွဲ့ရီ ရဲ့ ဟယ် ... ဟုတ်သားပဲ ဆိုသည့် စကားသံ ကို နားထောင်ပြီး လက်ဖက်ရည် လက်ကျန် တစ်ငုံစာ ကို အရသာခံ သောက်နေတဲ့ မစူရီ ကို ကြည့်ပြီး အောင်ဝင်း က စခန်းထ လာတော့သည် ။
“ သူများ ဝေစုကို သောက်လိုက်စားလိုက်ရမှ နေသာထိုင်သာ ရှိတဲ့ သူမျိုးတွေရဲ့ ခန္ဓာကိုယ် အနေအထားတွေ ဟာ များသောအားဖြင့် ဝတုတ်ဘုတ်ဆုံမျိုးတွေ ပေါက် ကုန်တတ်တယ်နော် မကြီးထား ၊ အခုလည်း ကြည့်ပါ လား နွဲ့ရီ ဝေစု လက်ဖက်ရည်တစ်ငုံစာကို သောက်ရင်း ပြုံး နေလိုက်တာများ မစူရီ ပုံက သွားစွယ်နှစ်ဖက် က အကျရည်အနီရောင်တွေ ကပ်ပြီး သရဲကားတွေ ထဲ က အချိုး မကျတဲ့ စည်ပိုင်းခန္ဓာကိုယ် နဲ့ သွေးစုပ်ဖုတ်ကောင် ပြုံး နေသလိုပဲ ၊ ပြီးတော့ ... ”
အောင်ဝင်း ရဲ့ မခံချင်အောင် နောက်ပြောင် ပြောသံ မဆုံးခင်မှာဘဲ မနုရီ က သူနဲ့ ဘေးက ဖောင်ခေါက်ရင်သုံး တဲ့ စလစ်တုတ် နဲ့ အောင်ဝင်း ကို ကောက်ပေါက်လိုက် သည် ။ ပြောလက်စ စကား ကို ရပ်ပြီး ရှောင်လိုက်တဲ့ အောင်ဝင်း ကြောင့် အလုပ် အတွက် ပြောမလို့ ရောက် လာတဲ့ ဦးမောင်နိုင် ရင်ဘတ် စလစ်တုတ် မှန်သွားတော့ တာပေါ့ ။ အလုပ်သမားတွေ အပေါ် အကြောင်းသိ ဦးမောင်နိုင် က ဘာမှ မပြောပေမယ့် မစူရီ က လက်အုပ် ကလေး ချီပြီး မျက်နှာငယ်လေး နဲ့ တောင်းပန်နေပုံ က ဖိုးဝရုပ်ကြီး ခုန်ဆွခုန်ဆွ ဖြစ်နေသလို ရယ်စရာကောင်း နေတာကြောင့် အားလုံးရဲ့ မျက်နှာတွေ ပြုံးစိစိ ဖြစ်ကုန် ကြသည် ။ ဦးမောင်နိုင် ကိုယ်တိုင် လည်း မျက်နှာပိုးသတ် ထားတဲ့ မျက်နှာပေးဖြင့် -
“ ကဲ ... အားလုံး အလုပ် စကြတော့ ၊ သုံးနာရီတောင် ထိုးတော့မယ် ၊ အလုပ် မသိမ်းခင် စာအုပ် အကုန်လုံး အဖုံး အပြီးကပ် ၊ ဒါမှ နောက်နေ့မနက် ကော်ခြောက်မှာ ၊ ဒီည ကော်သိပ်ပြီး မနက်ဖြန် စောစော စာအုပ် ဖြတ်နိုင်ဖို့
လုပ်ကြ ၊ အောင်ဝင်း ပေးထားတဲ့ နမူနာဆိုဒ် အတိုင်း ဖြတ်နော် ၊ ဗိုက်သားကို ဓားအဟောင်း နဲ့ ဖြတ်ပြီးမှ ဓား အသစ်လဲပြီး စာအုပ်ဖင်ခေါင်း ကိုဖြတ် ၊ ဟဲ့ စူရီ နင်က လည်း မကြီးမငယ် နဲ့ ကလေးတွေ ကို မထိန်းဘဲ သူတို့ နဲ့ အတူတူ လိုက် ကစား နေတယ် ဟုတ်လား ”
“ ဟုတ်ကဲ့ ဟို မဟုတ်ကဲ့ ၊ အဲ ... မဟုတ်ပါဘူး ဆရာနိုင် ”
ဦးမောင်နိုင် အမေးကို အမှားအယွင်းတွေ နဲ့ ပြန်ဖြေ လိုက်တဲ့ မစူရီ ကြောင့် မျက်နှာပိုး သတ်ထားတဲ့ ဦးမောင်နိုင် သာမက အလုပ်ဖော်တွေ အားလုံး တဟားဟားရယ် နေကြပေမယ့် အဲဒီ ရယ်သံတွေထဲ ခင်မေ နှင့် နွဲ့ရီ တို့ ရယ် သံက အသက် မပါဘူး ဆိုတာ ဘယ်သူမှ သတိမထားမိခဲ့ ကြဘူးလေ ။
••••• ••••• •••••
“ ပိုက်ဆံ အများကြီး မရပေမယ့် ပျော်စရာ ကောင်းတဲ့ လုပ်ဖော်ကိုင်ဖက်တွေ နဲ့ လုပ်ရတဲ့ စာအုပ်ချုပ် အလုပ် ကို ငါ လည်း ဘယ် ထွက်ချင်ပါ့မလဲ ခင်မေ ရယ် ၊ ဒါပေမဲ့ ညပိုင်းလေး ပဲ လုပ်ပြီး တစ်နေ့ကို အနည်းဆုံး ခြောက် ထောင် ၊ ခုနစ်ထောင် လောက်ရမယ့် အလုပ်မို့ မလွှဲသာတဲ့ မိသားစု အခြေအနေကြောင့် ငါ သွားလုပ်ရမှာလေ ”
ညနေ အလုပ်သိမ်းပြီး နေ့စဉ် ရထားစီး ပြန်သော ခင်မေ ကို ဘူတာဘက် လိုက်ပို့ရင်း နွဲ့ရီ က ပြောပြနေခြင်း ဖြစ်သည် ။ မိသားစု စားဝတ်နေရေး အတွက်ကြောင့် အလုပ် ပြောင်းရခြင်းအပေါ် နွဲ့ရီ စိတ်မကောင်း ဖြစ်နေမှန်း ခင်မေ စိတ်ထဲ နားလည် သဘောပေါက်နေမိသည် ။
“ ဒါနဲ့ နင်က ဘယ်လို အဆက်အသွယ် နဲ့ အဲဒီ အလုပ် ကို ဆက်စပ် မိတာလဲ ၊ ပြီးတော့ ဘာလုပ်ရမှာလဲ ”
“ အိမ်နား က အစ်မကြီးတွေ ရဲ့ အဆက်အသွယ် နဲ့ မြို့ထဲ က ကေတီဗွီ ဆိုင်မှာ လုပ်ရမှာလေ ၊ သီချင်း လာဆို တဲ့ လူတွေကို ဧည့်ခံ ပေးရတဲ့ အလုပ်ပေါ့ဟာ ”
“ အေးပေါ့လေ ၊ နင့် အခက်အခဲ နဲ့ နင်ဆိုတော့ ငါ ဘာမှ မပြောတော့ပါဘူး နွဲ့ရီ ရာ ၊ အဲဒီလို ဆိုင်တွေ ကို လာတတ်တာက ညပိုင်း သောက်စားလာတဲ့ သူတွေ များတယ်လို့ ငါ ကြားဖူးထားတော့ ဘာပဲဖြစ်ဖြစ် သတိ တော့ မလွတ်စေနဲ့ပေါ့ သူငယ်ချင်း ရာ ”
“ အေးပါ ခင်မေ ရဲ့ ၊ ငါ့ အတွက် စိတ်မပူပါနဲ့ ၊ ငါ့ ကိုယ် ငါ ထိန်းနိုင်ပါတယ် ။ နင့် ကို ငါ တစ်ခု မှာခဲ့စရာ ရှိတယ် ၊ အင်း .. မှာစရာ ဆိုတာထက် အကူအညီ တောင်းဖို့ဆိုရင် ပို မှန်လိမ့်မယ် ”
နွဲ့ရီ ၏ စကားကို နားထောင်ပြီး ခင်မေ က ခေါင်းညိတ် ပြလိုက်ရင်း -
“ နင် နဲ့ ငါ ကြားမှာ ဘာမှ စကားပလ္လင် ခံစရာ မလိုပါဘူး နွဲ့ရီ ရာ ၊ ဘာ အကူအညီလဲ ၊ ငါ အတတ်နိုင်ဆုံး ကူညီ ပေးပါ့မယ် ၊ ပြောသာ ပြော သူငယ်ချင်း ”
“ အေး ပြောပါ့မယ် ၊ မစူရီ မေးတဲ့ ဉာဏ်စမ်းမေးခွန်း တွေက ငါတို့ ဖောင်ခေါက် ဖောင်ဆွဲ ပြီး လုပ်လာတဲ့ စာအုပ်တွေ ဆိုတော့ တော်တော်များများရဲ့ အဖြေ ကို ငါ သိထားပြီးသားလေ ၊ နင် က တောင် တစ်ခါတလေ သိ လျက်နဲ့ မဖြေနိုင်တဲ့ ငါ့ ကို မှတ်ဉာဏ် နည်းလှချည်လား နွဲ့ရီ ဆိုပြီး ကရုဏာဒေါသနဲ့ အပြစ် တင်သေးတယ် မဟုတ်လား ခင်မေ ရယ် ၊ ဒါပေမဲ့ လက်ဖက်ရည် သောက်ချိန်တိုင်း မစူရီ ကို အရှုံး အမြဲပေးပြီး ငါ ကိုယ်တာ ထဲက လက်ဖက်ရည် တစ်ငုံ ဘာဖြစ်လို့ တိုက်လဲ နင်သိလား ”
နွဲ့ရီ ၏ အမေး ကို ခင်မေ လုံးဝ နားမလည်နိုင်အောင် ဖြစ်သွားခဲ့၏ ။ အကူအညီ တောင်းသည့် အကြောင်း ကို မပြောဘဲ မစူရီ အား လက်ဖက်ရည် တိုက်သည့် အကြောင်း စကားဦး လှည့်သွား သဖြင့် ခင်မေ နွဲ့ရီ ကို ခေါင်းခါ ပြလိုက်သည် ။
“ လက်ဖက်ရည် အရမ်း ကြိုက်ပေမယ့် နေ့တိုင်း ဝယ် မသောက်နိုင်ပါဘူး ဟယ် ။ ငါ က မိသားစု များတော့ အိမ်စရိတ် မလောက်မှာ စိုးတာနဲ့ နေ့ခင်းဘက် အလုပ် က တိုက်တဲ့ လက်ဖက်ရည် နှစ်ငုံစာ လောက် နဲ့ ရသေ့စိတ်ဖြေ နေနေရတာပေါ့ ဆိုပြီး ငါ့ ကို ဖောင်ခေါက် သင်ပေးရင်း မစူရီ ညည်းညည်း နေတာ အမြဲလိုလို ကြားနေရတယ် လေ ၊ ငါ ကလည်း ငါ့ မိသားစု အခက်အခဲ နဲ့ ငါ ဆိုတော့ ဘယ်လို လုပ် ဝယ် တိုက်နိုင်မှာလဲ သူငယ်ချင်း ရာ ၊ အဲဒါကြောင့် နေ့လယ်ဘက် ရတဲ့ ငါ့ ရဲ့ လက်ဖက်ရည် ကိုယ်တာ ထဲက မစူရီ ကို အမြဲတမ်း အရှုံးပေးပြီး တိုက်ဖြစ်နေ တာပေါ့ ။ ငါ ဒီအတိုင်း ရော့ .. မစူရီ သောက် ဆိုရင် သူ က ရော ငါ့ ဆီက လက်ဖက်ရည် ကို ယူပြီး သောက်ပါ့မလား ၊ ဘယ်လိုလုပ် သောက်ပါ့မလဲနော် ၊ အဲဒါကြောင့် အမြဲလိုလို ရှုံးတတ်တဲ့ ငါ့ ကို နင် က မစားဖို့ ပြောတိုင်း ခေါင်းခါ ပြ ဖြစ်နေတာပေါ့ သူငယ်ချင်းရာ ”
နွဲ့ရီ ၏ မထင်မှတ်သော စကားကြောင့် ခင်မေ အံ့အား သင့်သွားခဲ့သည် ။ ဘဝတူခြင်း အပေါ် စာနာနားလည် တတ်သော နွဲ့ရီ ကိုလည်း ပိုမို ချစ်ခင် သွားမိသည် ။ စကား အရှည်ကြီး ပြောလိုက်လို့ မောသွားပုံရတဲ့ နွဲ့ရီ က ပါးစပ်ကလေး ဟပြီး လေတွေ မှုတ်ထုတ်ရင်း သက်ပြင်း ချလိုက် တာကိုလည်း တွေ့ လိုက်ရသည် ။
“ ဟင်း .. အ ခုငါ အလုပ်က ထွက်ရင် ငါ့ အစား နင် က မစူရီ ကို ဉာဏ်စမ်း မေးခွန်းတွေ မေးခိုင်းပြီး နင့် ကိုယ်တာ ထဲက လက်ဖက်ရည် တစ်ငုံစာ လောက်ကို တိုက်ပေးပါလား ၊ ငါ တောင်းချင်တဲ့ အကူအညီ က အဲဒါပါ ခင်မေ ရာ ၊ နင် လုပ်ပေးနိုင်တယ် မဟုတ်လား ”
နွဲ့ရီ ၏ ရင်ထဲ မှ အတွင်းစိတ် ကို ခင်မေ သဘော ပေါက်သွားသဖြင့် ခပ်သွက်သွက် ပင် ခေါင်းညိတ် ပြ လိုက်သည် ။ မျက်ရည်များ ရစ်ဝဲ နေသော မျက်လုံးအစုံ ဖြင့် ပြုံးလိုက်သော နွဲ့ရီ ၏ လက် ကို ခပ်တင်းတင်း ဆုပ်ကိုင် နှစ်သိမ့် လိုက်ရင်း -
“ စိတ်ချ နွဲ့ရီ ၊ ဒီ အကူအညီ ငါ့ အတွက် ဘာမှ အပန်း ကြီးတာမှ မဟုတ်တာ ၊ ငါ နင့် ကိုယ်စား မစူရီ အတွက် လုပ်ပေးပါ့မယ် ”
“ ခင်မေ ရယ် ၊ ငါလေ ဘဝတူ လုပ်ဖော်ကိုင်ဖက် တွေ အတွက် အများကြီး ကူညီချင်တယ်ဟာ တကယ် ၊ ဒါပေမဲ့ ငါ ကိုယ်တိုင် ပြည့်ပြည့်စုံစုံ မရှိတော့ လက်တွေ့ ဘာ တစ်ခုမှ လုပ်မပေး နိုင်ခဲ့ဘူး ။ တတ်နိုင်တဲ့ အသေးအမွှား လက်ဖက်ရည် တစ်ငုံစာလေး လောက်နဲ့ ဘဝတူ တွေရဲ့ ဆန္ဒ ကို မသိမသာ ဖြည့်ပေးရင်းနဲ့ပဲ စိတ်ထဲ ဖြေသိမ့် နေရတာပေါ့ ၊ ဒီအကြောင်း ကို သူများတကာတွေ ကြားရင် ရယ်စရာတောင် ဖြစ်နေမလား မသိဘူးနော် ”
“ ဘယ်သူ အတွက် ရယ်စရာ ဖြစ်ဖြစ် ငါ ကတော့ နင့် ရဲ့စိတ်ဓာတ်ကို လေးစားတယ် နွဲ့ရီ ၊ ဘယ်လိုပဲ ဖြစ်ဖြစ် စိတ်ထား နူးညံ့ပြီး သူတစ်ပါး အပေါ် စာနာတတ်တဲ့ ငါ့ သူငယ်ချင်း တစ်ယောက် အလုပ် နေရာသစ် မှာ မိတ်ဆွေကောင်းတွေ နဲ့ ဆုံတွေ့ပြီး မိသားစု အတွက် ရည်မှန်းထား တဲ့ ရည်ရွယ်ချက်တွေ အမြန်ဆုံး အောင်မြင်ပါစေ လို့ ငါ ဆုတောင်း ပေးနေပါ့မယ် ”
“ ကျေးဇူးပါပဲ ခင်မေ ရာ ၊ ဟော ...ဟိုမှာ နင်စီးရမယ့် ရထားတောင် လာနေပြီ ၊ ရော့ ... ခင်မေ ၊ ငါ လုပ်မယ့် ကေတီဗွီဆိုင် ရဲ့ လိပ်စာ နဲ့ ဖုန်းနံပါတ် ၊ နင် အခက်အခဲ ရှိလို့ အလုပ် လာ လုပ်ချင်တယ် ဆိုရင် ငါ့ ဆီ ကို ဖုန်းဆက် လိုက် ၊ အတတ်နိုင်ဆုံး နင့် ကို ငါ အကူအညီ ပေးမယ် ။ ငါ အဆင်ပြေရင်လည်း နင်တို့ ဆီ လာခဲ့မယ် ၊ ကဲ ... သူငယ်ချင်း တာ့တာ ”
ဆုပ်ကိုင်ထားတဲ့ လက် ကို ခင်မေ ဖြေပေးလိုက် ပေမယ့် နွဲ့ရီ က ချက်ချင်း မသွားဘဲ သူ အားကိုးတဲ့ လူတစ်ယောက် ကို လွတ်ထွက်သွားမှာ ကြောက်တဲ့ ကလေး တစ်ယောက် ဖက်သလိုမျိုး ခင်မေ ကို လှမ်း ဖက်ထားလိုက်သည် ။ ခင်မေ ကလည်း နွဲ့ရီ ကို လက်နှစ်ဖက် ကမ်းပေးရင်း တင်းတင်းကြပ်ကြပ်လေး ပြန် ဖက်ထား လိုက်မိသည် ။ တသိမ့်သိမ့် ရှိုက်နေသည့် ရင်နှစ်ခု ကြောင့် ဖက်ထားတဲ့ ခင်မေ နှင့် နွဲ့ရီ တို့၏ ခန္ဓာကိုယ်နှစ်ခုလုံး တုန်တုန်ခါခါ ဖြစ်နေသည် ကိုတော့ သူတို့ နှစ်ယောက် ခံစား သိရှိနေမိသည် ။
သို့သော် တုန်တုန်ခါခါ သူတို့ ဘဝတွေ အတွက် ဘယ် အချိန်တွင် မှ တည်တည်ငြိမ်ငြိမ် ဖြစ်စေနိုင်မည့် အနေအထားမျိုး ရောက်ရှိ လာနိုင်မည် ဆိုသည် ကိုတော့ သူတို့ ကိုယ်တိုင် တိတိပပ မသိရှိနိုင်ခဲ့ပေ ။
▢ ညိုရင့်
📖 စရဏ မဂ္ဂဇင်း
နိုဝင်ဘာလ ၊ ၂၀၁၃
No comments:
Post a Comment