Thursday, March 20, 2025

မနေ့က လရောင် အောက်မှာ ( ၇ ) + ( ၈ )


 

အခန်း ( ၇ )

နောက်နေ့ တွင် ကိုဖုန်းဝေ သည် ကျောင်းစာရေး တင်မောင်တို့ အိမ်သို့ ပြောင်း ရွေ့သွားပါသည် ။ တင်မောင်တို့ သားအမိ ကလည်း ပျော်ရွှင်စွာ လက်ခံကြ ပါသည် ။

ဆရာမကြီး က ဆရာဦးဖုန်းဝေ ကွယ်ရာတွင် တင်မောင် ကို ခေါ်၍ မေးသည် ။

“ မင်းတို့ ဆရာ ဘယ်လို နေထိုင်သလဲ ။ ဆရာမ ကို ပြောပြစမ်းပါဦး ”

“ ဆရာ့ ကို အခန်းသပ်သပ် ပေးထားပါတယ် ဆရာမကြီး ။ ကျွန်တော်တို့ သားအမိ က တစ်ခန်း နေပါတယ် ”

“ အေးကွယ် မင်းတို့ ဆရာ ကို မင်း ပဲ ပြုစု စောင့်ရှောက်လိုက်ပါ ။ စားရေးသောက်ရေးကော အဆင်ပြေရဲ့လား ။ မပြေရင် မင်း ဆရာမတို့ အိမ် ကို ထမင်းချိုင့် လာ ယူလို့ရတယ် ”

“ ဖြစ်ပါတယ် ဆရာမ ။ ဆရာ က ဆရာမကြီး ကို ဒုက္ခ မပေးနဲ့တော့ တဲ့ ။ မေမေ ကလည်း အားနေတာပဲ ။ ဂရုစိုက် ချက်ကျွေးပါတယ် ”

“ ဒါနဲ့ နေပါဦး ။ ညနေတိုင်း ညောင်လေးပင် ကို သွားတုန်းပဲလား ။ အရက် ကော ညနေတိုင်း သောက်နေသလား ”

“ မသွားပါဘူး ဆရာမ ။ တစ်ပတ် တစ်ခါ လောက်တော့ သွားပါတယ် ။ ဟိုမှာ သီချင်းလေး ဘာလေး တိုက်ပါတယ် ။ အရက် ကတော့  ”

တင်မောင် က ရှေ့ဆက် မပြောရဲဘဲ တန့်နေသည် ။ ဆရာမကြီး က နားလည် သဘောပေါက်ဟန် ဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်ရင်း ...

“ အေးကွယ် ၊ သူ က ကလေး မှ မဟုတ်ဘဲ သူ့ အကြောင်း သူ သိမှာပေါ့ … ။ မင်းတို့ ကလည်း တပည့်ကောင်း တစ်ယောက် အနေနဲ့ ကိုယ့် ဆရာ ကို ကျန်းမာရေး အကြောင်းပြပြီး ထိန်းထိန်းသိမ်းသိမ်း ဖျောင်းဖျကြ ပေါ့ကွာ ၊ ဟုတ်လား ”

“ ဟုတ်ကဲ့ပါ … ဆရာမကြီး ”

တင်မောင် မှာ ဤသို့သာ ဖြေကြားခဲ့သော်လည်း ညနေတိုင်း အရက် ဝယ်ပေးသူမှာ တင်မောင် သာ ဖြစ်ကြောင်း ဆရာမကြီး မသိရှာပေ ။ တင်မောင် အဖို့ကား ဆရာဦးဖုန်းဝေ က အရက်နည်းနည်း ဝင်မှ ဂီတာ ကို အသေအချာ တီးတတ်ပေရာ ဆရာ့ ထံ မှ ဂီတပညာ ကို အနီးကပ် ဆည်းကပ် နေသောသူ အဖို့ ဆရာ အရက်စွဲသည် မစွဲသည် မှာ လူငယ် တစ်ယောက် ၏ အမြော်အမြင် နည်းပါးသော ဉာဏ်ဖြင့် အရေးကြီးသော ကိစ္စ ဟု မထင်မိပါပေ ။

ကိုဖုန်းဝေ သည် ကျောင်းချိန် မပျက် မှန်မှန် လာ၍ ကျောင်းတာဝန် ကို ကျေပွန်စွာ ဆောင်ရွက်ပါသည် ။ သူ သင်သော ဘာသာရပ် ကို ကိုယ်ဖိ ရင်ဖိ သင်ကြား လေသည် ။

တင်တင်ဝေ နှင့် ဆက်ဆံရေး တွင် မူ ကျောင်းအုပ်ဆရာမကြီး နှင့် လက်ထောက်ဆရာ တစ်ယောက် ဆက်ဆံပုံမျိုး ထက် မပိုစေဘဲ ခပ်အေး အေးပင် ပြောဆို ဆက်သွယ်လေသည် ။

တင်တင်ဝေ က နေ့လယ် မုန့်စားချိန်၌ ခါတိုင်း ပို့နေကျ လက်ဖက်ရည် ကို အပို့ လွှတ်လေရာ မသောက်ဘဲ စက်ဘီး တစ်စီး ဖြင့် အပြင် ထွက်သွား တတ်၏ ။ လက်ဖက်ရည် လာပို့သော ကျောင်းသား ကို ထမင်း ပြန် စားမှာမို့ မသောက်တော့ ဟု ဆင်ခြေ ပေး၍ ပြန် ယူသွားစေ၏ ။

တင်တင်ဝေ က လည်း “ သူ ကပင် စိမ်းကားနိုင်သေးတာ ” ဟု ကိုယ့် စိတ် ကို တင်း၍ ခပ်အေးအေးပင် နေလိုက်လေ၏ ။ တစ်ခါတစ်ရံတော့ လည်း အေးအေးဆေးဆေး ကိုဖုန်းဝေ နှင့် ပြောလိုသည် ။ သို့သော် ကိုဖုန်းဝေ က ရှောင်ဖယ်ဖယ် လုပ်နေသဖြင့် ကိုယ့် ကိုယ် ကို အားတင်းပြီး ၊ အမူအရာ မပျက်အောင် နေရသည် ။ တနင်္ဂနွေနေ့ ကျောင်းပိတ်ရက် တစ်နေ့တွင် ကိုဖုန်းဝေ က ကျောင်းသားများ ကို အပိုသင်တန်း ခေါ်ယူသည် ။ တင်တင်ဝေ က ကျောင်းစာရေး မောင်တင်မောင် မှ တစ်ဆင့် စာသင် ပြီးလျှင် အိမ်ခဏ ဝင် လာပါရန် ဖိတ်ခေါ် ထားသည် ။ ကိုဖုန်းဝေ လာလျှင် ဧည့်ခံရန် စားစရာ သောက်စရာများ ပြင် ထားသည် ။

သို့သော် သင်တန်း ပြီး၍ ကျောင်းသားများ ပြန်ကြချိန်တွင် ကိုဖုန်းဝေ ပေါ်မလာပေ ။ မည်သည့် အချိန်က ထွက်သွားသည် မသိ ။ အရိပ်အယောင် တောင် မမြင်ရတော့ပေ ။ မောင်တင်မောင် သာလျှင် ဆရာမကြီး အိမ်သို့ ခပ်ရွံ့ရွံ့ မျက်နှာထားဖြင့် ပေါက်လာ၏ ။

“ ညောင်လေးပင် မှာ ချိန်းထားတာ ရှိလို့ ဆရာမကြီး ကို တောင်းပန် ခိုင်းလိုက်ပါတယ် ”

“ အေ ... အေး … ကောင်းပါပြီ မောင်တင်မောင် ရယ် ”

ပြောပြောဆိုဆို ဖြင့် အိပ်ခန်းတွင်း သို့ ဝင်သွားသော ဆရာမကြီး အား ငေးကြည့်နေပြီး ၊ နောက်မှ မောင်တင်မောင် သည် အသာအယာပင် အသံ မကြားအောင် ခြေဖော့၍ အိမ်ပေါ် မှ ဆင်းခဲ့လေသည် ။ ထိုနေ့က တစ်နေ့လုံး တင်တင်ဝေ အိပ်ခန်းတွင်း မှ ထွက်မလာပါ ။

မောင်တင်မောင် ပြောစကား အရ တင်တင်ဝေ သည် မျက်နှာ ညှိုးငယ်စွာ ဖြင့် အခန်းတွင်း သို့ ဝင်သွားကြောင်း ကြားသိ ကတည်း က ပင် ကိုဖုန်းဝေ သည် စိတ်တွင်းမှ ဝေဒနာ တစ်ရပ်ကို ခံစား နေရတော့သည် ။

မောင်တင်မောင် ၏ ညနေ ဝတ္တရား အတိုင်း ပြင်ဆင် ပေးထားသော သောက်စရာ ကိုပင် မတို့မထိဘဲ ကပြင် တွင် ပက်လက်ကုလားထိုင် ဖြင့် တွေတွေငေးငေး နေမိ၏ ။

ဝေ့ ကို လွမ်းမိသည် ။ တက္ကသိုလ် တွင် တွေ့ခဲ့ရ ၊ ကြုံခဲ့ရ ၊ သွားလာခဲ့ရသည်များ ကို ပြန်ပြောင်း၍ သတိရ လာ၏ ။ ချစ်သူနှစ်ဦး ညနေခင်း သာယာမှုကလေးများ ကို ပြန်လည်စားမြုံ့ပြန်ရင်း တဆွေးတသ ဖြစ်ရပြန်သည် ။

ည ထွက်ခွင့် ရသော တန်ဆောင်မုန်းလပြည့်နေ့ ည တစ်ည မှာ အင်လျားကန်ဘောင်ရိုး ပေါ်၌ နှစ်ယောက်သား လရောင် အောက်မှာ ကြည်နူး ခဲ့ရသည်များ ကို သတိတရ ဖြစ်လာသည့် အခါ ကိုဖုန်းဝေ သည် မိုးကောင်းကင် ကို အမှတ်မထင် ကြည့်မိ၏ ။

•••••   •••••   •••••

အခန်း ( ၈ )

ယနေ့ည လည်း လ သာ နေသည် ။

အခု အချိန်တွင် ဝေ တစ်ယောက် မိမိ အပေါ်မှာ စိတ်ခု၍ နေရှာပေ လိမ့်မည် ။ နေ့လယ် က ဖိတ်ခေါ်သည် ကို ငြင်းမိသည်မှာ မှားလေပြီ ။ ဝေ့ အပေါ် စိမ်းကားရာ ကျနေသည် ။

ကိုဖုန်းဝေ သည် ပက်လက်ကုလားထိုင် မှ ထပြီး ၊ စက်ဘီး ကို ထုတ် ကာ လမ်းဘက် ထွက်သွားသည် ကို မောင်တင်မောင် တို့ သားအမိ က အဓိပ္ပာယ် နားမလည်ရှာဘဲ ငေးမော၍ သာ ကျန်ရစ်လေတော့သည် ။

ကိုဖုန်းဝေ က စက်ဘီး ကို ဒေါက်ထောက်ပြီး အိမ်ပေါ်သို့ တက်လာ သည် ။ အိမ်တံခါးများ ပိတ်ထားပြီ ဖြစ်သော်လည်း တင်တင်ဝေ ၏ အိပ်ခန်းက မီးလင်း နေ၏ ။ တံခါး ခေါက် လိုက်သောအခါ ဧည့်ခန်း မှ မီး လင်းလာပြီး တင်တင်ဝေ ၏ အဒေါ် က တံခါး လာ ဖွင့်၏ ။

“ ဒေါ်ဒေါ် ဝေ နဲ့ တွေ့ချင်လို့ ။ မအိပ်သေးရင် ပြောပေးပါ ”

ကိုဖုန်းဝေ က ဝရန်တာ ရှိ ခုံတန်းလျား တွင် ထိုင်လိုက်၏ ။ ခဏကြာ သောအခါ တင်တင်ဝေ ထွက်လာ၏ ။ ကိုဖုန်းဝေ နားတွင် လာထိုင်၏ ။

အဒေါ် လုပ်သူ က အိမ် ထဲ သို့ ပြန်ဝင်သွားသည် ။

“ ည ၉ နာရီ ထိုးနေပြီ ။ ကိုဖုန်း ဘာပြောချင်လို့လဲ ”

“ ဝေ က ခေါ်တယ်ဆို ”

“ နေ့ခင်း က ခေါ်တာပဲ ။ အခုည ခေါ်တာမှ မဟုတ်တာ ”

“ နေ့ခင်း က မလာနိုင်လို့ အခု လာပြီလေ ။ ဝေ ပြောချင်တာ ပြော “

“ ပြောချင်လို့ မဟုတ်ဘူး ။ ကျွေးချင်လို့ ။ ဝေ့ ဆီမှာ မစား မသောက်တာ ကြာပြီ မဟုတ်လား ။ အဆိပ်ခတ် မှာ စိုးလို့ ရှောင်နေသလား ”

“ ကဲ … ကဲ … မယ်မင်းကြီးမ ၊ ကျွေးချင်ရင် အခုကျွေးဗျ ။ လက်ဖက်ရည် သောက်ချင်တယ် ။ အဆိပ်ခတ်ချင်ရင် လည်း တစ်ခါတည်းသာ ခတ်လိုက်ပါ ”

“ နှစ်ယောက်စာ တစ်ခါတည်း ခတ်လိုက်မယ်နော် ၊ ဟုတ်လား ”

“ သဘောတူပါတယ် ။ ဂျူးလိယက် ရယ် … ”

တင်တင်ဝေ က ပြုံး၍ အိမ် ထဲ ဝင်သွားလေ၏ ။ တင်တင်ဝေ က လက်ဖက်ရည်ဗန်း ဖြင့် ပြန်ထွက်လာချိန်၌ ကိုဖုန်းဝေ ၏ ဘေးတွင် ဂီတာ က အသင့်ရှိနေ၏ ။

“ ဟင် … ဘယ်တုန်းက သွား ယူလိုက်တာလဲ ”

“ ဝေ လက်ဖက်ရည်နှပ် နေတုန်း စိတ်ကူးရတာနဲ့ သွား ယူလိုက်တာ ”

“ ဒီကလည်း နားထောင်ချင်နေပါတယ် ။ မပြောရဲလို့ ”

ကိုဖုန်းဝေ က ဂီတာလက်ခတ်များ ကို လက်ညှိုးနှင့် လက်မတွင် စွပ်ရင်း ပြုံးနေသည် ။

“ ကဲပါ လက်ဖက်ရည် သောက်ပါဦး ၊ ထမနဲ လည်း စားစမ်းပါဦး ။ အရှေ့ကမ်းဘက် က တပည့် တစ်ယောက် အိမ် က ပို့ပေးတာ ”

“ ဟုတ်သားပဲ ၊ ဒီနေ့ တပို့တွဲလပြည့်နေ့ နော် .. ကျောင်းတုန်းက … ဓမ္မာရုံ မှာ ထမနဲထိုးပွဲ သွား သတိရတယ် ”

“ ဟုတ်တယ်နော် … အဲဒီတုန်း က ကိုဖုန်း က ဒိုးပတ် တီးတယ် ။ ဟိုမင်းသား ကတဲ့ လူဟာ ဘယ်သူလဲ … ဟင်… ”

“ မိတ္ထီလာ ကလေ အောင်သန်း ဆိုတာပေါ့ ။ သဟာယ နဲ့ စာဖတ်အသင်း ဥက္ကဋ္ဌ လေ ။ အက သိပ်ကောင်းတာ ၊ အခု မိတ္ထီလာ မှာ ကျောင်း ဆရာ လုပ်နေတယ် ”

ဤသို့ဖြင့် တက္ကသိုလ် က မိတ်ဆွေတွေ အကြောင်း ကို စကားစပ်မိ ကြကာ အသံပြဲသော သန်းလွင် အကြောင်း ကိုဖုန်းဝေ နှင့် အတူ တွဲဖက်၍ စကားရည်လုပွဲ တွင် ဟောပြောကြသော အောင်နိုင် အကြောင်း ပြောဆိုမိ ကြရင်း ၊ ရယ်စရာ အကြောင်းများ ပါလာလျှင် နှစ်ယောက်သား ရယ်မောမိကြလေ၏ ။

နှစ်နာရီ ထိုးမှ ကိုဖုန်းဝေ အိမ် ပြန်ဖြစ်၏ ။ သီချင်းကြီး သုံးပုဒ်ခန့် တီးပြခဲ့ရသေး၏ ။

ထိုည က အလွန် လသာပါသည် ။

▢ မောင်ကိုယု
📖 မနေ့က လရောင် အောက်မှာ

No comments:

Post a Comment