Tuesday, March 18, 2025

အပြင် က ငွေ မရှာတဲ့ စေတနာ ဆရာဝန်


 ❝ အပြင် က ငွေ မရှာတဲ့ စေတနာ ဆရာဝန် ❞


[ သီတဂူ အာယုဒါန ဆေးရုံတော် က စစ်ကိုင်းတောင်ရိပ် မှာ ရှိပြီး အေးငြိမ်းခန့်ငြားတဲ့ အသွင် ကို ဆောင်တယ် ။ မြန်မာပြည် တစ်ဝှမ်းလုံး က ရဟန်း ၊ သီလရှင် နဲ့ ဆင်းရဲချို့တဲ့ သူတွေ ကို အခမဲ့ ကုသ ပေးနေတယ် ။


ဆေးရုံ ကို ၁၉၉၂ ခု မှာ စတင် ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး ယခုအခါ နိုင်ငံတကာ အထိ သတင်း ပျံ့နှံ့ခဲ့ပြီ ဖြစ်ပါတယ် ။ ပြည်ပ က အထူးကု ဆရာဝန်ကြီးတွေ ကလည်း မကြာခဏ လာရောက်ပြီး လုပ်အားဒါန ကုသ ပေးကြတယ် ။ ခေတ်မီ စက်ကိရိယာပစ္စည်းတွေ ကိုလည်း ပြည်ပရောက် စေတနာရှင်တွေ က ပေးလှူ ထားတဲ့ အတွက် ဝေဒနာသည် တွေ ကို ထိထိရောက်ရောက် ကုသ ပေးနိုင်တယ် ။ 


မန္တလေးမြို့က အထူးကု ဆရာဝန်ကြီးတွေ ကလည်း သီတဂူ အာယုဒါန ဆေးရုံတော် ကို ပုံမှန် သွားပြီး တတ်ကျွမ်းမှု အလှူကုသိုလ် ယူ နေကြတယ် ။ လူနာတွေ ကို ခွဲစိပ်ကုသတဲ့ ရက် ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့ တစ်နေ့ မှာ မန္တလေးမြို့ က ခွဲစိပ်ကု ဆရာဝန်ကြီး ဒေါက်တာ ဦးဘိုနီ ၊ ဒေါက်တာဦးစိုးတင့် တို့နဲ့ အတူ သီတဂူ အာယုဒါန ဆေးရုံတော် ကို လေ့လာဖို့ ကျွန်တော် လိုက် သွားပါတယ် ။ 


ဆေးရုံ မှာ တာဝန် ထမ်းဆောင် နေတဲ့ ဆရာဝန်တွေ နဲ့ စကားပြောခွင့် ကျွန်တော် ရတယ် ။ ပုဂ္ဂလိက အထူးကု ဆေးတိုက်ကြီးတွေ ထွန်းကားလာတဲ့ ယခုလို အချိန်မှာ ဆရာဝန်တွေ ဟာ တတ်ကျွမ်း သလောက် လက်ဖျား မှာ ငွေ သီး နိုင်တယ် ။ အာယုဒါန ဆေးရုံ မှာ တာဝန် လာ ထမ်းနေတဲ့ ဆရာဝန်တွေ အတွက် အပြင် ဝင်ငွေ ဆိုတာ မရှိစကောင်းတဲ့ နေရာ ဖြစ်တယ် ။ သည် ဆရာဝန်တွေ ဟာ အပြင်ဆေးခန်း လည်း သွား မထိုင်ကြဘူး ။ သူတို့ တတ်ကျွမ်းတဲ့ ပညာ ကို ကုသိုလ် ရတယ်လို့ သူတို့ ယုံကြည်တဲ့ နေရာမှာ အသုံးချ နေကြတယ် ။ သည် ဆရာတွေ ထဲ က တစ်ယောက် ဖြစ်တဲ့ ဒေါက်တာ ဒေါ်မိမိခင် ( ၅၈ နှစ် ) ရဲ့ ဘဝ အတွေ့အကြုံ တွေ ကို ကျွန်တော် မေးတော့ ဆရာမ က ယခုလို ပြောပြတယ် ။ ]


••••• ••••• •••••


ကျွန်မ နာမည် က ဒေါက်တာ ဒေါ်မိမိခင် ပါ ။ ကျွန်မ ဖခင် က ဦးချစ်ခင် ၊ မော်လမြိုင် ဦးမျှား ဆေးတိုက်ပိုင်ရှင် ပါ ။ မိခင် က ဒေါ်သန်းကြည် ၊ ဆရာမ ပါ ။ ကျွန်မ နှစ်နှစ် သမီး မှာ ကျွန်မ ဖခင် ဆုံးသွားတယ် ။ မိခင် က ကျွန်မ ကို သူ လိုချင် တဲ့ ပုံစံ ရအောင် သွင်းခဲ့တာပဲ ။


ကျောင်း နေတော့ အထက ၃ မင်္ဂလာတောင်ညွန့် မှာ ။ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်ကြူ က စည်းကမ်း သိပ်ကောင်းတယ် ။ မိခင်ကြီး နဲ့ ဆရာ ဆရာမတွေ ရဲ့ သွန်သွင် ဆုံးမမှု အောက်မှာ ကျွန်မ စာ ကို စိတ်ဝင်စား ခဲ့ပြီး ရန်ကုန် ဆေးတက္ကသိုလ် ( ၁ ) ကို တက်ခဲ့ရတယ် ။ ၁၉၈၂ ခုနှစ် မှာ ဘွဲ့ရပြီး ၁၉၈၃ ခု မှာ အလုပ်သင် ဆရာဝန် လုပ်တယ် ။ ရန်ကုန်ဆေးရုံကြီး မှာပေါ့ ။


အလုပ်သင်ဆရာဝန် ဘဝ မှာ ကျွန်မ ကို လက်ဆောင်တွေ ပေးရင် ကျွန်မ မကြိုက်ဘူး ။ လက်ဆောင် ယူရမှာ ရှက်တယ် ။ မှတ်မှတ်ရရ အဲသည်တုန်း က ကောလိပ်ဂျင်နေဝင်း ဆေးရုံ လာ တက်တော့ ကျွန်မ က လုပ်သင့်တာ တွေ လုပ်ပေးတယ် ။ ကြာတော့ မိသားစု တစ်စုလုံး နဲ့ ခင်မင် သွားတယ် ။ အစ်မ ဒေါ် ခင်မာလာ က အစားအသောက်တွေ ပေးတော့ ကျွန်မ မယူချင်ဘူး ဖြစ်ခဲ့တယ် ။ 


ကျွန်မ အလုပ်သင် ဆရာဝန် လုပ် ကတည်း က ဆုံးဖြတ်လိုက်တဲ့ အရာ တစ်ခု ကတော့ ဘယ် လူနာရှင် ဆီ က မှ ငွေကြေး လက်ဆောင် ကို မယူဘူး ဆိုတာပဲ ။ 


အလုပ်သင် ဆရာဝန် လုပ်ပြီး သွားတော့ ၁၉၈၃ ခု စက်တင်ဘာလ မှာ ဆေးသုတေသနဌာန ကို အလုပ် စ ဝင်တယ် ။ မြန်မာနိုင်ငံ မှာ ရှိတဲ့ ကလေးသူငယ် များ ကိုယ်ကာယ ကြီးထွားနှုန်း စံချိန် သုတေသနတွေ လုပ်ရတယ် ။ သုံးလ တစ်ခါ လောက် မြန်မာပြည် အနှံ့ နယ်တွေ သွားရတယ် ။ ပြည်နယ်တိုင်း အလိုက် မြို့နယ် တွေ ကောက်နှုတ် ရွေးချယ်ပြီး သွားတာပေါ့ ။ ဥပမာ ရှမ်းပြည်နယ် ညောင်ရွှေ ၊ ရခိုင်ပြည်နယ် စစ်တွေ ၊ မန္တလေးတိုင်း ကျောက်ပန်းတောင်း ၊ မန္တလေးအနောက်

တောင် စသဖြင့် ပေါ့ ။ နေရာဒေသ မရွေး ရှိ လူမျိုး ရိုးရာယဉ်ကျေးမှု ၊ ကျန်းမာရေး အဆင့်အတန်းတွေ ကို ကျွန်မ အနီးကပ် လေ့လာ သိရှိခွင့် ရတယ် ။ လူ ခုနှစ်ယောက် က ၁ဝ ယောက် လောက် ရှိတဲ့ အဖွဲ့ မှာ အဖွဲ့ခေါင်းဆောင် တာဝန် ကျွန်မ ယူရတယ် ။ အဲဒီမှာ သုံးနှစ် ကြာခဲ့တယ် ။ နိုင်ငံတကာ အဖွဲ့အစည်းတွေ နဲ့ ပါ တွဲ လုပ်ခဲ့ရတော့ Statistic ( ကိန်းဂဏန်း ၊ စာရင်းဇယားပညာ ) data analysis ( အချက်အလက် ပိုင်းခြားစိစစ်မှု ) တွေ သိကျွမ်းလာတယ် ။ သူတို့ ရဲ့ Training ( လေ့ကျင့်သင်ကြားမှု ) သိပ် ကောင်းတယ် ။ ဆရာကြီး ဆရာမကြီးတွေ က Training ကောင်း သလို management လည်း ကောင်းတယ် ။ သားသမီး လို ဆက်ဆံပြီး English ( အင်္ဂလိပ်ဘာသာစကား ) လည်း ကျွမ်းကျင်အောင် လုပ်ပေးတယ် ။ အဲဒီမှာ သုံးနှစ် ကြာခဲ့တယ် ။


အမေ က General Training ( အထွေထွေ ဆေးကုသမှုအလေ့ အကျင့် ) လည်း ရစေချင် လို့ ဆေးရုံ ဘက် ကိုအလုပ် ပြန် လျှောက်ခိုင်းတယ် ။ ပုသိမ် ဧရာဝတီတိုင်း ဆေးရုံကြီး ကို ကျွန်မ သွားရတယ် ။


ပုသိမ်တိုင်း ဆေးရုံကြီး ရောက်တော့ medicine ( ဆေးဝါးပညာ ) surgery ( ခွဲစိပ်ပညာ ) ၊ OG ( Obstetrics & Gynaecology သားဖွားမီးယပ် ) သုံးခုလုံး Training ရတယ် ။ ပြီးတော့ ENT ( Ear , Nose , Throat နား ၊ နှာခေါင်း ၊ လည်ချောင်း ) Training လုပ်ခွင့် ရတယ် ။ အရိုးအထူးကု ဆရာဝန်ကြီး ဆီ မှာလည်း Training ရခဲ့တယ် ။ ဆရာဝန်ကြီးတွေ က မိသားစု လို ဆက်ဆံပြီး သင်ပြ ပေးကြလို့ ကျွန်မ သိပ် ကျေးဇူးတင်တယ် ။


အခြား ဆရာဝန်တွေ အပြင်ဆေးခန်း သွား ထိုင်မယ့် အချိန် မှာ သူတို့ duty ( တာဝန်ချိန် ) ကို ကျွန်မ လွှဲယူ ပေးတယ် ။ ကျွန်မ ကို မုန့်ဖိုး ပေးဖို့ မလိုဘူး ၊ ဘာမှ ပေးဖို့ မလိုပါဘူး ။ သူတို့ မှာ လည်း မိသားစု တာဝန်တွေ ရှိကြတော့ အပြင် ဆေးခန်း ထိုင်ဖို့ လိုအပ်တာ ကို ကျွန်မ နားလည်တယ် ။ ကျွန်မ ကတော့ Single Life ( တစ်ကိုယ်တည်းဘဝ ) ဖြစ်တော့ တာဝန် သိပ် မကြီးဘူး ။ အပြင် က ပိုက်ဆံ ရှာတယ် ဆိုတာ ကျွန်မ ဘဝ မှာ မရှိခဲ့ဖူးဘူး ။ ကျွန်မ မိခင် က ဘာပြောခဲ့သလဲ ဆိုရင် ပိုက်ဆံ မရှာရင် သူများ သုံးသလို တော့ မသုံးနိုင်ဘူး ၊ ဒါကို ခံနိုင်လား ၊ ခံနိုင်ရင် လုပ်တဲ့ ။


၁၉၉၀ မှာ ပုသိမ် က နေ ရန်ကုန်ဆေးရုံကြီး ကို ပြောင်းရတယ် ။ ဆေးရုံ တစ်ခုလုံး မှာ လိုအပ်နေတဲ့ နေရာတိုင်း မှာ ကျွန်မ ကို အလှည့်ကျ တာဝန် ပေးပြီး လေ့လာခိုင်းတယ် ။ ဆရာကြီး ဆရာမကြီးတွေ က မေတ္တာ နဲ့ သင်ပြပေးတယ် ။ လူနာ နဲ့ ဆက်ဆံပုံ က အစ သင်ပြ ပေးပါတယ် ။ ကျွန်မ မိခင် က ကျွန်မ ကို ဘာလုပ်ခိုင်းမယ် ဆိုတာ ရည်ရွယ်ချက် ထားခဲ့ပုံ ရပါတယ် ။


၁၉၉၄ ခုနှစ် မှာ နိုင်ငံခြား မှာ ဆေးပညာ ဆက် သင်ဖို့ ရည်ရွယ်ပြီး အလုပ် က ထွက်တယ် ။ ဒါပေမဲ့ မိခင်ကြီး မကျန်းမာလို့ မထွက်ဖြစ်ဘဲ ကြာ နေတယ် ။ အမေ က သတိ ချွတ်ယွင်းမှု ဖြစ်လာတာပေါ့ ။ ကျွန်မ အမေ့ ကို ပြုစုတယ် ။ ဆရာဝန် တစ်ယောက် အနေနဲ့ ရော ၊ သူနာပြု တစ်ယောက် အနေနဲ့ ရော ၊ အိမ်ဖော် တစ်ယောက် အနေနဲ့ ပါ ပြုစုတယ် ။


အဲသည် အချိန် မှာ သီတဂူအာယုဒါန ဆေးရုံ က ဆက်သွယ် လာတယ် ။ အမျိုးသမီး ဆရာဝန် အသက် ၃၀ ကျော် ၄၀ ဝန်းကျင် ၊ Over all Training ( ဘက်စုံလေ့ကျင့် ) ပြီးသား လိုချင်လို့ တဲ့ ။ သီတဂူ အောက်မြန်မာပြည် ကပ္ပိယ ကာရကအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်ညွန့် နဲ့ အတွင်းရေးမှူး ဦးသန်းမြင့် က ကျွန်မ မိခင် နဲ့ ရင်းနှီးတယ် ။ သမီးလေး လုပ်ပေးနိုင်မလား မေးတယ် ။ လုပ်ပေးပါ ပြောတယ် ။ ကျွန်မ မိခင် က လည်း ကျွန်မ ကို စည်းရုံးတယ် ။ ကျွန်မ မိခင်ကြီး နောက်ဆုံး ထွက်သက် မထွက်ခင် မှာ သီတဂူ မှာ ဆရာဝန် လုပ်ပါမယ် ဆိုတဲ့ ကတိ ပေး လိုက်ပါတယ် ။ အမေ က သူတော်ကောင်း အလုပ် ကို လုပ် မှာမို့ သူတော်ကောင်း တွေ က စောင့်ရှောက်မှာပါတဲ့ ။ ကျွန်မ သီတဂူ ဆရာတော်ကြီး ကို သွား တွေ့ တယ် ။ ဘုန်းဘုန်း က ကျွန်မ ကို တွေ့ ကတည်း က ရင်းရင်းနှီးနှီးနဲ့ သွေးရင်းသားရင်း လို ဆက်ဆံတယ် ။ ကျွန်မ က လည်း ဆရာတော် ကို ယုံကြည် အားကိုးရမယ့် သူ တစ်ဦး အနေနဲ့ ထားပါတယ် ။


သီတဂူဆေးရုံ ကို ရောက်စ မှာ ကျွန်မ လူနာတွေ နဲ့ ဆက်ဆံတာ အဆင် မပြေဘူး ။ ကျွန်မ ပုံစံ က ရန်ကုန် က abroad ( နိုင်ငံရပ်ခြား ) သွားမယ့် ပုံ ၊ ကျွန်မ ပြောတာ သူတို့ နားမလည်ဘူး ။ ဒေါက်တာဦးအောင်မြင့် က ကျွန်မ ကို ပြောတယ် “ လူနာတွေ က ယူ့ ( You ) လို ကြီးပြင်းခဲ့ကြရတာ မဟုတ်ဘူးလေ ” တဲ့ ။ အဲသည် စကား ကို ကျွန်မ တစ်သက်လုံး စွဲသွားတယ် ။ လူတိုင်း ဟာ ပညာတတ်တွေ မဟုတ်ဘူး ။ ကျွန်မတို့ လို အသိုင်းအဝိုင်း က ကြီးပြင်းခဲ့ရတာ မဟုတ်ဘူး ၊ ကျွန်မတို့ သိ သလို အသိအမြင် လည်း မရှိနိုင်ဘူး ။ အဲဒီ လူတွေ ရဲ့ ဘဝ ကို ကျွန်မ လေ့လာ ရမယ် ၊ သူတို့ ကို စာနာစိတ် ထားရမယ် ။ ဒါကို ကျွန်မ သိသွားတဲ့ အချိန်မှာ သူတို့ နဲ့ ဆက်ဆံရေး အဆင်ပြေ သွားတော့တာပဲ ။


ဒီမှာ အခြား ဆေးရုံတွေ နဲ့ မတူတာ က တော့ ကျွန်မတို့ အတွက် အလုပ်ချိန် ပြီးဆုံးသွားပြီ ဆိုတာ မရှိဘူး ။ လူနာတွေ က ဆေးရုံ ကို အားကိုးတကြီး နဲ့ လာကြတာ ။ အချိန် ကုန် သွားပြီ ပိတ်ပြီ ပြောလို့ မရဘူး ။


 ⎕ ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ

No comments:

Post a Comment