Saturday, March 1, 2025

ဂြိုလ်ဆိုး


 

❝ ဂြိုလ်ဆိုး ❞  
( ညီမင်းညို )

မဂ္ဂဇင်း မှာ ပါလာတဲ့ ကျွန်တော့် ရဲ့ ကဗျာ ကို ဖတ်ပြီး မျက်ရည် ကျရသတဲ့လား အမေ ရယ် ။ အမေ ဝမ်းနည်း ကြေကွဲရတယ် ဆိုရင် ကျွန်တော် ကကော ပျော်နိုင်ပါ့လား အမေ ။

“ အလွမ်းတွေ နဲ့ ပြည့်နေတဲ့ ကောင်ဆွေးလေး တစ်ယောက် ဟာ ကျွန်တော် ပါ မေမေ ”

“ တစ်ယောက်နဲ့ တစ်ယောက် ဘာသာပြန်မှု လွဲမှားရာ က ကောင်ဆိုးလေး ဖြစ်ခဲ့ရတဲ့ ကျွန်တော့် ကို မေမေ နားလည်နိုင်ပါရဲ့လား ”

အမေ .. ။ အမေ့ ဘဝ ရဲ့ ဂြိုလ်ဆိုး ဟာ ကျွန်တော် တဲ့ လား ။ ကျွန်တော် တောင်းပန်ပါတယ် အမေ ။ မမျော်လင့်ဘဲ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ခဲ့ရတဲ့ ကိစ္စတွေ ပါလို့ အမေ သဘောထား မပေးနိုင်သေးသရွေ့ပေါ့ ။ လူ့လောက ထဲ ကို ကျွန်တော် စတင် ဝင်ရောက်လာတဲ့ အချိန် မှာပဲ အဖေ က အဝေး တစ်နေရာမှာ မတော်တဆ ဖြစ်ရပ် တစ်ခုကြောင့် ကွယ်လွန် သွားခဲ့ရတယ်တဲ့ ။ အဖေ ဆုံးတဲ့ ရက်က ကျွန်တော် မွေးတဲ့ ရက် ။ အဖေ ဆုံးတဲ့ အချိန် နဲ့ ကျွန်တော် မွေးတဲ့ အချိန် က ထပ်တူထပ်မျှ ဖြစ်ရလောက်အောင် ကံကြမ္မာ က တိကျလှချည်လား အမေ ။ နှလုံးသား တစ်ခု ကို နှလုံးသား တစ်ခုနဲ့ အစားထိုး ပေးလိုက်တယ် လို့ အမေ ဘာကြောင့် မဖြေသိမ့်နိုင်ရ တာလဲ ။ ချိန်ကိုက်ဗုံး တစ်လုံးလို အမေ့ ဘဝထဲ ကို ရုတ်တရတ် ဝင်ရောက် ဖောက်ခွဲ လိုက်တဲ့ စနက်တံ တပ် ထားတဲ့ “ ဂြိုလ်ဆိုး ” ဟာ ကျွန်တော် ပဲ ဆိုတာ သေချာရဲ့လား အမေရယ် ။ အဖေ မရှိတော့တဲ့ နောက် ဘဝကို ခက်ခက်ခဲခဲ ရုန်းကန် လှုပ်ရှားခဲ့ရတဲ့ အမေ့ ကို ကျွန်တော် စာနာနိုင်ပါတယ် အမေ ။ အဖေ့ ကို သိပ်ချစ်တဲ့ အမေ ဟာ အဖေ နဲ့ ခပ်ဆင်ဆင် တူတဲ့ ကျွန်တော့် ကို တခါတခါ ခပ်ကြာကြာလေး ငေးကြည့်ရုံ က လွဲလို့ အများအားဖြင့်တော့ အမေ့ ရဲ့ မျက်လုံးတွေ ဟာ နာကျင်မှု အရောင်တွေ နဲ့ စိုလက် တောက်ပ နေခဲ့တာပဲ မဟုတ်လား ။ အမေ့ ရဲ့ အကြော်တဲကလေး မှာ အကြော် လာ စားနေကျ ဖောက်သည်တွေ ကိုလည်း မကြာခဏ ပြောပြတတ် လွန်းလို့ ကျွန်တော် နားရည်ဝ ခဲ့ရပါပြီ အမေ ။

“ ဒီကောင်လေး ဟာ ကျွန်မ ဘဝ ရဲ့ ဂြိုလ်ဆိုးပါပဲရှင် ၊ မွေးတာကလည်း စနေ ၊ သူ မွေးပြီးတာနဲ့ သူ့ အဖေ လည်း သေရရှာတာပါပဲ ၊ စနေဂြိုလ်ဆိုး တစ်ယောက် ဝင် တစ်ယောက် ထွက် ဆိုတာ ဒါပဲ နေမှာပါ ၊ ကြည့်ပါလား ၊ ကလေး က ကလေး နဲ့ မတူဘူး ၊ မျက်နှာ က ရှုတည်တည် နဲ့ ၊ ကျွန်မ ဘယ်လောက် ရိုက်ရိုက် ဘယ်တော့မှ မငိုတဲ့ ဂြိုလ်ဆိုးလေးလေ ” တဲ့ ။

ဪ .. အစွဲအလန်း ကြီးလှချည်လား အမေ ရယ် ။

•••••   •••••   •••••

ကျွန်တော် စကား ပြောတတ်စ လမ်းလျှောက်တတ်စ အရွယ် ရောက်တော့ ကျွန်တော့် ကို မြှူချင်တဲ့ ချော့ချင်တဲ့ ကလေး ချစ်တတ်တဲ့ အိမ်နီးနားချင်း အချို့ တောင် အမေ့ ရှေ့မှာ ကျွန်တော့် ကို မမြှူ ၊ မချော့ရဲခဲ့ကြပါဘူး ။ အမေ မရှိတဲ့ အခါမျိုးတွေ မှ သာ ကျွန်တော့် ကို ချော့မြှူ ကျီစယ်လေ့ ရှိကြပါတယ် ။ ကျွန်တော် ကလည်း ကျွန်တော် ပါပဲ ငယ်ငယ် ကတည်းက အပြောအဆို မတတ်ခဲ့တော့ ပို မုန်းစရာ ဖြစ်ခဲ့ရတာပေါ့ ။ ကျွန်တော့် အပေါ် သံယောဇဉ် ကြီးတဲ့ ဦးလေးထွန်း နဲ့ ကြီးကြီးတို့ လင်မယား က ကျွန်တော့် ကို မုန့်ကလေး ပဲကလေး က အစ ဝတ်စရာ အဝတ်စား အဆုံး အမြဲတမ်း ပေးကမ်း နေကျလေ ။ ဦးလေးထွန်း ပြောပြလို့ ကျွန်တော် ပြန်သိရတာ ။ ခုနေခါ ရယ်စရာတော့ ကောင်းသား အမေ ရဲ့ ။

ကျွန်တော် ငယ်ငယ် က “ ဟေ့ကောင်လေး မင်း နာမည် ဘယ်သူလဲ ” လို့ မေးရင် စကား မပီတပီ နဲ့ “ ဂျိုဂျိုး ” လို့ ပြန် ဖြေ တတ်တယ်တဲ့ ။ အဲဒါကို အမေ က

“ ကြည့်ပါလား လူ က ခုမှ လက်တောက်လောက် ရှိသေးတယ် ၊ ရွဲ့ချင် စောင်းချင် နေပြီ ၊ တကယ်ပါရှင် ၊ ကျွန်မ ဘဝ အတွက်တော့ ဒီကလေး ဟာ တကယ့် ဂြိုလ်ဆိုးလေးပါပဲ ” တဲ့ ။

ကျွန်တော် ဟာ အမေ့ ဘဝ အတွက် တကယ်ပဲ ဂြိုလ်ဆိုးလေး ဖြစ်ခဲ့ ဦးတော့ ရှင်သန်ခွင့်တော့ ရှိရဲ့ မဟုတ်လား အမေ ။ ကျွန်တော့် ကို ဘယ်လောက် မုန်းမုန်း ကျွန်တော် ကတော့ အမေ့ ကို ချစ်တယ် အမေ ။ ကျွန်တော့် ကို အမေ မုန်းတယ် ဆိုတာ တကယ်ကော သေချာပါရဲ့လား ။ ကျွန်တော် ကတော့ မယုံဘူး အမေ ။ ကျွန်တော် အဖျားတွေ ကြီးတုန်းက အကြော် မထွက်နိုင်လို့ အမေ့ ပါးစပ် က တဗျစ် တောက်တောက် ရေရွတ် နေပေမယ့် အဲဒီနေ့ တစ်နေ့လုံး အစိုးရိမ် ကြီးစွာနဲ့ ကျွန်တော့် အပါး မှာ အမေ ရှိနေခဲ့တာပဲ မဟုတ်လား ။ ကျွန်တော် နေကောင်းလို့ အမေ ဆိုင် ပြန်ထွက်တော့ သတင်း မေးတဲ့ သူတွေ ကို အမေ ပြန် ပြောနေတာလေ ။

“ ကျွန်မ ကို မွေး ကတည်းက ဒုက္ခပေးတဲ့ ကောင် နေမကောင်းလို့ ဆက်ပြီး ဆက်ပြီး ဒုက္ခပေး နိုင်အောင် ပြုစု နေရတယ် တော်ရေ ” တဲ့ ။

ဒီလိုနဲ့ ကျောင်း နေရမယ့် အရွယ် ရောက်တော့ ရပ်ကွပ် ထဲက မူလတန်း ကျောင်းလေး မှာ ကျွန်တော့ ကို အမေ ကျောင်းစ ထားပေးတယ် ။ အမေ့ ပါးစပ်က ဘာတွေ ပြောပြော ကျွန်တော့် အတွက် လိုအပ်တာ မှန်သမျှတော့ အမေ လုပ်ပေး နေတာပဲ မဟုတ်လား ။ အဲ့ဒါ ကျွန်တော့် အပေါ် ထားရှိတဲ့ အမေ ရဲ့ မေတ္တာတွေ ပဲပေါ့ ။ ကျွန်တော် သိပါတယ် အမေရယ် ။ အမေ တလျှောက်လုံး ခေါ်ခဲ့တဲ့ နာမည် ဂြိုလ်ဆိုး လေ ။ ဒါကို ဦးလေးထွန်း နဲ့ ကြီးကြီးတို့ က မကြိုက်လို့တဲ့ ၊ မခင်လှ ရဲ့ ကလေး အပေါ် ဒီလောက်လည်း အစွဲအလန်း မကြီးပါနဲ့အေ ၊ ကလေး မှာ ဘာ အပြစ်မှ မရှိဘူး ၊ ဟိုလူ ပြော ဒီလူ ပြောတွေ ကို ခေါင်းထဲ ထည့် မနေစမ်းနဲ့ ” ဆိုပြီး “ နင့်ကလေး က စနေသား ဆိုတော့ သူ့ရဲ့ ပဉ္စပွတ် က ဗုဒ္ဓဟူး ၊ ဆပွတ် က ကြသပတေး ၊ အညွန့် က တနင်္ဂနွေ ၊ ဒီတော့ကာ ရဲမင်းအောင် လို့ပေး ၊ ဟုတ်ပြီလား နာမည်ပေးခ ကတော့ အကြော် တစ်ပွဲ ပဲဟေ့ ” ဆိုပြီး ကျွန်တော့် နာမည် ကို ရဲမင်းအောင် လို့ ဦးလေးထွန်း က ပေးခဲ့တယ် မဟုတ်လား အမေ ။

ကျွန်တော် က လည်း နည်းနည်း ခေါင်းမာ တတ်တယ် အမေရဲ့ ။ ကျွန်တော့် ကို နာမည် မေးရင် ရဲမင်းအောင် လို့ ဘယ်တော့မှ မပြောမိဘူး အမေ ။ အမေ ပေးတဲ့ ကျွန်တော့် ရဲ့ ငယ်နာမည် ဂြိုလ်ဆိုး လို့ပဲ ပြောလေ့ ရှိတယ် ။ ကျောင်း စ အပ်တုန်းက ဆရာမ က ကျွန်တော့် ရဲ့ နာမည် မေးတော့ ကျွန်တော် က ထုံးစံအတိုင်း ဂြိုလ်ဆိုး လို့ပဲ ဖြေလိုက်တာပေါ့ အမေ ။ အမေ က ကျွန်တော့် ကို မျက်လုံးပြူး မျက်ဆံပြူးနဲ့ “ ဟဲ့ .... ဒီကလေး ဟာလေ ရွဲ့စောင်းစောင်း နဲ့ ၊ အဲဒါသာ ကြည့်တော့ ဆရာမ ရေ ၊ကောင်လေးက ငယ်ငယ် ကတည်းက ဇလေးနဲ့ ” ဆိုပြီး ကျွန်တော့် နာမည် ကို ရဲမင်းအောင် လို့ ဆရာမ ကို ပြန်ဖြေပါတယ် ။ ဒါပေမယ့် ကျွန်တော် က အမေ့သား ပဲ အမေရာ ။ ကျောင်း လည်း နှစ်ပတ်လည် လောက် တက်ပြီးရော ကျွန်တော့် နာမည် ဂြိုလ်ဆိုး ဆိုတာ တစ်ကျောင်းလုံး သိသွားတာပဲ မဟုတ်လား ။

•••••   •••••   •••••

“ ဘယ်တော့မှ မချိုမြိန် နိုင်တဲ့ သစ်သီး တစ်လုံးဟာ ကျွန်တော် ဖြစ်ဦးတော့ ရင့်မှည့်ခွင့် တော့ ရှိရဲ့ မဟုတ်လား အမေ ”

အမေ့ ရဲ့ ဂြိုလ်ဆိုးလေး က ကျောင်း မှာ နာမည် ကျော်တယ် မဟုတ်လား အမေ ။ အမေ့ သား က စာတော်တယ် ဆိုတော့ သူငယ်တန်း ကနေ စတုတ္ထတန်း အထိ ဆုမရတဲ့ နှစ် ရှိခဲ့ဖူးလား အမေ ။ ကျွန်တော့် ဘဝရဲ့ အရေးအကြီးဆုံး လူတွေ ထဲမှာ အမေ ကတော့ ဂြိုလ်ဆိုးလေး ရဲ့ ထာဝရ နံပါတ်တစ် ပေါ့ အမေ ။ ပြီးရင် ကျွန်တော့် ကို ငယ်ငယ် ကတည်းက ပြုစု စောင့်ရှောက်ပေးခဲ့တဲ့ ၊ အခုချိန် အထိလည်း ကျွန်တော် လိုအပ်တာ မှန်သမျှ ကို တတ်နိုင်သမျှ ဖြည့်ဆီးပေးခဲ့တဲ့ ဦးလေးထွန်း နဲ့ ကြီးကြီး တို့ မိသားစု ပဲပေါ့ ။ ကျွန်တော် စာရေးစာဖတ် ဝါသနာ ပါတာ ကို သိလို့ ဟိုးငယ်ငယ် ကတည်း က ရွှေသွေး တို့ ၊ တေဇ တို့ ကို ကျွန်တော့် အတွက် ဦးလေးထွန်း က အမြဲ ဝယ်ပေးနေ ကျလေ ။ အခုဆို ကျွန်တော် က ဦးလေးထွန်း ရဲ့ စာအုပ်စင် က ကတ်ထူဖုံးနဲ့ စာအုပ် တွေတောင် ကိုင်ခွင့် ရနေပြီ အမေ ။

ဆုနှင်းသဘင် အခမ်းအနား ကို အမေရယ် ဦးလေးထွန်း နဲ့ ကြီးကြီး တို့ လင်မယားရယ် နှစ်စဉ် အမြဲ တက် နေကျလေ ။ အဲ့ဒီလို ကျွန်တော့် ရဲ့ အောင်မြင်မှု တွေ ကိုတော့ အမေ ကျေနပ်တယ် မဟုတ်လား အမေ ။ ကြည်နူး နေတဲ့ အမေ့ ရဲ့ မျက်နှာ မှာ ဝေ့ဝေ့ဝဲဝဲ နဲ့ မျက်ရည်စတွေ က နေရာ ယူလို့ပေါ့ ။ ပြီးတော့ အမေ က ပြောသေးတယ် ။

“ သူ့ သား ဂြိုလ်ဆိုး နဲ့ ယှဉ်ပြိုင်ရတဲ့သူတွေ အားလုံး ခုတော့ တကယ့် ဂြိုလ်ဆိုး နဲ့ တွေ့ ရသလို ဖြစ်သွားပြီပေါ့ ” တဲ့ ။ ကျွန်တော့် အတွက် ဂုဏ်ယူနေတယ် မဟုတ်လား အမေ ။ ရပ်ကွက် ထဲ က မူလတန်းကျောင်းသားလေး ကနေ ဘဝ ရဲ့ ပညာရေး ခရီး ကို ဇွဲ ၊ လုံ့လ အပြည့် နဲ့ မရပ်မနား ဆက်လာခဲ့တဲ့ ကျွန်တော် ဟာ ခုတော့ ဆေးကျောင်းသားကြီး တစ်ယောက် ဖြစ်လို့ နေပြီလေ ။ ကျွန်တော် ဆယ်တန်း ကို ဘာသာစုံ ဂုဏ်ထူး နဲ့ အောင်တော့ အဲ့ဒီနေ့ က အမေ့ ရဲ့ အပျော် ကို ကျွန်တော် ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး အမေ ။ ကျွန်တော် ဟာ အမေ့သား ဆိုပေမယ့် အမေ့ ရဲ့ အကြင်နာ နဲ့ နွေးထွေးမှု ကို မရတစ်ချက် ရတစ်ချက်မို့ ဓာတ်ခဲ အားနည်း နေတဲ့ နာရီတစ်လုံး လို မေတ္တာတရား နဲ့ ပတ်သတ်တဲ့ အချိန်ကာလလေးတွေ ကို နှေးကွေးလေးလံစွာ ဖြတ်သန်း နေခဲ့ရသူ မဟုတ်လား အမေ ။

•••••   •••••   •••••

“ မေတ္တာတရား ဟာ အလျားအနံ မရှိပေမယ့် အသွားအပြန် တကယ်ရှိ ကြေး ဆို ကျွန်တော် ဟာ မေမေ့ သားပါ ”

ကျွန်တော် ဆယ်တန်း အောင်စာရင်း ကြည့်ပြီး ပြန်လာတော့ အမေ့ ရဲ့ အကြော်ဆိုင် ကို တန်း မဝင်ဘဲ သူငယ်ချင်း မြင့်နိုင် ကို အမေ့ ဆီ အရင် လွှတ်လိုက်တယ် ။ အမေ မေးရင် ကျတယ်လို့ ဖြေဖို့ လည်း တစ်ခါတည်း မှာလိုက်တယ် ။ ကျွန်တော် က တော့ အမေ့ ရဲ့ အကြော်တဲလေး ဘေးနား က ညောင်ပင်ကြီး ကို ကွယ်လို့ပေါ့ ။ အမေ က အကြော် ကြော် နေရာ က နေ မြင့်နိုင် ကို လှမ်း ကြည့်ပြီး “ ဘယ်လိုလဲဟေ့ ” ဆိုပြီး လှမ်းမေးတယ် ။ မြင့်နိုင်ကလည်း ကျွန်တော် မှာထားတဲ့ အတိုင်း မျက်နှာ သေးသေးလေး နဲ့ “ ဂြိုလ်ဆိုး ကျတယ် အဒေါ် ” လို့ လည်း ပြောလို့ရော အမေ က မျက်နှာ ကို ဆတ်ကနဲ မော့လို့တယ် ။

“ ဘာ .. ကျတယ် ၊ ဟုတ်လား မောင်မြင့်နိုင် ၊ နင် ဘာတွေ ပြောတောလဲ ၊ ငါ့ သား ဂြိုလ်ဆိုး ရဲ့ ရာဇဝင် မှာ ကျတယ် ဆိုတာ မရှိဘူး ၊ ပညာရေး မှာ ငါ့သား တလျှောက်လုံး ထူးချွန်ခဲ့တာကို မင်း လည်း အသိပဲ ၊ အေး ဆယ်တန်း က နတ်ကြီး လွန်းလို့ ကျသွားတယ် ဆိုရင်တောင် ငါ့ ရင် ထဲမှာတော့ ငါ့သား ဂြိုလ်ဆိုး ဟာ အမြဲ အောင်မြင်ထူးချွန်နေမယ့် သူပဲ ဆိုတာ မင်း မှတ်ထားလိုက် ” ဆိုပြီး မြင့်နိုင် ကို မဆီမဆိုင် ကြိမ်းမောင်းတော့တာပဲ ။ တကယ်ပါ အမေ ။ ကျွန်တော် လေ အမေ့ ရဲ့ ကျွန်တော့် အပေါ် ယုံကြည်စိတ် ကို မျက်ဝါးထင်ထင် အဲ့သလို တွေ့ မြင်လိုက်ရတော့ ကျွန်တော် ဘယ်လိုမှ ဟန်မဆောင်နိုင်တော့ဘူးအမေ ။ တစ်သက်လုံး ထူပေတာပေ ခံပြီး မျက်ရည်တစ်စက် မကျခဲ့တဲ့ကောင် ၊ ခုတော့ ကျွန်တော် ငိုမိပြီ အမေ ၊ ညောင်ပင် အကွယ်ကနေ ပြေးထွက်လာတဲ့ ကျွန်တော့် ရဲ့ မျက်ဝန်းအိမ် မှာ မျက်ရည် တွေ နဲ့ ။

အမေ က ကျွန်တော့် ပုခုံး ကို ဖက်ပြီး “ ဒီနှစ် မအောင်လည်း နောက်နှစ်ပေါ့ သားရယ် ၊ စိတ်ဓာတ် မကျစမ်းပါနဲ့ ၊ မင်း မှာ အမေ တစ်ယောက်လုံး ရှိပါသေးတယ်ဟဲ့ ” ဆိုပြီး ကျွန်တော့် ကို နှစ်သိမ့် နေပါရောလား ။ ကျွန်တော် ဘယ်လိုမှ တင်း မထားနိုင် တော့လို့ ဒီတစ်သက် ဒီအရွယ် အထိ ကျွန်တော် တစ်ခါမှ မပြုခဲ့ဖူးတဲ့ အပြုအမူ ကို ကျွန်တော် လုပ်မိပြီ အမေ ။ ကျွန်တော် အမေ့ ရင်ခွင်ထဲ ခေါင်းတိုး ဝင်ပြီး အားပါးတရ ငိုချလိုက် ချိန်မှာ အမေ ကတော့ ကျွန်တော့် ဆံပင်တွေ ကို ပွတ်သပ်လို့ပေါ့ ။

“ မဟုတ်ဘူး အမေ ၊ မဟုတ်ဘူး ၊ ကျွန်တော် စာမေးပွဲ ကျလို့ ငိုတာ မဟုတ် ဘူး ၊ ကျွန်တော် စာမေးပွဲ မကျပါဘူး ။ အမေ့သား ဂြိုလ်ဆိုး ပါ အမေရဲ့ ၊ ကျွန်တော် လေ ... ကျွန်တော် ဘာသာစုံ ဂုဏ်ထူးနဲ့ ကို အောင်တာပါဗျ ” လို့ ငိုသံပါကြီး နဲ့ ပြောလိုက်ရော အမေ လေ ... ကြင်နာနူးညံ့တဲ့ အကြည့်တွေ နဲ့ ကျွန်တော့် ကို ခပ်တင်း တင်း ပြန် ဖက်ထားရင်းက မျက်ရည်တွေ ကျလာတော့တာပဲ မဟုတ်လား ။ မြင့်နိုင် ကတော့ ကျွန်တော်တို့ သားအမိ ကို ကြည့်ပြီး နားလည်ရ ခက် နေတော့မှာပဲ ။ အမေ က ငိုလို့ လည်း အားရရော “ မောင်မြင့်နိုင် မင်း ကို အဒေါ် ပြောတယ် မဟုတ်လား ၊ အဒေါ့် သား ဂြိုလ်ဆိုး က အမြဲ အောင်မြင်ထူးခွန်မယ့် သူပါလို့ ” ဆိုပြီး ကျွန်တော့် ကို ပြုံးပြုံးကြည့် နေတော့တာပဲ ။ အဲဒီ နေ့ဟာ ကျွန်တော့် ဘဝမှာ အမေ့ ရင်ခွင် ထဲကို ဝင်ပြီး အတိအလင်း ငိုခွင့် ရခဲ့တဲ့ နေ့ တနေ့ပေါ့ အမေ ။ ကျွန်တော့် အပေါ် ထားရှိတဲ့ အမေ့ ရဲ့ မေတ္တာထုထည် အတိုင်းအဆ ပမာဏ ကို မြင်ခွင့်ရလိုက်တဲ့ နေ့ ဆိုရင်လည်း မမှားဘူးပေါ့ အမေ ။

“ မျိုးစေ့တစ်ခြား ဗီဇတစ်ခြား နဲ့ သား ၊ စိုက်ပျိုးသမျှ ရိပ်သိမ်းရ ခက်နေပြီ တဲ့လား ၊ အဆိပ် ကို အဆိပ်ချင်း ၊ လက်နက် ကို လက်နက်ချင်း ဘယ်တုန်းကမှ သား မတုံ့နှင်းခဲ့ဘူး မေမေ ”

“ မေမေ ”

•••••   •••••   •••••

“ တကယ်ဆို ကျွန်တော် ဟာ အလွမ်းတွေ နဲ့ ပြည့်နေတဲ့ ကောင်ဆွေးလေး တစ်ယောက်ပါ မေမေရယ် ”

အမေ့ ရဲ့ မေတ္တာ ၊ ဦးလေးထွန်း နဲ့ ကြီးကြီး တို့ရဲ့ ဝိုင်းဝန်း ကူညီမှုတွေ နဲ့ ကျွန်တော် ဆေးကျောင်း တက်နိုင်ခဲ့ပြီ အမေ ။ တစ်ဖက်က လည်း ဆယ်တန်းကျောင်း သားတွေ ကို Guide လုပ်လို့ရတဲ့ ဝင်ငွေလေး နဲ့ ဆိုတော့ အခက်အခဲ သိပ် မရှိဘူးပေါ့ အမေ ။ ဒါပေမယ့် ကျွန်တော် အများကြီး ကြိုးစားရဦးမယ် ။ အခုလို အမေ အကြော် ကြော်နေစရာ မလိုတော့တဲ့ အထိလေ ။

ဦးလေးထွန်း ရဲ့ မြေတောင်မြှောက် ပြုစုပျိုးထောင် ပေးမှုတွေ ကြောင့် ကျွန်တော် စာရေးစာဖတ် ဝါသနာ ပါတာ အမေ လည်း သိသားပဲ ။ ကျွန်တော့် ရဲ့ စာမူလေးတွေ မဂ္ဂဇင်း မှာ သုံးလ တစ်ခါ ၊ လေးလ တစ်ခါ ဆိုသလို မကြာခဏ ပါလာတတ်တယ် အမေ ။ ကျွန်တော့် ရဲ့ ပထမဆုံး ဖော်ပြခံရတဲ့ ကဗျာ ကို ဖတ်ပြီးတော့ အမေ ငိုပါရောလား ။ ကျွန်တော့် ကို ခွင့်လွှတ်ပါ အမေ ။ အမေ ကြေကွဲ ဝမ်းနည်းအောင် ကျွန်တော် ရေးတာ မဟုတ်ပါဘူး ။ အနုပညာတရပ် က ခံစားချက် ပါမှ သာ အောင်မြင် နိုင်တယ် မဟုတ်လား အမေ ။ ကျွန်တော့် ရဲ့ ကဗျာ ကို အဆုံးထိ လည်း ဖတ် ပြီးရော အမေ လေ ကျွန်တော့် ကို မျက်ရည်စတွေ နဲ့ ခပ်ငေးငေး ကြည့်ရင်းက ကျွန်တော့် နဖူး ဆံစ ကို အသာအယာ နမ်း လိုက်ပါတယ် ။

ကျွန်တော့် ရဲ့ နှာဖူး ထက် က အမေ့ ရဲ့ အနမ်း ဟာ ကျွန်တော့် ရဲ့ နှလုံးသား ထဲ အထိ ကျွံကျ သွားခဲ့ပြီ အမေ ။ ကျွန်တော့် တစ်သက်လုံး နွေးထွေးစွာ လောင်ကျွမ်း တောက်ပ သွားတော့မယ် ဆိုတာ အမေ ယုံပါရဲ့လား ။

ဒီလိုနဲ့ နောင် တစ်နှစ် နှစ်နှစ် မှာ အမေ့သား က ဒေါက်တာ ဂြိုလ်ဆိုး ဆိုပြီး ဖြစ်လာဦးတော့မယ် ။ အဲဒီ အခါမှာ တစ်သက်လုံး ပင်ပမ်းဆင်းရဲခဲ့ရတဲ့ အမေ့ အပေါ် ဖိစီးနှိပ်စက်ကြမယ့် အနာရောဂါ ဂြိုလ်ဆိုးတွေ ကို ခုခံကာကွယ်ဖို့ အမေ့ သား ဒေါက်တာ ဂြိုလ်ဆိုး က တာဝန် ယူနိုင်ပြီ မဟုတ်လား အမေ ။

ဘာပဲဖြစ်ဖြစ် ကျွန်တော် ဟာ အမေ့ ရဲ့ သား ဂြိုလ်ဆိုးလေး ပဲ ပေါ့ အမေ ရယ် ။

▣ ညီမင်းညို

📖 တစ်ယောက်တစ်ဘဝ ( ၂ )

No comments:

Post a Comment