❝ မပျော်ပိုက်တော့ပြီ ဖြစ်၍ ❞
( ဇော်ဇော်အောင် )
သိပ်ဆူသည် ။ လောကမှာ မခံနိုင်ဆုံး အရာကား ၊ ဆူညံခြင်း အသံဗလံများ ပင် ဖြစ်တော့သည် ။ ဆူညံခြင်း ကို မည်သူ စတင် တီထွင်ခဲ့သနည်း ။
လောက၏ အကျိုးကို ဖြစ်ထွန်းစေသော တီထွင်မှု တစ်ခုခု စတင် ဆောင်ရွက်ခဲ့သူ ကို ဆုငွေ ပေးသည် ကြားဖူး၏ ။ ဒီ ဆူညံခြင်း ကို စတင် တွေ့ရှိသူ သို့မဟုတ် တီထွင်သူ ကို ဘယ်လို လုပ်ပစ်ရမည်လဲ ။ နားအေးပါးအေး နေချင်သူ ဖြစ်ခဲ့၏ ။ သို့သော် ဘဝ ထဲ ရောက်လာမှ တော့ မှတ်မိသလောက် သိတတ်သည့် အရွယ် က စ၍ နားအေးပါးအေး မနေခဲ့ရပါ ။ ဘယ်သူလဲ ဟု အသေအချာ မမှတ်မိ ။ ဘဝ ဆိုတာ လှုပ်ရှားရုန်းကန်ခြင်းပါပဲ ။ ဘဝ ဆိုတာ တိုက်ပွဲပါပဲ ဆိုပြီး သူ့ ကို ခပ်ငယ်ငယ် က လူတစ်ယောက် က မြှောက်ပေးခဲ့သည် ။ ဘဝ ထဲမှာ နေဖို့ ရုန်းကန်လိုက် ရတာ ဘဝ အမောတွေ ဆို့ပြီး မတ်တတ်က ဗုန်းဗုန်းပစ် လဲကျလု မတတ် လှုပ်ရှား ရုန်းကန် ခဲ့ရသည် ။ ဒီတုန်းက လည်း အသံတွေ ဆူညံလို့ ပါပဲ ။
လူတွေ ရဲ့ ခြေသံ ရယ်သံ ၊ ငိုသံ စိတ်ဆိုးသံ ၊ ဟန်ဆောင်သံ ၊ လိမ်ပြော သံ ၊ ထမင်းအိုးဖုံး ဖွင့်တဲ့ အသံ ၊ ပန်းကန်ဆေးတဲ့ အသံ ၊ ပြေးထွက်သွားတဲ့ အသံ ၊ ထမင်းလုံးတစေ့ ကြမ်းပြင်ပေါက် က အောက်ကျသွားတဲ့ အသံ ၊ စာအုပ် ထဲက စာလုံးတွေ ခိုတစ်အုပ် လန့်ပျံ သလို ဝုန်းခနဲ ပျံထွက်သွား တဲ့ အသံ ၊ ငေါက်လိုက်တဲ့ အသံ ၊ ခြေတစ်လှမ်း နောက်ဆုတ် သွားတဲ့ အသံ ၊ ကျောကုန်း ကို လက်ဖဝါးနဲ့ သပ် လိုက်တဲ့ အသံ ၊ ခေါင်းပေါ် တက်နင်းသွားတဲ့ အသံ ၊ အပေါ်ထပ် က ကြေးစည်သံ ၊ ဘောက် ( စ ) ပန်နာ နဲ့ တအား လှည့်ကျပ်လိုက်လို့ နပ်တိုင် ထောက်ခနဲ ကျိုးသွားတဲ့ အသံ ၊ ဆူညံ နေလိုက်တာ ။ အခုတော့ တော်လောက်ပါပြီ ၊ အလုပ် က နားယူပြီး ပင်စင်လစာလေး ဆုကြေးကလေး နှင့် နားအေးပါးအေး ၊ တစ်ကိုယ်ရေ တစ်ကာယ တော်လောက်ပါပြီလေ ။
••••• ••••• •••••
ဘယ်ဘက် အခန်းလူ သိပ် ဆူသည် ။ သတင်းစာ အကျယ်ကြီး အော်ဖတ်လေ့ ရှိ၏ ။ ပြည်တွင်း ပြည်ပ သတင်း အကုန် ။ ဆောင်းပါး ၊ နာရေးကြော်ငြာ ၊ စေ့စပ်ခြင်း ၊ လက်ထပ်ခြင်း ၊ နာမည်ပြောင်း ခြင်း ၊ စာအုပ်ကြော်ငြာ ။ တိပ်ခွေကြော်ငြာ ၊ ရုပ်ပြကြော်ငြာ ၊ ရုပ်ရှင်ဇာတ်ပွဲ တီးဝိုင်း ကြော်ငြာ အကုန် အကုန် ။ ဘာတစ်ခုမှ မကျန် ။ အကုန် ဖတ်သည် ။ အကျယ်ကြီး အော်ဖတ်သည် ။ သတင်းစာဖတ်သံ ၊ တစ်ချိန်လုံး ကြားနေရ၏ ။ တစ်စောင်လုံး ကုန် သွားလည်း ပြန်ဖတ်၏ ။ ထပ်ကာ ထပ်ကာ ဖတ်၏ ။ အကြိမ်ပေါင်းများ စွာ ဖတ်၏ ။ တစ်ချိန်လုံး ကြား နေရသည် ။ သိနေရသည် ။ သိပ်ဆူသည် ။
••••• ••••• •••••
ညာဘက် အခန်းက လူသည် စကား နည်း၍ အလွန် အေးသည် ။ သတင်းစာ အော် မဖတ်တတ် ၊ သို့သော် ခက်နေသည် က ထို လူသည် တစ်နေ့လုံး ပစ္စည်းတွေ ကို ဟိုရွှေ့ ဒီရွေ့ လုပ်တတ်၏ ။ မ၍ ရွှေ့၏ ။ တွန်း၍ ရွေ့၏ ။ ဆွဲ၍ ရွှေ့၏ ။ ခုတင် ၊ စားပွဲ ၊ ကုလားထိုင် ၊ သေတ္တာ ၊ ကြောင်အိမ် ၊ ရေအိုးစင် ၊ ဖျာလိပ် ၊ ပစ္စည်းတွေ ကို တစ်နေရာ က တစ်နေရာ သို့ အမြဲ ရွှေ့ နေ၏ ။ တစ်နေလုံး ရွှေ့သည် ။ နေ့တိုင်း ရွှေ့၏ ။ ထိုမျှ မကသေး ။ တူ တစ် လက် နှင့် နံရံ ပေါ်မှာ ၊ တိုင်တွေ ပေါ်မှာ တဒုံးဒုံး နှင့် သံချောင်းတွေ ရိုက် နေ၏ ။ အိမ် ဆိုသည်မှာ ပစ္စည်းချိတ်စရာ သံချောင်း ရိုက်ရစမြဲပါပဲ ။ သို့သော် နေ့တိုင်း ရိုက်၏ ။ တဒုံး ဒုံး ရိုက်၏ ။ တစ်ချိန်လုံး ရိုက်၏ ။ ပစ္စည်းရွှေ့သံနှင့် သံရိုက်သံတွေ သိပ် ဆူသည် ။
••••• ••••• •••••
သုံးခန်းတွဲ အိမ်ကလေး မှာ အလယ်ခန်း ကိုမှ ရွေး၍ ငှားမိပေသကိုး ။ စတုန်းကတော့ သူ့ လိုပဲ ။ တစ်ကိုယ်ရေ တစ်ကာယသမားတွေ ။ သူ့ လိုပဲ အသက်ကြီးကြီး ပင်စင်စား အဘိုးကြီးတွေ ဟု သိရ၍ အဆင်ပြေလိမ့်မည် ထင်ခဲ့သည် ။ အခုတော့
••••• ••••• •••••
သူ့ အခန်းနှင့် မျက်နှာချင်းဆိုင် လမ်း ဟိုဘက်က အိမ် မှာ လည်း မြင် နေရ၏ ။ ကြားနေရ၏ ။ မျက်နှာချင်းဆိုင် အိမ် က လူသည် သူ့ အကြောင်း ကို သူ သိပ်ပြော၏ ။ ဘယ်တုန်းက ဘာလုပ်ခဲ့တာ ၊ အဲဒီတုန်းက ဘယ်လို အခု ဘာတွေ လုပ်နေတာ ဘယ်လို လုပ်နေတာ လုပ်သမျှ လည်း အကောင်းတွေ ချည်းပဲ ။ အမှန်တော့ သူ့ ကို လာ ပြောနေခြင်းတော့ မဟုတ် ။ သူ့ အိမ် မှာ သူ သာ နေပြီး လမ်းသွား လမ်း လာတွေ ကို ဆီးနှုတ်ဆက် ၊ ဘယ်သွားမလို့ လဲ ။ ဘယ်က ပြန်လာသလဲ ၊ လာထိုင်ပါဦး ။ ရေနွေးသောက် ပါဦး ၊ ခေါ်ပြီး သူ့ အကြောင်းတွေ သူ ပြောခြင်းသာ ဖြစ်၏ ။ ဘာပဲဖြစ်ဖြစ် ကြားနေရ၏ ။ ကြာတော့ နားထဲ မှာ ဆူလာသည် ။
••••• ••••• •••••
သူ့ အိမ်နောက်ဖေး ရေကပြင် ထွက် လိုက်သော အခါ နောက်ဖေးလမ်းကြား နှင့် ကပ်လျက် တစ်ဖက်လမ်း က အိမ်၏ ရေကပြင် မှာ လူတစ်ယောက် ။ ထို လူက သူ့ ကို တွေ့တိုင်း ပြုံး၍ ပြုံး၍ ပြ၏ ။ စကားတော့ တစ်ခွန်း မှ မပြော ။ ပြုံး၍ ပြုံး၍ သာပြ၏ ။ ထို့ပြင် ထိုလူ သည် အဝတ်အသစ် အစားသစ် တစ်နေ့ အကြိမ် များစွာ လဲ၍ ဝတ်တတ်၏ ။ အင်္ကျီလုံချည် အလွန် ပေါသူ ဖြစ်သည် ။ နောက်ဖေး ကပြင် သို့ ထွက်လိုက် တိုင်း ထိုလူ ကို တွေ့ရ၏ ။ တစ်ခါ တွေ့လျှင် အင်္ကျီလုံချည် တစ်မျိုး တွေ့ တိုင်း သူ့ ကို ပြုံးပြုံးပြ၏ ။ ကြာတော့ အဝတ်အစား ခဏခဏ လဲ ဝတ်တတ်သော ထိုလူ ၏ အပြုံး သည် ဆူညံလာ တော့၏ ။ နားမခံသာတော့ ။
••••• ••••• •••••
သူ အိမ် ပြောင်းတော့မည် ။ ပြောင်းဆို အခု ပြောင်း တော့မည် ။ အိမ်ရှင် တွေက တခြား မှာ နေ၏ ။ နောက်မှ ပဲ စပေါ်ငွေ တောင်းယူတော့မည် ။ အခု ပြောင်းသွားကြောင်း သိရုံ စာရေးခဲ့မည် ။ စာရေးဖို့ သူ စဉ်းစား၏ ။ ဆူလို့ ပြောင်းသည် ဟု ပြောလျှင် တစ်ဖက် လူတွေ ထိခိုက်လိမ့်မည် ။ ဘယ်သူ့ ကို မှ အပြစ် မပြောလို ။ သူ မပျော်လို့ ပြောင်းသွားသည် ပဲ ထားတော့ ။ ဘယ်က စ ရေးရမည်လဲ ။ ဤ အိမ်တွင် မပျော်ပိုက်တော့ပြီ ဖြစ်ပါ၍ ။ သိပ်မကောင်း ။ စာရွက် ကို လုံးချေ ပစ်လိုက်၏ ။ နောက်မှ ပဲ ကြည့်ပြော တော့မည် ။ သိပ်များများ စားစား မရှိသော သူ့ ပစ္စည်း ပစ္စယတွေ ကို စုထုပ်၏ ။ မကြာခင် ပြီးသွားသည် ။ အထုပ် ငါးထုပ် ၊ သံသေတ္တာ တစ်လုံး မဟာမြတ်မုနိပုံတော် ကားချပ် တစ်ချပ် ။ ဒီလောက်ပါပဲ ။ ဘယ် သွားရပါ့ ။ အထုပ်တွေ ကြည့် စဉ်းစားသည် ။ ငါ ဘယ်သွားမလဲ ။ သူ စဉ်းစားသည် ။ အတော်ကလေး ကြာသောအခါ သူ့ ဘာသာ တစ်ယောက်တည်း ပြုံးမိသည် ။ ငါ ဘယ် သွားမလဲ ။ အထုပ်တွေ ကြည့်၍ အသံထွက် ရယ်မိသည် အတော်ကြာကြာ ဟက်ဟက်ပက်ပက် ရယ်မိ၏ ။ အရယ် ရပ်လိုက် သည် နှင့် တစ်လောကလုံး အသံဗလံတွေ တိတ် သွားသည် ။ တစ်ခါ ထပ်၍ ရယ်ပြန်၏ ။ ရယ်ရင်း သူ့ အထုပ်တွေ သူ ပြန်ဖြေ၏ ။
••••• ••••• •••••
ဒီလိုနှင့် သုံးခန်းတွဲ အလယ်ခန်းတွင် နေသော အသက် ခြောက်ဆယ် အရွယ် မော်တော်ကား စက်ပြင်ဆရာဟောင်း အငြိမ်းစား မက္ကင်းနစ် ဦးဇော်မြင့် အိမ် မပြောင်းဖြစ် ။ အသံဗလံတွေ ကြားမှာ ဆက် နေ၏ ။
⎕ ဇော်ဇော်အောင်
📖ဝတ္ထုတိုပေါင်းချုပ် ( ၁ )
No comments:
Post a Comment