အခန်း ( ၃ )
၁၉၅၀ ခုနှစ် ပတ်ဝန်းကျင် ၊ ရန်ကုန်တက္ကသိုလ် သည် သူ့ခေတ် သူ့အခါ အလိုက် တစ်မျိုးတစ်ဖုံ ပျော်စရာ ကောင်းလှပါသည် ။
ထိုစဉ်က တက္ကသိုလ်သည် ဒိုးပတ်သံများဖြင့် ညံစီလှ၏ ။ အဆောင် လိုက် စကားရည်လု ပြိုင်ပွဲများ ၊ မောင်နှစ်မဆောင် မိတ်ဆက်ပွဲများ ၊ ခရိုင် အသင်း ပျော်ပွဲစား လေ့လာရေးခရီးများ ၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲများ ၊ နှစ်ပတ်လည် အဆောင် ထမင်းစားပွဲများ ၊ တန်ဆောင်တိုင် အဆောင်လိုက် ဧည့်ခံ ကျွေးမွေးပွဲများ ၊ အဆောင် ရွေးကောက်ပွဲများ ၊ အငြိမ့်များဖြင့် ရန်ကုန် တက္ကသိုလ်ကြီး သည် စည်ကားလှပသည် ။
နယ်ခြားမြို့ဝေးကျောင်းသားကျောင်းသူတို့သည် ဤသို့သော ပွဲတစ်ခုခုတွင် ဆုံဆည်းမိရာမှ မေတ္တာသက်ဝင် ချစ်လွန်းကြင် သွားလေ့ရှိကြ သည်မှာ ရန်ကုန်တက္ကသိုလ် ၏ ဖြစ်ရိုးဖြစ်စဉ်ပင် ။
••••• ••••• •••••
ဂျပ်ဆင်ခန်းမ တစ်ခုလုံး နားထောင်သူ ပရိသတ် တို့ဖြင့် ပြည့်ကျပ်နေ၏ ။ တီတီစီ အဆောင်သူများ နှင့် ရွှေဘိုဆောင်သားတို့၏ မိတ်ဆက်စကားရည်လု ပွဲကျင်းပသောည ဖြစ်သည် ။
သင်္ချာပါမောက္ခ ဆရာကြီးဦးအောင်လှ က သဘာပတိ လုပ်သည် ။ ဆရာကြီးဦးအောင်လှ သည် ကျောင်းသားများ ကို ထိန်းသိမ်းနိုင်သည် ။ ကျောင်းသားများက ဆရာကြီး ကို ရိုသေခန့်ညားကြ၏ ။
ထို့ကြောင့် ဆရာကြီး သည် စကားရည်လုပွဲတိုင်း သဘာပတိ လုပ်ပေးရ၏ ။ ပြောဆိုကြရမည့် ခေါင်းစဉ်မှာ “ မိန်းမများသည် ယောက်ျားများထက် ပို၍ စိတ်ခိုင်ကြသည် ” ဟူသော အကြောင်းအရာ ဖြစ်သည် ။ တီတီစီဆောင် မှ အဆို တင်ရမည် ဖြစ်ပြီး ရွှေဘိုဆောင် ဘက်မှ ချေပရမည် ဖြစ်သည် ။
တီတီစီဘက်မှ မခင်ဖြူ ၊ မစမ်းစမ်း ၊ မတင်တင်ဝေ တို့က နေရာယူ ကြပြီး အချေဘက်မှ မောင်သန်းလွင် ၊ မောင်အောင်နိုင် ၊ မောင်ဖုန်းဝေ တို့က နေရာယူကြ၏ ။
“ ဝေ နှစ်ဝေ တိုက်ပြီကွ ” ဟု ကျောင်းသား တစ်ယောက် က အသံပြဲဖြင့် အော်လိုက်ရာ တစ်ခန်းမလုံး ပတ်တုတ်၍ မရအောင် ပွဲကျသွားသည် ။ ဆရာကြီးဦးအောင်လှ က စကားပြောခွက် ကနေပြီး လှမ်းငေါက်လိုက်မှ ငြိမ်သွားကြသည် ။
စကားရည်လုပွဲတွင် နှစ်ဖက်လုံး ကောင်းကြပါသည် ။ အပြန်အလှန် နှိပ်ကွက်များမှာ အသားပါလှသဖြင့် တဝါးဝါးနှင့် ပွဲကျလှ၏ ။
တစ်ဖက်က ပဒုမပေါင်တို ဇာတ်လမ်းကို ကိုးကားပြီး မိန်းမများ စိတ်မခိုင်မာ မတည်ငြိမ်ပုံ ကို ညွှန်ပြ၏ ။ တစ်ဖက်ကလည်း အဲသည်ပဒုမဇာတ်က မင်းသား က ညီနောင်တွေကို သစ္စာဖောက်ပြီး ကိုယ့်မိန်းမ အလှည့် ကျမှ ထွက်ပြေးခြင်းသည် စိတ်မတည်ငြိမ်မှု ၊ စိတ်မခိုင်မှုကို ပြကြောင်းဖြင့် ပြန်ပက်သည် ။
မိန်းမများ အတွေ့နှင့် ကျလျှင် ယိမ်းယိုင်တတ်ပုံကို ဟန်တွေပန်တွေ နှင့် ရွှေဘိုဆောင် ဘက်မှ နှိမ်ကွက်ထွင်လိုက်ရာ အမျိုးသားများ တဖုန်းဖုန်း ဖြင့် အားပေးကြ၏ ။
တီတီစီ ဘက်မှလည်း အတွေ့ပင် မရှိသေးဘဲ အမြင်စက္ခု နှင့်ပင် ဈာန်လျှော ခဲ့ရသော မုဒုလက္ခဏပျို့ ကို ညွှန်ပြ၍ ပြန်ချေလိုက်ရာ အမျိုးသား ပရိသတ်များ ငြိမ်ကျသွားသည်
ယောက်ျားများ ၏ စိတ်ခိုင်တည်ငြိမ်မှု ၊ မယိမ်းမယိုင်မှုကို ဆိုကရေးတီးနှင့် ကမ္ဘာကြီးလုံးကြောင်းကို အသက်အသေခံ မီးရှို့ခံ မပြောင်းမလဲ တင်ပြ သွားသော သိပ္ပံဆရာဘရူနို တို့ကို မောင်ဖုန်းဝေ က သက်သေတင်ပြသွားရာ တီတီစီ ဘက်မှ မတင်တင်ဝေ က ပြန်ချေပရာ၌ ဂျုံးအော့(ဖ်) အတ်(ခ်) ဆိုသည့် ပြင်သစ်သူရဲကောင်းမလေးကို မေ့သွားပြီထင်တယ်ဟု ပြန်ခနဲ့လိုက်သည် ။
နောက်ဆုံး နိဂုံးချုပ် သောအခါ သဘာပတိ က နှစ်ဖက် အနိုင်အရှုံး မရှိ သရေပွဲဖြင့် အဆုံးသတ် ပေးလိုက်လေသည် ။
မိတ်ဆက်စကားရည်လုပွဲများ၏ ထုံးစံအတိုင်းပင် ပွဲပြီးသွား၍ ပရိသတ်များ ပြန်ကုန်သောအခါ နှစ်ဖက်အဆောင် သဟာယ နှင့် စာဖတ် အသင်းအမှုဆောင်များ ၊ စကားရည်လုပွဲတွင် ပါဝင်ပြောဆိုသူများ မျက်နှာ စုံညီ လက်ဖက်ရည်သောက်ပွဲကလေး ကျင်းပမြဲဖြစ်သည် ။
ရွှေဘိုဆောင်သဟာယ နှင့် စာဖတ်အသင်းမှ ဧည့်ခံကျွေးမွေးသည် ။ နှစ်ဖက်အချေအတင် ပြောသူများလည်း မျက်နှာချင်း ဆိုင်၍ ပြုံးပြုံးရွှင်ရွှင် အပြန်အလှန် ချီးကျူးကြရင်း မိတ်ဆက်ကြ၏ ။ ရင်းရင်းနှီးနှီး ပြောဆိုခွင့်ရ ကြ၏ ။ တင်တင်ဝေ နှင့် ကိုဖုန်းဝေ တို့က မျက်နှာချင်းဆိုင် နေရာတွင် ထိုင် ကြရပေရာ တစ်ဦး နှင့် တစ်ဦး မိတ်ဆက်စကားပြောဆိုရင်း ပိုမိုရင်းနှီးမှုရ ခဲ့သည် ။ တင်တင်ဝေ က အသားဖြူဖြူ ပြည့်ပြည့်ဖြိုးဖြိုးဖြင့် ရယ်လိုက်လျှင် ပါးချိုင့်ကလေးနှင့် သွားတက်ကလေး ပေါ်လာသည်ကို ကိုဖုန်းဝေ က အမှတ်တရ စွဲမက်မိ၏ ။ အသားညိုသော်လည်း မေးရိုးကား၍ ယောက်ျား ပီသသော အင်္ဂါရုပ်ဖြင့် တည်တည်ငြိမ်ငြိမ် စကားပြောတတ်သော ကိုဖုန်းဝေ ကို လည်း တင်တင်ဝေ က မြင်မြင်ချင်း ခင်တွယ်မိသည် ။
“ ကျွန်တော် က တော့ မော်လမြိုင် တောဘက် ကပါဗျာ ၊ မွန်မြန်မာ ကြားပါ ”
“ ကျွန်မ ကတော့ အဖေ ပြောင်းရွှေ့ရာ လိုက်ပြီး နေရာအနှံ့ ကြီးပြင်း လာရလို့ ဘယ် ဇာတိ လို့တောင် မပြောနိုင်တဲ့ ပျံကျပါ ။ အခု နောက်ဆုံး နေရပ် ပြောရရင်တော့ မြို့မကျ တောမကျတဲ့ စမ်းဝတီမြို့ကလေး ကပါ ၊ ပဲခူးခရိုင်အတွင်းမှာပေါ့ ” ဟု တင်တင်ဝေ က ပြန် မိတ်ဆက်သည် ။
“ စမ်းဝတီ ဆိုတဲ့ မြို့နံမယ်လေး က လှတယ် စွဲမက်စရာပဲ ”
“ စမ်းဝတီသူ ကတော့ မလှဘူးလို့ ပြောချင်လို့လား … ”
“ တော်တော် အပြောရဲတဲ့ အမျိုးသမီးပဲ ၊ သဘောကျပြီ ” ဟု ကိုဖုန်းဝေ က စိတ်တွင်းမှ မှတ်ချက်ချလိုက်၏ ။
“ ကြိုက်မယ် မကြိုက်ဘူး မသိလို့ မပြောရဲတာပါ ။ တကယ်လို့ တရားမစွဲဘူး ၊ ပါမောက္ခချုပ် ကို စာရေး မတိုင်ဘူး ဆိုရင် ပြောချင်တယ် ”
“ ပြောပါ ... ကတိပေးပါတယ် ”
“ ကျွန်တော့် ရှေ့က စမ်းဝတီသူ ဟာ သိပ်လှတယ် ။ တစ်နေ့ကျလို့ အခွင့်အရေး ရရင် ဘယ်လို လှသလဲ ဆိုတာ ပြောပြနိုင်လိမ့်မယ် ထင်တယ် ”
“ ဟင်း … ဟင်း … အခုလဲ ပြောလို့ရပါတယ် “
“ အချိန်တိုတယ် … မလုံလောက်ဘူး ”
ဤသို့ဖြင့် ပြောကြဆိုကြရင်း နှုတ်ဆက်ကြကာ ကိုဖုန်းဝေ တို့ က တီတီစီအမျိုးသမီးများ ကို ဂျစ်ကားနှစ်စီးဖြင့် အဆောင် အထိ လိုက်ပို့ကြ၏ ။ နောက်တစ်ပတ် ကြာသောအခါ စကားရည်လုပွဲတွင် စုပေါင်းရိုက် ခဲ့ကြသော ဓာတ်ပုံများကို လာပြရင်း ကိုဖုန်းဝေက တီတီစီသို့ ရောက်ခဲ့ ပြန်သည် ။ တင်တင်ဝေ က ဆင်း၍ တွေ့ဆုံ၏ ။ ဓာတ်ပုံများ ကို လက်ခံသည် ။ နောက် ဓာတ်ပုံကူးရန် အရေအတွက်လိုက် မှာဖို့ နောက်တစ်နေ့သို့ ချိန်းဆို ရပြန်၏ ။
နောက်တစ်နေ့ ကိုဖုန်းဝေ ရောက်လာပြန်တော့ ဓာတ်ပုံများကို ဘယ်ဓာတ်ပုံ က ဘယ်လောက် ကူးရန် တင်တင်ဝေ က စာရင်းနှင့်တကွ ဆင်း၍ မှာကြားရ၏ ။ ဤသို့ဖြင့် မှာယူသောဓာတ်ပုံများ ကို ပြန်ပို့ခြင်း ၊ ထပ် ကူးခြင်းများဖြင့် အကြိမ်ကြိမ် ချိန်းဆို၍ တွေ့နေရပေရာလာရင်း ကိစ္စ ပြီးပြန် တော့ အခြားထွေရာလေးပါးပြောဆိုကြရင်း ညနေ ဧည့်လာချိန် ကုန်သည် အထိ ကိုဖုန်းဝေ နှင့် မတင်တင်ဝေ စကားလက်ဆုံ ကျသွား ကြပြန်သည် ။
နောက်ကျတော့ ကိစ္စ အထူး ပြောစရာ မရှိသော်လည်း အားလပ်၍ လမ်းကြုံ၍ ဟူသော အကြောင်းပြချက်တို့ဖြင့် ကိုဖုန်းဝေ သည် မတင်တင်ဝေ ထံ ညနေချိန်တွင် လာ လည်တတ်နေပြီ ဖြစ်လေသည် ။
ဤသို့ပင် မော်လမြိုင်မြို့ မှ ရွှေဘိုဆောင်သားကလေး ကိုဖုန်းဝေ နှင့် စမ်းဝတီမြို့ကလေး မှ တီတီစီကျောင်းသူကလေး မတင်တင်ဝေ တို့သည် အဆောင်လိုက် မိတ်ဆက် စကားရည်လုပွဲ ကို အကြောင်းပြု၍ ရင်းနှီးခင်မင် ခဲ့ရပါသည် ။ ထိုစဉ်က ကိုဖုန်းဝေ သည် ဘီအက်စီ ( က ) တန်း သို့ တက်ရောက် သင်ကြားနေသူ ဖြစ်ပြီး ၊ မတင်တင်ဝေ ကတော့ စနစ်သစ်အဖြစ် ဖွင့်လှစ် သင်ကြားသော ဘီအေအီးဒီ ပထမနှစ် ကျောင်းသူ ဖြစ်လေသည် ။
နောင်တော့ မော်လမြိုင်ခရိုင်အသင်း က ချိုးဖြူကန်လေ့လာရေး ပျော်ပွဲစားထွက်ရာ ကိုဖုန်းဝေ ၏ ဖိတ်ကြားချက် ကို မတင်တင်ဝေ က လက်ခံ လိုက်ပါခဲ့ရင်း အကြောင်းအမျိုးမျိုး ရှာ၍ ညနေ ဧည့်ချိန်၌ ကိုဖုန်းဝေ က မတင်တင်ဝေ ၏ အဆောင် ကို အလည် ရောက်ရှိရင်း နီးစပ်ခင်တွယ်မှု က ပို၍ ရင့်ကျက်ခဲ့ကြလေသည် ။
••••• ••••• •••••
တန်ဆောင်တိုင်မီးထွန်းပွဲတော်ရက်များတွင် တက္ကသိုလ်အဆောင် အချို့က ဧည့်ခံပွဲ ကျွေးမွေးပွဲများ ပြုလုပ်တတ်ကြ၏ ။ ကျောင်းသားများ က ကျောင်းသူ အဆောင်များသို့ သွားရောက် လည်ပတ်စားသောက်ကြ သကဲ့သို့ ကျောင်းသူ များ ကိုလည်း အမျိုးသားဆောင် အချို့က ဖိတ်ကြားကာ ဧည့်ခံကျွေးမွေး တတ်ကြမြဲဖြစ်သည် ။
တစ်ခါတစ်ရံ ညအချိန် ဝါးပိုးအမြောက်များကို အသုံးပြု၍ မိန်းကလေးဆောင်များ ရှေ့တွင် ပစ်ဖောက်ခြင်းဖြင့် ကျီစားတတ်ကြသည် ။ သီရိဆောင် သည် တန်ဆောင်တိုင် ဧည့်ခံပွဲကို တခမ်းတနား ပြုလုပ် တတ်သော အဆောင် အဖြစ် ကျော်ကြားသည် ။
ထိုခေတ် ထိုအခါ က ခေတ်မီ တူရိယာဝိုင်း ဖြစ်သည့် အကော်ဒီယံ များဖြင့် ခေတ်ပေါ် တေးဂီတများ သီဆိုဖျော်ဖြေရင်း အဖျော်ယမကာများ တိုက်ကျွေးတတ်သည် ။ သီရိဆောင်သို့ ကျောင်းသားများ အလုအယက် တိုးဝှေ့ ရောက်ရှိလာတတ်သည် ။
ယခုနှစ်တွင် ရွှေဘိုဆောင် က သီရိဆောင် ကို အပြိုင်ကြဲရန် အစီအစဉ်များ ပြုလုပ်ကြ၏ ခေါင်းဆောင်သူများမှာ သဟာယနှင့် စာဖတ် အသင်းဥက္ကဋ္ဌ ကိုအောင်သန်း နှင့် အတွင်းရေးမှူး ကိုသန်းလွင် တို့ ဖြစ်သည် ။ “ ရွှေဘိုဆောင်မှ ဂြိုဟ်တုလွှတ်မည် ” ဟု ပိုစတာများ အနှံ့ကပ် လိုက်သောအခါ ကျောင်းသားများ စိတ်ဝင်စားလာကြသည် ။
ညနေလာလည်နေကျ ကိုဖုန်းဝေ အား ဤအကြောင်း ကို တင်တင်ဝေ က မေးကြည့်မိသည် ။
“ ဒါက လျှို့ဝှက်ချက်ပဲ … သိချင်ရင် အဲဒီနေ့ ကျွန်တော် လာ ခေါ်မယ် ။ လိုက်ကြည့်ပေါ့ ”
“ ဟင့်အင်း - ဝေ တစ်ယောက်တည်းတော့ မလိုက်ချင်ဘူး ။ သူငယ်ချင်းတွေပါ ဖိတ်ရင်တော့ လိုက်မယ်လေ ”
“ ခေါ်ခဲ့ပါ ။ အကျွေးအမွေး နဲ့ ဧည့်ခံပါမယ် ။ ပြီးတော့ လမ်းမတော် မီးထွန်းပွဲ လည်း လိုက်ပြမယ် ”
“ ဟာ … ဟန်ကျတာပဲ ၊ လမ်းမတော် မီးထွန်းပွဲကို ရောက်ဖူးချင်နေတာနဲ့ … ကျေးဇူးပဲ … ”
တန်ဆောင်တိုင်အဖိတ်နေ့ညနေတွင် ကိုဖုန်းဝေ ကိုယ်တိုင် လာခေါ် သဖြင့် တင်တင်ဝေ နှင့် အမျိုးသမီး အဖော်တစ်သိုက် ၊ ရွှေဘိုဆောင် ဧည့်ခံပွဲသို့ ရောက်ရှိသွားကြသည် ။
ရွှေဘိုဆောင်ရှေ့ မြက်ခင်းပြင် တွင် ဖျာကြမ်းများ ခင်း၍ ထိုဖျာ ကြမ်းများ ပေါ်တွင် ထမင်းစားပွဲဝိုင်းများ ချထားသည် ။ မြက်ခင်းဘေး ပတ်ပတ်လည်တွင် ငှက်ပျောပင်များ အကြားတွင်တော့ ဝါးလုံးတိုင်များ စိုက်၍ ၎င်းဝါးလုံးတိုင်ထိပ်တွင် အစိတ်စိတ် ခွဲကာ မြေစလောင်းဖုံး ကို ပက်လက် စွပ်ထားသည် ။ စလောင်းဖုံးထဲတွင်တော့ ထမင်းခြောက် ကို ရေနံချေးစိမ်၍ မီးစာအဖြစ် အသုံးပြုပြီးလျှင် မီးထွန်းထားသည် ။ မည်သည့်ဘုန်းကြီးကျောင်း မှ ငှားရမ်းလာသည် မသိနိုင်သော ဝါး ရာဇမတ်များ ကို လည်း လှပအောင် ကာရံ ထားလိုက်သေး၏ ။
အဆောင် ၏ ဆင်ဝင် တွင် မြန်မာဆိုင်းဝိုင်းကြီး တစ်ဝိုင်း က ဟည်းထအောင် ဧည့်ခံဆိုင်း တီးနေသည် ။
စံရိပ်ငြိမ် က ကိုကြီးမောင်တို့ လင်မယား နှစ်ယောက်သည် အဆောင် ထောင့်တွင် ဘူးသီးကြော် ဒယ်အိုးကြီးနှစ်လုံးဖြင့် အလုပ်များ လျက်ရှိကြသည် ။
ကျောင်းသားကျောင်းသူများ မှာ ဗူးသီးကြော် စားသူက စား၍ တချို့က သီရိဆောင်ရှေ့ မြက်ခင်းဘက် သို့ အာရုံစိုက် နေကြသည် ။
မြက်ခင်းပေါ်တွင် ကျောင်းသားများ ဝိုင်းအုံ၍ ညာသံပေးနေကြ၏ ။ အလယ်ဗဟို၌ မီးပုံးပျံကြီး မှာ မှိုင်းတိုက်ထားသဖြင့် ယိမ်းထိုးနေ၏ ။ ဆိုင်းဝိုင်းကြီး က ဒိန်းဗောင်းတီး ပေးနေသည် ။ ကျောင်းသားကျောင်းသူများ အားလုံး မြူးကြွ နေကြ၏ ။ တင်တင်ဝေ တို့ အမျိုးသမီးတစ်စု အား ကိုဖုန်းဝေ က မီးပုံးပျံကို လှမ်းမြင်နေရသော စားပွဲဝိုင်း၌ နေရာချပေး ထားသဖြင့် ဗူးသီးကြော် စားရင်း ၊ လက်ဖက်ရည်ကြမ်း သောက်ရင်း လှမ်း ကြည့် နိုင်ကြသည် ။
တင်တင်ဝေ သည် အတော်ပင် ပျော်ရွှင် နေသည် ။ မီးပုံးပျံကြီး တက်သွားသောအခါ အားလုံးက လက်ခုပ်လက်ဝါး တီး၍ အားပေးကြရာ တင်တင်ဝေ ကလည်း အားရပါးရ လက်ခုပ်တီး၍ ပါးစပ် ကလည်း “ တက် သွားပြီ … တက်သွားပြီ ” ဟု အော်ပြောလိုက်သေး၏ ။
ကိုဖုန်းဝေ သည် တင်တင်ဝေ ပြုံးရွှင်ကြည်နူးနေပုံကို ကြည့်၍ စိတ်ထဲမှာ ကျေနပ်နေသည် ။
သီရိဆောင် မှ အကော်ဒီယံတီးဝိုင်းမှာ ရွှေဘိုဆောင် မြန်မာ့ဆိုင်းဝိုင်းကြီး ၏ ဗေထိသံ အောက်တွင် မြုပ်ကွယ်သွားတော့သည် ။ သီရိဆောင် မှ ရောင်စုံ လျှပ်စစ်မီးရောင်တို့မှာ ရွှေဘိုဆောင် ပတ်လည်ရှိ မီးတုတ်များ လောက် ရေပန်း မစားတော့ချေ ။
စားသောက် ပြီးကြသောအခါ ကိုဖုန်းဝေ ၏ စောင့်ရှောက်မှုဖြင့် လမ်းမတော်မီးထွန်းပွဲ သို့ သွားကြသည် ။ အပြန်တွင် အင်းလျားကန်ဘောင်၌ လမ်းလျှောက်ရင်း လရောင်ဟပ်သော ကန်ရေပြင် ကို ကြည့်ကာ အမော ဖြေကြသေး၏ ။
တီတီစီ အဆောင်ရှေ့သို့ ရောက်ကြသောအခါ ကျောင်းသူများက ကျေးဇူးတင်စကား ဆိုကြ၏ ။
“ ကိုဖုန်းဝေ ကို ကျေးဇူး တင်ရမလား တင်တင်ဝေ ကို ကျေးဇူးတင်ရ မလား မသိဘူး ၊ ကျွန်မတို့ တော့ ဒီည တဝကြီးလဲ စားရတယ် ။ တဝကြီးလဲ သွားရတယ် … ”
အနှောင့်အသွား မလွတ်သော စကား ဖြစ်သော်လည်း တင်တင်ဝေ ရော ကိုဖုန်းဝေ ပါ ပြုံး နေကြသည် ။
“ တန်ဆောင်တိုင် ကို ကျေးဇူးတင်ပါ ” ဟု ကိုဖုန်းဝေ က ပြောရင်း ပြန်ထွက်လာခဲ့သည် ။
အပြန်လမ်းတစ်လျှောက်လုံး ပြန်လည် စားမြုံ့ပြန်မိ၏ ။ လမ်းမတော် မှာတုန်းက လူတွေ လာ တိုးတော့ တင်တင်ဝေ က သူ့ လက်မောင်း ကို တွယ်၍ တိုးကပ်ပြီး လျှောက်ခဲ့ရပုံကို ကြည်နူးတသစွာ တွေးမိသည် ။ အင်းလျား ကန်ဘောင် တွင် အခြား အမျိုးသမီးတစ်စုက စကား တပြောပြောဖြင့် ရှေ့မှ လျှောက်သွားရာ တင်တင်ဝေ က တမင် မိမိ နှင့် အဖော် ပြု၍ အတူ လျှောက် လာကြပုံ စကားတွေ ပြောခဲ့ကြပုံကို မျက်စိ ထဲ မြင်ယောင် မိ လာသည် ။ တကယ်တော့ ကိုဖုန်းဝေ သည် တင်တင်ဝေ ကို ချစ်မိနေပါပြီ ။
••••• ••••• •••••
ရန်ကုန်တက္ကသိုလ်ပရဝုဏ် အတွင်းရှိ ညအခါများ သည် တစ်မျိုးနည်းဖြင့် စည်ကားတတ်၏ ။
သီရိဆောင် ၊ အင်းလျားဆောင် ၊ ရတနာဆောင်များရှေ့တွင် တူရိ ယာဝိုင်းများ အပြိုင်အဆိုင် ဖြေဖျော် တတ်ကြသော အစဉ်အလာသည် လှပကြည်နူးစရာ ကောင်းပါသည် ။ တချို့က တီးဝိုင်းအပြည့်အစုံနှင့် ဖြစ်၍ တချို့က တစ်ကိုယ်တော် အလွမ်းသမားများလည်း ရှိတတ်၏ ။
တစ်ခါတစ်ရံ သီရိဆောင် နောက်ဘက် စင်္ကြံအောက် မှောင်ရိပ်ခို ၍ သံသေးသံကြောင် အော်သူများလည်း ရှိတတ်ပါသည် ။ တချို့ကလည်း ဒေါ့ဂျစ်ကား ပေါ်တွင် စန္ဒရားတင်ကာ အခန့်အညား လာရောက် တီးမှုတ် ဖျော်ဖြေသူများလည်း ရှိတတ်ပါ၏ ။
စံနစ်တကျ ကောင်းကောင်းမွန်မွန် တီးမှုတ်သီဆိုသူများ ဖြစ်လျှင် အဆောင်တွင်းရှိ အမျိုးသမီးများ က အားပေးကြပါသည် ။ အစားအသောက် များကိုပင် အစောင့်ဂိုရမ်း မှ တစ်ဆင့် ပေးပို့ တတ်ကြ၏ ။ မည်သည့် သီချင်း ကို သီဆိုပေးပါ ဟုလည်း တောင်းဆို တတ်ကြလေသည် ။
အဘွားကြီးဆောင် ဟု အမည်ရသော တီတီစီဆောင် မှာမူ ညအခါ အလွန် ခြောက်ကပ်လှ၏ ။ ချောင်ကျသော ထိုနေရာသို့ မည်သည့် တက္ကသိုလ် ကာလသားမျှ တကူးတက မလာရောက်တတ်ကြချေ ။
အင်းလျားဆောင် ၊ ဘင်တန်ဆောင်တို့ အရှေ့တွင် ဖြေဖျော်သူ ဂီတ ပညာရှင်များ အဆိုကျော်များ စည်ကားသလောက် တီတီစီအဘွားကြီးများ ၏ အဆောင်မှာ မျက်နှာ ငယ်လှပေသည် ။
တစ်ခုသော လသာသာ ည တစ်ည တွင် မူ ဂီတသံ သည် တီတီစီ ကျောင်းဆောင်ရှေ့ အုတ်ခုံ ဆီမှ ထူးခြားစွာ ပေါ်ထွက်လာခဲ့ပေသည် ။ အဆောင်သူများ အံ့ဩတကြီး ဖြစ်ကြရ၏ ။ လူငယ် တစ်ယောက်သည် သီချင်းကြီး ကို ဆိုတီးဖြင့် တစ်ကိုယ်တော် ညသန်းခေါင်ယံ တိုင်အောင် တီးဆို သွားခဲ့ရာ ၊ တီတီစီအဆောင်သူ တို့ ပျော်မဆုံးစရာ ဖြစ်လာခဲ့ပေ၏ ။ ထိုည မှ စ၍ လသာသော ညအခါတိုင်း တစ်ခုတည်းသော ဂီတာ သံသည် တီတီစီကျောင်းသူတို့ စာကျက်ရင်း နားဖြေစရာ ဖြစ်လာခဲ့ပေသည် ။ သို့သော် …… “ ဘယ်သူ့ အတွက်လဲ ၊ ဘယ်သူ့ ဆီ ကို လာတာလဲ ၊ ဘယ်သူလဲ ” ဟူသော အမေးပုစ္ဆာ ကိုမူ အဆောင်သူတို့ တော်တော် နှင့် အဖြေ မရခဲ့ပါပေ ။
••••• ••••• •••••
“ ရေမြေဆုံးစေတော့ကွယ် ၊ ခင်ဖုန်း ကိုတော့ တွေ့အောင် ရှာမယ် ၊ ရှာ တော့မယ် … ပြောသံကြားနဲ့ နားဝင်ချို ရင်ဖိုကာရယ် ယနေ့ပင် တွေ့မြင် ချင်ဇောရယ် … အာရုံ စိတ်စောမိပါတယ် … လုလင်ငယ်သွေး ကလေး သာသာအရွယ် ၊ ဘယ်ပုံ မမှန်းဆနိုင်တယ် … သညာယဉ်ကျေး ရွှေသစွာ ခင်လေးရယ် .. ရှာရတော့မယ် သစ္စာခင်ရယ် ၊ မေတမင် ပုန်းရက်မှာ လားကွယ် ”
တင်တင်ဝေ သည် အိပ်မရနိုင်သဖြင့် အခန်းတံခါး ကို ဖွင့်ကာ ရှေ့ စင်္ကြံသို့ ထွက်လာခဲ့မိ၏ ။ လက ထိန်ထိန်သာလှသည် ။ မကြာသေးမီက မှာ ပင် ဂီတာသံ တိတ်ဆိတ် သွားသည် ။ နောက်ဆုံး တီးသွားသော သီချင်းကို တင်တင်ဝေ က စွဲလမ်း၍ကျန်ခဲ့၏ ။ စင်္ကြံ ကို ကွယ်ကာ သီချင်းသံ နားဆင်နေသူ ကျောင်းသူများ လည်း ကိုယ်စီကိုယ်စီ အခန်းသို့ ဝင်ကာ အိပ်ကုန်ကြ လေပြီ ။
တင်တင်ဝေ သာလျှင် မအိပ်နိုင်ဘဲ ၊ စကြံ ထွက်ရပ်လျက် အလွမ်းသမားလေး ထိုင်၍ တီးသွားသော အုတ်ခုံဘက် ကို တရေးတမော လှမ်းကြည့်နေမိ၏ ။
မော်လမြိုင်ခရိုင်အသင်း က ချိုးဖြူကန်သို့ ပျော်ပွဲစားခရီး ထွက်စဉ်က အကြောင်း ကို အမှတ်မထင်ပင် ပြန်လည် သတိရလိုက်သည် ။ ကစားပွဲတွင် ဧည့်သည် ကျောင်းသူ မတင်တင်ဝေ က သီချင်း ဆိုရန် မဲပေါက်သည် ။ တုန်တုန်ယင်ယင် ဖြင့် မိုက်ခွက် ရှေ့တွင် အကြာကြီး ရပ်နေ မိ၏ ။ နောက်တော့ နောက်ဆုတ်၍ မရတော့ပြီ ဖြစ်သော တာဝန်မို့ ၊ “ ချစ်ရေစင် ” သီချင်းကို ဆိုမိလျက်သား ဖြစ်သွား၏ ။
“ နတ်ဥယျာဉ်ဝယ် ရောင်စုံ ဖူးပွင့်တယ် ” ဟူသော ပထမပိုဒ် အဆုံးတွင် သီချင်းကို ဒုတိယပိုဒ် ဖြင့် ကျော့ရန် ၊ စလိုက်စဉ် မှာပင် နောက်ဘက်မှ ဂီတာသံ အတော ကို ကြားလိုက် မိသဖြင့် အလန့်တကြား လှည့် ကြည့်မိရာ ၊ ကိုဖုန်းဝေ က သူ၏ နောက်နား မှ မြက်ခင်းပြင် တွင် အကျအန တင်ပျဉ်ခွေ ထိုင်ကာ ၊ ဂီတာ တစ်လက်ဖြင့် အတီးပိုဒ် ကျော့ပေးနေသည် ကို တွေ့လိုက်ရ၏ ။ ထို့ကြောင့် အတီးပိုဒ်ဆုံး အောင် စောင့်နေလိုက်ရသည် ။
တင်တင်ဝေ က အဆို ကိုဖုန်းဝေ က ဂီတာ အတီးဖြင့် ချစ်ရေစင် သီချင်းက ပျော်ပွဲစား အစည်းအဝိုင်း တစ်ခုလုံး ကို တိတ်ဆိတ်သွားစေ၏ ။ သီချင်းဆုံးတော့ ဩဘာလက်ခုပ်သံများ ဆူညံသွားတော့၏ ။
တက္ကသိုလ်သို့ ပြန် ရောက်ကြပြီး အဓိပတိလမ်းပေါ်တွင် ကားတန်းကြီး ရပ်ပြီးနောက် တီတီစီအဆောင် သို့ ကိုဖုန်းဝေ က တင်တင်ဝေ ကို လိုက် ပို့သည် ။
“ ကိုဖုန်း ဂီတာ တီးတတ်တာ အခုမှသိတယ် ။ သိပ်ကောင်းတာပဲ ။ ဂီတာစိမ်းမောင်ရဲ့ လက်သံကို မီတယ် ”
“ ဒီလောက်လဲ မဟုတ်ပါဘူး ၊ ဒါပေမယ့် ကျွန်တော် အဲဒီ ဂီတာ ရောဂါနဲ့ပဲ တက္ကသိုလ်ဝင် တစ်နှစ် ကျခဲ့တယ် ။ ပထမ ကျွန်တော် မယ်ဒလင် တီးတယ် ။ နောက်တော့ ဂီတနက်သံ ကိုစောညိန်းအဖွဲ့ရဲ့ သီချင်းသံ ကို ကြား ပြီး ဂီတာရဲ့ အနွဲ့ အခရာ တီးလုံးပိုဒ်တွေကို သဘောကျလာတယ် ”
“ အဲဒီ ဂီတနက်သန်အဖွဲ့မှာ တီးတဲ့ လူက ဂီတာဦးအုန်းလွင် လို့ သိလာရတော့ ကျွန်တော် ရန်ကုန် ကို သိပ် လာချင်တာပဲ ။ ဒါပေမယ့် မအောင် ခဲ့ဘူး ။ ဂီတာကိုစောညိန်း ရဲ့ တပည့် လည်း ဖြစ်ချင်တယ် ။ သူ့ သီချင်း တွေက ခေတ်လည်း မီ တယ် ။ မြန်မာ လဲ သိပ်ဆန်တယ် ။ ကျွန်တော် သိပ်ကြိုက်တာပဲ ။ ဒါပေမယ့် အခြေအနေ က မပေးတော့ မော်လမြိုင် မှာ ရှိတဲ့ ဆရာ တစ်ယောက် နဲ့ပဲ သင်ခဲ့ရတယ် ။ ကျွန်တော် ရန်ကုန်တက္ကသိုလ် ကို ရောက်တော့ ဆရာကိုစောညိန်း က ကွယ်လွန်ရှာပြီ ”
“ ဟင် … ဘာဖြစ်လို့လဲ ”
“ သူ့ညီ နဲ့ ရန်ဖြစ်တဲ့ ဝိုင်းကို သွားပြီး ဖျဉ်ရင်း ဆွဲရင်းနဲ့ သူ အရိုက်ခံ လိုက်ရတယ် ကြားတာပဲ ။ ရန်ကုန်ဆေးရုံကြီး ပေါ်မှာပဲ ဆုံးသွားတယ် ။ ကျွန်တော် တက္ကသိုလ် ရောက်တဲ့ နှစ်မှာပဲ ။ ဒါပေမယ့် ဆရာကိုအုန်းလွင် ဆီ မှာတော့ ကိုစောညိန်း ရဲ့ သီချင်းတွေ တက်လိုက်ရတယ် ”
“ ဝေ့ ကို အဲဒီ သီချင်းတွေ တီးပြပါလား ။ နားထောင်ချင်လို့ ”
“ တစ်နေ့တော့ ကြားရမှာပေါ့ ။ ကျွန်တော် က ရည်ရွယ်ပြီးသားပါ ။ ဒါနဲ့ ဝေ လည်း ချစ်ရေစင်သီချင်း အဆို ပိုင်သားပဲ ။ သီချင်းတော်တော်များ များ ရသလား ”
“ ဟင့်အင်း … အဲဒီ ချစ်ရေစင် သီချင်း တစ်ပုဒ်တည်း ကိုပဲ ကြိုက် လွန်းလို့ တစ်သက်လုံး ဒါပဲ ပျင်းရင် ဆိုခဲ့တာလေ ။ ကမ္ဘာမကြေ ရယ် ၊ အဲဒီ ချစ်ရေစင်သီချင်း ရယ်ပဲ ဆိုတတ်တယ် ။ တခြား ဘာမှ မဆိုတတ်ဘူး ။ ကျက် လည်း မကျက်ခဲ့ဘူးလေ ”
“ ဘာဖြစ်လို့ ချစ်ရေစင်သီချင်း မှ ဝေ က ရွေးကြိုက်ရတာလဲ ”
“ စာသားရော ၊ တေးသွားရော ကြိုက်လို့ပေါ့ ။ ပြီးတော့လည်း ရုပ်ရှင် ကြည့်ရင်း မျက်ရည် ဝဲဖူးတာ အဲဒီ ရုပ်ရှင် တစ်ခုပဲ ရှိတယ် ။ ဝေ ဆယ်နှစ်သမီး တုန်းက ကြည့်ခဲ့ရတာ ခုထက်ထိ စွဲလမ်းတုန်းပဲ ။ မေရှင် နောက်ဆုံး ခန်း ပြတင်းပေါက် မှာ တင်မောင် ကို မှီထားရင်း မသေခင် ပြောသွားတဲ့ စကားလုံးတွေ ကို ခုထက်ထိ အလွတ် ရသေးတယ် ”
“ ဒီလိုဆိုရင် ရွတ်ပြစမ်းပါဗျာ … ”
“ ဟင့်အင်း ဝေ ရှက်တယ် ”
▢ မောင်ကိုယု
📖 မနေ့က လရောင် အောက်မှာ
No comments:
Post a Comment