အခန်း ( ၆ )
တက္ကသိုလ်ဝင် အောင်စာရင်းများ ထွက်လာသော အခါ နှလုံးလှ အလွတ်ပညာ သင်ကျောင်း ၏ ဂုဏ်သတင်း မှာ ပျံ့နှံ့ သွားတော့သည် ။ နှလုံးလှကျောင်း မှ ကျောင်းသားကျောင်းသူပေါင်း လေးဆယ့်ရှစ်ယောက် ဖြေဆိုရာ ၊ လေးဆယ် အောင်မြင်သည် ။ သင်္ချာဘာသာ ဂုဏ်ထူး ငါးယောက် ပါသည် ။
ကျောင်း ပြန်ဖွင့်တော့ ပြွန်တံဆာ နှင့် ညောင်လေးပင် မှ ကျောင်းသားများပါ လာရောက် တက်ကြသဖြင့် တက္ကသိုလ်ဝင်တန်း နှင့် အကြို တက္ကသိုလ်ဝင်တန်း နှစ်တန်းပေါင်း ကျောင်းသား နှစ်ရာ ကျော် သွား၏ ။ တစ်တန်း လျှင် တန်းခွဲ နှစ်တန်း ခွဲပေးထားရ သဖြင့် ကျောင်းဆောင်သစ် ကို အရေးပေါ် ဝါးဖြင့် တိုးချဲ့ ဆောက်လုပ်ရ၏ ။
နှလုံးလှကျောင်းသားများ ကြောင့် စမ်းဝတီ နှင့် ညောင်လေးပင် ကို မနက် တစ်ခေါက် ၊ ညနေ တစ်ခေါက် ပြေးဆွဲသော ဘတ်စ်ကားငယ် တစ်စီး တိုးလာသည် ။ တချို့ကျောင်းသားများ က မြို့တွင်းနီးစပ်ရာ အိမ်များ၌ ထမင်း လခပေး စား၍ လာနေကြလေ၏ ။
စာမေးပွဲ အောင်သွားသော ကျောင်းသားများမှာ တချို့က ရန်ကုန် တက္ကသိုလ် သို့ ဆက် တက်ရန် ပြင်ဆင်ကြ၏ ။ တချို့က ဆရာဖြစ်သင် သို့ တက်ရောက်ရန် လျှောက်လွှာ တင်ကြ၏ ။ တချို့က အလုပ်ရှာရန် အတွက် ပဲခူး ၊ ရန်ကုန်သို့ ထွက်သွားကြသည် ။
မလေးခင် က ဆရာဖြစ်သင် တက်သည် ။ တင်မောင် က အမေ မုဆိုးမ နှင့် နေရသူ ဖြစ်သဖြင့် နှလုံးလှကျောင်း တွင် ကျောင်းစာရေး ဝင် လုပ်သည် ။ နှလုံးလှ ၏ အားအကိုးရဆုံး အတွင်းလူ ဖြစ်လာသည် ။
ဆရာဦးဖုန်းဝေ ကတော့ ပြန်ရောက် မလာသေးချေ ။ မော်လမြိုင်သို့ ထွက်သွားပြီး ကတည်းက စာ တစ်စောင်မျှ ရောက်မလာသောကြောင့် တင်တင်ဝေ မှာ စိတ်လည်း ပူမိသည် ။ စိတ် လည်း နာမိ သည် ။
ကျောင်းဖွင့်စ အလုပ်များချိန် ဖြစ်သဖြင့် တစ်ခါတစ်ရံ မေ့မေ့ ပျောက်ပျောက်ရှိသော်လည်း ကျောင်းကိစ္စ စီမံရာတွင် အဆင် မပြေသည့် အခါများ၌ ကိုဖုန်းဝေ ကို ပိုပြီး သတိရမိ၏ ။
မိမိ က စာ ရေးခေါ်ရန် မှာလည်း လိပ်စာပေး မသွားသော ကိုဖုန်းဝေ ကို ဒေါသထွက်မိ၏ ။
“ အို … လိပ်စာ သိရော ခေါ်မနေနိုင်ပါဘူး ။ သူ လာချင်မှ လာပေါ့ ။ အနေသာကြီးပဲ ” ဟု မိမိ ကိုယ် ကို ပြန်ပြီး စိတ်တင်း လိုက်မိ၏ ။ သို့သော် တစ်ကိုယ်တည်း ရှိနေတတ်သော အချိန်များတွင် မူ ၊ ကိုဖုန်းဝေ နေသွားသော အခန်းလေး ကို တရစ်ဝဲဝဲ သွားရောက်ကြည့်ရှုရင်း သက်ပြင်း အကြိမ်ကြိမ် ချမိ၏ ။ အခန်းက သော့ခတ် ထားသဖြင့် ဝင်ကြည့်ချင်သော စိတ်ကို မျိုသိပ် ထားရသေး၏ ။
ဇွန်လ တစ်လလုံး သင်္ချာဘာသာချိန် မှာ အတန်းလွတ် နေ၏ ။ “ မင်းတို့ ဆရာ လာမှာပါ ” ဟု ကျောင်းသားများ ကို အားပေး ထားရသော် လည်း ဘယ်တော့များ မှ ပေါ်လာမည်ကို မသိသဖြင့် ရင်လေးရသည် ။
“ ကျွန်တော် ပြန်လာမှာပါ ။ ဒီ မြို့မှာ ကျွန်တော် ခေါင်းချမှာပါ ” ဟု သူ က ပြောသွားသည် ။ ယခု ကျောင်းဖွင့် ကိုယ်တော်ချောကား ပေါ်မလာသေးပေ ။
ဇူလိုင်လ ပထမပတ်ကုန် မှ ကိုဖုန်းဝေ ပြန် ရောက်လာသည် ။ တင်တင်ဝေ မှာ မနေတတ် ၊ မထိုင်တတ်အောင် ဝမ်းသာပျော်ရွှင် သွား သော်လည်း ဟန်မပျက် နေလိုက်၏ ။ သွားနေကျ လာနေကျ တစ်ယောက် ပြန်လာ သကဲ့သို့ပင် သာမန် နှုတ်ဆက်ရုံမျှဖြင့် ဣန္ဒြေဆောင်ထား လိုက်၏ ။
“ ကျောင်းသားတွေ ကတော့ သူတို့ ဆရာကို လည်ပင်းရှည်အောင် မျှော်နေကြတာ … ” ဟု တင်တင်ဝေ က ပြောလိုက်၏ ။
“ ဒါပေါ့လေ ၊ ကျောင်းသားတွေ ပဲ မျှော်မှာပါ ။ ကျွန်တော် က လည်းကျောင်းသားတွေ အတွက် ပြန်လာတာပါပဲ… ”
“ အော် … ဟုတ်လား ဟုတ်မှာပေါ့ ။ ဝေတို့ က ဘာဆိုင်တာ … မှတ်လို့ … အနေသာကြီးပဲ ”
••••• ••••• •••••
အချိန်သည် ဘဝ ဟု ဆိုပါက အချိန်များ တရွေ့ရွေ့ ကုန်ခဲ့သည်၏ နောက် ၌ ဘဝများ သည် လည်း များစွာ ပြောင်းလဲ ခဲ့ကြပြီ ဖြစ်ပါသည် ။
ဆရာမကြီး ဒေါ်တင်တင်ဝေ ကျောင်းအုပ် ဘဝဖြင့် ဖခင် ၏ အမွေ ကို ဆက်ခံခဲ့သည့် ပထမနှစ် တွင် တက်ရောက် သင်ကြားခဲ့ကြသော တက္ကသိုလ်ဝင်ကျောင်းသားများ မှာ ယခုအခါ တက္ကသိုလ်ကျောင်းသား ရင့်မကြီးများ ဖြစ်နေကြပြီ ။ နောင်နှစ် နောင်နှစ် ကျောင်းသားများ က လည်း ၊ ရန်ကုန်တက္ကသိုလ် သို့ ရောက်လာကြရာ တက္ကသိုလ်၌ “ နှလုံးလှ ကျောင်းသားဟောင်းများအသင်း ” ပင် တည်ထောင်လာနိုင်သည့် အထိ များပြားလာကြပြီ ဖြစ်၏ ။
စမ်းဝတီမြို့ကလေး မှာ လည်း တစတစ ဖွံ့ဖြိုးတိုးတက်လာရာ ၊ ယခု အခါ မော်တော်ကားများ ကောင်းစွာ သွားနိုင်သည့် ညောင်လေးပင် ၊ စမ်းဝတီ ကတ္တရာလမ်း ပေါ်ပေါက်ပြီ ဖြစ်သည် ။ မြို့ပိုင်ရုံးစိုက်ရာ အဆင့် ဖြစ်သဖြင့် အစိုးရဌာန အသီးသီး ရုံးစိုက်လာ ကြပြီဖြစ်၏ ။
မပြောင်းလဲသည် မှာ တော့ … တင်တင်ဝေ နှင့် ကိုဖုန်းဝေ တို့ ၏ မေတ္တာဇာတ်လမ်းပင်ဖြစ်ပါသည် ။
နှလုံးလှကျောင်း တွင် အတူတကွ တက်ညီလက်ညီ စာသင်ကြားပြသလျက် ၊ တစ်ဦးအပေါ်တစ်ဦး ကြင်ကြင်နာနာ ဆက်ဆံပေါင်းသင်းကြလျက် ၊ အများအမြင်တွင် အလွန် သိက္ခာရှိကြသော လုပ်ဖော်ကိုင်ဖက် ဆရာများ အဖြစ် အသွင်သဏ္ဌာန် ကို ဆောင်လျက် ၊ ကျောင်းသားကျောင်းသူပေါင်း များစွာအား တက္ကသိုလ်ဝင်စာမေးပွဲ ကို အောင်မြင်စေလျက် ၊ နှစ်ပေါင်းများစွာ ကို ကျော်လွန်ခဲ့ပေသည် ။
နောက်ပိုင်း နှစ်များတွင် တစ်စုံတစ်ခုတော့ ပြောင်းလဲလာခဲ့ပါသည် ။ ကိုဖုန်းဝေ သည် အရက်များ သောက်တတ်စ ပြုလာပြီ ဖြစ်လေသည် ။ မည်သူ၏ ပယောဂကြောင့် ၊ မည်သည့် အတွက်ကြောင့် မည်ကဲ့သို့ ကိုဖုန်းဝေ အရက်သောက်တတ်သည် ကို အဖြေ ရှာမရ သော်လည်း ဆရာ ဦးဖုန်းဝေ အရက် သောက်တတ်လာကြောင်း မြို့တွင်း ၌ သတင်းသဲ့သဲ့ ပျံ့နှံ့ နေပြီ ဖြစ်၏ ။
ထိုသတင်း သည် တင်တင်ဝေ ၏ နားသို့ ရောက်ရှိလာရာ ၊ တင်တင်ဝေ အဖို့ ကြားရခါစက ရင်ကို လက်နှင့် ဖိကာ ထိတ်လန့်တကြား ဖြစ်ခဲ့ရ ပါသည် ။
သို့သော် စာသင်ကြားရာ၌ မူ ယခင်က ကဲ့သို့ပင် တက်တက်ကြွကြွ ပိုင်ပိုင်နိုင်နိုင် တာဝန်ကျေကျေ သင်ကြားပြသလျက် ရှိရာ ၊ ဆရာ ၏ ပြောင်းလဲမှုမှာ နှလုံးလှ အလွတ် ပညာသင်ကျောင်း ကို ထိခိုက်မှု မရှိပါပေ ။
ထိခိုက်ရသူ မှာကတော့ ဆရာမကြီး ဒေါ်တင်တင်ဝေ ဖြစ်ပါ၏ ။ ပထမတော့ သတင်း ကို သတင်း အဖြစ်သာ နှလုံးတုန်ရင်စွာဖြင့် လက်ခံထားရှိပြီး ၊ ကိုယ်တိုင်ကိုယ်ကျ ကာယကံရှင် ကို မမေးရဲ မမေးဝံ့ မမေးရက်နိုင်ပေ ။ တစေ့တစောင်း လေ့လာ အကဲခတ်ရုံ မျှသာ တတ်နိုင်လေသည် ။ ဆရာဦးဖုန်းဝေ သည် ညနေ ကျောင်းဆင်းလျှင် ရေမိုးချိုး ပြီးနောက် စက်ဘီး တစ်စီးဖြင့် ကျောင်းပြင် သို့ ထွက်သွားတတ်သည် ။ သူများ ပြော စကားအရ သိရှိရသည်မှာ ညောင်လေးပင် ဘက်သို့ သွားတတ်သည် ဟု ဆို၏ ။ ညဉ့်အလွန်နက်မှ ကျောင်းဝင်းသို့ ပြန်ရောက် လာတတ်သည် ။ ထိုသို့ ညဉ့်နက်သန်းခေါင် ပြန်ရောက် လာပြီးနောက် နှစ်အတော်ကြာ စွန့်ပစ် ထားခဲ့သော ဂီတာ ကို တင်မောင့် ထံမှ ပြန်ယူပြီး တစ်နာရီနှစ်နာရီ စာသင်ဆောင် ရှေ့ ကွက်လပ်တွင် ကုလားထိုင်တစ်လုံးဖြင့် တီးနေတတ်သည် ။ လသာသော ညများတွင် တီးချိန်ပိုကြာသည် ။
“ အရက်မူးတဲ့ အမူအရာ လဲ မရှိပါလား … ဧကန္တ ညောင်လေးပင် မှာ စွဲလမ်းစရာ မိန်းကလေးများ တွေ့နေပြီလား .. ”
တင်တင်ဝေ ၏ နှလုံးခုန်သံသည် ပို၍ မြန်လာသည် ။ အခုတလော ခေါင်းက မူးမူး နေသဖြင့် ကျန်းမာရေးမှူး ကို ခေါ်ပြီးလျှင် သွေးချိန် ကြည့်ရာ သွေးတိုး နေကြောင်း သိလာခဲ့ရ၏ ။ အသက်ငယ်ငယ်ရွယ်ရွယ် ဖြင့် တင်တင်ဝေ မှာ သွေးတိုးရောဂါ စတင် ဝင်ရောက်လာပြီ ဖြစ်လေသည် ။
“ အရက် သောက်တာလဲ မကောင်းဘူး ။ ညောင်လေးပင် သွားပြီး မိန်းကလေး တစ်ယောက်ယောက် နဲ့ ရင်းနှီးနေရင်လည်း ပိုလို့တောင် မကောင်းသေးတယ် ……. တစ်နေ့နေ့တော့ သူ့ ကို ပြောင် ဖွင့်ပေးမှ ဖြစ်တော့မယ် ” ... ဟု စိတ်ကူးမိလာ၏ ။ သို့သော် ဘယ်သို့ အကြောင်းရှာ၍ မေးရမည် ကို မသိနိုင်ဘဲ ၊ မဝံ့မရဲ ဖြစ်နေသည် ။ ကျောင်းတာဝန် ပျက်ကွက်လျှင်တော့ အကြောင်း ရှာ၍ ရသေးသည် ။ ယခု သူ့ ကျောင်းချိန် ပြင်ပ လူလွတ် ဘဝဖြင့် အပြင်ထွက် သည်ကို မေးရမြန်းရမည် မှာ လိပ်ပြာမလုံ ဖြစ်မိ၏ ။
ကိုယ့် ဘဝ ကို လည်း ပြန်လည် ဆန်းစစ် ကြည့်မိ၏ ။
“ ငါ နဲ့ သူ ဟာ ချစ်သူတွေလား ‘ ချစ်သူတွေပါ ’ .. ” ဟု ပြောလျှင်လည်း ရသည်ပင် ။
သို့သော် တရားဝင် အားဖြင့် ဘယ်သို့ ပြောမည်နည်း ။ ယခုတလော ကိုဖုန်းဝေ က စိမ်းစိမ်းကားကား ဆက်ဆံ နေသည် ။ ညနေ တင်မောင် လာယူ ပြီး ပို့ထားသော ထမင်းပွဲမှာ အမြဲတစေ နံနက် တွင် မတို့မထိရသေးဘဲ ပြန်ရောက်လာတတ်၏ ။
“ ကိုဖုန်း ၊ ခြေလှမ်း ပျက် နေတာတော့ အမှန်ပါပဲကွယ် … ”
ယခု ညတော့ တင်တင်ဝေ မအိပ်နိုင်ဘဲ ရှိနေသည် ။ လက သာလှ ပေသည် ။ အလယ်တန်းဆရာမ ဘဝဖြင့် စမ်းဝတီ သို့ ပြန်ရောက်နေပြီ ဖြစ်သော တူမ ဖြစ်သူ မလေးခင် နှင့် အဒေါ် ဖြစ်သူတို့မှာ သူတို့ အခန်းတွင်း၌ အိပ်မောကျလျက် ရှိနေကြပြီ ။ တင်တင်ဝေ သာလျှင် ဝရန်တာ၌ ပက်လက်ကုလားထိုင် ဖြင့် တစ်ကိုယ်တည်း ရှိနေ၏ ။
ကိုဖုန်းဝေ သည် စက်ဘီး ပေါ်မှ ဆင်းကာ ၊ စေ့ထားသော ဝင်းတံခါး ကို သူ့ဘာသာ တွန်းဖွင့်ကာ ဝင်လာသည် ။ စက်ဘီး ကို တွန်း၍ မိမိ အိမ်ဘက်သို့ တစ်ချက်မျှ ငဲ့ကြည့်ပြီး ၊ သူ့ အခန်း ရှိရာ စာသင်ဆောင်ဘက်သို့ ဆက်သွားသည် ။ တင်တင်ဝေ က ပက်လက်ကုလားထိုင် ဖြင့် ဝရန်တာ နောက်ကွယ်မှ ကြည့်နေသည် ကို မြင်သွားဟန် မတူပေ ။
ကျောင်းဆောင်တွင်း မီးတစ်ပွင့် လင်းလာပြီး ၊ မကြာမီပင် ကိုဖုန်း သည် ဂီတာ တစ်လက်ဖြင့် အဆောင်ပြင်ဘက် သို့ ထွက်လာ၏ ။ ထို့နောက် ခုံတန်းပေါ်တွင် ထိုင်ကာ ဂီတာကြိုး ကို ညှိနေသည် ။ တင်တင်ဝေ မှာ မနေနိုင်တော့ပေ ။
“ ဒီ ညတော့ မေးဖြစ်အောင် မေးရမယ် ။ အဖြူအမည်း ကွဲကွဲပြားပြားသိရတာပေါ့ … ”
တင်တင်ဝေ သည် ပက်လက်ကုလားထိုင် မှ ထလိုက်၏ ။ အိမ်ရှေ့ လှေကား မှ ဆင်းကာ ၊ မြေကွက်လပ် ကို ဖြတ်၍ ကိုဖုန်းဝေ ထိုင်နေသော အဆောင် ရှေ့သို့ ရောက်သွားသည် ။
မိမိ ရှေ့တွင် လာ ရပ်နေသော တင်တင်ဝေ ကို ကိုဖုန်းဝေ သည် ပထမ ၌ မမြင်ချေ ။ ဂီတာကြိုး ကိုသာ စိတ်ဝင်စားစွာ ညှိနေသည် ။ နောက်မှ ထိန်လင်းနေသော လရောင် ပက်ဖျန်းထားသည့် မြေပြင်တွင် အရိပ် တစ်ခု ကို မြင်ပြီး မော့ကြည့်မိတော့သည် ။
“ ဪ .. ဝေ … မအိပ်သေးဘူးလား ... ”
တင်တင်ဝေ က ဘာမျှ ပြန် မပြောဘဲ ကိုဖုန်းဝေ ကို စိုက်ကြည့်နေသည် ။
“ မတ်တပ်ကြီး ရပ် နေသလား … ထိုင်ပါဦးလေ ”
ကိုဖုန်းဝေ က ခုံတန်းတွင် တင်တင်ဝေ ထိုင်နိုင်ရန် နေရာ ရွှေ့ပေး လိုက်၏ ။ တင်တင်ဝေ က မူ ရပ်နေရာမှ တုတ်တုတ် မလှုပ်ဘဲ ကိုဖုန်းဝေ ကိုသာ ပေ၍ ကြည့်နေ၏ ။
“ ညတိုင်း ညတိုင်း ဘယ်ကို သွားနေတာလဲ … ”
“ ဪ .. ညောင်လေးပင်မြို့ ထဲကိုပါ ”
“ ကိုဖုန်း အရက် သောက်တတ်နေပြီဆို … ”
တင်တင်ဝေ ၏ အသံ က မာဆတ်ဆတ် နိုင်လှသည် ။
“ ဟုတ်တယ် ။ ဒါပေမယ့် တစ်ခါတစ်ရံပါ ”
“ ဒီ ညကော သောက်လာသလား ”
ကိုဖုန်းဝေ က အသံ ထွက်အောင် ရယ်လိုက်၏ ။
“ မသောက်ခဲ့ပါဘူး … ဘာဖြစ်လို့လဲ ”
“ အရက် သောက်ဖို့ ညောင်လေးပင်မြို့ ကိုတောင် တကူးတကန့် သွားရသလားလို့ပါ … ”
“ အရက်သောက်ဖို့ သက်သက်တော့ တကူးတကန့် ဘယ် သွားပါ့မလဲ ဝေရယ် ”
တင်တင်ဝေ သည် ပို၍ အသက်ရှူ မြန်လာသည် ။
“ ဪ … ဒါဖြင့် ၊ ချစ်စရာ ၊ ကြင်နာစရာ ၊ စွဲလမ်းစရာ တစ်စုံတစ်ယောက် ဆီကို သွားနေတာလို့ ပြောချင်တာပေါ့ ဟုတ်လား … ”
ကိုဖုန်းဝေ သည် တအံ့တသြဖြင့် တင်တင်ဝေ ကို မော့ကြည့်လိုက် သည် ။ ထို့နောက် အေးဆေးစွာပင် ပေါင်ပေါ် မှ ဂီတာ ကို ဘေးသို့ အသာချ လိုက်၏ ။
“ ကျွန်တော့်မှာ စွဲမက်စရာတို့ ကြင်နာစရာတို့ သံယောဇဉ်တို့ ဆိုတာ မရှိတော့ပါဘူး ဝေ ၊ ကျွန်တော့် အသည်းနှလုံး ကို တစ်စုံတစ်ယောက် က ယူသွားပြီးတာ ကြာပါပြီ ။ ကျွန်တော့် မှာ ပေးစရာ နောက်ထပ် မရှိတော့ ပါဘူး ”
“ မသိနိုင်ဘူးလေ … တကယ်လို့ ရှိနေရင်လဲ ဝေ က တင့်တောင့် တင့်တယ်ဖြစ်အောင် စီမံ လက်ထပ် ပေးမလို့ပါ ။ တားမြစ်ပိတ်ပင်ဖို့ မဟုတ်ပါဘူး ”
ကိုဖုန်းဝေ က တဟားဟား ရယ်နေမိသည် ။
“ ဒါ … ရယ်စရာ မဟုတ်ပါဘူး ။ တစ်ဖက်သား က စေတနာနဲ့ ပြောတာပါ .. ”
“ စေတနာရှင်မကြီးပါလား ၊ ဒီလိုဆို စီမံပေးပါ ခင်ဗျာ နှလုံးလှ အလွတ်ပညာသင်ကျောင်းက ကျောင်းအုပ်ဆရာမကြီး ကို ကျွန်တော် တင့်တောင့်တင့်တယ် လက်ထပ်ချင်ပါတယ် … ”
“ အရွဲ့တိုက် မပြောပါနဲ့ ”
တင်တင်ဝေ သည် ရှေ့သို့ တစ်လှမ်း တိုးသွားပြီး ကိုဖုန်း၏ ပခုံး ရင်ဘတ်ကို လှမ်း ထုလိုက်တော့၏ ။ ကိုဖုန်းဝေ က ရယ်ရင်း တင်တင်ဝေ ၏ လက်နှစ်ဖက် ကို ဆွဲယူကာ တင်တင်ဝေ အား ရင်ခွင်တွင်း သို့ ပွေ့ယူလိုက် သည် ။ တင်တင်ဝေ က အလိုက်သင့်ကလေး ပါသွားပြီး ကိုဖုန်းဝေ ၏ ပေါင် ပေါ်တွင် ခွေခွေကလေး ဖြစ်သွား၏ ။ နှစ်ဦးစလုံး ၏ အသက်ရှူသံ က ပိုပြီး မြန်လာကြ၏ ။
ကိုဖုန်းဝေ က ဝေ ၏ ပါးပြင် ကို မွှေးရန် ဟန်ပြင်လိုက်စဉ် မှာပင် တင်တင်ဝေ ရုတ်တရက် ရုန်း ထလိုက်သည် ။
“ ဟင့်အင်း … ဟင့်အင်း … ဒီလို မစည်းရုံးနဲ့ … သူ့ ကို မုန်းတယ် ” ဟု ပြောပြောဆိုဆို သူ့ အိမ်ဘက် သို့ အပြေးကလေး ထွက်သွား လေတော့သည် ။
••••• ••••• •••••
ကိုဖုန်းဝေ ဝင်းထဲ သို့ ဝင်လာသော ပုံသဏ္ဌာန်ကို ကြည့်ပြီး ၊ တင်တင်ဝေ မှာ တုန်လှုပ်ချောက်ချားမိ၏ ။ အိမ်ဝရန်တာ ပေါ်မှ လှမ်း မြင်နေသည် ။ ကိုဖုန်းဝေ သည် မောင်တင်မောင် ကို မှီကာ ခြေထောက် တရွတ်ဆွဲ ၍ ဝင်လာသည် ။ မောင်တင်မောင် က ကိုဖုန်းဝေ ကို ဖြည်းဖြည်းချင်း တွဲ၍ စာသင်ဆောင်ဘက် ဆီသို့ ခေါ်သွားသည် ။
တင်တင်ဝေ သည် အသက်ရှူ ပြင်းကာ ၊ ဖိုလှိုက်လျက် ရှိသော ရင် ကို လက်နှစ်ဖက် နှင့် ဖိရင်း ၊ ဘုရားတ ၍ ကြည့်နေရသည် ။
“ တခြား ကျောင်းသားတွေ မမြင်ပါစေနဲ့ ၊ ဘုရား ဘုရား မြို့ထဲမှာ လူတွေများ မြင်သွားပြီလား ”
တင်တင်ဝေ့ အဖို့ လှေကား မှ ဆင်းပြီး ကိုဖုန်းဝေ ရှိရာကို သွားရမည် လား ။ သည်အတိုင်း ရပ်ကြည့် နေရမည်လား ။ ဝေခွဲ မရဘဲ မတုန်မလှုပ် ရုပ်လို ရပ်နေမိသည် ။
မနေ့ညက ဤကိစ္စနှင့် ပတ်သက်ပြီး သူ နှင့် စကားများခဲ့သည် ။ ကိုဖုန်းဝေ က သူ့ကို အတွေ့အထိ ဖြင့် ချစ်သူတို့ ဘာဝ ယုယဖို့ကြံစည်သည် ။ သူ က ငြင်းခဲ့ ရှောင်ခဲ့သည် ။
ချစ်သူ ၏ အလို ကို လိုက်ချင်ပါသည် ။ သူ က လည်း ကိုဖုန်းဝေ ၏ ယုယမှု ကို ခံယူချင်ပါသည် ။ သို့သော် ဤသို့သော အခြေအနေ တွင် မဖြစ်နိုင်ပါ ။ စိတ်အလို မလိုက်ရန် တားမြစ်ခဲ့၏ ။အသိတရား က တင်တင်ဝေ ကို အရာရာကို အသည်းနှလုံး ဖြင့် ဆုံးဖြတ်၍ မရနိုင်ပါ ။ တစ်ခါတစ်ရံ အသည်း နှလုံး ကို ဦးစားပေးမိ သဖြင့် ဘဝတွင် အမှားများ နှင့် ရင်ဆိုင်ရတတ်ပါသည် ။
ပညာတတ် အမျိုးသမီး တစ်ယောက် အနေနှင့် ရူးရူးမိုက်မိုက် မိန်းမငယ်များ လို ချစ်ခြင်း ကိုသာ ဦးထိပ်ပန်ရွက် ကိုးကွယ်ရန် မသင့်ပါ ။ ယခုတော့ ချစ်သူ က အရွဲ့တိုက်လေပြီ ။ အရက်သောက်တာ ကို ပြောဆိုတားမြစ်မိ၍လော ၊ သို့တည်းမဟုတ် ယုယပိုက်ထွေးမှု ကို မလိုက် လျောမိ၍လော ၊ မပြောတတ်ပေ ။
မည်သို့ဆိုစေ ဣန္ဒြေ မဲ့ လောက်အောင် သောက်စားမူးယစ်ခြင်း သည် ကျောင်းဆရာ တစ်ယောက် အနေဖြင့် မပြုအပ်သော ကိစ္စ ဖြစ်သည် ။ ဤလို မြို့မကျ တောမက သော တိုက်နယ်မြို့ငယ်လေးမျိုး တွင် မလိုလား မအပ်စပ်သော ကိစ္စဖြစ်သည် ။
ချစ်သူ တစ်ယောက် အနေဖြင့်လည်း အရက်သောက်ခြင်း ကို မည်သို့ ခွင့်ပြုလိုက်ပါမည်နည်း ။ ကိုဖုန်းဝေ ကို ချစ်ခဲ့စဉ်က အရက်သောက်ခြင်း ကိစ္စသည် ပါဝင်ခဲ့ခြင်း မရှိပေ ။ ယခု ဘယ်အချိန် က စတင် သောက်တတ် လာခဲ့ပါသနည်း ။ မနေ့ တစ်နေ့ က မှ ကိုဖုန်းဝေ သောက်စားမူးယစ်သည် ကို ကြားမိသည် ရင် တီးလက်မ တုန်လှုပ် ချောက်ချားခဲ့မိ၏ ။ ယခုည မြင်ကွင်းကို တွေ့လိုက်ရစဉ်ကမူ ၊ မြေကြီး ဟက်တက်ကွဲ၍ လူတစ်ကိုယ်လုံး မျိုဆင်းသွား ချင် လောက်အောင် ရှက်မိသည် ။ စိတ်အားငယ်မိပါ၏ ။
တာဝန် အရလည်း တားရမည် ။ ချစ်သူတို့၏ အခွင့်အရေးအရ လည်း အရေးဆိုရမည် ။
••••• ••••• •••••
ရုံးခန်း အတွင်း သို့ ဆရာဦးဖုန်းဝေ က မပြုံးမရယ် ဖြင့် ဝင်လာသည် ။ ဆရာမ ကြီး ဒေါ်တင်တင်ဝေ ၏ ရုံးခန်း စားပွဲရှေ့ ကုလားထိုင် တွင် ဝင် ထိုင်လိုက်၏ ။ တင်တင်ဝေ က ကိုဖုန်းဝေ ကို စိုက် ကြည့်နေသည် ။ ကိုဖုန်းဝေ က လည်း တင်တင်ဝေ ကို ငေး၍ ကြည့်နေလိုက်၏ ။
“ ဆရာ့ ကို ဒီ ကျောင်းရဲ့ ကျောင်းအုပ် တစ်ယောက် အနေနဲ့ တာဝန် အရ ပြောစရာရှိလို့ ခေါ်တာပါ ”
ကိုဖုန်းဝေ က ပြုံး လိုက်သည် ။
“ ကျွန်တော် ကလည်း လက်ထောက်ဆရာ တစ်ယောက် အနေနဲ့ ဆရာမကြီး ခေါ်တဲ့ အတွက် လာတွေ့ပါတယ် ”
“ တံခါးပိတ်လိုက်ပါ ကိုဖုန်း ”
“ မပိတ်ပါနဲ့ ကျောင်းကိစ္စ ပြောတာပဲ ။ ဆရာမကြီး ကို အထင်အမြင်သေးစရာ ဖြစ်သွားပါ့မယ် ။ ကျောင်းသားတွေ တစ်မျိုး မြင်စရာ ဖြစ်သွားပါမယ် ”
တင်တင်ဝေ သည် သက်ပြင်းကို လေးဖင့်စွာ ချလိုက်သည် ။ တင်တင်ဝေ က နှုတ်ခမ်း ကို တင်းတင်းကိုက် လိုက်၏ ။
“ ကောင်းပြီလေ .. ဒီလို ဆိုရင်လည်း ပြောရတာပေါ့ ။ ဆရာ့ အနေနဲ့ ဒီကျောင်း ရဲ့ သိက္ခာ စောင့်ထိန်းဖို့ တာဝန် ရှိပါတယ် ။ အဲဒါတော့ နားလည် မှာပေါ့ … ”
“ နားလည်ပါတယ် ခင်ဗျာ … နားလည်ပါတယ် ။ ဒီ ကျောင်းရဲ့ သိက္ခာကို ပျက်စရာ ကျွန်တော် ဘာတစ်ခု မှ မလုပ်မိသေးဘူးလို့ ထင်ပါ တယ် ။ လုပ်မိရင်လည်း ဆရာမကြီး က ဖွင့်ပြောပါလေ ။ ကျွန်တော် မှားနေ ရင်လည်း ဆင်ခြင်ရတာပေါ့ ”
“ အရက် သောက်တာဟာ ဆရာ တစ်ယောက် အနေနဲ့ သိက္ခာကျ တာပေါ့ ”
“ ကျောင်းချိန် အတွင်းမှာ ဆရာ တစ်ယောက်ဟာ သိက္ခာ နဲ့ သမာဓိ နဲ့ စောင့်ထိန်းသင့် စောင့်ထိန်းအပ်တာတွေ စောင့်ထိန်းရမယ်ဆိုတာ ကျွန် တော်သိပါတယ် ။ အဲဒီ အထဲမှာ အရက်သေစာသောက်စားမူးယစ်တာလဲ ပါပါတယ် ။ ဒါပေမယ့် ကျောင်းပြင် မှာ ဆရာ တစ်ယောက်ဟာ သူ့ လွတ်လပ်ခွင့် နဲ့ သူ လုပ်ချင်တာ လုပ်နိုင်ခွင့် ရှိပါတယ် ”
“ အဲဒီ ဆရာ ဟာ ဒီ ကျောင်းဝင်း ထဲမှာ နေတဲ့ အတွက် ကျောင်းချိန် ကျောင်းပြင် ဆိုတာ မရှိတော့ဘူး ”
“ ဒီလိုဆိုရင် ကျွန်တော် ဒီ ကျောင်းဝင်း ထဲက ထွက်ပေးပါ့မယ် ”
“ မထွက်ရဘူး ”
တင်တင်ဝေ ၏ အသံ မှာ ကျယ်လောင်စွာ ထွက်သွားသဖြင့် နံရံ ဟို ဘက်တွင် ရှိနေသာ အကြိုတက္ကသိုလ်ဝင်တန်းသားများ မှာ စာရေး နေရာမှ ခေါင်းမော့၍ နားစွင့်နေကြသည် ။
တင်တင်ဝေ သည် နှုတ်ခမ်းများ ဆတ်ဆတ်တုန် နေသည် ။ မျက်လုံး အိမ်အတွင်း မှလည်း မျက်ရည်များ ဝဲကျလာ၏ ။ ကိုဖုန်းဝေ သည် တင်တင်ဝေ ကို အလန့်တကြား ကြောင်ငေး၍ ကြည့် နေပြီးမှ ကမန်းကတန်း ရုံးခန်းတံခါး ကို သွား ပိတ်လိုက်၏ ။
“ တံခါး မပိတ်နဲ့လေ ၊ ဖွင့်ထားပါ ”
ကိုဖုန်းဝေ က တံခါးပိတ်ရာမှ ပြန်လာပြီး စားပွဲရှေ့ တွင် မတ်တတ်ရပ်လျက် “ တိုးတိုး ပြောပါ … ။ ဝေ ဣန္ဒြေဆောင်ပါ ။ ကျွန်တော် တောင်းပန်ပါတယ် … ” ဟု လေသံဖြင့် သတိပေး လိုက်၏ ။
တင်တင်ဝေ သည် လက်ကိုင်ပဝါ ထုတ်၍ မျက်ရည်များ ကို သုတ်နေသည် ။ ထို့နောက် ခေါင်းကို ငုံ့ထားရင်း စကား ကို ဖြည်းဖြည်းပြောသည် ။
“ ယောက်ျားတွေ ဟာ သူတို့ လိုချင်တာရှိရင် ဇွတ် ယူချင်ကြတယ် ။ အပေးအယူ ဆိုတာတွေ သူတို့မှာ မရှိဘူး ။ မရရင် အရွဲ့တိုက်ကြတယ် ။ မိန်းမသားတွေ မှာတော့ သူတို့ လို လုပ်လို့လည်း မရဘူး ။ လုပ်ချင်ပေမယ့် သဘာဝက သူတို့ လို ဇွတ် လုပ်ခွင့် မပေးဘူး ။ ယောက်ျားတွေ ဟာ သူတို့ ကိုယ် သူတို့ မဟာဖိုတွေ ဆိုပြီး သဘောထား ကြီးသယောင်ယော င်နဲ့ တစ်ကိုယ်ကောင်း အင်မတန် ဆန်တတ်တယ် ။ တစ်ဖက်သား ကို ညှာတာဖို့ ဆိုတာ သူတို့မှာ မရှိဘူး … ”
ကိုဖုန်းဝေ က ဘာမျှ မပြောဘဲ ဝေ ပြောနေသည် ကို ငြိမ်၍ နားထောင်နေ၏ ။
“ အခုဟာကတော့ မိန်းမ တစ်ယောက် နဲ့ ယောက်ျား တစ်ယောက် အလိုဆန္ဒချင်း ပြိုင်ဆိုင် နေကြတာ မဟုတ်ဘူး ။ ဒါထက်ပိုပြီး အဓိပ္ပာယ် ရှိရလိမ့်မယ် ။ ခုနက ဝေ အားနည်းချက် ဝင်သွားတယ် ။ ကိုယ့် ကိုယ် ကို တင်တင်ဝေ အနေနဲ့ ခံစားမိ လိုက်ပါတယ် ။ တောင်းပန်ပါတယ် ။ ကျောင်း တစ်ကျောင်း ကို အုပ်ချုပ်နေတဲ့ ဆရာမ တစ်ယောက် အနေနဲ့ ပြတ်သားရမှာ ပေါ့ မဟုတ်ဘူးလား … ”
“ ပြောပါ ။ ကျွန်တော် နားထောင် နေပါတယ် ။ ဝေ ဘာလိုချင်လဲ အားလုံး ဖြစ်စေရပါမယ် … ”
“ ကျွန်မ လိုချင်တာက ဆရာ ဒီ ကျောင်းဝင်း မှာ အရက် မသောက်ဖို့ပါပဲ ။ တခြား နေရာမှာတော့ လုပ်ချင်တာ လုပ်ပါ ။ ဆရာ သုံးနေကျ စကား အတိုင်းပေါ့လေ ။ ကိုယ်ပိုင် လွတ်လပ်ခွင့်အရပေါ့ … ”
“ ကောင်းပါပြီ ဆရာမကြီး ။ ကျွန်တော် ဘာလုပ်ရမယ် ဆိုတာ သဘောပေါက်ပါတယ် … ”
ကိုဖုန်းဝေ သည် ရုံးခန်းတံခါး ကို ဖွင့်၍ အပြင်သို့ တိတ်ဆိတ်စွာ ထွက်သွားလေသည် ။
▢ မောင်ကိုယု
📖 မနေ့က လရောင် အောက်မှာ
No comments:
Post a Comment