တင်တင်ဝေ သည် ယခုမှပင် လက်သည် တရားခံ ကို ရိပ်စားမိတော့သည် ။
“ တကယ်ရူးတဲ့ ကိုဖုန်း ”
“ ဘယ်လိုလဲ မသိဘူး ။ လူချင်း တွေ့တော့ မထုံတက်သေးနဲ့ မခုတ် တတ်တဲ့ ကြောင်လိုပဲ ။ ချစ်ရင်လဲ ချစ်တယ်လို့ ပြောလိုက်ပါလား ။ အခုတော့ မဟုတ်ဘူး ။ ညနေ တစ်ခေါက် ည တစ်ခေါက် ရစ်သီရစ်သီ လုပ်နေတယ် ။ ဝေ ကလည်း မဆွတ်ခင်က ညွှတ်ချင်နေပါသတဲ့ရှင် … ”
တစ်ကိုယ်တည်း အတွေးနယ်ချဲ့ရင်း ပြုံးလိုက်မိ၏ ။ တကယ်ဆိုတော့ ဤမျှ ရင်းနှီးကျွမ်းဝင်လာပြီး တပူးတွဲတွဲ သွားလာခဲ့ ပြီးနောက် ကိုဖုန်းဝေ က ဘယ်တော့များ သူ့ကို ချစ်ရေးဆိုပါမည်လဲ ဟု တင်တင်ဝေ စောင့်မျှော် နေခဲ့သည်မှာ ကြာပြီ ဖြစ်လေသည် ။ သို့သော် ကိုယ်တော်ချော က တစ်ခွန်းတစမျှ နှုတ်ခွန်းက မဟဘဲ ဖြစ်နေသည် ။ ယခု တော့ သူ လုပ်ပုံတွေက နှုတ်မှ မပြောသော်လည်း မိမိ အား ချစ်နေပြီ ဖြစ်ကြောင်း ကို တင်တင်ဝေ က အမျိုးသမီးတို့၏ သဘာဝ အသိစိတ်ဖြင့် နားလည်ထားပြီး ဖြစ်လေသည် ။
“ နေနှင့်ဦး ၊ မနက်ဖြန် ညနေကျမှ ကိုယ်တော်ချော ကို ချောင်ပိတ် ဖမ်းလိုက်မယ် … ”
တင်တင်ဝေ အဖို့ ယနေ့ည သာသော လသည် ယခင့်ယခင် လများ ထက် ပို၍ လှနေပါသည် ။
“ မနေ့ည ကလေ အဆောင် ရှေ့မှာ အမျိုးသား တစ်ယောက် ဂီတာ တစ်လက် နဲ့ တစ်ညလုံး ဝေတို့ ကို ပျော်တော်ဆက် သွားတယ် သိလား ။ အဲဒီ အမျိုး သားဟာ သိပ်သနားစရာကောင်းတာပဲ သိလား ကိုဖုန်း ။ အခုလို လာပြီး အလွမ်းဖြေ နေတာ ဆယ်ကြိမ် မကတော့ဘူး ။ ဒီ အဆောင်မှာ သူ့ အမျိုးသမီး တစ်ယောက် တော့ ရှိနေပြီထင်တယ် … ”
တင်တင်ဝေ ၏ ပြောစကား ကို ကိုဖုန်းဝေ သည် ငေးပြီး နားထောင် နေသည် ။ ဘာမျှတော့ ပြန် မပြောပေ ။ တော်တော်ကြာမှ “ လမ်းလျှောက်ရအောင် … ” ဟု ပြောရင်း ကု,လားထိုင်မှ ထလိုက် သဖြင့် တင်တင်ဝေ မှာ မတတ်သာတော့ပဲ ထလိုက်သွားရတော့ ၏ ။ သထုံလမ်း ပေါ် ရောက်တော့ တင်တင်ဝေ က သူ့ စကားကို ပြန် ဆက်သည် ။
“ ဆရာကြီး ဝေ ပြောတာ ကြားရဲ့လား ။ ဂီတာ တစ်လက်နဲ့ ခဏခဏ လာပြီး အလွမ်းသယ် နေတဲ့ အမျိုးသား ဟာ ဘယ်သူလဲ ဆိုတာ ဝေ သိချင်တယ် ”
“ သိတော့ကော ဝေ က ဘာလုပ်မှာလဲ ”
“ အို … သိချင်တာကို သိတော့ ကောင်းတာပေါ့ ။ ပြီးတော့ … ”
ဝေ က စကားကို မဆက်ဘဲ ရပ်ထားလိုက်၏ ။
“ ပြီးတော့ ဘာဖြစ်သလဲ ဝေ ”
“ ဘာမှမ ဖြစ်ပါဘူး ။ ဒီ တက္ကသိုလ်မှာ ဒီ ဂီတာမျိုး ကို ဒီ လက်သံနဲ့ တီးတာ တစ်ယောက်တည်း ရှိတယ် ဆိုတာ ပြောချင်လို့ပါ ။ ပြီးတော့ မနေ့ ည က နောက်ဆုံး ဆိုသွားတဲ့ သီချင်း ဟာ ဂီတနက်သံ ကိုစောညိန်း ရဲ့သီချင်း ဆိုတာ သိတဲ့ ကျောင်းသူတွေ က ပြောကြတယ် ။ သိပ်လည်း ကောင်းတယ် ”
ကိုဖုန်းဝေ သည် ဘာမျှ ပြန်မပြောဘဲ မျက်နှာထား တည်တည် နှင့် နှုတ်ဆိတ် နေပေရာ တင်တင်ဝေ မှာ စိတ်မရှည်နိုင်အောင် ဖြစ်လာရာမှ လမ်းလျှောက် လာရင်း ကိုဖုန်းဝေ ၏ လက်မောင်းကို သတိ မထားလိုက်မိဘဲ လှမ်းဆွဲလှုပ်ခါမိလျက်သား ဖြစ်သွား၏ ။
“ ဒီမှာ ကိုဖုန်း အဲဒီလိုတော့ မထုံတက်သေး လုပ်မနေနဲ့ ။ အဲဒီ - လူဟာ ကိုဖုန်း မဟုတ်လား ။ ဝေ သိတယ် ။ ဝေ သိတယ် ။ ဘာမှ ညာမနေ ဖုံးမနေနဲ့ ”
ကိုဖုန်းဝေ က မထိတထိ ပြုံးလိုက်သည် ။
“ ညာလဲ မညာဘူး ။ ဖုံးလဲ မဖုံးဘူး ဝေ က သိလျက်သားနဲ့ ဟန်ဆောင်ပြီး ဘာဖြစ်လို့ မေးနေရသေးလဲ ”
“ အမယ်မယ် .. ၊ လူ ကို တရားခံ မလုပ်ပါနဲ့ ၊ ကိုယ်တော်လေး ရယ် ။ ဒီကသိချင်တာက ရွှေဘိုဆောင် ကနေ ဒီလောက် ဝေးတဲ့ နေရာ ကို မှ လာပြီး ဂီတာ တီးရတာက ဘာသဘောလဲ ဆိုတာပါပဲ ”
“ ဒီအဆောင် မှာ ကျွန်တော် တီးတာကို နားထောင် စေချင်တဲ့ အမျိုးသမီး တစ်ယောက် ရှိလို့ပေါ့ … ”
တင်တင်ဝေ က ငြိမ်ပြီး နားထောင်နေသည် ။ ရင်ခုန်မောဟိုက်စွာ ဖြင့် ကိုဖုန်းဝေ ရှေ့ဆက်မည့် စကားကို သာ မရဲတရဲ စောင့်မျှော်နေမိ၏ ။
“ အဲဒီ အမျိုးသမီးဟာ ဝေ ပဲ ဆိုတာ ဝေ သိပြီးသား နေမှာပါ ”
“ ဒါက သွယ်ဝိုက်ပြီး ချစ်ရေးဆိုတဲ့ စကားလား ၊ ဟင် ဆရာကြီး ”
“ ဟင့်အင်း ချစ်ရေး မဆိုပါဘူး ။ ချစ်ရေး ဆိုစရာ မလိုပါဘူး ”
တင်တင်ဝေ က ရှက်ရယ်ကလေး ရယ်လိုက်၏ ။
“ ဘယ်သူ့ ဆီကမှ အချစ် ကို မတောင်းခံပါဘူး ။ ကိုယ့် ဘာသာ ကိုယ် ချစ်နေရ ရင် ပြီးတာပဲ ။ ကျွန်တော် ဝေ့ ကို ချစ်တယ် ဆိုတာ ခွင့်တောင်းစရာလည်း မလိုဘူး ။ အသိ ပေးစရာလည်း မလိုဘူးလို့ ထင်တယ် ။ ဒါကြောင့် ကျွန်တော် တစ်ယောက် တည်း ကိုယ်ပိုင် လွတ်လပ်ခွင့်နဲ့ ချစ်နေတာ .. ”
“ အလဲ့ … တကယ့် ပုဂ္ဂိုလ်ကြီးပါလား ။ ဒါဖြင့် ဝေ က ကိုဖုန်း ကို ချစ်နေလား ၊ မချစ်နေဘူးလား ဆိုတာ ကို ရော မသိချင်ဘူးလား … ”
“ သိတော့သိချင်တာပေါ့ ။ ဒါပေမယ့် မချစ်ဘူး ဆိုတဲ့ စကားကို ကြားရမှာ စိုးလို့ ချစ်သလားလို့ မမေးရဲဘူး ။ မသိရဘဲ ကိုယ့် ဘာသာ ကိုယ် ချစ်နေရတာက အရင်း မဆုံးဘူး .. ”
“ ဒါဖြင့် ဝေ ဆီ ကို ဘာဖြစ်လို့ လာသေးလဲ ၊ ညတိုင်း လာပြီး အလွမ်းသယ် နေတာလဲ ”
“ ဒါက ကျွန်တော့် အတွက် လာတာပဲ ။ ဝေ့ ကို တွေ့ရရင် ကျွန်တော် စိတ်ချမ်းသာတယ် ။ ကျွန်တော် ပျော်တယ် ။ ဒါကြောင့် လာတာပေါ့ ။ ကိုယ် ကျိုး နဲ့ လာတာပဲ ၊ ဝေ့ အတွက် လာတာ မဟုတ်ဘူး ”
“ သိပ် ကြီးကျယ်မနေနဲ့ ကိုယ်တော် ။ ရှင် က မမေးပေမယ့် ကျွန်မ တင်တင်ဝေ က ပြောချင်လို့ကို ပြောလိုက်ရဦးမယ် ၊ ကိုယ်တော်လေး ကို ကျွန်မ က သိပ်ချစ်ပါတယ်ရှင် ၊ ချစ်တာမှ သိပ်ကို ချစ်ပါတယ် … ၊ ကဲ သိပြီလား … ”
တင်တင်ဝေ သည် ရင်ထဲ မှ လှိုက်၍လှိုက်၍ တက်လာသော ဒေါသ စိတ်ကို မမျိုသိပ်နိုင်တော့ သဖြင့် ကိုဖုန်းဝေ ကို လှမ်းမကြည့်တော့ဘဲ အဆောင်ဘက်သို့ ပြန် လျှောက်လာသည် ။ ကိုဖုန်းဝေ က သူ့ နောက်က လိုက်ပြီး တောင်းပန် ပြောလာလိမ့်မည် ဟု မျှော်လင့်မိသော်လည်း အဆောင် ရှေ့ရောက်၍ သထုံလမ်းဘက် ပြန် လှမ်းကြည့်မိသောအခါ ကိုဖုန်းဝေ ၏ နောက်ကျောကို သာ ခပ်ဝါးဝါး မြင်နေရသဖြင့် သက်ပြင်း ကို သာ ချရင်း အဆောင်တွင်း သို့ ဝင်သွားရတော့သည် ။
••••• ••••• •••••
မနေ့က မညီညွတ်သော စကား အပေးအယူတို့ဖြင့် လမ်းခွဲခဲ့ကြသော်လည်း နောက်နေ့ ညနေ ဧည့်ချိန်တွင်မူ ကိုဖုန်းဝေ သည် တီတီစီအဆော င်ဧည့်ခန်း သို့ ရောက်မြဲ ရောက်နေပြန်သည် ။ မနေ့က ဘာမျှ မဖြစ် သကဲ့သို့ ဟန်မပျက် ပင် တင်တင်ဝေ ကြိုက်တတ်သော မော်လမြိုင်ရှောက်သီးဆေးပြားထုပ် ကလေးကို လက် က ကိုင်လျက် တင်တင်ဝေ အလာ ကို ရပ်စောင့် နေသည် ။
တွေ့ပြန်တော့လည်း တင်တင်ဝေ အဖို့ မကျေနပ်ချက်တွေ မေ့ ပျောက်ကုန်ပြီး နှစ်ဦးသား ပျော်ပျော်ရွှင်ရွှင် ညနေခင်း ကို စကားတွေ ဖောင်လောက်အောင် ပြောပြီး အချိန် ကုန်စေခဲ့ကြလေသည် ။
ဤသို့ဖြင့်ပင် ကိုဖုန်းဝေ နှင့် တင်တင်ဝေ တို့၏ မေတ္တာလမ်းခရီး မှာ အယူအဆချင်း မတူသည့်အခါ အငြင်းပွားကြရင်း အပြန်အလှန် စိတ် ကောက်ကြရင်း ချစ်သူတို့ ဘာဝ ချော့ပြန်လျှင် ပျော့၍ တစ်ယောက် အလိုကို တစ်ယောက်က လိုက်၍ ကုန်လွန်ခဲ့ကြပါသည် ။
“ ကိုဖုန်း စာကျက် ပျက်တယ် ညည မလာနဲ့ကွယ် ” ဟု တင်တင်ဝေ က တားမြစ်လိုက်မိသည့် ည တွင် ကိုဖုန်းဝေ သည် အဆောင်ရှေ့၌ တစ်ယောက်တည်း ဂီတာ တစ်လက်ဖြင့် ညလုံးပေါက် နေသွားတော့သည် ။ တစ်စွန်းတစ ရိပ်မိ သိရှိကြသူ အဆောင်သူ အချို့က နောက်ကွယ်မှ ပြောကြ ဆိုကြ ခင်မင်သူများက တင်တင်ဝေ အား နောက်ကြပြောင်ကြ ရှက်လွန်းလို့ ငိုခဲ့ရပြန်လေသည် ။
နောက်တော့ “ ကိုယ်တော့် သဘောပါပဲ ” ပြောလိုက်မှ ညစဉ် မလာ တော့ပဲ သူ့ ဘာသာ ဆင်ခြင် သွားလေသည် ။ တစ်ခါက တင်တင်ဝေ သည် ကိုဖုန်းဝေ ရောက်နေကြောင်း သိရပြီး နောက် ချက်ချင်း ဆင်းမလာမိဘဲ ရေချိုး အဝတ်အစား လဲနေမိသည် ။ ဧည့်ခန်း ကို ဆင်းလာတော့ ကိုဖုန်းဝေ မှာ ပြန်တော့မည် ဟု ဝင်းဝ သို့ ရှေးရှု နေလေပြီ ။ တင်တင်ဝေ က နောက်မှ အတင်း လိုက်သွားရ၏ ။
“ ဘယ်လို ဖြစ်တာလဲ ဆရာကြီး … “
“ ဘယ်လို ဖြစ်ရမလဲ ဝေ ရဲ့ ၊ စောင့်နေရတဲ့ ကျွန်တော့် အဖို့ အောက်မှာ ဘယ်လောက် ကြောင်တယ် မှတ်သလဲ ။ ဟို အမျိုးသမီး က ကြည့်သွား ဒီအမျိုးသမီး က ပြုံးစိစိ လုပ်သွားနဲ့ သိပ် အနေရ ခက်တာ ။ ဝေ က ချက်ချင်း ဆင်းလာမှပေါ့ ”
“ ထဘီစုတ် နဲ့တော့ ဆင်းမလာနိုင်ပါဘူးရှင် ၊ နည်းနည်းလေးတော့ မိန်းကလေး သဘာဝ အတိုင်း ပြင်ရဆင်ရသေးတယ် ”
“ ဝေ … ပြင်ဆင်မွမ်းမံတာ ကို ကြည့်ချင်လို့ လာတာမှ မဟုတ်ဘဲ ဘာနဲ့ ဆင်းလာ ဆင်းလာ ကိုယ့် အဆောင်ပဲ ဥစ္စာ … ”
“ အို … ရည်းစားနဲ့ ချိန်းတွေ့တာ အလှတော့ ပြင်ရမှာပေါ့ ၊ ခက်ပဲ ခက်ရချည်ရဲ့ .. ”
“ နောက်ကို ငါးမိနစ် အတွင်း ဆင်းလာပါ … နောက်ကျရင်တော့ကျွန်တော်ပြန်မှာပဲ … ”
“ ကောင်းပြီလေ ၊ မနက်ဖြန် လာခဲ့လေ … ”
ဝေ က ကိုဖုန်းဝေ ကို နှုတ်မဆက်ဘဲ အဆောင် ထဲ ပြန်ဝင်သွား သည် ။ ကိုဖုန်းဝေ က ကြောင်ပြီး ရပ်ကြည့်နေမိ၏ ။ ပြီးမှ စိတ်လျှော့လိုက်ဟန် ဖြင့် သထုံလမ်း ဘ က်သို့ ချိုးထွက် သွားတော့သည် ။
နောက်နေ့ ညနေတွင် တင်တင်ဝေ က စိတ်ကောက်ပြီး ကိုဖုန်း လာချိန်၌ အဆောင် ပေါ်မှ ဆင်းမလာဘဲ နေလိုက်ရာ ဧည့်ချိန် ကုန်၍ ခေါင်းလောင်းထိုးသည် အထိ စောင့်နေသည် ကို တင်တင်ဝေ က ကျိတ်၍ ငိုရှိုက်ရင်း ဆင်းမတွေ့ဘဲ နေလိုက်သည် ။
ကိုဖုန်းဝေ က လည်း နောက်ဆုံး၌ နေ့လယ်ကျောင်းချိန် အတွင်း တီတီစီ သို့ လိုက်လာကာ မရအရ လိုက်တွေ့သည် ။ နှစ်ဦးသား မျက်နှာချင်းဆိုင် တွေ့ကြပြန်တော့လည်း ပြေလည် သွားကြပြန်သည် ။
••••• ••••• •••••
အင်းလျားကန် ဘက်ဆီသို့ နှစ်ယောက်သား လမ်းလျှောက်ရင်း လာခဲ့ကြသည် ။ နေ့လယ် နေပူကျဲကျဲ တွင် လျှောက်လာကြသော်လည်း ချစ်သူ နှစ်ဦး အဖို့ နေမပူပါ ။
ဘုတ်ကလပ် ဘက်သို့ ဆင်းလာကြပြီး ဒေါ်ရှမ်း ၏ အကြော်ဆိုင် မှာ အကြော် ထိုင်စားခဲ့ကြသည် ။
“ နောက်ကို စိတ်မကောက်ပါနဲ့တော့ ဝေ ။ ကျွန်တော် မခံနိုင်ဘူး ။ ဝေ စိတ်ကောက် နေတဲ့ အချိန်မှာ ကျွန်တော် ခံစားရတဲ့ ဒုက္ခကို နောက်ထပ် ရင်မဆိုင်ပါရစေနဲ့တော့ နော် … ”
ဝေ က ဗူးသီးကြော်ကို ကိုဖုန်းဝေ ၏ ပါးစပ် ထဲသို့ လှမ်းခွံ့ရင်းပြုံးနေသည် ။
“ နောက်ကို ကိုဖုန်း ကလည်း ချက်ချင်း ဆင်းလာပါ ဆိုတဲ့ အမိန့်မျိုး မပေးနဲ့နော် ၊ ဟုတ်လား ”
“ ကောင်းပါပြီဗျာ ၊ ကြိုက်သလေက် အလှပြင်ပြီးမှ ဆင်းလာပါ ။ ကျွန်တော် က ဂုဏ်တောင် ယူရဦးမယ် ။ ကိုယ့် ချစ်သူ လှလေ ဂုဏ်ရှိလေပဲ ပေါ့ ။ ဟုတ်ဘူးလား ”
အကြော် စားပြီးတော့ လှေ စီးကြသည် ။ လှေပြိုင်ပွဲများ တွင် တာ လွှတ်လေ့ရှိသော ကျွန်းကလေး ၏ သစ်ပင်ရိပ်အောက် လှေဦးဆိုက်ပြီး နားကြသည် ။
“ ဝေ့ ကို ကျွန်တော် မွှေးချင်တယ် ”
“ အလဲ့ ကမ်းလှမ်းချက် ရက်ရောလှချည်လား …
“ အခု မဟုတ်ဘူးလေ နောက်တော့ ပြောတာ ။ အခုတော့ မမွှေး ရက်ဘူး ။ ဒီအတိုင်းပဲ ပါးဖောင်းဖောင်းလေး ကို ကြည့်နေချင်တယ် ။ ဝေ ရယ်လိုက်တဲ့အခါ ပေါ်လာတဲ့ ပါးချိုင့်လေး ကို လက်ကလေး နဲ့ တို့ကစား ချင်တယ်သိလား ။ နောက်မှ … နောက်မှ … ”
“ အမယ်လေး … ကိုဖုန်းရယ် လူ ကို ကြက်သီးထအောင် သိပ်လုပ်တာပဲ ။ ကဲပါ … တခြား စကား ပြောစမ်းပါ ။ ခြိမ်းခြောက်စကားတွေ ရပ် ပါတော့ ”
“ ဝေ့ လိုပဲ ကျွန်တော် ကျောင်းဆရာ လုပ်မယ် ဆိုတာ ပြောမလို့ ”
“ မော်လမြိုင်မှာ ပြန် လုပ်မလို့ဟုတ်လား ”
“ ဟင့်အင်း … စမ်းဝတီ မှာ ၊ နှလုံးလှ ဆိုတဲ့ အလွတ်ပညာသင်ကျောင်း မှာ ”
“ အမယ်မယ် ၊ တယ် ပိုင်လှပါလား ၊ ဘယ်သူက ခန့်မှာလဲ … ”
“ ဖေဖေ ဦးအောင် က ခန့်မှာပေါ့ ။ လာ … ငါ့သား … ဖေဖေ့ ကျောင်း မှာ သင်္ချာ လာပြလှည့် လို့ ခေါ်လိုက်တော့ ဟုတ်ကဲ့ ဖေဖေ ဆိုပြီး တစ်ခါတည်း ဆရာ ဖြစ်သွားရော ”
“ တကယ့် ကိုဖုန်း ပဲ ကိုယ့် စိတ်ကူး နဲ့ ကိုယ်တော့ ဟုတ်လို့ “
“ စိတ်ကူးတာ မဟုတ်ဘူး ။ တကယ် ဖြစ်လာရမှာဗျ ။ ဝေ က ဖအေ တစ်ခု သမီး တစ်ခု မဟုတ်လား ၊ ဝေ ပဲ ပြောတယ် ကျောင်း ပြီးရင် ဖေဖေ့ ကျောင်းမှာပဲ လုပ်ရမယ်ဆို ။ ဒီက အလိမ္မာ အိမ်ပါ သမက်ကြီး ဆိုတော့ ဆံထုံးနောက် သျှောင် က တစ်ကောက်ကောက် လိုက်ရမှာ မဟုတ်လား ”
တင်တင်ဝေ သည် သဘောကျစွာ တခစ်ခစ် ရယ်နေသည် ။
“ ကိုဖုန်း က ပိုင်စိုးပိုင်နင်း တကယ် ပြောတတ်တယ်နော် ၊ ကိုဖုန်း မိဘတွေတော့ ဘယ်သွား ထားမလဲ ”
“ ကျွန်တော့ ဘက်ကို ထည့် မစဉ်းစားနဲ့ ။ ကျွန်တော့် ကို တစ်ကောင်ကြွက် လို့ သဘောထားပါ ။ စမ်းဝတီ မှာ နေမယ် ။ သားတွေ သမီးတွေ ကို ”
“ ဟေ့ … ဟေ့ .… ကိုဖုန်း စကားတွေ နယ်ကျွံ လာပြီ ။ ဝေ မကြားရဲဘူး ။ တော်တော့ ”
“ ဟား … ဟား ဝေ ကလည်းကွာ ၊ နောက် ဆိုရင် ဝေကိုကို တွေ ဝေညီညီ တွေ ဝေ မွေးပေးရမှာဗျ .. ”
“ ကြည့်စမ်း … ကြည့်စမ်း … သူ နာမည်တွေ ဘာတွေတောင် ရွေးနေပြီ ။ ကဲ … ကဲ … လူ့တစ်ကိုယ်ကောင်းကြီး … မှတ်ထား … ”
တင်တင်ဝေက ကိုဖုန်းဝေ မျက်နှာကို ရေနှင့် လှမ်း ပက်လိုက်သည် ။ ကိုဖုန်းဝေ က သဘောကျစွာ တဟားဟား ရယ်နေလေတော့သည် ။
••••• ••••• •••••
နွေကျောင်းပိတ်၍ တင်တင်ဝေ မြို့ သို့ ပြန်သောအခါ ၊ ကိုဖုန်းဝေ က ညောင်လေးပင်ဘူတာ ရောက်သည် အထိ လိုက်ပို့သည် ။ တင်တင်ဝေ မြင်းလှည်းပေါ် တက်သွားပြီး ၊ မြင်းလှည်း က စမ်းဝတီမြို့ သို့ သွားရာ လမ်းအတိုင်း မောင်းသွားသည် ကို မျက်စိ မြင်ကွင်းမှ ပျောက်ကွယ်သွားသည် အထိ စောင့် နေပြီးမှ ၊ ပဲခူး သို့ ခရီးသည်တင် ဘတ်စ်ကား စီးပြီး ပြန်၍ ပဲခူး မှ တစ်ဆင့် မော်လမြိုင် သို့ ပြန်သည် ။
မိုးဦးရာသီ ကျောင်း ပြန်ဖွင့်ချိန် ရောက်၍ တင်တင်ဝေ ပြန်လာသည့် နေ့တွင် ကိုဖုန်းဝေ သည် ညောင်လေးပင်ဘူတာ ၌ လာ၍ စောင့်နေ၏ ။ ကိုဖုန်းဝေ သည် အချို့အချို့သော ကိစ္စများ၌ တင်တင်ဝေ ၏ အလိုကို လိုက်တတ်မြဲ ဖြစ်၍ တင်တင်ဝေ ကြိုက်တတ်သော လုံချည် အဆင်မှ ရွေး၍ဝတ်သည် ။ တင်တင်ဝေ ဝယ်ပေးသော လက်ကိုင်ပဝါ မှ ကိုင်သည် ။ တင်တင်ဝေ က ထိုးပေးသော ဆွယ်တာ ဆိုလျှင် နွေမိုးဆောင်း မချွတ်ဘဲ ဝတ်နေတော့၏ ။ ဤသို့ ဆိုပြန်တော့လည်း တဇွတ်ထိုးကလေး ချစ်သူကို တင်တင်ဝေ က ပို၍ ချစ်ရပြန်ပါသည် ။
ကိုဖုန်းဝေ က လည်း မိမိ အပေါ် အချစ်ကြီး ချစ်တတ်သော တင်တင်ဝေ တစ်ခါတစ်ရံ မာနကဲတတ်သည်ကလေး ကိုပင် ချစ်စရာ ဟု မြင်ကာ တွယ်တာမြတ်နိုးခဲ့ပါသည် ။
ကိုဖုန်း
ဒီနေ့ စာမေးပွဲ နောက်ဆုံးနေ့ ဖြေပြီးလို့ အဆောင် လဲ ပြန်ရောက် ရော ဖေဖေ ဆုံးတဲ့ သံကြိုးစာ ရောက်နေပြီ ။ ဝေ ဒီညနေ ရထားနဲ့ပဲ ပြန်ရတော့ မယ် ။ ကိုဖုန်း နဲ့သာ အတူတူ သွားရရင် ဝေ သိပ် အားရှိမှာပဲ ။ ဝေ သိပ်အား ငယ်နေတယ် ။ ဒါပေမယ့် ကိုဖုန်း စာမေးပွဲ က လကုန်မှ ပြီးမှာ မဟုတ်လား ။ ဒါကြောင့် အခု လိုက် မလာပါနဲ့တော့ ။ စာမေးပွဲ ပြီးတော့ လိုက်လာပါ ။ ဖေဖေ့ ကျောင်း ကို ဘယ်လို ဆက်ပြီး ထိန်းရမယ် ဆိုတာ တိုင်ပင်ရအောင် နော် …
ကိုဖုန်း စာမေးပွဲ ဖြေနိုင်ပါစေ ။
ဝေ
ကိုဖုန်းဝေ သည် စာ ကို ဖတ်ရင်း ခုတင် ပေါ်တွင် ထိုင်ပြီး ငိုင်နေသည် ။ ပြီးတော့မှ ဆုံးဖြတ်ချက် တစ်ခုကို ပိုင်ပိုင် ချလိုက်ကာ အထုပ်အပိုး စ၍ ပြင်တော့သည် ။
ဘူတာရုံ ကို ရောက်နှင့် နေသော ကိုဖုန်းဝေ ကို မြင်လိုက်ရသော အခါ တင်တင်ဝေ သည် အံ့သြတကြီး ဖြစ်သွားသည် ။
“ ဘာဖြစ်လို့ လိုက်လာတာလဲကွယ် ”
ခရီး ရောက်မဆိုက် တင်တင်ဝေ က မေးလိုက်၏ ။
“ နာရေးကိစ္စ ကို ဝေ တစ်ယောက်တည်း ဘယ်လို စီစဉ်မလဲ ။ ဒီ ကိစ္စ မှာ ကျွန်တော် လိုက်ဖို့ လိုတာပေါ့ ။ ဒါကြောင့် လိုက်လာတာပဲ … ”
“ စာမေးပွဲ မပြီးသေးဘူး ဟုတ်လား ”
“ ဇွန် ကျမှ ဖြေတော့မယ် ”
“ ကိုဖုန်း ရယ် ကြေကွဲစရာ ကြုံနေရတဲ့ အထဲမှာ ကိုဖုန်း နဲ့ အငြင်း မပွားချင်ပါဘူးကွယ် ။ ကြိုက်သလို သာ လုပ်တော့ ဝေ လဲ မပြောတတ်တော့ဘူး ”
▢ မောင်ကိုယု
📖 မနေ့က လရောင် အောက်မှာ
No comments:
Post a Comment