အခန်း ( ၄ )
နာရေးကိစ္စ ပြီးစီးသွားသော အခါ ကျောင်း ပြန်လည် ဖွင့်လှစ်ရေး အစီအစဉ် ကို ပြုလုပ်ရသည် ။ ဆရာမကြီး ဒေါ်တင်တင်ဝေ က ဖခင် ၏ နေရာကို တာဝန် ယူရန် ဖြစ်ပြီး နဂိုရှိမြဲ ပင်စင်စား ကျောင်းဆရာကြီးဟောင်း နှစ်ယောက် ဦးလှထွန်း နှင့် ဦးအေးလှိုင် တို့ ကိုလည်း ဆက်လက်၍ ထို ကျောင်း တွင်ပင် သင်ကြား ပြသပေးရန် ဖြစ်၏ ။
ကိုဖုန်းဝေ က လည်း ဇွန်လ စာမေးပွဲသွား ဖြေပြီး ၊ စမ်းဝတီမြို့ကလေး သို့ ပြန်လာကာ ၊ ဤကျောင်း တွင် သင်္ချာဘာသာရပ် ကို တာဝန်ယူ ပြသဖို့ သဘောတူထားသည် ။
ယခု ယာယီ အစီအစဉ် အဖြစ် စာသင်ဆောင် အတွင်း ရုံးခန်းလေး ရှိ အခန်းလွတ် တွင် ကိုဖုန်းဝေ က တည်းခို နေထိုင်သည် ။
တင်တင်ဝေ ကတော့ ဖခင် ခေါင်းချသွားရာ နေအိမ် မှာ နေထိုင်သည် ။
တစ်မြို့လုံး က သူတို့ ကြည်ညိုအားထားခဲ့ရသည့် ဆရာကြီး ကွယ်လွန် သွားသဖြင့် ဝမ်းနည်းတသကြ သော်လည်း ဆရာမကြီး ဒေါ်တင်တင်ဝေ ရောက်လာပြန်တော့ တစ်မျိုး စိတ်ချမ်းသာကြရ၏ ။ ထို့အပြင် ဆရာ တစ်ယောက် လည်း အသစ် တိုးလာ သဖြင့် အားတက်စရာ ဖြစ်မိကြ၏ ။ သို့သော် ဆရာမကြီး ဒေါ်တင်တင်ဝေ နှင့် ဆရာဦးဖုန်းဝေ တို့၏ ဆက်သွယ်မှု ကို မူ အမှန်တကယ် မသိရှိနိုင်ကြသေးပေ ။
သင်္ကြန်အခါရက် လွန်သောအခါ တင်တင်ဝေ က ကိုဖုန်းဝေ အား ၊ ရန်ကုန်သို့ ပြန်၍ စာမေးပွဲ အတွက် ပြင်ဆင်ရန် သတိပေး နေရသည် ။ ကိုဖုန်းဝေ က နေ့ရွှေ့ညရွှေ့ လုပ်နေ၏ ။
“ ရန်ကုန် သွားဖို့ စီစဉ်လေ ၊ စာမေးပွဲဝင်ခွင့် လျှောက်လွှာလဲ တင်ရဦး မယ် ။ စာမေးပွဲ ဝင်ကြေးလဲ အချိန်မီ သွင်းရဦးမယ် မဟုတ်လား ”
“ သွားပါ့မယ်ဗျာ ။ ခဏခဏ နှင်မနေပါနဲ့ ။ ဝေ က ကိုဖုန်း ဒီမှာ ရှိနေတာကို မမြင်ချင်ဘူးလား ”
“ အဲဒီလို အထအန မကောက်နဲ့ကွယ် ။ စာမေးပွဲ ဖြေဖို့က အရေးကြီး လို့ ပြောနေတာ ။ ဒါပြီးရင် ဒီဂရီ ရပြီး ဝေတို့ လက်ထပ်ကြတဲ့ အခါ ကိုဖုန်း အတွက် တင့်တယ်ဖို့ လိုတယ် မဟုတ်လား ။ ဣန္ဒြေ လဲ ရတာပေါ့ ”
ကိုဖုန်းဝေ က စွေ၍ တင်တင်ဝေ ကို ကြည့်လိုက်သည် ။ ထို့နောက် ဘာမပြော ညာမပြောနှင့် အိမ်ပေါ်မှ ဆင်းသွားပြီး သူ စတည်းချ နေထိုင်ရာ စာသင်ဆောင် ဘက် သို့ ကူးသွားတော့၏ ။
ထိုနေ့ ညနေ တွင်ပင် ကိုဖုန်းဝေ သည် လွယ်အိတ် လွယ်၍ မြင်းလှည်း တစ်စီး ရှာကာ ၊ ညောင်လေးပင်ဘူတာ သို့ ရန်ကုန်ရထား အမီ ထွက်ခွာသွား ပေသည် ။
••••• ••••• •••••
တင်တင်ဝေ သည် ပါးစပ် ဟောင်းလောင်း ဖြင့် ကိုဖုန်းဝေ ကို ကြောင်၍ ကြည့်နေသည် ။
မနေ့က ညနေ ကပင် ရန်ကုန်သို့ ထွက်သွားသော ကိုဖုန်းဝေ သည် ယနေ့ နံနက်စောစော အထုပ်အပိုး နှင့် ပြန်ရောက်လာသည် ။
“ ကျွန်တော် ပဲခူး က ပြန် လှည့်လာတာ ။ ကုန်ကား နဲ့ ညောင်လေးပင် ကနေ ဒီကို လျှောက်လာတာ ”
“ ဒီ ၁၄ မိုင် ခရီးကို ဒီအတိုင်း ကုန်းကြောင်း လျှောက်လာတယ် ဟုတ်လား ။ ဖြစ်မှဖြစ်ရလေကွယ် ။ အခု တစ်ညလုံး မအိပ်ခဲ့ရသေးဘူးပေါ့ ဟုတ်လား ”
“ ဟုတ်တယ် ။ မအိပ်ရသေးဘူး ”
“ ကဲ ကဲ ဒါဖြင့် အိပ်လိုက် ၊ နားလိုက်ဦး ။ ဝေ ကော်ဖီ ပို့လိုက်မယ် ”
“ ကျွန်တော် ပြန်လာရတဲ့ အကြောင်း မအိပ်ခင် ဝေ့ ကို ပြောပြချင် ပြီးတော့မှ အိပ်မယ်… ”
“ အိပ်ရာက နိုးတော့ အေးအေးဆေးဆေး ပြောတာပေါ့ကွယ် ။ မဟုတ်ဘူးလား … ”
“ ဟင့်အင်း … အခု ပြောမယ် ။ အရေးလဲ ကြီးတယ် ”
“ ဘာများ ဒီလောက် အရေးကြီး နေရတာလဲ ။ နားနားနေနေ ပြောလို့ရတဲ့ ဥစ္စာ ။ ဝေ က ဘယ်ထွက် ပြေးမှာမို့ အခု ချက်ချင်း ပြောရမှာလဲ ၊ ကိုဖုန်း အိပ်ပြီးလို့ နိုးလာတဲ့အခါ ပြောပေါ့ ”
“ မဖြစ်ဘူး ။ ထိုင်ပါဦး ဝေ ။ ခဏလေးပါ ”
တင်တင်ဝေ က မတတ်သာတော့ဘဲ ဧည့်ခန်းကုလားထိုင်တွင် ထိုင်လိုက်ရ၏ ။ ထိုတော့မှ ကိုဖုန်းဝေ သည် သူ့ အထုပ်ကို ချ၍ ကုလားထိုင် လွတ်တွင် ဝင်ထိုင်လိုက်သည် ။ ကိုဖုန်းဝေ ၏ မျက်နှာမှာ အိပ်ပျက်ခရီးပန်း ထားသဖြင့် ချောင်ကျ နေသော်လည်း မျက်လုံးတို့ ကမူ အရောင်တောက်၍ လေးနက်သော အသွင်ကို ဆောင်နေသည် ။
“ ကျွန်တော် ဘာကြောင့် ပြန်လာရတယ် ဆိုတဲ့အကြောင်း စပြောရလိမ့်မယ် ”
“ ပြောပါ ။ ဝေ လဲ အဲဒါကို သိချင်ပါတယ် ”
“ ကျွန်တော် စာမေးပွဲ မဖြေတော့ဘူး ”
တင်တင်ဝေ ၏ နှုတ်ပါးစပ်မှ “ အို .. ” ဟူသော စကားတစ်လုံး သာ ထွက်နိုင်ပြီး ၊ ကိုဖုန်းဝေ ကို အံ့ဩသော အသွင်ဖြင့် စိုက်ကြည့် နေလိုက် မိ၏ ။ ကိုဖုန်းဝေ ကတော့ ကုလားထိုင် ပေါ်တွင် ခါးကို မတ်မတ် ထားပြီး လက်ကို ပိုက်ကာ ခေါင်းကို ကြမ်းပြင်သို့ စိုက်ကြည့်နေသည် ။ ထို့နောက် သူ စကား ဖြည်းဖြည်းချင်း ဆက် ပြောသည် ။
“ စာမေးပွဲ မဖြေတော့ဘူး ဆိုတာ တစ်သက်လုံးတော့ မဟုတ်ပါ ဘူး ။ အနည်းဆုံး ဝေ နဲ့ ကျွန်တော် လက်ထပ် ပြီးသည် အထိတော့ ကျွန်တော် စာမေးပွဲ မဖြေသေးဘူးလို့ ဆုံးဖြတ်လိုက်တာပါ ”
“ အကြောင်းက … ”
တင်တင်ဝေ က အသံ တိုးတိုးဖြင့် စကား ထောက်လိုက်၏ ။
“ အကြောင်းကတော့ ဝေ က မနေ့က ပြောလိုက်တယ် မဟုတ်လား ။ လက်ထပ်တဲ့ အခါ ကျွန်တော်က ဒီဂရီ ရထားတော့ တင့်တယ်တယ် ဆိုတဲ့ စကား ကိုလေ ။ အဲဒါကို ကျွန်တော် ဘဝင် မကျဘူး ”
“ ဪ … ဒါလား ။ ကိုဖုန်း က ဝေ့ စကားကို ကတ်လိုက်တာပေါ့ ၊ ဟုတ်လား ”
“ ဝေ့ စကားကို ကတ်တာ မဟုတ်ပါဘူး ။ ဝေ့ သဘောထား ကို မကြည် လင်တာ ။ ကျွန်တော် ရထား ပေါ်မှာ စဉ်းစားရင်း သဘောပေါက်လာတယ် ။ ကျွန်တော် ဒီဂရီ ရမှ ဝေ က လက်ထပ်ဖို့ တင့်တယ်မယ်လို့ ထင်တယ် ။ ကျွန်တော်တို့ နှစ်ယောက် ချစ်ကြမြတ်နိုးကြတဲ့ အကြားမှာ ဒီဂရီ ဟာ ရှေ့တန်း ရောက် နေရင်တော့ အဲဒီ ဒီဂရီ ကို ကျွန်တော် မယူတော့ဘူး ။ ဝေ ဟာ ကျွန်တော့် ကို ယူတာ ဖြစ်ရမယ် ။ ဒီဂရီ ကို ယူတာ မဖြစ်ရဘူး ။ ဒါကြောင့် ပဲခူး ကျတော့ ဆင်းပြီး သူငယ်ချင်း ဝင် တွေ့တယ် ။ ရွှေဘိုဆောင်အခန်း က ကျွန်တော့် ပစ္စည်းတွေ ကို သူ့ ကိုပဲ သိမ်းပေးဖို့ အကူအညီ တောင်းလိုက် တယ်ကျွန်တော် ကတော့ ကုန်ကားကြုံ နဲ့ ပြန်လာတယ် ”
“ ဒီလိုဆိုရင် ဒီကို ဘာကြောင့် ပြန်လာသေးလဲ ။ ဝေ့ ဆန္ဒကို မလိုက် လျောနိုင်ဘဲ ဒီမှာ ဘာလုပ်ဖို့လဲ … ”
“ စာမေးပွဲ မဖြေတာက လွဲရင် ဝေ့ ဆန္ဒကိုဘာမှ မလိုက်လျောစရာ မရှိဘူး ။ ဝေ့ ကို ကျွန်တော် ချစ်နေတာပဲ ။ ဝေ မနှင်သမျှ ဝေ့ အနားမှာ ကျွန်တော် တစ်သက်လုံး နေမှာပဲ ။ ဒီကျောင်းမှာ ကျွန်တော် စာပြမယ် ။ ဒီဂရီ မရပေမယ့် ၊ တက္ကသိုလ်ဝင်တန်း ကို ကျွန်တော် ကောင်းကောင်း ပြနိုင်တယ် ။ အကယ်၍ ဝေ က သဘောတူမယ် ဆိုရင်ပေါ့လေ ။ သဘောမကျဘူး ဆိုရင် တော့ ကျွန်တော် မော်လမြိုင် ကို အထုပ်ထမ်းပြီး ပြန်ရုံပါပဲ ။ လက်ထပ် တာ မထပ်တာကတော့ ဝေ့ သဘောပါ ။ ချစ်တာ မချစ်တာကတော့ ကျွန်တော့် ကိုယ်ပိုင် အခွင့်အရေးပါ ။ ကျွန်တော် ကတော့ ဝေ့ ကို ချစ်နေမယ် ။ တစ်သက်လုံး ချစ်နေမယ် ။ ဝေ က ကျွန်တော့် မျက်နှာကို မကြည့်ချင်ဘူးလို့ မပြောသမျှ ကျွန်တော် အနား က တစ်ဖဝါး မခွာဘူး ”
တင်တင်ဝေ က မဲ့ပြုံးကလေး ပြုံး လိုက်သည် ။ ချွေးစေးများ ပြန်နေ သော လက်ဖဝါး နှစ်ခုကို ပွတ်ချေနေသည် ။
“ သိပ်ဟုတ်တာပေါ့ ။ အမှတ်တမဲ့ ပြောလိုက်တဲ့ စကားတစ်ခွန်းကို ကြီးကြီးကျယ်ကျယ်တွေ တွေးပြီး ကြီးကြီးကျယ်ကျယ်တွေ ဆုံးဖြတ်လိုက် တာပေါ့ ဟုတ်လား ။ ဝေ့ ဘက် ကလည်း ပြောပါရစေဦးလေ ။ ငါ့စကား နွားရတော့ မလုပ်ပါနဲ့ ။ မိန်းမ တစ်ယောက် ဟာ အချစ် ခံဖို့သက်သက် အရုပ်ကလေး မဟုတ်ပါဘူး ။ သူ လည်းပဲ သူ့ အတွေးအခေါ်နဲ့ သူရဲ့ ရပ်တည်ချက်နဲ့ ပါပဲ … ”
တင်တင်ဝေ က အသက် ကို ပြင်းပြင်းရှူရင်း သက်ပြင်း ကို မှုတ်ထုတ်လိုက်ကာ သူ့ စကား ကို ပြန်ဆက်သည် ။
“ ဟုတ်တယ် ။ ဝေတို့ လက်ထပ်ကြတဲ့ အခါ ကိုဖုန်း ဒီဂရီ ရထားမှ တင့်တယ်မယ် ။ ဒီမြို့ကလေးအ နေနဲ့ ဝေ့ အဖို့ ဒီလောက်တော့ တင့်တောင့်တင့်တယ် အခြေအနေ လိုအပ်တယ် ။ အဲဒါထက် အရေးကြီးတာ ရှိသေး တယ် ။ ကိုဖုန်း သေသေချာချာ နားထောင်ပါ ။ ”
“ ကျွန်တော် နားထောင်နေပါတယ် … ”
“ ကိုယ့်ချစ်သူ တစ်ယောက် ရဲ့စကားတစ်ခွန်း ကို အထအန ကောက် ပြီး ကိုယ် လုပ်ရမယ့် တာဝန်ကို အကြောင်းတွေ ပြပြီး ထော်လော်ကန့်လန့် လုပ်တတ်တဲ့ ယောက်ျား တစ်ယောက်ကို လင်လုပ်ဖို့ ဝေ ဆန္ဒ မရှိဘူး ။ ဝန်ခံပါတယ် ။ ကိုဖုန်း ကို ဝေ သိပ်ချစ်ပါတယ် ။ ဒါပေမယ့် ကိုဖုန်း ခုနက ဆုံးဖြတ်ချက်ကို မပြင်မချင်း လက်မထပ်နိုင်ဘူး ။ တကယ်လို့ ချစ်လွန်းလို့ ကိုယ့် စိတ်ကို မနိုင်တော့ဘူးလို့ ထင်လာရင် ကိုယ့်ကိုယ် ကို သ,တ်သေလိုက် မယ် ။ ဒီလို အယူအဆ သဘောထား ကြီးကြီးကျယ်ကျယ်တွေနဲ့ အနိုင်ယူ တတ်တဲ့ ယောက်ျားမျိုး ကိုတော့ လင်မလုပ်နိုင်ပါဘူး ”
“ ဒါဖြင့် ကျွန်တော် ဒီမှာ ဆက် နေပြီး ဝေ တို့ရဲ့ ကျောင်း မှာ ဆရာ လုပ်ဖို့ ကိစ္စကို ဝေ ဘယ်လို သဘောထားသလဲ ”
“ ဒါက ကိုဖုန်း သဘောပဲ ။ ဝေ ကတော့ ကိုယ့် ချစ်သူ တစ်ယောက် ကိုယ့်နား မှာ ရှိတာ ကျေနပ်တာပေါ့ ။ ဒါပေမယ့် နေပါလို့တော့ မတောင်းပန်နိုင်ဘူး ။ ကိုဖုန်း ပြောသလိုပါပဲ ။ ဒါက ကိုဖုန်း ရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်ပဲ ။ ဟင်း … ဟင်း … မိန်းမတစ်ယောက် ကို မေတ္တာထားတာ ကိုယ့် အကျိုး ဆန္ဒ ဆို ကိုဖုန်း ရဲ့ အကျိုးဆန္ဒ အရ ဆုံးဖြတ်ပေါ့ … ”
တင်တင်ဝေ က ပြောပြောဆိုဆို နေရာမှ ထလိုက်သည် ။ ကိုဖုန်းဝေ ကလည်း မတ်တပ် ရပ်လိုက်ကာ တင်တင်ဝေ ၏ ရှေ့မှာ ရပ်လိုက်၏ ။
ထို့နောက် တင်တင်ဝေ ၏ ပခုံး နှစ်ဖက်ကို ကိုင်၍ သူ့ ရင်ဆီသို့ ဆွဲကပ်လိုက် ၏ ။ တင်တင်ဝေ က ကိုဖုန်း ၏ ရင်ကို ပါးကပ်၍ မှီထားလိုက်၏ ။
“ ဝေ့ ကို ချစ်တာကိုတော့ ကျွန်တော် မလျှော့နိုင်ဘူး ။ ဝေ့ အနား ကလည်း မခွာနိုင်ဘူး ။ ကျွန်တော် ဒီမှာ နေမယ်နော် ”
“ နေပါ .… ဝေ့ အနားက မခွာပါနဲ့ ။ ဝေ က မခွာစေချင်ပါဘူး … ”
ကိုဖုန်းဝေ က ဝေ ၏ နဖူးမှာ ဝဲကျနေသော ဆံယဉ်စ ကို သပ်ပေးရင်း နဖူးကို မွှေးလိုက်၏ ။
တင်တင်ဝေသ ည် ရုတ်တရက် ကိုဖုန်းဝေ ၏ ရင်ကို လက်နှစ်ဖက် နှင့် ဆောင့်တွန်းလိုက်ရင်း ၊ ခွာထွက်လိုက်သည် ။
“ ဘာဖြစ်သွားတာလဲ ဝေ … ”
ကိုဖုန်းဝေ က အံ့ဩတကြီး လှမ်းမေးသည်
“ မိန်းမတွေ ဟာ အတွေ့ မှာ အားနည်းတတ်တယ် ။ စိတ်ပျော့တယ် ။ ယောက်ျားတွေ ရဲ့ အတွေ့ မှာ မိန်းမောသွား ပြီးရင် ယောက်ျားတွေ ရဲ့ စေတဲ့ ကျွန် - ထွန်တဲ့နွား လို ဖြစ်သွားတတ်တယ် ။ ဝေ က အဲဒီလို အဖြစ် မခံနိုင်ဘူး ။ ဝေ့ မေတ္တာကို အတွေ့နဲ့ အဖုံးလွှမ်း မခံနိုင်ဘူး ၊ ဝေ ရဲ့ ရပ်တည်ချက် ကိုလည်း အတွေ့ က အနိုင်ယူ သွားတာ မခံနိုင်ဘူး ။ အဲဒီတော့ ကိုဖုန်း က ဝေ့ ဆန္ဒ နဲ့ အလိုကို မလိုက်လျောနိုင် မချင်း ခန္ဓာချင်း ရင်းနှီးတဲ့ အချစ်မျိုး မချစ်ကြတာ အကောင်းဆုံးပဲ ”
တင်တင်ဝေ က သူ့ စကား ဆုံးသွားသောအခါ မောသွားဟန်ဖြင့် ကုလားထိုင် ပေါ် ပြန် ထိုင်ချလိုက်ကာ မျက်နှာ ကို လက်တစ်ဖက်ဖြင့် အုပ်၍ အသက်ပြင်းပြင်း ရှူနေသည် ။ ကိုဖုန်းဝေ သည် တင်တင်ဝေ ကို မတ်တတ်ရပ်၍ အပေါ်မှ မိုးလျက် အတန်ကြာအောင် စိုက်ကြည့် နေ၏ ။ ထို့နောက် …. “ ကောင်းပါပြီလေ ၊ ကျွန်တော် - စောင့်ထိန်းပါမယ် ” ဟု ပြောကာ အထုပ် ကို ကောက်ဆွဲကာ ၊ ချာကနဲ လှည့်ထွက် သွားလေသည် ။
▢ မောင်ကိုယု
📖 မနေ့က လရောင် အောက်မှာ
No comments:
Post a Comment