❝ နေရဲပျော်ပျော် ❞
( ကြူကြူသင်း )
ဒေါ်မေကြည်လွင် ရင်ထဲ တွင် နာလိုက်သည် မှာ ပြောစရာ မရှိ ။ မျက်ရည်တို့သည် ဘယ်က ဘယ်လို စီးကျလာလေသည် မသိ ။ မချိအောင် နာသော ရင်နှင့် တပေါက်ပေါက် ကျဆင်းလာသည့် မျက်ရည် တို့သည် ဒေါ်မေကြည်လွင် ၏ ရင်တွင်း ခံစားချက် ၊ သောကတောင်ထု ကို သက်သေပြု နေသလိုပင် ။
မယုံချင်ပါ ။
လုံးဝ မယုံချင်ပါ ။
ကြားစကား ကို ကြားခါစ က ဟုတ်လိမ့်မည် ကို မထင် ။ သံသယ ပင် မဝင်မိ ။ ကြားလူတို့ ၏ မလိုတမာ စကား ၊ အချစ်သည်းကြသူ ၊ အချစ်ကြီးကြသူ သူတို့ ဇနီး မောင်နှံ ကို မရှုဆိတ်၍ ပြောကြသည် ။ အလွန် သာယာသော သူတို့ မိသားစုကလေး ဘဝ ပျက်အောင် ချေဖျက် နှောင့်ယှက် လို၍ ဆိုကြသည် ဟု ဒေါ်မေကြည်လွင် တစ် ယူသန် ယူမှတ်ခဲ့သည် ။
အမှန်လည်း ယုံနိုင်စရာ မရှိပေ ။သူ့ ကိုလွင် သည် တက္ကသိုလ် တွင် အတူ ပညာ ဆည်းပူးခဲ့ကြစဉ် ကတည်း က မေကြည် မှ မေကြည် ၊ တစ်လောကလုံး တွင် သူ့ ချစ်သူမှ လွဲ၍ အခြား တပါးသော မိန်းကလေးများ ကို ပြစ်မှားရန် ဝေးစွ ။ မျက်မွေး တောင် ထောင်၍ပင် မကြည့်ခဲ့ပေ ။ အလွန် သစ္စာ ရှိခဲ့သူပင် ။ တက္ကသိုလ်သက်တမ်းတစ်လျှောက် အသည်း ပေါက်မတတ် ချစ်ခဲ့ကြပြီး ပညာ ပြည့်စုံ၍ အိမ်ထောင် တစ်ခု ကို ထိန်းသိမ်း နိုင်သော အချိန်တွင် နှစ်ဘက်မိဘ တို့၏ သဘောတူ ကြည်ဖြူ ခွင့်ပေးချက် အရ လက်ထပ် ခဲ့ကြသည့် အချိန် မှာလည်း အိမ်သူ ဇနီးမယား မျက်ထား ညို အောင် ဘာ တစ်ခုမျှ မလုပ်ခဲ့ပေ ။ ကြင်ကြင်နာနာ မြတ်မြတ်နိုးနိုး ဖြင့် ဆတက်ထမ်းပိုး တိုး၍ တိုး၍ သာ ချစ်ခင်ခဲ့ သဖြင့် ဒေါ်မေကြည်လွင် မှာ အိမ်ထောင်ရေး ကံကောင်းသော မိန်းကလေး တစ်ယောက် ဖြစ်ခဲ့ပေသည် ။
သားကလေး တစ်ယောက် ၊ သမီးကလေး တစ်ယောက် တိုးပွား လာသော အခါ နှောင်ကြိုးတို့သည် ပို၍ပို၍ ခိုင်မြဲလာကာ ပျော်မွေ့စရာ ကောင်းလှသော အိမ်ထောင်ကလေး အဖြစ် ဝင့်ဝင့်ထည်ထည် ရပ်တည် နိုင်ခဲ့ပေသည် ။
သည်လို အစစ အဆင်ပြေ ချောမောလာခဲ့ရာမှ -
ဒေါ်မေကြည်လွင် သက်ပြင်းရှည်ကြီး ချလိုက်မိသည် ။
“ ကိုလွင် မှားခဲ့မိပြီ မေကြည် ၊ ဒါပေမယ့် ကိုလွင့် အမှား က နောက်ဆုတ်လို့ ရတဲ့ အမှားမျိုး မဟုတ်လို့ ”
“ တော်ပါတော့ ကိုလွင် ရယ် ၊ မေကြည် ဆက် မကြားပါရစေနဲ့ ၊ မေကြည့် ကို ဆက် မနှိပ်စက်ပါနဲ့တော့ ”
ဒေါ်မေကြည်လွင် သည်းထန်စွာ ငိုရှိုက်မိသည် ။ သူ့ ကိုလွင် က သူ့ အား မျက်ရည် သုတ်ပေးလာသော လက်များ ကို သူ နာကျည်းစွာ ဖယ်ရှား ပစ်လိုက်မိ၏ ။
“ ပါးပြင်ပေါ်က မျက်ရည်စ, တွေသာ ခြောက်ရင် ခြောက်မယ် ၊ နှလုံးသား ပေါ်က ဒဏ်ရာ ကတော့ တစ်သက်မှာ ပျောက်လိမ့်မယ် မဟုတ်ပါဘူး ကိုလွင်ရယ် ”
ရင်ထဲ မှ ပြောနေမိသော သူ့ စကားတို့ ကို ကိုလွင် ကြားလိမ့်မည် မဟုတ်ပေ ။
ဒေါ်မေကြည်လွင် ကတော့ မထင်မှတ်ဘဲ တိုက်ခတ် လာသော မုန်တိုင်းကြမ်းကြီး ကို ခုခံရန် အင်အား မရှိတော့ပေ ။
“ မေကြည်ရယ်, ကိုလွင့် ကို ခွင့်လွှတ်ပါ ၊ ကိုလွင် နောက်မဆုတ်နိုင်တာက လွဲလို့ အားလုံး မေကြည့် သဘောကျ ဖြစ်ရပါစေ့မယ် ”
ပြောရက်လိုက်တာ ။ သူ သိပ်ချစ်ရပါတယ် ၊ မြတ်နိုးလှပါတယ် ဆိုတဲ့ မိန်းမ တစ်ယောက် ၊ သူ့ ရင်သွေးတွေ ရဲ့ မိခင် တစ်ယောက် ကို မထောက်မထား သူ ပြောရက် လိုက်တာ ၊ ပြုရက်လိုက်တာ ။ နောက်မဆုတ်နိုင်တာက လွဲလို့တဲ့ လေ ၊ ရက်စက် လိုက်တာ ။
“ သွားပါတော့ ကိုလွင်, မေကြည် တောင်းပန်ပါတယ် ၊ ဒီအကြောင်း နဲ့ ပတ်သက်ပြီး မေကြည် ဘာမှ မကြားပါရစေနဲ့ သွားပါတော့ ”
“ မဟုတ်ဘူးလေ မေကြည် ၊ ပြဿနာ က ဖြစ်လာခဲ့ပြီ မဟုတ်လား ၊ ကိုလွင့် ကြောင့် ဖြစ်ခဲ့တဲ့ ပြဿနာ ကိုလွင် ဖြေရှင်းရမှာပဲ ၊ တစ်ဘက် မိန်းကလေး သိက္ခာ မကျအောင် မွေးလာတဲ့ ကလေး အတွက် ကိုလွင် ဖခင်တာဝန် ကို ယူရမှာပဲ ၊ ဒါကို တော့ ဘယ်လိုမှ ရှောင်လွှဲလို့ မရတော့ဘူး ၊ မေကြည် နဲ့ သားတို့သမီး တို့ ကိုလည်း ကိုလွင် တာဝန် ယူရမှာပဲ ၊ ဒါကလည်း ကိုလွင့် ဝတ္တရားပဲ ၊ မေကြည် အားလုံး ကို နားလည်နိုင်အောင် ကြိုးစားပါကွယ် ”
အေးဆေးတည်ငြိမ်စွာ ပြောနေနိုင်သူ က ပြောနေသော်လည်း ဒေါ်မေကြည်လွင် ၏ နှလုံးသားတို့ ကား ပေါက်ကွဲလု နီးပါးပင် ။ ပြောသူကတော့ ပြောရက် လွန်းပါပေ့ ။
ဒေါ်မေကြည်လွင် သည် သူ့ ကိုလွင် ကို တစ်ခါမျှ မမြင်ဖူးသည့်ပမာ အံ့သြစွာ ကြည့်နေမိလေသည် ။
သူတို့ အဖြစ်ကို သတင်းမေး လာသူ ငယ်သူငယ်ချင်း စိုးစိုး ကို ပြန်ပြောပြရင်း
“ မေကြည် တော့ အိမ်ထောင်သက် နှစ်ပေါင်း နှစ်ဆယ်ကျော် မှ ဒီလို အဖြစ်မျိုး ကြုံရတာ ရှက်လည်း ရှက် ၊ ရင် လည်း နာလွန်းလို့ သူ့ မျက်နှာ ကို ဘယ်တော့မှ မမြင်ပါရစေနဲ့လို့ ပြောလွှတ်လိုက်တယ် ”
“ အို ဒီလိုတော့လည်း ဘယ်ဟုတ်မလဲကွယ် ၊ ကလေးတွေ အတွက် ဦးစားပေး စဉ်းစားမှပေါ့ သူငယ်ချင်းရယ် ”
“ ကလေးတွေကြောင့်ပေါ့ စိုးရယ် ၊ မေကြည် နို့မဟုတ်ရင် ရူးတောင်ရူး မလား မသိဘူး ၊ သူ့ ကို သိပ်စိတ်နာတယ် ”
“ ဒီလောက်ကြီး စိတ်, မထိခိုက်ပါနဲ့ကွယ် ၊ လူတိုင်း လူတိုင်း ဟာ တစ်မျိုး မဟုတ် တစ်မျိုး ရုန်းကန် နေရတာပါပဲ ၊ မေကြည့် ထက် အဖြစ်ဆိုးတဲ့ လူတွေ အများကြီး ရှိပါတယ် ၊ ပတ်ဝန်းကျင် ကို ငဲ့ကြည့်လိုက်စမ်းပါဦးလေ ဟုတ်လား ”
••••• ••••• •••••
ခိုက်ခိုက်တုန်အောင် ချမ်းသော ဆောင်း၏ အအေးဒဏ် ကို ပန်းသည်မလေး ကြံ့ကြံ့ခံနိုင်ဟန် ရှိသည် ။
အနွေးထည် အစုတ်များ ကိုဝတ်လျက် တစ်နှစ် သမီးကလေး ကို ခါးထစ် ခွင်ကာ ပန်းဗန်းကြီး ကို ရွက်ပြီး ပါးစပ် မှလည်း “ ပန်းတွေနော် ပန်းတွေ ၊ နှင်းဆီပန်း ၊ စံပယ်ပန်း ၊ သပြေပန်း ” ဟု အော်ကာ အော်ကာဖြင့် ခြေတိုမတတ် လျှောက်ရင်း နေရရှာသည့် မိန်းကလေး ကို ဒေါ်မေကြည်လွင် နေ့စဉ် နှင့် အမျှ မြင်တွေ့ နေရ လေသည် ။
“ ညည်းအေ ကလေး က တစ်ဘက်နဲ့ ဈေးလျှောက် ရောင်းရတာ မလွယ်လိုက် တာ ၊ ညည်း လည်း ပင်ပန်း ၊ ကလေး လည်း ပင်ပန်း ”
တစ်ခါက ဘုရားပန်း ခေါ် ဝယ်လိုက်ရာ ပန်း ရောင်းရင်း အိမ်ရှေ့ ကပြင် တွင် ကုပ်ကုပ်ကလေး ထိုင်ပြီး သူ့သမီးကလေး ကို နို့တိုက် နေရှာသည့် သူ့ အဖြစ် ကို စိတ်မောစွာ ကြည့်ရင်း စာနာစိတ်ဖြင့် ပြောမိ၏ ။
“ အစ်မရယ်, အိမ်မှာ ယောက္ခမကြီး ပဲ ကျန်ရစ်တာ အစ်မ ရဲ့ ၊ အဘွားကြီး က အသက်က ကြီးတော့ သိပ်ပြီး မျက်စိ မကောင်းတော့ဘူး ၊ ကျွန်မ, ယောက်ျား ကလည်း ကမ်းနား သင်္ဘောဆိပ် မှာ အစောကြီး ဆင်းရတာ ၊ သူ က ကုန်တင်ကုန်ချ အလုပ်သမား လေ ၊ သားအကြီး နှစ်ယောက် ကလည်း မနက်ကျောင်း ဆိုတော့ သမီးလေး ကို ထိန်းမပေးနိုင်ဘူး ၊ ဒီလိုပေါ့ အစ်မရယ် ၊ မပြည့်စုံတော့လည်း ဒီလိုပဲပေါ့ ၊ ပန်းရောင်း ရတာလည်း မနက်ခင်းလေး တွင်ပါ ၊ ဆယ်နာရီ လောက်ဆို ကုန်သွားတာပဲ အစ်မ ရဲ့ ၊ တစ်မနက် တစ်မနက် ငါးကျပ် ၊ ခြောက်ကျပ် လောက် ကျန်တာ ဆိုတော့ လည်း မက်လောက်စရာပဲ အစ်မ ရဲ့ ”
သူ့ ဘဝဇာတ်ကြောင်း ကို ပြောနေပုံမှာ အားငယ်သံ လုံးဝမပါ ။ မကျေနပ် သည့် သဘော ၊ နာကျည်းသည့် ခံစားမှု အနည်းငယ်မျှ ရှာမတွေ့ ။ သူ့ ဘဝ ကို သူ, ပျော်မွေ့နေသည့် ပုံမျိုး ။
ပန်းသည်မလေး ကို ဒေါ်မေကြည်လွင် အံ့ဩစွာ ကြည့်နေမိသည် ။
••••• ••••• •••••
“ ကဲ လာတုန်း ဝယ်ထားလိုက်ကြနော် ၊ ဆားတွေ ဆားတွေ ၊ ဖြူဖြူဖွေးဖွေး မှုန်မှုန်လေးတွေ ၊ တစ်ပိဿာ မှ တစ်ကျပ်ခွဲတည်း ရယ် ၊ အိမ်တိုင်ရာရောက် လာပို့ နေပါပြီ ”
ထူးခြားစွာ အောင်မြင် ကျယ်လောင်လှသည့် အသံ ၊ ထို အသံရှင်သည် အသက် အစိတ်ခန့် ကောင်မလေး တစ်ဦး ၊ သနပ်ခါး ပိန်းကျားနှင့် လွယ်အိတ်စုတ်ကလေး ကို လွယ်လျက် ။
ထိုကောင်မလေး သည် သူ့ ယောက်ျား နှင့်အတူ ဆားအပြည့် ပါသော လက်တွန်းလှည်းကြီး ကို အားနှင့်အင်နှင့် ကူ တွန်းရင်း အော်ရောင်းလေ့ ရှိသည် ။ သူတို့ ဆားလှည်း ထဲတွင် ဆားများ အပြင် သူတို့၏ ရင်နှစ်သည်းချာ သားရတနာကလေး ပါ ငုတ်တုတ်ထိုင်လျက် ပါလာလေ့ရှိ၏ ။ တစ်ခါတစ်ရံ နံပြားဝါးလျက် ၊ တစ်ခါတစ်ရံ အီကြာကွေး စားလျက် ၊ တစ်ခါဟစ်ရံ ဆီးသီးများ ကို သူ့နံဘေး ရှိ ဆားများ နှင့် တို့ကာ တို့ကာ မြုံ့ လျက် ၊ သူတို့ လင်မယား ကား သားကလေး ကို ကြည့်ရင်း တပြုံးပြုံး တကုန်းကုန်း ။
မိုးတွင်းကာလ ရန်ကုန်မိုး က အမှတ်မထင် ရွာချလိုက်လျှင် သူတို့ လင်မယား ခမျာ ဆားလှည်းကြီး ကို တရကြမ်း တွန်းကာ ကသုတ်ကရက် ဖြင့် မိုးခိုစရာ နေရာ ရှာကြရှာသည် ။ တစ်ခါက ဒေါ်မေကြည်လွင် တို့ အိမ်ရှေ့ အရောက် ရုတ်တရက် မိုးရွာချလိုက်ရာ -
“ ဟဲ့ ကလေးတွေ လာ လာ, ဒီအောက်ထဲ တွန်းခဲ့ကြ ”
ပျာယာခတ် သွားကြသူ ကလေးများ ကို လှမ်း ခေါ်လိုက်မိ၏ ။ သူတို့ သည် တွန်းလှည်းကြီး ကို တဂျောင်းဂျောင်း မြည်အောင် အပြင်း တွန်းကာ ဆင်ဝင်အောက် သို့ ဝင်လာကြ၏ ။
“ ဆားတွေ ရေစို ကုန်ပါပေါ့လား, ဟယ် ၊ ကလေး လည်း ရွှဲလို့ ”
“ မိုးတွင်း မှာတော့ အဆင်မပြေတဲ့ အခါ ဒီလိုပဲ အန်တီ ရဲ့ ၊ ဟား ဟား ငါ့သား လည်း ချမ်းနေပြီ ထင်တယ် ၊ လာခဲ့, ဒီနား ... ဖေဖေ ရေသုတ်ပေးမယ် ”
ကောင်လေး က ဒေါ်မေကြည် ကို ဖြေရင်း သားကလေး ကို လှမ်းပွေ့ ချီယူ လိုက်၏ ။ သူ့ ခါးဝတ်ပုဆိုး ခါးပုံစ ကို ဖြေကာ ခေါင်းမှ ရေများ ကို သုတ်ပေးလိုက်၏ ။
“ ဟေ့ မိန်းမ ၊ နောက်နေ့တွေ တော့ သားသား အတွက် အင်္ကျီ အပိုလေး ထည့်ခဲ့မှဖြစ်မယ် ၊ မင်း ကော တော်တော် စိုသွားလား ၊ ရေသုတ်ချင် ရင် ငါ့ ပုဆိုး ချွတ်ပေးမယ်လေကွာ ”
ပြောလိုက်ပုံ က စပ်ဖြဲဖြဲ ။ ကောင်မလေး က မျက်စောင်း ထိုးရင်း -
“ အို တော်ပါ ၊ ပေါက်တတ်ကရ ၊ အန်တီ ရှေ့မှာ ”
ဒေါ်မေကြည်လွင် ကတော့ သူတို့ ကို အံ့သြခြင်း ကြီးစွာဖြင့် ကြည့်နေမိသည် ။
••••• ••••• •••••
အမှတ်မထင် မြင်တွေ့ လိုက်မိရာက တဖြည်းဖြည်း စိတ်ဝင်စား လာမိသည် ။
စက်ဘီးလေး တစ်စီး နှင့် ညီအစ်မ နှစ်ယောက် ။ မနက်တိုင်း ဒေါ်မေကြည်လွင် ဘုရားရှိခိုးပြီးချိန်လောက် ဆိုလျှင် သူတို့ ညီအစ်မ နှစ်ယောက် ကို တွေ့ ရပြီ ။ ဘဲဥမပုံ ဆံပင်တိုလေးနှင့် အငယ်မလေး က စက်ဘီး နင်းသည် ။ ကျစ်ဆံမြီး တစ်ချောင်းတည်း ကျစ်ထားသည့် အကြီးမလေး က နောက်ထိုင်ခုံ ပေါ်မှာ ။ ညီအစ်မ နှစ်ယောက် စကား တပြောပြောနှင့် ။ ချစ်စရာ မိန်းကလေးတွေ ။
စိတ်ဝင်စားမိ၍ စုံစမ်း ကြည့်သောအခါ အငယ်မလေး က ကိုးတန်း ကျောင်းသူ ကလေး ။ နာမည် က စီစီ ။ အကြီးမ,က ဆေးလိပ်ခုံ တွင် ဆေးလိပ် လိပ်သူ ။ သူ က ကြည်ကြည် ။ ထို့ထက် ပို၍ သိရသည်ကား ၊ ကြည်ကြည် သည် ခြေနှစ်ဘက် မသန်စွမ်းသူကလေး ဖြစ်သည်ဟု ။ ကြည်ကြည် က အားလျော့ စိတ်ပျက် မနေ ။ ဖြစ်ရာ ဘဝတွင် သူတတ်နိုင်သည့် ဘက်က နေ၍ မိသားစု စားဝတ်နေရေး ကို ကူညီရန် ကြိုးပမ်းသည် ။ သူ သည် ဆေးလိပ်, လိပ်ခြင်းဖြင့် တစ်နေ့တစ်နေ့, ဝင်ငွေ လေးငါးကျပ် ရအောင် ရှာပေးနိုင်သည် ။
သူတို့လေးတွေ အကြောင်း သိပြီးသည့် တစ်နေ့ ၊ ဒေါ်မေကြည်လွင် ဈေးက အပြန် တစ်မနက်တွင် သူတို့နှင့် ဆုံရသည် ။
လမ်းထိပ် တွင် စက်ဘီးလေး ကို ထိုးရပ်ပြီး အငယ်မလေးခုန်ဆင်းလိုက်၏ ။ နောက် သူ့ အစ်မ ကို နောက်ထိုင်ခုံ ပေါ်မှ အောက်သို့ ချပေးရန် ကြိုးပမ်းနေခိုက် ဒေါ်မေကြည်လွင် နှင့် ဆုံမိခြင်း ဖြစ်သည် ။
“ အန်တီ ဘာလုပ် ပေးရဦးမလဲ, သမီး ”
စက်ဘီး ကို တစ်ဘက် ထိန်းရင်း ခြေမသန်ရှာသူ အစ်မကို ပွေ့ချရန် မနိုင့်တနိုင် ကြိုးပမ်းနေသည် မှာ ရင်မောစရာ ။ စက်ဘီး ပဲ လဲကျ မလား ၊ လူ ပဲ လိမ့်ကျ မလား ။
“ ကန်တော့ အန်တီရယ် ၊ ဘီးကို ခဏ ထိန်းပေးပါနော် ၊ ဟုတ်ကဲ့ ၊ အဲဒါဆို ရပါပြီ ၊ ရပြီ ... အစ်မ, မှီထား ”
ချက်ချက်ချာချာ ပြောရင်း သူ့ အစ်မ ကို သွက်သွက်လက်လက် ဖေးကူချပေးလိုက်၏ ။
“ ချိန်းကြိုး ပြုတ်သွားလို့ အန်တီ ရဲ့ ဒီ စက်ဘီးက ဒီလိုပဲ ”
မြက်ခင်း ပေါ်တွင် ပုံ့ပုံ့ကလေး ထိုင်နေရာက ချိုသာသိမ်မွေ့စွာ ပြောလိုက် သူမှာ ကြည်ကြည် ။
“ ညီမလေး လည်း ဒီ စက်ဘီး နဲ့ ခဏခဏ အလုပ်များရရှာတယ် ၊ နောက်တစ်လ နှစ်လလောက် ဆိုရင် ဖေဖေ ကလည်း ဆုကြေး ထုတ်ရတော့မှာပါ ၊ မမ စုထားတာလေး နဲ့ ပေါင်းလိုက်ရင် ဘီးအသစ် တစ်စီး ခပ်လတ်လတ်ကလေး ဝယ်နိုင်တော့မှာ ပေါ့ ”
“ ရပါတယ် အစ်မရယ် ၊ ချိန်းကြိုး တပ်တာ ခဏလေးပါ ”
စီစီ က စက်ဘီးချိန်းကြိုး ကို တဂျောင်းဂျောင်း မြည်အောင် ပြန်တပ်ပြီး အံကျမကျ စမ်းကြည့်ရာ က ပြောလိုက်၏ ။ သူ့ ဟန်ပန် က ယောက်ျားလေး တစ်ယောက်လိုပင် ။
“ ကဲ, ရပြီ အစ်မ ၊ အန်တီ့ ကိုလည်း ကျေးဇူးတင်ပါတယ် ... ရှင် ၊ ဘီး ကို ခဏ ထိန်းထား ပေးပါဦးနော် ၊ စီစီ, အစ်မ ကို ထိုင်ခုံပေါ် ပြန်တင်လိုက်ပါဦးမယ် ၊ ထ, အစ်မ ”
စက်ဘီး ကို ယိုင် မသွားအောင် ထိန်းထား ပေးလိုက်၏ ။ ညီအစ်မ နှစ်ယောက် ကား အပေးအယူမျှတစွာဖြင့် စက်ဘီး ပေါ် ပြန်ရောက် သွားလေပြီ ။
“ အန်တီရေ သွားပြီနော် ... ”
ကြည်ကြည် က ပြုံးပြုံးကလေး နှုတ်ဆက် လိုက်၏ ။ ဒေါ်မေကြည်လွင် ကား သူတို့ နှစ်ယောက် ကို အံ့ဩစွာ ငေးကြည့် ကျန်ရစ်ခဲ့လေသည် ။
••••• ••••• •••••
“ ပေါ် ပေါ် ”
“ ဟော, နောက်မှာ ကားတစ်စီး လာနေတယ် ၊ ပေါ် ပေါ် တဲ့ ၊ အဲဒါ ရှင့် ကို ပြောတာနေမှာ သိလား ၊ ကျွန်မ ယောက်ျား မပေါ်ပါဘူးတော် ၊ ကျွန်မ လုံလုံခြုံခြုံ ဝတ်ပေး ထားပါတယ် ဟီ ဟီ ”
လာပါပြီ ။ မရွှေ ' သောကြာ ' တို့ မိသားစု ။ မိသားစု ဟု ဆိုလိုက်ရခြင်း မှာ အလွန် စကားပေါသော ထိုမိန်းမ နှင့်အတူ သူ့ ယောက်ျား နှင့် သူ့ သားလေး တစ်ယောက် ၊ သမီးလေး တစ်ယောက် ပါပါလာလေ့ ရှိသောကြောင့်ပင် ။
ယနေ့ ညနေ လည်း သူတို့ မိသားစု အခါတိုင်း ညနေများ လိုပင် ပြုံးပြုံးရွှင်ရွှင်ပျော်ပျော်မြူးမြူး ပြန်လာကြပေပြီ ။ အလုပ်ခွင် မှ ပင် ဖြစ်ပါလိမ့်မည် ။ အလုပ်ခွင် မှ ပြန်လာခြင်းဖြစ်မည် ဟု ယူဆရခြင်းမှာ သူတို့ မိသားစုသည် မနက် ခုနစ်နာရီ ခန့်တွင် လမ်းတွင်းမှဖြတ်သွားလေ့ ရှိကြပြီး ညနေ ခြောက်နာရီ လောက်ကျမှ ပြန်လာလေ့ ရှိသောကြောင့် ဖြစ်ပါ၏ ။ သုံးနှစ်အရွယ် သမီးကလေး က ဖအေ့ ပုဆိုးစ ကို ဆွဲလိုက်တတ်သည် ။ လသား, ကလေး ကို ခါးထစ်ခွင် ချီကာ တောင်းတစ်လုံး ကို ခေါင်း ပေါ်ရွက်၍ ပါးစပ် ကလည်း ရယ်စရာ မောစရာများကို အမျှင်မပြတ် ပြောဆို သွား တတ်သော ထိုမိန်းမ ကို ဒေါ်မေကြည်လွင် စိတ်မဝင်စားဘဲ မနေနိုင်ပြန်ပေ ။
“ တော် , ပဲစိမ်းစားဥ စားဦးမလား ”
“ အေး ၊ ကောင်းသားပဲ ”
လမ်းက ကျဉ်းသဖြင့် လမ်းဘေးကပ် ကားရှောင် နေရင်း မိန်းမ က လှည့်မေးလိုက်၏ ။ ယောက်ျား ထံမှ အဖြေရသည် နှင့် သူ့ ခေါင်းပေါ်မှတောင်း ထဲ လက်နှိုက်ကာ ပဲစိမ်းစားဥ နှစ်လုံး ကို ဆွဲထုတ် ယူလိုက်၏ ။ တစ်ဥ ကို သမီးကလေး အား ပေးပြီး ကျန်တစ်ခု ကို ပါးစပ်ဖြင့် ကိုက်ကာ ကိုက်ကာ အခွံနွှာပြီး သူ့ ယောက်ျား ကို ခွံ့ ကျွေး လိုက်၏ ။
မှန်ပါသည် ။ ခွံ့ကျွေး လိုက်ခြင်း ဖြစ်ပါသည် ။ အဘယ့်ကြောင့် ဆိုသော် သူ့ ယောက်ျား ခမျာ လက်နှစ်ဘက်လုံး လုံးဝ ပြတ်နေရှာသောကြောင့် ဖြစ်ပါ၏ ။
“ အတော့်ကို ချိုတဲ့ ဥ တော့ ၊ ကျုပ် ကတော့ ဥဆို ဘာဥ ဖြစ်ဖြစ် ကြိုက်တာပဲ ၊ ဟီဟိ
”
ယောက်ျား ကို ခွံ့ကျွေး နေရာက သူပါ ကိုက်စားရင်း ခပ်ရွှတ်ရွှတ် ပြောနေပြန်သည် ။
“ ဟာ ဒီမိန်းမ ဟာ .. ဗရွတ်ရွှတ်တ, အတော် ပြောတတ်တယ် ”
“ ကျုပ် က အကောင်း ပြောတာပါရှင် ၊ ကြက်ဥတို့ ဘဲဥတို့လည်း ကြိုက်တာပဲလို့ ပြောတာပါ ”
နှစ်ယောက်သား ပြုံးရွှင်စွာ ပြောနေကြပုံမှာ မည်သည့် အပူအပင်မျှ မရှိသည့် ပုံစံပင် ။
“ အမေ့ စိမ်းစားဥ ပေးဦး ”
သမီးကလေး က မော့၍ တောင်းလိုက်၏ ။
“ တော်ပြီလေ သမီး ၊ အိမ် ကျရင် ကြက် ကောင်လုံးကြော် နဲ့ ထမင်း စားရမှာ ”
သမီး ကို နှစ်သိမ့်လိုက်ပုံကိုက ဟာသကလေးနှင့် ။
“ ဟင့်အင်း စားချင်တယ် ပေးဦးဆို ”
“ ဟာ, ဒီကောင်မလေး တစ်ခွန်း နဲ့ ပြောမရဘူး ၊ ငါ, နားရင်း ပစ်တီးလိုက်ရ ”
ပြောလိုက်သူကား လက်နှစ်ဘက် မရှိရှာသည့် ကလေးတို့ အဖေ ။
“ ဟုတ်ပါ့တော် ၊ ပိတ်တီး ထည့်လိုက်စမ်းပါ ၊ နာနာလေး ”
ပြောပြီး မအေ ဖြစ်သူက တခွိခွိ ရယ်လိုက်ပြန်၏ ။ သူ့ မိန်းမ ၏ အားပေးအားမြှောက် ပြုသံကို ကြားလိုက်ရ၍လား မသိ ။ အဖေ ဖြစ်သူ ကပါ တဟားဟား ရယ်ပါတော့သည် ။
သူတို့ မိသားစု ကို တအံ့တသြ ငေးမော ကြည့်ရှု နေမိသူကား ဒေါ်မေကြည်လွင် ပင် ဖြစ်ပါတော့၏ ။
••••• ••••• •••••
ဒေါ်မေကြည်လွင် သူ့ ဆိုင်ရှေ့တွင် ရပ် လိုက်တော့ သူ က မော့ကြည့်ပြီး ပြုံးပြ လိုက်သည် ။ သူ့ အပြုံး က ချိုသည့် အပြင် ရွှင်လည်း ရွှင်သည် ။ မျက်နှာထားလေး က ကြည်လင်သည် ။ ချိုရွှင်သော သူ့ အပြုံးနှင့် ကြည်လင်သော မျက်နှာထား တို့သည် အကျည်းတန်သော သူ့ ရုပ်ပုံ ကို ဖုံးအုပ် ပစ်နိုင်လေသည် ။ ထိုအခါ သူ့ ကို အရုပ်ဆိုး သည် ဟု ဆိုနိုင်ရန် ခက်ခဲ သွားလေပြီ ။
သူ က ဒေါ်မေကြည်လွင် ကို မေးထိုး မေးလိုက်၏ ။ သူ မေးထိုး ပြလိုက်သည့် အရာများကား ဟင်းသီးဟင်းရွက်စုံများ စီရရီ ချထားသည့် ဈေးဗန်းကြီး တစ်ခု ဖြစ်လေသည် ။
“ ပန်းဂေါ်ဖီ ... လိုချင်လို့ကွယ် ၊ တစ်ထုပ် ဘယ်လောက်လဲ ”
သာမန်ဈေးသည် မိန်းကလေး သာ ဆိုရင်ဖြင့် ထိုသို့ မေးရပေမည် ။ ယခု တော့ ဈေးရောင်း နေသူက ဆွံ့အ, နားမကြား ရှာသူကလေး ။
ထို့ကြောင့် ပန်းဂေါ်ဖီ တစ်ပွင့် ကို ကောက်ယူပြီး သူ့ ကို ပြလိုက်ရ၏ ။ သူက လက်ညှိုး နှင့် လက်ခလယ် နှစ်ချောင်း ထောင်ပြ လိုက်၏ ။ သူ ဆိုလိုသည် ကို ဒေါ်မေကြည်လွင် နားလည် ပါသည် ။ တစ်ပွင့်ကို နှစ်ကျပ် ။ ဈေး မဆိုးပါ ။ ဒီ့ပြင် ဈေးသည်များ ဆိုလျှင် လည်း သည်လောက်ပင် ဈေးဆို ကြပေမည် ။ သည် ကောင်မလေး က ဈေးမှန်သည် ။ ထို့ကြောင့် ဈေးဆစ် မနေတော့ ။
ပန်းဂေါ်ဖီပွင့် ကို ခြင်းတောင်း ထဲ ထည့်ပြီး ငွေနှစ်ကျပ် ပေးလိုက်တော့ သူ က ဒေါ်မေကြည်လွင့် ခြင်းတောင်း ကို အသာ ဆွဲထားလိုက်၏ ။ ပြီး ဈေးဗန်း ထဲ က နံနံပင် တစ်စည်း နှင့် ငရုတ်သီးစိမ်း ဆယ့်လေးငါးတောင့် ဆုပ်ယူပြီး ခြင်းထဲ, ထည့်ပေးလိုက်၏ ။ သည် ကောင်မလေး က အလွန် စိတ်ရင်း ကောင်း၏ ။
“ အေးကွယ် ၊ ကျေးဇူး တင်ပါတယ် သမီးရယ် ”
ကျေနပ်စွာ ပြောလိုက်မိရာ မိန်းကလေး က ကြားရဘိ သကဲ့သို့ ပြုံးပြုံးကလေး ဖြင့် လက်ဝါးလေး ကာ ပြလိုက်၏ ။
သည်အခိုက် သူ့ သားကလေး ချိုင့်တစ်လုံး ကို ဆွဲကာ အပြေး ရောက်လာ၏ ။
“ အမေရေ ၊ နံပြား က ကုန်သွားပြီဗျ ၊ ကျွန်တော် လက်ဖက်ရည် ပဲ ဝယ်ခဲ့တယ် ”
သူ့ သားလေး ပြောသည် ကိုတော့ သူ မကြားဘဲ နားလည်ဟန် တူသည် ။ ခေါင်း တညိတ်ညိတ် နှင့် သားလေး လက်ထဲ က ချိုင့် ကို လှမ်း ယူလိုက်ပြီး ချိုင့်အဖုံး ထဲသို့ လက်ဖက်ရည်များ ကို စောင်း၍ သွန်ထည့် လိုက်၏ ။ ဒေါ်မေကြည်လွင် ကိုပင် သောက်ပါဦးလား ဟူသော အဓိပ္ပာယ်ဖြင့် ချိုင့်ကို မြှောက်ပြကာ လောကဝတ် ပြုလိုက်ချေသေး၏ ။
“ သောက်ပါအေ ၊ ညည်းတို့ သားအမိ ပဲ သောက်ပါ ၊ အန်တီ, ကော်ဖီ သောက်ခဲ့ ပြီးပါပြီ ”
ဒေါ်မေကြည်လွင် က သူတို့ သားအမိ ကို ကရုဏာ ဝေနေမိသည် ။
ဖခင် က နောက်အိမ်ထောင် ပြုသွား၍ ဒုက္ခိတ အမိ နှင့် ဆင်းတောင့်ဆင်းရဲ နေရသည့် ကလေးလေး ကို သူ့ ကြင်နာ မဆုံးတော့ ။
“ အမေ ၊ လွယ်အိတ် အသစ် ဝယ်ပေးနော် ၊ ကျွန်တော် က နှစ်တန်း တက် ရတော့မှာ ၊ စာအုပ် လည်း ဝယ်ပေးနော် ”
လွယ်အိတ် လွယ်သည့် ဟန် လုပ်ပြလိုက် ၊ စာရေးသည့် ဟန် လုပ်ပြလိုက် နှင့် သားလေး က ပူဆာတော့လည်း သူ နားလည်ပုံ ရသည် ။ သား ၏ ခေါင်း ကို တစ်ချက် ပုတ်ပြီး ခေါင်းညိတ် ပြသည် ။
သူတို့ သားအမိ ကတော့ အတိုင်အဖောက် ညီလို့ ။
ချိုင့်အဖုံး ထဲမှ လက်ဖက်ရည်များ ကို တစ်ယောက် တစ်လှည့်စီ သောက်ကာ ကျေနပ်လို့ပင် ။
ဒေါ်မေကြည်လွင် က ပဲသီးတောင့်စည်း ကို မြှောက်ပြပြီး မေး လိုက်တော့ လက် လေးချောင်း ထောင် ပြသည် ။ ပြီးတော့ ကျပ်တန်တစ်ရွက် ကို ပြသည် ။ ပြားလေးဆယ် လား ။ ဘာပါလိမ့် ။ ရုတ်တရက် ဈေးမသိ ။ သားကလေး က လျင်သည် ။ ဝင် ဖြေလိုက်၏ ။
“ အန်တီ ၊ ဒါ တစ်ကျပ်ဖိုး လေးစည်းတဲ့ ”
ပြောရင်း လေးစည်း ယူပြပြီး ကျပ်တန်ကို ထောင် ပြလေရာ သူ့ အမေ က ရွှင်ရွှင်ကလေး ရယ်ရင်း ခေါင်းညိတ် ပြလေသည် ။
“ အေးကွာ ၊ မင်း ရှိပေလို့ပဲ ၊ နို့မို့ မင်း အမေ ရောင်းရ ဝယ်ရတာ လွယ်မှာ မဟုတ်ဘူး သားရေ ”
“ အံမယ် ၊ ကျွန်တော် မရှိ လည်း ဖြစ်တာပဲ အန်တီ ရဲ့ ၊ အမေ က သူများ ပါးစပ် လှုပ်တာ မြင်တာနဲ့ ဘာပြောတယ်ဆိုတာ တန်း,သိတာဗျ ၊ ဟုတ်တယ် မဟုတ် လား အမေ ”
တကယ်ပဲ သိလေသလား တော့ မပြောတတ် ။ သူ့ သားလေးက လှည့်မေး တော့ ပြုံးပြုံးကလေး ခေါင်းညိတ်ပြပြန်ပါသည် ။
ဒေါ်မေကြည်လွင် က သူတို့ သားအမိ ကို အံ့သြစွာ ကြည့်နေမိလေသည် ။
••••• ••••• •••••
ပတ်ဝန်းကျင် လောက ကို ပြန်လည် လေ့လာ ကြည့်လိုက်မိပြီး သည့် နောက် ဒေါ်မေကြည်လွင် အတော် သဘောပေါက် သွားလေပြီ ။
လူ့ဘဝ ဟူသည် မှာ အတက်အကျ ၊ အမြင့်အနိမ့် ၊ ချမ်းသာခြင်း ၊ ဆင်းရဲခြင်း စသည်ဖြင့် အကောင်းအဆိုး ပြောင်းလဲ ဖြစ်ပျက်ခြင်းများ ရောပြွမ်း နေမည်သာ ဖြစ်ပေသည် ။
လောကကြီး ထဲ တွင် စိတ်ဒုက္ခ ဖြစ်စရာ အခြေအနေ ကို ကြုံတွေ့ခဲ့ရလျှင် မိမိ စိတ် ကို ဖြေသာအောင် ၊ အခက်အခဲ ကို ဖြေရှင်းနိုင်အောင် အဆိုး ထဲမှ အကောင်း ကို ထုတ်နုတ် ယူနိုင်လျှင် ထို လူသား အတွက် အကျိုး ရှိပေမည် ။
ထိုသို့ မဟုတ်ဘဲ သောက ကို ရင်ဝယ်ပိုက်၍ တမြည့်မြည့် ခံစားကာ စိတ်ဓာတ် ကျဆင်းနေပါက ထိုသူ အတွက် ဤလောကကြီး သည် နေချင်စရာ မဟုတ် တော့ပေ ။
ဒေါ်မေကြည်လွင် မြင်တွေ့ လိုက်ရသော ပတ်ဝန်းကျင် သည် လူသားတို့ ၏ ဇွဲမာန် နှင့် ရုန်းကန်မှု အပြင် စိတ်ဓာတ်အင်အား အပြည့်အဝ ဖြင့် လောက တွင် ပျော်ရွှင်စွာ နေရဲကြသည့် ပတ်ဝန်းကျင် ဖြစ်၍ နေသည် ကို အံ့ဩစွာ တွေ့ရှိ နားလည် လိုက်ပြီးသည့် အခါ သူ သည် ဆုံးဖြတ်ချက် တစ်ခု ကို ပြတ်ပြတ်သားသား ချမှတ်နိုင်ခဲ့ ပါတော့၏ ။
ထိုဆုံးဖြတ်ချက် နှင့် အတူ ဖြစ်လာ သမျှကို ရင်ဆိုင်ရဲသော သတ္တိ ကိုပါ ဒေါ်မေကြည်လွင် ရရှိလာလေသည် ။
မျက်ရည်စ, ကို သိမ်းပြီး သား နှင့် သမီး ကို သူ ခေါ်၍ ရှေ့ရေးကို ဆွေးနွေး တိုင်ပင်နိုင်လာလေသည် ။
“ သားတို့ အတွက် ဒီလောက် မပူပါနဲ့ မေမေ ၊ သား, ဒီ တစ်နှစ် ပြီးရင် အလုပ်ခွင် ထဲ ဝင်ပြီး မေမေ့ ကို လုပ်ကျွေး သွားနိုင်ပါပြီ ”
“ သမီး လည်း စာပေးစာယူ နဲ့ ဆက် ဖြေမှာပေါ့ မေမေ ၊ ဘွဲ့တစ်ခု ကတော့ အသာကလေး ရပါတယ် မေမေရဲ့ ”
သား နှင့် သမီး က အားငယ် စိတ်ပျက်ခြင်း မရှိဘဲ မိခင် ကို နှစ်သိမ့်ကြသည် ။ သူတို့ သည် စိတ်ဓာတ် ပြောင်းလဲလာခဲ့သော မိခင် အတွက် ကျေနပ် သွားကြသည် ။
“ နောက်တစ်ခု မေမေ ဆုံးဖြတ် ထားတာက ”
ခဏ တုံ့ဆိုင်း သွားပြီး မှ ဒေါ်မေကြည်လွင် စကား ဆက်ပြောနိုင်ပါ၏ ။
“ မေမေ မင်းတို့ အဖေ ကို ပြန် လက်ခံမယ် ၊ ဘာဖြစ်လို့လဲ ဆိုတော့ ၊ သားသမီး တွေ အတွက် အဖေ ဆိုတာ ရှိနေသင့်တယ် ၊ ပြီးတော့ မေမေ့အတွက် လည်း တစ်သက် မှာ တစ်ပွင့်ပန် အမျိုးသမီး အဖြစ် ဘဝ မှာ ဆက်လက်ရပ်တည် နေနိုင်မယ်လေ ၊ ပတ်ဝန်းကျင် က မေမေ့ ကို အသိအမြင်သစ်တွေ အများကြီး ပေးလိုက်ပြီ သားရဲ့ ၊ အဆိုးဆုံး အခြေအနေ ထဲက အကောင်းဆုံး အဖြစ် ကို မေမေ ရွေးထုတ် ယူတတ် လာပြီကိုး ”
သူ့ စကား ဆုံးတော့ သားကြီးက ကြည်နူးစွာ ပြုံးသည် ။ ဖအေ ချစ်သော သမီးငယ် ကမူ မအေ ကို သိုင်းဖက်ကာ အားရဝမ်းသာဖြင့် -
“ ပျော်လိုက်တာ မေမေရယ် ၊ သမီး, သိပ် ပျော်တာပဲ ၊ ဖေဖေ ကလေ, သိပ်သနားဖို့ ကောင်းတာ ၊ ဟိုတစ်ခါ သမီး, သွားတွေ့တုန်းက သမီး ကို ဖက်ပြီး ဖေဖေ မျက်ရည် ကျသေးတာ သိလား ၊ ဖေဖေ့ ကို ပြန်ခေါ်တာ ကျေးဇူး တင်ပါတယ် မေမေ ”
ပြုံးရွှင် ပျော်မြူး သွားသော သား နှင့် သမီး ကို ကြည့် နေသည့် ဒေါ်မေကြည်လွင့် မျက်လုံးများ သည်ကား မျက်ရည်များ ရစ်ဝိုင်းလျက် ။
▢ ကြူကြူသင်း
📖 အလင်္ကာရပ်ဝန်း ( ၇ )
No comments:
Post a Comment