Showing posts with label မဝင့် ( မြစ်ငယ် ). Show all posts
Showing posts with label မဝင့် ( မြစ်ငယ် ). Show all posts

Sunday, May 12, 2024

ချစ်စရာ မကောင်းတော့တဲ့ ခြစ်ရာတွေ နဲ့ အချစ်


 

❝ ချစ်စရာ မကောင်းတော့တဲ့ ခြစ်ရာတွေ နဲ့ အချစ် ❞

ကိုယ် ချစ်တဲ့ သူ နဲ့ အတူ ပေါင်းသင်းရတဲ့ ဘဝ ကို ရရှိတဲ့ မိန်းကလေး တစ်ယောက် ဟာ အလွန် ကံကောင်းသူ လို့ ဆိုရပါမယ် ။

ကိုယ်တိုင် ချစ် တဲ့ သူ က လွဲပြီး ဘယ်သူ မှ မချစ် သလို ကိုယ် ချစ်တဲ့ သူ ကလည်း ကိုယ် က လွဲပြီး ဘယ်သူမှ မချစ် တဲ့ သူမျိုး ဖြစ်ဖို့ ကျတော့ မလွယ်လှပြန်ဘူး ။ ဒီလို ပြည့်စုံတဲ့ အချစ် ဘဝ ကို ရရှိတဲ့ မိန်းကလေး က တော့ တကယ့် ' စံ ' ဖြစ်သွားပြီ ။

ရှာ မှ ရှား ဖြစ်သွားပြီ ။ အိမ်ထောင်သက် တစ်ထောင် မှ တစ်ယောက် တွေ့ဖို့ လွယ်ပါ့မလား ။

ဇနီးမောင်နှံ တွေ မှာ ရိုးမြေကျ သက်ဆုံးတိုင် ပေါင်းသင်း သွားကြလေ ရဲ့ လို့ အများ အမြင်မှာ တွေ့နေရ ပေမယ့် သူတို့ ဘဝ ချစ်ခရီးလမ်း မှာ စည်း ကျော်သွားတာလေးတွေ ၊ ဖောက်လွဲ ဖောက်ပြန် ကိစ္စလေးတွေ ကို ဖုံး ဖုံးဖိဖိ မသိမသာ ကျော်လွန် ခဲ့ကြရတာတွေ နဲ့ ကင်းခဲ့ပါလိမ့်မလား ။

ဒီလို ဖောက်ပြန်မှုတွေ ကို မိန်းမသား တွေ ဘက် က လည်း ကျူးလွန် တတ်ကြ တာပါ ။ ဒါပေမဲ့ ဒီ အဖြစ်မျိုး တစ်ရာ မှာ တစ်ယောက် လောက် တော့ ရှိမယ် ထင်ပါရဲ့ ။ ကျန်တဲ့ ကိုးဆယ့်ကိုး က ယောက်ျား ဆိုတဲ့ ‘ လင် ’ တွေ က ပျက်ကွက် ခဲ့ကြလို့ ပဲ ။ သစ္စာ မဲ့ ခဲ့ကြလို့ ပဲ ။ ကျွန်မ က မိန်းကလေး မို့ မိန်းကလေး တွေ ဘက်က လိုက် ပြောတယ်လို့ စွပ်စွဲချင်ပါ သလား ။ ဟုတ်ကဲ့ ၊ ဒါဆိုလည်း ငြင်းစရာ မရှိပါဘူး ။ ကျွန်မ က တောင်မှ ထပ်မံ ဖြည့်စွက် ပြောပါဦးမယ် ။

လင်ယောက်ျား ဖောက်ပြန် လို့ နှလုံးသား လည်း ကြေမွ ၊ ဘဝ လည်း ယိမ်းယိုင် သွားကြတာ ‘ မိန်းမ ’ ဖြစ်သလို အဲဒီ လင်ယောက်ျား ဖောက်ပြန် ဖို့ အတွက် အတူ ကြံစည် ကျူးလွန် ခဲ့သူ တတိယ လူ ဟာ လည်း ‘ မိန်းမ ’ ဖြစ် နေ ပြန်တာပါ ။

ယောက်ျားတွေ သစ္စာမဲ့ ဖို့ အဓိက မီး ဟာ မိန်းမတွေ ပဲ မဟုတ်လား ။ မယားကြီး ငုတ်တုတ် မြင် နေရက် က ‘ ကိုကို့ ကို မှ ချစ်တယ် ’ ဆိုတဲ့ မိန်းကလေးတွေ ရှိ နေတာ ကျွန်မ လည်း မသိဘဲ နေပါ့ မလား ။

လူတွေ အရှက်အကြောက် နည်း လာလေ ဒီလို နောက်ကြောင်း မကင်း ‘ ခေတ်ပေါ် အချစ် ဇာတ်လမ်း ’ တွေ က ရှုပ်ထွေး လာလေ ဖြစ်နေရပြီ ။ ကျွန်မတို့ မှာ ဒါတွေ မြင်ရ တွေ့ရ လွန်းလို့ ရိုး နေပြီ ပြောရတော့မယ့် ပုံမျိုး ။

ကျွန်မ အတွက် ရိုးအီ နေပြီ ဖြစ်တဲ့ ဇာတ်လမ်းတွေ ထဲ မှာ အဓိက ဇာတ်ကောင် အဖြစ် ပါဝင် နေရ ရှာတဲ့ စတေးခံ နှလုံးသားပိုင်ရှင်တွေ ကို သတိ ထား လေ့လာ မိတတ်တယ် ။ သူတို့ က မှ လူ့ လောက အတွက် စိတ်ဝင် စားစရာ အကောင်းဆုံး လူသားတွေ မဟုတ်လား ။

ကျွန်မ ပြောမယ့် ‘ မကြာကြီး ’  အကြောင်း ကို စိတ်ဝင်စား ကြည့်ပါလား ကျွန်မ ရင် ထဲ မှာ ခံစား မှုတစ်စုံ တစ်ခု မရဘဲ နဲ့ ဘယ်တော့မှ မပြောတတ်ဘူး ။

အဲ - ခံစားရပြီ ဆိုရင်လည်း မပြောရ မနေနိုင်တော့ဘူး ။ ဒါကြောင့် ...

•••••   •••••   •••••

အမှန်က မကြာကြီး ဆိုတာ သူ့ နာမည်ရင်း မဟုတ်ဘူး ။ သူ့ နာမည်  ‘ မကြာပွင့် ’ တဲ့  ။ မကြာပွင့် ဆိုတဲ့ အတိုင်း သူ့ ရဲ့ ပျိုမျစ်တဲ့ ဘဝ တုန်း လန်းလန်းဆန်းဆန်း မွှေးမွှေးမြမြလေး လှတဲ့ မိန်းကလေး ပါ ။

ဒါကြောင့်လည်း မိန်းကလေး တိုင်း က တစ်ခါ တွေ့ပြီး နောက် တစ်ကြိမ် ပြန် လှည့် ကြည့်ချင် အောင် ဆွဲဆောင် နိုင်တဲ့ ရုပ်ရည် ကို ပိုင်ဆိုင်တဲ့ ကိုဘတင့် လို လူမျိုး က သူ့ ကို ချစ်ခဲ့တာပါ ။

သူတို့ နှစ်ယောက် ညားခါစ က များ နှစ်ယောက် တွဲ သွားရင် အားမကျ တဲ့ သူ မရှိဘူး ။ အလွန် လိုက်ဖက် ကျက်သရေ ရှိတဲ့ စုံတွဲ မဟုတ်လား ။ ပြီးတော့ သူတို့ နှစ်ယောက် က သိပ် ချစ်ကြလို့ မိဘတွေ သဘော မတူတဲ့ ကြား က ဇွတ် လက်ထပ် ခဲ့ကြတဲ့ သူတွေပါ ။

အချစ် အတွက် စွန့်စား ခဲ့ကြတဲ့ အချစ် သူရဲကောင်း ဇနီးမောင်နှံ ပေါ့ ။ သူတို့ ကို ကြည့်ပြီး စိတ်ကူး ယဉ်ကြတဲ့ လူငယ်တွေ လည်း မနည်းဘူး ။ သူတို့ နှစ်ယောက် က လည်း ခပ်ကဲကဲတွေ လေ ။ မယား လုပ်သူ က လည်း ‘ ကိုကို ... ကိုကို ’ နဲ့ ပါးစပ် က မချဘူး ။ လင် ဖြစ်သူ က လည်း ‘ ကြာကြာ ’ တဲ့ ။ ကိုယ့် ဇနီး ကိုယ် ခပ်ဆန်းဆန်းလေး ခေါ်တတ် လိုက်တာ ။

အဲဒီတုန်း က သူတို့ နေခဲ့ကြတာ က အညာဒေသ က တောမြို့လေး တစ်မြို့ မှာ မဟုတ်လား ။ လူကြား သူကြား မှာ ပခုံး ဖက် သွားတဲ့ သူတို့ အတွဲ ကို လူတိုင်း သတိထား မိတယ် ။ လူကြီး တွေ မျက်စိ ထဲ မှာ ရိုင်း လိုက်လေ လို့ ကြည့် မရအောင် ဖြစ်ကြသလို လူငယ်တွေ မှာ တော့ ရင်ခုန်ချင် စရာ ထူးခြား နေတာပေါ့ ။

ဒါကို မကြာကြီး က အကျေနပ်ကြီး ကျေနပ်ခဲ့တာ ။ သူ့ ဘဝ မှာ ချစ်တဲ့ သူ နဲ့ ပေါင်းဖက်ခွင့် ရလို့ လည်း ဂုဏ်ယူတယ် ။ ကိုယ် ဖြစ်ချင်တဲ့ အရာ ကို ဖြစ်အောင် လုပ်တတ်တယ် ဆိုတဲ့ သူ့ လုပ်ရပ် ကို လည်း မှန်တယ်လို့ ယုံတယ် ။ ကိုဘတင့် နဲ့ လက်ထပ် ခဲ့ တဲ့ အတွက် ဘယ်တော့ မှ နောင်တ ရလိ မ့်မယ် မဟုတ်ဘူး လို့ ဆုံးဖြတ် ထားတာပါ ။

ဒါကြောင့်လည်း ကိုဘတင့် နဲ့ အိမ်ထောင် ကျ ပြီး ကတည်း က သဘော မတူ လို့ ဆွေမျိုးစာရင်း က ဖျက်ပစ် လိုက်တယ် ဆိုတဲ့ သူ့ ရဲ့ မောင်နှမတွေ ဆီ ခြေဦး မလှည့်တော့ တာပေါ့ ။ သူ လုပ်ခဲ့ တဲ့ လုပ်ရပ် ၊ သူ တည်ဆောက်ခဲ့ တဲ့ ဘဝ သူ့ ဘာသာ ခံမယ် ဆိုတဲ့ မာန် ကို တင်းရင်း စွန့် ထွက်ခဲ့တာပါ ။

တကယ်တမ်း သူ့ မောင်နှမတွေ သဘော မတူတာ လည်း မလွန်ဘူး ။ ဘာလို့ လဲဆိုတော့ ကိုဘတင့် က လက်ကြော တင်းတဲ့ သူ မှ မဟုတ်တာ ကလား ။ မိဘ အိမ် မှာ နေစဉ် ကတည်း က အရပ် ထဲ မှာ ဟေးလေးဝါး လေး လုပ်ရင်း အချိန် ကုန် နေတဲ့ သူပါ ။ ကျောင်းစာ ကျ တော့လည်း ဆယ်တန်း တောင် မှ ဆယ်ခါ ဖြေ လို့ မအောင်ခဲ့ ဘူးလေ ။

ဝင်ငွေ ရ မယ့် အလုပ် လည်း စည်းစည်းဝါးဝါး မလုပ်လေ တော့ ယောင်ခြောက်ဆယ် ဖြစ်လို့ ။ ဒါတောင် ဝတ်စားတာ က တကယ့် အရာရှိကြီး စတိုင် နဲ့ တဲ့ ။ ရုပ်ရည် ကလည်း အသင့် ရှိတဲ့ လူ ဆိုတော့ မသိတဲ့ လူ ဆိုရင် မြင်တာ နဲ့ အထင် ကြီးချင် စရာပဲ ။

အချစ် မှာ မျက်စိ မရှိဘူး ဆိုတဲ့ စကား ကို မကြာကြီး လည်း ကြားဖူးခဲ့ တာပေါ့ ။ ကိုဘတင့် ဆိုတဲ့ လူ ဟာ လက်ကြော တင်းအောင် မလုပ်ချင် တာ ခပ်ပေါ့ပေါ့ နေတတ်တာတွေ ကို မကြာကြီး အမြင် သားပဲ ။ ဒါပေမဲ့ သူ က သိသိကြီး နဲ့ ယူခဲ့တာပါ ။ သူ့ ကို ချစ် မှ တော့ သူ့ ဒဏ်ခံနိုင်ရမယ်လို့ နှလုံးသွင်း ရင်း ။

ဒီလိုနဲ့ တည်ဆောက်ခဲ့တဲ့ သူတို့ ရဲ့ အိမ်ထောင် ဟာ ကလေး နှစ်ယောက် ရတဲ့ အထိ တော့ လိမ်ဖည်လိမ်ဖည် နဲ့ မြဲ ခဲ့ ၊ သာယာ သလို ရှိခဲ့ပါ ။ နွား နှစ်ကောင် ရုန်းမှ သွားမယ့် ထွန်တုံး ကို တစ်ကောင် တည်း ရုန်းပြီး ကျန်တဲ့ တစ်ကောင် က ကတ်သီးကတ်ဖဲ့ လုပ် နေ မှတော့ ရန်း ရတဲ့ ကောင် မျက်ဖြူ ဆိုက် ပြီပေါ့ ။ မကြာကြီး အဖြစ် က အဲဒီ အဖြစ်လို တဖြည်းဖြည်း ထိ လာခဲ့တယ် ။

ကိုဘတင့် မှာ တော့ ဟိုတုန်း က အတိုင်း တစ်စက် မှ မပြောင်းဘူး ၊ ပြင်ဆင် ထား လိုက်တာ လည်း လူပျို ရှုံး လောက်ရဲ့ ။ မကြာကြီး မှာ သားကလေး နှစ်ယောက် အမေ အသက် အစိတ် အရွယ် နဲ့ အဘွားအို တစ်ပိုင်း ဖြစ် ရရှာတယ် ။

မကြာကြီး ရဲ့ ဆွေမျိုးသားချင်း တွေ ကတော့ ထုံးစံ အတိုင်း မကျေမနပ် ဖြစ်ကြတာပေါ့ ။ မကြာကြီး ကို လည်း မိုက်တဲ့ ကောင်မ မှတ်ကရော လို့ ကျိန်ဆဲကြ ပြန်သေးတယ် ။ အပေါ်ယံ ကြည့် ရင်တော့ မကြာကြီး ဘက် က နာလို့  ၊ မခံနိုင်လို့ အပြစ် ပြောကြတာ လို့ ထင်စရာ ရှိပေမယ့် ဒီလောက် ဒုက္ခ ရောက် နေတဲ့ ကိုယ့် နှမ ၊ ကိုယ့် ညီမ တစ်ယောက် ကို မထောက်ပံ့ စတမ်း ပစ်ထားတာကတော့ မေတ္တာတရား နည်းလွန်းတယ် လို့ မကြာကြီး ထင်တယ် ။

မကြာကြီး တစ်ယောက် ဆွေမျိုးတွေ ကို လည်း စိတ် နာ ၊ တည် မိတဲ့ ဘု ရား လင်းတ ပဲ နားနားဆို တဲ့ သဘောမျိုးတောင် မဟုတ်ဘဲ တစ်နေ့ တော့ သူ့ ဘဝ သူ သိတတ်လာ မှာ ဆိုတဲ့ ( လင် ချစ်စိတ် တွေ နဲ့ ) မျှော်လင့်ချက် ကြီးပြီး ကိုဘတင့် ရဲ့ ဒဏ် ကို တာရှည် တာမျော ခံ နိုင်အောင် ကြံစည် ရ တော့တယ် ။

မကြာကြီး ရဲ့ တစ်ခု တည်း သော နည်းလမ်း က တော့ ဒီ မြို့ကလေး က အပြီးအပိုင် ထွက် သွား ပြီး မြို့ကြီး တစ်မြို့ မှာ ခိုလှုံရင်း စီးပွားရေး လုပ်ဖို့ ပါပဲ ။

အဲဒီ အတွက် မကြာကြီး အရင်းအနှီး ရှာ ရတယ် ။ မြို့ကြီး က မိတ်ဆွေ တွေ ဆီ ဆက်သွယ် အကူအညီ တောင်းတယ် ။

အားလုံး ပြီးပြည့်စုံပြီ ဆိုတော့ မှ သား နှစ်ယောက် နဲ့ လင်သည် ကိုဘတင့် ကို ခါးစောင်း တင်ပြီး မြို့ ကို တက်ခဲ့တယ် ။ မုန့်ဟင်းခါး ရောင်း မလို့ တဲ့ ။

•••••   •••••   •••••

လူ တစ်ယောက် ရဲ့ လိုအင်ဆန္ဒ တွေ လက်တွေ့ ဘဝ မှာ ဖြစ်လာဖို့ တွက် “ အချစ် ”  ဟာ မြင်းကောင်ရေ အား အများ ဆုံး တပ်ဆင် ထားတဲ့ အင်အားကြီးမားဆုံး အင်ဂျင်စက် ပါ ပဲ ။

မကြာကြီး လည်း အချစ် က မောင်းနှင် လိုက်လို့ ကျင်ကျင်ခတ် လည်ပတ်ရင်း ကြိုးစား ပစ် လိုက်တာ မြို့ကြီး မှာ နာမည် အကြီးဆုံး မုန့်ဟင်းခါးဆိုင်ကြီး ကို ပိုင်ဆိုင် သွားခဲ့ပြီလေ ။

ကိုယ်ပိုင် အိမ် ၊ ကိုယ်ပိုင် ဆိုင်ခန်း နဲ့ တင့်တင့်တယ်တယ် ဖြစ် လာတယ် ။ ကလေး လည်း မွေး ပစ်လိုက်သ မှ ခြောက်ယောက် တောင် ရှိနေပါ ပေါ့ လား ၊ ဒီ ကလေးတွေ ရော ၊ ကိုဘတင့် ကို ရော ၊ သူ ကိုယ်တိုင် ရော ဝတ်စား ထားလိုက်တဲ့ ရွှေငွေလက်ဝတ်လက်စားတွေ က လည်း ဝင်းအိ လို့ ။

ကိုဘတင့် က တော့ မော်တော်ဆိုင်ကယ်ကြီး တထုန်းထုန်း နဲ့ ၊ လက် က လည်း ပိုက်ဆံအိတ်ကြီး က ဖောင်း နေတာပဲ ။ သူ့ အနား မကပ်ခင် ဝါး တစ်ရိုက်လောက် အကွာ ကတည်း က ရေမွှေးနံ့ သင်း နေ တော့တယ် ။

မကြာကြီး က သူ့ လင်ကြီး ဒီလို နေတာကိုပဲ ကျေနပ် ပြန်တယ် ။ ဟိုတုန်း က တော့ သူ့ ဘဝ သူ သိတတ် လာပါစေလို့ မျှော်လင့်ခဲ့ ဖူးပါရဲ့ ။ ခုတော့ လည်း စီးပွားရေး က အဆင်ပြေ လာ ၊ သားသမီး တွေ ကလည်း လိမ္မာကြ လေတော့ မကြာကြီး မမှုတော့ပါဘူးပေါ့ ။ ဪ - သူ့ ခမျာ ငါ့ လို အနွံအတာ ခံ တဲ့ မယားမျိုး ရရှာတာ ကံကောင်းလိုက်တာ ။ သူ့ ကံ နဲ့ သူ ခံစား တာပါလေ လို့ ချီးကျူးမိသေးရဲ့  ။

မုန့်ဟင်းခါးဆိုင် က လည်း ရောင်း ကောင်းတာ ရက်စက်တယ် ။ မုန့်ဟင်းခါး ကို လည်း ကိုယ့် စက် နဲ့ ကိုယ် လုပ်တယ် ။ ငါးခူ ဆိုရင် တစ်ရက် တစ်ခါ ဈေးမှာ သွား ဝယ်ရတာ အလျဉ် မမီလို့ ကိုယ့် အိမ် မှာ ကိုယ် ပဲ သံကန်ကြီးတွေ နဲ့ ငါးအရှင် ဝယ် လှောင် ထားရတယ် ။ လိုတဲ့ အချိန် ကျ မှ လို သလောက် ဆယ် ယူပြီး ချက် တော့ လတ်လတ်ဆတ်ဆတ် လည်း ရတယ် ၊ အရသာ လည်း ပို ရှိတယ်လေ ။

ဒါကြောင့် မကြာကြီး ရဲ့ မုန့်ဟင်းခါးဆိုင်လေး မှာ ရော အိမ် က မုန့်ဖို မှာ ပါ အလုပ်သမားတွေ ငှား ထားရတယ် ။ မိန်းကလေး ၊ ယောက်ျား လေး အလုပ်သမား စုစုပေါင်း ၁၅ ယောက် ရှိတယ် ။

ကိုဘတင့် တို့ က အလုပ် သာ ဦးစီး ပြီး မလုပ်တာ အိမ် မှာ ရှိတဲ့ အလုပ်သမားတွေ ကို တော့ ဩဇာ ပေး တတ်တယ် ။ သူ လည်း နား မလည် ဘဲ ဝင် ဝင် အမိန့် ပေးတော့ အလုပ်သမားတွေ လည်း သူ နဲ့ မတည့် လို့ ထွက်ထွက် သွား ကုန်ကြတာ များ တယ် ။

ဒါကြောင့် မုန့်ဟင်းခါးဆို င်နဲ့ ပတ်သက်တဲ့ အလုပ်သမား တွေ ကို တော့ ဝင် မပြောပါနဲ့ လို့ တောင်းပန် ထားရတယ် ။ အိမ် ရဲ့ ဗာဟီရ အလုပ် တွေ လုပ်ဖို့ အတွက် ကိုဘတင့် စိတ်ကြိုက် အလုပ်သမားတွေ ထားရတာပေါ့ ။

အဲဒီ မှာ ပဲ သန္တာဝင်း နဲ့ အကြောင်း ပါ ဖို့ ဖန်တီး လာတယ် ။ သန္တာဝင်း က လူ က ငယ်ငယ် မိန်းမ လည်လေး ။ ဝတ်ချင် စားချင် ၊ ကြွားချ င်ဝါချင် တယ် ။ သူ့ အတွက် ရဖို့ ဆိုရင် ဘာမဆို လုပ်ဝံ့တယ် ၊ မရှက်ဘူး ။

ဒီလို အရည်အချင်းတွေ ပြည့်စုံ မှ တော့ သူများ လင် နဲ့ ညား ဖို့ သေချာ နေပြီပေါ့ ။ ကိုဘတင့် က တော့ မကြာကြီး မသိ အောင် ရှုပ် ခဲ့တဲ့ ဇာတ်လမ်းပေါင်း က များ လို့ ရိုး နေပြီ ။ သန္တာဝင်း လို ကောင်မလေး တော့ မလိုအပ် တော့ရင် လက်ညှိုးလေး နဲ့ တောက် လွှတ်လို့ ရတယ် ဆိုတဲ့ စိတ် နဲ့ ထိတ်ထိတ်ကြဲ လိုက်ကြပါလေရော ။

နှစ်ယောက် ပေါင်းပြီး သစ္စာမဲ့ ဓာတ်ဆီ လောင်းပြီး ဖို လိုက်ကြတဲ့ ကာမကျုးလွန်မှု မီးဖိုကြီး က လောင်လိုက်တာ လေ ၊ မငြိမ်းနိုင် တော့ဘူး ။ အပွဲပွဲ နွှဲ ခဲ့တဲ့ ကိုဘတင့် လည်း သန္တာဝင်း နဲ့ ကျမှ သမီး ရည်းစား ခိုးပြေးကြ တဲ့ အဖြစ် ထိ ရောက် သွားတယ် ။

ကိုဘတင့် တစ်ယောက် တည်း ဆို ရင်တော့ သန္တာဝင်း က လည်း ဘယ် လက်ခံပါ့မလဲ ။ ကိုဘတင့် နဲ့ အတူ ရွှေ တစ်ကျပ်သား နဲ့ ငွေသား ငါးသိန်း လောက် ပါလာတာ ကိုး ။ ကိုကို့ ကို ချစ် ပြီပေါ့ ။

•••••   •••••   •••••

မကြာကြီး ရဲ့ အခု လက်ရှိ ပုံပန်း ကို ပြောပါရစေဦး ။ သူ့ မျက်နှာ မှာ မေး က သုံးထပ် လောက် အရစ် ရစ် ထ နေရဲ့ ။ မျက်လုံး က အဆီတွေ အိကျ တဲ့ အောက် မှာ ဝင် ပုန်းနေရဲ့  ။ မျက်နှာ အစ်ပြဲပြဲကြီး ရဲ့ နောက်မှာ ထုံး ထားတဲ့ ဆံထုံးလေး က ဆရာကြီး ဦးပုည ရဲ့ ဆံထုံးတော်ကြီး တမာသီး ကို အောက်မေ့ ဖွယ်ဖြစ်လို့ ။

အောက်ပိုင်း ခန္ဓာကိုယ် က တော့ ဝလွန်းလို့ လမ်းလျှောက် လို့ တောင် မကောင်းတော့ဘူး ။ အိပဲ့ အိပဲ့ ။

သားသမီး တွေ က အဖေ နောက် မိန်းမ ခိုး ပြေးတာ စိတ်ဆိုး စိတ်နာ ကြ တာပေါ့ ။ မကြာကြီး မှာ လည်း မျက်ရည် စက်လက် ။ ဒါပေမဲ့ စိတ် မနာနိုင် ပါဘူး ။ သူတို့ သာ ပြန်လာမယ် ဆိုရင် နှစ်ယောက် လုံး တင် ကျွေး ထားလိုက်ချင် သေးတယ် ။ ဟိုတုန်းက ကိုဘတင့် လို ပဲ အခု ကိုဘတင့် ကို နေ စေ ချင်တယ် ။

ဒါကို သားသမီး တွေ ကို ဖွင့် ပြောမိတော့ သားကြီး က စိတ် ဆိုးလွန်း လို့ အမေ့ ကို ငို ပြီး ပြော တယ် ။ ‘ အဖေ ဆိုးတာ အမေ အလို လိုက်လွန်းလို့ ’ တဲ့ ။ ဒီတော့ မကြာကြီး ဘာ ပြောတယ် မှတ်လဲ ။

“ အမေ က သား ရဲ့ အဖေ ကို အလို လိုက်တာ မဟုတ်ပါဘူး ကွယ် ။ အ မေ က ဇနီးမယား ကောင်း တစ်ယောက် ဖြစ်အောင် လည်း ကြိုးစားတယ် ။ ချစ်သူကောင်း တစ်ယောက် လည်း ဖြစ်ချင်တယ် ။ ဒါကြောင့် သူများ ကို အပြစ် မပြောဘဲ ကိုယ် လုပ်သင့်တာ ကိုပဲ လုပ်ခဲ့လို့ ပါ ။ သူ က သူ လုပ်သင့် တာ မှ မလုပ်တာ ။ အမေ ဘာ တတ်နိုင်မှာ လဲ သား ရဲ့ ။ အခုလည်း လုပ်သင့်တာ လုပ်ပေး မလို့ ပါ ” 

ဒီတော့မှ အပြစ် တင်မိတဲ့ သား ခမျာ မကြာကြီး ကို ထိုင် ကန်တော့လိုက် ရှာရသတဲ့ ။ ကံတရား က မကြာကြီး ဘက် ပါတယ်လို့ ပြောရမလားပဲ ။

အိမ် က ထွက် သွားပြီး တစ်လ ကြာ မှာ တော့ ကိုဘတင့် တစ်ယောက် ခေါင်း ငိုက်စိုက် ချပြီး အိမ် ပြန် ရောက် လာတယ် “ ကိုကို မှားပါပြီ ကြာကြာ ရယ် ” လို့ လည်း ငိုပြီး တောင်းပန် သတဲ့ ။ ယူ သွားတဲ့ ရွှေငွေပစ္စည်းတွေ တော့ မပါဘူးပေါ့ ။

သားသမီး တွေ လည်း ပျော်ရွှင် လို့ ။ မကြာကြီး တော့ ပီတိ ဖြစ် လွန်းလို့ အဆီတွေ စု နေတဲ့ မျက်နှာကြီး ပေါ် က ငယ်ရုပ်ကလေး တောင်မှ ပေါ် လာ သလို ထင်ရသေးတော့ရဲ့  ။ မိသားစုတွေ ပျော်ပျော်ပါးပါး နဲ့ အဖေ ၊ အမေ ရဲ့ အနှစ် နှစ်ဆယ်မြောက် မင်္ဂလာ ရက်မြတ် အထိမ်းအမှတ် နဲ့ တစ်ရပ်ကွက်လုံး ကို မုန့်ဟင်းခါး တိုက်လိုက်သေးရဲ့ ။

မြတ်စွာဘုရား ၊ အားလုံး ဝမ်းသာ လို့ မှ မဆုံးသေးဘူး ။ မင်္ဂလာ နှစ်လည်ပွဲ အပြီး ငါးရက်မြောက် တဲ့ နေ့ မှာ မကြာကြီး ရဲ့ လက်ကောက် သုံးကွင်း နဲ့ အတူ ကိုဘတင့် တစ်ယောက် ပျောက်သွား ပြန်ပါ ကောလား ။ မကြာကြီး ရဲ့ လက်ကောက် က တစ်ကွင်း လေးကျပ်သား ရှိ သတဲ့  ။ ဒီ တစ်ခါတော့ တစ်ရပ်ကွက်လုံး က ပါ ကိုဘတင့် ကို မုန်း နေကြတော့တယ် ။

တစ်လခွဲ လောက် ကြာတော့ ကိုဘတင့် ရောက် လာ ပြန်တယ် ။ အရင် အချိုး အတိုင်း ဝန်ချ တောင်းပန် ရင်းပေါ့ ။

“ ကြာကြာ ရယ် ၊ ကိုယ် က သူများ သားသမီး ကို ကျူးလွန် မိထားတာ မဟုတ်လား ကောင်မလေး မှာ ကိုယ်ဝန်ကြီး နဲ့ ဆိုတော့ .... ” 

နှစ်ကိုယ်ကြား တောင်းပန် လိုက်ရင်ပဲ မကြာကြီး မှာ ခေါင်း တညိတ် ညိတ် ။ ရှင် က လူစိတ် ရှိ တာကိုး ။ ဒီမှာ နေရင်း လှမ်းပြီး ထောက်ပံ့ပေါ့ ။ ဒီ ကောင်မ ဘာလုပ်ကိုင် စားတတ်မှာ လဲ ။ ကြာ တို့ က ပေးရုံ ပေါ့ တဲ့ ။ ထောက်ခံ လို့ တောင် ပြောလိုက်သေးတယ် ။

တတိယ အချီ ထွက် သွား ပြန် တော့ ဆယ့်ငါးရက် နဲ့ ပြန် ရောက်လာတ ယ် ။ ထုံးစံ အတိုင်း တောင်းပန်ဖို့ ကြိုးစားတုန်း ...

“ ကိုဘတင့် ၊ ရှင့် မျက်နှာ ပေါ်က ခြစ်ရာဖဲ့ရာတွေ က ဘာဖြစ်လာသတုန်း ”  

“ ဟို မိန်းမယုတ် လုပ် လွှတ် လိုက်တာလေ ။ ကိုကို က သူ့ ကို မပေါ့မပါးကြီး နဲ့ ဆိုပြီး သည်းခံ နေခဲ့တာ ”

“ ရှင့် မိန်းမ က ကိုယ်ဝန် ဘယ်နှလ လွယ်ထားလို့ လဲ ” 

“ ခြောက်လ ရှိပြီကွယ် ။ မွေးခါနီး ဖွားခါနီး မဟုတ်လား ” 

“ ကြံကြီးစည်ရာ ရှင် ၊ ကျွန်မ စုံစမ်း ပြီးပြီ ။ ရှင့် မိန်း မမှာ ဘာ ကိုယ်ဝန် မှ မရှိဘူး ။ ရှင့် မျက်နှာ ပေါ်က ခြစ်ရာတွေ က လည်း သနားစရာ မကောင်းတဲ့ အပြင် ရွံ ဖို့ တောင် ကောင်းပြီ ၊ ကဲ ရှင် ပြန်ပါတော့ ရှင် ရှင့် ကို မြင်ရင် သားသမီးတွေ မှာ ငရဲ ကြီးလွန်းလို့ ပါ ။ ကလေးတွေ အထင် သေး အောင် မလုပ်ပါနဲ့ ။ ကလေးတွေ ကံ မဆိုးပါရစေနဲ့ ရှင် ” 

မကြာကြီး က ပြတ်ပြတ်သားသား ပြောပြီး နှင် လွှတ်လိုက်တယ် ။

•••••   •••••   •••••

အရပ် ထဲ က အကြောင်း ဆို တော့ လည်း ကျွန်မ သိ နေတာပေါ့လေ ။ ဒီ သတင်း ကြား ရတော့ ကျွန်မ လည်း အတော် ဝမ်းသာ သွားတယ် ။

ဟုတ်တယ် ၊ အချစ် နဲ့ မတန် တဲ့ သူ ကို အချစ် မပေးရဘူး ။ သည်း မခံသင့် တဲ့ လူ ကို သည်း မခံ ရဘူး ၊ ငုံ့ မခံ သင့် တဲ့ လူ ကို ငုံ့ မခံရဘူး ၊ ခွင့် မလွှတ် သင့်တဲ့ လူ ကို ခွင့် မလွှတ်ရဘူး ။

ဒီ သတင်း ကြားပြီး သုံးရက်မြောက် တဲ့ နေ့ မှာ တော့ နောက်ထပ် သတင်း တစ်ခု ထပ် ကြားရ တယ် ။ မကြာကြီး တစ်ယောက် ရုတ်တရက် သေဆုံးသွား ရှာ သတဲ့ ။ ကြေးစည် ထု သံ လွင့်ပျံ လာတယ် ။

သားသမီး တွေ လည်း ငိုကြ ၊ သူ့ အလုပ်သမား တွေ လည်း ငို ၊ ကျွန်မ လည်း ငိုမိတယ် ။ တစ်ရပ်ကွက်လုံး မျက်ရည် မဆည်နိုင်ပါဘူး ။

မကြာကြီး ရဲ့ ခန္ဓာကိုယ် ထဲ မှာ တိတ်တခိုး ဝင်ရောက် နေတဲ့ သွေးတိုး နှလုံးရောဂါ ကြောင့် ရုတ်တရက် သေဆုံး သွားတာ တဲ့  ။

ကျွန်မ က တော့ ဒီလို မထင်ဘူး ။ သွေးတိုး နှလုံးရောဂါ ဆိုတာ ဒီ ခေတ် မှ ရောဂါ နာမည် တပ်ကြ တာ မဟုတ်လား ။

သူ ရင်ကွဲနာ ကျ ပြီး သေသွား ရှာ တာ လို့  ။ သူ့ ရင် ထဲ က အချစ် တွေ ကို သူ ကိုယ်တိုင် တောင် မှ ဖြိုဖျက် ပစ် လို့ မရရှာဘူးနဲ့ တူပါရဲ့ ။

လေးစားပါတယ် မကြာကြီး ရယ် ... ။

◾မဝင့် ( မြစ်ငယ် )

📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
      အမှတ် ၁၃၄
      ဇန်နဝါရီလ ၊ ၂၀၀၁ ခုနှစ်

#ကိုအောင်နိုင်ဦး

.

Tuesday, November 1, 2022

ဒေါင်းဖန်ဝါ ရောင်စုံ ကွယ်တော့


 

❝ ဒေါင်းဖန်ဝါ ရောင်စုံ ကွယ်တော့ ❞

နွေ မနက်ခင်း လေနုအေး က သူ့ ခေါင်း ပေါ် မှ ဆံဖြူစများ ကို လှုပ်ခါ သွားအောင် ဝေ့ဝဲ နှုတ်ဆက် ပြေးသွား၏ ။ သူ သည် ဖြတ်ပြေး သွားသော လေကလေး ကို အမိအရ ဖမ်းယူ ရှူရှိုက်ရင်း သိသိသာသာ မြန်လွန်း နေသော သူ့ ရင်ခုန်သံ ကို အတတ်နိုင်ဆုံး လျော့ပါး သွားအောင် ဖော့ ပစ် လိုက် သည် ။ ဒီနေ့ အဖို့ ငါ လျှောက်လှမ်း နေတဲ့ ခြေလှမ်း တိုင်း မှာ မာရသွန် အပြေးသမား တစ်ယောက် ရဲ့ ပန်းတိုင် ဝင်ခါနီး ခြေလှမ်းများ လို တဖြည်းဖြည်း အားပြည့် တက်ကြွ လာ နေရမယ် လို့ သူ့ ကိုယ် သူ အားတင်း ပစ် သည် ။ သို့ငြား ချိုင့်ခွက် များ သော ကတ္တရာလမ်းအိုလေး ပေါ် မှာ ခပ်စိပ်စိပ် ခပ်လေးလေး သာ လျှောက်လှမ်း နေတဲ့ သူ့ ခြေထောက်များ ကို သွက်လက် သွားအောင် မစွမ်းဆောင်နိုင် တော့သလို လေးကန် နေ၏ ။

ခါတိုင်း ဆိုလျှင် သူ့ အိမ် မှ နံနက် ၇ နာရီ ၁၀ မိနစ် အလို မှာ ဆွဲ တဲ့ စက်ရုံ ဥဩသံ ကြား မှ ထွက်လာ တော့ ၇ နာရီ နောက်ဆုံး သတိပေး ဥသြ အဆုံး မှာ စက်ရုံ ပေါက် က ဆွဲတံခါး ထဲ သို့ သူ အရောက် အချိန် ကိုက် ပင် ဖြစ်သည် ။ သည် မနက် တော့ ၆ နာရီ ၌ ပထမ ဥသြ ဆွဲသံ ကြား က တည်း က သူ့ အိမ် မှ ထွက် ဖြစ်သည် ။ သူ ၏ လေးကန် ဖင့်နွှဲ နေသော ခြေလှမ်းများ ကြောင့် အိမ် နှင့် စက်ရုံကြား ခရီးလမ်းကလေး ကို ပင် ကမ္ဘာ တစ်ဖက်စွန်း သို့ သွား နေရ သူ ကဲ့သို့ ရောက်ခဲ လှ ပါဘိ ။

သူ့ ဘေး မှ တရိပ်ရိပ် ဖြတ်ကျော် သွားကြသော မြင် နေ ကျ မျက်နှာများ ကို လှည့် မကြည့်မိအောင် သူ တမင် ခေါင်းငုံ့ ထား၏ ။ ပေါ့ပါးသော ခြေလှမ်းများ ဖြင့် သူ့ ကို ဖြတ်ကျော် သွားကြ သူများ ထံမှ ရှေ့လ ထဲ မှာ သက်သာ သကြား ခြောက်ဆယ်သား စီ ရလိမ့်မယ် ဆိုတဲ့ သတင်း စကား ကို ကြား ရသဖြင့် သူ ထိတ်ခနဲ ဝမ်းသာ သွားမိသေးသည် ။ ပြီးမှ အို ဒါတွေ ငါ နဲ့ မဆိုင်တော့ပါဘူး လို့ ခေါင်းခါ ဖယ်ထုတ် ပစ်ရသည် ။

စက်ရုံ ပေါက် အချိန်မှတ်ရုံး နံရံ သံငုတ် ပေါ် က သူ့ အလုပ် ကိုယ်ပိုင် နံပါတ်ပြားလေး ကို ဖြုတ် ပေးရင်း ဘိုးတော် ဒီနေ့ နောက်ဆုံး နေ့ နော် လို့ သတိပေး နှုတ်ဆက် လိုက်သော စာရေး လေး ကိုမြင့်စိန် ရဲ့အသံ က သူ့ နား ထဲ သို့ တုန်ခါ သွားစေသည် ။ စာရေးလေး ၏ စကား ကြောင့် သူ့ မျက်နှာ အမူအရာ တစ်မျိုး ပြောင်းသွားသည်လား မသိ ။ သံဆန်ခါပေါက် တွေ ရဲ့ နောက် စားပွဲ မှာ ထိုင် ကြည့်နေသော အချိန်မှတ်မှူးကြီး ဦးအောင်သန်း က ..

ဦးလှမောင် လုပ်သက် က သုံးဆယ့်ငါးနှစ် တောင် မှ နော် ၊ အသက် ခြောက်ဆယ်ပြည့် လို့ သာ  ပင်စင် ယူ ရမှာ သန်တုန်း မြန်တုန်း ၊ နုပျိုတုန်း ခင်ဗျ လို့ နှစ်သိမ့်စကား ဆို၏ ။ သူ သည် အချိန် မှတ်မှူးကြီး အား လူ ကတော့ နု ပါ ရဲ့ဆရာရယ် ၊ ပါးရေ တွန့်ပြီး ဆံဖြူ သွားကျိုး နေ တာလေးပဲ ပြော စရာ ရှိတယ်လို့ အရွှန်း ဖောက် ရယ်မော ပြောဆို လိုက်သည် ။ သူ့ စကား ကြောင့် ဦးအောင်သန်း နှင့် တကွ အချိန်မှတ်ရုံးသား များ ပါ လိုက်၍ ရယ်မော ကြသည် ။ သူ ကိုယ်တိုင် လည်း ရင်ထဲ မှာ တစ်ဆို့ နေသော ခံစားတုန်လှုပ်စိတ် တို့ ကို မေ့လျော့ သွားစေသည် ။

“  ငါ့ အရင် က လူတွေ လည်း ဒီလိုပဲ အချိန် တန်တော့ ခွဲခွာ သွားကြရတာပဲ ၊ ငါ က မှ ဘာ ဖြစ်လို့ သတ္တိ နည်း နေရတာလဲ ၊ အလုပ်သမားအိုကြီး တစ်ယောက် သူ့ အလုပ် က အငြိမ်းစား ယူ သွားရတာ လေ ထဲ မှာ နှင်း တစ်ပွင့် လွင့်ပြယ် သွား သလောက် ပဲ ရှိမှာပေါ့ ”

သူ့ နှလုံးသား က စကား တီးတိုး ဆို နေ၏ ။ အချိန်မှတ်ရုံး အပြင်ဘက် သူတို့ အလုပ်ရုံခွဲ သို့ သွားရာ ဥယျာဉ်လမ်းကလေး မှာ သူ နှင့် အလုပ်ဂိုဏ်းချင်း တူသော ထွန်းလွင် နှင့် တင်အောင် ၊ လုပ်သားကလေး နှစ်ယောက် ကို တွေ့ရသည် ။

နှုတ်သွက်လျှာသွက် ရှိလှသော အာကျယ်တင်အောင် က သူ့ အား ဘိုးလှအောင် ဒီ အပင် ပေါ် မှာ ရှိတဲ့ အုန်းသီးတွေ ထဲ က ဘယ် အလုံး အကြိုက်ဆုံး လဲ ပြော ၊ ရုံမှူး က ဘိုးလှအောင် ကန်တော့ပွဲ အတွက် ကျွန်တော်တို့ ကို အုန်းသီး တစ်လုံး အချိုင် ခိုင်းလိုက်လို့ ဟု ပြောသည် ။ သူ သည် အသီးတွေ ဝေဆာ နေသော အုန်းပင် ကို မော့ ကြည့်ရင်း ဟောသည် အုန်းပင်ကြီး ကို ငါ နဲ့ ကိုဘမှီ နှစ်ယောက် ထောက်ခံကြိုဆိုပွဲ အထိမ်းအမှတ် တစ်ခု မှာ စိုက်ခဲ့ကြတာ ။ ကိုဘမှီ နဲ့ ငါတို့ ဆိုတာက ဒီ ကောင်လေးတွေ လို စက်ရုံ ထဲ ကို တစ်နေ့ တည်း ဝင် လာကြတဲ့ သူငယ်ချင်းတွေ လေ ။ ကိုဘမှီ ခမျာ အဆုတ်ရောဂါ နဲ့ ဆုံးပါးခဲ့တာ ငါးနှစ် တောင် ရှိ သွားပြီ ။ ငါ က မှ သက်ပြည့် ပင်စင် တွေ ဘာတွေ ယူ လို့ ဆိုတဲ့ အတွေးစ ကို ဘိုးတော် ညနေ ကျ ရင် ကျွန်တော် တို့ ငှက်ပျောပွဲ နဲ့ ခင်ဗျား အိမ် ကို လိုက်ခဲ့တော့ မှာနော် ၊ ဒီတစ်ခါ တော့ သားမက် တော် ဖို့သာ ပြင်ထား ပေတော့ ဆိုတဲ့ ထွန်းလွင် ရဲ့ စနောက် ပြော ဆိုသော စကား ကို ပျက်ပြယ် သွားစေသည် ။

“ ချီးတဲ့မှပဲ ၊ ငါ့ မှာ သမီးပျို မရှိတော့ပါဘူး ဆိုနေမှ .. အိမ် မှာ ငါ့ အဘွားကြီး မယ်အေး ရယ် ၊ ထမင်းရည် တောင် ဝအောင် မသောက်ရ ရှာတဲ့ ခွေးပိန်မလေး မိနီ ရယ် ပဲ ရှိတယ် ။ မင်း လိုချင်ရင် ခွေးပိန်မလေးမိနီ ကို ပဲ လာ တောင်းလှည့် ”

ထွန်းလွင် မျက်နှာ ရှုံ့မဲ့ သွားသည် ။ သူ သည် ကောင်လေးတွေ ကို ကြည့်ပြီး တဟားဟား ရယ်မော မိသည် ။ အတော် ပျော်တတ် တဲ့ ကောင်လေးတွေ ဟု လည်း စိတ် ထဲ မှ မှတ်ချက်ချ မိသည် ။ ပြောသာ ပြော ရသည် ။ သူ့ သမီးအကြီး မိကြင်မြိုင် တုန်း ကလည်း သည်လိုပဲ စလိုက် နောက် လိုက် နှင့် သူ တို့ အလုပ်ဂိုဏ်း ထဲ မှ ကျော်သန်း နှင့် ညား သွားကြသည် ။ သူ့ သမီးအငယ်မ မိကြင် လှိုင် ကျ ပြန်တော့ သူ နှင့် အလုပ်ရုံခွဲ တူ တဲ့ ဆေးသုတ်ဂိုဏ်း က စိုးမင်း နှင့် အကြောင်း ပါ ပြန်သည် ။

ခုတော့လည်း သူ့ သားမက် အကြီးကောင် ကျော်သန်း တစ်ယောက် စက်ရုံ ထဲ မှ ပစ္စည်း ခိုး လို့ အလုပ် ပြုတ်ပြီး သူ့ ရွာ သူ ပြန်ကာ သံပရာခြံတွေ မှာ နေ့စား ရရာ အလုပ်တွေ ဝင် လုပ်နေ ရှာပြီ ။ သားသမီး များသော ၊ ရိုးအသော သားမက် နှင့် သမီးတို့ အတွက် တွေးမိတိုင်း သူ စိတ် မကောင်းဖြစ် ရသည် ။ စက်ရုံ ထဲ မှာ ရှိ နေသေးတဲ့ သားမက် အငယ်ကောင် စိုးမင်း ကို တော့ သူ အတတ်နိုင်ဆုံး စောင့်ရှောက် သတိ ပေးရသည် ။ သူများ မကြည့် နဲ့ ကွ ၊ ငါ့ ကို ပဲ ကြည့် ၊ မရှိလို့ ငတ် သေချင် သေပါစေ စက်ရုံ ထဲ က ပစ္စည်း ဘယ်တော့ မှ မခိုးဘူး ဆိုတဲ့ စိတ်မျိုး မွေးစမ်းပါကွာ လို့ အားပေး ရသည် ။ စိုးမင်း သည် အလုပ် အားရက်များတွင် ပန်းရန် ၊ ထင်းခွဲ ၊ မြေတူး စတဲ့ အလုပ် မရွေး လိုက် လုပ်ပြီး ဝင်ငွေ ရှာတတ် သလို သမီး မိကြင်လှိုင် က လည်း အိမ်ဆိုင်ကလေး ဖွင့်  ကာ မုန့်ပဲသရေစာကလေး ရောင်း လိုက်သေးသည် ။ လင်မယား နှစ်ယောက် လက်ချညီညီ နှင့် ရုန်းကန် စီးပွား ရှာနေကြတဲ့ ကြားထဲ က သားသမီးငါးယောက် တာဝန် ကို လိမ်ဖယ်လိမ်ဖယ် နှင့် မနိုင့်တနိုင့် ထမ်း နေကြရ ရှာသည် ။ ကြာလျှင် သူ့ သားမက် စိုးမင်း တစ်ယောက် သူ ဖြစ်စေ ချင်တဲ့ အလုပ်သမားကောင်း တစ်ယောက် ရဲ့ ဘဝ ကို ဂုဏ်ယူစွာ ဆုံးခန်းတိုင် နိုင်ရှာပါဦးမည်လား လို့ သူ စိုးရိမ် မိသည် ။

အုန်းသီး တစ်လုံး ကို လက် မှာ ပိုက်ရင်း သူ့ နား ရောက် လာသော တင်အောင် က ဘိုးတော် ဒီ အလုံးကြီး မလှဘူးလား ဟု မေး နေရာမှ တုန့်ခနဲ အမူအရာ ပြောင်း သွားကာ တစ်သက်လုံး စက်ရုံ ထဲ မှာပဲ ဘဝ ကို မြုပ်နှံပြီး အလုပ် လုပ် နေရာ က ခွဲခွာ သွားရမှာ ဆိုတော့ ဘာပဲ ပြောပြော ခံစားရမှာပဲ နော် လို့ သူ့ ကို ဆွေးနင့်စွာ ပြောသည် ။ သူ က အလုပ် ကို သန့်သန့်ရှင်းရှင်း တာဝန်ကျေကျေ နဲ့ အနားယူ သွားတာပဲကွ ၊ ငါ ဖြင့် ဝမ်းတောင် သာသေးလို့ ခပ်ပေါ့ပေါ့ ပြောပြီး ရယ် ချ လိုက်သည် ။ သူ ၏ ရယ်သံ မှာ ဟက်ခနဲ နစ်ဝင် သွားတာ သတိထား မိပြန်သောအခါ သူ့ ကိုယ် သူ မကျေမနပ် ဖြစ်ရပြန်သည် ။ သူ့ အမူအရာတွေ ခါတိုင်း နှင့် မတူဘဲ ဘယ်လောက် အထိ လွဲချော် နေပြီလဲ ။

“ ဘောက်ဖားဂိုဏ်း က ဘိုးချစ်အောင်ကြီး က ခင်ဗျား အတွက် ဘားတစ်လုံး ယူလာတာ ဗျ ၊ စက်ရုံပေါက် ကွမ်းယာဆိုင်မှာ ထား ခဲ့တယ် သိလား ။ ညနေ ကျ ရင် ဘိုးတော် တစ်ခွက်တစ်ဖလား ချပစ်ဗျာ ”

ထွန်းလွင် က သူ့ ကို တစိမ့်စိမ့် ကြည့် နေပြီးမှ ပြော လိုက်သော စကား ကို သူ သဘော မကျပေ ။ ထို့ကြောင့် သူ က ချစ်အောင် ဘာ အရူး ထ နေတာလည်း မသိဘူး ၊ မယ်အေး နဲ့ အိမ် ထောင်ကျပြီး ကတည်း က ငါ အရက် မသောက်တော့တာ သူ သိသားနဲ့ ကွာ လို့ ခပ်မာမာ ပြော ပစ် သည် ။ ထိုအခါ တင်အောင် က အောက်နှုတ်ခမ်း ကို လျှာ ဖြင့် သိမ်း ပြရင်း ဒါဆိုရင်လည်း ညနေ မှာ အဲဒီ အလုပ် ကို ကျွန်တော့် တာဝန် ထားလိုက် ဘိုးတော် လို့ အားတက်သရော ဝင် ပြောသည် ။ ထွန်းလွင် က တင်အောင် အား အရက်သမား က တော့ ဖြင့် လုပ်ပြီ လို့ မကျေမနပ် ပြောရင်း ရန်ဖြစ် ကြပြန်သော အခါ သူ ရယ် နေလိုက်သည် ။

သူ သည် စက်ဘီးကိုင် ဝင်ရိုး ကို ပွတ်သပ် ကိုင်တွယ် ကြည့်နေဆဲ ရုံမှူး က အဆင်သင့် ဖြစ် နေပါတဲ့ လက် တို့ ကာ လာ ခေါ်နေသော ရုံးအကူ လုပ်သားလေး မောင်စန်းလွင် ကို ယောင် ငေး နှင့် ပင် ခေါင်းညိတ် ပြ လိုက်သည် ။ သံလက်ကိုင် ဝင်ရိုး ပေါ် က ချိုင့်ခွက် နေသော လက်ချောင်းရာများ သည် သူ နှင့် အရင် က ကိုင်တွယ် လုပ်ဆောင်သွားကြသော လုပ်သားကြီးများ ၏ လက်ရာများ ပင် ဖြစ်ပေ လိမ့်မည် ။ သူတို့ ရုံ ၌ စာရေးမလေး ခင်စန်းရီ က ကျွန်မတို့ အလုပ်သမား များ ရဲ့ လက်တွေ လို့ တင်စား ပြောဖူးတာကလေး ကို သတိရ ကြည်နူးမိသည် ။

သူတို့ အလုပ်သမားတွေ က တော့ သည် စက်ကြီး ကို သံတွေ ဖောက် ပေးတတ်တဲ့ အတွက် ဖောက်စက် လို့ ပဲ လွယ်လွယ် နှင့် ခေါ်လိုက်ကြသည် ။ စက် ရဲ့ ရှေ့ထိပ် အဖုံးပေါ် မှာ တော့ အင်္ဂလိပ် လို ရေး ထားတဲ့ အခေါ်အဝေါ် နာမည်စာတန်း ရှိသည် ။ မြန်မာအက္ခရာ လို ကကြီး ဝလုံး လို ဟာ တွေ ပါ တာလောက်ပဲ သူ သိသည် ။ သည် စက်ကြီး ကို စက်ရုံ တည်ပြီး ကတည်း က မျက်နှာဖြူတွေ ယူ လာ ခဲ့ကြတာ ဆိုတော့ စက်ကြီး ရဲ့ သက်တမ်း က လည်း ခုနှစ်ဆယ့်ငါးနှစ် ကျော်ပြီ လို့ သူ တွက်ကြည့် မိသည် ။

“ ကျုပ် နှုတ်ဆက် ကန်တော့ခဲ့ပါတယ် ”

သူ သည် ဖောက်စက်ကြီး ကို ဘဝ တွင် အတူ ရုန်းကန် လက်တွဲခဲ့တဲ့ မိတ်ဆွေကောင်း တစ်ယောက် ပမာ ထိုင်၍ ကန်တော့ လိုက်သည် ။ အနား တွင် ရပ်စောင့် နေသော ရုံးအကူလုပ်သားလေး က သူ့ ကို အံ့သြထူးဆန်းစွာ ကြည့် နေခြင်း အတွက် အနှောင့်အယှက် မဖြစ်တော့ သလိုပါ ပဲ ။ ရုံးခန်းကလေး သို့ သွားရာ လမ်းတစ်လျှောက် တွင် တွေ့သမျှ သူ့ မိတ်ဆွေများ ကို လည်း တည် ငြိမ်စွာ နှုတ်ဆက် ထွက်ခွာနိုင်ခဲ့သည် ။

ရုံးအောက် မြေကွက်လပ် ပေါ် မှာ စားပွဲ တစ်လုံး ၊ ကုလားထိုင် တစ်လုံး ခင်းထား၏ ။ စားပွဲ နောက် ရုံး ကြော်ငြာ သင်ပုန်း တွင် သက်ပြည့်ပင်စင် ဖြင့် အငြိမ်းစား ယူတော့မည့် အလုပ် သမားကြီး ဦးလှမောင် အား ဂုဏ်ပြုနှုတ်ဆက်ပွဲ ဆိုတဲ့ ရောင်စုံမြေဖြူ နဲ့ ရေးထားတဲ့ စာတန်းကလေး ကို သူ ဖတ်သည် ။

“ သုံးနာရီ ထိုးတော့မှာမို့ အခေါ်ခိုင်း လိုက်ရတာပဲ အဘရေ ”

အသင့် စောင့်ကြိုနေသော ရုံမှူး က သူ့ လက် ကို ဆုပ်ကိုင် ပြောဆိုရင်း ၊ တစ်လုံး တည်း သာ ရှိတဲ့ ကုလားထိုင် ပေါ် မှာ ထိုင်ဖို့ နေရာ ပေး လိုက်သည် ။ စားပွဲ ပေါ် မှာ တော့ သူ့ အတွက် ဂုဏ်ပြု လက်ဆောင် အဖြစ် ပေးကြမည့် ငှက်ပျောသီး ၊ အုန်းသီးတောင်း တစ်လုံးနှင့် ဆပ်ပြာခွက် ၊ မျက်နှာ သုတ်ပဝါ စတဲ့ လက်ဆောင် ပစ္စည်းကလေးများ ထည့် ထားတဲ့ အထုပ် တစ်ခု ရှိသည် ။

“ အဘ ကို ကျွန်တော် တို့ က တစ်ခါတည်း ကန်တော့လိုက်ကြဦးမှာ ”

အလုပ်ထိန်းကလေး ကိုကျော်အေး က သူ့ အနား ကပ် လာ ပြောသည် ။ သူ့ ဘေး က မြေကွက်လပ်ကလေး ပေါ် မှာ တဖြည်း ဖြည်း နှင့် လူတွေ များ လာသည် ။ သူ မြင်နေရသော လူတွေ ထဲ မှာ နှင်းဆီပန်း ၊ စံပယ်ပန်းကုံးတွေ ပွေ့ပိုက် ထားသော စာရေးမလေး ခင်စန်းရီ လည်း ပါသည် ။ သူတို့ အလုပ်ရုံခွဲ မှာ အလုပ်ဂိုဏ်းခွဲ ရှစ်ဂိုဏ်း ရှိရာ တစ်ဂိုဏ်း လျှင် လူ သုံးဦး သာ နှုတ်ဆက်ပွဲ သို့ တက် ခွင့် ရကြသည် ။ ရုံခွဲ မှာ ဆိုတော့ ရုံမှူး ခမျာ လက်ဖက်ရည်ဖိုး ၊ မုန့်ကြွပ်ဖိုး နှင့် ပင် ခေါင်းခြောက် ရှာပေလိမ့်မည် ။ သူတို့ ရုံ ခွဲကလေး မှာ အဲသည်လောက် အထိ ရန်ပုံငွေ မပြည့်စုံတာ သူ သိသည် ။

သူ့ အလုပ်ကြပ် ကိုချစ်ပို တစ်ယောက် ကတော့ ထွန်းလွင် တို့နှင့် အတူ လက်ဖက်ရည် ပုံးကြီးတွေ ဆွဲ လာတာ မြင်ရသည် ။ ကိုချစ်ပို က အဲဒီ နေ့ ကျရင် ကျွန်တော့် ကို နှုတ်ဆက် စကား ပြောဖို့ ရုံး က တာဝန် ပေးနေတယ် ဦးလေး ရာ ၊ ဖြစ်ပါ့မလား မသိဘူး ၊ ကျွန်တော် က သိပ်ပြီး ဝမ်းနည်းတတ်တာ လို့ သူ့ ကို ပြောဖူးသည် ။

သူ့ ထံ သို့ လက်ဖက်ရည်မုန့်ကြွပ်များ လာ ချ ပေးသော တင်ရွှေကြီး အား ဘီဝမ်းဂိုဏ်း သား မျိုးချစ် က ဟေ့ကောင်တင်ရွှေ ၊ မင်း က ရာထူး တိုး တော့ မှာ မို့ ဝမ်းသာတဲ့ အထိမ်းအမှတ် နဲ့ ဘိုးလှမောင် ကို လက်ဖက်ရည် တိုက်တာလား ကွလို့ လှမ်း စ သည် ။ တင်ရွှေကြီး မှာ လစာ ရင်း တစ်ရာနှစ်ဆယ့်ငါးကျပ် ရတဲ့ ဒု - စက်ကိုင်ရာထူး မှ တစ်ရာ့ငါးဆယ် ရသော သူ့ နေရာ ( ပ ) စက် ကိုင် ရာထူး သို့ တက်ရမည့် သူ ဖြစ်သည် ။ တင်ရွှေကြီး က မျိုးချစ်အား ချက်ချင်းပင် တစ်တစ် ခွခွ လှမ်းဆဲသည် ။ လူဖြောင့် စိတ်တို တင်ရွှေကြီး အား မခံချင်မှန်း သိသဖြင့် ရုံ ထဲ က လူတွေ က သည်လိုပဲ လှောင်ပြောင်လေ့ ရှိကြသည် ။

“ ကဲ ကဲ အခမ်းအနား စမယ် ”

အလုပ်ထိန်း ကိုကျော်အေး က သတိပေး လိုက်မှ အားလုံး ငြိမ်သက် သွားကြသည် ။ ပထမ ဆုံး ရုံမှူး က နှုတ်ဆက် ဂုဏ်ပြု စကား ပြော၏ ။ သည်လို အခမ်းအနားပွဲ များစွာ တွင် အတွေ့ အကြုံ များလှပြီ ဖြစ်သော ရုံမှူး က တော့ နှုတ်ဆက်စကား စု ကို ပြေပြစ် ချောမွေ့စွာ ပြော သွားနိုင် ခဲ့သည် ။ အလုပ်ကြပ် ကိုချစ်ပို အလှည့် ကျတော့ အဆင် မပြေ ရှာတော့ ။ ဂုဏ်ယူပါတယ် ၊ နှုတ် ဆက်ပါတယ် ဆိုတဲ့ စကားတွေ နှင့်သာ ထပ်နေသော ကိုချစ်ပို ခမျာ ပြော နေရင်း မှ မျက်နှာ တစ်ခု လုံး ရဲ တက် နေပြီး မျက်တောင် ကို ပုတ်ခတ် ပုတ်ခတ် လုပ် နေသည် ။ ကိုချစ်ပို သည် စကား ကောင်း စွာ မပြောနိုင်တော့ဘဲ ထစ်အ နေသလို နားထောင်သူ အားလုံး ၏ မျက်ဝန်းတွေ မှာ လည်း စို စွတ် နေကြ၏ ။ နောက်ဆုံး သူ့ အလှည့် ရောက်လာသည် ။

သူ ဘာ ပြောရမည်နည်း ။ သူ့ အကြောအခြင်တွေ တောင့်တင်း လာ၏ ။ သူ့ မျက်လုံးတွေ ပြာဝေ နေသည် ။ သူ့ နှလုံးသွေး များ သည် ခန္ဓာကိုယ် အနှံ့အပြား သို့ အရှိန် ပြင်းစွာ လှည့်ပတ် စီးဆင်း နေကြသည် ။

“ လေးစားအပ်တဲ့ ရုံမှူး နှင့် တကွ ဘဝတူ လုပ်သားများ ခင်ဗျား ”

သူ့ အသံတွေ ကွဲအက် တုန်ခိုက် မနေအောင် သတိ ထားပြီး ပြောသည် ။ သည်ကြား ထဲ မှ တဆတ်ဆတ် တုန်နေသော လက်နှစ်ဖက် ကိုတော့ စားပွဲ ပေါ် မှာ တအား ဖိထောက် ထားပြီး ရပ်ရင်း ဟန် မပျက်အောင် ထိန်းထား ရသည် ။

သူ့ ကို အားလုံး က စကား ပြော ကောင်းသူ လို့ ချီးကျူး ကြသည် ။ သူ စကားတွေ အများကြီး ပြော ဖြစ်ခဲ့သည် ။ တစ်သက်လုံး မပြော ဖြစ်ဖူးသေးတဲ့ စကားတွေ ပါပဲ ၊ အလုပ်သမား ဆိုတာ ဘာ လဲ ဆို တဲ့ အဓိပ္ပာယ် ကို သူတို့ သိ စေချင်သည် ။ လောဘ ၊ ဒေါသ ၊ မာန ကင်းသော သန္တိသုခရသ ကို ခံစားနေကြရတဲ့ မိမိတို့ရဲ့ လုပ်သား ဘဝ ကို ဂုဏ်ယူ တတ်ကြစေချင်သည် ။

အေဝမ်းဂိုဏ်း က အလုပ်ကြပ် မောင်ချက် တို့ အဖွဲ့ကတော့ ဘိုးတော် ဘာတွေများ ဒီ လောက် အကြာကြီး ပြော နေတာလဲဟင် လို့ မေးသည် ။ သူတို့ ရုံ ထဲ မှ လူတွေ ကတော့ မောင်ချက် တို့ ဂိုဏ်းသားတွေ ကို နားထိုင်း အုပ်စု လို့ ခေါ်ကြသည် ။ ရပစ် ရိုက်စက် ၊ စို့ ဖြတ်စက် စသော ဆူညံ နေတဲ့ စက်တွေ ကြား တွင် အလုပ် လုပ်နေကြရသော်လည်း အသံကာ နားကြပ် တပ်ဆင်စရာ မရှိဘဲ လုပ်ကြ ရသဖြင့် မောင်ချက် တို့ တစ်တွေ နားလေး ကုန် ကြရတော့သည် ။ သူ့ ကို ငေး ၍ ထုံအစွာ ကြည့် ပြီး မေး နေသော မောင်ချက် ကို ကြင်နာစွာ ကြည့်ရင်း သူ ပြောခဲ့တဲ့ စကား တစ်စ ကို ပင် ကျေနပ်စွာ ခံစားမိသည် ။

“ ကျွန်တော် ဟာ စက်ရုံကြီး ထဲ ကို အလုပ်သမား တစ်ယောက် အဖြစ် လုပ်ကိုင် အသက်မွေး ဖို့ ကျွန်တော် ရဲ့ ဟောဒီ လက်နှစ်ဖက် ကို ပဲ အရင်းအနှီး ပြုပြီး ဝင်ရောက် ခဲ့ပါတယ် ။ ခု ကျွန်တော့် ရဲ့အလုပ်သမား ဘဝ အငြိမ်းစား ယူ အိမ်ပြန် ခရီးမှာ ဟောသည် လက်နှစ်ဖက် ကို ပဲ အကောင်း ပကတိ အဖြစ်နဲ့ ပြန် ယူသွား နိုင်တာ ကို ပဲ ကျေနပ် လှပါပြီ ခင်ဗျာ ”

စာရေးမလေး ခင်စန်းရီ က တော့ အဘ က လည်း လက်ချည်း သက်သက် အိမ် ပြန် ရတာ ကို များ လို့ မျက်ရည် ဝဲပြီး ပြော သည် ။ တင်ရွှေကြီး က မူ “ ခင်ဗျား က သာ ထိုက်ထိုက်တန်တန် ဂုဏ်ပြုသလေး ဘာလေး နဲ့ အလုပ်သမား တစ်ယောက် ပင်စင် ယူ တာ စက်ရုံ ထဲ က ဘယ်သူတွေ က များ ဂရု စိုက်ပြီး နှုတ်ဆက်ဖော် ရလို့လဲ ” ဟု စိတ် တို စွာ ပြောသည် ။

“ ဟကောင်ရ အလုပ်သမား တစ်ယောက် ပင်စင် ယူ တာ သူ့ ရဲ့ ဘဝတူ အလုပ်သမားတွေ က ဂုဏ်ပြုခြင်း ဟာ သိပ် ထိုက်တန်တဲ့ ပွဲပဲပေါ့ ကွ ၊ အဲဒါကိုပဲ ငါ အမြတ်နိုးဆုံး ”

သူ သည် တင်ရွှေ ကြီး အား ခေါင်းမော့ လက်မ ထောင်ပြီး ပြော ဖြစ်ခဲ့လေသည် ။

      •••   •••   •••   ••• 

သူ ၏ မျက်ရည်စက် တို့ က တဖြုတ်ဖြုတ် ကြွေကျ သွားသည် ကို မည်သူမျှ မမြင်လိုက် ကြချေ ။ သူ့ ကို အားလုံး က ခေါင်းငုံ့ ပြီး ရှိခိုးဝပ်ချ နေကြစဉ် သူ့ မျက်ရည်စက်များ ကို ထိန်း မထား လိုက်နိုင်ခဲ့ပေ ။

“ လေးနာရီ မတ်တင်း ဥသြ ဆွဲပြီ ဦးလေး ကျွန်တော် တို့ သွားကြစို့ ”

အလုပ်ကြပ် ကိုချစ်ပို က သူ့ ကို သတိ ပေးသည် ။ စာရေးမလေး ခင်စန်းရီ က သူ့ လည်ပင်း သို့ နှင်းဆီ နှင့် စံပယ်ပန်းကုံး တွေ ချိတ်ဆွဲ ပေးလာသော အခါ အားလုံး က လက်ခုပ် တီး ဂုဏ် ပြု ကြသည် ။ မည်သူ တစ်ဦး တစ်ယောက် ၏ တိုက်တွန်း စေခိုင်းချက် မပါ ။ တိုင်ပင် ၍ လည်း မထားပါဘဲ လျက် တဖြောင်းဖြောင်း ပြိုင်၍ ထွက် လာသော လက်ခုပ်သံများ ကြောင့် သူ့ တစ် ကိုယ်လုံး ကြက်သီးတွေ စိမ့် ထွက် လာသည် ။

“ ကဲ မောင်ရှင်လောင်း ရှေ့က ကြွ ”

တစ်ချိန်လုံး ပျောက်ချက်သား ကောင်းနေသော ချစ်အောင်ကြီး ခု မှ ပေါ် လာသည် ။ သူ့ ခေါင်း ပေါ် မှာ အုန်းသီး ၊ ငှက်ပျောသီး တောင်း ရွက် ထားပြီး အာပြဲတင်အောင် က လက်ဆောင် ပစ္စည်း ထုပ် ကို လက် မှာ ပိုက်ထား၏ ။ သူတို့ က အလှူ့ဒကာ နှင့် အလှူ့အစ်မ ပုံစံ မျိုး ။

သူ က ပန်းကုံးတွေ လည်ပင်း မှာ ချိတ်ဆွဲ လျက် ရှေ့ဆုံး က သွားရသည် ။ သူ့ နောက် မှာ တော့ သူ့ ကို လိုက်ပို့မည့် လူ သုံးဆယ် ခန့် တန်း ပါလာသည် ။ စက်ရုံ ပေါက် သွားရာ လမ်း တစ်လျှောက် တွင် အလုပ်သမားများ က သူတို့ ကို လမ်းဖယ် ပေးကြသည် ။ သူ့ ကို သိသူ ရော မသိသူများ က ပါ ဟေးခနဲ လက်ပြ နှုတ်ဆက် ကြရာ သူ့ မှာ တစ်လမ်းလုံး လက် ကို မြှောက်ပြီး နှုတ်ဆက် ပြီး ပြနေရ၏ ။

စက်ရုံ ပေါက် လုံခြုံရေး တာဝန်ရှိသူများ ရှေ့ တွင် ရုံမှူး နှင့် အဖွဲ့ က သူတို့ မှာ ပါ လာတဲ့ တောင်း နှင့် အထုပ်များ ကို ဖွင့် ၍ အစစ်ဆေး ခံ နေကြစဉ် သူ သည် အချိန်မှတ် စာရေးလေး ကိုမြင့်စိန် ထံ သို့ သူ့ အလုပ် ကိုယ်ပိုင် နံပါတ်ပြားကလေး ကို တိတ်ဆိတ်စွာ အပ်နှံ လိုက်သည် ။ စက်ရုံ ပေါက် အပြင် ဘက် ကတ္တရာလမ်းအိုကလေး ပေါ် မှာ တော့ အမိုး ဖွင့် ထားသော မြင်းလှည်း တစ်စီး ရပ် ထားသည် ။ မြင်းလှည်း ဘေး တွင် အငြိမ်းစား ယူ တော့မည့် အလုပ်သမားကြီး ဦးလှမောင် အား ဂုဏ်ပြု ပို့ဆောင် နှုတ်ဆက်ပွဲ ဆို တဲ့ စာတန်း ကပ်ထား၏ ။ လှည်း ပေါ် သို့ သူ ရယ် ၊ ရုံမှူး ရယ် ၊ အလုပ်ထိန်းလေး နှင့် အလုပ်ကြပ် ကိုချစ်ပို တို့ လိုက်ပါ လာကြသည် ။ လှည်း ပေါ် မှာ အသင့် ပါ လာတဲ့ အသံချဲ့စက်သမားလေး အား ချစ်အောင်ကြီး က အလှူသီချင်းလေး ဖွင့် စမ်းကွာ လို့ လှမ်း ပြောသည် ။

“ အရှေ့ကို လျှောက်ပါလို့ အနောက် ကို တဲ့ မျှော်လိုက်ရင် ....  ။ တံခွန်တိုင် ... ရွှေကုက္ကားနဲ့ ”

အသံချဲ့စက် မှ ထွက်ပေါ် လာသော ဂီတသံ နှင့် အတူ ချစ်အောင်ကြီးနှင့် တင်အောင်ကြီး တို့ ကတော့ ကွေး နေအောင် က နေ ကြပြီး တင်ရွှေကြီး သည် သူတို့ လှည်း ပေါ် သို့ ပြေးတက် လာ ပြီး မောင်ရှင်လောင်း က ဒီလိုမှ ဗျ လို့ ပြောပြောဆိုဆို ပင် သူ့ လည်ပင်း မှ ပန်းတစ်ကုံး ကို ခေါင်း မှာ ပတ် ပေးလိုက်သည် ။ ရုံမှူး က တင်ရွှေကြီး ၏ အနံ့အသက်များ ကို ရှူရှိုက်ရင်း ဒီကောင်ကြီး သောက် ထား ပြန်ပြီ ။ မြန် လိုက်တာကွာ လို့ ညည်းညူ ပြောသည် ။ ပြီးတော့ သူ့ ခေါင်း ပေါ် မှ ပန်းကုံး ကို ပြန် ဖြုတ်ပေး ရှာသည် ။ ထိုစဉ် ထွန်းလွင် က လည်း လွယ်အိတ် တစ်လုံး လှမ်း ပေးလာသည် ။ လွယ်အိတ် ထဲ မှာ ပုလင်း နှင့် ဖန်ခွက် တစ်လုံး ပါ လာသည် ။ မြင်းလှည်း ရှေ့ထိပ် တွင် ပြုံး မော့ လိုက်ပါ လာသော သူ့ ကို တချို့က ငေး ရပ် ပြုံးပြ နေကြသည် ။ တချို့က လက်ပြ နှုတ်ဆက်နေကြသည် ။

လှည်း နောက် တွင် လိုက်ပါ လာကြသော ချစ်အောင်ကြီး တို့ အုပ်စု က တော့ အသံချဲ့စက် နှင့် အတူ ကွေး နေ အောင် က နေ ကြပြီ ။

“ ရွှေစာ ... အမေ ပိုက်ပါလို့ လိုက်ပါရစေကွယ့် မောင်လှရယ် ကျောင်းဝိဟာ ဘယ်မတုံး .. လမ်းပြလှည့်ဦး ”

တင်အောင် သည် ရင် ကို ထုကာ ထုကာ ငိုချင်း ချနေတဲ့ မင်းသား တစ်ယောက် လို က နေသည် ။

“ အလုပ် က ပင်စင် ယူလိုက်ရလို့ လိုင်းအိမ်ခန်း က ဖယ်ပေးရမှာမို့ နေစရာ မရှိ ၊ ထိုင်စရာ မရှိ စိတ်ညစ် နေ မယ့် သူ ရှေ့ မှာ ကျောင်းဝိဟာ ဘယ်မတုံးတွေ ဘာတွေ နဲ့ ဦးချစ်အောင် ဘယ်လို မဟုတ်တဲ့ သီချင်းတွေ ဖွင့် ခိုင်းရသလဲ မသိပါဘူး ။ ဟိုကောင်လေး တခြား သီချင်း ပြောင်း ဖွင့်ကွာ ”

ရုံမှူး က အသံချဲ့စက်သမားလေး အား စိတ်ရှုပ်စွာ ပြောသည် ။ သူ့ မျက်နှာ ပေါ် က ပီတိ ရှက်ပြီး တစ်ခု မှာ လေမှုတ် ခံရတဲ့ မီးတစ်စ လို မည်းခနဲ ဖြစ် သွားသည် ။ ရပါတယ် ဆရာရယ် လို့ ရုံမှူး ကို ပြန် ပြောပြဖို့ သူ့ တွင် အင်အား မရှိပေ ။

“ ဆရာ ကျွန်တော် တစ်ခွက် သောက် တော့မယ်နော် ”

သူ သည် ပြောပြောဆိုဆို ပင် ပုလင်း ထဲ မှ အရည်များ ကို ငှဲ့ သောက် လိုက်သည် ။ ရုံမှူး က သူ့ အား သောက်ပါ ဆို တဲ့ ခွင့်ပြု တုံ့ပြန် စကား ပြောသော အခါ သူ့ ဗိုက် ထဲ သို့ နှစ်ခွက် လောက် ဝင် နေပြီ ဖြစ်သည် ။ အသံချဲ့စက် ဒိုးဒိုးဒန့်ဒန့် နှင့် ဆူညံ နေသော တေးသွား ပေါ်ထွက် လာ၏ ။ လှည်း နောက် က လူတွေ မှာ တော့ သီချင်းတေးသွား ပြောင်း သွား သဖြင့် ကချိုး ပြောင်း ကုန်ကြပေပြီ ။

“ ဟိုကောင် ချစ်အောင်ကြီး မကြီးမငယ် နဲ့ ကလေးတွေ နဲ့ အပြိုင် လိမ်တွန့် က နေကာ များကွာ ”

သူ ဟက်ဟက်ပက်ပက် ရယ်မော မိသည် ။ အလုပ်ကြပ် ကိုချစ်ပို က ရုံမှူး မမြင်အောင် သူ့ ထံ မှ အရက် တစ်ခွက် တောင်း သောက် သည် ။ ပြီးတော့ အသံချဲ့စက် မှ အမျိုးအမည် မသိသော တေးသွား တွင် လက်ခုတ်တီး စည်းဝါး လိုက်သည် ။ ရှက် တတ်သည့် အလုပ်ကြပ်ကလေး လည်း အူ မြူး နေပြီပဲ ။

“ ဦးလေး အိမ် ရောက်ရင် ဘာတွေ နဲ့ ဧည့်ခံ မှာ တုံး ဗျ ”

ကိုချစ်ပို တစ်ယောက် နှုတ်သွက် လျှာသွက် ဖြစ်ကာ သူ့ ကို လှမ်း စ နေပြန်သည် ။ သူ က ကျုပ် အမယ်ကြီး ရဲ့ အကောင်းဆုံး လက်ရာ သာကူယို လေ ဗျာ လို့ နှုတ် ပေါ့ သွက်လက်စွာ ပြန်ပြော သည် ။ သို့ငြား သူ့ အသံတွေ ကွဲအက်လေးတွဲ့ နေ၏ ။ သူ့ မျက်လုံးတွေ မှေးစင်း ရီဝေ နေကြလေပြီ ။

      •••   •••   •••   ••• 

အလင်းရောင် ကောင်းစွာ မဝင်နိုင်သော အလုပ်သမားလိုင်း က အခန်း ကျဉ်းကျဉ်းကလေး တစ်ခု မှာ နေဝင်ချိန် မို့ ပို၍ မှောင်မိုက် နေသည် ။ ထို အခန်းကျဉ်းလေး ထဲ တွင် အဘွားကြီး တစ်ဦး ၏ ထံ မှ တဖျတ်ဖျတ် ထွက်ပေါ် နေသော ယပ်တောင် ခတ်သံ မှ အပ ပကတိ ငြိမ်သက် လျက် ရှိသည် ။ မကြာသေးမီ အချိန်ကလေး အတွင်း က မှ အသံချဲ့စက်သံ လူသံ တွေ ဆူညံ ခဲ့သော အခန်းကလေး မှာ ယခု တိတ်ဆိတ် နေခြင်း နှင့် မည်သို့မျှ မပတ်သက်တော့ သလို ပါ ပဲ ။ ထိုစဉ် အခန်းပြတင်း ဘေး က ကြမ်းပြင် ပေါ် မှာ လဲလျောင်း နေသော သူ ထံ မှ ငါ အရက် သောက် လာတာ ခွင့်လွှတ်ပါ မယ်အေး ရာ ၊ ဒီနေ့ အဖို့ ငါ လွတ်လွတ်လပ်လပ်ကြီး ပျော် လိုက်စမ်းပါရစေ ဆို တဲ့ အသံ က ပေါ် ထွက်လာသည် ။ ဒေါ်အေး သည် သူ တို့ အိမ်ထောင် ကျပြီး အနှစ် သုံးဆယ် အတွင်း ယခု တစ်ကြိမ် သာ အရက် သောက် လာခဲ့သော သူ့ ကို မကျေမနပ် မဖြစ်မိဘဲ အံ့သြ ထူးဆန်းစွာ အကဲခတ်ရင်း သူ့ အတွက် ယပ်တောင် ကို သာ တဖျတ်ဖျတ် ခတ်ပေးနေ၏ ။

“ ဒီ နေ့ ဟာ ငါ့ အတွက် ပန်းတိုင် တစ်ခု ကို ရောက်တဲ့နေ့ ကွ ။ ခုလို အချိန်မျိုး မှာ ငါ ဟာ သိပ် ပျော်ပြီး သိပ် ဂုဏ်ယူ နေ သင့်တယ် ။ အဲဒါကို မင်း က ပင်စင် ယူ လိုက်ရလို့ လိုင်းခန်း က ဖယ် ပေးရတော့မှာ မို့ နေစရာ ရှာပေးပါ လို့ ငါ့ ကို နား မပူ လိုက်ပါနဲ့ နော် ။ ပြီးတော့လည်း မင်း ကို ခု မှ ငါ ဖွင့်ပြောမယ် ။ ပင်စင် ယူ လိုက်ရတဲ့ အလုပ်သမား တစ်ယောက် ရဲ့ ပင်စင်လစာ ဆိုတာ ချက်ချင်း မရဘူး ။ လေးငါးလ ကြာအောင် စောင့် ပြီး မှ ရ မှာ ။ အဲဒီ ကာလ အတွင်း မှာ ကျုပ် တို့ ဘာ နဲ့ သွား စားကြမလဲ လို့ လည်း မမေး လိုက်ပါနဲ့ နော် ။ အဲ့ဒါတွေ အားလုံး ကို မေ့ထား လိုက် စမ်းပါရစေ ”

ပြော နေ ရင်း မှ ကလေး တစ်ယောက် လို ရှိုက်ငို ငိုကြွေး လိုက်သော သူ့ ကို ကြည့်ပြီး ဒေါ်အေး မှာ ထိတ်လန့် တုန်လှုပ် စိတ် များ ဝင် လာသည် ။ ဒေါ်အေး က အဲဒါတွေ ကို ကျုပ် မတွေးဘူး သိလား ။ တော် လည်း မတွေးဘဲ အိပ်ပျော် အောင် အိပ် လိုက်စမ်းပါလို့ နှစ်သိမ့် ပြောဆို နေသည်  ။

“ ဘဝ ကို ကြံ့ကြံ့ခံ ရင်ဆိုင် ရဲတာ အလုပ်သမား ရဲ့ စည်းစိမ်ကွ မှတ်ထား ”

သူ့ အသံ တွေ က လေးတွဲ့ လာပြီး တသိမ့်သိမ့် ရှိုက်ခါ နေသော သူ ၏ ခန္ဓာကိုယ်ကြီး မှာ လည်း တဖြည်းဖြည်း နှင့် ငြိမ်သက် ၍ သွားချေပြီ ။ ဒေါ်အေး သည် သူ့ ပါးပြင် ပေါ် မှ မျက်ရည်စများ ကို ယုယစွာ သုတ် ပေးရင်း တရှူးရှူး နှင့် အိပ်ပျော် သွားပြီ ဖြစ်သော သူ့ ကို ကြင်နာစွာ ကြည့် လေသည် ။ သူ အိပ်ပျော်နေစဉ် အတွင်း သူ မေ့ ထားလိုက်ချင်တဲ့ အရာ မှန် သမျှ အိပ်မက် အဖြစ် နှင့် ပင် ဝင်ရောက်ပြီး မလာကြပါစေ နှင့် ၊ သည် ည အဖို့ သူ သည် အေးချမ်း ဖြောင့်တန်းစွာ အိပ် စက်နိုင်ပါစေ ၊ ဒေါ်အေး ၏ ရင် ထဲ တွင် မူ သူ ပြော လိုက်တဲ့ လေးငါးလ အတွင်း မရနိုင်သေး တဲ့ ပင်စင်လစာ ငွေ အကြောင်း က သာ လွှမ်းမိုး နေသည် ။

ည အမှောင်ထု သည် တစ်စ တစ်စ ကြီးစိုးလာလျက် ရှိ ချေပြီ ။ ဒေါ်အေး သည် ပြတင်း တံခါးရွက် တို့ ကို ပိတ် ရန် ဆွဲယူ လိုက်သည် ။ ဟောသည် အခန်းကျဉ်းကလေး ရဲ့ ပြတင်းတံခါး ကလေး ကို ဘယ်နှရက် ထိ ဆက်ပြီး ဖွင့်ပိတ် ခွင့် ရှိပါဦးတော့မည် လဲ တွေးမိ ပြန်သောအခါ ဆွဲလက်စ တံခါးရွက် နှစ်ခု ကို ဂျိုင်းခနဲ မည်ဟည်း သွားအောင် ဆောင့်ချ လိုက်သလို သတိ လက် လွတ် ဖြစ်သွားသည် ။

“ ကျွတ် ကျွတ် ကျွတ် ကျွတ် ”

သူ အိပ်ပျော် နေရာမှ လန့် နိုး မသွားပါစေ နှင့် ၊ ဒေါ်အေး သည် စုတ်သပ် အသံ ပြုရင်း သူ့ အနား သို့ လျင်မြန်စွာ ထိုင် ချ လိုက်သည် ။ ပြီးတော့ ချ ထားခဲ့သော ယပ်တောင်ကလေး ကို ပြန် ကိုင် ကာ သူ့ ကို ခတ် ပေး နေလိုက်သည် ။

     •••   •••   •••   ••• 

နွေ ည သည် အခန်းကျဉ်းကလေး ထဲ တွင် အိုက်စပ် ပူလောင် စေ လျက် ရှိပါသည် ။ ယပ် တောင် တစ်ချောင်း ကို တဖျတ်ဖျတ် ခတ် နေသော အဘွားကြီး တစ်ယောက် သည် ကား အဲသည် အခန်းကျဉ်းကလေး အတွင်း မှာ တစ်ည လုံး ငုတ်တုတ် ထိုင် လျက် ရှိသည် ကို တွေ့ကြ ရပါလိမ့်မည် ။

◾မ၀င့် ( မြစ်ငယ် )
     (၁၉၈၉)

📖 နှစ်ဆယ်ရာစု မြန်မာဝတ္ထုတိုများ

#ကိုအောင်နိုင်ဦး

.

Wednesday, October 12, 2022

လောက်


 

❝ လောက် ❞

ကျုပ် အသက် ခြောက်ဆယ် ရှိပြီ ။ ဖြတ်သန်းခဲ့တဲ့ ဘဝ ကို လည်ပြန် ကြည့်ရင် နွမ်းပါး ပေမယ့် သိက္ခာ ရှိရှိ ရုန်းကန် ခဲ့တာမို့ ကျေနပ်မိတာ အမှန်ပဲ ။

ဒါပေမယ့် ရှေ့ဆက်ပြီး ရှင်သန်ရဦးမယ့် အချိန် အတွက် စိုးရိမ် မကင်း ဖြစ်နေမိတယ် ။ အဲသလို ပြောမှ ပြည့်စုံမယ် ။

ကျုပ် မှာ က ကျုပ် မိန်းမ မသီ နဲ့ သမီး ချည်း လေးယောက် ရှိတယ် ။ ကျုပ် သမီးလေးတွေ က သိပ် ရိုးသား လိမ္မာကြတာ ။ ပြီးတော့ ကျောင်းစာ လည်း ဖြစ်ထွန်း ကြတယ် ။ ကျုပ် နဲ့ မသီ တို့ က ရှစ်တန်း တောင် မှ မအောင်ပေမယ့် သမီးလေးတွေ က ဆယ်တန်း အောင် ကြ ၊ ဘွဲ့ ရ ကြ နဲ့ ဂုဏ်ယူ နေရတယ် ။ သည်တော့ သမီး တွေ ရဲ့ဘဝ ဟာ ကျုပ် ဘဝ ၊ သမီး တွေ ရဲ့ မျှော်လင့်ချက် ဟာ လည်း ကျုပ် ရဲ့ မျှော်လင့်ချက် ပါ ။

ကျုပ် ရင် ထဲ တုန်လှုပ်လေးလံမိတယ် ဆိုတာ က လည်း ကျုပ် သမီးလေးတွေ နဲ့ သက်ဆိုင်မယ် ။ ပြော ရရင် ရှက်တယ် ။ ပြီးတော့ အော့နှလုံး နာ လှတယ် ။

တတ်နိုင်ပါဘူး ။ ကိုယ့် ဘဝ ကိုယ့် အကြောင်း ကိုယ့် ပေါင် ကိုယ် လှန် ထောင်း လိုက်တော့မယ် ။ ဒါပေမယ့် ကျုပ် မှာ စေတနာ တစ်ခု ၊ တာဝန်သိမှု တစ်ခု နဲ့ ပြောတယ် ဆိုတာ တွေး မိကြမှာပါ ။

မန္တလေး ဟာ ဟိုတုန်းက မန္တလေး မဟုတ်တာ သတိ ထား မိကြရဲ့ လား ။ မန္တလေးသား တွေ တအိအိ နဲ့ ပြိုဆင်း အန်ထွက် လာတော့ ကျုပ် တို့ လည်း ဇနပုဒ်သား ဘဝ က အလိုလို နေရင်း ဆင်ခြေဖုံးသား တွေ ဖြစ် လာကြတယ် ။ တစ်ပိုင်း တစ်စ မန္တလေး ဖြစ်လာပေမယ့် လူသစ်တွေ သိပ် မရောသေးတဲ့ ကျုပ်တို့ အရပ် မှာ သူ ဘာကောင်လဲ ၊ ငါ ဘာကောင်လဲ ဆိုတာ အချင်းချင်း သိ ပြီးသား ။

ပြီးတော့ ကျုပ် က မီးရထားဌာန မှာ ကားဒရိုင်ဘာ လုပ်ရင်း ပင်စင် ယူတော့မယ့် လူ ။ ဗဟုသုတ မရှိလို့ ကျုပ် ရင်ဘတ် ဘယ်ဘက်ခြမ်း မှာ ကျုပ် နှလုံးသား ရှိတယ် ဆိုတာကို မသိရင် ရှိမယ် ။ မန္တလေး ဘယ် ရပ်ကွက် မှာ ဘယ် အမျိုးအစား တည်ခိုခန်း ရှိတယ် ဆိုတာ က အစ ၊ ဘယ်လမ်း မှာ ဘယ်လို ပွဲစား ရှိတယ် ဆိုတာ အလယ် ၊ ဘယ်နေရာမှာ ဘယ်ဈေး ပေးရတဲ့ ဗြူတီပါလာ ရှိတယ် ဆိုတာ အဆုံး အကုန် သိ ၊ အကုန် နှံ့တယ် ။

သိဆို ကျုပ်တို့ မီးရထား ဆိုတာ က ဌာနကြီး တစ်ခု မဟုတ်လား ။ ဝါသနာပေါင်းစုံ ရှိတဲ့ အရာရှိပေါင်းစုံ ရဲ့ လိုရာ လိုက် ပို့ ပေး နေရတဲ့ ဒရိုင်ဘာ လေ ။ သောက်စားမူးယစ် ကြရင်း ကြည့် ကြတဲ့ ကာရာအိုကေသီချင်း ကပွဲ တွေ မှာ နှစ်ရာတန် ဆုတော်ငွေ ပန်းကုန်းတွေ တဂျိန်းဂျိန်း ချ နေတဲ့ ခပ်ရမ်းရမ်း အရာရှိတွေ နဲ့လည်း အတူ လိုက် ကြည့်ဖူးရဲ့ ။ ဘယ်နှယ့် ဗျာ ။ သို့ပေမယ့် ကျုပ် က ကားဒရိုင်ဘာ အဘိုးကြီး မဟုတ်လား ။ မသိ နားမလည်တဲ့ သတ္တဝါ တစ်ကောင် လို နေ လိုက်တယ် ။

တစ်ခါတစ်ရံ တော့ အဲဒီလို နေရာမျိုး မှာ ကျုပ် ရဲ့ငယ်သူငယ်ချင်းတွေ နဲ့ တွေ့တတ်တယ် ။ မသီ နဲ့အကြောင်း မပါခင် ဟိုး လွန်ခဲ့တဲ့ သုံးဆယ့်ငါးနှစ် လောက် က ကျုပ် က အင်္ဂလိပ် လက်ဝှေ့ ကစားသမား ပေါ့ ။ ဟိုတုန်းက ရေတပ် က ကစားတဲ့ ကျွဲကြီး ဆိုတာ ကျုပ် ပါပဲ ။ သူငယ်ချင်းတွေ က တွေ့ လိုက်ရင် ဘာ လုပ်နေသလဲ ၊ အဆင်ပြေရဲ့လား နဲ့ မေးရင်း အူယားဖားယား နှုတ်ဆက်ကြတယ် ။ သူတို့ မှာတော့ စီပွားရေးသမားကြီးတွေ ဖြစ်တဲ့ သူ ဖြစ် ၊ နေရာ ရတဲ့ သူ က ရ နဲ့ ။ တောက်တောက်ပပ ဖြစ် နေကြပေမယ့် ခပ်နွမ်းနွမ်း ဖြစ်နေတဲ့ ကျုပ် ကို ရင်းနှီး နွေးထွေးကြဆဲ မို့ သိမ်ငယ်စိတ်တွေ ကြား က ပီတိ ဖြစ်မိပါ ရဲ့ ။

ဘာပဲ ဖြစ်ဖြစ်ပေါ့ ။ ကိုယ့် ဘဝ ကို ပြန် တွေး လိုက်တော့လည်း ကျေနပ်မိသား ။ ကျုပ် မိန်းမ မသီ က မီးရထား အလုပ်သမားတန်းလျား မှာ နေရတဲ့ ကျုပ်တို့ အိမ်လေး မှာ ပဲ အဖီလေး ထိုးပြီး လက်ဖက်ရည်ဆိုင် ဖွင့် ထား တယ် ။ သမီး တွေ က ကျောင်းအားချိန်တွေ မှာ သူတို့ အမေဆိုင် ကို လက်ချ ညီညီ နဲ့ ဝိုင်း ကူကြတယ် ။ သူ့ ဝင်ငွေ နဲ့ သူ မပိုလျှံပေမယ့် အကြွေး ကင်းတယ် ။ သမီးတွေ ကို ကျောင်း ထား နိုင်တယ် ။ သမီးတွေ ကလည်း စကား နားထောင် ကြတော့ စိတ်ချမ်းသာ ရတယ် ။ ကျုပ် တစ်သက် သမီးတွေ ကို ရိုက် ဆုံးမဖို့ မဆိုထား နဲ့ ၊ အသံ မာမာ နဲ့ တောင် မအော်ငေါက်ဖူးဘူး ။

တစ်ခုတော့ ရှိရဲ့ ။ တက္ကသိုလ် ဒုတိယနှစ် တက် နေတဲ့ အေးရီဝင်း ဆို တဲ့ နို့ညှာမ က တော့ နည်းနည်း ဆန်းတယ် ။ သည် ကောင်မလေး က သမီး တွေ ထဲ မှာ ရုပ်ရည် အပြေပြစ်ဆုံး ။ ပြီးတော့ သီချင်းဆို ဝါသနာ ပါ လိုက်တာ လည်း လွန်ရော ။ ကျုပ်တို့ အရပ် မှာ လုပ်တဲ့ ကထိန်ပွဲ တို့ ၊ သင်္ကြန်ပွဲ တို့ ဆိုရင် အေးရီဝင်း က အဆိုတော် ပေါ့ ။ သည်လောက် ဝါသနာ ကြီးရတဲ့ အထဲ သူ့ အမ ဝမ်းကွဲ ကျုပ် တူမ ခင်ကြည်ထွေး က မြှောက်ပင့် ပေးတော့ ပို ဆိုးတာပေါ့  ။ ခင်ကြည်ထွေး က မဂ္ဂဇင်းတွေ မှာ စာတိုပေစလေးတွေ လည်း ရေးတယ် ။ ဟိုစပ်စပ် သည်စပ်စပ် လည်း ပါ တတ်ရဲ့ ။ ကျုပ် ကတော့ ကျုပ် တူမ ကို ငထွေး လို့ ခေါ်တယ် ။ ငထွေး က ယောက်ျားလေး တစ်ယောက် လို အားလည်း ကိုးရတယ် ။

ငထွေး က ပြောတယ် ။ သူ့ ညီမလေး အေးရီဝင်း ရဲ့အသံ က အဆို တော် ကော်နီ ရဲ့ အသံ ထက် တောင် ချော သေးသတဲ့ ။ သက်သက် မြှောက်တာ ။ သည်တော့ အေရီဝင်း က ရောဂါ မတက် ခံ နိုင်ရိုးလား ။ ဒါပေမယ့် ကျုပ် သမီး အကြောင်း ကျုပ် ကောင်းကောင်း သိတယ် ။ အနုပညာ ဝါသနာ ကြီးတာ က လွဲလို့ လောက အကြောင်း ဘာ မှ နားမလည် ရှာသေးတာ မဟုတ်ဘူး ။

ကျုပ် သမီး မှ မဟုတ်ပါဘူး ။ ကျုပ် သူငယ်ချင်း သိန်းမောင်ကြီး ရဲ့ သမီးလေး “ ကြီးမ” လေးလည်း ဒီ အတိုင်းပဲ ။ လောက အကြောင်း နားမလည် ပါးမလည် နဲ့ ရေတိမ် နစ် ရှာတယ် ။

သည် အကြောင်း ပြန် တွေးမိတိုင်း ရင် နာလှပါရဲ့ ။

    •••••   •••••   •••••   •••••

သိန်းမောင်ကြီး က ကျုပ် လိုပဲ မီးရထားစက်ရုံ က အလုပ်သမား ၊ ပြီးတော့ သူ က ကလေး ငါးယောက် အဖေ ၊ မုဆိုးဖို ၊ သိန်းမောင် မိန်းမ ဆုံးခဲ့တာ ငါးနှစ် လောက် ရှိ ရော့မယ် ။ ကြီးမ က သမီး အကြီးဆုံး ဆိုတော့ မိသားစု စားရေး သောက်ရေး ကိစ္စ မှန်သမျှ သူ့ တာဝန် ချည်းပဲ ။ အရွယ် နဲ့ မမျှ လုပ် ရ ရှာတယ် ။ သည်ကြား ထဲ သိန်းမောင် က အလုပ် မှန်မှန် မဆင်းနိုင်ဘူး ။ ကျန်းမာရေး မကောင်းတော့ ဆေးရုံ နဲ့ အိမ် ကူးချည် သန်းချည် ၊ သည်တော့ လခလေး က ဘယ်မှာ လာပြီး အပြည့်အဝ ပါ လာတော့မလဲ ။ မိသားစု ထမင်း လုတ် အတွက် ကြီးမ တစ်ယောက် ရှာရဖွေရ  ရော ။ 

အစ ကတော့ ကျုပ် တို့ အရပ် ထွက် သီးနှံတွေ ဖောက်သည် ယူပြီး တရုတ်တန်းဈေး လိုက် ရောင်းတယ် ဆိုပြီး သွားလာ နေတာ တွေ့ ရတယ် ။

နောက်တော့ မန္တလေး က မုန့်တိုက် တစ်ခု မှာ မုန့် ထုပ်ထုပ်တဲ့ အလုပ် ရ သလိုလို ပြောသံ ကြားရဲ့ ။ အလုပ် မှာ အဆင်ပြေ လို့ နဲ့ တူတယ် ။ သပ်သပ် ရပ်ရပ် ဝတ်စား သွားလာ နေတာ တွေ့ရတယ် ။ မှတ်မှတ်ရရ တစ်ကြိမ် တော့ ကျုပ်တို့ အရပ်သား ခင်မောင်ရင် ဆို တဲ့ ခပ်လည်လည် ကောင်ရဲ့ ဆိုင်ကယ် နောက် မှာ ထိုင် လိုက်သွားတာ တွေ့ မိရဲ့ ။

တစ်ခါတစ်ရံ အလုပ် ကိစ္စ နဲ့ မန္တလေး သွားရတဲ့ အခါ လမ်းပေါ် မှာ ကား စောင့် နေတဲ့ ကြီးမ ကို တွေ့ရင် ကျုပ် လည်း ကျုပ် ကား နဲ့ တင် ခေါ်ခဲ့တာ ပါပဲ ။ သူ့ အလုပ် က မန္တလေး အဝင် လူချမ်းသာတွေ နေတဲ့ နာမည်ကြီး ရပ်ကွက်သစ် နား မှာ ရှိလို့ နဲ့ တူပါရဲ့ ၊ မြို့ဝင် သံလမ်း ဆိုရင် သူ ဆင်းသွား လေ့ ရှိတယ် ။

တပို့တွဲလ ရဲ့ နေ့ တစ်နေ့ မှာ ပေါ့ ။ ဆောင်းတွင်း မှာ ချွေးသီးချွေးပေါက် ကျတဲ့ အထိ ခံစား ထိခိုက်ခဲ့ရတယ် ။ စီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်ပြီး ကြီးပွား နေတဲ့ ကျုပ် သူငယ်ချင်း တစ်ယောက် က ကျွေးချင်မွေးချင်လှချည် ရဲ့ ဆိုပြီး ခေါ် လို့ အတူ လိုက်သွားရာ က စ တာပါပဲ ။ အဆင့်အတန်း မြင့်လှတဲ့ အဲဒီ စားပွဲရုံ ရဲ့ အမည် နဲ့ နေရာ ကို မပြောတော့ပါဘူး ။

ကျုပ် ထိုင် နေတဲ့ နေရာ ရဲ့ ဟိုဘက် စားပွဲ မှာ ကြီးမ ကို အံ့အားသင့်စွာ လှမ်း မြင်လိုက်ရတယ် ။ ရှိုးတောင့်တောင့် ထိပ်ပြောင်ပြောင် လူ တစ်ယောက် ထိုင် လို့ အာလူးကြော် ခွံ့ကျွေး နေလေရဲ့ ။ ရိသဲ့သဲ့ ပြည်တည်တည် အသံတွေ နဲ့ အတူ ဘောက်ဆူး ချ ဈေးခေါ်သံတွေ လည်း ကြား ရရဲ့ ။ ကျုပ် မျက်လုံး မမှားဘူး ၊ အကြိမ်ကြိမ် ပွတ်သပ်ပြီး ကြည့် မိတယ် ။ ကျုပ် လည်ချောင်း ထဲ မှာ စားခါ စ ခေါက်ဆွဲကြော် တစ်မျှင် နှစ်မျှင် က နင် လိုက်တာလေ ။

ဟိုဘက် စားပွဲ ကို ကြည့်ပြီး မျက်ပြူးဆန်ပြာ ဖြစ်နေတဲ့ ကျုပ် အမူအရာ ကို သူငယ်ချင်း က သတိထား မိတယ် ။ စားပွဲထိုးလေးပါ ကွာ တဲ့ ။ ကောင်မလေး ကို စိတ်ဝင်စား သလား ။ ငါ ခေါ်ပေးမယ်လေ တဲ့ ။ ပြောပြော ဆိုဆို သမီးရေ ... အန်ကယ်တို့ ဘက် လည်း ဂရုစိုက်ပါဦး တဲ့ ၊ လှမ်း ခေါ်တယ် ။ ခဏနေတော့ ကြီးမ ကျုပ်တို့ စားပွဲ ဘက် ကူးလာတယ် ။ အလို မြတ်စွာ ဘုရား ။ ကျုပ် ရင်တွေ တုန်လိုက်တာ ။

“ အ ” လိုက်တဲ့ ကြီးမ ။ ကျုပ် အနား ရောက်ခါ မှ ကျုပ် ကို မြင်ပြီး ပါးစပ် အဟောင်းသား နဲ့ ငိုင် ကျ သွားတယ် ။ မသိတဲ့ သူတွေ လို ခပ်တည်တည် နေ လိုက်ပါတယ် ။

“ ဘကြီး က သမီး ကို ခေါက်ဆွဲကြော် ကျွေးချင် လို့ ပါ ။ ဒီမှာထိုင် အေးအေးဆေးဆေး စားပါ  ”

ကြီးမ ဘာမှ မပြောနိုင်ဘူး ။ ခေါင်းငုံ့ပြီး ခေါက်ဆွဲတွေ တစ်ဇွန်း ပြီး တစ်ဇွန်း ပါးစပ် ထဲ ထည့်တယ် ။ ပြီးတော့ ဝါး စားဖို့ သတိ မရတော့ဘဲ ဇွတ် အတင်း မျိုချ နေလေရဲ့ ။ သူ့ ခမျာ ခေါက်ဆွဲတွေ နဲ့ အတူ သူ့ ရဲ့ အရှက် အကြောက်တရားတွေ ကို ပါ မျိုချ နေရရှာတာပါ ။ အနက်ရောင် ချယ်သ ထားတဲ့ သူ့ မျက်ဝန်းမှာ မျက်ရည်တွေ နဲ့ စိုစွတ်နေတာ ကျုပ် မြင် နေရတယ် ။ ခုချိန်မှာ တော့ မငိုမိအောင် ထိန်းထား လိုက်ပါဦး သမီးရယ် လို့ ရင် ထဲ က ပြော မိတယ် ။ ယောက်ျား တန် မဲ့ မျက်ရည် မကျပေမယ့် အသည်း ထဲ မှာ ကျဉ် နေအောင် ခံစား နာကျင် နေမိတယ် ။

အိမ်ပြန် ရောက်တဲ့ အထိ တနုံ့နုံ့ စိတ်မကောင်း ဖြစ်လို့ နေတယ် ။ သည်အကြောင်း သမီးတွေ လည်း မပြောဘူး ။ မသီ ကို လည်း မပြောဘူး ။ မနေနိုင်တာ နဲ့ စပ်စပ်စုစု ရှိလှတဲ့ ကျုပ် တူမ ငထွေး ကို တော့ ခေါ် မေးမိ ၊ ပြော မိတယ် ။ ငထွေး က ကျုပ် ပြောသမျှ အထူးအဆန်း မဟုတ်တော့ သလို ခပ်အေးအေး နား ထောင်တယ် ။    

“ ဦးလေး ခုမှ သိသလား ၊ ဒီ ကိစ္စ မှာ ကြီးမ မမှားပါဘူး ဦးလေး ရာ ။ ကာလပေါ် သရုပ်မှန် ပုံပြင် တစ်ပုဒ် လို့ သဘော ထားတာပေါ့ ။ ဒါပေမယ့် ဒီလို ရုပ်ပျက်ဆင်းပျက် ဇာတ်ထုပ်ပေါင်း များစွာ ကို ဒေါသ ဖြစ်စေတဲ့ ဒေါသ ဖြစ် ရမယ့် လူတွေ ရှိတယ် ။ စက်ရုံ ထဲ က ထွက် သွားတဲ့ ခင်မောင်ရင် ဆိုတဲ့ သူ ကို ဦးလေး သိတယ် ဟုတ်လား ။ သူ က ကြီးမ တို့ လို ရိုးရိုးအအ နဲ့ ငွေတွင်း နက် နေ ရှာ တဲ့ ကလေးမလေး တွေ ကို ရှာဖွေ စုဆောင်း ပေး နေတဲ့ လူပွဲစား လေ ”

ငထွေး ကို ငေး ကြည့်နေမိတယ် ။ ငထွေး က အောက်နှုတ်ခမ်း ကို သွား နဲ့ တစ်ချက် ဖိ ကိုက်လိုက်တယ် ။ ငထွေး က ခြောက်ကပ်ကပ် ရယ်ရင်း ထွက် သွားတယ် ။ ကျုပ် ဘာ ထပ် ပြောရမလဲ ။ ငေး နေမိတယ် ။ ကျုပ် ဘာမှ ထပ် ပြောဖို့ မကောင်း တော့ဘူး ။

    •••••   •••••   •••••   •••••

ပြော ရရင် ခံပြင်းစရာ ကောင်းတယ် ။ တစ်နေ့ မှာ တော့ ခင်မောင်ရင် ဆိုတဲ့ ကောင် နဲ့အတူ လူ တစ်ယောက် ၊ ကျုပ် လက်ဖက်ရည်ဆိုင် ထဲ ကို ယာမဟာဆိုင်ကယ်ကြီး အခန့်သား စီး လို့ ရောက် လာတယ် ။ အချိန်က မနက် ဆယ်နာရီ လောက် ဆိုတော့ ဆိုင် ထဲ မှာ လူ ရှင်းနေတယ် ။ အဲဒီနေ့ က ငထွေး လည်း သူ့ အတွက် စာအုပ်စင်လေး ရိုက်ချင်လို့ ဆိုပြီး သစ်သားချောင်းတွေ တပွေ့ကြီး နဲ့ ရောက်လာတယ် ။ မသီ က ဆေးပေါ့လိပ် သောက် လို့ ။ အငယ်ဆုံးမ နို့ညှာမ အေးရီဝင်း က ငွေကောင်တာ မှာ ထိုင် လို့ ။ 

ပထမ တော့ ဒီကောင်တွေ ကျုပ် ဆိုင် ကို လက်ဖက်ရည် လာ သောက်ကြတာပဲ ထင် တာ ။ ဒါပေမယ့် မဟုတ်ဘူး ။ ကိုယ်တော်ချောတွေ က ကျုပ် နဲ့ တွေ့ချင်လို့ ဆိုပြီး ကျုပ် ရှေ့ လာ ထိုင်တယ် ။ ပြောပါ ဘာကိစ္စလဲ ပေါ့ ။

ကျုပ် မှာ လူမှုရေး မညံ့ပါဘူး ။ လက်ဖက်ရည် နဲ့တောင် မှ ဧည့်ခံ လိုက်သေးရဲ့ ။ ခင်မောင်ရင် က ပြောတယ် ။ 

ဦးလေး သမီး အေးရီဝင်းလေး သီချင်း ဆို ကောင်းတာ ကျွန်တော် သိ ထားတယ် လေ တဲ့ ။ ကိုယ့် အရပ်သားချင်း ဆိုတော့ သူ့ ဝါသနာလေး မြေတောင်မြှောက် ပေးချင်ပါသတဲ့ ဦးလေး တို့ လည်း စီးပွားရေး အဆင် ပြေ သွားစေချင် သတဲ့ ။ ကျွန်တော် နဲ့ အတူ ပါလာတဲ့ ကိုကျော်ကျော်လွင် ရဲ့ တည်းခိုခန်း က ကာရာအိုကေသီချင်း ကပွဲ မှာ ဦးလေး သမီး ကို အဆိုတော် ခန့် ချင်လို့ ပါတဲ့ ။

“ ဟာ .. မဖြစ်ပါဘူး ။ ငါ့ သမီး ကို မခိုင်းပါဘူး ”

ကျုပ် ချက်ချင်း ပြန် ပြောလိုက်တယ် ။ ကျုပ် မျက်နှာ တင်းခနဲ ဖြစ် သွားပြီး ကျပ် တူမ ငထွေး ကတော့ သစ်သားချောင်းတွေ ဘေးမှာ ထိုင်ရင်း မျက်မှောင် ကုပ်ပြီး လှမ်း ကြည့်တယ် ။ ကျုပ် သမီး အေးရီဝင်း က တော့ မျှော်လင့်ချက် တစ်ခု ကို လှစ်ခနဲ တွေ့ လိုက်ရသလို သူ့ရဲ့ မျက်လုံးရွဲကြီးတွေ နဲ့ ကျုပ် ကို တောင်းပန်သလို ကြည့်တာ သတိထား မိတယ် ။ ခင်မောင်ရင် ဆိုတဲ့ အကောင် က တက်တက်ကြွကြွ ထပ် ပြောနေပြန်ပြီ ။

လခ ချည်း နှစ်ထောင် နဲ့ စ ပေးမှာပါ တဲ့ ။ ပွဲကြည့်ပရိသတ် က သဘော ကျလို့ ဘောက်ဆူး ချရင်လည်း ငါးဆယ် ရာခိုင်နှုန်း ခံစားခွင့် ပြုမှာ ပါတဲ့ ။ သူ အောင်မြင်ရင် အောင်မြင် သလို တိုး ပေးပါမယ် တဲ့ ။

“ ငါ့ တူ တို့ .. ဦးလေး ဧည့်ခံတဲ့ လက်ဖက်ရည် ကို သောက်ပြီး ပြန်ကြ ရင် ကောင်းမယ် ကွာ ။ ငါ့ သမီး ကို လုံးဝ မခိုင်းဘူး ။ ဦးလေး ဒါပဲ ပြောမယ် ”

ကျုပ် စိတ် တို လာပြီ ။ သစ်သားပုံ နား ထိုင် နေတဲ့ ငထွေး တစ်ယောက် နှစ်တစ်လက်မ အသားတစ်ချောင်း ကိုင် ပြီး ကျုပ် နား လာရပ်တယ် ။ 

“ ဦးလေး က သမီး ကို စိတ်မချလို့ နဲ့ တူတယ် ။ ဒီခေတ် မှာ ဒီ အလုပ်မျိုး လုပ်ကိုင်နေကြတဲ့ မိကောင်းဖခင် သားသမီးတွေ အများကြီး ပါ ။ ပြီးတော့ ကျွန်တော် တို့ လည်း ရှိ နေတာပဲ စိတ်ချပါ ” 

“ ဟေ့ကောင်တွေ ။ မင်း တို့ ခုချက်ချင်း ထွက် သွားကြ ။ ကြာ ရင် ကျွဲကြီး လက်သီးစာ မိ တော့မယ် ”

ကျုပ် ဝုန်းကနဲ ထ ရပ်လိုက်တယ် ။ ငနဲ နှစ်ကောင် ကုပ်ကနဲ လစ် ပြေးလိုက်ကြတာများ စက်ကုန် ဖွင့်ပြီး မောင်းထွက် သွားတဲ့ ဆိုင်ကယ်သံ ဝေးလွင့် သွားမှ ကုလားထိုင် ပေါ် ပြန် ထိုင်မိတယ် ။ ငထွေး က သစ်သား ချောင်း ကို စားပွဲ ပေါ် ပစ်ချရင်း နဖူး က ချွေးတွေ လက် နဲ့ သပ်ချ နေလေရဲ့ ။ အေးရီဝင်း ငို နေတယ် ။

ခုချိန်ထိ နားမလည်ရှာသေး တဲ့ မသီ ကတော့ ကျုပ် ကို အလကား နေရင်း ဒေါသ ကြီး နေတာတဲ့ ။ ကောင်းကောင်းမွန်မွန် ပြော လွှတ် လိုက်ရင် လည်း ဖြစ်ရဲ့သား နဲ့ ။ ဧည့်သည်တွေ ကို အားနာ ဖို့ ကောင်း လိုက်တာလေ ။ ရိုး ပါ့ မသီ ရာ ၊ ကျုပ် စိတ်ထဲ ရေရွတ် မိတယ် ။ သူ့ အမေ က ပြောခါ မှ အေးရီဝင်း က သံယောင် လိုက်ပြီး ပြော တယ် ။

“ ဟုတ်သားပဲ ၊ အဖေ က လည်း မန္တလေး မှာ ခေတ်မီ နေပြီ အဖေ ရဲ့ ။ သမီး အဲဒီ အလုပ် ကို လုပ် ကြည့်ချင်တယ် အဖေ ”

မြတ်စွာဘုရား .. ခေါက်ဆွဲတွေ အတင်း မျို ချနေတဲ့ ကြီးမလေး ကို ကျုပ် ဖြတ်ခနဲ သတိ ရသွားတယ် ။ ကျုပ် မျက်စိ အစုံ မှာတော့ မီးဟုန်းဟုန်း တောက် နေသလိုပဲ ။

“ အရူးမ ။ နင် ဂီတရူး ထ ချင်တာက လွဲပြီး ဘာမှ မသိဘူး ။ ကဲ ရူးချင်ဦး ဟာ ”

စားပွဲ ပေါ် ချထားတဲ့ ငထွေး ရဲ့ သစ်သားချောင်း နဲ့ တစ်ချက် ရိုက် ချ လိုက် မိတယ် ။ ကျုပ် သမီး ရဲ့ခေါင်း မှာ သွေးချင်းချင်း နီ လို့ ။ ငထွေး နဲ့ မသီ က ကျုပ် ကို ဝိုင်း ဆွဲကြတယ် ။

မိုက်လိုက်တဲ့ သမီးလေး ။ သွေးစက်တွေ ကြား က ကျုပ် ကို ပြော ဖြစ်အောင် ပြော လိုက်သေးတယ် ။

“ သမီး အရူး ထ ပြီး ပြော တာ မဟုတ်ပါဘူး အဖေ ။ ရှေ့လ ဆိုရင် အဖေ က ပင်စင် ယူ တော့ မှာ မိသားစု အတွက် ငွေ လိုတယ် အဖေ ”

ညီမလေး ရယ် တဲ့ ။ ငထွေး ဆို့ဆို့နင့်နင့် ပြောရင်း သူ့ ညီမ သူ ဖက် ပြီး မျက်ရည် လည် နေတယ် ။ မသီ ဆိုတာ ကတော့ တက်မတတ် ချက်မတတ် ငိုပါ ရော ။

ကဲ ... ဘာ လုပ်ရမလဲ ။ ကျုပ် သမီး ကျေနပ်အောင် ကျုပ် ဘာပြန် ပြောရမလဲ ။

တစ်လ လောက် ကြာ သွားပြီး ကျုပ် သမီး ခေါင်း ပေါ် မှာ ကျန်ရစ် မယ့် အမာရွတ်ကလေး ကိုတော့ မကြည့်ရက် လို့ သည်နေ့ အထိ မကြည့်ဖြစ် ဘူး ။ ဒါပေမယ့် ကျုပ် တို့ အရပ် ထဲ မှာ ဆိုင်ကယ် တစ်လှည့် ၊ ကား နဲ့ တစ်ခါ သွားလာ ကြီးပွားနေတဲ့ ခင်မောင်ရင် ကို မြင်တွေ့ နေရတယ် ။ တစ်နေ့ တော့ ကျုပ် နဲ့ ငထွေး တူဝရီး နှစ်ယောက် ဆိုင် ရှေ့ မှာ ထိုင်နေတုန်း အဖြူရောင် ကားတစ်စီး ပေါ် မှာ အေရီဝင်း အရွယ် ကောင်မလေး တစ်ယောက် ကို တင်လို့ ။ ဟို လူတွေ နဲ့ ကားပေါ် မှာ စွင့်နေအောင် လိုက် သွားတဲ့ ခင်မောင်ရင် ကို မြင် လိုက် ရတယ် ။ ငထွေး ကတော့ ငယ်ရွယ် သူ မဟုတ်လား ။

ထွီ ... ။ ရွံလိုက်တာ တဲ့ ။ ပျစ်ပျစ်နှစ်နှစ် ဆဲ တယ် ။ ကျုပ် ရင်ထဲ ပြောချင်နေတဲ့ စကား တစ်ခွန်း ငထွေး ကို ပြော လိုက်မိတယ် ။

“ ရွံစရာ ကောင်းတာ ကတော့ ခင်မောင်ရင် လို လူတွေ မဟုတ်ဘူး ။ ဟိုလူတွေ ချည်းလည်း မဟုတ်သေးဘူး ။ သူတို့ ထက် ကြောက်စရာ ကောင်းတဲ့ အသား ထဲ က လောက် တွေ ရှိ သေးတယ် ။ ငထွေး နင် တွေး တတ်ရင် သိမယ် ”

ကျုပ် ဒါပဲ ပြော လိုက်တယ် ။ ငထွေး မကျေမနပ် နဲ့ မဲ့ ပြတယ် ။ ကျုပ် တူမ ငထွေး ပဲ ။ သိတာပေါ့ ။ ငထွေး မှ မဟုတ်ပါဘူးလေ ။ တွေးတတ် တဲ့ သူ အားလုံး သိ နေကြမှာပါ ။

ကျုပ် ပြောချင်နေတာလည်း ဒါပါပဲ ။ ကိုယ့် အကြောင်း ကိုယ် မရှက် မကြောက် ပြော လိုက်ရပေမယ့် ကျုပ် မှာ ရည်ရွယ် တစ်ခု စေတနာ တစ်ခု နဲ့ ဆိုတာ လည်း အားလုံး သိနေကြတယ် မဟုတ်လား ။

◾ မဝင့် ( မြစ်ငယ် )

📖 ရွှေအမြူတေရုပ်စုံမဂ္ဂဇင်း
      အမှတ် ၅၉
      စက်တင်ဘာလ ၊ ၁၉၉၄ ခုနှစ်

#ကိုအောင်နိုင်ဦး

.