Tuesday, April 23, 2024

အီစွပ်ပုံပြင်


 

❝ အီစွပ်ပုံပြင် ❞

တစ်ခါက လယ်သမားကြီး တစ်ယောက် က အီစွပ် ကို ဝယ်ပြီး အိမ် ကို ခေါ် သွားတယ် ။ ည ကျတော့ အီစွပ် ဟာ ဘုရားတရား ကို ကိုင်းရှိုင်းတဲ့ သူ ဖြစ်လို့ ဆိတ်ငြိမ်တဲ့ နေရာ တစ်ခု ကို သွား ပြီး ဘုရား ဝတ်ပြု သတဲ့ ။ ဘုရား ဝတ်ပြုပြီး ပြန် လာတော့ သူ့ သခင် လယ်သမားကြီး ဟာ ဘုရား ဝတ် မပြု ဘဲ အိပ်ပျော် နေတာ တွေ့ရတာ နဲ့  ...

“ သခင် ... သခင် ထပြီး ဘုရား ဝတ်ပြုပါဦး ။ ဒါမှ နိဗ္ဗာန် ချမ်းသာ ကို ရမှာပေါ့ ” လို့ ပြော ပြီး နှိုး သတဲ့ ။ ဒီတော့ သူ့ သခင် က ဒေါပွ ပြီး ...

“ ဟေ့ ... သွားကွာ လာ မနှောင့်ယှက်ပါနဲ့ ။ မထနိုင်ဘူးကွ ။ငါ ဒီနေ့ တစ်နေ့လုံး ခရီးပန်း လို့ သိပ် အိပ်ငိုက် နေတယ် ဆိုတာ မသိဘူးလားကွ ။ ဘုရားသခင် ဟာ စိတ်ထား ကောင်းပါတယ် ကွာ ။ သူ့ ကို ဝတ်မပြု လို့လည်း ငါ့ ကို ဘယ်လိုမှ သဘော ထားမှာ မဟုတ်ပါဘူးကွာ ” လို့ ပြန် ပြောပြီး အိပ် ပြန်ရော တဲ့ ။

“ မနက် ကျတော့ လည်း အီစွပ် ဟာ အစောကြီး အိပ်ရာ က ထပြီး ဘုရား ဝတ်ပြု သတဲ့ ။ သူ့ သခင် တော့ အိပ်တုန်း ပဲ တဲ့ ။ ဒါနဲ့ အီစွပ် က ...

“ သခင် ... သခင် ... ထ ပါတော့ ... မိုးစင်စင် လင်း နေပြီပဲ ။ ကျေးငှက် တိရစ္ဆာန်လေး တွေ တောင် ဘုရားသခင် ရဲ့ ကျေးဇူးတော် ကို ချီးကျူး ရင့်ကြော် နေကြပြီ ကပဲ ။ သခင် လည်း ထ ပြီး ဘုရား ဝတ်ပြုပါတော့ လား ... တစ်နေ့တာ လုပ်စရာတွေ လည်း အများကြီး ကျန် သေးတာပဲ ” လို့ ပြောပြီး နှိုးပေမယ့် သူ့ သခင် က ...

“ ဟေ့ ... ငါ့ ဘာသာ အိပ်ရေး ဝအောင် အိပ်ပါရစေဦး ကွာ ။ ငါ သိပ်ပြီး နွမ်းနယ် နေတာ များ မသိဘူးလား ကွာ ။ အဲဒီ အချိန် ဟာ အိပ်ရာ ထ ချိန် မှ မဟုတ်သေးဘဲကွ ” လို့ ပြန် ပြောကာ ဆက် အိပ်ပြီး နောက် တော်တော် နေမြင့် မှ အိပ်ရာ က ထ သတဲ့ ။ အိပ်ရာ ထ တော့ အီစွပ် ကို ခေါ်ပြီး

“ ဟေ့ ... ဒီ ထွန် နဲ့ နွား တစ်ရှဉ်း ကို ယူပြီး ဟို တောစပ် က လယ်ကွက်လေး ကို သွား ထွန် ချည်ကွာ ။ ထွန် ပြီး ရင် ဘာလီစေ့တွေ ပျိုး လိုက် ။ ရော့ ... ဒီမှာ ဘာလီစေ့ တွေ ။ ပြီးတော့မှ ငါ လာ ကြည့်မယ် ... ကြားလား ” လို့ ပြောတာ နဲ့ အီစွပ် က “ ကောင်းပါပြီ သခင် ” လို့ ဆိုပြီး သူ့ သခင် ခိုင်းတဲ့ အတိုင်း လယ်ကွက် ဆီ ထွက်ခဲ့ သတဲ့ ။ လမ်း မှာ ဂျုံခင်း တစ်ခင်း တွေ့ တာနဲ့ အီစွပ် က “ တစ်ခါတော့ အပျင်း ထူပြီး ဘုရားတရား ကို မေ့လျော့ နေတဲ့ သခင် ကို သင်ခန်းစာ ပေးဖို့ အခွင့် ကောင်း ရပြီ လို့ကြုံးဝါးပြီး သူ့ မှာ ပါတဲ့ ဘာလီစေ့တွေ ကို ဂျုံစေ့ အချို့ နဲ့ လဲ လိုက်သတဲ့ ကွယ် ။

သူ့ လယ်ကွက် ရောက်တော့ တစ်နေ့လုံး ထွန်ယက် ပြီး ဂျုံစေ့တွေ ပျိုး ကာ ညနေ မိုးချုပ် တဲ့ အထိ သူ့ သခင် မလိုက်လာတာ နဲ့ ထွန်တုံး ဖြုတ်ပြီး အိမ်ပြန် ခဲ့ပါရော တဲ့ ။

နောက် ရက် အတော် ကြာ တော့ သူ့ သခင် က ...

“ လာ ဟေ့ ... အီစွပ် ... ဒို့ လယ်ကွင်း ထဲ ဆင်း ကြည့် ရအောင် မင်း ပျိုးထားတဲ့ ဘာလီ တွေ ဘယ် အခြေ ရောက်နေပြီ ဆိုတာ သွား ကြည့် ရအောင် ” လို့ ခေါ်တာ နဲ့ သူတို့ နှစ်ယောက် လယ် ထဲ သွားကြသတဲ့ ။ လယ် ထဲ ရောက် တော့ လယ်ကွက် တစ်ခုလုံး ဟာ ဂျုံပင်တွေ နဲ့ စိမ်းလန်း စိုပြေ နေတာ တွေ့ရတာ နဲ့ အီစွပ် သခင် လယ်သမားကြီး က …

“ ဟ ... မင်း ဘာလီတွေ က လည်း ဂျုံပင်တွေ နဲ့ တူလှချည်လား ကွ ” လို့ ပြောတော့ ..

“ ဟုတ်ပါတယ် သခင် ... ဒါဟာ ဂျုံပင်တွေ ပါ ပဲ ” လို့ ပြန် ပြော သတဲ့ ။ ဒီတော့ လယ် သမားကြီး က ...

“ ဟေ ... ငါ မင်း ကို ဘာလီစေ့ တွေ ပေး လိုက်တာ မဟုတ်လားကွ ။ ဘယ့်နှယ် ဂျုံပင် တွေ ဖြစ် နေရတာလဲ ”

“ ဟုတ်ပါတယ် သခင် ... သခင် ပေး လိုက်တာ ဘာလီတွေ ပါပဲ ။ အဲဒီ ဘာလီတွေကို ဂျုံစေ့တွေ နဲ့ လဲ လိုက်တယ် ။ ဂျုံစေ့ ကို ပျိုး ရင် ဘာလီပင်တွေ ပေါက် မလား ဆိုပြီး စမ်းကြည့်တာပဲ သခင် ”

ဒီ စကား ကြားတော့ လယ်သမားကြီး ဟာ အကြီးအကျယ် ဒေါပွ သွားပြီး ...

“ ဟေ့ ... မင်း ရူးများ နေ သလား ကွ ။ မင်း ဘာလို့ ဒီလို လုပ်တယ် ဆိုတာ ငါ့ ရှင်းပြစမ်း ။ မရှင်းပြ နိုင် ရင်တော့ မင်း ကျော အပြဲပဲ ” လို့ ပြောတော့ အီစွပ် က သူ့ သခင် ကို သရော် တဲ့ လေသံ နဲ့ …

“ လွယ်ပါတယ် သခင် ... သခင် ဟာ ဘုရားသခင် ကို မလေးစား မကိုင်းရှိုင်းပဲ ပျင်းရိ ဖင့်နွဲ့ခဲ့ပါရက်ကနဲ့ ဘုရားသခင် ရဲ့ ကျေးဇူးတော် ၊ ဂုဏ်တော်တွေ ကို ခံယူ နိုင် သေးတာပဲ ။ ကျွန်တော်မျိုး ဟာ လည်း ဂျုံပင် ကို ပျိုးပြီး ဘာကြောင့် ဘာလီပင် ပေါက်ဖို့ မမျှော်လင့်စရာ အကြောင်း ရှိပါသလဲ သခင် ” လို့ ပြန် ပြောတော့ မှ လယ်သမားကြီး ဟာ သူ့ အမှား ကို မြင် လာပြီး ပြုပြင် လာ လို့ ဘုရား ၊ တရား သိ တတ်ပြီး အလွန် လုံ့လ ရှိတဲ့ လူ တစ်ယောက် ဖြစ် သွားတော့ သတဲ့ ကွယ် ။

◾မုန်းအောင်

📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၅၇ ၊ ဧပြီ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment