❝ အရင်တုန်းက အခုနေရာ ❞
ဟံသာဝတီ ယာဉ် ရောင်းဝယ်ရေး စခန်း ။ အရပ် အခေါ် ဟံသာဝတီ ကားပွဲစားဝင်း ကို အကြောင်း ကိစ္စ တစ်ခု ခု နဲ့ ရောက် ရတိုင်း ဒီ နေရာ ဒီ ဌာန ဟာ တစ်ချိန် က သုသာန် တစပြင် တစ်ခု ဖြစ်ခဲ့တယ် ဆိုတာ ကို ကျွန်မ သွား သွားပြီး အမှတ်ရ နေ မိတယ် ။
တကယ်တော့ ဒီ ကားပွဲစားဝင်း ဟာ လူတွေ ကားတွေ နဲ့ အလွန် စည်ကား ရှုပ်ထွေးနေတဲ့ နေရာ တစ်ခု ဖြစ်လို့ နေပါပြီ ။ ကားကြီးကားငယ် အသွယ်သွယ် နေရာ မလပ် ရပ်နား ထားပြီး ကား ရောင်းတဲ့ သူ ၊ ကား ဝယ်တဲ့ သူ ၊ အကျိုးဆောင် တဲ့ သူ တွေ တရုန်းရုန်း နဲ့ ဖြစ် နေပါပြီ ။ လက်ဖက်ရည်ဆိုင် တွေ ၊ ထမင်းဆိုင် တွေ ၊ အခြား စားသောက်ဆိုင် တွေ ၊ ကားပစ္စည်း အရောင်းဆိုင် တွေ ၊ ကားရေဆေးဆီထိုးဆိုင် တွေ က စလို့ ၊ ပွဲစားရုံးခန်း ၊ တယ်လီဖုန်းရုံး ၊ ဘိလိယက်ခုံ တွေ အဆုံး အကုန်လုံး ရှိနေ ပါပြီ ။
ဒီ နေရာ ဟာ အရင်တုန်း က လို မြေပုံ မို့မို့ ၊ အုတ်ဂူ ညို့ညို့ တွေ နဲ့ လည်း ပြည့်နှက် မနေ တော့ ပါဘူး ။ အအေးခန်း ၊ အလောင်းပြင်ခန်း ၊ မီးသင်္ဂြိုဟ်စက် စတဲ့ အဆောက်အဦတွေ လည်း မရှိတော့ပါဘူး ။ ကုက္ကိုပင် အုံ့အုံ့ဆိုင်းဆိုင်းကြီး တွေ နဲ့ ချောက်ချားစရာ ကောင်း တဲ့ နေရာ လည်း မဟုတ်တော့ပါဘူး ။ ငိုသံ ၊ အော်သံ ၊ ပူဆွေးသံ ၊ ပရိဒေဝမီးတောက်လောင်သံ တွေ လည်း မကြားရတော့ပါဘူး ။ ညှိ သလို စို့ သလို အနံ့အသက် တွေ နဲ့ မီးခိုးလုံးမည်းမည်းတွေ လည်း မမြင်ရတော့ပါဘူး ။ ဒါပေမဲ့ ကျွန်မ က တော့ ဒီ နေရာ ဟာ ကြံတောသုသာန် နေရာဟောင်း ဆိုတာ မေ့ မရ ဖြစ်နေပါတယ် ။
ဒီ နေရာ ဟာ တစ်ချိန်က ကျွန် မရဲ့ ကွယ်လွန်သူ ဆွေမျိုးသားချင်း အချို့ နဲ့ မိတ်သင်္ဂ အချို့ ကို အပြီးအပိုင် ခွဲခွာ ထား ရစ်ခဲ့တဲ့ နေရာ မဟုတ် လား ။ နောက်ပြီး ဒီနေရာ ဟာ တစ်ချိန် က ကျွန်မ စိတ်ဝင်တစား ရှိခဲ့တဲ့ လူ တစ်စု နေထိုင် သွားတဲ့ နေရာ မဟုတ်လား ။
တစ်ချိန်က ဒီ သုသာန်ဝင်း ထဲ မှာ အိုးအိမ် တည် ထောင်ပြီး အခြေချ နေထိုင်တဲ့ လူတစ်စု ရှိခဲ့ ပါတယ် ။ သူတို့ က တော့ သူဖုန်းစား ၊ သုဘရာဇာ နဲ့ အနာကြီး ရောဂါသည် တွေပါပဲ ။ သူတို့ ဘဝ ကို ကျွန်မ အလွန် စိတ်ဝင်စား ခဲ့ပါတယ် ။ လွန်ခဲ့တဲ့ အနှစ် ( ၃၀) လောက် က ကြံတော သုသာန်ဝင်း နဲ့ လမ်း တစ်လမ်း သာ ခြား တဲ့ ဝေဠုဝန် အိမ်ရာစခန်း က တိုက်နံပါတ် ( ၁ ) မှာ ကျွန်မ နေထိုင်ခဲ့ ဖူးပါတယ် ။
တိုက်နံပါတ် ( ၁ ) ဆိုတာ အစွန်ဆုံးတိုက် ဖြစ်ပြီး သုသာန်ဝင်း နဲ့ အနီးဆုံး ပါ ။ အခန်းနံပါတ် က ( ၁၂ ) ။ အပေါ်ဆုံး ထောင့်ခန်း ဆိုတော့ သုသာန် ထဲ ကို အပေါ်စီး နဲ့ ခပ်လှမ်းလှမ်း က နေ အမြင်ရဆုံး နေရာ ပေါ့ ။ အဲဒီတုန်း က ကျွန်မ စိတ်ဝင်စားသူတွေ ရဲ့ နေ့စဉ် ဘဝ ကို ကျွန်မ ကောင်းကောင်း မြင်တွေ့ ခဲ့ရတယ် ။
ကျွန်မ မြင်ခဲ့တဲ့ သူတို့ အကြောင်း ကို နည်းနည်း ပြောပြချင်တယ် ။
ပထမဆုံး သူ့တို့ နေထိုင်ရာ တဲလေးတွေ ဆောက်ထား တာ က စ စိတ်ဝင်စားစရာ
ကောင်းပါ တယ် ။ သူတို့ ရဲ့ တဲတွေ ကို သုသာန် ဝင်း ရဲ့ ထောင့်တွေ ဘက် လက်ရှိ မြေမြှုပ် အသုံးပြုခြင်း မရှိတဲ့ နေရာ က အုတ်ဂူဟောင်း တွေ ပေါ် မှာ ဆောက်ထားတယ် ။ အုတ်ဂူတွေ ကို အောက်ခံ ထားပြီး ဆောက် တဲ့ အတွက် ရုတ်တရက် ကြည့် ရင် တဲအိမ်လေးတွေ ဟာ အုတ်ဖိနပ် ခံ ပြီး ဆောက် ထားတဲ့ အတိုင်းပဲ ။ ဖိနပ်ချွတ် နေရာ မှာ လည်း အုတ် နဲ့ ၊ ထမင်းဟင်း ချက်ပြုတ် တဲ့ နေရာ မှာ လည်း အုတ် နဲ့ ၊ ရေချိုး အဝတ် လျှော်ဖွပ် တဲ့ နေရာ မှာ လည်း အုတ် နဲ့ ။ ဟုတ် ဟုတ်သေးတော့ ။
မိုး လင်းပြီ ဆိုရင် အဲဒီ တဲစုစုတွေ ထဲ က လူ တွေ ပုံစံ အမျိုးမျိုး ၊ အသွင် အမျိုးမျိုး နဲ့ အလျှိုလျှို ထွက် လာ ကြတယ် ။ သူတို့ ကို ကြည့်မိ ရင် ကျွန်မ မှာ ထမင်းအိုး တည် ထား လည်း မေ့ ၊ ဟင်းအိုး တည် ထား လည်း မေ့ ။
ကျွန်မ မြင်တွေ့ ရတာတွေ က တော့ အဝတ် ဟောင်းဟောင်း စုတ်စုတ်တွေ ဝတ်ပြီး ခြေထောက် ပတ်တီး လက် ပတ်တီး ထုပ်စည်း ထား တဲ့ လူတွေ ။
လွယ်အိတ်ကြီး တွေ လွယ် ပြီး ကျောဗလာ နဲ့ ပိန်ပိန်မည်းမည်း ကလေးငယ်တွေ ကို ခါးထစ်ခွင် ချီ ထားတဲ့ မိန်းမ တွေ ၊ တုတ် တစ်ချောင်း ကိုင် ထားပြီး မိန်းကလေး ဂါဝန် ဝတ် ပေး ထားတဲ့ မျောက် ကို လက် က ဆွဲ သွားတဲ့ ယောင်္ကျား တွေ ၊ မျက်မမြင် အဘိုးအို ကို ရှေ့ က ဦးဆောင် ခေါ်သွားတဲ့ တယော ဆရာတွေ ၊ ဝါး ဆစ်တို တွေ ထိုးထိုးထောင်ထောင် ထည့် ထား တဲ့ လွယ်အိတ် တွေ ကိုယ်စီ လွယ် ထားတဲ့ မိသားစုတွေ အများကြီး ပါပဲ ။ ဟံသာဝတီလမ်း က နေ ကြည့်မြင်တိုင် ဘူတာ ဘက် ဆင်း သွား ကြတယ် ။ အသီးသီး လုပ်ငန်းခွင် ဝင် ဖို့ ပေါ့ ။ သူတို့ အားလုံး ထွက် သွားပြီးရင် သူတို့ အိမ်ဂေဟာလေး တွေ ဟာ တိတ်ဆိတ် ခြောက်ကပ် သွားတယ် ။ နေ့ခင်းဘက် ဆို ရင် သူတို့ အိမ်စောင့် ထားခဲ့တဲ့ ခွေးဟောင်သံ က လွဲပြီး ဘာသံ မှ မကြား ရတော့ဘူး ။
ညနေစောင်း ပြီ ဆိုတော့ မှ သူတို့ တဖွဲဖွဲ နဲ့ ပြန် ရောက် လာကြတယ် ။ သူတို့ လွယ် ထားတဲ့ အိတ်တွေ က လည်း ပို ဖောင်းလာတယ် ။ အဲဒီ တော့ မှ သူတို့ တဲလေးတွေ ဘက် ကလေး ငိုသံလေး စီစီညံညံလေး ပြန် ကြား ရတယ် ။ နောက် မီးခိုးလေး တလူလူ တွေ့ရ ပြန်ရော ။ သူတို့ ညစာ အတွက် ချက်ပြုတ် စားသောက်ကြတာ ဖြစ်မှာပေါ့ ။
ညဘက် ရောက် ရင်တော့ သူတို့ အိမ်တွေ ဘက် ကြည့် ရတာ ကျော က ခပ်ချမ်းချမ်း ပဲ ။ ကုက္ကိုပင် အုပ်အုပ် တွေ ၊ အုတ်ဂူ တွေ ကို လရောင် နဲ့ မြင် ရရင် နည်းနည်းတော့ ချောက်ချားစရာ ကောင်း သလိုပဲ ။ တဲလေးတွေ က ဖြာထွက် လာ တဲ့ အလင်းရောင် က လည်း မှိန်ပျပျလေး ဆိုတော့ ။
ည ( ၈ ) နာရီ ( ၉ ) နာရီ လောက် ဆိုရင် တော့ သူတို့ တဲတွေ ဘက် မှာ မီးရောင် မရှိတော့ဘူး ။ အားလုံး အိပ်စက် အနားယူ ကြပြီပေါ့ ။ ဒါပေမဲ့ တဲ တစ်တဲ နှစ်တဲ မှာ တော့ ညသန်းခေါင် ကျော် တဲ့ အထိ အလင်းရောင် ရှိ တတ်တယ် ။
သူတို့ သုသာန် ထဲ မှာ နေတယ် ။ သုသာန် ထဲ မှာ အိပ်တယ် ။ သုသာန် ထဲ မှာ စားတယ် ။ သုသာန် ထဲ မှာ ကလေးတွေ မွေးတယ် ။ ကလေး တွေ အများကြီး ပါ ။
••••• ••••• •••••
တစ်ခါ မှာ တော့ ကျွန်မ ကိုယ့် မျက်စိ ကိုယ် မယုံနိုင်အောင် ဖြစ်ရတဲ့ မြင်ကွင်း တစ်ခု ကို တွေ့ဖူးခဲ့တယ် ။
အဲဒါကတော့ သုသာန် ထဲ က မင်္ဂလာဆောင် ပါ ပဲ ။
အဲဒီ နေ့ က တနင်္ဂနွေနေ့ ။
တနင်္ဂနွေနေ့ ဆိုတော့ ကျွန်မ လည်း အေးအေးဆေးဆေး နေ မြင့်တဲ့ အထိ အိပ် ပြီး အိပ်ရာ က နိုး တော့လည်း မီးဖိုချောင် ထဲ မှာ ပဲ ချက်ရေး ပြုတ်ရေး ကိစ္စ နဲ့ အလုပ်ရှုပ် နေခဲ့တယ် ။ အိမ် ရှေ့ ဝရန်တာ ဘက် လုံးဝ မထွက်မိဘူး ။
မနက် ( ၉ ) နာရီ လောက် မှာ -
‘ အခါတော် ပေးတာ က နတ်ရေးငယ် ရွှေစာ ’ ဆိုတဲ့ မင်္ဂလာ အခါတော်ပေး လော်စပီကာ သံ စူးစူးဝါးဝါး ကြောင့် ကျွန်မ ရုတ်တရက် လန့်ဖျပ် အံ့အားသင့် သွားတယ် ။
ဘယ်က လာတဲ့ အသံပါလိမ့် လို့ သိချင် ဇော နဲ့ အိမ်ရှေ့ ထွက် ခဲ့ပြီး ဝရန်တာ က နေ ဟိုဘက် ဒီဘက် လှမ်း ကြည့် လိုက်တော့ မှ ...
လားလား ... သုသာန် တဲစုစု ရှေ့က အုတ်ဂူ တွေ ပေါ် မှာ မင်္ဂလာမဏ္ဍပ်ကြီး တစ်ခု ကို ဘွားခနဲ တွေ့ လိုက်ရတာပါပဲ ။
ဟုတ်ပါတယ် မင်္ဂလာမဏ္ဍပ် ။ ရောင်စုံ ပန်းစက္ကူ တွေ ၊ ရောင်စုံ ပူဖောင်း တွေ တလွင့်လွင့် နဲ့ ကျကျနန အလှဆင် ထားတဲ့ တကယ့် မင်္ဂလာမဏ္ဍပ် ပါ ပဲ ။ ဘယ်အချိန် က ဆောက်လိုက် မှန်း ကျွန်မ သတိ မထားမိ လိုက်ဘူး ။ မဏ္ဍပ် ထဲ မှာ လေးထောင့် ခေါက်စားပွဲ နဲ့ ခေါက်ကုလားထိုင် တွေ ခင်း ထား တယ် ။ လော်စပီကာ အော်လံ က ကုက္ကိုပင် ပေါ် မှာ ။ ကျွန်မတို့ အိမ် ဘက် တည့်တည့် လှည့် ထားတာက တစ်လုံး ၊ မြန်မာ့အသံ ဘက် လှည့် ထားတာ က တစ်လုံး ။
ကျွန်မ မိသားစု အားလုံး လည်း အိမ်ရှေ့ ပြေး ထွက် လာကြတယ် ။ တူမလေး က
“ အဲတော် ... သူတို့ လည်း မင်္ဂလာ ဆောင် ကြတယ်နော် ” တဲ့ ။
မင်္ဂလာ အခမ်းအနား ကို အဝေး က ကြည့်ပြီး မင်္ဂလာမောင်မယ် ဘယ်သူ ဖြစ်မလို့ တစ်ယောက် တစ်ပေါက် ခန့်မှန်း ကြတယ် ။
သတို့သမီး လို့ ကျွန်မ တို့ ထင်ကြေး ပေးတဲ့ သူ က တော့ အထက်အောက် ပန်းရောင်ဝတ်စုံ ကို ဝတ် ထားပြီး ပဝါနှစ်စ ချ ထားတဲ့ အမျိုးသမီး ပဲ ဖြစ်ပါလိမ့်မယ် ။ စံပယ်ပန်းတွေ ဝေ နေ အောင် ပန် ထားပြီး အားလုံးထဲ မှာ တော့ သူ က အသားနားဆုံး ကိုး ။ အဝေး က ကြည့် တော့ ရုပ် မဆိုးလှပါဘူး ။ ဒါပေမဲ့ လမ်း လျှောက်တော့ ခြေထောက်ကလေး ဆာတာ ဆာတာ နဲ့ ၊ ဂင်တိုတို ပုကွကွ နဲ့ တိုက်ပုံအင်္ကျီ ဝတ် ထား တဲ့ သူ က သတို့သား ဖြစ်ဖို့ များ တယ် ။ သူ တစ်ယောက် ပဲ တိုက်ပုံအင်္ကျီ ဝတ်ထားတာ တွေ့ရ တယ်လေ ။
တစ်အောင့် နေ တော့ ဧည့်သည် တွေ တဖွဲဖွဲ ရောက် လာတယ် ။ လက်ဖွဲ့ ပစ္စည်းထုပ် ကလေး တွေ ကိုင် လို့ ။
သုသာန် ရဲ့ အခြားထောင့် တွေ မှာ လည်း တဲစုစုတွေ ရှိသေးတဲ့ အတွက် အဲဒီက လူတွေ ဖြစ်မယ် ထင်တယ် ။ သူတို့ လည်း ဝတ်ကောင်းစား တွေ နဲ့ ပါပဲ ။ ခါတိုင်း နဲ့ တော့ တခြားစီ ပါ ။ ဒါပေမဲ့ တချို့က ခြေထောက် ပတ်တီး လက် ပတ်တီးတွေ ပါ နေတာပဲ ကြည့်ရ ဆိုးတာ ။
သတို့သား နဲ့ သတို့သမီး က တော့ လာ သမျှ ဧည့်သည် တိုင်း ကို ကြိုဆို နှုတ်ဆက်လို့ ပေါ့လေ ။
မင်္ဂလာဆောင် မို့ သူတို့ လည်း ရေခဲမုန့် ကျွေး တာပါပဲ ။
အဝတ်အစား အသစ်တွေ နဲ့ ကလေးတွေ က လည်း ပျော်လို့ ။ အုတ်ဂူတွေ ပေါ် မှာ က တဲ့ သူ က ၊ ခုန် တဲ့ သူ ခုန် ၊ ကျွမ်း ထိုး တဲ့ သူ ထိုး လို့ ။ သူ တို့ အတွက် က တော့ ပျော်စရာ ပွဲလမ်းကြီး တစ်ခု ပေါ့ ။
ကျွန်မတို့ လို ပဲ တခြား အခန်း တွေ က လည်း ဝရန်တာ ဘက် ထွက် လာ ကြည့်ကြတယ် ။ အခန်း ( ၁၁ ) ဝရန်တာ က မိန်းကလေး က ကျွန်မ တို့ တစ်အိမ်လုံး တအံ့တဩ ဖြစ် နေတာ ကို ကြည့် ပြီး ..
“ အစ်မတို့ သိပ် အံ့သြနေတယ် ထင်တယ် ... ဒီလိုပဲ အစ်မ ရဲ့ သူတို့ က ရိုးရိုး လူတွေ လို ပဲ မင်္ဂလာ ဆောင်တယ် ... အလှူ လည်း လုပ်တယ် ... အလှူ ဆိုရင် ဘုန်းကြီး တော်တော်များများ ပင့် ပြီး ကို လှူ တာ .. ပိုက်ဆံတွေ ဘာတွေ တောင် ကြဲ တာ အစ်မ ရဲ့ ” တဲ့ ။
“ ဟယ် ... ဟုတ်လား ”
“ သူတို့ သေ ရင် လည်း သင်္ချိုင်း ထဲ ဖြစ် သလို မြေမြှုပ် ပစ်တာ မဟုတ်ဘူး အစ်မ ... လူသေ ကို ခေါင်းကောင်းကောင်း ထဲ ထည့် ... အသုဘ ယာဉ် ငှား ... သင်္ချိုင်း သုံးပတ် လောက် ပတ် ပြီး မှ ကျကျနန သင်္ဂြိုဟ် တာ .. သူတို့ ထဲ က တချို့ ဆိုရင် ပိုက်ဆံ သိပ် ရှိတာတဲ့ .. ”
ကျွန်မ မှာ အံ့သြ ပြီး ရင်း အံ့သြ ရပါတယ် ။ အပယ်ခံ ဆိုပေမဲ့ မြန်မာ့လူမှု အဆောက်အအုံ က သတ်မှတ် ထားတဲ့ ဓလေ့ ထုံးစံ တွေ ကို တော့ သူ တို့ က မပစ်ပယ် ကြဘူးနော် လိုက်နာကြသားပဲ ။ ကိုးကွယ် ယုံကြည်မှုပိုင်း ဆိုင်ရာ မှာ လည်း သူတို့ ဟာ သာမန် လူတွေနဲ့ မခြားပါလား ။
အဲဒီနေ့ က သူတို့ မင်္ဂလာဆောင် ပြီး လို့ မဏ္ဍပ်တွေ ဘာတွေ ဖြုတ်သိမ်း တော့ မှ သူတို့ တဲစုလေး ရဲ့ ညာအစွန် မှာ အုတ်ဖိနပ်ခံ ထားတဲ့ အိုးသစ် အိမ်သစ် တဲ အသစ်လေး တစ်လုံး တိုး လာ တာ ကို ကျွန်မ သတိထား မိလိုက် ပါတယ် ။ အဲဒါ ကြံတော သုသာန် ထဲ က ကျွန်မ ကိုယ်တိုင် မြင်တွေ့ ခဲ့ရတဲ့ တကယ့် ဖြစ်ရပ် တစ်ခု ပါ ။
••••• ••••• •••••
ဪ ... ခုတော့ သူတို့ တစ်တွေ ဘယ်ဆီဘယ်စခန်း ရောက်နေပြီလဲ ဆိုတာ ကျွန်မ မသိတော့ ပါဘူး ။ သုသာန် ရွှေ့ပြောင်း သွားတဲ့ အတွက် သက်ဆိုင်ရာများ က သူတို့ အတွက် နေရာ တစ်ခု ခု တော့ စီစဉ် ပေးမယ်လို့ ကျွန်မ ယုံကြည်ပါတယ် ။
အရင် နဲ့ အခု အစစ အရာရာ ကွာခြား ခဲ့ပါပြီ ။
အရင် က ကြံတောသုသာန်
အခု က ကားပွဲစားတန်း
အရင် က စိတ်နှလုံး ညှိုးချုံး ပူပန် လောင်မြိုက် ခဲ့တဲ့ နေရာ ။
အခု က တော့ သိန်း ကို ရာ နဲ့ ထောင် နဲ့ ချီ ကိုင် ပြီး ကားရောင်း ကားဝယ် လုပ်တဲ့ အခြေ ခပ်မြင့်မြင့် နေရာ ။
ကားဝင်း ထဲ မှာ လူ စည်ကားတဲ့ အတွက် စားသောက်ဆိုင်တွေ ဟာ လည်း အလွန် ရောင်း ကောင်း နေပါတယ် ။
အများစု က တော့ ဒီ နေရာ ဟာ သုသာန် တစ်ခု ဖြစ်ခဲ့တယ် ဆိုတာ ကို နေလျော့ သွားကြပါပြီ ။
အေးလေ ... ( ၁၆ ) နှစ် ၊ ( ၁၇ ) နှစ် ဆိုတာ လူတွေ ကို အရာရာ မေ့ပျောက် သွားဖို့
အကြောင်း အရာတွေ မှုန်ဝါး သွားဖို့ ၊ သဘောထားတွေ ပြောင်းလဲ သွားဖို့ စွမ်းဆောင်နိုင်တဲ့ အချိန်ကာလ တစ်ခု ပဲ မဟုတ်လား ။
◾ မနှင်းဖွေး
📖 ပန်းအလင်္ကာ မဂ္ဂဇင်း
ဧပြီလ ၊ ၂၀၀၇
မှတ်ချက် ။ ။ ယခုအချိန် မှာ တော့ ကြံတော သုသာန် နေရာဟောင်း သည် ယာဉ်ရောင်းဝယ်ရေး စခန်း လည်း မဟုတ်တော့ ပါ ။ ဆောက်လုပ်ရေး လုပ်ငန်းကြီး တစ်ခု က တစ်ဝင်းလုံး ကို ကုမ္ပဏီ ရုံးခန်းများ ၊ အစည်းအဝေး ခန်းမကျယ်များ ၊ ဈေးဝယ် စင်တာများ နှင့် လူနေအိမ်ခန်းများ ပါဝင်သော ခေတ်မီ အထပ်မြင့် အဆောက်အဦကြီးများ ဆောက်လုပ်ဖို့ စတင်နေပြီဟု ကြားသိရပါသည် ။
📖 ဘဝရောင်စုံ လူရောင်စုံ
၂၀၁၃ ခုနှစ်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment